← Chapters

မိုချင်း ရောက်ရှိလာခြင်း

Vol. 14 Ch. 205

မိုချင်း ရောက်ရှိလာခြင်း

Vol. 14 Ch. 205

ဟန်ချက်ညီကံကြမ္မာကို ကျင့်ကြံခြင်းသည် ခန်းမသခင်ဟန်ရှောင်၏ စည်းမျဥ်းပင်။ သူသည် လူတိုင်းကို တန်းတူညီမျှ ဆက်ဆံပြီး လက်အောက်ငယ်သားများအကြား ပြိုင်ဆိုင်မှုကို အားပေးခဲ့လေ၏။ သူ စကားပြောသည့် အချိန်တိုင်း အမြဲတစေ ဘက်မလိုက်သော လေသံဖြင့်သာ ပြောခဲ့သည်။ သို့ရာတွင် သူ၏ ကိုယ်ပိုင်စကားလုံးများဖြင့် လင်းပုယန်က သူ့အား ပြန်တိုက်ခိုက်လိမ့်မည်ဟု သူ မျှော်လင့်ထားမိချေ။ ဤသည်မှာ သူ့ကို အသက်ရှူမွန်းကြပ်ကာ စိတ်မသက်မသာခံစားစေခဲ့သည်။

ဟန်ရှောင်သည် အနည်းငယ် စိတ်မကျေမနပ် ဖြစ်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။ထို့နောက် သူသည် ကံကြမ္မာခန်းမအတွင်းသို့ ပြန်ဝင်လာသော လင်းပုယန်ကိုကြည့်ပြီး ပြောဆိုလိုက်၏။

"ဒုတိယခန်းမသခင်လင်း... ကံကြမ္မာခန်းမရဲ့ ဒုတိယခန်းမသခင် တစ်ယောက်အနေနဲ့... မင်းက ခန်းမရဲ့အကျိုးစီးပွားကို ဦးစားပေးပြီးတော့ ကြီးမားတဲ့ ပံ့ပိုးကူညီမှုတွေကို လုပ်သင့်တယ်မဟုတ်လား... မင်းက ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်တွေကိုပဲ အာရုံစိုက်နေပြီး အလုံးစုံသိမြင်ဂိုဏ်းနဲ့ အပေးအယူ လုပ်ဖို့တောင် စဉ်းစားနေရင်... ခန်းမသခင်နေရာအတွက် မင်းကို ငါက ဘယ်လိုလုပ်ပြီး ယုံကြည်စိတ်ချနိုင်မှာလဲ"

"ဒါဆိုရင် ငါက အတိအကျ ဘယ်လိုမျိုး လုပ်သင့်တာလဲ"

ကျန်းရွှမ်က ဟန်ရှောင်ကိုကြည့်ပြီး မေးမြန်းသည်။

ဟန်ရှောင်က တုံ့ပြန်အဖြေပေးသည်။

"ဒါက ရိုးရှင်းပါတယ်... အဲ့ဒီလူတွေကို အခုချက်ချင်း ဒီနေရာဆီ ခေါ်လာခဲ့ပါ... ပြီးတော့ ငါ့ကို သူတို့ကို ဌာနချုပ်ဆီ ပို့ခွင့်ပေးပါ... အထက်လူကြီးတွေ ကျေနပ်ရင် သူတို့က မင်းကို ဆုလာဘ်တွေ ရက်ရက်ရောရော ချီးမြှင့်လိမ့်မယ်... ဒါက မင်းရဲ့အနာဂတ်အတွက် ကြီးမားတဲ့ တွန်းအားတစ်ခု ဖြစ်လာလိမ့်မယ်... ငါ့ကို ယုံပါ... ငါတို့က ဒီကိစ္စကို ကောင်းကောင်းကိုင်တွယ်နိုင်သမျှ မင်းက ဌာနချုပ်ကလူတွေရဲ့ မျက်နှာသာပေးမှုကို ရနိုင်လိမ့်မယ်... အကျိုးကျေးဇူးတွေကို တိုက်ရိုက်တောင်းဆိုတာက မင်းကို အမြင်မကောင်း ဖြစ်စေပြီးတော့ မင်းရဲ့ တောက်ပတဲ့အနာဂတ်ကို ပျက်စီးစေနိုင်တယ်... ဒုတိယ ခန်းမသခင်လင်း... ငါက မင်းရဲ့ ကောင်းကျိုးအတွက် ဒီကိစ္စကို လုပ်ဆောင်နေတာပဲ... ငါက ခန်းမသခင်နေရာကို မင်းဆီ တကယ်ကြီး လွှဲပြောင်းပေးချင်တယ်... တကယ်လို့ မင်းနေရာမှာ ဒုတိယခန်းမသခင်ချိုင်ဆိုရင် ငါက ဒီလောက် စကားလုံးတွေ အများကြီး ဖြုန်းတီးနေစရာတောင် မလိုဘူး... မင်းက ငါ့ရဲ့စိတ်စေတနာကောင်းကို နားလည်ရပါမယ်"

