← Chapters

အခန်း (၁၈၄၃+၁၈၄၄)

Vol. 125 Ch. 1843+1844

အခန်း (၁၈၄၃+၁၈၄၄)

Vol. 125 Ch. 1843+1844

အခန်း(၁၈၄၃)

“ဟန်ယွဲ့နန်းတော်ရဲ့ ထိပ်ဆုံးပါရမီရှင်စာရင်းထဲမှာ ပါဝင်ထိုက်ပါတယ်.. တကယ်ကို သန်မာတာပဲ”

ပွဲကြည့် စင်မြင့်ပေါ်မှ ပရိသတ်တိုင်းက သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။

လုချွမ် အနိုင်ရရှိမှုနှင့်အတူ ဒုတိယ တိုက်ခိုက်ရေး စင်မြင့်နှင့် တတိယ တိုက်ခိုက်ရေး စင်မြင့်တို့တွင် ကျင်းပသော ပွဲစဥ် နှစ်ပွဲသည်လည်း လျင်မြန်စွာပင် ပြီးဆုံးသွားခဲ့သည်။

အရည်အချင်းစစ် ပြိုင်ပွဲများ၏ ပထမအကျော့ တိုက်ပွဲများတွင် ပြိုင်ပွဲဝင်များသည် သူသေကိုယ်သေ ရင်ဆိုင်ခြင်းမျိုး မရှိပေ။

ယေဘုယျအားဖြင့် တစ်ဖက်မှ လုံးဝ အသာစီး ရရှိပြီးနောက်တွင် အခြားတစ်ဖက်သည် လိုလိုလားလားပင် ရှုံးနိမ့်ကြောင်း ဝန်ခံကြလေ့ ရှိသည်။

အဘယ်ကြောင့်ဆိုသော် ဤသည်မှာ အရည်အချင်းစစ် ပြိုင်ပွဲ၏ ပထမအကျော့သာ ဖြစ်ပြီး ဆယ်ပွဲ ယှဥ်ပြိုင်ရမည် ဖြစ်သောကြောင့်ပင်။

ဂိုဏ်း၏ ထိပ်ဆုံး ၁၀ဦး စာရင်းဝင် ဖြစ်သည့် လုချွမ်ပင်လျှင် နောက်ထပ် ပွဲစဥ်များကို ရင်ဆိုင်ရန်အတွက် ခွန်အားကို ထိန်းသိမ်းရန် ကြိုးစားရပေလိမ့်မည်။

ပထမအကျော့၏ ပထမပွဲစဥ် ပြီးဆုံးသောအခါတွင် အကဲဖြတ်ဒိုင်သည် ဒုတိယပွဲစဥ်၏ ပြိုင်ဘက်များကို လျင်မြန်စွာ ကြေညာလိုက်သည်။

ဒုတိယပွဲစဥ်သည် ပထမ တိုက်ခိုက်ရေး စင်မြင့်မှ နံပါတ်(၆)နှင့် နံပါတ်(၁၃) တို့၏ ယှဥ်ပြိုင်မှု ဖြစ်သည်။

ထို့ကြောင့် နံပါတ်(၆)ကို မဲနှိုက် ရရှိထားသည့် ကျန်းချန်သည် တိုက်ခိုက်ရေး စင်မြင့်ပေါ်သို့ ပျံသန်းသွားခဲ့သည်။

တစ်ပြိုင်နက်တည်းမှာပင် ခန္ဓာကိုယ် တောင့်တင်းကြံ့ခိုင်သော လူငယ် တစ်ဦးသည်လည်း တိုက်ခိုက်ရေး စင်မြင့်ထက်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့၏။

လူငယ်က အလွန်ပင် သန်မာပုံရပြီး လက်မောင်းနှင့် ခြေသလုံးများ အတော်လေး တုတ်သည်။

သူ၏ ကြွက်သားများက သံမဏိကဲ့သို့ ဖြစ်နေခဲ့ပြီး ခန္ဓာကိုယ်ကနေလည်း အားကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့၏။

“ငါက အတွင်းစည်းတပည့် ဝမ်မုန့်ပါ.. သင်ကြားပြသပေးပါဦး”

ခန္ဓာကိုယ် တောင့်တင်းကြံ့ခိုင်သော လူငယ်က ပြင်းထန်စွာ ကြုံးဝါးလိုက်ပြီး ခြေတစ်ချက်ဆောင့်ကာ‌ လေထဲသို့ ခုန်တက်လိုက်၏။

ယင်းနောက် လက်သီးချက် တစ်ချက်ကို ထုတ်ဖော်ကာ ကျန်းချန်အား တိုက်ခိုက်လိုက်သည်။

ခန္ဓာကိုယ် တောင့်တင်း ကြံ့ခိုင်သောလူငယ်သည် ခွန်အားကို အဓိကထားသည့် ကိုယ်ခံပညာရပ်အား ကျင့်ကြံထားပုံရ၏။

သို့သော်လည်း လူငယ်သည် ကောင်းကင်နတ်ဘုရား တတိယအဆင့်သာလျှင် ဖြစ်သည်။

ကျန်းချန်က သူ၏လက်ဖဝါးကို အသာအယာ မြှောက်လိုက်ရာ စွမ်းအင်အလွှာ တစ်ခုသည် သူ၏ခန္ဓာကိုယ် တစ်ခုလုံးတွင် တောက်ပစွာ ထွက်ပေါ်လာခဲ့သည်။

“ဝုန်း..”

