အခန်း (၁၈၄၁+၁၈၄၂)
Vol. 125 Ch. 1841+1842
အခန်း(၁၈၄၁)
ကျုံးလီရွှေ၏ စကားကိုကြားလျှင် သိုင်းပြိုင်ကွင်း တစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်ကာ ဆူညံသွားခဲ့သည်။
ဤတစ်ကြိမ် သိုင်းပြိုင်ပွဲတွင် ပထမနေရာကို ရရှိမည့်သူသည် လွန်ခဲ့သော ၅နှစ်အကြာက ဟန်ယွဲ့နန်းတော်၏ အကြီးအကဲချုပ် ချန်ထားရစ်ခဲ့သည့် နယ်မြေနတ်ဘုရား သလင်းကျောက်ကို ရရှိလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။
နယ်မြေနတ်ဘုရား သလင်းကျောက်သည် နယ်မြေနတ်ဘုရားတစ်ပါး၏ အဆီအနှစ်ကို စုစည်းထားခြင်း ဖြစ်၏။
နယ်မြေနတ်ဘုရား သလင်းကျောက်တစ်ခုသည် ကျင့်ကြံခြင်းအရှိန်အဟုန်ကို အလွန်အမင်း မြှင့်တင်ရုံသာမက ဆဋ္ဌမအဆင့် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား တစ်ပါးကို နယ်မြေနတ်ဘုရားအဆင့်သို့ ထိုးဖောက်ရန် အခွင့်အရေးအား အနည်းဆုံး ၅၀ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်သည်ဟု ဆိုကြသည်။
သို့သော်လည်း ဤတစ်ကြိမ် သိုင်းပြိုင်ပွဲ၏ ပထမနေရာသည် ကုန်းလင် အတွက် ဖြစ်မည်မှာ သေချာကြောင်း အားလုံး၏ စိတ်ထဲတွင် ကောင်းစွာ သိရှိထားကြသည်။
တစ်နည်းအားဖြင့် ဤနယ်မြေနတ်ဘုရား သလင်းကျောက်သည် ကုန်းလင်အတွက် ပြင်ဆင်ထားခြင်းဟုပင် ဆို၍ ရ၏။
အံ့သြတုန်လှုပ်နေကြရင်း လူတိုင်း၏ အကြည့်သည် ကျီဝူရွှယ်ဆီသို့ ကျရောက်သွားခဲ့သည်။
လွန်ခဲ့သည့် ၅နှစ်အကြာက အကြီးအကဲချုပ် ကွယ်လွန်သွားပြီးနောက်တွင် ချန်ထားရစ်ခဲ့သော နယ်မြေနတ်ဘုရား သလင်းကျောက်ကို တိုက်ရိုက်တပည့် ဖြစ်သည့် ကျီဝူရွှယ်ထံ လက်ဆင့်ပေးခဲ့ရာမှ တစ်ဆင့် ဟန်ယွဲ့နန်းတော်၏ အတွင်းပိုင်းပဋိပက္ခများ ဖြစ်ပေါ်လာခဲ့သည်။
ယခုအခါတွင် နယ်မြေနတ်ဘုရား သလင်းကျောက်ကို သိုင်းပြိုင်ပွဲ၏ ပထမဆုလာဘ် အဖြစ် သတ်မှတ်ထားသည် ဖြစ်ရာ ကျီဝူရွှယ်အတွက် အခွင့်အရေးရှိနိုင်တော့မည် မဟုတ်ပေ။
ယင်းနောက်တွင် ကျုံးလီရွှေသည် သိုင်းပြိုင်ပွဲ၏ စည်းမျဥ်းများကို စတင် မိတ်ဆက်ပေးခဲ့သည်။
သိုင်းပြိုင်ပွဲကို အရည်အချင်းစစ်ပြိုင်ပွဲ၊ အဆင့်သတ်မှတ်ပြိုင်ပွဲနှင့် စိန်ခေါ်ပွဲ ဟူ၍ သုံးမျိုး ခွဲခြားထားသည်။
ဟန်ယွဲ့နန်းတော်၏ ထိပ်ဆုံးအဆင့် ပါရမီရှင် သုံးဦးသည် အရည်အချင်းစစ် ပြိုင်ပွဲ နှင့် အဆင့်သတ်မှတ်ပြိုင်ပွဲ တို့တွင် ပါဝင် ယှဥ်ပြိုင်နေစရာ မလိုအပ်ပေ။