ကျန်းရွှမ်က ခေါင်းခါလိုက်သည်။

ဤသည်မှာ စိတ်ခံစားမှုဖြင့် လှည့်စားရန် ကြိုးပမ်းမှုပင်။ ဟန်ရှောင်သည် ကံကြမ္မာကို ဟန်ချက်ညီအောင်ပြုလုပ်ရာတွင် အလွန် ကျွမ်းကျင်သည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။ သူ၏စကားပြောစွမ်းရည်သည် ပြိုင်ဘက်ကင်း ဖြစ်ပေ၏။

ဟန်ရှောင် စကားပြောဆိုပြီးသည့် အချိန်တွင် ကျန်းရွှမ်၏မျက်နှာသည် ဟန်ဆောင်ပန်ဆောင်စိတ်လှုပ်ရှားမှုဖြင့်တောက်ပသွားသည်။

"မင်း ဆိုလိုတာက ခန်းမသခင်နေရာကို ငါ့ဆီ တကယ်ကြီး လွှဲပြောင်းပေးဖို့ စီစဉ်ထားတယ်လို့ ပြောချင်တာလား"

ဟန်ရှောင်က ခေါင်းညိတ်သည်။

"အမှန်ပဲ... မင်းက အရမ်း ထူးချွန်တယ်... ချိုင်ယွင်ရှန့်ကလွဲရင် ဟန်ယွမ်မြို့ရဲ့ ကံကြမ္မာ ခန်းမမှာ မင်းကို ဘယ်သူမှ ယှဉ်ပြိုင်လို့မရဘူး... အစပိုင်းမှာ မင်းတို့နှစ်ယောက်ရဲ့ အောင်မြင်မှုတွေက အတူတူပဲ... ဒါပေမဲ့ မင်းက ဒီ ပါရမီရှင်တွေကို သိမ်းသွင်းပေးမယ်ဆိုရင်... မင်းက ငါ့ရဲ့ဦးစားပေးရွေးချယ်မှု ဖြစ်လာမယ်လို့ ငါ အာမခံနိုင်တယ်..."

ကျန်းရွှမ်က သူ၏စကားကို ကြားဖြတ်ပြောဆိုသည်။

"ဦးစားပေးဖို့ အလုပ်ရှုပ်မခံပါနဲ့... ဂိုဏ်းချုပ်ယွဲ့လည်း ဒီနေရာမှာ ရှိနေတာပဲ... ဘာလို့ အခုချက်ချင်း တရားဝင်သဘောတူညီချက်ကို မရေးဆွဲဘဲ နေရမှာလဲ... ခန်းမသခင် နေရာကို ငါဆီ လွှဲပေးပါ...ဒါဆိုရင် ဒီပါရမီရှင်တွေကို ကံကြမ္မာခန်းမကိုပေးဖို့ ငါ စဉ်းစားပေးမယ်"

"ဒါ..."

