ကျောက်ယာနှင့်တခြားလူများ၏ အရည်အချင်းများ
Vol. 14 Ch. 202
ခန်းမသခင်ဟန်ရှောင်သည် ဖြည်းညှင်းစွာ မျက်လုံး ဖွင့်လိုက်သည့် အချိန်တွင် သူ၏မျက်လုံးအတွင်း၌ နားမလည်နိုင်သော အရိပ်အယောင်တစ်ရပ် ထင်ဟပ်နေသည်။
"ဘာတွေ ဖြစ်နေတာလဲ..."
လင်းပုယန်နှင့်ချိုင်ယွင်ရှန်းတို့ကို ပြိုင်ဆိုင်စေခြင်းသည် မျှခြေကို တည်ငြိမ်သွားစေခဲ့ပြီ မဟုတ်လော။
မည်သည်ကြောင့် သူ၏စွမ်းအားဆုံးရှုံးမှု ရုတ်တရက်ကြီး ထပ်မံဖြစ်ပေါ်လာရသနည်း။
"လင်းပုယန် အဆင့်တက်သွားတာများ ဖြစ်နေမလား... ဒါက မဖြစ်နိုင်လောက်ဘူး... သူ ဒုတိယအဆင့်ကို ရောက်သွားတာ မကြာသေးဘူး... ဒီလောက် အချိန်တိုအတွင်းမှာ တိုးတက်မှုမရှိသင့်ဘူး... သူက ကံကြမ္မာဆရာသခင်တွေကို ထပ်ပြီး စုဆောင်းနိုင်ခဲ့တာ မဟုတ်သရွေ့ ဒီလိုမျိုး မဖြစ်နိုင်ဘူး...."
ဒုတိယခန်းမသခင်နှစ်ယောက်ကြား၌ ခန်းမသခင် နေရာအတွက် ပြိုင်ဆိုင်မှုသည် ပုံမှန်အားဖြင့် လမ်းကြောင်းနှစ်ခုကို လိုက်နာကြသည်။
ပထမလမ်းကြောင်းတစ်ခုမှာ ယှဥ်ပြိုင်သူတစ်ယောက်မှ သူ၏ကျင့်ကြံမှုကို မြှင့်တင်ခြင်းပင်။ ဥပမာအနေဖြင့် လင်းပုယန်က ဖုန်းကျောက်ထင်ကို ဖယ်ရှားခဲ့သကဲ့သို့ ပြိုင်ဘက်တစ်ဦးကို ဖယ်ရှားခြင်း ဖြစ်ပေ၏။ ပြိုင်ဘက်မရှိဘဲ ဟန်ချက်ညီမှုကို ထိန်းသိမ်းထားရန်မှာ မဖြစ်နိုင်ချေ။
ဒုတိယတစ်ခုမှာ သူ၏ဩဇာလွှမ်းမိုးမှုကို ချဲ့ထွင်ရန် မဟာမိတ်များဖွဲ့ခြင်းပင်။ လင်ပုယန်သည် ဤကိစ္စကို ယခင်ကလည်း လုပ်ဆောင်ခဲ့ဖူးပြီး အကြီးအကဲလျှူပင်းရှန့်ကို သိမ်းသွင်းရန် သူ၏ကိုယ်လုပ်တော်ကို ပေးအပ်သည့်အထိပင် လုပ်ဆောင်ခဲ့သည်။
ဤအရာများအပြင် တခြားနည်းလမ်းများလည်း ရှိနေပေ၏။ ဤှကိစ္စအတွက် သူတို့၏အင်အားကိုတောင့်တင်းရန် မဟာမိတ်ဖွဲ့ခြင်း သို့မဟုတ် အဆင့်မြင့် ကံကြမ္မာခန်းမတစ်ခုထံမှ ကျောထောက်နောက်ခံ ရယူခြင်းတို့ ဖြစ်သည်။ သို့ရာတွင် ထိုသို့သော နည်းလမ်းများကို အသုံးပြုသည်မှာ ရှားပါးပြီး လူကြိုက်နည်းသည်။
တခြားသူများကို မှီခိုအားထား၍ အခွင့်အာဏာကို ရရှိအောင်ပြုလုပ်ပါက ခန်းမသခင် ဖြစ်လာလျှင်ပင် လေးစားမှု ရရှိရန် ရုန်းကန်ရပေလိမ့်မည်။
"ထားလိုက်တော့... တန်ပြန်သက်ရောက်မှုက မပြင်းထန်ဘူး... ဒါကြောင့် ဒါက ပြဿနာကြီးတစ်ခု မဟုတ်လောက်ဘူး"
သူ၏ဒဏ်ရာများသည် အလွန်မပြင်းထန်ကြောင်း ခံစားမိသဖြင့် ဟန်ရှောင်က ထိုအကြောင်းကို ဆက်မတွေးတော့ဘဲ ကျင့်ကြံခြင်းဆက်လုပ်ရန် သူ၏မျက်လုံးကို စုံမှိတ်လိုက်၏။
.....