ကျန်ရှိသော ပြိုင်ပွဲဝင် အားလုံးကမူ အုပ်စုသုံးစုခွဲကာ အရည်အချင်းစစ်ပြိုင်ပွဲကို ဆင်နွှဲရမည် ဖြစ်၏။
ထိုသို့ ယှဥ်ပြိုင်ရာတွင် မဲနှိုက်၍ ကျပန်း ယှဥ်ပြိုင်ရလိမ့်မည် ဖြစ်သည်။
ပြိုင်ပွဲဝင် တစ်ဦးချင်းစီသည် ဆယ်ပွဲစီ ယှဥ်ပြိုင်ရမည် ဖြစ်ပြီး နိုင်ပွဲအရေအတွက်ပေါ် မူတည်၍ အဆင့်သတ်မှတ်မည်ဖြစ်၏။
အုပ်စုတစ်စုစီ၏ ထိပ်ဆုံးအနိုင်ရသူ လေးဦးသာလျှင် အဆင့်သတ်မှတ် ပြိုင်ပွဲသို့ ဝင်ရောက်ရန် အရည်အချင်း ပြည့်မီမည်ဖြစ်၏။
အဆင့်သတ်မှတ်ပြိုင်ပွဲတွင် ထိပ်ဆုံး သုံးနေရာကို ရရှိသူများသည် နောက်ဆုံး စိန်ခေါ်ပွဲကို ဝင်ရောက်နိုင်မည် ဖြစ်ပြီး ဟန်ယွဲ့နန်းတော်၏ ထိပ်ဆုံး ပါရမီရှင် သုံးဦးကို စိန်ခေါ်ရန် အခွင့်အရေး ရရှိမည် ဖြစ်သည်။
သိုင်းပြိုင်ပွဲ၏ စည်းမျဥ်းများကို ကြေညာပြီးနောက်တွင် ကျုံးလီရွှေသည် ပြိုင်ပွဲ၏ ဆုလာဘ်များကိုပါ ကြေညာခဲ့သည်။
အရည်အချင်းစစ် ပြိုင်ပွဲကို အောင်မြင်ပြီး အဆင့်သတ်မှတ်ပြိုင်ပွဲသို့ ဝင်ရောက်ခဲ့လျှင် အဆင့်မြင့် နတ်ခရစ္စတယ် ၁သန်းနှင့် ကိုယ်ခံပညာရပ် တစ်ခုကို ရွေးချယ်ခွင့်ရရှိမည် ဖြစ်သည်။
အဆင့်သတ်မှတ်ပြိုင်ပွဲကနေ ထိပ်ဆုံး သုံးနေရာကို သတ်မှတ်ခံရပြီး နောက်ဆုံး စိန်ခေါ်ပွဲသို့ ဝင်ရောက်နိုင်ခဲ့သော လူသုံးဦးသည် ဆုလာဘ်များကို ၂ဆ ရရှိမည် ဖြစ်၏။
နောက်ဆုံး စိန်ခေါ်ပွဲတွင် ထိပ်ဆုံး သုံးနေရာ ရရှိသူများကမူ မဟာမြေရိုင်း ပါရမီရှင် သိုင်းပြိုင်ပွဲ၏ ခွဲတမ်းနေရာကို ရရှိရုံသာမက မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ မစတင်မီ ဟန်ယွဲ့နန်းတော်ရှိ မည်သည့် အရင်းအမြစ်ကိုမဆို အခမဲ့ အသုံးပြုခွင့်ကိုပါ ရရှိမည် ဖြစ်သည်။
ကျုံးလီရွှေ၏ ဆုလာဘ်ကြေညာချက်ကို ကြားလျှင် ပါဝင်ယှဥ်ပြိုင်ကြမည့် တပည့်များစွာ၏ မျက်ဝန်းများက တောက်ပလာခဲ့သည်။
တပည့် အများစုအတွက် ပြိုင်ပွဲ၏ ထိပ်ဆုံး သုံးနေရာ အတွက် ယှဥ်ပြိုင်ရန် မဖြစ်နိုင်ပေ။
သို့သော်လည်း အရည်အချင်းစစ် ပြိုင်ပွဲကို အောင်မြင်ပြီး အဆင့်သတ်မှတ် ပြိုင်ပွဲသို့ ဝင်ရောက်နိုင်ခဲ့လျှင်ပင် ဆုလာဘ်များသည် အလွန်တရာ ဆွဲဆောင်မှု ရှိနေခဲ့ချေပြီ။
အဆင့်မြင့် နတ်ခရစ္စတယ် ၁သန်းသည် အဆင့်နိမ့် နတ်ခရစ္စတယ် သန်း၁၀၀ နှင့် ညီမျှ၏။
