ဘယ်သူက ဘယ်သူ့ကို လှောင်ပြောင်ရမည်နည်း
Vol. 14 Ch. 200
ကျန်းရွှမ်၏သံသယသည် အချိန်ကြာမြင့်စွာ တည်ရှိခဲ့ခြင်းမရှိဘဲ အဖြေထွက်ပေါ်လာခဲ့သည်။
ကွင်းပြင်အတွင်းတွင် လျှူမင်ယွဲ့သည် မိုတောက်ဓားတစ်လက်ကို ကိုင်ထားပြီး အဆက်မပြတ် လွှဲယမ်းနေပေ၏။ ကံကြမ္မာ စွမ်းအင်၏ ဝိုးတဝါးအရိပ်အယောင်တစ်ရပ်သည် ဓားသွားတစ်လျှောက် စီးဆင်းနေကာ ကံကြမ္မာ၏အငွေ့အသက်ကို ထုတ်လွှတ်ထားသည်။
"သူလား..."
ကျန်းရွှမ် အံ့အားသင့်သွားသည်။
ကျောက်ယာ ဝမ်ယင်း လျိုယန် လုချုံးစသည့် သူ၏တပည့်တစ်ယောက်ချင်းစီတွင် ထူးကဲသော အရည်အချင်းများ ရှိကြပြီး ဤမိန်းကလေးထက် များစွာပို၍ သာလွန်ကြသည်။ သို့ရာတွင် သူတို့အနက်မှတစ်ယောက်မျှ မအောင်မြင်ခဲ့ဘဲ သူမကမူ ကံကြမ္မာတံခါးဝကို ဖြတ်ကျော်ဝင်ရောက်နိုင်ခဲ့လေပြီ။
ဤသည်မှာ ခြေတစ်လှမ်းစာ ဝင်ရောက်မှုမျှသာဖြစ်ကာ သူမ၏တိုးတက်မှုသည် ကျန်းရွှမ်အတွက် ကျန်းယန်၏တိုးတက်မှုလောက် အသုံးဝင်မှု မရှိသေးချေ။
ကျန်းယန်သည် သူ၏ခွန်အားကို ဖိနှိပ်ခံထားရသည့်တိုင် ကျင့်ကြံခြင်းလမ်းကြောင်းသို့ အသစ်ဝင်လာသူတစ်ယောက်နှင့် ကောင်းကင်ဘုံတွင် ကျင်လည်ခဲ့ဖူးသော ဝါရင့်ကျွမ်းကျင်သူ တစ်ယောက်ကြားရှိ ကျင့်ကြံခြင်းဆိုင်ရာ ထိုးထွင်းသိမြင်မှုနှင့်နားလည်နိုင်စွမ်း ကွာဟချက်သည် ကြီးမားပေ၏။
"ဒါက မဟုတ်သေးဘူး....ဓားထိပ်ကို နည်းနည်းမြှင့်လိုက်...စွမ်းအားကို ဓားထဲစိမ့်ဝင်စေပြီးတော့ မင်းရဲ့ခွန်အားက ရင်းမြစ်ရေအိုင်ကနေ ထွက်ပေါ်လာတယ်လို့ မြင်ယောင်ကြည့်လိုက်..."
