ကောင်းကင်ကံကြမ္မာ၏ ဒုတိယအဆင့်
Vol. 14 Ch. 196
တိုက်ပွဲသည် သရေဖြင့် ပြီးဆုံးသွားခဲ့ပြီး တချို့လူများသည် အောင်ပွဲခံနေကြကာ တချို့လူများထံတွင်မူ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။ ကျန်းရွှမ်သည် မှောင်ခိုဈေးမှ လက်အောက်ငယ်သားများ၏ အကူအညီဖြင့် သူ အနားယူသောအခန်းသို့ ပြန်ရောက်လာခဲ့သည်။
"အကြီးအကဲလင်း ဘယ်လိုနေသေးလဲ"
ဖုယင်ယင်က စိုးရိမ်ပူပန်တကြီး မေးမြန်းလိုက်၏။ ကံကြမ္မာဒုတိယအဆင့်ကို နားလည်သဘောပေါက်ထားသည့် ကျင့်ကြံသူတစ်ယောက်သည် သူမအတွက် အလွန်အသုံးဝင်သည်။ အကယ်၍ သူမသာ သူနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ခဲ့လျှင် သူမ၏ဂိုဏ်းသို့ သူမ ပြန်ရန်မှာ မဖြစ်နိုင်တော့သည့် ကိစ္စတစ်ရပ် မဟုတ်တော့ချေ။
"ငါ အဆင်ပြေပါတယ်"
ကျန်းရွှမ်က တုံ့ပြန်အဖြေပေးလိုက်သည်။
"မိန်းကလေးဖု... ငါ ကံကြမ္မာပြားတချို့ ဝယ်ချင်တယ်...မှောင်ခိုဈေးမှာ ဘယ်လောက်များများ ကျန်သေးလဲ"
ဖုယင်ယင်က ငြင်းဆန်ခြင်းမပြုချေ။
"မှောင်ခိုဈေးမှာ ကံကြမ္မာချပ်ပြားတွေ သိပ်မကျန်တော့ပေမဲ့ နှစ်တွေအကြာကြီးကြာအောင် ကျွန်မတို့ စုဆောင်းထားတာတွေရှိတယ်...ရှင်လိုချင်သလောက် ယူနိုင်ပါတယ်"
အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ကျန်းရွှမ်က ပြောဆိုသည်။
"ဒါဆိုရင် ငါက ကံကြမ္မာချပ်ပြားတစ်ရာဝယ်မယ်..."
တိုက်ပွဲတွင် သရေကျမည်ဟု လောင်းကြေးထပ်ခဲ့သော လူဝကြီးသည် ကျန်းရွှမ် စီစဥ်ထားခဲ့သည့် စွန်းချန်ပင်။ ယခုချိန်၌ ဖုယင်ယင်က ကံကြမ္မာပြားများအတွက် ဈေးနှုန်းသက်သာစွာဖြင့် ကမ်းလှမ်းထားသဖြင့် ကံကြမ္မာချပ်ပြားတစ်ရာအတွက် ရင်းမြစ်ဒင်္ဂါးသန်းနှစ်ရာသာ ကုန်ကျပေမည်။ လောင်းကြေးမှ ရရှိသော အမြတ်အစွန်းများနှင့် နှိုင်းယှဉ်လျှင် ဤပမာဏကို စိုးရိမ်ကြောင့်ကြဖွယ် မလိုအပ်ချေ။
"အချပ်တစ်ရာလား ..."
ဖုယင်ယင်၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ့ကို အနေရခက်စွာဖြင့် ကြည့်လိုက်သည်။
"ကျွန်မတို့ မှောင်ခိုဈေးက အဲ့ဒီလောက် အများကြီးကို တစ်ကြိမ်တည်း မပေးနိုင်ဘူး...သုံးလအတွင်းဆိုရင်တော့ ရနိုင်တယ်..."
သူမက လင်းပုယန်သည် အများဆုံးအနေဖြင့် ကံကြမ္မာချပ်ပြားဆယ်ချပ် သို့မဟုတ် အချပ်နှစ်ဆယ်ခန့်သာ တောင်းဆိုလိမ့်မည်ဟု သူမ မျှော်လင့်ထားခဲ့ပေ၏။ သို့ရာတွင် ယခုချိန်၌ သူသည် ကံကြမ္မာချပ်ပြားတစ်ရာကို တောင်းဆိုလိုက်သည်။
ဘယ်သူက အရင်ဆုံး ကံကြမ္မာချပ်ပြားနှစ်ဆယ် ဝယ်ပြီးမှ ရုတ်တရက်ကြီး အချပ်တစ်ရာကို ထပ်ဝယ်မှာလဲ....