"ခန်းမသခင်ဟန်ကို ကျော်လွန်သွားပြီးတော့ အမွှေးတိုင်နှစ်ဆယ့်တစ်တိုင်ထိ ရောက်သွားပြီ"
အမွှေးတိုင်မှ ကောင်းကင်ကံကြမ္မာစွမ်းအင်များ ပျောက်ကွယ်သွားသည့် အချိန်တွင် ခန်းမအတွင်းရှိ လူများအားလုံး အံ့အားသင့်တုန်လှုပ်စွာဖြင့် ကြည့်နေကြသည်။
ဟန်ယွမ်မြို့၌ အထွတ်အထိပ်ကျင့်ကြံသူဖြစ်သည့် အစွမ်းထက်ဆုံးပါရမီရှင် ဟန်ရှောင်သည် ဆယ့်ခုနစ်တိုင်ကိုသာ ထွန်းညှိနိုင်ခဲ့သည်။ သို့ရာတွင် ဤထင်ပေါ်ခြင်းမရှိသော မိန်းကလေးသည် တစ်ကြိမ်တည်းဖြင့် နှစ်ဆယ့်တစ်တိုင်ကို ထွန်းညှိနိုင်ခဲ့ပေ၏။
ဤသည်မှာ မယုံနိုင်ဖွယ်ရာပင်။
"ဒီလို အရည်အချင်းရှိတဲ့ ပါရမီရှင်တစ်ယောက်ကို မဟာမိတ်အဖြစ် ရထားမှတော့... ဒုတိယ ခန်းမသခင်လင်းက ခန်းမသခင် ဖြစ်လာနိုင်ခြေ သိသိသာသာ တိုးလာခဲ့ပြီ"
ရှဲ့ဖုန်း၏မျက်နှာအမူအယာ တည်ကြည်လေးနက်နေသည်။
ထိုကဲ့သို့ ပါရမီရှင်တစ်ဦးနှင့် မိတ်ဖွဲ့နိုင်ခြင်း၏ အကျိုးကျေးဇူးများမှာ သိသာထင်ရှားသည်။ ဒုတိယခန်းမသခင်နှစ်ဦးကြား ဟန်ချက်ညီနေပုံရသော ပြိုင်ဆိုင်မှုသည် ယခုအချိန်၌ ဤမိန်းကလေးကြောင့် လင်းပုယန်၏ဘက်သို့ ယိမ်းယိုင်သွားခဲ့လေပြီ။
အမှန်အားဖြင့် သူတို့သည် လင်းပုယန်နှင့် သူမ၏အကြားရှိ ဆက်ဆံရေးအတိအကျကို ဆက်လက်၍အကဲဖြတ်ရန် လိုအပ်ပေ၏။ ဤသည်မှာ ပို၍နီးကပ်သော ဆက်ဆံရေး ဖြစ်လေလေ အကျိုးကျေးဇူး ပိုကြီးမားလေလေပင်။ ထိုသို့မဟုတ်ပါက ပါရမီရှင် အပြည့်အဝမရင့်ကျက်သေးမီ ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်ပေ၏။
ကောင်းကင်ကံကြမ္မာစွမ်းအင်များ တည်ငြိမ်သွားသည့်အချိန်တွင် လျှူမင်ယွဲ့သည် သူမ၏ လက်သီးကို ဆုပ်လိုက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။
"ဒီလိုအရည်အချင်းမျိုးနဲ့ဆိုရင် ငါ့ရဲ့ဆရာက အခု ငါ့ကို အထူးဂရုစိုက်မှု ပေးသင့်ပြီ မဟုတ်လား"