ကျန်းရွှမ်သည် သူ၏အံ့အားသင့်မှုမှ ပြန်လည်၍ သတိဝင်လာပြီးနောက် လျှူမင်ယွဲ့ကို လမ်းညွှန်မှုများ စတင်၍ပေးခဲ့သည်။
သူ၏လမ်းညွှန်မှုများအောက်တွင် လျှူမင်ယွဲ့သည် လျင်မြန်စွာ တိုးတက်လာပေ၏။ တစ်နာရီမပြည့်မီအချိန်တွင် သူမသည် ပြီးပြည့်စုံသော မိုတောက်သိုင်းပညာနည်းစနစ်ကို လုပ်ဆောင်နိုင်ပြီဖြစ်ကာ မိုတောက်ကံကြမ္မာအပေါ် နက်ရှိုင်းစွာ ထိုးထွင်းသိမြင်များ ရရှိလာခဲ့သည်။ သူမ၏ နားလည်နိုင်စွမ်းသည် ယုချင်းယုထက်ပင် ကျော်လွန်သွားခဲ့သည်။
သူမသည် ဓားတစ်ချက် လွှဲယမ်းလိုက်ရုံဖြင့် ကံကြမ္မာ၏အငွေ့အသက်များ လေထုအတွင်းတွင် ကျန်ရစ်နေခဲ့ပြီး စိတ်ဝိညာဉ်တစ်ကောင်ရှိနေလျှင်ပင် သူမ၏ဓားရှေ့တွင် ထိတ်လန့်တုန်လှုပ်သွားရမည့်အလားပင်။
ဤသည်မှာ မိုတောက်ကံကြမ္မာကို သာမန်အစပျိုးခြင်းမျှ မဟုတ်တော့ချေ။ ယခင်က ကျန်းရွှမ်ကဲ့သို့ပင် သူမသည်လည်း "ကံကြမ္မာသည် စိတ်အတွင်း၌ တည်ရှိသည်" ဟူသော အခြေအနေမျိုးသို့ ရောက်ရှိသွားခဲ့လေပြီ။
ဤနယ်ပယ်ထဲသို့ ဤမျှထိ လျင်မြန်စွာ ဝင်ရောက်နိုင်ခဲ့ခြင်းမှာ အဓိပ္ပာယ်တစ်ခုတည်းသာ ရှိသည်။ ဤမိန်းကလေးတွင် ကံကြမ္မာဆရာသခင်တစ်ဦး ဖြစ်လာနိုင်သည့် အရည်အချင်း ရှိနေခြင်းပင်။
ကျန်းရွှမ်က သူ၏အတွေးများကို ဖွင့်ဟပြောဆိုလိုက်သည်။
"မင်းမှာ ကံကြမ္မာဆရာသခင်တစ်ယောက် ဖြစ်လာဖို့ အခွင့်အရေး ရှိပုံရတယ်"
လျှူမင်ယွဲ့၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ဖြတ်ပြေးသွားသည်။
"အမ်...."
ကံကြမ္မာဆရာသခင်တစ်ဦးသည် အဖြူရောင်ကျောက်တုံးမြို့တွင် နတ်ဘုရားတစ်ပါးနှင့် တူညီသည်။ ကျောင်းအုပ်ကြီးလုနှင့် မြို့အရှင်ယုလုံချင်း အပါအဝင် ထိပ်သီးမိသားစုသုံးစုလုံးသည် ဤရည်မှန်းချက်ပန်းတိုင်ကို လေ့လာလိုက်စားခဲ့သည့်တိုင် မအောင်မြင်ခဲ့ကြချေ။ သူမတွင် ထိုသို့သော အခွင့်အရေး ရှိနိုင်ခြင်းသည် အိပ်မက်တစ်ခုအလား ခံစားလိုက်ရသည်။
သူမ၏အံ့အားသင့်နေသော အမူအယာကို မြင်တွေ့ချိန်၌ ကျန်းရွှမ်က ပြုံးလိုက်သည်။
"မင်းက မိုတောက်သိုင်းပညာနည်းစနစ်ကို ဒီလောက်ထိ မြန်မြန်သဘောပေါက်နိုင်ခဲ့တာက မင်းမှာ အရည်အချင်း ရှိတာကို ပြနေတာပဲ...မင်း သွားပြီးပြင်ဆင်လိုက်တော့...မင်းကို သေသေချာချာ အကဲဖြတ်ဖို့အတွက် ငါ မင်းကို ကံကြမ္မာခန်းမဆီ ခေါ်သွားမယ်"