ဟန်ရှောင်၏မျက်နှာ နီမြန်းသွားပြီး သူ၏ ရင်ဘတ်သည် ချုပ်တည်းထားသော ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်သွားသည်။ အကယ်၍ သူသည် ကျန်းရွှမ်၏ အဆိုပြုချက်များကို သဘောတူလိုက်ပါက ဤသည်မှာ သူ ကြိုးစားပမ်းစား ထိန်းသိမ်းထားသော ဟန်ချက်ညီမှုကို ဖျက်ဆီးခြင်းဖြစ်ပြီး နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်လာစေမည်မှာ သေချာပေါက်ပင်။

ကျန်းရွှမ်က ဆက်လက်၍ ပြောဆိုသည်။

"ဘာလဲ... မလုပ်နိုင်ဘူးလား... ဒီလိုဆိုရင်ရော ဘယ်လိုလဲ... မင်းက ချိုင်ယွင်ရှန့်ကို ဒုတိယခန်းမသခင် အဖြစ်ကနေ အခုချက်ချင်း ထုတ်ပယ်ပြီး ငါ့ကိုပဲ ထားလိုက်ပါလား..."

"ဒါက... မသင့်တော်ဘူး... ဒုတိယခန်းမသခင်ချိုင်က အမြဲတမ်း လုံ့လဝီရိယ ရှိပြီးတော့ အလုပ်ကို ဂရုတစိုက်လုပ်ဆောင်တယ်... ငါသာ ဒီလို လုပ်လိုက်ရင် ဒါက သူ့ရဲ့ စိတ်ဓာတ်ကို ပျက်စီးသွားစေနိုင်တယ်..."

ဟန်ရှောင်က ခေါင်းခါလိုက်သည်။

"ဒါလည်း မလုပ်ဘူး... ဟိုဟာလည်း မလုပ်ဘူး... မင်း ငါ့ကို ပေးနေတာတွေ အားလုံးက အပြောသက်သက် ကတိတွေပဲ... ကံကြမ္မာခန်းမက ငါ့ကို ဒီလို ဆက်ဆံနေမှတော့ ငါက ဘာလို့ ကံကြမ္မာခန်းမအတွက် ဆက်ပြီးစဉ်းစားနေရမှာလဲ"

ကျန်းရွှမ်က သူ၏လက်ကို ပြတ်ပြတ်သားသား ဝှေ့ယမ်းလိုက်သည်။

"အတင့်ရဲလှချည်လား..."

ဟန်ရှောင်က မျက်မှောင်ကြုတ်ပြီး အော်ငေါက်လိုက်၏။

"ကံကြမ္မာခန်းမရဲ့ ဒုတိယ ခန်းမသခင် တစ်ယောက်အနေနဲ့... ခန်းမက မင်းကို အဆင့်အတန်းနဲ့ အခွင့်အာဏာ ပေးထားတယ်... မင်းက ဒါကို ပြန်ပေးဆပ်ဖို့ မစဉ်းစားဘဲနဲ့ ကိုယ်ကျိုးအတွက်ပဲ ကြည့်နေရင် မင်းရဲ့တာဝန်သိစိတ်က ဘယ်ရောက်သွားတာလဲ"

"စိတ်မကောင်းပါဘူး... ဒါပေမဲ့ ငါ လင်းပုယန်မှာ တာဝန်သိစိတ် ဆိုတာ မရှိဘူး"

ကျန်းရွှမ်က ခေါင်းခါလိုက်သည်။

"ခန်းမသခင်ဟန်မှာသာ တကယ်ကြီး တာဝန်သိစိတ် ရှိခဲ့ရင် ဒီလို စကားတွေ ပြောနေမှာ မဟုတ်ဘူး... မင်းက ငါ့ရဲ့ခံစားချက်တွေကို ထိခိုက်နာကျင်အောင် လုပ်ရင် ငါ ဒုတိယ ခန်းမသခင် နေရာကနေ နှုတ်ထွက်လိုက်မယ်..."

'ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာလား... ဒါက ကောင်းမွန်တဲ့ ကြိုးစားမှုပဲ...'

"မင်း..."