ကံကြမ္မာချပ်ပြားများထဲရှိ ကံကြမ္မာစွမ်းအင်များသည် သန့်စင်ပြီးသောစွမ်းအားများဖြစ်ကာ ကံကြမ္မာဆရာသခင်များအတွက် အလွန်အကျိုးရှိသော်လည်း ထိုအရာများကို အစားအစာကဲ့သို့ စားသုံး၍ မရပေ။ ထိုကြောင့် ကံကြမ္မာချပ်ပြားများကို အလွန်အကျွံ ဝယ်ယူခြင်းသည်လည်း သူတို့အတွက် များစွာအထောက်အကူ မဖြစ်နိုင်ချေ။
"သုံးလ ဟုတ်လား...ဒါက အရမ်းကြာတယ်"
သူမ၏ အတွေးများကို နားမလည်ဘဲ ကျန်းရွှမ်က ခေါင်းခါလိုက်သည်။
"ဒါဆို အခု မင်း ဘယ်လောက် ပေးနိုင်လဲ"
ဖုယင်ယင်က အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ပြောဆိုသည်။
"အများဆုံး ငါးဆယ်လောက်ပဲ..."
"ကောင်းပြီလေ...ငါ့ကို အချပ်ငါးဆယ် ပေးပါ"
ကျန်းရွှမ်က ပြောလိုက်သည်။
"မင်း ငါ့ကို ယုံကြည်တယ်ဆိုရင် ရင်းမြစ်ဒင်္ဂါး သန်းတစ်ရာကို ငါ မကြာခင်မှာ ပို့လိုက်ပါ့မယ်"
ဖုယင်ယင်က ပြုံးလိုက်၏။
"အကြီးအကဲလင်းရဲ့စွမ်းအားနဲ့ ကံကြမ္မာခန်းမရဲ့ လက်ထောက်ခန်းမဆောင်သခင် ဖြစ်လာမှာ သေချာနေတာပဲ...ကျွန်မက ရှင့်ကို ယုံကြည်ပါတယ်"
ရင်းမြစ်ဒင်္ဂါးသန်းတစ်ရာသည် များပြားသော ပမာဏ ဖြစ်သော်လည်း ကံကြမ္မာခန်းမ၏ လက်ထောက်ခန်းမသခင်တစ်ဦးအတွက်မူ ထိုငွေပမာဏကို ရှာဖွေရန် အခွင့်အရေးများ အစဥ်အမြဲရှိနေသဖြင့် အလွန်မခက်ခဲလှချေ။
ကျန်းရွှမ်က သက်ပြင်းချလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
မိုတောက်ကံကြမ္မာစွမ်းအင်မြစ်ကို ဖွဲ့စည်းပြီးကတည်းက ကံကြမ္မာစွမ်းအားကုန်ဆုံးမှု အလွန်များပြားသည်။ ကံကြမ္မာစွမ်းအင်တန်းငါးသောင်း ပါဝင်သော ကံကြမ္မာချပ်ပြားငါးဆယ်သည် များပြားပုံ ရသော်လည်း သူ အသုံးပြုလိုက်သည်နှင့် အချိန်တခဏအတွင်း ကုန်ဆုံးသွားပေမည်။
ထိုအရာများသည် သူ၏မိုတောက်ကောင်းကင်ကံကြမ္မာနယ်ပယ်ကို တတိယအဆင့်သို့ ရောက်ရှိရန်ပင် လုံလောက်မည် မဟုတ်ချေ။ အစောပိုင်းက သူသည် ဖုယင်းယင်းထံမှ ကံကြမ္မာနယ်ပယ်များအကြောင်း လေ့လာသိရှိခဲ့သည်။ကံကြမ္မာကို ပို၍နားလည်သဘောပေါက်ပြီး ပို၍မြင့်မားသောနယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်နိုင်မှသာ ကျင့်ကြံမှု၏အချုပ်အနှောင်များကို ချိုးဖျက်နိုင်ပြီး ပို၍မြင့်မားသော အဆင့်ရှိသည့် ကံကြမ္မာဆရာသခင်တစ်ဦး ဖြစ်လာပေမည်။