ကံကြမ္မာခန်းမတွင် အရည်အချင်းကို အကဲဖြတ်သည့် နည်းလမ်းများ ရှိသည်။ သူမတွင် ဤအရည်အချင်းမျိုး အမှန်တကယ် ရှိနေပါက ကံကြမ္မာခန်းမမှ ရှာဖွေတွေ့ရှိသည်နှင့် မြေတောင်မြှောက်ပေးခြင်း ခံရမည်မှာ သေချာပေါက်ပင်။
"ဟုတ်ကဲ့"
လျှူမင်ယွဲ့က စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်သည်။
"ဆရာ ကျွန်တော်တို့လည်း လိုက်လို့ရမလား"
ယုရှောင်ယွီနှင့်ဟုန်ရီတို့က မျှော်လင့်တကြီး လှမ်းကြည့်လိုက်ကြ၏။
"ကောင်းပြီလေ.. "
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
"ငါ့မှာ အရင်ကတည်းက တပည့်တချို့ ရှိတယ်... မင်းတို့နဲ့ တွေ့ဖို့ သူတို့ကို ငါ ခေါ်လိုက်မယ်... ပြီးတော့ ငါတို့တွေ စမ်းသပ်ဖို့အတွက် အတူတူ သွားကြတာပေါ့"
ကျောက်ယာနှင့်တခြားသူများသည် ယုရှောင်ယွီတို့အုပ်စုနှင့် သီးခြားလေ့ကျင့်နေခဲ့ကြသဖြင့် သူတို့အချင်းချင်း မတွေ့ဆုံရသေးချေ။ သူတို့အားလုံးသည် သူ၏တပည့်များ ဖြစ်ကြသဖြင့် ဤသည်မှာ သူတို့ကို မိတ်ဆက်ပေးရန် အခွင့်အရေးကောင်းတစ်ခုပင်။
ကျန်းရွှမ် ထွက်ခွာသွားသည့် အချိန်တွင် ယုရှောင်ယွီက ဟုန်ရီတို့ထံသို့ လှည့်ကြည့်ပြီး မေးမြန်းလိုက်သည်။
"ဆရာက အဖြူရောင်ကျောက်တုံးမြို့ကို ရောက်ပြီးမှ ဆရာတစ်ယောက် ဖြစ်လာတာ မဟုတ်ဘူးလား... သူ့မှာ တခြားတပည့်တွေ ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ...ငါ ဒါကို ဘယ်တုန်းကမှ မကြားဖူးဘူး"
သူတို့ ပထမဆုံး တွေ့ဆုံခဲ့ချိန်တွင် သူတို့၏ ဆရာသည် ကျင့်ကြံမှုမရှိသော မြင်းထိန်းသမားတစ်ဦးသာ ဖြစ်ခဲ့ပြီး တပည့်များကို လမ်းညွှန်နိုင်စွမ်း မရှိပုံ ပေါက်နေခဲ့သည်။
"ဒါက မြင်းထိန်းတဲ့ လူအိုကြီးကျိုးလိုမျိုး နေမှာပေါ့... ဆရာက တိုက်ခိုက်ရေးနဲ့ မပတ်သက်တဲ့ အရည်အချင်းတွေရှိတဲ့ တပည့်တွေကို လက်ခံခဲ့တာ ဖြစ်နိုင်တယ်... သူတို့ရဲ့ အရည်အချင်းက သိပ်ကောင်းမှာ မဟုတ်ဘူး"
လျှူမင်ယွဲ့က တွေးဆလိုက်သည်။
"ဒါက အဓိပ္ပာယ်ရှိတယ်.. သူတို့ရဲ့ အရည်အချင်းက ထူးချွန်မနေရင်တောင် တပည့်အချင်းချင်းဖြစ်လို့ ငါတို့က သူတို့ကို မလှောင်ပြောင်သင့်ဘူး"