ယင်းပမာဏသည် မည်သည့် ကျင့်ကြံသူအတွက် မဆို ကြွယ်ဝသော ပမာဏ ဖြစ်သည်။
ထို့အပြင် နယ်မြေနတ်ဘုရားအဆင့် ကိုယ်ခံပညာရပ်များ ထဲမှ တစ်ခုကိုလည်း ရွေးချယ်နိုင်ပေလိမ့်မည်။
သိထားရမည့်အချက်မှာ နယ်မြေနတ်ဘုရားအဆင့် ကိုယ်ခံပညာရပ်သည် ဟန်ယွဲ့နန်းတော် ကဲ့သို့ နာမည်ကျော်နယ်မြေနတ်ဘုရား အင်အားစုများမှာပင် အလွန်တရာ ရှားပါးခြင်းပင်။
သာမန်တပည့်များ အတွက် ဟန်ယွဲ့နန်းတော်တွင် တစ်သက်လုံး ကြိုးစားရုန်းကန်နေသည့်တိုင် နယ်မြေနတ်ဘုရားအဆင့် ကိုယ်ခံပညာရပ်ကို ရရှိနိုင်မည် မဟုတ်ပေ။
ကျုံးလီရွှေက စိတ်အားထက်သန်နေကြသော ပြိုင်ပွဲဝင်များကို တစ်ချက် ကြည့်လိုက်သည်။
ထို့နောက်တွင် သူ၏ ခန့်ညားသော အသံသည် သိုင်းပြိုင်ကွင်း အနှံ့ ပဲ့တင်ထပ်သွားခဲ့၏။
“အခုကနေ စပြီး ဟန်ယွဲ့နန်းတော်ရဲ့ သိုင်းပြိုင်ပွဲကို တရားဝင်စတင်ပြီဖြစ်ကြောင်း ကြေညာပါတယ်.. စာရင်းသွင်းထားတဲ့သူ အားလုံး အနေနဲ့ ရှေ့ကို ထွက်လာပြီး မဲနှိုက်ကြဖို့ ဖိတ်ခေါ်ပါတယ်”
ကျုံးလီရွှေ၏ စကားသံ အဆုံးသတ်သည်နှင့် သိုင်းပြိုင်ပွဲတွင် စာရင်းသွင်းထားသော ဟန်ယွဲ့နန်းတော်မှ တပည့်များစွာသည် ရှေ့ထွက်လာခဲ့ကြသည်။
“ဆရာတူ အစ်ကိုနှစ်ယောက် ကျွန်တော် မဲသွားနှိုက်လိုက်ဦးမယ်”
ကျန်းချန်က ရှန်းဟုန်တို့ကို နှုတ်ဆက်လိုက်ပြီး သိုင်းပြိုင်ပွဲ၏ အလယ်ဗဟိုသို့ ပျံသန်းခဲ့ကာ ကျီဝူရွှယ်၏ နံဘေးတွင် ဆင်းသက်လိုက်သည်။
ကျီဝူရွှယ်က တစ်စုံတစ်ရာကို ခံစားမိလိုက်ပြီး လှည့်ကြည့်လိုက်ရာ ကျန်းချန်ကို တွေ့လိုက်ရလျှင် တစ်ခဏမျှ မှင်တက်သွားခဲ့ပြီး သူမ၏ မျက်လုံးကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့သည်။
ခဏအကြာတွင် စိတ်လှုပ်ရှားသော အမူအရာများသည် ကျီဝူရွှယ်၏ အေးစက်စက် မျက်ဝန်းများတွင် ပေါ်လာခဲ့၏။
“ချန်အာ.. သားလား”
ကျီဝူရွှယ်၏ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သော အသံသည် ကျန်းချန်၏ နားထဲသို့ ဝင်ရောက်သွားခဲ့သည်။
သိုင်းပြိုင်ကွင်းထဲသို့ ဝင်ရောက်လာစဥ် ကတည်းကပင် ကျီဝူရွှယ်သည် သွေးသားဆက်နွှယ်သော ခံစားချက်တစ်ခုကို ရရှိခဲ့သည်။
ကျန်းချန်က ဟန်ယွဲ့နန်းတော်တွင် ရှိနေသည့် သူမကို ဤမျှလျင်မြန်စွာ ရှာတွေ့နိုင်လိမ့်မည်ဟု တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။
