ကံကြမ္မာဟောကိန်းမေးမြန်းခြင်းနှင့် အမွှေးတိုင်ထွန်းညှိခြင်း
Vol. 14 Ch. 201
ဤလူငယ်အုပ်စုတွင် လိုအပ်သောခွန်အား မရှိသည်ကို ကောင်းစွာသိသဖြင့် ကျန်းရွှမ်းက သူ၏အရှိန်ကို တမင်သက်သက် မြှင့်တင်လိုက်ခြင်းဖြစ်သည်။
ကျင့်ကြံခြင်းသည် သဘာဝတရားနှင့် ကောင်းကင်လမ်းတို့နှင့် လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်ခြင်း လုပ်ငန်းစဉ်တစ်ခုပင်။ တစ်စုံတစ်ယောက်သည် လမ်းလျှောက်နေလျှင်ပင် သူ၏ခွန်အားကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်ပြီး သီးခြားစည်းချက်တစ်ခုကို တည်ဆောက်နိုင်မှသာ ထိုလုပ်ငန်းစဉ်အတွက် အင်အားစိုက်ထုတ်ရန် လိုအပ်တော့မည်မဟုတ်ချေ။
ဤသည်မှာ ကျောက်ယာတို့လူစု လျင်မြန်စွာ နားလည်သဘောပေါက်ခဲ့သောအရာပင်။ ရင်းမြစ်ကမ္ဘာရှိ သူတို့၏ကျင့်ကြံဆင့်သည် ယုရှောင်ယွီတို့အုပ်စုထက် နိမ့်ကျနေသော်လည်း သူတို့သည် လိုက်လျောညီထွေဖြစ်အောင် လွယ်လင့်တကူ နေနိုင်ခဲ့ကြသည်။
သို့ရာတွင် ယုရှောင်ယွီတို့အုပ်စုမှာမူ ကျန်းရွှမ်၏အရှိန်နှုန်းကို လိုက်မီရန် ရုန်းကန်နေခဲ့ရသည်မှာ သိသာထင်ရှားလှ၏။
"ငါက သူတို့ကို အရမ်းဖိအားပေးလိုက်မိပြီ"
ဤသုံးယောက်သည် မကြာသေးမီကမှ ကျင့်ကြံခြင်းကို စတင်ခဲ့ကြသဖြင့် သူတို့၏ကမ္ဘာတွင် အထွတ်အထိပ်သို့ ရောက်ရှိနေသော အလွန်အမင်းသန်မာသည့် ကျင့်ကြံသူများ ဖြစ်ကြသည့် ကျောက်ယာတို့လူစုကို မယှဉ်နိုင်ခြင်းမှာ သဘာဝကျသည်။
"မင်းတို့သုံးယောက်က အသက်ရှုတာကို ထိန်းညှိပြီးတော့ ငါ ညွှန်ကြားတဲ့အတိုင်း စွမ်းအားကို လည်ပတ်ကြစမ်း..."
သက်ပြင်းတစ်ချက်ရှိုက်ပြီးနောက် ကျန်းရွှမ်က သူ၏အသံကို သူတို့ထံသို့ ပေးပို့လိုက်သည်။
ယုရှောင်ယွီ လျှုမင်ယွဲ့နှင့် ဟုန်ရီတို့ တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြ၏။
ဆရာ၏အသံသည် သူတို့အတွက် ကောင်းကင်ဘုံမှ ဂီတသံစဥ်အလားပင်။ သူ၏ ညွှန်ကြားချက်များကို လိုက်နာရင်း သူတို့သုံးယောက်သား သူတို့၏စည်းချက်ကို လျင်မြန်စွာ တွေ့ရှိသွားကြသည်။ သူတို့၏ကုန်ခမ်းလုနီးပါး ဖြစ်နေသော အစစ်အမှန်စွမ်းအားများ ပြန်လည်၍ ထွက်ပေါ်လာပြီး သူတို့၏မရီဒါန်းများတလျှောက် ညင်သာစွာ စီးဆင်းကာ ထူးခြားသော လည်ပတ်မှုစက်ဝန်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။
ဤစက်ဝန်းကို လိုက်နာပြီး စွမ်းအားကို ငှားယူခြင်းဖြင့် သူတို့သည် ယခင်ကဲ့သို့ ဖရိုဖရဲ ဖြစ်မနေကြတော့ချေ။
'ခဏနေအုံး...အစောပိုင်းက စီနီယာအစ်မ ငါ့ဆီကို သူ့ရဲ့စွမ်းအင် လွှဲပြောင်းပေးတဲ့ အချိန်မှာ သူ့ရဲ့ အစစ်အမှန်စွမ်းအား ဒီနည်းလမ်းအတိုင်း လှည့်ပတ်နေခဲ့တာ မဟုတ်လား...'