ယုရှောင်ယွီသည် လျှူမင်ယွဲ့ က မောက်မာထောင်လွှားစွာ ပြုမူမည်အား စိုးရိမ်သဖြင့် သတိပေးလိုက်၏။
"သေချာတာပေါ့ ...ငါ့ကို ဆရာက တရားဝင်တပည့်အဖြစ်တောင် အသိအမှတ်ပြုထားတာ မဟုတ်သေးဘူး.. ငါက ဘယ်လိုလုပ်ပြီး မောက်မာရဲမှာလဲ"
လျှုမင်ယွဲ့က လျင်မြန်စွာ သဘောတူလိုက်သည်။
သူမသည် ဆရာ၏နောက်သို့ လိုက်ပါလာခဲ့သော်လည်း တရားဝင်တပည့်တစ်ဦး မဟုတ်ဘဲ အမည်ခံတပည့်မျှသာ ဖြစ်နေသေးသည်။ သူတို့၏အရည်အချင်း မည်သို့ပင် ဖြစ်စေကာမူ အ
တခြားသူများကို လှောင်ပြောင်ရန် သူမထံတွင် အကြောင်းပြချက် မရှိချေ။
ယုရှောင်ယွီက ဟုန်ရီကို ကြည့်လိုက်ရာ သူက ချက်ချင်းပင် လက်ခါယမ်းလိုက်သည်။
"ကျွန်တော် မလုပ်ပါဘူး...ကျွန်တော့်ရဲ့ ကိုယ်ပိုင်အရည်အချင်းကတောင် ခုထိညံ့ဖျင်းနေတုန်းပဲ"
"ကောင်းပြီလေ.."
သူတို့သုံးယောက်သား စကားပြောနေကြစဉ်မှာပင် ကွင်းပြင်ထံသို့ ချဉ်းကပ်လာသော ခြေသံများကို ကြားလိုက်ရသည်။ မကြာမီပင် သူတို့၏ သက်တူရွယ်တူ လူငယ်တစ်စု ဆရာ၏နောက်မှ လိုက်ပါလာသည်ကို မြင်တွေ့လိုက်ရသည်။
"သူတို့ရဲ့ ခွန်အားက တကယ့်ကို သိပ်မကောင်းဘူးပဲ"
ကျန်းယန်တို့အုပ်စုသည် သူတို့၏ အရှိန်အဝါများကို ဖုံးကွယ်မထားကြသဖြင့် ယုရှောင်ယွီတို့သည် သူတို့၏ကျင့်ကြံဆင့်များကို လျင်မြန်စွာ ပိုင်းခြားသိရှိလိုက်ကြသည်။ သူတို့အနက်အများစုမှာ ရင်းမြစ်ရေအိုင် စတုတ္ထအဆင့်ဖြစ်သော ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်တွင် ရှိနေကြသည်။
ဆန့်ကျင်ဘက်အနေဖြင့် သူတို့၏ မကြာသေးမီက လေ့ကျင့်မှုအပြီးတွင် သူတို့သည် ရင်းမြစ်ရေအိုင် ပဉ္စမအဆင့်ဖြစ်သော သွေးကြောရှင်းလင်းခြင်းနယ်ပယ်သို့ ရောက်ရှိနေခဲ့ကြသည်။ သူတို့သည် ကျင့်ကြံဆင့်နယ်ပယ်တစ်ဆင့် အသာရနေသည်မှာ သိသာထင်ရှားလှ၏။
"ဒါတွေက ငါ အသစ်လက်ခံထားတဲ့ တပည့်တွေ... ယုရှောင်ယွီ လျှူမင်ယွဲ့နဲ့ ဟုန်ရီ....သူတို့တွေက ငါ့ရဲ့အရင်တပည့်တွေ ကျောက်ယာ ဝမ်ယင်း လျိုယန်နဲ့ ကျန်းယန်..."
ကျန်းရွှမ်က သူတို့ကို မိတ်ဆက်ပေးသည့်အချိန်တွင် အုပ်စုနှစ်စုသား လျင်မြန်စွာ ရင်းနှီးသွားကြသည်။
"သွားကြစို့..."