“အမေ သားပါ.. အမေ့မှာ ပြောစရာတွေ အများကြီးရှိတယ်ဆိုတာ သားသိပါတယ်.. ဒါပေမဲ့ ဒီအချိန်က စကားပြောလို့ ကောင်းတဲ့ အချိန်မဟုတ်ဘူး.. ပြိုင်ပွဲပြီးတဲ့အခါမှပဲ သားအသေးစိတ် ပြောပြပါ့မယ်.. စိတ်မပူပါနဲ့..သိုင်းပြိုင်ပွဲမှာ သားပထမနေရာကို ယူပြီး အမေ့ရဲ့ နယ်မြေနတ်ဘုရား သလင်းကျောက်ကို ကာကွယ်ပေးပါ့မယ်”
ကျန်းချန်က ကျီဝူရွှယ်ကို စိတ်ချင်းဆက်သွယ်၍ ပြောဆိုလိုက်သည်။
ထိုစကားကိုကြားလျှင် ကျီဝူရွှယ်သည် အံ့အားသင့်သွားခဲ့၏။
ဟန်ယွဲ့နန်းတော်သည် မဟာမြေရိုင်းနယ်မြေရှိ နာမည်ကျော်ကြားသော နယ်မြေနတ်ဘုရားအင်အားစု ဖြစ်၍ အလွန်တရာပင် အစွမ်းထက်သည်။
ဂိုဏ်း၏ နံပါတ်(၁) ပါရမီရှင် ဖြစ်သည့် ကုန်းလင်သည် မဟာမြေရိုင်းပါရမီရှင် စာရင်းတွင် အဆင့်(၃၂)နေရာကို ရရှိထားခဲ့၏။
ကုန်းလင်သည် ဟန်ယွဲ့နန်းတော်မှ တပည့်များကြားတွင် ပြိုင်ဘက်ကင်းဟုပင် ဆို၍ရသည်။
ကျန်းချန်က သိုင်းပြိုင်ပွဲ၏ ပထမနေရာ အတွက် ယှဥ်ပြိုင်လိုနေသည် ဖြစ်ရာ ကုန်းလင်နှင့် ယှဥ်ပြိုင်နိုင်စွမ်း ရှိနေသည်ဟု ယုံကြည်မှု ရှိနေပါသလော။
လွန်ခဲ့သည့် ၅နှစ်ခန့်က နတ်ဘုရားနယ်မြေသို့ ကျီဝူရွှယ် ဝင်ရောက်လာပြီးနောက်တွင် ဟန်ယွဲ့နန်းတော်၏ အကြီးအကဲချုပ်သည် သူမကို တပည့်အဖြစ် လက်ခံကာ ဟန်ယွဲ့နန်းတော်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
သို့သော် ဟန်ယွဲ့နန်းတော်သို့ သူမ ရောက်ပြီး သိပ်မကြာမီမှာပင် သူမ၏ ဆရာဖြစ်သည့် အကြီးအကဲချုပ်သည် ကွယ်လွန်သွားခဲ့၏။
အကြီးအကဲချုပ်က မကွယ်လွန်ခင် သူမ၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအင် တစ်စိတ်တစ်ပိုင်းကို စည်းတံဆိပ်ခတ်ကာ ထားပေးခဲ့ပြီး သူကွယ်လွန်ပြီးနောက် ကျန်ရစ်ခဲ့သည့် နယ်မြေနတ်ဘုရား သလင်းကျောက်ကိုပါ သူမကို ပေးခဲ့သည်။
အကြီးအကဲချုပ်က သူမ၏ ခန္ဓာကိုယ်ထဲတွင် စည်းတံဆိပ်ခတ်ကာ ချန်ပေးထားသော စွမ်းအင် နှင့် ကျန်ရှိသော အရင်းအမြစ်များစွာကို အားကိုး၍ ဤ ၅နှစ်အတွင်း ကျီဝူရွှယ်သည် အင်ပါယာ အဆင့်ကနေ ပကတိ နတ်ဘုရား အဆင့်ကို ကျော်လွန်ကာ ကောင်းကင်နတ်ဘုရား တတိယအဆင့်သို့ပင် ရောက်ရှိလာခဲ့သည်။
ကျန်းချန်က သူမထက် နတ်ဘုရားနယ်မြေသို့ ဝင်ရောက်ခဲ့သည်မှာ နှစ်အနည်းငယ် ပိုကြာခဲ့၏။