ထိုအချိန်မှာပင် ခန္ဓာကိုယ်တောင့်တင်း ကြံ့ခိုင်သော လူငယ်၏ လက်သီးချက်သည် ကျန်းချန်၏ ခန္ဓာကိုယ်ပေါ်သို့ တိကျစွာ ကျရောက်သွားခဲ့သည်။

သို့သော်လည်း ကျန်းချန်က လက်သီးချက်၏ သက်ရောက်မှုကို လုံးဝ မခံရသည့်အပြင် ခြေလှမ်းတစ်ဝက်ပင် မယိမ်းယိုင်ခဲ့ပေ။

တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ် တောင့်တင်း ကြံ့ခိုင်သောလူငယ်သည် ကျန်းချန်၏ ကိုယ်ပေါ်မှ တန်ပြန်စွမ်းအားဖြင့် တိုက်ခိုက်ရေး စင်မြင့် အပြင်ဘက်သို့ လွင့်စင်သွားခဲ့သည်။

“ငါအရှုံးပေးတယ်”

ခန္ဓာကိုယ် တောင့်တင်းကြံ့ခိုင်သော လူငယ်က ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်သည်။

အကဲဖြတ်ဒိုင်က ရလဒ်ကို ကြေညာပြီးနောက်တွင် ကျန်းချန်သည် ပထမဆုံးနိုင်ပွဲကို လျင်မြန်စွာပင် ရရှိသွားခဲ့၏။

“ဒါက နယ်မြေနတ်ဘုရားအဆင့် မှော်ရတနာကနေ ဖန်တီးထားတဲ့ တိုက်ခိုက်ရေးစင်မြင့် ဖြစ်ထိုက်ပါပေတယ်.. ထာဝရ ဘုရားကျောင်းက တိုက်ခိုက်ရေး စင်မြင့်နဲ့တောင် အနည်းငယ် ဆင်တူသလိုပဲ”

ကျန်းချန်က ဝမ်မုန့်ကို သက်သောင့်သက်သာ အနိုင်ယူပြီးနောက်တွင် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ဤနယ်မြေနတ်ဘုရား လက်နက်ကနေ ဖန်တီးထားသော တိုက်ခိုက်ရေး စင်မြင့်သည် အားကောင်းသော ကာကွယ်ရေးရှိရုံသာမက ကြီးမားသော ဖိနှိပ်နိုင်စွမ်းလည်း ရှိ၏။

ထိုတိုက်ခိုက်ရေးစင်မြင့်သည် ကောင်းကင်နတ်ဘုရားများ၏ စွမ်းအားများကို အတိုင်းအတာတစ်ခု အထိ လျှော့ချပေးနိုင်စွမ်း ရှိသည်။

သို့မဟုတ်လျှင် စွမ်းအင်လှိုင်းလုံးများကြောင့် ပတ်ဝန်းကျင်တွင် အပျက်အစီးများ ဖြစ်နိုင်ဖွယ်ရှိသည်။

ဤကဲ့သို့ အဆင့်မြင့် တိုက်ခိုက်ရေး စင်မြင့် မရှိခဲ့လျှင် သိုင်းပြိုင်ပွဲကို ကျင်းပရန် အမှန်တကယ် ခက်ခဲပေလိမ့်မည်။

“အရှင်ရွှယ်သောင်းရဲ့ တိုက်ရိုက်တပည့်က ပေါ့သေးသေး မဟုတ်ဘူးပဲ.. ကုန်းလင်ကို စိန်ခေါ်ရဲတာ အံ့သြစရာမရှိတော့ဘူး”

ပတ်ဝန်းကျင်မှ ပရိသတ်များသည် တိုက်ခိုက်ရေးစင်မြင့်ပေါ်မှ အခြေအနေကို မြင်လျှင် တအံ့တသြ ဖြစ်နေခဲ့ကြသည်။

ခန္ဓာကိုယ် တောင့်တင်းကြံ့ခိုင်သော လူငယ် ဝမ်မုန့်သည် ဟန်ယွဲ့နန်းတော်၏ အတွင်းစည်း တပည့်များကြားတွင် နာမည်ကျော်ကြားသူဖြစ်သည်။

သို့သော်လည်း ကျန်းချန်သည် သက်သောင့်သက်သာဖြင့်ပင် ဝမ်မုန့်ကို အနိုင်ယူခဲ့ရာ ကျန်းချန်၏ ခွန်အားသည် ဂိုဏ်း၏ ထိပ်ဆုံးပါရမီရှင် ၁၀ဦးထက် မနိမ့်ကျနိုင်တော့ပေ။

ဤသို့ဖြင့် အရည်အချင်းစစ် ပြိုင်ပွဲ၏ ပထမအကျော့ ပြိုင်ပွဲများကို ဆက်လက် ကျင်းပခဲ့သည်။

သိပ်မကြာခင်မှာပင် ကျီဝူရွှယ်၏ အလှည့်သို့ ရောက်လာခဲ့၏။

ကျန်းချန် ကဲ့သို့ပင် ကျီဝူရွှယ်သည်လည်း ပထမအုပ်စုတွင် ကျရောက်ခဲ့သည်။

သို့သော်လည်း သူမက ကံမကောင်းခဲ့ဘဲ ပထမဆုံး တိုက်ပွဲမှာပင် ထိပ်ဆုံး၁၀ဦး စာရင်းထဲမှ စတုတ္ထနေရာတွင် ရှိသည့် ရှစ်ယွင်ကျန့်နှင့် တွေ့ဆုံခဲ့သည်။