သူမက အနီးရှိ သူမ၏ဆရာထံသို့ လှမ်းကြည့်လိုက်၏။ သို့ရာတွင် ကျန်းရွှမ်သည် ပျော်ရွှင်ရမည့်အစား အတွေးနက်နေသကဲ့သို့ အနည်းငယ် မျက်မှောင်ကြုတ်ထားသည်။
"ဂုဏ်ယူပါတယ်"
ယုရှောင်ယွီထံတွင် မနာလိုမှုများဖြင့် ပြည့်နှက်နေပေ၏။
လျှူမင်ယွဲ့က ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ အကြည့်သည် ကျောက်ယာနှင့်တခြားလူများထံသို့ ကျရောက်သွားသည်။
ဤနေရာသို့ လာရာလမ်းတွင် ပြေးလွှားခြင်း နည်းစနစ်ကို မကျွမ်းကျင်သဖြင့် သူမသည် သူတို့၏နောက်တွင် ကျန်နေရစ်ခဲ့ရသည်။ သို့ရာတွင် ယခုချိန်၌ ဤအရည်အချင်း အကဲဖြတ်မှုဖြင့် သူမသည် ထင်ပေါ်လာပြီး နာမည်ရလာသင့်လေပြီ။
သူမ၏ဆရာသည် များစွာတောင်းဆိုလေ့ မရှိသော်လည်း သူမသည် နောက်ကျကျန်ရစ်ရန် မလိုလားချေ။
"ယုရှောင်ယွီ"
သူမ၏အတွေးများကို မသိဘဲ ကျန်းရွှမ်က လက်ယပ်ခေါ်လိုက်သည်။
"ဟုတ်ကဲ့"
ယုရှောင်ယွီက ရှေ့သို့လျှောက်လှမ်းသွားပြီး သူမ၏ လက်ထဲမှ စာချဝါးဗူးကို လှုပ်ခါလိုက်၏။ အချိန်တခဏအကြာတွင် စာချဝါးချောင်းတစ်ချောင်း ပျံ့လွင့်လာပြီး ကောင်းကင်ကံကြမ္မာအမွှေးတိုင်ကို စတင်၍ထွန်းညှိလိုက်သည်။
တစ်တိုင် နှစ်တိုင် သုံးတိုင်...
"သူမမှာလည်း ကံကြမ္မာအရည်အချင်း ရှိနေတာပဲ"
သက်ပြင်းချနေဆဲ ဖြစ်သော လူအုပ်ကြီးသည် တဖန်ထပ်၍ ထိတ်လန့်တုန်လှုပ်သွားကြသည်။
ထူးခြားသော အရည်အချင်းရှိသူ နှစ်ယောက် ဆက်တိုက်ထွက်ပေါ်လာပြီး ယခင်က မမြင်ဖူးသော အရှိန်နှုန်းဖြင့် အမွှေးတိုင်များကို ထွန်းညှိနေကြသည်။
ဒုတိယခန်းမသခင်လင်း၏ကံကြမ္မာသည် ယုံနိုင်စရာ မရှိလောက်အောင် ကောင်းလွန်းနေပုံရသည်။ ထိုသို့သော ပါရမီရှင်များကို သူ မည်သည့်နေရာမှ ရှာဖွေတွေ့ရှိခဲ့သနည်း...