အတွေးတစ်ခုက ယုရှောင်ယွီ၏စိတ်ထဲသို့ ဝင်ရောက်လာပြီး အစောပိုင်းက မြင်ကွင်းကို ပြန်လည်သတိရလိုက်မိသည်။
ကျောက်ယာက သူမ၏ပခုံးပေါ်သို့ လက်တင်လိုက်သည့်အချိန်တွင် သူမ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသော စွမ်းအားများသည် ဤနည်းလမ်းအတိုင်း အတိအကျ လမ်းညွှန်ပေးခဲ့ခြင်းပင်။ သူမကသာ ထိုအချိန်က သတိမပြုမိခဲ့ခြင်း ဖြစ်ပေ၏။
"စီနီယာ...ဆရာက စီနီယာတို့ကို ဒီနည်းလမ်းအတိုင်း စွမ်းအင်လှည့်ပတ်ဖို့ သင်ပေးခဲ့တာလား"
သူမ၏စူးစမ်းလိုစိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ သူမက မေးမြန်းလိုက်သည်။
"ဟင့်အင်း..."
ကျောက်ယာက အံ့အားသင့်သွားသော အမူအယာဖြင့် ခေါင်းခါပြလေသည်။
"ဒါက ကိုယ့်ဘာသာကိုယ် နားလည်နိုင်တဲ့ ရိုးရှင်းတဲ့ အရာတစ်ခု မဟုတ်ဘူးလား..."
"..."
ယုရှောင်ယွီ၏မျက်နှာ ရှက်ရွံ့မှုကြောင့် နီမြန်းသွားသည်။
လျှုမင်ယွဲ့ထံ လှည့်ကြည့်လိုက်ချိန်၌ သူမသည်လည်း စိတ်မသက်မသာဖြစ်နေကာ ခြေချောင်းများဖြင့် မြေကြီးကို ကုတ်ခြစ်နေသည်အား မြင်တွေ့လိုက်ရသည်။
လွန်ခဲ့သော အချိန်တခဏအတွင်းမှာပင် သူမသည် ဤစီနီယာအုပ်စုထံတွင် အရည်အချင်း မရှိဟု တွေးထင်ခဲ့ပြီး ယဉ်ကျေးစွာဆက်ဆံရန်နှင့် မလှောင်ပြောင်ရန် ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် ယခုချိန်၌မူ အမှန်တကယ် အရည်အချင်းမရှိသူမှာ သူမကိုယ်တိုင် ဖြစ်နေခဲ့သည်။
ဘယ်လောက်တောင် နက်နဲသိမ်မွေ့တဲ့ ကျင့်ကြံနည်းစနစ်လဲ...
ထိုစီနီယာအုပ်စုသည် ဤှကိစ္စကို လွယ်ကူစွာ နားလည်သဘောပေါက်ခဲ့ကြပြီး သူမကမူ ဟောဟဲထိုးနေကာ လိုက်မီအောင် ကြိုးစားနေရုံသာ တတ်နိုင်ခဲ့သည်။ ဤကွာဟချက်သည် အလွန် ကြီးမားပေ၏။
ယုရှောင်ယွီသည် ဤကွာဟချက်အတွက် ညည်းတွားနေစဉ်မှာပင် လျှူမင်ယွဲ့၏ အသံက သူမ၏နားထဲသို့ ဝင်ရောက်လာသည်။
"သူတို့က ဆရာနဲ့ အတူရှိနေတာ ကြာလောက်ပြီ...ဒါကြောင့် သူတို့မှာ ပိုပြီးခိုင်မာတဲ့ နားလည်နိုင်စွမ်းတွေ တိုးတက်လာတာပဲ ဖြစ်လိမ့်မယ်...သူတို့ရဲ့ပင်ကိုယ်အရည်အချင်းက ငါတို့ထက် တကယ်ကြီး ကောင်းချင်မှ ကောင်းမှာပါ... ဘာပဲဖြစ်ဖြစ် ငါတို့က အဖြူရောင်ကျောက်တုံးမြို့တစ်မြို့လုံးမှာ ထိပ်သီးအဆင့်ဝင်နေတယ်မဟုတ်လား.."