မိုတောက်ဂိုဏ်းမှ မိုပိုင်ယဲ့ကို ဥပမာပေးရလျှင် ကြယ်သုံးပွင့် ကံကြမ္မာဆရာသခင် ဖြစ်လာရန်အတွက် ကံကြမ္မာကို နားလည်သဘောပေါက်မှုသည် တတိယအဆင့်ဖြစ်သော 'ကံကြမ္မာသိမြင်ခြင်း' နယ်ပယ်သို့ ရောက်ရှိရန် လိုအပ်သည်။ ကံကြမ္မာ၏ ပထမနယ်ပယ်သုံးခုမှာ ကံကြမ္မာရှာဖွေခြင်း ကံကြမ္မာအသိအမှတ်ပြုခြင်း နှင့် ကံကြမ္မာသိမြင်ခြင်း တို့ ဖြစ်သည်။
ဤအချက်ကို မှတ်သားပြီးနောက် ကျန်းရွှမ်သည် စာကြည့်တိုက်အတွင်းရှိ မိုတောက်စွမ်းအင်မြစ်အကြောင်း အနည်းငယ် ခန့်မှန်းမိသွားသည်။ ကံကြမ္မာစွမ်းအင်တန်းငါးသောင်းသည် 'ကံကြမ္မာရှာဖွေခြင်း' နယ်ပယ်ကို ဖွဲ့စည်းပြီး သူ၏ကံကြမ္မာကို ရှာဖွေထိန်းချုပ်နိုင်စွမ်း ရှိသည်။
ဤနယ်ပယ်သည် ယုချင်းယုကဲ့သို့ လူများနှင့် အနည်းငယ် တူညီပုံရသည်။ နောက်ထပ် စွမ်းအင်တန်းငါးသောင်းကို စုပ်ယူပြီးနောက် သူ၏ 'ကံကြမ္မာရှာဖွေခြင်း' နယ်ပယ်သည် လင်းပုယန်၏အဆင့်ကဲ့သို့ လုံးလုံးလျားလျား တည်ငြိမ်သွားပေမည်။ အကယ်၍ သူသည် စွမ်းအင်တန်းတစ်သိန်းကို ထပ်မံ၍စုပ်ယူပြီးနောက် 'ကံကြမ္မာအသိအမှတ်ပြုခြင်း' နယ်ပယ်သို့ တက်လှမ်းနိုင်သည်။ ဤနယ်ပယ်တွင် ကံကြမ္မာ၏အသိအမှတ်ပြုမှုကို ရရှိကာ သူ၏စွမ်းအားနှင့် ကံကြမ္မာအပေါ် ထိန်းချုပ်နိုင်စွမ်း နှစ်မျိုးလုံး တိုးတက်လာပေမည်။
ဤအဆင့်သို့ ရောက်သည်နှင့် သူသည် ရင်းမြစ်ရေအိုင်နဝမအဆင့်သို့ ကျင့်ကြံပြီးနောက် ပို၍မြင့်မားသောနယ်ပယ်များသို့ တက်လှမ်းရာတွင် မည်သည့် အတားအဆီးမျှ မရှိတော့ချေ။ သူ့ထံတွင် အချိန်နှင့်လိုအပ်သောအရင်းအမြစ်များ ရရှိနိုင်သမျှ ကာလပတ်လုံး သူ အောင်မြင်ရန်အတွက် အာမခံချက်ရှိပေ၏။