ကျီဝူရွှယ်က ရှုံးနိမ့်ကြောင်း ဝန်ခံရန် တစ်ခါတည်း ရွေးချယ်ခဲ့သည်။

သူမက ဟန်ယွဲ့နန်းတော်၏ အကြီးအကဲထံမှ တစ်သက်တာအမွေအနှစ်ကို ရရှိခဲ့သော်လည်း အဆုံးသတ်တွင် နတ်ဘုရားနယ်မြေသို့ ရောက်ရှိလာသည့် အချိန်မှာ တိုတောင်းလွန်းလှ၏။

လွန်ခဲ့သော ၅နှစ်က ခွန်အားအပြည့်ဖြင့် ကျင့်ကြံခဲ့သော်လည်း သူမသည် ကောင်းကင်နတ်ဘုရား တတိယအဆင့်ကိုပင် မကြာသေးမီကမှ ထိုးဖောက်နိုင်ခဲ့ခြင်း ဖြစ်ပြီး သိုင်းပြိုင်ပွဲတွင် ပါဝင်ရန် အတွက် အရည်အချင်း ပြည့်မီရုံလောက်သာ ဖြစ်သည်။

သူမ၏ ခွန်အားဖြင့်ဆိုလျှင် ရှစ်ယွင်ကျန့် ကဲ့သို့ ဂိုဏ်း၏ ထိပ်တန်းပါရမီရှင်ကို အနိုင်ရရန်မှာ အခွင့်အရေးလုံးဝ မရှိသလောက်ပင်။

ကျန်းချန်နှင့်သာ မတွေ့ဆုံခဲ့လျှင် အကြီးအကဲချုပ်၏ နောက်ဆုံးဆန္ဒကို လိုက်နာရန် အတွက် သူမသည် အသက်အသေခံပြီး တိုက်ခိုက်ရန် စဥ်းစားကောင်း စဥ်းစားပေလိမ့်မည်။

ယခုအခါတွင် သူမ၏ သားသည် ဟန်ယွဲ့နန်းတော်သို့ ရောက်ရှိလာရုံသာမက သိုင်းပြိုင်ပွဲတွင် ပထမနေရာကို ရယူရန်အတွက် ယုံကြည်မှု ရှိနေခဲ့သည် ဖြစ်ရာ သူမ အနေဖြင့် အလဟဿ အသက်စွန့် တိုက်ခိုက်ရန် စဥ်းစားမည် မဟုတ်ပေ။

တိုက်ပွဲမစခင်မှာပင် ကျီဝူရွှယ်၏ အရှုံးပေးမှုသည် မငြိမ်မသက်မှုများကို ဖြစ်ပေါ်စေခဲ့ခြင်း မရှိပေ။

အဘယ်ကြောင့်ဆိုသော အရည်အချင်းစစ် ပြိုင်ပွဲနှင့် အဆင့်သတ်မှတ်ပြိုင်ပွဲတွင် ပါဝင်ရန် မလိုအပ်သော ဂိုဏ်း၏ ထိပ်ဆုံး ပါရမီရှင် သုံးဦးမှ လွဲလျှင် ရှစ်ယွင်ကျန့်သည် အစွမ်းအထက်ဆုံး ကျင့်ကြံသူ ဖြစ်သောကြောင့်ပင်။

ဤကဲ့သို့သော ပုဂ္ဂိုလ်ကို မည်သူက တိုက်ခိုက်လိုပါမည်နည်း။

ပွဲစဥ်များကို တစ်ပွဲပြီးတစ်ပွဲ ယှဥ်ပြိုင်ပြီးနောက်တွင် ပထမအကျော့ ပွဲစဥ်များသည် မကြာမီမှာပင် ပြီးဆုံးသွားခဲ့သည်။

--------------

ဤသို့ဖြင့်ပင် ပဉ္စမအကျော့အထိ ကျန်းချန်သည် သူ၏ ပြိုင်ဘက်ကို လွယ်ကူစွာ အနိုင်ရခဲ့ပြီး ၅ပွဲဆက်တိုက် အောင်ပွဲကို ရရှိခဲ့သည်။

ပဉ္စမအကျော့ အပြီးတွင် သူတို့အုပ်စုမှ ကျန်းချန် အပါအဝင်လေးဦးသည် ၅ပွဲဆက်တိုက် အောင်ပွဲကို ရရှိခဲ့ကြသည်။

ထိုလေးဦးထဲမှ နှစ်ဦးမှာ ဂိုဏ်း၏ ထိပ်ဆုံး ၁၀ဦး စာရင်းထဲမှ ဖြစ်ကြသည်။

ထိုနှစ်ဦးထဲမှ တစ်ဦးမှာ အဆင့်(၈) နေရာတွင် ရှိသည့် လုချွမ်ဖြစ်ပြီး ကျန်တစ်ဦးမှာ အဆင့်(၄) နေရာတွင် ရှိသည့် ရှစ်ယွင်ကျန့် ဖြစ်သည်။

ကျန်ရှိသော နှစ်ဦးကမူ ကျန်းချန်နှင့် ဖုန်းမင် အမည်ရှိ အခြား တပည့်တစ်ဦးတို့ ဖြစ်ပြီး သူတို့ လေးယောက်လုံးသည် ရာနှုန်းပြည့် အောင်ပွဲကို ရရှိခဲ့ကြသည်။