ယုရှောင်ယွီက ခေါင်းညိတ်လိုက်သည်။
ဤသည်မှာ သူမတို့ အလဟဿ မာနကြီးခြင်း မဟုတ်ချေ။ သူမတို့နှစ်ယောက်သည် မြို့၏နှစ်ထောင်ပေါင်းများစွာ သမိုင်းတလျှောက် ထိပ်သီးပါရမီရှင်ဆယ်ယောက်စာရင်းတွင် ငြင်းချက်ထုတ်ဖွယ်မရှိ ပါဝင်နေကြသည်။ မိုယန်ရွှယ်မှလွဲ၍ သူမတို့၏ပါရမီသည် မည်သူ့ကိုမျှ ကြောက်ရွံရန်မလိုချေ။
ဆရာထံတွင် သာလွန်ထူးကဲသော ကံကြမ္မာ ရှိနေလျှင်ပင် သူ လက်ခံထားသော တပည့်တိုင်းသည် ဤမျှထိ ရူးချင်ဖွယ်ကောင်းလောက်အောင် သန်မာနေမည် မဟုတ်ချေ။ ဤအတွေးများကြောင့် ယုရှောင်ယွီသည် များစွာပို၍ စိတ်သက်သာရာရသွားတော့သည်။
ဤနည်းစနစ်ကို ကျွမ်းကျင်သွားသဖြင့် သူတို့သုံးယောက်သားသည် နောက်ကျကျန်ရစ်ခြင်း မရှိတော့ချေ။ အရှိန်အပြည့်ဖြင့် ပြေးလွှားရင်း နာရီဝက်အကြာတွင် သူတို့အားလုံး ကံကြမ္မာခန်းမထံသို့ ရောက်ရှိသွားကြသည်။
ကျန်းရွှမ်သည် လင်းပုယန်အဖြစ် သူ၏ အယောင်ဆောင်မှုကို ဆက်လက်ထိန်းသိမ်းထားဆဲပင်။ သူတို့ ဝင်ပေါက်သို့ ရောက်သည်နှင့် အစေခံတစ်ယောက်က သူ့ကို နှုတ်ဆက်ရန် ရှေ့ထွက်လာသည်။
"ဒုတိယခန်းမသခင်လင်း...ခင်ဗျား ရောက်လာပြီလား"
ဤသည်မှာ ယခင်က သူ့ကို ကြိုဆိုခဲ့ဖူးသော ရှဲ့ဖုန်းပင်။
ယခုအချိန်တွင် ခန်းမ၌ရှိနေသော အစေခံများအားလုံး သူ ဒုတိယခန်းမသခင်အဖြစ် ရာထူးတိုးမြှင့်ခံရသည်ကို သိရှိနေကြလေပြီ။ ယခင်က သူ့အပေါ် လှောင်ပြောင်မှုနှင့် မထီမဲ့မြင်ပြုမှုများအားလုံး လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့ပေ၏။
"ဒီလူတွေက သူတို့ရဲ့ကောင်းကင်ကံကြမ္မာ အရည်အချင်းကို စမ်းသပ်ချင်ကြတယ်...မင်း စီစဉ်ပေးလိုက်အုံး"
ကျန်းရွှမ်က သူ၏တပည့်အုပ်စုထံသို့ လက်ဟန်ပြရင်း ညွှန်ကြားလိုက်သည်။
ကံကြမ္မာခန်းမတွင် အရည်အချင်း စစ်ဆေးမှုအတွက် အခကြေးငွေပေးရန်သာ လိုအပ်သည်။ နှစ်စဉ်နှစ်တိုင်း မရေမတွက်နိုင်သော လူများသည် ဤကိစ္စအတွက် လာရောက်ကြ၏။ ဤကိစ္စကို ထူးဆန်းသည်ဟု မသတ်မှတ်ကြချေ။
ရှဲ့ဖုန်းက ခေါင်းညိတ်လိုက်ပြီး ကျောက်ယာတို့လူစုထံသို့ လက်ဟန်ပြလိုက်သည်။
"မင်းတို့အားလုံး...ငါ့ရဲ့နောက်ကို လိုက်ခဲ့ကြပါ"
သူသည် လျှူမင်ယွဲ့နှင့်တခြားလူများကို ဘေးဘက်ရှိ အခန်းတစ်ခန်းထံသို့ ဦးဆောင်ခေါ်သွားသည်။