သို့သော်လည်း ကျန်းချန်က ကောင်းကင်ကိုပင် ဆန့်ကျင်နေသည့် ပါရမီရှင် ဖြစ်နေလျှင်ပင် ဟန်ယွဲ့နန်းတော်၏ နံပါတ်(၁) ပါရမီရှင်နှင့် ယှဥ်ပြိုင်နိုင်သော အဆင့်အထိ တိုးတက်လာရန်မှာ ခက်ခဲလိမ့်မည် မဟုတ်ပါလော။
တကယ်တမ်းတွင် ကျီဝူရွှယ်သည် နယ်မြေနတ်ဘုရား သလင်းကျောက်ကို ထိန်းသိမ်းထားရန် မျှော်လင့်ချက် သိပ်မထားခဲ့ပေ။
ဤတစ်ကြိမ် သိုင်းပြိုင်ပွဲတွင် ပါဝင်ခြင်းသည် သူမ တတ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်လိုခြင်းကြောင့်သာ ဖြစ်သည်။
ကျီဝူရွှယ်က မျှော်လင့်ချက် မရှိသည့် ဤကိစ္စနှင့် ပတ်သက်၍ ကျန်းချန်ကို ပါဝင်စေလိုခြင်း မရှိခဲ့ပေ။
“အမေ မစိုးရိမ်ပါနဲ့.. ကုန်းလင်က ဟန်ယွဲ့နန်းတော်ရဲ့ နံပါတ်(၁)ပါရမီရှင် ဆိုပေမဲ့ သားအတွက်တော့ သာမန်ပါပဲ”
ကျီဝူရွှယ်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ဖျောင်းဖြတော့မည့် အချိန်မှာပင် ကျန်းချန်၏ ယုံကြည်မှုရှိသော စကားသံသည် သူမ၏ နားထဲတွင် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်၏ စကားကိုကြားလျှင် ကျီဝူရွှယ်၏ လှပသော မျက်လုံးလေးတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
သူမက ကျန်းချန်ကို အကဲခတ်လိုက်ရာ သူမ၏ ကောင်းကင်နတ်ဘုရား တတိယအဆင့်ဖြင့်ပင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်ကို လုံးဝ မမြင်နိုင်ခဲ့ပေ။
တစ်နည်းအားဖြင့် ကျန်းချန်၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်သည် သူမ၏ အထက်တွင် ရှိနေခဲ့ပြီ ဖြစ်သည်။
အနည်းဆုံး သူမ၏ သားသည် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်ကို ရောက်ရှိနေလောက်ချေပြီ။
သူမ၏သားက ရွှယ်လင်ကုန်းမြေတိုက်မှာပင် အံ့ဖွယ်ကိစ္စများအား ဖန်တီးခဲ့သည်ကို စဥ်းစားမိလိုက်လျှင် ကျီဝူရွှယ်၏ လှပသော မျက်ဝန်းထဲတွင် မျှော်လင့်ချက် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ဆိုရလျှင် ကျန်းချန်သည် ကုန်းလင်ကို အမှန်တကယ် အနိုင်ယူပြီး သိုင်းပြိုင်ပွဲ၏ ပထမနေရာကို အနိုင်ရရန် ဖြစ်ကောင်း ဖြစ်နိုင်ဖွယ်ရှိသည်။
အခန်း(၁၈၄၁)ပြီး၏။
အခန်း(၁၈၄၂)
“ချန်အာ.. ကုန်းလင်က မဟာမြေရိုင်းပါရမီရှင် စာရင်းမှာ အဆင့်သတ်မှတ်ခံထားရတဲ့ ကျင့်ကြံသူတစ်ဦးပဲ.. မင်းရဲ့ခွန်အားက ထူးခြားနေရင်တောင် သူ့ကို ရင်ဆိုင်တဲ့အခါ သတိထားမှဖြစ်မယ်”
