← Chapters

အခန်း (၁၈၄၅+၁၈၄၆)

Vol. 125 Ch. 1845+1846

အခန်း (၁၈၄၅+၁၈၄၆)

Vol. 125 Ch. 1845+1846

အခန်း(၁၈၄၅)

လူတိုင်းက အရည်အချင်းစစ်ပြိုင်ပွဲ၌ ထူးချွန်စွာ အစွမ်းပြနိုင်ခဲ့ကြသော ပါရမီရှင် တပည့်များ၏ ကိုယ်ပိုင်နံပါတ်များကို မှတ်မိနေခဲ့ကြသည်။

ဤတစ်ကြိမ်သည် နံပါတ်(၆) ဖြစ်သည့် ကျန်းချန်နှင့် နံပါတ်(၁၁) ဖြစ်သည့် ရှစ်ယွင်ကျန့်တို့၏ ပြိုင်ပွဲ ဖြစ်သည်။

ထိုနှစ်ဦးစလုံးသည် ပထမအုပ်စုတွင် ၉ပွဲဆက်တိုက် အောင်ပွဲကို ထိန်းသိမ်းထားနိုင်သော နှစ်ဦးလည်း ဖြစ်ကြသည်။

တစ်နည်းအားဖြင့် ဤတိုက်ပွဲကို အနိုင်ရရှိသူ မည်သူမဆို အရည်အချင်းစစ် ပြိုင်ပွဲတွင် အုပ်စု ပထမနေရာကို ရရှိနိုင်မည် ဖြစ်၏။

သိုင်းပြိုင်ကွင်းထဲရှိ လူတိုင်း၏ အကြည့်အောက်မှာပင် တိုက်ခိုက်ရေးစင်မြင့်ထက်၌ ကျန်းချန် နှင့် ရှစ်ယွင်ကျန့် တို့သည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ရပ်နေခဲ့ကြသည်။

သို့ရာတွင် သူတို့နှစ်ဦးလုံးက တစ်ဦးနှင့်တစ်ဦး တိတ်တဆိတ်စိုက်ကြည့်နေခဲ့ကြပြီး လုံးဝ မလှုပ်ရှားခဲ့ကြပေ။

အချိန်အတော်ကြာမှသာ ကျန်းချန်က တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။

သူက မျက်နှာချင်းဆိုင်ရှိ ရှစ်ယွင်ကျန့်ကို ကြည့်ကာ ပေါးပါးစွာ ပြောလိုက်၏။

“အချိန်မဖြုန်းစမ်းနဲ့.. မင်းတိုက်ပွဲကို တိုက်မယ်ဆို မြန်မြန်သာလာတိုက်"

"ငါမင်းနဲ့တိုက်ချင်ပါတယ်.. ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး”

ရှစ်ယွင်ကျန့်၏ မျက်ဝန်းများက လင်းလက်သွားခဲ့ပြီး နံဘေးရှိ အကဲဖြတ်ဒိုင်ကို ချက်ချင်းဆိုသလို ကြည့်ကာ ပြောလိုက်သည်။

“ဒီတစ်ပွဲ ကျွန်တော် အရှုံးပေးတယ်”

လုချွမ်နှင့် တိုက်ပွဲတွင် ကျန်းချန် ပြသခဲ့သော ခွန်အားသည် အလွန်တရာပင် နက်ရှိုင်းလှ၏။

ရှစ်ယွင်ကျန့် ပင်လျှင် ကျန်းချန်ကို အနိုင်ယူရန် လုံးဝ သေချာမှုမရှိခဲ့ပေ။

သာမန်အချိန်သာဆိုလျှင် ရှစ်ယွင်ကျန့်သည် တွေဝေနေမည်မဟုတ်ဘဲ ကျန်းချန်နှင့် တိုက်ခိုက်လိုက်မည် ဖြစ်၏။

သို့ရာတွင် ဤသည်မှာ ဟန်ယွဲ့နန်းတော်၏ သိုင်းပြိုင်ပွဲ ဖြစ်သည်။

ရှစ်ယွင်ကျန့်၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ နောက်ဆုံးစိန်ခေါ်ပွဲကို ဝင်ရောက်ပြီး မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲကို ဝင်ရောက် ယှဥ်ပြိုင်ခွင့်ရရန်အတွက် ခွဲတမ်းတစ်နေရာကို ရရှိရန် ဖြစ်၏။

ထို့ကြောင့် အရည်အချင်းစစ် ပြိုင်ပွဲ၏ ပထမနေရာ အတွက် ကျန်းချန် ကဲ့သို့ သန်မာသော ပြိုင်ဘက်နှင့် တိုက်ခိုက်ခြင်းသည် မှန်ကန်သော ရွေးချယ်မှုမဟုတ်ပေ။