"ကောင်းကင်ကံကြမ္မာ အရည်အချင်းကို စမ်းသပ်တာက သာမန်အရည်အချင်း စမ်းသပ်တာတွေနဲ့ ကွာခြားတယ်...သာမာန်စစ်ဆေးတာက ရင်းမြစ်ရေအိုင်အကဲဖြတ်မှုအပေါ် မှီခိုပြီး လူတစ်ယောက်ရဲ့ အရည်အချင်း တစ်စိတ်တစ်ပိုင်းကို တိုင်းတာတာပဲ...ဒါပေမဲ့ ကောင်းကင်ကံကြမ္မာ အရည်အချင်းစမ်းသပ်တာအတွက်ကတော့ ဒီလိုနည်းလမ်းတွေက အကျိုးသက်ရောက်မှု မရှိဘူး"
သူတို့ လမ်းလျှောက်နေစဉ် ရှဲ့ဖုန်းက ရှင်းပြသည်။
"ကောင်းကင်ကံကြမ္မာဆိုတာက ကံကြမ္မာနဲ့ ပတ်သက်တယ်....ဒီစွမ်းအားကို အသုံးချနိုင်ဖို့ အရင်ဆုံး ကောင်းကင်ကံကြမ္မာစွမ်းအင်ကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ရမယ်... ဒါကြောင့် စမ်းသပ်မှုက အတော်လေး ရိုးရှင်းတယ်"
မကြာမီမှာပင် သူတို့သည် ခမ်းနားထည်ဝါသော ခန်းမတစ်ခုထံသို့ ရောက်ရှိသွားကြသည်။ ရှဲ့ဖုန်းက တံခါးများကို တွန်းဖွင့်လိုက်ပြီး သူတို့ကို အတွင်းသို့ ဦးဆောင်ခေါ်သွားသည်။
ဤခန်းမသည် ကျယ်ဝန်းပြီး အလယ်ဗဟိုတွင် အမွှေးတိုင်တင်ထားသည့် ခုံပေါင်းများစွာကို စီစဉ်ထားသည်။ ဤခုံတစ်ခုစီပေါ်တွင် အပြာရောင်ဖျော့ဖျော့ အမွှေးတိုင်တစ်တိုင်စီ ရှိပေ၏။
ရှေ့ဘက်ရှိ အမွှေးတိုင်တချို့တွင် လောင်ကျွမ်းထားသော အမှတ်အသားများ ရှိနေပြီး အနောက်ဘက်ရှိ အမွှေးတိုင်များသည် မည်သည့်အခါကမျှ မထွန်းညှိခဲ့ဖူးသည့်အလား အရာမယွင်းဘဲ ရှိနေသည်။
သူတို့၏ဝေခွဲရခက်နေမှုကို သတိပြုမိသဖြင့် ရှဲ့ဖုန်းက ရှင်းပြသည်။
"ငါတို့ဆီမှာ ကံကြမ္မာအမွှေးတိုင် ၉၉ တိုင် ရှိတယ်...စမ်းသပ်မှု ခံယူသူက အတွင်းထဲ ဝင်ပြီး အမွှေးတိုင်တစ်တိုင်ကို ထွန်းညှိဖို့ ကောင်းကင်ကံကြမ္မာစွမ်းအင်ကို အသုံးပြုရတယ်....အမွှေးတိုင်တစ်တိုင်တည်းကို ထွန်းညှိနိုင်ရင်တောင် အရည်အချင်း ရှိတာကို ညွှန်ပြနေပြီးတော့ မင်းတို့ ပိုပြီးထွန်းညှိနိုင်လေလေ မင်းတို့ရဲ့ အရည်အချင်းက ပိုပြီးခိုင်မာလေလေပဲ"
"ဒီနေရာမှာ အများဆုံးထွန်းညှိနိုင်ခဲ့တဲ့ အမွှေးတိုင် အရေအတွက်က ဘယ်လောက်လဲ"
လျှူမင်ယွဲ့က စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
ရှဲ့ဖုန်းက အပြုံးနှင့် တုံ့ပြန်အဖြေပေးသည်။
"ဟန်ယွမ်မြို့တော်ရဲ့ကံကြမ္မာခန်းမမှာ စံချိန်တင်ထားတာကို ခန်းမသခင်ဟန်ရှောင်က ပိုင်ဆိုင်တယ်...လွန်ခဲ့တဲ့ နှစ်ပေါင်းလေးဆယ်က သူ စမ်းသပ်မှု ခံယူတဲ့အချိန်မှာ ဆယ့်ခုနစ်တိုင် ထွန်းညှိနိုင်ခဲ့ပြီးတော့ သက်ရှိထင်ရှားရှိခဲ့တဲ့ ဒဏ္ဍာရီတစ်ယောက် ဖြစ်လာခဲ့တယ်"
"ဆယ့်ခုနစ်တိုင်..."