တခြားလူများ၏အမြင်အရ ဤအချိန်တွင် ကျန်းရွှမ်သည် ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်ကို ကျော်လွန်ပြီးဖြစ်ကာ ထိုက်တန်သော ရိုသေလေးစားမှုကို ရရှိထားသည့် ကံကြမ္မာဆရာသခင်တစ်ဦး ဖြစ်နေလေပြီ။
အချိန်တခဏကြာမျှ စောင့်ဆိုင်းပြီးနောက် မှောင်ခိုစျေးမှ လက်အောက်ငယ်သားများမှ ကံကြမ္မာချပ်ပြားငါးဆယ်ကို လာရောက်ပို့ဆောင်ခဲ့သည်။ ကျန်းရွှမ်သည် စိတ်ကျေနပ်သွားပြီး ထိုအရာများကို ကမ္ဘာသစ်အတွင်းတွင် သိမ်းဆည်းလိုက်၏။
သူ ကံကြမ္မာချပ်ပြားများကို သိမ်းဆည်းပြီးနောက် မကြာမီမှာပင် လက်အောက်ငယ်သားတစ်ယောက် အခန်းထဲသို့ ဝင်လာပြီး ဖုယင်ယင်ထံ ချဉ်းကပ်ကာ တိုးညှင်းသောလေသံဖြင့် ပြောဆိုသည်။
"သခင်မလေး...အဲ့ဒီလူဝကြီးက မှောင်ခိုဈေးကနေ ထွက်သွားပါပြီ....လူခုနစ်ယောက်က သူ့ရဲ့နောက်ကနေ တိတ်တိတ်လေး နောက်ယောင်ခံလိုက်နေတယ်"
"ကောင်းပြီလေ.. သူ့ကို ဆက်ပြီးခြေရာခံထားစမ်း...ဘာပဲတွေ့တွေ့ ချက်ချင်းပြန်သတင်းပို့ပါ"
ဖုယင်ယင်က ခေါင်းညိတ်လိုက်သည်။
"နားလည်ပါပြီ"
ထို့နောက် လက်အောက်ငယ်သားသည် လှည့်ထွက်သွားလေ၏။
ကျန်းရွှမ်သည် သူ၏ရည်ရွယ်ချက် အောင်မြင်သွားပြီဖြစ်သဖြင့် ဤနေရာ၌ ဆက်နေရန် မလိုအပ်တော့ချေ။ သူသည် မတ်တတ်ထရပ်ကာ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ပြီး ပြောဆိုလိုက်သည်။
"မိန်းကလေးဖု... ငါ သွားတော့မယ်... နောက်ထပ်တိုက်ခိုက်ချင်တဲ့သူ ရှိရင် ငါ့အတွက် ကြိုတင်စီစဉ်ပေးပါအုံး"
ဖုယင်ယင်၏နှုတ်ခမ်းများ တွန့်ကွေ့သွားသည်။ သူ့အတွက် တိုက်ပွဲတစ်ခု စီစဉ်ပေးရုံမျှဖြင့် မှောင်ခိုဈေးတစ်ခုလုံး ဒေဝါလီခံရမည့်အလား ဖြစ်သွားခဲ့သည်။ နောက်တစ်ကြိမ် ထပ်မံ၍ စီစဥ်ပါက သူမ၏မှောင်ခိုစျေးတွင် ရှိသမျှငွေကြေးအားလုံး ကုန်ဆုံးသွားပေမည်။ သူမသည် အနေခက်စွာဖြင့် ပြုံးလိုက်ပြီး ဤကိစ္စကို ဆက်၍မဆွေးနွေးဘဲ ဆွဲဆောင်မှုရှိသော အကြည့်ဖြင့် ပြောဆိုလိုက်သည်။
"အကြီးအကဲလင်းရဲ့ဒဏ်ရာတွေ မသက်သာသေးရင် ဒီည ဒီမှာတည်းသွားပါလား...ကျွန်မ ရှင့်ကို ပြုစုပေးမယ်လေ..."
"မလိုဘူး..."