ဟန်ရှောင်သည် ဒေါသကြောင့် အသက်ရှူပင် မွန်းကြပ်သွားသည်။ ယခင်က အရည်အချင်း ရှိသော်လည်း နူးညံ့သိမ်မွေ့ခဲ့သော လင်းပုယန်သည် ရက်အနည်းငယ်အတွင်း ရုတ်တရက် ပြောင်းလဲသွားလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားမိချေ။ လင်းပုယန်၏ခွန်အားသည် တဟုန်ထိုးမြင့်တက်လာ၍ ဝှက်ဖဲများစွာ ရှိနေကာ ရန်လိုစိတ်ပြင်းထန်လာ သူ့အပေါ်တွင် လုံးလုံးလျားလျား လေးစားမှု မရှိတော့ပေ။

လင်းပုယန်သည် အယောင်ဆောင်ထားသော အခြားတစ်စုံတစ်ယောက် ဖြစ်နေသလော...

လင်းပုယန်မှ မိုတောက်ကောင်းကင်ကံကြမ္မာနည်းစနစ်ကို အသုံးပြုသည်အား မြင်တွေ့ခဲ့ရခြင်းသည် ယခင်က သူ၏သံသယများကို ပယ်ဖျောက်ပေးခဲ့သော်လည်း ယခုအချိန်၌ ထိုသံသယများ ပြန်လည်၍ဝင်ရောက်လာပေ၏။

ကျန်းရွှမ်သည် ထပ်မံ၍ငြင်းခုံရန် စိတ်ဝင်စားမှု ပျောက်ဆုံးသွားသဖြင့် ယွဲ့လုံရှောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

"ဂိုဏ်းချုပ်ယွဲ့... မင်းကရော ငါပြောတာကို သဘောတူလား"

ယွဲ့လုံရှောင်က ခေါင်းညိတ်သည်။

"ဟုတ်တာပေါ့... ခန်းမသခင်ပဲ ဖြစ်ဖြစ်... ဒုတိယ ခန်းမသခင်ပဲ ဖြစ်ဖြစ်... အန္တိမပန်းတိုင်က ကျင့်ကြံခြင်းအတွက် အရင်းအမြစ်တွေကို ရယူဖို့ပဲ... အရင်းအမြစ်တွေရဖို့ နည်းလမ်းတွေရှိနေရင်... တခြားဘာမှ အရေးမကြီးတော့ဘူး"

ကျန်းရွှမ်က သူ့ကို ချီးကျူးလိုက်သည်။

"ဂိုဏ်းချုပ်ယွဲ့... မင်းက တကယ့်ကို အမြင်ကျယ်တဲ့လူပဲ"

ယွဲ့လုံရှောင်က ပြုံးလိုက်သည်။

"ဒုတိယ ခန်းမသခင်လင်း... မင်း ဘယ်လို အရင်းအမြစ်တွေ လိုအပ်လဲ... ငါက ကြိုတင် ပြင်ဆင်ထားဖို့ ငါ့ရဲ့အထက်လူကြီးတွေကို သတင်းပို့လိုက်မယ်"

ကျန်းရွှမ်က တုံ့ပြန်အဖြေပေးသည်။

"ဒါက ရိုးရှင်းပါတယ်... ငါက ကောင်းကင်ကံကြမ္မာစွမ်းအင်တွေ အများကြီးလိုအပ်တယ်... ပမာဏ လုံလောက်သရွေ့ မင်းက လူတွေကို ခေါ်သွားနိုင်တယ်... ဘာပဲဖြစ်ဖြစ် ငါတို့က သူစိမ်းတွေပဲ... ငါ နည်းနည်းအမြတ်ထုတ်လိုက်တာက ပိုကောင်းတယ် မဟုတ်လား"

"ငါ သဘောတူတယ်"

ယွဲ့လုံရှောင်က ခေါင်းညိတ်လိုက်သည်။

"ခန်းမသခင်ဟန်... ဂိုဏ်းချုပ်ယွဲ့... ဒါဆိုရင် ငါက မင်းတို့ဆီက သတင်းကောင်းကို စောင့်နေပါ့မယ်... ငါ့မှာ တခြားလုပ်စရာကိစ္စတွေ ရှိနေသေးလို့... ငါ့ကို အခုသွားခွင့်ပြုပါအုံး"