လူများအားလုံး၏မျက်လုံးများသည် ကံကြမ္မာ အမွှေးတိုင်များထံသို့ ကျရောက်သွားကြပြီး အမှန်တကယ်ကိုပင် လောင်ကျွမ်းပြီးသော အမွှေးတိုင်ဆယ့်ခုနစ်တိုင်က သိသာထင်ရှားစွာ ရှိနေသည်။
ဤအချိန်တွင် တခြားသူများသည်လည်း ခန်းမအတွင်း၌ ဆုတောင်းနေကြသည်။ ကျန်းရွှမ်က ခန်းမ၏အလယ်သို့ လှမ်းကြည့်လိုက်ရာ ဝတုတ်တုတ်အမျိုးသားတစ်ဦးသည် ဗူးတစ်လုံးကို ကိုင်ဆောင်ရင်း တည်ကြည်လေးနက်စွာ ဦးညွှတ်နေသည်ကို မြင်တွေ့လိုက်ရသည်။
"ဂျူနီယာရှယွမ်ချန်က ကံကြမ္မာကို မြင်တွေ့ခွင့် ရဖို့ ရှာဖွေချင်ပါတယ်.... ကောင်းကင်ဘုံက သနားညှာတာပြီးတော့ ကျွန်တော့်ရဲ့လမ်းခရီးကို လမ်းညွှန်ပေးပါ.."
သူ စကားပြောနေစဉ် ဗူးကို ညင်သာစွာ လှုပ်ခတ်လိုက်သည်။ စာချဝါးချောင်းတစ်ချောင်း ထွက်ကျလာပြီး ကံကြမ္မာအမွှေးတိုင်ဆီသို့ ပျံဝဲသွားသော ကောင်းကင်ကံကြမ္မာစွမ်းအင်အမျှင်တန်းတစ်ခုအဖြစ် ပြောင်းလဲသွားပေ၏။
ကျန်းရွှမ်က ထိုမြင်ကွင်းကို စိတ်ဝင်တစား ကြည့်နေလိုက်သည်။
သူသည် ကံကြမ္မာဟောကိန်းထုတ်ခြင်းဟု ခေါ်သော ဤနည်းလမ်းအကြောင်းကို စာအုပ်များထဲတွင် ဖတ်ဖူးခဲ့သည်။ ဤသည်မှာ အရည်အချင်းကို တိုင်းတာနိုင်သည့် အလွန်တိကျသော နည်းလမ်းတစ်ခုဖြစ်ပြီး ဟောကိန်းတစ်ကြိမ်မေးမြန်းတိုင်း ရင်းမြစ်ဒင်္ဂါးတစ်သိန်းခန့် ကုန်ကျသည်။ ဤသည်မှာ စျေးပေါသောနှုန်းထား မဟုတ်ချေ။
ယခင်က ယုလုံချင်းပင်လျှင် ထိုအရာကို ကြိုးစားခဲ့ဖူးသော်လည်း အမွှေးတိုင်တစ်တိုင်တည်းကိုသာ ထွန်းညှိနိုင်ခဲ့သည်။ သူတွင် အရည်အချင်း ရှိသော်လည်း အထင်ကြီးဖွယ်မကောင်းသဖြင့် ကောင်းကင်ကံကြမ္မာနှစ်ခြင်းခံယူရန်အတွက် ကြီးမားသောငွေပမာဏကို သုံးစွဲခဲ့ရသည်။ ကံမကောင်းစွာဖြင့် သူသည် ကံကြမ္မာ၏မျက်နှာသာပေးမှုကို ရရှိရန် ကျရှုံးသွားခဲ့လေ၏။
အမှန်အတိုင်း ပြောရလျှင် ကံကြမ္မာဆိုသည်မှာ တစ်စုံတစ်ယောက်ထံတွင် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ သဘာဝအတိုင်းဖြစ်ပြီး အတင်းအကြပ်ပြုလုပ်၍ မရချေ။
ကောင်းကင်ကံကြမ္မာစွမ်းအင် အမျှင်တန်းသည် ပထမဆုံးအမွှေးတိုင်ထံသို့ ရောက်ရှိသွားသည်။ထိုအမွှေးတိုင်မှ အချိန်တခဏကြာမျှ မီးပွားများထွက်ပေါ်ခဲ့သော်လည်း မီးတောက်လောင်ရန် ကျရှုံးသွားခဲ့ပေ၏။
"တကယ် နှမြောစရာပဲ.."
ရှဲ့ဖုန်းက သက်ပြင်းချလိုက်သည်။
"ဒါက အရမ်း နီးစပ်နေခဲ့တာ.. နောက်ထပ်နည်းနည်းလေးဆို မီးစွဲတော့မှာ.."