နောက်ထပ် အကျယ်တဝင့် ရှင်းပြခြင်း မရှိဘဲ ကျန်းရွှမ်က သူတို့ကို ကွင်းပြင်၏ပြင်ပသို့ ဦးဆောင်၍ခေါ်သွားသည်။
ကံကြမ္မာခန်းမသည် အနည်းငယ် အလှမ်းဝေးပေ၏။ အစပိုင်းတွင် ကျန်းရွှမ်သည် ဖြည်းညှင်းသောအရှိန်ကို ထိန်းထားခဲ့သော်လည်း တပည့်များအားလုံး အမီလိုက်နိုင်သည်ကို မြင်ချိန်၌ သူက တဖြည်းဖြည်း အရှိန်မြှင့်တင်လိုက်သည်။ ဤသည်မှာ ရုတ်တရက် ခံနိုင်ရည်စမ်းသပ်သည့် လေ့ကျင့်ခန်းတစ်ခု ဖြစ်လာခဲ့ပေ၏။
အစပိုင်းတွင် ယုရှောင်ယွီနှင့်လျှူမင်ယွဲ့တို့သည် ချောမွေ့စွာ အမီလိုက်နိုင်ခဲ့ကြသော်လည်း သူမတို့ ရှေ့ဆက်သွားသည့်အချိန်တွင် ဖိအားကို စတင်၍ ခံစားလိုက်ရပြီး သူမတို့၏နဖူးပြင်တွင် ချွေးသီးချွေးပေါက်များ စို့လာသည်။
ဤအရှိန်သည် သူတို့၏ကျင့်ကြံဆင့်ဖြစ်သော သွေးကြောရှင်းလင်းခြင်းနယ်ပယ်၏ အမြင့်ဆုံး ကန့်သတ်ချက်တွင် ရှိနေသည်မှာ သိသာထင်ရှားသည်။ နောက်ကျကျန်ရစ်မည်ကို ကြောက်ရွံ့သဖြင့် သူတို့သည် အံ့ကြိတ်ကာ ဆက်လက်၍ကြိုးစားလိုက်ကြ၏။
"စီနီယာတို့....ကျွန်တော် မလိုက်နိုင်တော့ဘူး..." သို့ရာတွင် ဟုန်ရီသည် ပထမဆုံး ခြေယိုင်သွားသူ ဖြစ်ခဲ့ကာ သူ၏အစစ်အမှန်စွမ်းအင်များ ရှုပ်ထွေးနေကာ အသက်ရှုသံများ ပြင်းထန်နေသည်။
"ဆက်ကြိုးစားအုံး..."
ယုရှောင်ယွီက မျက်မှောင်ကြုတ်ကာ အံ့ကြိတ်လိုက်၏။
"ဆရာ့ရဲ့ အရင်တပည့်တွေက သူတို့ရဲ့ နိမ့်ပါးတဲ့ ကျင့်ကြံမှုနဲ့တောင် ဆရာ့ကို အမီလိုက်နိုင်သေးရင် ငါတို့က ဘာလို့ မလိုက်နိုင်ရမှာလဲ"
"ဟုတ်ကဲ့...."