ကျန်းရွှမ်းက ခေါင်းခါယမ်းပြီး သူမ၏ ကမ်းလှမ်းမှုကို ငြင်းဆိုလိုက်၏။
"ဒါဆိုရင် ကျွန်မ လိုက်ပို့ပါ့မယ်"
ထို့နောက် ဖုယင်ယင်က လက်ဝှေ့ယမ်းလိုက်ရာ အိမ်တော်ထိန်းချန်က ရှေ့သို့တိုးလာသည်။
"အကြီးအကဲလင်း....ဒီလမ်းကကြွပါ"
ကျန်းရွှမ်သည် မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ အိမ်တော်ထိန်းချန်၏နောက်သို့ လိုက်ပါသွားသည်။
မကြာမီမှာပင် အိမ်တော်ထိန်းချန်သည် အခန်းထဲသို့ စိတ်ရှုပ်ထွေးသော မျက်နှာအမူအယာဖြင့် ပြန်ရောက်လာသည်။
ဖုယင်ယင်သည် မကျေမနပ်ဖြစ်သွားလေ၏။
"ငါက နင့်ကို အကြီးအကဲလင်းကို လိုက်ပို့ခိုင်းထားတယ် မဟုတ်လား...ဘာလို့ ဒီလောက်ထိမြန်မြန် ပြန်လာတာလဲ"
အိမ်တော်ထိန်းချန်က တုံ့ပြန်အဖြေပေးသည်။
"သခင်မလေး...ကျွန်တော်က သူ့ကိုလိုက်ပို့ပါတယ်....သူက အပြင်ကိုရောက်တာနဲ့ အိမ်သာအရမ်းတက်ချင်လို့ ခဏသွားမယ်ပြောပြီး ထွက်သွားတယ်...အချိန်တော်တော်ကြာတဲ့အထိ သူ ပြန်မလာတော့ဘူး... အဲ့ဒီတော့မှ သူ ပျောက်သွားမှန်း ကျွန်တော် သိလိုက်တယ်.."
"သူက ငါ့ကို မယုံတာလား...သူ ဒဏ်ရာရထားတာကို အခွင့်ကောင်းယူပြီး သူ့ကို သတ်ဖို့ လူလွှတ်မယ်လို့ သူက ထင်နေတာလား"
ဖုယင်ယင်၏မျက်နှာအမူအယာ အနည်းငယ်သုန်မှုန်သွားသည်။ သူမသည် သူ့ကို မထိခိုက်စေရန်နှင့် မည်သူမျှ သူ့ကို မကြံစည်နိုင်စေရန် စေတနာဖြင့် လူလွှတ်၍လိုက်ပို့ခိုင်းခဲ့သော်လည်း သူသည် ထိုအရာကို တန်ဖိုးမထားဘဲ ခိုးထွက်သွားခဲ့လေ၏။
"အဲ့လိုတော့ မဟုတ်လောက်ဘူး"
အိမ်တော်ထိန်းချန်က ခေါင်းခါလိုက်သည်။
ဖုယင်ယင်က သူ့ကို ကြည့်ပြီး မေးမြန်းသည်။
"ဘာလို့ အဲ့လို ပြောရတာလဲ"
အိမ်တော်ထိန်းချန်က ရှင်းပြသည်။
"အဲ့ဒီ လူဝကြီး ထွက်မသွားခင် သူက ကျွန်တော့်ကို စာအိတ်တစ်အိတ် ပေးသွားတယ်... အကြီးအကဲလင်း ထွက်သွားပြီးမှ ဖွင့်ကြည့်ဖို့ သူက မှာခဲ့တယ်.. အကြီးအကဲလင်း ထွက်သွားပြီးတဲ့နောက်မှာ အဲ့ဒီစာအိတ်ကို ကျွန်တော် ဖွင့်လိုက်တော့ အထဲမှာ ရင်းမြစ်ဒင်္ဂါးသန်းတစ်ရာတန်တဲ့ ငွေလက်မှတ်တွေ ရှိနေတယ်..."
"အဲ့ဒီလူဝကြီးလား... ရင်းမြစ်ဒင်္ဂါး သန်းတစ်ရာ"
ဖုယင်ယင်သည် အချိန်တခဏမျှ ကြောင်အသွားပြီးနောက် နားလည်သဘောပေါက်သွားသည်။
"ဒါဆိုရင် အဲ့ဒီလူဝကြီးက အကြီးအကဲလင်းအတွက် အလုပ်လုပ်ပေးနေတာလား...ဒါဆို အဲ့ဒီမြင်းက..."
ရုတ်တရက် သူမ၏စိတ်ထဲတွင် တစ်စုံတစ်ခုကို အမှတ်ရသွားပေ၏။ လီယွဲ့အန်း၏ခြံဝန်းမှ ထွက်ခွာလာပြီးနောက် အကြီးအကဲလင်းသည် မြင်းတစ်ကောင်ကို ခေါ်ယူပြီး ညွှန်ကြားချက်များ ပေးခဲ့သည်။ ထိုအချိန်က သူမသည် မည်သည့်အရာကိုမျှ မတွေးမိခဲ့သော်လည်း ယခု ကြည့်ရသည်မှာ လင်းပုယန်သည် လူဝကြီးကို လောင်းကြေးထပ်ရန်အတွက် အသိပေးခိုင်းခြင်း ဖြစ်ပုံရသည်။
ထိုမြင်းသည် လူကို ခေါ်လာရုံသာမက သတင်းကိုလည်း တိကျစွာ ပို့ဆောင်ပေးခဲ့သည်။
ဒါက တကယ်ကြီး ဖြစ်နိုင်လို့လား....