ကျီဝူရွှယ်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ကျန်းချန်ကို သတိပေးလိုက်သည်။
နယ်မြေနတ်ဘုရား သလင်းကျောက်သည် သူမ ဆရာ ဖြစ်သည့် ဟန်ယွဲ့နန်းတော်၏ အကြီးအကဲချုပ်က သူမကို အမွေပေးခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် ကျီဝူရွှယ်၏ စိတ်ထဲတွင် နယ်မြေနတ်ဘုရားသလင်းကျောက်ကို အခြားသူများအား ယူဆောင်သွားစေလိုခြင်း မရှိသည်မှာ သဘာဝပင်။
ကျန်းချန်က သိုင်းပြိုင်ပွဲတွင် ပထမနေရာကို ရရှိပြီး နယ်မြေနတ်ဘုရား သလင်းကျောက်ကို ရယူနိုင်ခဲ့လျှင် ယင်းက ကျီဝူရွှယ်၏ သဘောထား အစစ်အမှန် ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
ကျန်းချန်၏ ပါရမီဖြင့်သာ ဆိုလျှင် နယ်မြေနတ်ဘုရား သလင်းကျောက်ကို ရရှိလျှင် နယ်မြေနတ်ဘုရားအဆင့်ကို လျင်မြန်စွာ ထိုးဖောက်နိုင်လိမ့်မည် ဖြစ်၏။
နတ်ဘုရားနယ်မြေသို့ ဝင်ရောက်ပြီး မကြာမီတွင် မုန့်ချင်းရွှယ်တို့ နှစ်ဦးသည် အတင်းအကျပ် ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရ၏။
ကျန်းချန်သာ နယ်မြေနတ်ဘုရား အဆင့်ကို ထိုးဖောက်နိုင်ခဲ့လျှင် မုန့်ချင်းရွှယ်တို့ကို ရှာဖွေရန် ခွန်အားရှိလာလိမ့်မည် မဟုတ်ပါလော။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်၏။
“အမေ သားကို ယုံကြည်စိတ်ချလိုက်ပါ”
ကျန်းချန်နှင့် ကျီဝူရွှယ်တို့က စိတ်ထဲကနေ တစ်ဦးနှင့် တစ်ဦး ဆက်သွယ် ပြောဆိုနေစဥ်မှာပင် ဟန်ယွဲ့နန်းတော်မှ တပည့်ပါရမီရှင် ၁၀၀ နီးပါးသည် သိုင်းပြိုင်ကွင်းတွင် စုဝေးခဲ့ကြသည်။
ဟန်ယွဲ့နန်းတော်မှ ပါရမီရှင်တပည့် ၁၀၀ နီးပါးသည် သိုင်းပြိုင်ပွဲတွင် ပါဝင်ခဲ့ကြပြီး ၎င်းတို့ကို အုပ်စုသုံးစုဖြင့် ခွဲခြားထားသည်။
အုပ်စုတစ်စုလျှင် လူသုံးဆယ်ကျော် ရှိပြီး ထိပ်ဆုံး လေးဦးသာလျှင် နောက်တစ်ဆင့် ဖြစ်သည့် အဆင့်သတ်မှတ် ပြိုင်ပွဲသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။
ထို့ကြောင့် အဆင့်သတ်မှတ်ပြိုင်ပွဲကို ဝင်ရောက်နိုင်ခြေသည် ၁၀ပုံ၁ပုံ နီးပါးထက်ပင် လျော့နည်းနေခဲ့၏။
ကျုံးလီရွှေက အကဲဖြတ်ဒိုင်များကို ဦးစီးကာ အုပ်စုဖွဲ့ခြင်းကို စတင် ညွှန်ကြားခဲ့သည်။
ကျန်းချန်က နံပါတ်တစ်ခုကို မဲနှိုက်၍ ရွေးချယ်ခဲ့ရာ ပထမအုပ်စုတွင် နံပါတ်(၆)အဖြစ် သတ်မှတ်ခံခဲ့ရသည်။