ခန်းမထဲရှိ တခြားလူများသည်လည်း နှမြောတသ ဖြစ်ကြောင်း ဖော်ပြကြသော်လည်း ထိုလူဝကြီးကမူ ရိုးရှင်းစွာ ရယ်မောလိုက်သည်။
"နှမြောစရာ မလိုပါဘူး... စမ်းသပ်မှုက ငါ့မှာ အရည်အချင်း မရှိဘူးလို့ ပြနေရင် ငါ အေးအေးဆေးဆေး လက်လျှော့နိုင်တာပေါ့... အချိန်ဖြုန်းမိရုံတင်မကဘဲ မျှော်လင့်ချက် အမှားတွေ ရသွားစေမယ့် အမွှေးတိုင်တစ်တိုင်ကို ထွန်းညှိမိတာထက် ပိုကောင်းပါတယ်"
"ဟုတ်တယ်"
"အရည်အချင်း မရှိဘူးဆိုတာက တခြားအရာတွေအပေါ်မှာ အာရုံစိုက်လို့ ရသွားတာပဲ... တကယ် စိတ်ပျက်စရာ ကောင်းတာက အရည်အချင်းနည်းနည်းလောက် ရှိနေတာမျိုးပဲ...ဒါက ပါရမီရှင်တစ်ယောက်ဖြစ်အောင် မလုံလောက်သလို လျစ်လျူရှုထားဖို့ကျတော့လည်း အရမ်းများနေတာမျိုးပဲ"
လူများအားလုံး သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ကျန်းရွှမ်းက ထိုလူကို အနည်းငယ်အထင်ကြီးစွာဖြင့် လှမ်းကြည့်လိုက်သည်။
ဤပုဂ္ဂိုလ်သည် ထူးထူးခြားခြား လက်တွေ့ကျပေ၏။ အကယ်၍ ယုလုံချင်းသာ ထိုကဲ့သို့ စိတ်နေသဘောထားမျိုး ပိုင်ဆိုင်ခဲ့ပါက သူသည် ရင်းမြစ်ဒင်္ဂါးသန်းသုံးဆယ်ကို အချည်းနှီး ဖြုန်းတီးခဲ့မိမည် မဟုတ်ချေ။
ထို့နောက် တခြားလူအမြောက်အများ စမ်းသပ်မှုခံယူခဲ့ကြသည်။ လူဆယ်ယောက်ကျော်တွင် နှစ်ယောက်တည်းသာ အမွှေးတိုင်ထွန်းညှိနိုင်ခဲ့ပြီး အမြင့်ဆုံးမှာ နှစ်တိုင်သာ ဖြစ်ပေ၏။ ဤသည်မှာ သာမန်အရည်အချင်း အဆင့်မျှသာ ဖြစ်သည်။
"ဒီလို အရည်အချင်းမျိုးက သူတို့ကို ခန်းမထဲ ဝင်ခွင့်ရပြီး ကောင်းကင်ကံကြမ္မာ သိုင်းပညာနည်းစနစ်တွေကို သင်ယူဖို့ အရည်အချင်း ပြည့်မီစေတယ်"
ရှဲ့ဖုန်းက မှတ်ချက်ပြုသည်။
ကျန်းရွှမ်က ခေါင်းညိတ်လိုက်၏။
မည်သည့်အမွှေးတိုင်ကိုမဆို ထွန်းညှိနိုင်ခြင်းသည် အရည်အချင်းအနည်းငယ်ရှိကြောင်း သက်သေပင်။ သူတို့သည် ကံကြမ္မာဆရာသခင်တစ်ဦး မဖြစ်နိုင်လျှင်ပင် ကံကြမ္မာ အစောင့်အရှောက်များဖြစ်အောင် လေ့ကျင့်ခြင်း သို့မဟုတ် ခန်းမတွင် အလုပ်သင်အဖြစ် ဝင်ရောက်ခြင်းတို့ကို ပြုလုပ်နိုင်သည်။
ဥပမာအားဖြင့် ရှုရှင်းသည် သူ၏စမ်းသပ်မှုအတွင်း၌ အမွှေးတိုင်နှစ်တိုင်ကို ထွန်းညှိနိုင်ခဲ့လေ၏။
"ဒုတိယခန်းမသခင်လင်း... ခင်ဗျားရဲ့ လူတွေက စမ်းသပ်မှုကို ဘယ်လို ဆက်လုပ်ကြမလဲ"
ရှဲ့ဖုန်းက သိချင်စိတ်ပြင်းပြစွာဖြင့် လှမ်းကြည့်ရင်း မေးမြန်းလိုက်သည်။
"ဒါက သူတို့အတွက် စမ်းသပ်ခပဲ.... သူတို့အားလုံးကို စမ်းသပ်မှု ခံယူခိုင်းလိုက်ပါ"
ကျန်းရွှမ်က ရင်းမြစ်ငွေလက်မှတ် အနည်းငယ်ကို လက်ကမ်းပေးရင်း တုံ့ပြန်အဖြေပေးသည်။
လူတစ်ဦးလျှင် ရင်းမြစ်ဒင်္ဂါးတစ်သိန်း ကျသင့်သဖြင့် ဤသည်မှာ သိသာသော ကုန်ကျစရိတ်တစ်ခု ဖြစ်သော်လည်း ယခုလက်ရှိ သူ့အတွက်မူ သေးနုပ်သော အရာပင်။
ငွေလက်မှတ်များကို ယူဆောင်ပြီးနောက် ရှဲ့ဖုန်းက ခန်းမကိုပြင်ဆင်ပြီး ပြောဆိုလိုက်သည်။
"ဘယ်သူ အရင်သွားမလဲ"
"မင်ယွဲ့...မင်း ကြိုးစားကြည့်ပါလား..."