"ကြည့်ရတာတော့ သူက အကြီးအကဲလင်းရဲ့လူဆိုတာ အမှန်ပဲ.. ဒါပေမဲ့ ဒီလူက သရေကျမယ်ဆိုတာကို ဘယ်လိုလုပ်ပြီး ဒီလောက်ထိ သေချာသိနေရတာလဲ...ကျွန်တော် ဒါကို နားမလည်ဘူး"
အိမ်တော်ထိန်းချန်သည် စိတ်ရှုပ်ထွေးနေဆဲပင်။
ဖုယင်ယင်က ခါးသည်းစွာ ပြုံးလိုက်သည်။
"ဒါက ရိုးရှင်းပါတယ်...ဘယ်သူနိုင်မလဲ ဘယ်သူရှုံးမလဲ ဒါမှမဟုတ် သရေကျမလားဆိုတဲ့ အရာအားလုံးက လင်းပုယန်ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်"
အိမ်တော်ထိန်းချန် အံ့အားသင့်သွားသည်။
"သူက ထိန်းချုပ်ထားတာလား...သူက မင်းသားချန်ယဲ့ရဲ့ကျင့်ကြံဆင့် ချိုးဖျက်တာတွေ သူကိုယ်တိုင် အဆင့်တက်တာတွေကို သူ ထိန်းချုပ်နိုင်လို့လား"
ဖုယင်းယင်းက ခေါင်းခါလိုက်သည်။
"မင်းသားချန်ယဲ့ အဆင့်တက်တာကို သူ အပြည့်အဝထိန်းချုပ်နိုင်တာ ဟုတ်မဟုတ် ငါ သေချာမပြောနိုင်ဘူး.... ဒါပေမဲ့ လင်းပုယန်ရဲ့ စွမ်းအားက သူ ပြသခဲ့တာထက် အများကြီး ပိုပြီးသာလွန်တယ်ဆိုတာ သေချာတယ်... သူ အဆင့်တက်သွားတယ် ဆိုတာက ဟန်ဆောင်တာ ဖြစ်နိုင်တယ်"
"ဒါက...."
အိမ်တော်ထိန်းချန်၏ မျက်လုံးများ သိသိသာသာ ကျဉ်းမြောင်းသွားသည်။ အကယ်၍ ကံကြမ္မာ၏ဒုတိယအဆင့်ကို နားလည်သဘောပေါက်ခြင်းသည် ဟန်ဆောင်မှုတစ်ခုသက်သက်ဆိုလျှင် သူ၏အစစ်အမှန်စွမ်းအားသည် မည်မျှထိ ကြောက်မက်ဖွယ်ကောင်းမည်နည်း။
မှောင်ခိုဈေးနှင့် အလှမ်းဝေးသောနေရာရှိ လှေငယ်တစ်စင်းပေါ်တွင် စွန်းလျန်ရှန်းသည် ဒဏ်ရာရထားသော်လည်း အသက်အန္တရာယ် မရှိသော သူမ၏ ခင်ပွန်းကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။
"တော်သေးတာပေါ့...အကြီးအကဲလင်းက ခုဏကမှ ကျင့်ကြံဆင့်မြင့်တက်သွားတာဆိုတော့ သူ့ရဲ့စွမ်းအားကို အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူး...မဟုတ်ရင် မင်းသား ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားနိုင်တယ် ဒါမှမဟုတ် ပြန်ကောင်းမလာနိုင်တော့တာမျိုးတောင် ဖြစ်နိုင်တယ်"
ထိုစကားကိုကြားချိန်၌ လှေဦးတွင် ရပ်နေသော ဟန်ချန်ချောင်က လှောင်ရယ်လိုက်သည်။
"လင်းပုယန်က ချန်ယဲ့ကို မသတ်နိုင်ဘူးလို့ မင်း တကယ်ကြီး ထင်နေတာလား..."