ဖုန်းမင်သည် ဂိုဏ်း၏ ထိပ်ဆုံး ၁၀ဦးစာရင်းဝင် မဟုတ်သော်လည်း ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်ကို ရောက်ရှိနေပြီ ဖြစ်၍ ခွန်အားမနည်းပေ။

သူတို့လေးဦးသည် ပထမအုပ်စု၏ ထိပ်ဆုံးလေးနေရာကို အခိုင်အမာ သိမ်းပိုက်ထားခဲ့ကြသည်။

မတော်တဆမှုများ မရှိသရွေ့ သူတို့လေးဦးသည် အရည်အချင်းစစ်ပြိုင်ပွဲကို ကျော်ဖြတ်ပြီး အဆင့်သတ်မှတ်ပြိုင်ပွဲသို့ ဝင်ရောက်နိုင်လိမ့်မည် ဖြစ်၏။

ပထမအကျော့ အပြီးတွင် ကျုံးလီရွှေသည် ခွန်အားများ ပြန်လည် ပြည့်ဝရန်အတွက် အနားယူချိန် ၁နာရီ ပေးခဲ့သည်။

၁နာရီကြာပြီးနောက်တွင် အရည်အချင်းစစ် ပြိုင်ပွဲ၏ ဆဋ္ဌမအကျော့ ပွဲစဥ်များကို စတင်ခဲ့သည်။

ဤဆဋ္ဌမ အကျော့တွင် ကျန်းချန်သည် တတိယ ပွဲစဥ်တွင် မဲကျခဲ့သည်။

သူ၏ ပြိုင်ဘက်မှာ ဟန်ယွဲ့နန်းတော်၏ ထိပ်ဆုံး ၁၀ဦးစာရင်းထဲမှ တစ်ဦးဖြစ်သော လုချွမ် ဖြစ်၏။

မဲနှိုက်ပြီးနောက်တွင် သူတို့နှစ်ဦး စလုံးသည် တိုက်ခိုက်ရေးစင်မြင့်ထက်သို့ တက်လာခဲ့ကြသည်။

ဤပွဲစဥ်ကို ပရိသတ်တိုင်းသည် အတော်လေး စိတ်ဝင်စားခဲ့ကြသည်။

အရည်အချင်းစစ် ပြိုင်ပွဲကို ဝင်ပါစေရာ မလိုအပ်သော ကုန်းလင်နှင့် ပိုင်ရှင်းကျန့်တို့၏ အကြည့်သည်ပင် ပထမ တိုက်ခိုက်ရေးစင်မြင့်ပေါ်တွင်သာ ရောက်ရှိနေခဲ့ကြသည်။

“ဒီအကျော့မှာ ကျန်းချန်နဲ့ လုချွမ်တို့ တွေ့မယ်လို့ မမျှော်လင်ခဲ့ဘူး.. ဒီတိုက်ပွဲမှာ ဘယ်သူအနိုင်ရမယ်လို့ မင်းထင်လဲ”

“ငါကတော့ လုချွမ်ပဲ အနိုင်ရမယ်လို့ထင်တယ်.. ကျန်းချန်က သန်မာတယ် ဆိုပေမဲ့လည်း ဂိုဏ်းရဲ့ ထိပ်ဆုံး၁၀ဦး စာရင်းထဲက ပါရမီရှင်ကို အနိုင်ယူဖို့ မလွယ်လောက်ဘူး”

“ဒါတော့ မသေချာဘူး ကျန်းချန်ရဲ့ ခွန်အားကလည်း လုချွမ်ထက် မနိမ့်ဘူးလို့ ငါထင်တယ်”

“.........”

ကျန်းချန်နှင့် လုချွမ်တို့၏ ပြိုင်ပွဲနှင့် ပတ်သက်၍ ဆွေးနွေးမှုများစွာ ရှိခဲ့သည်။

အများစုက လုချွမ်ကိုသာ ထောက်ခံကြသော်လည်း လူအနည်းငယ်သာလျှင် ကျန်းချန်ကို နှစ်သက်ခဲ့ကြသည်။

တိုက်ခိုက်ရေးစင်မြင့်ပေါ်တွင် လုချွမ်နှင့် ကျန်းချန်တို့သည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ရပ်နေခဲ့ကြသည်။

“ကျန်းချန် မင်းက ငါ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး.. အချိန်ဖြုန်းမနေဘဲ အရှုံးပေးလိုက်စမ်းပါ”

“အပိုစကားတွေ ပြောမနေနဲ့.. တိုက်စရာရှိရင် မြန်မြန်တိုက်”

ကျန်းချန်က အ‌ရေးမစိုက်ဟန်ဖြင့် ပြုံးကာ ပြောလိုက်သည်။

“ဟန်ယွဲ့နန်းတော်ရဲ့တပည့်တွေထဲမှာ ဘယ်သူကမှ ငါကျန်းချန်ကို ရှုံးနိမ့်အောင် လုပ်နိုင်မှာမဟုတ်ဘူး.. ငါတို့နှစ်ယောက်မှာ ၆ပွဲဆက်တိုက် အောင်ပွဲကို ရရှိမဲ့သူက ငါကျန်းချန်ပဲ ဖြစ်ရလိမ့်မယ်”