ကျန်းရွှမ်သည် နှုတ်ဆက်သည့်အနေဖြင့် သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ဂါရဝပြုပြီး ထွက်ခွာသွားတော့သည်။

"ခန်းမသခင်ဟန်... ငါကိုလည်း သွားခွင့်ပြုပါအုံး. သုံးရက်နေရင် ပြန်တွေ့ကြတာပေါ့"

ယွဲ့လုံရှောင်သည်လည်း သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ဂါရဝပြုပြီးနောက် နောက်သို့လှည့်ကာ ထွက်ခွာသွားသည်။

သူတို့နှစ်ဦး ထွက်ခွာသွားသည့်အချိန်တွင် ဟန်ရှောင်သည် သူ၏ဒေါသထွက်မှုကို ချုပ်တည်းလိုက်ပြီး ခန်းမထဲမှနေ၍ သူ၏သီးသန့်ခန်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားသည်။ သူ ရင်ဆိုင်နေရသော နောက်ဆက်တွဲပြဿနာများကြောင့် ဖြစ်ပျက်ခဲ့သည်များကို ဌာနချုပ်သို့ ဤကိစ္စကို သူ အကြောင်းမကြားရသေးချေ။

အမှန်အတိုင်းဆိုရလျှင် ကံကြမ္မာအမွှေးတိုင် ကိုးဆယ့်ကိုးတိုင်ကို ထွန်းညှိနိုင်ခြင်းသည် ပြိုင်ဘက်ကင်း အရည်အချင်းကို ညွှန်ပြကြောင်း သူ နားလည်သဘောပေါက်သည်။ သို့ရာတွင် သူတို့ မည်မျှထိ သာလွန်ထူးကဲသည်ကို သူ သဘော မပေါက်ခဲ့ချေ။ သူ ကြားဝင်စွက်ဖက်ရန် ကြိုးပမ်းမှုများသည် ယွဲ့လုံရှောင်၏ ရုတ်တရက်စိတ်ဝင်စားမှုကို နှောင့်ယှက်ရန်သာ ဖြစ်ပေ၏။

"ခန်းမသခင်..."

သူ၏အခန်းထံသို့သွားရန် ခြေလှမ်းအနည်းငယ် လှမ်းပြီးသော အချိန်မှာပင် ရှဲ့ဖုန်းက ပြေးလာသည်။

"ဘာကိစ္စရှိလို့လဲ"

ဟန်ရှောင်က ရပ်တန့်လိုက်သည်။

"ခန်းမသခင်ကို သတင်းပို့ပါတယ်... ကျိုးယီအင်ပါယာကနေ မိုချင်းလို့ခေါ်တဲ့ ဂုဏ်သရေရှိ ဧည့်သည်တစ်ဦးက အရှင်ကို တွေ့ခွင့်တောင်းနေပါတယ်"

ရှဲ့ဖုန်းက အလျှင်အမြန် ပြောဆိုလိုက်၏။

"မိုချင်း..."

ဟန်ရှောင်သည် အချိန်တခဏကြာမျှ ကြောင်အသွားပြီးနောက် နားလည်သဘောပေါက်သွားကာ သူ၏မျက်နှာအမူအယာသည် အံ့အားသင့်မှုသို့ ပြောင်းလဲသွားပေ၏။

"ဒါက မိုတောက်ဂိုဏ်းက အကြီးအကဲများ ဖြစ်နေမလား... ပြောနေကြတာကတော့ သူ့ရဲ့ကျင့်ကြံမှုက ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်ကို ကျော်လွန်သွားတာ ကြာခဲ့ပြီ... ပြီးတော့ သူက ကျိုးယီအင်ပါယာရဲ့ ကံကြမ္မာခန်းမမှာ အကြီးအကဲတစ်ယောက်အဖြစ် လေးစားခံရတယ်... သူက ဘာလို့ ဒီကို လာတာလဲ... ငါ့ကို သူ့ဆီ ချက်ချင်းခေါ်သွားပေးစမ်း.. "