"အဲ့ဒီလို မဟုတ်ဘူးလား"
စွန်းလျန်ရှန်း အံ့အားသင့်သွားသည်။
"အဲ့ဒီလို မဟုတ်ဘူး"
ဟန်ချန်ယဲ့က ထထိုင်ရန် ကြိုးစားရင်း အလေးအနက်ထားသော အမူအယာဖြင့် ခေါင်းခါလိုက်သည်။
"သူသာ ငါ့ကို သတ်ချင်ခဲ့ရင် ငါ သေတာ ကြာလှပြီ....သရေကျသွားရတဲ့ အကြောင်းအရင်းက သူ တမင် ခွင့်ပြုပေးခဲ့လို့ပဲ...ပြီးတော့ ငါ့ရဲ့ ကျင့်ကြံဆင့်ချိုးဖျက်နိုင်ခဲ့တာကလည်း သူ ကူညီပေးခဲ့လို့ပဲ"
"ဒါက..."
စွန်းလျန်ရှန်း မယုံကြည်နိုင် ဖြစ်သွားသည်။ လင်းပုယန်သည် သူ၏ပြိုင်ဘက်ကို ကျင့်ကြံဆင့် ချိုးဖျက်နိုင်အောင် ကူညီပေးပြီး တိုက်ပွဲအတွင်းတွင် အသက်ချမ်းသာပေးခဲ့သည်။ ဤ အကြီးအကဲလင်းသည် မည်မျှအထိ စွမ်းအားကြီးမားနေသနည်း။
"သူက တကယ့်ကို အဲ့ဒီလောက်ထိ စွမ်းအားကြီးတယ်ဆိုရင် နိုင်အောင် တိုက်လိုက်ရုံပဲလေ... သရေဖြစ်အောင် လုပ်စရာ မလိုသလို အပြစ်အနာအဆာမရှိအောင် ဟန်ဆောင်ဖို့လည်း မလိုပါဘူး"
ဟန်ချန်ချောင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"မင်း သတိမထားမိဘူးလား...အစောပိုင်းက သတင်းရောင်းတဲ့ လူဝကြီးက သူ့ရဲ့လက်အောက်ငယ်သားပဲ...ငါ ရထားတဲ့ သတင်းအရ ဒီလူက သရေကျမယ်ဆိုတာကို ရင်းမြစ်ဒင်္ဂါးသုံးသန်း လောင်းထားတယ်"
"တိုက်ပွဲမစခင်ကတည်းက သရေကျမယ်ဆိုတာကို လောင်းထားတာက အဲ့ဒီလို ဖြစ်မယ်ဆိုတာကို ရာနှုန်းပြည့် သေချာနေလို့ပဲ"
စွန်းလျန်ရှန်း၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ထိုသို့ဖြစ်ရန် မည်မျှထိ ပြင်းထန်သောယုံကြည်ချက်နှင့် စွမ်းအားရှိရန် လိုအပ်မည်နည်း။
"အကြီးအကဲလင်းရဲ့ ကျင့်ကြံမှုဆင့်က ငါတို့ မျှော်လင့်ထားတာထက် အများကြီး ကျော်လွန်နေတယ်... ဒါပေမဲ့ ဒါက ကောင်းတဲ့အရာတော့ မဟုတ်ဘူး... ဖုန်ကျောက်ထင်ကို သတ်ပြီးတော့ ကံကြမ္မာဒုတိယအဆင့်ကို တက်လှမ်းသွားပြီးတဲ့နောက်မှာ သူ့ရဲ့ကျင့်ကြံဆင့်က နိမ့်ပါးမှာမဟုတ်ဘူး... သူ့ကို သတ်ချင်တဲ့လူတွေလည်း မနည်းမနော ရှိလာမှာပဲ...ငါတို့ စောင့်ကြည့်ရမယ်"
ဟန်ချန်ချောင်က လက်ဝှေ့ယမ်းပြီး စကားဆက်မပြောတော့ပေ။
စွန်းချန်သည် မှောင်ခိုစျေးမှ ထွက်လာပြီးနောက် လှေပေါ်မှ ခုန်ဆင်းကာ လျှင်မြန်သွက်လက်သော မြင်းတစ်ကောင်ကိုစီး၍ အမြန်ဆုံး ထွက်ခွာသွားသည်။