"ဂျူနီယာညီမလေး နှစ်ယောက်လုံးက အထင်ကြီးစရာပဲ"
ကျန်းယန်က ရယ်မောလိုက်သည်။
"ဟုတ်တယ် ဆရာက သူတို့ကို တပည့်အဖြစ် လက်ခံခဲ့တာ မဆန်းတော့ဘူး... သူတို့မှာ တကယ့်ကို အရည်အချင်း ရှိကြတာပဲ"
ကျောက်ယာက သဘောတူလိုက်၏။
"ဒါပေါ့...ငါတို့ဆရာရဲ့ဆုံးဖြတ်ချက်က အမြဲတမ်း ထက်မြက်ပြီးသားလေ"
ဝမ်ယင်းက ရယ်မောရင်း ဖြည့်စွက်ပြောဆိုသည်။
လူများအားလုံး အံ့အားသင့်နေကြစဉ်မှာပင် ယုရှောင်ယွီက အမွှေးတိုင်များကို ဆက်လက်၍ထွန်းညှိနေသည်။ သူမ၏အရှိန်သည် လျှူမင်ယွဲ့ထက် မနှေးကွေးဘဲ အသက်ဆယ်ရှိုက်စာအချိန်အတွင်းမှာပင် သူမသည်လည်း အမွှေးတိုင်နှစ်ဆယ့်တစ်တိုင်သို့ ရောက်ရှိသွားသည်။
နောက်ဆုံးတွင် နှစ်ဆယ့်သုံးတိုင်မြောက်၌ သူမ ရပ်တန့်သွားသည်။
သူမ၏အရည်အချင်းသည် လျှူမင်ယွဲ့ထက်ပင် သာလွန်သွားပေ၏။
ဖူး...
ကျင့်ကြံခန်းအတွင်း၌ ဟန်ရှောင်သည် သွေးများကို ထပ်မံ၍ အန်ထုတ်လိုက်သည်။
အကယ်၍ အစောပိုင်းက တန်ပြန်သက်ရောက်မှုသည် မပြင်းထန်ခဲ့လျှင်ပင် ဤတစ်ကြိမ်သည် သူ၏မကြာသေးမီက တိုးတက်လာမှုများကို လုံးလုံးလျားလျား ပျက်စီးသွားစေခဲ့လေပြီ။
"လာကြစမ်း...အကြီးအကဲချိုင်ယွင်ရှန်းနဲ့ လင်းပုယန်တို့ ဘာတွေဖြစ်နေလဲဆိုတာ သွားစုံစမ်းကြစမ်း"
သူသည် အခန်းတံခါးဖွင့်ကာ အမိန့်ပေးလိုက်ပြီးနောက် သူ၏ရှုပ်ထွေးနေသော စွမ်းအင်စီးကြောင်းကို တည်ငြိမ်စေရန် ဆေးလုံးတစ်လုံးကို သောက်သုံးလိုက်သည်။
တန်ပြန်သက်ရောက်မှု နှစ်ကြိမ်ကြောင့် သူ သွေးအန်ခဲ့ရသော်လည်း တတိယအကြိမ်တော့ ရှိမလာနိုင်တော့ချေ။
ဤသည်မှာ သူ့အတွက် ပြဿနာကြီးကြီးမားမားမရှိချေ။ အကယ်၍ သူတို့နှစ်ယောက်အနက်မှတစ်ယောက်သည် မမျှော်လင့်ဘဲ အဆင့်တက်သွားခဲ့လျှင်တောင် ဆက်တိုက်တိုးတက်မှုများဖြစ်ပေါ်လာမည် မဟုတ်ပေ။ အကြောင်းအရင်းကို ဖော်ထုတ်ပြီးသည်နှင့် သူသည် ဟန်ချက်ညီမှုကို ပြန်လည်ထိန်းသိမ်းနိုင်ပြီး မလိုလားအပ်သော စိုးရိမ်ပူပန်မှုများကို ရှောင်ရှားနိုင်ပေလိမ့်မည်။
ထိုအတွေးဖြင့် သူသည် ပလ္လင်ခွေထိုင်လိုက်၏။
ခန်းမထဲတွင် ကျန်းရွှမ်က ဟုန်ရီထံသို့ လှည့်ကြည့်လိုက်သည်။