ဟုန်ရီသည် အားတက်သွားသဖြင့် သူ၏မသက်မသာဖြစ်နေမှုကို တွန်းလှန်လိုက်သည်။
ရှေ့သို့လှမ်းကြည့်လိုက်သည့် အချိန်တွင် ကျန်းရွှမ်၏ယခင်တပည့်များသည် လွယ်ကူစွာ ပြေးလွှားနေကြပြီး သူတို့၏ လှုပ်ရှားမှုများသည် သွက်လက်နေပေ၏။ ဤသည်မှာ သူတို့အုပ်စု၏ရုန်းကန်နေရမှုများနှင့် သိသိသာသာ ကွာခြားနေသည်။
"ဒါက အဓိပ္ပာယ်မရှိဘူး...သူတို့က ဘာလို့ မမောကြတာလဲ"
ယုရှောင်ယွီက နားမလည်နိုင်သဖြင့် တီးတိုး
ရေရွတ်လိုက်သည်။
နိမ့်ပါးသော ကျင့်ကြံဆင့်ရှိသော ထိုတပည့်များသည် သူမတို့ထပ် ပို၍ပင် ရုန်းကန်နေရသင့်သည်။ သို့ရာတွင် သူတို့သည် အင်အားစိုက်ထုတ်မှု မရှိသော သက်သောင့်သက်သာဟန်ဖြင့် လှုပ်ရှားနေကြ၏။
"သူတို့လည်း ငါတို့လိုပဲ အတင်း ကြိုးစားနေတာ ဖြစ်နိုင်တယ်"
လျှူမင်ယွဲ့က ခန့်မှန်းလိုက်သည်။
"သူတို့က တည်ငြိမ်နေပုံ ပေါက်ပေမဲ့ ဒါက ဟန်ဆောင်နေတာပဲ ဖြစ်လိမ့်မယ်"
"အမှန်ပဲ"
ယုရှောင်ယွီက သူမ၏အကဲဖြတ်မှုကို သဘောတူညီကာ ခေါင်းညိတ်လိုက်သည်။
ထိုအချိန်မှာပင် ဆရာက သူ၏အရှိန်ကို နောက်တစ်ကြိမ် မြှင့်တင်လိုက်သည်။ သူတို့သုံးယောက်သားသည် အံ့ကြိတ်ပြီး သူတို့၏ အစစ်အမှန်စွမ်းအားကို ထိန်းသိမ်းရန် သူတို့၏ ရင်းမြစ်ရေအိုင်မှ စွမ်းအားများကို ထုတ်ယူလိုက်ကြသည်။ သို့ရာတွင် သူတို့၏ပေါများပုံရသော စွမ်းအင်များ လုံးလုံးလျားလျား ကုန်ဆုံးသွားပြီ ဖြစ်ကြောင်း မကြာမီမှာပင် သူတို့ နားလည်သဘောပေါက်သွားကြသည်။
"ကိစ္စမရှိဘူး... ငါတို့မှာ အဆင့်မြင့်ရင်းမြစ်ရေအိုင်တွေ ရှိနေတာပဲ...ငါတို့က သွားနေရင်းနဲ့ ရင်းမြစ်စွမ်းအင်တွေကို သန့်စင်နိုင်တယ်"
လျှူမင်ယွဲ့က တီးတိုးရေရွတ်လိုက်ကာ တခြားနှစ်ယောက်က ခေါင်းညိတ်လိုက်ကြ၏။
ထို့နောက် သူတို့၏ရင်းမြစ်ရေအိုင်များကို ဖွင့်လှစ်ကာ လေထုထဲမှစွမ်းအင်များကို စုပ်ယူလိုက်ကြသည်။ ဤသည်က သူတို့၏ဖိအားကို အနည်းငယ်သက်သာစေခဲ့သော်လည်း ဆရာ၏ယခင်တပည့်များကို လှမ်းကြည့်လိုက်သည့် အချိန်တွင် သူတို့သည် ထိခိုက်မှုမရှိသည့်အလား ချောမွေ့စွာ လှုပ်ရှားနေကြဆဲ ဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။
"ဒါက ဘာဖြစ်နေတာလဲ"
သူတို့သုံးယောက်သား နားမလည်နိုင် ဖြစ်သွားကြသည်။ သူတို့ထံတွင် သာလွန်သော ကျင့်ကြံမှု ရှိနေသော်လည်း ဆရာ့ကိုလိုက်မီရန် ရုန်းကန်နေရပြီး သူတို့ထက်အားနည်းသော တခြားသူများကမူ အမူအယာမပျက် ရှိနေကြသည်။
သူတို့ စိတ်ရှုပ်ထွေးနေသည့် အချိန်မှာပင် ဝမ်ယင်းက နောက်သို့လှည့်ကြည့်ပြီး အော်ပြောလိုက်သည်။
"ဆရာ...သူတို့ နောက်မှာကျန်နေခဲ့ပြီ"
ဤသည်ကိုကြားချိန်၌ ကျန်းရွှမ်၏ယခင်တပည့်များအားလုံးက သူတို့ထံသို့ လှမ်းကြည့်လိုက်ကြပြီး ယုရှောင်ယွီနှင့်လျှူမင်ယွဲ့တို့၏ မျက်နှာများ ရှက်ရွံ့မှုကြောင့် နီမြန်းသွားကြသည်။
"ကျွန်မတို့ မှားသွားတယ်... တောင်းပန်ပါတယ်" ကျောက်ယာက ယုရှောင်ယွီထံသို့ ချဉ်းကပ်လာရင်း ပြုံးလိုက်သည်။
"လာ ကျွန်မ ကူညီပေးမယ်..."