ဟန်ရှောင်သည် မိုချင်းအကြောင်းကို ယခင်က ကြားခဲ့ဖူးပေ၏။ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်အကြာက မိုချင်းသည် ရင်းမြစ်ရေအိုင်နယ်ပယ်ကို ကျော်လွန်သွားကာ မိုတောက်ကောင်းကင်ကံကြမ္မာ နည်းစနစ်၏ ဒုတိယအဆင့်သို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။ ထိုကဲ့သို့ပုဂ္ဂိုလ်မျိုးသည် မည်သည့်နေရာတွင်မဆို အမြင့်မားဆုံးလေးစားမှုကို ခံယူရရန် ထိုက်တန်သည်။

ဧည့်ခန်းမသို့ ရောက်ရှိသည့် အချိန်တွင် ဟန်ရှောင်သည် အခန်းထဲတွင် အရပ်မြင့်ပြီး တင်းမာခက်ထန်သောမျက်နှာရှိသည့် သက်လတ်ပိုင်း အရွယ် အမျိုးသားတစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရသည်။ ရှည်လျားသော မိုတောက်ဓားမကြီးတစ်ချောင်းကို သူ၏နံဘေးရှိ စားပွဲကိုမှီပြီး ထောင်ထားလေ၏။

"ဟန်ယွမ်မြို့က ဟန်ရှောင်က အကြီးအကဲမိုချင်းကို အရိုအသေပြုပါတယ်..."

ဟန်ရှောင်ကအလေးအနက်ထားသော အမူအယာဖြင့် ဦးညွှတ်လိုက်သည်။

မိုချင်းက ခေါင်းညိတ်ပြလေသည်။

"ခန်းမသခင်ဟန်... ဒီလောက်ထိ ထုံးတမ်းစဥ်လာတွေ လုပ်နေဖို့ မလိုဘူး... ငါ ကိစ္စတစ်ခုကို မေးဖို့အတွက် ဒီနေရာကို လာခဲ့တာပဲ"

ဟန်ရှောင်သည် အနည်းငယ် စိတ်အေးသွားပေ၏။

"အကြီးအကဲမိုချင်း... ကျေးဇူးပြုပြီးတော့ စိတ်တိုင်းကျ မေးပါ... ဒါက ငါသိနိုင်တဲ့ အကန့်အသတ်အတွင်းမှာ ရှိနေသမျှ ငါက အရာအားလုံးကို ဖြေကြားပေးပါ့မယ်"

"ကောင်းပြီလေ"

မိုချင်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

"ငါရဲ့ ဂျူနီယာညီလေး လင်းပုယန်က ကံကြမ္မာ ခန်းမရဲ့ဒုတိယ ခန်းမသခင် ဖြစ်လာတယ်လို့ ငါ ကြားထားတယ်... မင်း သူရဲ့အကြောင်းကို ဘယ်လောက်ထိ သိထားလဲ... သူ မိုတောက်ကောင်းကင်ကံကြမ္မာအပေါ် နားလည် သဘောပေါက်မှုက ဒုတိယအဆင့်ကို ရောက်သွားပြီလား"

ဟန်ရှောင်သည် အံ့အားသင့်သွားသော်လည်း အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

"ဒုတိယခန်းမသခင်လင်းက မနေ့က တိုက်ပွဲတစ်ခုအတွင်းမှာ ကံကြမ္မာ ဒုတိယအဆင့်ကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တယ်... သူက မိုတောက်ဂိုဏ်းက ဖြစ်တဲ့အတွက် အကြီးအကဲမိုက သူ့ရဲ့ တိုးတက်မှုကို ခံစားမိခဲ့သင့်တာ မဟုတ်လား..."