စီနီယာအစ်မနှစ်ယောက်၏ စမ်းသပ်မှုများ ပြီးဆုံးပြီးနောက် သူ၏အလှည့်သို့ ရောက်ရှိလာသည်။ ကံမကောင်းစွာဖြင့် ဤလူငယ်လေးတွင် ကံကြမ္မာဆရာသခင်တစ်ဦးအဖြစ် အရည်အချင်း လုံးလုံးလျားလျားမရှိပုံရသည်။ စာချဝါးချောင်းတစ်ချောင်း ထွက်ပေါ်လာချိန်တွင် ကောင်းကင်ကံကြမ္မာစွမ်းအားများသည် အမွှေးတိုင်အပေါ်၌ ပျံဝဲနေသော်လည်း ထွန်းညှိရန် ကျရှုံးခဲ့သည်။
"သူ့ရဲ့အရည်အချင်းက အရမ်းညံ့ဖျင်းလွန်းတယ်"
ယုရှောင်ယွီနှင့်လျှုမင်ယွဲ့တို့သည် သူ၏အကူအညီမှ အကျိုးကျေးဇူး ရရှိခဲ့သော်လည်း သူမတို့ထံတွင် မူလကတည်းက မွေးရာပါအရည်အချင်း အတော်အသင့်ရှိကြသည်။ သို့ရာတွင် ဟုန်ရီကမူ အမှန်တကယ်ကို အားနည်းပေ၏။
ကံကြမ္မာအရည်အချင်း မရှိသဖြင့် သူ၏အလားအလာတွင် အကန့်အသတ်ရှိနေခဲ့သည်။ သူ၏အကူအညီ ရှိနေလျှင်ပင် ဟုန်ရီအထွတ်အထိပ်သို့ ရောက်ရှိရန်မှာ လုံးဝနီးပါး မဖြစ်နိုင်ပေ။
"ငါ့ရဲ့မသုံးရသေးတဲ့ ကံကြမ္မာကို သူ့ဆီ လွှဲပြောင်းပေးလို့ ရမလား"
အတွေးတစ်ခုက ကျန်းရွှမ်၏စိတ်အတွင်း၌ ဖြတ်ပြေးသွားသည်။ သူ အာရုံစိုက်လိုက်ရာ ကောင်းကင်ဘုံစာကြည့်တိုက်ထဲရှိ ချည်မျှင်တစ်ထောင်စွမ်းအင်မြစ်သည် သူ၏လက်ဖျားမှတဆင့် ဟုန်ရီထံသို့ တိတ်တဆိတ်စီးဝင်သွားပေ၏။
ဤသည်မှာ ဖုန်းကျောက်ထင်ကို သတ်ဖြတ်ခြင်းမှ သူ ရရှိခဲ့သော ချည်မျှင်တစ်ထောင် ကောင်းကင်ကံကြမ္မာ၏ ပုံတူကူးခြင်းပင်။ သူသည် ထိုအရာကို အသုံးပြုသည်မှာ အလွန်ရှားပါးသည်။ ထိုကောင်းကင်ကံကြမ္မာကို လွှဲပြောင်းပေးခြင်းက ဟုန်ရီ၏ကျင့်ကြံခြင်းကို ကန့်သတ်ထားသော အတားအဆီးများကို ချိုးဖျက်ပေးနိုင်မည်လော။
ချည်မျှင်တစ်ထောင်စွမ်းအင်စီးကြောင်းသည် ဟုန်ရီ၏နဖူးမှ ဝင်ရောက်သွားပြီး သူ၏ ခန္ဓာကိုယ်အနှံ့ ဖြတ်သန်းသွားသည်။
နောက်ထပ်အချိန်တခဏတွင် ယခင်က မီးမလောင်သော အမွှေးတိုင်သည် ရုတ်တရက် မီးပွားများထွက်ပေါ်လာပြီး မီးတောက်လောင်သွားပေ၏။
"ဒါက..."
လူများအားလုံး ကြက်သေသေသွားကြသည်။
သူတို့သည် အမွှေးတိုင်လောင်ကျွမ်းရန် မဖြစ်နိုင်ဟု တွေးထင်ခဲ့ကြသော်လည်း မမျှော်လင့်သော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဝှစ်...