ကျန်းရွှမ်က အကြံပြုလိုက်သည်။
ဤမိန်းကလေးသည် ကောင်းကင်ကံကြမ္မာ သိုင်းနည်းစနစ်များကို ကျင့်ကြံနိုင်သဖြင့် သူမထံတွင် အရည်အချင်းရှိနေကြောင်း သိသာထင်ရှားသည်။ သူမကို စမ်းသပ်စေခြင်းသည် ရှင်းလင်းပြတ်သားသော အဖြေကို ပေးစွမ်းနိုင်ပေလိမ့်မည်။
"ဟုတ်ကဲ့..."
သူမ၏ဆရာက သူမကို ပထမဆုံး ရွေးချယ်ခဲ့သဖြင့် လျှုမင်ယွဲ့၏မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားသည်။
ဤသည်မှာ ဆရာ့ကို သူမအား အထင်ကြီးစေပြီး အမည်ခံတပည့်အဖြစ်မှ တရားဝင်တပည့်ဖြစ်ခွင့်ရနိုင်မည့် သူမ၏အခွင့်အရေးပင်။
သူမသည် ခန်းမထဲသို့ ခြေချလိုက်ပြီး ဗူးကို ယူလိုက်ကာ အတွင်းသို့ ကြည့်လိုက်သည်။
၎င်းထဲတွင် မဲတံ ဒါဇင်ပေါင်းများစွာ ရှိနေပြီး တစ်ခုစီကို ထူးခြားသော စွမ်းအင်တစ်ခုက ဝန်းရံထားသည်။ ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုများ မဟုတ်ဘဲ ကောင်းကင်ဘုံ ကံကြမ္မာစွမ်းအင်များ၏ စုစည်းမှုများ ဖြစ်ကြ၏။
အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး လျိုမင်ယွဲ့က စာချဝါးဗူးကို လှုပ်ခါလိုက်သည်။
"ဂျလောက်..."
စာချဝါးချောင်းတစ်ချောင်း ထွက်ပေါ်လာပြီးနောက် ပထမဆုံး ကံကြမ္မာအမွှေးတိုင်ဆီသို့ ပျံဝဲသွားသော သန့်စင်သောစွမ်းအားတန်းအဖြစ် ပြောင်းလဲသွားသည်။
ဝှစ်...
ထိုအမွှေးတိုင်သည် လွယ်လင့်တကူ မီးတောက်လောင်သွားပေ၏။
"အထင်ကြီးစရာပဲ.. သူ့မှာ အရည်အချင်း ရှိတယ်"
ရှဲ့ဖုန်း၏မျက်လုံးများသည် မနာလိုမှုဖြင့် စူးရှသွားပေ၏။
သူသည် ခန်းမတွင် အလုပ်လုပ်သော်လည်း သူ၏အရည်အချင်းမရှိမှုက သူ့ကို အနိမ့်ဆုံး အဆင့်သို့ ပို့ဆောင်ခဲ့သည်။ အကယ်၍ သူသည် အမွှေးတိုင်တစ်တိုင်တည်းကို ထွန်းညှိနိုင်ခဲ့လျှင်ပင် သူ၏ဘဝအခြေအနေ ကွဲပြားခြားနားသွားပေမည်။
ဝှစ်...ဝှစ်...ဝှစ်..