ကျန်းချန်၏ စကားများသည် လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။

လုချွမ်သည် ဟန်ယွဲ့နန်းတော်၏ ထိပ်ဆုံး၁၀ဦး စာရင်းထဲမှ ပါရမီရှင်တစ်ဦး ဖြစ်သည်။

ကျန်းချန်၏ လေသံအရ ထိပ်ဆုံး၁၀ဦး စာရင်းထဲတွင် နံပါတ်(၈) နေရာတွင် ရှိသည့် လုချွမ်ကို လုံးဝအရေးမစိုက်သည်မှာ ထင်ရှားနေခဲ့၏။

“ကောင်းပြီလေ မင်းက ကိုယ့်ကိုယ်ကိုယ် အရှက်ကွဲချင်နေမှတော့ ငါမင်းဆန္ဒကိုဖြည့်ဆည်းပေးမယ်”

လုချွမ်၏ မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

ထို့နောက်တွင် သူက ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်၏ အားကောင်း‌သော အရှိန်အဝါကို ထုတ်လွှတ်ကာ ကျန်းချန်ကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။

အခန်း(၁၈၄၃)ပြီး၏။

အခန်း(၁၈၄၄)

လုချွမ်၏ အရှိန်အဝါဖိနှိပ်မှုနှင့် ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် တောင်တစ်လုံးကဲ့သို့ မလှုပ်မယှက်ဘဲ နေရာတွင်သာ မာန်ပါပါ ရပ်နေခဲ့သည်။

သူ၏လက်ရှိခွန်အားဖြင့်ဆိုလျှင် ကောင်းကင်နတ်ဘုရားစတုတ္ထအဆင့်၏ ဖိအားကိုပင် စိုးရိမ်စရာမလိုအပ်ရာ လုချွမ်ကဲ့သို့ စတုတ္ထအဆင့်ကောင်းကင်နတ်ဘုရားတစ်ပါး၏ ဖိအားကို အဘယ်ကြောင့် ဂရုစိုက်ရပါမည်နည်း။

သူ၏ အရှိန်အဝါက ကျန်းချန်အပေါ်တွင် မထိရောက်သည်ကိုမြင်လျှင် လုချွမ်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

မကြာမီမှာပင် သူက ချက်ချင်းဆိုသလို ပြင်းထန်သော လေပွေအဖြစ်သို့ ပြောင်းလဲကာ မျက်စိတစ်မှိတ်အတွင်း ကျန်းချန်၏ ရှေ့တွင် ပေါ်လာခဲ့ပြီး ကြောက်မက်ဖွယ်လက်ဝါးရိုက်ချက်ဖြင့် တိုက်ခိုက်လိုက်သည်။

ကျန်းချန်က အေးအေးလူလူပင် လက်သီးတစ်လုံးပစ်သွင်းလိုက်ရာ ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ရာကောင်းသော ပေါက်ကွဲသံက ထွက်ပေါ်လာခဲ့သည်။

လက်သီးနှင့်လက်ဝါး ရင်ဆိုင်တွေ့ပြီးနောက်တွင် လုချွမ်၏ အမူအရာသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး ခြေခုနစ်လှမ်း၊ ရှစ်လှမ်းခန့် နောက်ဆုတ်လိုက်ရသည်။

သူ၏ ဆန့်ကျင်ဘက်ရှိ ကျန်းချန်ကို ကြည့်ကာ သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့သြသောအရိပ်အယောင်များ ရှိနေခဲ့၏။

“မင်းမှာ ဒီလို ခွန်အားမျိုး ရှိနေလိမ့်မယ်လို့ ငါ မထင်ခဲ့မိဘူး.. ငါ မင်းကို အထင်သေးခဲ့မိပြီပဲ.. ဒါပေမဲ့ ငါ့ကို အနိုင်ယူဖို့ အတွက်တော့ မင်းက အရည်အချင်း မပြည့်မီသေးဘူး”

စကားဆုံးသည်နှင့် လုချွမ်က လေထဲသို့ ခုန်တက်သွားခဲ့ပြီး ကမ္ဘာ့စွမ်းအား ၄မျိုးဖြင့် ပေါင်းစပ်ထားသော လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်ရာ ဧရာမလက်ဖဝါး အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ဆီသို့ ကျရောက်လာခဲ့သည်။

“ဝုန်း..”

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ဆူညံသည် သိုင်းပြိုင်ကွင်းတစ်ခုလုံးတွင် ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်၏ ဦးခေါင်းအထက်ရှိ နေရာလွတ်သည်ပင် ဧရာမ လက်ဝါးရိုက်ချက်၏ ဖိအားအောက်တွင် ပြိုကျသွားခဲ့သည်။

တိုက်ခိုက်ရေးစင်မြင့်သာ နယ်မြေနတ်ဘုရားအဆင့် မှော်ရတနာ မဟုတ်လျှင် လုချွမ်၏ လက်ဝါးရိုက်ချက်သည် တိုက်ခိုက်ရေးစင်မြင့်ကို ပျက်စီးသွားနိုင်ခြေ ရှိသည်။

“တကယ်လား မင်း ဘယ်လိုပဲ ပြောပြော ၆ပွဲဆက်တိုက်အောင်ပွဲက ငါ့အတွက်ပဲဖြစ်ရမယ်”

ကျန်းချန်က ထိုစကားကို ပြောဆိုရင်း သူ၏ခွန်အားကို ၁၀ပုံ ၇ပုံအထိ မြှင့်တင်ကာ လက်သီးချက် တစ်ချက်ကို ထုတ်ဖော်၍ ဧရာမ လက်ဝါးကို ရင်ဆိုင်လိုက်၏။

“ဝုန်း..”