မိုချင်း၏မျက်နှာပေါ်တွင် အနေရခက်သွားသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။

"လွန်ခဲ့တဲ့ နှစ်တွေတုန်းက ငါ့ရဲ့ဂျူနီယာညီလေးက ဆိုးရွားတဲ့ အမှားတစ်ခုကို ကျူးလွန်ခဲ့တယ်... နောက်ဆက်တွဲ ဆိုးကျိုးတွေကို ရှောင်ရှားဖို့အတွက် ငါတို့ရဲ့ဆရာက သူနဲ့ အဆက်အသွယ် တစ်စိတ်တစ်ပိုင်းကို ဖြတ်တောက်ခဲ့တယ်... သူ့ရဲ့ကျင့်ကြံမှုမှာ သိသာတဲ့ တိုးတက်မှုရှိနေမှသာ အဆက်အသွယ်ကို ပြန်ပြီးတည်ဆောက်နိုင်မှာပါ... ဒါပေမဲ့ မိုတောက် ကောင်းကင်ကံကြမ္မာအတွက် အမွှေးတိုင်လောင်ကျွမ်းတဲ့ အချိန်မှာ ငါတို့ရဲ့ဆရာက ဘာမှ မခံစားမိခဲ့ဘူး... ဒါကြောင့် ငါ့ကို စုံစမ်းစစ်ဆေးဖို့ စေလွှတ်လိုက်တာပါ"

ဟန်ရှောင် နားလည်သွားသည်။ ကံကြမ္မာ သို့မဟုတ် လမ်းညွှန်မှုမှတဆင့် တည်ဆောက်ထားသော အဆက်အသွယ်များသည် တိုးတက်မှုကို ပျိုးထောင်နိုင်သည့်အပြင် နောက်ဆက်တွဲ ဆိုးကျိုးများကိုလည်း ဖြစ်စေနိုင်သည်။ သို့ရာတွင် ကံကြမ္မာတစ်ခုကို ထိန်းချုပ်နိုင်သော တစ်စုံတစ်ယောက်သည် ထိုသို့သော ဆက်သွယ်မှုများကို သူ၏ဆန္ဒအတိုင်း ဖြတ်တောက်နိုင်သည်။ ထိုသို့မဟုတ်ပါက အစွမ်းထက်သော ဆရာသခင်တစ်ဦး၏ ကျဆုံးမှုကို သူ၏တပည့်များအား တိုက်ခိုက်ခြင်းဖြင့် လွယ်လင့်တကူ စီစဉ်နိုင်ပေမည်။

ဟန်ရှောင်က သူ၏အတွေးများကို ဖွင့်ဟပြောဆိုလိုက်သည်။

"ဒုတိယခန်းမသခင်လင်းက ကံကြမ္မာဒုတိယအဆင့်ကို တကယ်ကြီး ရောက်ရှိသွားခဲ့ပြီးခဲ့ပြီးတော့ မိုတောက်နည်းစနစ်တွေကို ပြသခဲ့တယ်... ဒါပေမဲ့ ငါ ပြောကိုပြောရမယ့် ထူးခြားတဲ့ ကိစ္စတစ်ခု ရှိနေတယ်"

"အဲ့ဒါက ဘာလဲ"

မိုချင်းက မေးမြန်းလိုက်သည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က... ဒုတိယ ခန်းမသခင်လင်းက ကျိုးယီအင်ပါယာမှာ ဖရိုဖရဲကံကြမ္မာကျင့်ကြံသူတစ်ယောက် ထွက်ပေါ်လာတယ်လို့ ကြားတာကြောင့် ကူညီပေးဖို့ သွားခဲ့တယ်... သူ ပြန်လာတဲ့ အချိန်မှာ သူ့ရဲ့ ခွန်အားက အရမ်းမြင့်တက်လာခဲ့ပြီးတော့ သူ့ရဲ့စရိုက်လက္ခဏာက လုံးဝပြောင်းလဲသွားခဲ့တယ်..."