မဲနှိုက်ပြီးနောက်တွင် ကျုံးလီရွှေက သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ နယ်မြေနတ်ဘုရား အရှိန်အဝါကို ထုတ်လွှတ်နေသော ဆန်းကြယ်သည့် ပုလဲတစ်လုံးသည် သူ၏ လက်ဖဝါးထဲတွင် ပေါ်ထွက်လာခဲ့သည်။
နောက်ထပ် တစ်ခဏမှာပင် ထိုလျှို့ဝှက်ဆန်းကြယ်သည့် ပုလဲသည် ရင်ပြင်၏ အလယ်ဗဟိုတွင် မီတာ ၁၀၀ အရွယ်အစားရှိ တိုက်ခိုက်ရေး စင်မြင့်သုံးခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“နယ်မြေနတ်ဘုရားအဆင့် အင်အားစုလို့ မပြောရဘူး.. တကယ်ကို ကြွယ်ဝတာပဲ.. သိုင်းပြိုင်ပွဲကျင်းပဖို့ တိုက်ခိုက်ရေး စင်မြင့်နေရာ အတွက် နယ်မြေနတ်ဘုရားအဆင့် မှော်ရတနာကိုတောင် အသုံးပြုခဲ့တယ်”
သိုင်းပြိုင်ကွင်း၏ အလယ်တွင် ရုတ်တရက် ထွက်ပေါ်လာသော တိုက်ခိုက်ရေး စင်မြင့်သုံးခုကို ကြည့်ရင်း ကျန်းချန်၏ မျက်ဝန်းများတွင် အံ့သြသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
စင်မြင့်သုံးခု ထွက်ပေါ်လာခြင်းနှင့်အတူ အကဲဖြတ်ဒိုင် သုံးဦးသည် ကျုံးလီရွှေ၏ ဦးဆောင်မှုအောက်တွင် အုပ်စုတစ်စုစီ၏ မဲနှိုက်ခြင်းကို စတင် ဆောင်ရွက်ခဲ့ကြသည်။
“ပထမအုပ်စု နံပါတ်(၅)နဲ့ နံပါတ်(၁၉)”
“ဒုတိယအုပ်စု နံပါတ်(၆)နဲ့ နံပါတ်(၂၃)”
“တတိယအုပ်စု နံပါတ်(၁)နဲ့ နံပါတ်(၈)”
အကဲဖြတ်ဒိုင်သုံးဦးက ပထမအကျော့ ပွဲစဥ်များ အတွက် နံပါတ်များကို ကြေညာပြီးနောက်တွင် ပြိုင်ပွဲဝင် တစ်ဦးစီသည် စင်မြင့်ပေါ်သို့ တက်ရောက်ခဲ့ကြပြီး ၎င်းတို့၏ ပြိုင်ဘက်များနှင့် ယှဥ်ပြိုင် တိုက်ခိုက်ခဲ့ကြသည်။
ကျန်းချန်က ပထမအကျော့တွင် မဲနှိုက်ခြင်း မခံရသောကြောင့် စင်မြင့်အောက်ကနေသာ ပွဲကို ကြည့်ရှုနေခဲ့သည်။
ပထမအုပ်စု၏ ပထမဆုံးပွဲစဥ်တွင် ယှဥ်ပြိုင်ရန်အတွက် ဟန်ယွဲ့နန်းတော်၏ ထိပ်ဆုံးပါရမီရှင် ၁၀ဦးထဲမှ တစ်ဦး ဖြစ်သော လုချွမ်က မဲကျခဲ့သည်။
သူ၏ ပြိုင်ဘက်မှာ ပိန်ပါးပါး ကောင်လေးတစ်ဦး ဖြစ်ပြီး ကောင်းကင်နတ်ဘုရား တတိယအဆင့် နှောင်းပိုင်း ကျင့်ကြံသူတစ်ဦး ဖြစ်သည်။
“ရေခဲနဂါး ဖျက်ဆီးခြင်းသိုင်း”
ပိန်ပါးပါး ကောင်လေးသည် သူက လုချွမ်ထက် ခွန်အားနည်းပါးကြောင်း သိရှိသောကြောင့် အခွင့်အရေးကို ဖမ်းဆုပ်သည့် အနေဖြင့် စင်မြင့်ပေါ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ခွန်အားအပြည့်ဖြင့် စတင် တိုက်ခိုက်လိုက်သည်။
“ဝုန်း..”