ထိပ်တိုက်တွေ့ဆုံမှုက တစ်ဖန် ဖြစ်ပေါ်လာခဲ့ပြီး ပြင်းထန်သော သက်ရောက်မှုသည် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားခဲ့ကာ တတိုက်ခိုက်ရေးစင်မြင့် တစ်ခုလုံးကို နေရာလွတ်အက်ကွဲကြောင်းများ ဖြစ်ပေါ်စေခဲ့သည်။

တစ်ချိန်တည်းမှာပင် လုချွမ်၏ ဧရာမလက်ဝါးသည် ကျန်းချန်၏ လက်သီးချက်ဖြင့် ချက်ချင်းဆိုသလို ပြိုကျသွားခဲ့သည်။

ယင်းနောက်တွင် အရှိန်မသေသေးသော ကျန်းချန်၏ လက်သီးချက်က လုချွမ်၏ ခန္ဓာကိုယ်ကို ထိမိလုနီးပါးအချိန်တွင် လုချွမ်သည် ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။

တစ်ခဏအတွင်းမှာပင် ရေလှိုင်းအပြာရောင် ရှိသည့် ဆန်းကြယ်သော ချီအလွှာသည် လုချွမ်၏ ခန္ဓာကိုယ်ထက်တွင် လျှပ်တစ်ပြက် ပေါ်လာခဲ့သည်။

“ဝုန်း..”

ကျန်းချန်၏ လက်သီးချက်က ရေလှိုင်းအပြာရောင်ချီကို ထိမိပြီးနောက်တွင် ချီစွမ်းအားသည် ပြင်းထန်စွာ တုန်ခါသွားသော်လည်း မပြိုကွဲသွားခဲ့ပေ။

ထို့အပြင် ချက်ချင်းဆိုသလို လက်တစ်လျှောက် ပြန်ကန်ထွက်လာသော ကြောက်မက်ဖွယ်ရာ စွမ်းအားကြောင့် ကျန်းချန်သည် အနောက်သို့ ခြေ၂လှမ်း၊ ၃လှမ်းခန့် ဆုတ်လိုက်ရ၏။

“ဒါ ဒါက ထိုက်ကျိချီစွမ်းအား မဟုတ်လား"

"လုချွမ်က ထိုက်ကျိချီစွမ်းအား ကိုယ်ခံပညာကို ဒီလောက်အထိတောင် အသုံးပြုနိုင်လိမ့်မယ်လို့ မထင်ထားမိဘူး”

ထိုက်ကျိချီစွမ်းအား ကိုယ်ခံပညာရပ်သည် ဟန်ယွဲ့နန်းတော်၏ အစွမ်းအထက်ဆုံး ကာကွယ်ရေးကျင့်စဥ်များထဲမှ တစ်ခုဖြစ်သည်။

ထိုကျင့်စဥ်က တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ကာကွယ်နိုင်စွမ်းရှိသည့်အပြင် တစ်ဖက်လူ၏ စွမ်းအားအတိုင်း ပြန်လည် တုံ့ပြန်နိုင်စွမ်းလည်း ရှိသည်။

“ဒီတစ်ပွဲ‌တော့ ကျန်းချန် ဒုက္ခရောက်ပြီထင်တယ်”

လူတိုင်းက တိုက်ခိုက်ရေးစင်မြင့်ပေါ်မှ အခြေအနေကို ကြည့်ကာ ခေါင်းခါရမ်း၍ သက်ပြင်းများချလိုက်ကြသည်။

“ဆရာတူအစ်ကိုရှန်း.. ဆရာတူညီလေးကျန်းက ဒုက္ခရောက်နေပုံပဲ”

တိုက်ခိုက်ရေးစင်မြင့်ထက်မှ အခြေအနေကိုမြင်လျှင် ရှချင်းမင်သည် ကျန်းချန် အတွက် စိုးရိမ်နေခဲ့သည်။

ရှန်းဟုန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“မင်းမစိုးရိမ်ပါနဲ့ လုချွမ်လို အဆင့်လောက်က ဆရာတူညီလေးကျန်းကို ဘယ်လိုမှဒုက္ခပေးနိုင်မှာ မဟုတ်ဘူး”

ထိုက်ကျိချီစွမ်းအား ကိုယ်ခံပညာရပ်က အစွမ်းထက်သော်လည်း သူ၏ ခွန်အားဖြင့်ဆိုလျှင် ရင်ဆိုင်နိုင်မည်ဟု ယုံကြည်ခဲ့သည်။

ကျန်းချန်က သူ့ထက်ပင် ခွန်အားများစွာ သာလွန်သည် ဖြစ်ရာ လုချွမ်၏ ထိုက်ကျိချီ စွမ်းအား ကိုယ်ခံပညာရပ်သည် ကျန်းချန်ကို မည်ကဲ့သို့ ခြိမ်းခြောက်နိုင်ပါအံ့နည်း။

“ကျန်းချန်.. ငါ့ရဲ့ ဒီနယ်မြေနတ်ဘုရားအဆင့် ကိုယ်ခံပညာရပ်ကို သာမန်ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရား ကျင့်ကြံသူတောင် ချိုးဖျက်လို့ မလွယ်ကူဘူး မင်းအနေနဲ့ အရှုံးပေးသင့်ပြီလို့ ငါထင်တယ်”