ထူးခြားသောအပြောင်းအလဲသည် ဆက်လက်၍ ဖြစ်ပေါ်နေပေ၏။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းသွားပြီးနောက် တစ်တိုင် လိုက်လာကာ မကြာမီပင် အမွှေးတိုင်ဆယ်တိုင်ကျော်သည် အချိန်တခဏအတွင်းမှာပင် တောက်လောင်သွားသည်။
"အရမ်းမြန်တာပဲ"
ယုရှောင်ယွီနှင့်လျှူမင်ယွဲ့တို့၏ မျက်လုံးများသည် မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်သွားသည်။
သူမတို့ ဂျူနီယာမောင်လေး၏အရည်အချင်းသည် သူမတို့ထက် များစွာနိမ့်ကျသည်ဟု ယူဆခဲ့ကြသည်။ သို့ရာတွင် သူ၏ အလားအလာသည် အကန့်အသတ် မရှိသည့်အလားဖြစ်နေကာ သူမတို့ထက် ပို၍ပင်သာလွန်ထူးကဲနေပုံရသည်။
အသက်ရှုချိန်အနည်းငယ်ခန့် ကြာမြင့်ပြီးနောက် အမွှေးတိုင်လောင်ကျွမ်းသည့် အရှိန်နှုန်းသည် နောက်ဆုံးတွင် နှေးကွေးသွားပြီး ရပ်တန့်သွားသည်။
ဤသည်မှာ အမွှေးတိုင်သုံးဆယ့်ခုနစ်တိုင်ပင်။
အရည်အချင်းမရှိရာမှ သုံးဆယ့်ခုနစ်တိုင် ထွန်းညှိနိုင်သည်အထိ ကျန်းရွှမ်၏ ချည်မျှင်တစ်ထောင်စွမ်းအင်မြစ်နှင့်အတူ ဟုန်ရီ၏ကံကြမ္မာအရည်အချင်းသည် ယုရှောင်ယွီနှင့်လျိုမင်ယွဲ့တို့ထက် များစွာပို၍ကျော်လွန်သွားခဲ့သည်။
"ကံကြမ္မာကို အမွေဆက်ခံလို့ ရတာပဲ"
ကျန်းရွှမ်၏မျက်နှာအမူအယာ တည်ကြည်လေးနက်သွားသည်။
သူ၏ ချည်မျှင်တစ်ထောင် ကောင်းကင်ကံကြမ္မာကို ဟုန်ရီထံသို့ လွှဲပြောင်းပေးခြင်းက သူ့အား ထိုအရာအပေါ် နားလည်နိုင်စွမ်းကို ဆုံးရှုံးသွားစေခဲ့သည်။
အကယ်၍ ဤသည်သာ သူ၏တစ်ခုတည်းသော ကံကြမ္မာ ဖြစ်ခဲ့ပါက သူသည် ထိုအရာကို လုံးလုံးလျားလျား ဆုံးရှုံးသွားခဲ့ပြီဟု အဓိပ္ပာယ်ရပေမည်။
"ဆရာ...."
ဟုန်ရီက စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ပြန်လာခဲ့သည်။
မည်သို့ ဖြစ်ပျက်ခဲ့သည်ကို သူ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ပေ၏။
သူ၏ဆရာသည် ကံကြမ္မာအပေါ်နားလည်နိုင်စွမ်းကို သူ့ထံသို့ လွှဲပြောင်းပေးခဲ့သည်။ ဤသည်မှာ စကားလုံးများဖြင့် ဖော်ပြရန် ခက်ခဲသည်အထိ ကြီးမားသော ကျေးဇူးတရားပင်။
ပုံမှန်အားဖြင့် မည်သူမျှ ထိုသို့သော အရာကို သေရေးရှင်ရေး အခြေအနေတွင် မဟုတ်လျှင် လုပ်ဆောင်ကြမည် မဟုတ်ချေ။ အလွန်အမင်း ရင်းနှီးသူများ မဟုတ်လျှင် ထည့်ပြောရန်ပင် မလိုတော့ချေ
"မင်းရဲ့ ကျင့်ကြံမှုအပေါ် အာရုံစိုက်... ငါ့ရဲ့ ကြိုးပမ်းမှုတွေကို အလဟဿ မဖြစ်စေနဲ့"
ကျန်းရွှမ်က ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့"
ဟုန်ရီက သူ၏လက်သီးကို ဆုပ်လိုက်သည်။
ယခင်က ကံကြမ္မာအရည်အချင်း မရှိသောကြောင့် သူ၏အနာဂတ်သည် သူ မည်မျှပင် ကြိုးစားအားထုတ်စေကာမူ အကန့်အသတ်ရှိနေခဲ့သည်။ ယခုချိန်တွင်မူ သူသည် ကံကြမ္မာအရည်အချင်းကို ပိုင်ဆိုင်ရုံသာမက သူ၏ အရည်အချင်းသည် ယုရှောင်ယွီနှင့်လျှူမင်ယွဲ့တို့ထက် သာလွန်သွားခဲ့လေပြီ။ သူ၏အနာဂတ် အောင်မြင်မှုများသည် အကန့်အသတ်ရှိတော့မည် မဟုတ်ချေ။ ဤှသို့ဖြစ်လာခြင်းသည် သူ၏ဆရာကြောင့်ပင်။
"ငါ့ရဲ့ အရည်အချင်းက အညံ့ဖျင်းဆုံးဖြစ်ပြီးတော့ နောက်ဆုံးမှာလား..."