ပတ်ဝန်းကျင်ရှိ လေထုသည် ပိန်ပါးပါးလူငယ် ထုတ်လွှတ်လိုက်သော ကမ္ဘာ့စွမ်းအားကြောင့် ချက်ချင်းဆိုသလိုပင် အေးခဲလာခဲ့ပြီး ရေခဲနဂါး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ရေခဲနဂါးက အေးစက်သော အရှိန်အဝါကို ထုတ်လွှတ်ကာ ကြောက်မက်ဖွယ် ဟိန်းဟောက်၍ လုချွမ် ဆီသို့ ပျံသန်းလာခဲ့သည်။
လုချွမ်က အနက်ရောင် ဓားတိုတစ်လက်ကို ကိုင်ဆောင်ထားရင်း နေရာမှာပင် မလှုပ်မယှက်ရပ်နေခဲ့၏။
ရေခဲနဂါးက သူ့အနီးသို့ ရောက်ရှိသောအခါမှသာ လုချွမ်သည် စတင် လှုပ်ရှားလိုက်သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ရေခဲနဂါးသည် လုချွမ်၏ ဓားချက်ဖြင့် ပိုင်းဖြတ်ခံလိုက်ရပြီး ပိန်ပါးပါး လူငယ်သည်လည်း အနောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားခဲ့ရသည်။
ပိန်ပါးပါးလူငယ်ကို တစ်ကွက်တည်းဖြင့် နောက်ဆုတ်အောင် တိုက်ခိုက်ပြီးနောက်တွင် လုချွမ်သည် အခွင့်အရေးကို လက်မလွှတ်ခဲ့ပေ။
သူက လက်ထဲမှ အနက်ရောင်ဓားတိုဖြင့် ဓားကွန်ရက်ကို ဖန်တီးကာ ပိန်ပါးပါး လူငယ်ကို လွှမ်းခြုံလိုက်သည်။
“ငါအရှုံးပေးတယ်”
ပိန်ပါးပါးလူငယ်က မသက်သာသော အပြုံးဖြင့် ပြုံးလိုက်ပြီး လျင်မြန်စွာပင် အရှုံးပေးသွားခဲ့သည်။
အရည်အချင်းစစ် ပြိုင်ပွဲတွင် ပြိုင်ပွဲ ဆယ်ပွဲ ရှိသည်။
ဟန်ယွဲ့နန်းတော်၏ ထိပ်ဆုံး ၁၀ဦး စာရင်းထဲမှ တစ်ဦး ဖြစ်သော လုချွမ်နှင့်ရင်ဆိုင်ရလျှင် သူက အစွမ်းကုန် ကြိုးစားသည့်တိုင် အနိုင်ရဖို့ အခွင့်အရေး များစွာမရှိပေ။
ထို့ကြောင့် သူ၏ ခွန်အားကို ချွေတာကာ နောက်ထပ် ပွဲစဥ်များကို ရင်ဆိုင်သည်က ပို၍ ကောင်းမွန်သည် မဟုတ်ပါလော။
သို့မှသာလျှင် ထိပ်ဆုံးလေးနေရာ အတွက် ယှဥ်ပြိုင်နိုင်လိမ့်မည် ဖြစ်၏။