နောက်ဆုတ်သွားသောကျန်းချန်ကိုကြည့်ကာ လုချွမ်၏ မျက်လုံးထဲတွင် ကျေနပ်အားရသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“ဒါက နယ်မြေနတ်ဘုရားအဆင့် ကိုယ်ခံပညာရပ်လေးပါပဲ.. ဒီကိုယ်ခံပညာရပ်လောက်နဲ့ ငါ့ရဲ့ အောင်ပွဲဆက်မှုကို ရပ်တန့်နိုင်မယ်လို့ မင်းထင်နေရင်တော့ စိတ်ကူးယဥ်ဆန်လွန်းရာ ကျနေပြီ”

ကျန်းချန်က အေးစက်စက် ပြုံးလိုက်ပြီးနောက်တွင် ကောင်းကင်မီးနတ်ဓားကို ထုတ်ကာ ဓားကွက်တစ်ကွက်ကို ပေါ့ပါးစွာ ထုတ်ဖော်လိုက်သည်။

ချက်ချင်းဆိုသလိုပင် လုချွမ်၏ကိုယ်ပေါ်ရှိ ထိုက်ကျိချီစွမ်းအား အလွှာသည် ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ၁လက်မချင်းစီ အက်ကွဲသွားခဲ့သည်။

“ဝေ့ါ..”

လုချွမ်၏ လည်ချောင်းက ချိုမြိန်သွားခဲ့ပြီး ပါးစပ်ကနေလည်း သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရ၏။

“မင်း.. မင်းရဲ့ကျင့်ကြံခြင်းအဆင့်က ကောင်းကင်နတ်ဘုရားပဉ္စမအဆင့်ကိုတောင် ရောက်နေပြီလား”

ဖြူဖျော့သောမျက်နှာထားဖြင့် ခြေ၁၀လှမ်းကျော်ခန့် နောက်ဆုတ်သွားရပြီးနောက်တွင် လုချွမ်၏ ကျန်းချန်ကို ကြည့်နေသော အကြည့်တွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်သည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူ ဖြစ်နေခဲ့၏။

လုချွမ်၏ မယုံကြည်နိုင်စရာ ရေရွတ်သံကိုကြားလျှင် ပရိသတ်များသည်လည်း မှင်တက်သွားခဲ့ပြီး ပြန်လည်အသိဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

ဟန်ယွဲ့နန်းတော်၏ ထိပ်ဆုံး၁၀ဦး စာရင်းဝင် ပါရမီရှင် အများစုသည် ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်တွင်သာ ရှိကြသည်။

ဆိုလိုသည်မှာ ကျန်းချန်သည် ကျင့်ကြံခြင်းအဆင့် တစ်ခုတည်းဖြင့်ပင် ဟန်ယွဲ့နန်းတော်၏ ထိပ်ဆုံး၁၀ဦး စာရင်းဝင် ပါရမီရှင်အများစုကို ကျော်ဖြတ်သွားခဲ့ချေပြီ။

“ဒါ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

သို့သော်လည်း လက်ရှိအခြေအနေက သူတို့ကို ယုံကြည်ရန် တိုက်တွန်းနေခဲ့သည်။

ဟန်ယွဲ့နန်းတော်၏ နယ်မြေနတ်ဘုရားအဆင့် ကိုယ်ခံပညာရပ်ဖြစ်သည့် ထိုက်ကျိချီစွမ်းအား ကိုယ်ခံပညာရပ်သည် ကာကွယ်ရေးတွင် အလွန် အစွမ်းထက်သော ကိုယ်ခံပညာရပ် ဖြစ်သည်။

ထိုက်ကျိချီစွမ်းအား ကိုယ်ခံပညာရပ်ကို အသုံးပြုသူထက် ခွန်အား မသာလွန်ခဲ့လျှင် ထိုက်ကျိချီစွမ်းအားကို ဖြိုခွင်းရန်မှာ မဖြစ်နိုင်သလောက်ပင်။

ကျန်းချန်က လုချွမ်၏ ထိုက်ကျိချီစွမ်းအား အလွှာကို ဤမျှအထိ အလွယ်တကူ ဖြိုခွင်းနိုင်ခဲ့သည်ဖြစ်ရာ ကောင်းကင်နတ်ဘုရားပဉ္စမအဆင့်ကို ရောက်ရှိနေသည်မှာ သေချာသလောက်ဖြစ်၏။

“ချန်အာရဲ့ ကျင့်ကြံခြင်းအဆင့်က မမျှော်လင့်ဘဲ ကောင်းကင်နတ်ဘုရားပဉ္စမအဆင့်ကိုတောင်‌ ရောက်နေပြီကိုး”

ကျန်းချန်ကို ကြည့်နေသည့် ကျီဝူရွှယ်၏ လှပသောမျက်လုံးလေးတွင်လည်း မယုံကြည်နိုင်လောက်အောင် အံ့သြသောအမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

သူမ သိထားသလောက် ဟန်ယွဲ့နန်းတော်၏ နံပါတ်(၁) ပါရမီရှင် ဖြစ်သည့် ကုန်းလင်သည်လည်း ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူ ဖြစ်သည်။

တစ်နည်းအားဖြင့် ကျန်းချန်၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်သည် ကုန်းလင်နှင့်ယှဥ်ပြိုင်ရန် အရည်အချင်း ပြည့်မီနေခဲ့၏။