လျှူမင်ယွဲ့သည် မျက်ရည်ဝဲလုနီးပါး ဖြစ်သွားကာ မူးဝေလာသကဲ့သို့ ခံစားလိုက်ရသည်။
သူမ၏ မိုတောက်ကောင်းကင်ကံကြမ္မာဖြင့် အမွှေးတိုင်နှစ်ဆယ့်တစ်တိုင်ကို ထွန်းညှိခြင်းသည် သူမအား သက်တူရွယ်တူများကြားတွင် ထင်ပေါ်စေလိမ့်မည်ဟု တွေးထင်ခဲ့သည်။ သို့ရာတွင် သူမ၏ကံကြမ္မာအရည်အချင်းသည်အားအနည်းဆုံးဖြစ်နေပေ၏။
"ကိစ္စမရှိဘူး... တခြား စီနီယာအစ်ကိုအစ်မတွေကတော့ ငါ့လောက် အရည်အချင်းရှိကြမှာ မဟုတ်ပါဘူး"
ကျောက်ယာနှင့်တခြားလူများထံသို့ လှမ်းကြည့်ရင်း သူမ သက်ပြင်းတစ်ချက်ချလိုက်မိသည်။
ထိုကဲ့သို့ အရည်အချင်းရှိသည့် တပည့် သုံးယောက် ရှိနေခြင်းကပင် သူမတို့၏ဆရာကို ထင်ပေါ်ကျော်ကြားစေနိုင်သည်။ ကျန်လူများထံတွင်လည်း သူမတို့ကဲ့သို့ အရည်အချင်းမျိုး ရှိနေလိမ့်မည်ဟု သူမ မတွေးတောရဲချေ။
"ကျောက်ယာ..."
ကျန်းရွှမ်၏ခေါ်သံနှင့်အတူ ကျောက်ယာက ရှေ့သို့ ထွက်လာခဲ့သည်။ ယခင်လူများအတိုင်း လှုပ်ရှားကာ သူမက အမွှေးတိုင်များကို စတင်၍ထွန်းညှိလိုက်သည်။
၂၀... ၃၀... ၅၀...
အချိန်တခဏအတွင်း၌ အမွှေးတိုင်ရှစ်ဆယ် လောင်ကျွမ်းသွားခဲ့သည်။
အကယ်၍ လူအုပ်ကြီးသည် ယခင်က ထိတ်လန့်တုန်လှုပ်ရုံမျှသာဖြစ်လျှင် ယခုအချိန်၌ သူတို့သည် လုံးလုံးလျားလျား မှင်တက်သွားကြလေပြီ။
ယခင်က အမွှေးတိုင် သုံးဆယ့်ခုနစ်တိုင်သည် လူအများ မရရှိနိုင်သော ကန့်သတ်ချက်တစ်ခုကဲ့သို့ ထင်ရသည်။ သို့ရာတွင် ကျောက်ယာသည် အသက်ဆယ်ရှိုက်စာမပြည့်မီမှာပင် အမွှေးတိုင်ရှစ်ဆယ်ကို ထွန်းညှိနိုင်ခဲ့သည်။ ထိုမျှသာမက အမွှေးတိုင်လောင်ကျွမ်းသည့် အရှိန်နှုန်းသည်လည်း နှေးကွေးသွားခြင်းမရှိခဲ့ပေ။
ဝှစ်.....