ယုရှောင်ယွီက ငြင်းဆန်ချင်ခဲ့သော်လည်း သူမ မငြင်းဆန်နိုင်မီမှာပင် ကျောက်ယာက သူမ၏ လက်မောင်းပေါ်သို့ လက်တင်လိုက်သည်။ နွေးထွေးသော စွမ်းအင်တစ်ခုက သူမ၏မရီဒါန်းများတလျှောက် စီးဆင်းသွားပြီး သူမ၏ မောပန်းနွမ်းနယ်မှုကို ချက်ချင်းပယ်ဖျက်ပေးလိုက်၏။ သူမ၏ခြေလှမ်းများ ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရပြီး လွန်ခဲ့သော အချိန်တခဏက သူမ အလွန်လျှင်မြန်သည်ဟု တွေးထင်ခဲ့သော အရှိန်နှုန်းသည်လည်း သေးနုပ်သွားခဲ့သည်။
"ဒါက..."
ယုရှောင်ယွီ၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။ ကျောက်ယာ၏ကျင့်ကြံဆင့်သည် နိမ့်ကျသော်လည်း သူမထံသို့ စီးဝင်လာသော အစစ်အမှန်စွမ်းအားများသည် သန့်စင်နေပြီး သူမ၏စွမ်းအားထက် များစွာပို၍ သာလွန်နေပေ၏။
သူမ၏စွမ်းအားသည် စမ်းချောင်းတစ်ခုနှင့် တူညီပြီး ကျောက်ယာ၏စွမ်းအားမှာမူ ပြဒါးအလား ကျစ်လစ်သိပ်သည်းပြီး မာကျောသည်။
'သူ့ရဲ့အရည်အချင်းက ငါ့ထက် သာလွန်နေတာလား'
ယုရှောင်ယွီက တွေးတောလိုက်ပြီး ဤသည်မှာ ကျိုးကြောင်းဆီလျော်သည်ဟု ယူဆလိုက်သည်။
"သူက ဆရာ့ရဲ့ စီနီယာတပည့် ဖြစ်နေမှတော့ ပိုပြီးကောင်းမွန်တဲ့ အရည်အချင်း ရှိနေတာ သဘာဝကျတယ်... ဒါပေမဲ့ တခြားလူတွေကတော့ ကွာခြားသင့်တယ်"
သူမ၏အတွေး အဆုံးမသတ်သေးမီမှာပင် အနီးအနားမှနေ၍ အသံတစ်သံကို ကြားလိုက်ရသည်။
"မင်းက အရမ်းနှေးတယ်...ထားလိုက်တော့.. ငါ မင်းကို ကျောပိုးသွားမယ်"
သူမ လှည့်ကြည့်လိုက်ချိန်တွင် ဟုန်ရီကို လူငယ်တစ်ယောက်က လွယ်ကူစွာ ကျောပိုးလိုက်ပြီးနောက် အံ့အားသင့်ဖွယ်အရှိန်နှုန်းဖြင့် ရှေ့သို့ပြေးထွက်သွားသည်ကို မြင်တွေ့လိုက်ရသည်။