“လုချွမ်.. မင်းငါနဲ့ဆက်ပြီး တိုက်ခိုက်ဦးမှာလား”

ကျန်းချန်က လက်ပိုက်၍ ကျန်းချန်ကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။

“ငါအရှံးပေးပါတယ်”

လုချွမ်၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး အဆုံးသတ်တွင် သူက အရှုံးပေးရန်သာ ရွေးချယ်လိုက်သည်။

ကျန်းချန်က ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူဖြစ်၍ ဟန်ယွဲ့နန်း‌တော်၏ ထိပ်ဆုံး၁၀ဦး စာရင်းဝင်ထဲမှ လူအနည်းစုသာလျှင် ကျန်းချန်နှင့် ယှဥ်ပြိုင်နိုင်လိမ့်မည် ဖြစ်၏။

သူ့တွင် ဝှက်ဖဲတချို့ ရှိသေးသော်လည်း ထိုဝှက်ဖဲများကို ထုတ်သုံးသည့်တိုင် ကျန်းချန်နှင့် တိုက်ခိုက်နိုင်မည် မဟုတ်ပေ။

သို့သော် ဤသည်မှာ အရည်အချင်းစစ် ပြိုင်ပွဲသာ ဖြစ်ရာ လုချွမ်သည် သူ၏ ဝှက်ဖဲအားလုံးကို စောစောစီးစီး မဖော်ထုတ်လိုသည်မှာ သဘာဝပင်။

“ဒီပွဲစဥ်မှာ နံပါတ်(၆)ကျန်းချန်က အနိုင်ရပါတယ်”

လုချွမ်က အရှုံးပေးလိုက်ပြီးနောက်တွင် အကဲဖြတ်ဒိုင်က ကျန်းချန်၏ အောင်ပွဲကို လျင်မြန်စွာ ကြေညာခဲ့သည်။

ထို့အပြင် ကျန်းချန်သည် ပထမအုပ်စုတွင် ၆ပွဲဆက်တိုက် အောင်ပွဲရသည့် ပထမဆုံးလူ ဖြစ်လာခဲ့သည်။

မကြာမီမှာပင် ဆဋ္ဌမအကျော့ ပွဲစဥ်များက ပြီးဆုံးသွားခဲ့ပြီး သတ္တမအကျော့ ပွဲစဥ်များကို ချက်ချင်းဆိုသလို စတင်ခဲ့သည်။

အရည်အချင်းစစ်ပြိုင်ပွဲက ပြီးဆုံးလုနီးပါး ဖြစ်သောကြောင့် တိုက်ခိုက်ရေး စင်မြင့်ပေါ်ရှိ တိုက်ပွဲသည် ပိုမို၍ ပြင်းထန်လာခဲ့၏။

အဘယ်ကြောင့်ဆိုသော် အရည်အချင်းစစ် ပြိုင်ပွဲသည် နောက်ဆုံးသုံးကျော့သာ ကျန်ရစ်သောကြောင့်ပင်။

ပဉ္စမနှင့် ဆဋ္ဌမနေရာမှ လူများသည် အဆင့်သတ်မှတ် ပြိုင်ပွဲကို ဝင်ရောက် ယှဥ်ပြိုင်လိုသောကြောင့် အစွမ်းအစများကို ပိုမို၍ ထုတ်ပြလာကြသည်။

လုချွမ်နှင့် တိုက်ခိုက်ပြီးနောက်တွင် ကျန်းချန်သည် နောက်ထပ် နှစ်ကျော့၌ သံသယဖြစ်ဖွယ်ရာမရှိ လွယ်ကူသွားခဲ့သည်။

၇ကျော့စလုံးတွင် သူ၏ ပြိုင်ဘက်များသည် အရှုံးပေးရန် ပြတ်ပြတ်သားသားပင် ရွေးချယ်ခဲ့ကြသည်။

ဟန်ယွဲ့နန်း‌တော်၏ ထိပ်ဆုံး၁၀ဦး စာရင်းထဲမှ ပါရမီရှင်ကိုပင် အနိုင်ယူနိုင်သော သူနှင့် ရင်ဆိုင်ရာတွင် မည်သူကမှ မိုက်မဲစွာ တိုက်ခိုက်ရန် ရွေးချယ်လိမ့်မည် မဟုတ်ချေ။

ဤသို့ဖြင့်ပင် ပွဲစဥ်များကို ဆက်လက် ကျင်းပရင်း အရည်အချင်းစစ် ပြိုင်ပွဲ၏ နောက်ဆုံးအကျော့အထိ ရောက်ရှိလာခဲ့သည်။

ပထမ တိုက်ခိုက်ရေးစင်မြင့်၏ အကဲဖြတ်ဒိုင်သည် မဲနှိုက်မှုအပြီးတွင် ပထမဆုံးပွဲစဥ်ကို ကြေညာခဲ့သည်။

“ဒသမအကျော့ရဲ့ ပထမဆုံးပွဲစဥ်အဖြစ် နံပါတ်(၆)နဲ့နံပါတ်(၁၁)တို့ ယှဥ်ပြိုင်ဖို့အတွက် စင်ပေါ်ကို တက်လာပေးပါ”

အကဲဖြတ်ဒိုင်၏ ကြေညာချက် အဆုံးသတ်သည်နှင့် သိုင်းပြိုင်ကွင်း တစ်ခုလုံးသည် လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ကြသည်။

All Chapters