အမွှေးတိုင်ကိုးဆယ့်ကိုးတိုင်လုံး လောင်ကျွမ်းသွားခဲ့ပေ၏။
"ကျောက်ယာနဲ့တခြားလူတွေက ငါ့ရဲ့ လမ်းညွှန်မှုအောက်မှာ ကံကြမ္မာကို အရင်ကတည်းက ဆန့်ကျင်ခဲ့ပြီး သူတို့ရဲ့ကိုယ်ပိုင်ကံကြမ္မာကို ပုံဖော်နိုင်တဲ့ စွမ်းအားကို ရရှိခဲ့ပြီးပြီ... ဒီအမွှေးတိုင်တွေကို ထွန်းညှိတာက စိန်ခေါ်မှုတစ်ခု မဟုတ်တော့ဘူး"
ကျန်းရွှမ်က တွေးတောလိုက်သည်။
ကံကြမ္မာအရည်အချင်းသည် အနှစ်သာရအားဖြင့် ကံကြမ္မာကိုထိန်းချုပ်နိုင်စွမ်းအား ကိုယ်စားပြုသည်။
လူတချို့သည် သူတို့၏မူလအစ မည်သို့ပင် နိမ့်ကျနေပါစေ အတားအဆီးများအားလုံးကို ဆန့်ကျင်၍ အထက်သို့တက်လှမ်းနိုင်ကြသည်။ ကံကြမ္မာကောင်းများဖြင့် မွေးဖွားလာသော လုတချို့မှာမူ ထိုအရာကို အလဟဿဖြုန်းတီးပစ်ပြီး ပျက်စီးခြင်းသို့ ဆိုက်ရောက်သွားကြသည်။
ကျောက်ယာသည် သူ၏နောက်သို့ လိုက်ပါခဲ့ကာ ကမ္ဘာတစ်ခု၏အုပ်စိုးရှင်အရှင်အဖြစ် ရပ်တည်နိုင်ပြီးဖြစ်သည်။ ကံကြမ္မာသည် သူမ၏လက်ထဲတွင် ခိုင်မာစွာ ရှိနေပြီး သူမ၏ အရည်အချင်းကို ယှဥ်နိုင်သူမရှိသည်မှာ သဘာဝကျပေ၏။
"ကျန်းယန်.. "
သူ၏ယူဆချက်ကို အတည်ပြုရန်အတွက် ကျန်းရွှမ်က ကျန်းယန်ကို နောက်တစ်ဦးအဖြစ် ခေါ်လိုက်သည်။
အခန်းအတွင်း၌ ဟန်ရှောင်၏မျက်နှာသည် တဖန်ထပ်၍ ဖြူဖျော့သွားသည်။
ဖူး…
သူသည် နောက်ထပ်သွေးတစ်လုတ် အန်ထုတ်လိုက်ရပြီး ဤတန်ပြန်သက်ရောက်မှုသည် ယခင်အကြိမ်များထက် ပို၍ဆိုးရွားခဲ့သည်။
သူသည် မတ်တတ်ထရန် ရုန်းကန်လိုက်ရင်း သူ၏ရင်ဘတ်ထဲမှ စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။
ဖူး...ဖူး...ဖူး..
သူ၏ပါးစပ်မှ သွေးများ အဆက်မပြတ်ပန်းထွက်လာသည်။ သူ ခက်ခက်ခဲခဲ ရရှိထားသော ကျင့်ကြံဆင့်သည် ဓမ္မရုပ်သွင်နယ်ပယ် အထွတ်အထိပ်အဆင့်မှ ဆုတ်ယုတ်သွားခဲ့သည်။
သူသည် ယခင်က ဟန်ယွမ်မြို့၏ ထိပ်သီးကျင့်ကြံသူသုံးယောက်အနက် တစ်ယောက်အဖြစ် သတ်မှတ်ခံရသော်လည်း ယခုအချိန်၌ သူသည် ထိပ်ဆုံးဆယ်ယောက်စာရင်းတွင် ဝင်ရောက်နိုင်ရန်ပင် ရုန်းကန်ရတော့ပေမည်။
"တစ်ယောက်ယောက်က ဘာတွေ ဖြစ်နေတာလဲ ဆိုတာ ငါ့ကို ပြောပြနိုင်မလား"
မျက်ရည်များက ဟန်ရှောင်၏မျက်နှာပေါ်သို့ စီးကျလာခဲ့သည်။ အခွင့်အာဏာ အမြင့်ဆုံးအခြေအနေမှ သူသည် ပျက်စီးခြင်းသို့ ကျရောက်ခဲ့ရလေပြီ။ ထိုသို့သော ရက်စက်သည့် လုပ်ရပ်၏ နောက်ကွယ်တွင် မည်သူ ရှိနေသနည်း။