လမ်းလျှောက်ရန် ရုန်းကန်နေရသော ယုရှောင်ယွီမှာ သူမ၏မျက်လုံးများကို မယုံနိုင် ဖြစ်သွားလေ၏။ တစ်စုံတစ်ယောက်သည် အခြားလူတစ်ယောက်ကို ကျောပိုးထားပြီး ဤမျှထိ လျင်မြန်စွာ မည်သို့လှုပ်ရှားနိုင်သနည်း။
ထိုလူငယ်သည် ကျန်းရွှမ်း၏တပည့်များအနက် အဆင့်တစ်ဆယ် ဖြစ်သော ရှန်ရှောင်တျန်းပင်။ သူ၏ကျင့်ကြံဆင့်သည် ရင်းမြစ်ရေအိုင်တတိယအဆင့်ဖြစ်သော စွမ်းအင်သိုလှောင်ခြင်းနယ်ပယ်သာ ရှိပေ၏။
စွမ်းအင်သိုလှောင်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ဦးသည် သူမတို့ထက် ပို၍လျှင်မြန်အောင် ပြေးလွှားနေပြီး သူ၏ကျောပေါ်တွင် လူတစ်ယောက်ကိုပင် သယ်ဆောင်ထားသည်။
အချိန်တခဏအတွင်းတွင် ယုရှောင်ယွီသည် သူမ၏ အစောပိုင်းယူဆချက်များအပေါ် မေးခွန်းထုတ်မိသွားသည်။ ဤတပည့်များကို လှောင်ပြောင်မိမည်ကို စိုးရိမ်ခဲ့ခြင်းသည် ယခုအချိန်၌ မလိုအပ်တော့ဟု ထင်ရသည်။ သူတို့သည် သူမတို့ တွေးထင်ထားသလောက် သာမန်မဟုတ်ကြသည်မှာ သိသာထင်ရှားလှ၏။
"ရှန်ရှောင်တျန်း.. ကျောက်ယာ... မင်းတို့ ဘာလုပ်နေတာလဲ"
ကျန်းရွှမ်၏ တင်းမာခက်ထန်သောအသံက လေထုထဲသို့ ထိုးဖောက်ဝင်လာပြီး သူက သူတို့ထံသို့ လှည့်ကြည့်လိုက်သည်။ သူ၏မျက်နှာအမူအယာ သုန်မှုန်နေသည်။
"ဆရာ"
ကျောက်ယာနှင့် ရှန်ရှောင်တျန်းတို့ ထိတ်လန့်သွားပြီး သူတို့ ကူညီပေးထားသူများကို ချက်ချင်း လွှတ်ချလိုက်ကြသည်။ ယုရှောင်ယွီသည် ယိမ်းယိုင်သွားပြီး လဲကျလုနီးပါး ဖြစ်သွားကာ ဟုန်ရီမှာမူ မြေကြီးပေါ်သို့ မျက်နှာဖြင့် ထိုးကျသွားပြီး သနားစဖွယ် ညည်းညူလိုက်၏။
"ငါက သူတို့ရဲ့ အားနည်းတဲ့ အခြေခံတွေကို လှုံဆော်ပေးဖို့ ရည်ရွယ်ချက်ရှိရှိ အရှိန်မြှင့်ခဲ့တာ... မင်းတို့က သူတို့ကို ကူညီနေရင် ဘာအဓိပ္ပာယ် ရှိတော့မလဲ"
ကျန်းရွှမ်က သူ၏လက်ကို ပြင်းပြင်းထန်ထန်ဝှေ့ယမ်းလိုက်သည်။
"ဘေးကို ဖယ်နေကြစမ်း...ငါ ဒါကို ကိုင်တွယ်လိုက်မယ်"