"မင်း ဆိုလိုတာက ငါ့ရဲ့ဂျူနီယာညီလေး လင်းပုယန်က အယောင်ဆောင်သူတစ်ယောက် ဖြစ်နေနိုင်တယ်လို့လား"

မိုချင်းက မျက်မှောင်ကြုတ်လိုက်သည်။

"ငါ့မှာ သံသယတွေပဲ ရှိတာ ဘာ အထောက်အထားမှ မရှိဘူး... ဒါကြောင့် ငါက ဘာကိုမှ အခိုင်အမာ မပြောရဲဘူး"

ဟန်ရှောင်က သတိကြီးစွာထား၍ တုံ့ပြန်အဖြေပေးလိုက်သည်။

မိုချင်းသည် ထိုကိစ္စကို စဉ်းစားတွေးတောလိုက်၏။

"မိုတောက်ကောင်းကင်ကံကြမ္မာက ငါတို့ရဲ့ဆရာ ဖန်တီးခဲ့တဲ့ ကံကြမ္မာနည်းစနစ်ပဲ.. ဒါကို ကျင့်ကြံဖို့အတွက် တစ်ယောက်ယောက်က တိုက်ရိုက်သင်ကြားမှု ဒါမှမဟုတ် ဆရာရဲ့အသိအမှတ်ပြုမှုကို လက်ခံရရှိရမယ်... အပြင်လူ တစ်ယောက်အတွက် ဒုတိယအဆင့်ကို ရောက်ဖို့က မဖြစ်နိုင်သလောက်နီးပါးပဲ... ဒါပေမဲ့ ဒါကို အတည်ပြုလို့ရတယ်.. ငါက သူ့ရဲ့ မိုတောက်ကံကြမ္မာအပေါ် နားလည် သဘောပေါက်မှုကို ငါကိုယ်တိုင် စမ်းသပ်မယ်"

ဟန်ရှောင်က မေးမြန်းလိုက်သည်။

"အကြီးအကဲမိုက ဘယ်လို စမ်းသပ်မှုမျိုး လုပ်ချင်တာလဲ... ငါက ဘယ်လိုမျိုး ကူညီပေးရမလဲ"

မိုချင်းက တုံပြန်အဖြေပေးသည်။

"ဒါက ရိုးရှင်းပါတယ်... သူ့ကို တိုက်ခိုက်ဖို့ ဆင့်ခေါ်လိုက်ပါ... အရာအားလုံး ရှင်းလင်းသွားပါလိမ့်မယ်"

ဟန်ရှောင် စိတ်အေးသွားသည်။

"ဒါက စီစဉ်ဖို့ လွယ်ပါတယ်... ဒါပေမဲ့ ငါ့မှာ အရင်ဆုံး ဆွေးနွေးချင်တဲ့ နောက်ထပ် ကိစ္စတစ်ခု ရှိနေပါတယ်... ခုဏက ဒုတိယခန်းမသခင်လင်းက အရည်အချင်းအကဲဖြတ်ဖို့ လူတစ်ချို့ကို ခေါ်လာခဲ့တယ်... သူတို့ထဲမှာ ကံကြမ္မာအမွှေးတိုင် ကိုးဆယ့်ကိုးတိုင်ကို ထွန်းညှိနိုင်ခဲ့တဲ့ လူသုံးယောက် ပါဝင်နေတယ်..."

မိုချင်း၏မျက်လုံးများ ပြူးကျယ်သွားပြီး ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။

"မင်းပြောတဲ့ကိစ္စက သေချာလို့လား"

ဟန်ရှောင်က ခေါင်းညိတ်ပြပြီး ယွဲ့လုံရှောင်နှင့် အလုံးစုံသိမြင်ဂိုဏ်းတို့ ပါဝင်ပတ်သတ်လာသည့် အစောပိုင်းက ဖြစ်ရပ်များကို ပြန်ပြောပြလိုက်သည်။

မိုချင်း၏မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသည်။

"အဲ့ဒီလူတွေသာ မိုတောက်ကံကြမ္မာကို ကျင့်ကြံနိုင်မယ်ဆိုရင်... ငါက တတိယအဆင့်ကို ထိုးဖောက်ဝင်ရောက်ပြီးတော့ ငါ့ရဲ့ဆရာထက်တောင် ကျော်လွန်သွားနိုင်လောက်တယ်"

မိုချင်း၏အသံတွင် စိတ်လှုပ်ရှားမှုများ တလိမ့်လိမ့်ထနေပြီး သူ၏ရည်မှန်းချက်များသည် သိသာထင်ရှားပေ၏။

All Chapters