သူ၏နောက်သို့ လူများလိုက်နေသည်ကို သူ သိထားပုံရကာ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ထွက်ခွာခဲ့ပေ၏။ ထိုမြင်းသည် အလွန်လျင်မြန်ပြီး လက်ဖက်ရည်တစ်ခွက်ဖျော်စပ်စာ အချိန်အတွင်းတွက် မိုင်ပေါင်းများစွာ ခရီးနှင်နိုင်သည်။ သူ လွတ်မြောက်ပြီဟု ထင်မှတ်လိုက်စဉ်မှာပင် ရုတ်တရက် "ဝှစ်"ခနဲအသံနှင့်အတူ မြှားတစ်စင်းက သူ၏ရှေ့သို့ ရောက်ရှိလာသည်။
ထိုမြှားသည် ကြီးမားသောစွမ်းအားပမာဏကို သယ်ဆောင်လာသည်။ စွန်းချန်သည် သူ၏ စိတ်စွမ်းအားကို အသုံးပြုပြီး အလျင်အမြန် ပိတ်ဆို့ဟန့်တားလိုက်သည်။ သို့ရာတွင် "ဘုန်း" ဟူသော အသံနှင့်အတူ သူသည် မြင်းပေါ်မှ ပြုတ်ကျကာ မြေပြင်ပေါ်သို့ လိမ့်ကျသွားပေ၏။
"ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူလား"
စွန်းချန်၏မျက်နှာအမူအယာ တင်းမာခက်ထန်သွားသည်။
"မဆိုးပါဘူး..."
အဝေးမှနေ၍ တိုးညှင်းသော အသံတစ်သံ ထွက်ပေါ်လာပြီး လူတစ်ဦးသည် လမ်း၏ အဆုံးမှ ဖြည်းညှင်းစွာ လျှောက်ထွက်လာသည်။
စွန်းချန်သည် လှည့်ပတ်ကာ နောက်ဆုတ်ရန် ကြိုးစားလိုက်သော်လည်း သူ ဖြတ်သန်းလာခဲ့သောလမ်းတွင် အရက်တစ်ဘူးကို ကိုင်ထားသည့် ခြေခွင်နေသော လူကြီးတစ်ဦးမှ ပိတ်ဆို့ထားသည်ကို တွေ့လိုက်ရသည်။ သူသည် အရက်သမားကြီးတစ်ဦးနှင့် တူသော်လည်း စွန်းချန်က ထိုလူထံမှ မည်သည့်အရှိန်အဝါကိုမျှ မခံစားရသဖြင့် သာမန်လူမဟုတ်မှန်း သိလိုက်သည်။
"ငါတို့အားလုံးက ရင်းမြစ်ဒင်္ဂါးသန်းသုံးရာအတွက် လာကြတာ မဟုတ်လား... ဘယ်လိုလဲ...မင်းတို့အားလုံး ထွက်လာကြတော့လေ..."
စွန်းချန်ထံ၌ လွတ်မြောက်ရန် လမ်းမရှိတော့သည်ကို မြင်တွေ့ချိန်၌ ထိုလူကြီးသည် အရက်တစ်ငုံမော့သောက်ကာ အရက်ဘူးကို ပိတ်ပြီး ပြုံးလိုက်သည်။
ဝှစ်...ဝှစ်...ဝှစ်...
လမ်း၏ဘေးတစ်ဖက်တစ်ချက်မှ ပုံရိပ်ငါးခု ထွက်ပေါ်လာသည်။
တစ်ဦးသည် သတ်လတ်ပိုင်းအရွယ် တာအိုသီလရှင်တစ်ဦး နှစ်ဦးသည် မျက်နှာဖုံးစွပ်ထားသော အနက်ရောင်ဝတ်စုံဝတ်လူများဖြစ်ကာ တစ်ဦးမှာ ထိပ်ပြောင်ပြောင်နှင့် သန်မာထွားကျိုင်းသော လူတစ်ဦးပင်။ နောက်ဆုံးတစ်ဦးသည် စိမ်းဖန့်ဖန့်မုတ်ဆိတ်မွှေးများရှိသော လူကြီးတစ်ဦးဖြစ်ပေ၏။ ဤလူငါးဦးလုံးသည်လည်း အစွမ်းထက်ကျင့်ကြံသူများ ဖြစ်ကြပြီး သူတို့အားလုံးသည် ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်၌ ရှိနေနိုင်သည်။