ရှဲ့ဖုန်း အံ့အားသင့်နေစဉ်မှာပင် လျှူမင်ယွဲ့က ဆက်လက်၍ လုပ်ဆောင်ခဲ့သည်။ သူမသည် နောက်ထပ် အမွှေးတိုင်သုံးတိုင်ကို လျှင်မြန်စွာဖြင့် ဆက်တိုက်ထွန်းညှိလိုက်သည်။
အသက်ဆယ်ရှိုက်စာ မပြည့်မီမှာပင် သူမသည် အမွှေးတိုင်လေးတိုင်ကို ထွန်းညှိနိုင်ခဲ့လေ၏။ ဤသည်မှာ လွန်ခဲ့သောနှစ်လအတွင်း၌ယှဉ်နိုင်သူ မရှိခဲ့သော အောင်မြင်မှုပင်။
"မယုံနိုင်စရာပဲ"
"ငါတို့က ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာတာကို မျက်မြင်တွေ့နေရတာလား"
"အမွှေးတိုင်လေးတိုင်ဆိုတော့ မဆိုးပါဘူး... ဒါပေမဲ့ ကံကြမ္မာသခင်တစ်ယောက်ဖြစ်ဖို့အတွက် အရည်အချင်း ပြည့်မီဖို့က အမွှေးတိုင်ဆယ်တိုင် ဒါမှမဟုတ် အဲ့ဒီထက် ပိုပြီးလိုအပ်တယ်"
ခန်းမထဲရှိ လူများအားလုံးသည် ထိုမိန်းကလေးငယ်၏လုပ်ဆောင်မှုကို စူးစမ်းမှုများဖြင့် ကြည့်ရှုနေကြသည်။
ကျန်းရွှမ်ပင်လျှင် စိတ်ဝင်စားသွားသည်။
သူသည် တခြားလူများ၏ ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်သည် သို့မဟုတ် သူတို့ကို နည်းစနစ်များ သင်ကြားပေးနိုင်သည်။ သို့ရာတွင် အမွှေးတိုင် ထွန်းညှိခြင်းသည် သူ၏လွှမ်းမိုးနိုင်စွမ်းထက် ကျော်လွန်နေပေ၏။
ထိုကဲ့သို့ အရည်အချင်းမျိုးသည် တစ်စုံတစ်ယောက်ထံတွင် မွေးဖွားစဉ်ကတည်းက ရှိမရှိကြိုတင်သတ်မှတ်ထားပြီးဖြစ်သည်။
ဝှစ်...ဝှစ်...ဝှစ်...
အမွှေးတိုင်လေးတိုင် ထွန်းညှိပြီးနောက် လျှူမင်ယွဲ့သည် သူမ၏ စည်းချက်ကို တွေ့ရှိသွားပုံရသည်။ သူမ၏အရှိန်နှုန်း ပို၍လျှင်မြန်လာပြီး အရေအတွက်သည်လည်း မြင့်တက်လာပေ၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူမသည် အမွှေးတိုင်ဆယ်တိုင်ကို ကျော်လွန်သွားခဲ့သည်။
"ဒီလို အရည်အချင်းအဆင့်မျိုးနဲ့ သူ့မှာ ကံကြမ္မာသခင်မတစ်ယောက် ဖြစ်လာဖို့ ကံပါလာတာပဲ... ဒုတိယခန်းမသခင်လင်း ခင်ဗျား သူ့ကို ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ"
ရှဲ့ဖုန်း အလွန်အမင်း အံ့အားသင့်သွားသည်။
ဟန်ယွမ်မြို့တွင် ကောင်းကင်ကံကြမ္မာဆရာသခင်ဖြစ်ရန် အရည်အချင်း ပိုင်ဆိုင်နိုင်ခြေမှာ ခန့်မှန်းခြေအနေဖြင့် လူတစ်သောင်းတွင် တစ်ယောက်သာဖြစ်သည်။ သို့ရာတွင် ဒုတိယခန်းမသခင်လင်းသည် ထိုကဲ့သို့ အရည်အချင်းရှိသူ တစ်ယောက်ကို သာမန်ကာလျှံကာ ခေါ်ဆောင်လာခဲ့သည်။ သူ၏ကံကြမ္မာသည် သာလွန်ထူးကဲပေ၏။
ဤမိန်းကလေးသာ ကံကြမ္မာကို အောင်မြင်စွာ ရှာဖွေနိုင်ပြီး အမွေအနှစ်တစ်ခု ရရှိခဲ့ပါက လင်းပုယန်၏ ဒုတိယခန်းမသခင်နေရာသည် ယိမ်းယိုင်သွားမည် မဟုတ်တော့ချေ။ ထို့ပြင် သူသည် ဒုတိယခန်းမသခင်ချိုင်ကို ကျော်လွန်သွားရန်မှာလည်း အချိန်ပိုင်းမျှသာ လိုအပ်တော့ပေမည်။
ကံကြမ္မာခန်းမ၏အတွင်းပိုင်းရှိ အနက်ရှိုင်းဆုံးနေရာ၌ ကျင့်ကြံနေသော ဟန်ရှောင်သည် ရုတ်တရက် သွေးတစ်လုတ်အန်ထုတ်လိုက်၏။