ရှစ်ယွင်ကျန့်က ထိုသို့ ပြောဆိုလိုက်သောအခါတွင် တည်ငြိမ်နေသော ရေကန်ထဲကို ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ လှိုင်းလုံးများစွာ ဖြစ်ပေါ်စေခဲ့သည်။

“ငါ နားကြားမှားတာများလား.. ရှစ်ယွင်ကျန့်လို ထိပ်ဆုံး ၁၀ဦးစာရင်းဝင် စတုတ္ထအဆင့် ပါရမီရှင်က မမျှော်လင့်ဘဲ ကျန်းချန်ကို အရှုံးပေးဖို့ ရွေးချယ်လိုက်တယ်လား”

“မင်း နားကြားမမှားဘူး.. ရှစ်ယွင်ကျန့်က တကယ်ကို စိတ်ပါလက်ပါ အရှုံးပေးလိုက်တာပဲ.. ဒါက တကယ်ကို မယုံနိုင်စရာပဲ”

“...........”

ကျန်းချန်သာ အရှုံးပေးခဲ့လျှင် လူတိုင်းတွင် ဤမျှကြီးမားသော တုံ့ပြန်မှု ရှိမည် မဟုတ်ပေ။

အကြောင်းရင်းမှာ ရှစ်ယွင်ကျန့်သည် ဟန်ယွဲ့နန်း‌တော်၏ ထိပ်ဆုံး၁၀ဦး ပါရမီရှင် စာရင်းထဲတွင် စတုတ္ထနေရာတွင် ရှိသောကြောင့်ပင်။

ဂိုဏ်း၏ ထိပ်ဆုံး ပါရမီရှင် ၃ဦးသည် အရည်အချင်းစစ် ပြိုင်ပွဲနှင့် အဆင့်သတ်မှတ် ပြိုင်ပွဲများတွင် ပါဝင်စရာ မလိုအပ်ပေ။

ထို့ကြောင့် အရည်အချင်းစစ် ပြိုင်ပွဲတွင် ရှစ်ယွင်ကျန့်သည် အသန်မာဆုံးဟုပင် ဆို၍ရ၏၊

သူက ကျန်းချန်ကို လက်နက်ချရန် ရွေးချယ်ခဲ့ခြင်းသည် လူများစွာကို မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်စေခဲ့၏။

ကျန်းချန်နှင့် ရှစ်ယွင်ကျန့်တို့ နှစ်ဦး စင်မြင့်ပေါ်မှ ဆင်းလာပြီးနောက်တွင် ပွဲစဥ်များကို ဆက်လက် ကျင်းပခဲ့သည်။

မကြာမီမှာပင် ဒသမအကျော့ ပွဲစဥ်များသည် ပြီးဆုံးသွားခဲ့သည်။

ပွဲစဥ်ကို တာဝန်ယူသော အကဲဖြတ်ဒိုင် သုံးဦးသည် အောင်ပွဲရလဒ်ကို ကြေညာခဲ့ကြသည်။

ပထမအုပ်စုတွင် ကျန်းချန်သည် ၁၀ပွဲ အနိုင်ရလဒ်ဖြင့် အံ့သြစရာမရှိ ပထမနေရာကို ရရှိခဲ့သည်။

ရှစ်ယွင်ကျန့်နှင့် လုချွမ်တို့ကမူ ၁၀ပွဲတွင် ၉ပွဲအနိုင် ရရှိခဲ့ကြပြီး ဒုတိယနေရာကို ပူးတွဲ ရရှိခဲ့ကြသည်။

နောက်ဆုံး တစ်နေရာကိုမူ ၈ပွဲ အနိုင်ရရှိသော ဖန့်မင်က ရရှိခဲ့သည်။

မကြာမီမှာပင် အဆင့်သတ်မှတ် ပြိုင်ပွဲအတွက် အရည်အချင်းပြည့်မီသော အခြား အဖွဲ့နှစ်ဖွဲ့ကိုလည်း အကဲဖြတ်ဒိုင်က ကြေညာခဲ့သည်။

ဟန်ယွဲ့နန်းတော်၏ ထိပ်ဆုံး၁၀ဦး စာရင်းဝင်ထဲမှ ပါရမီရှင်အားလုံး နီးပါးသည် အဆင့်သတ်မှတ် ပြိုင်ပွဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကြသည်။

အုပ်စုသုံးစု၏ စတုတ္ထနေရာများကိုမူ လူသိများသော အတွင်းစည်း တပည့်များက ရရှိခဲ့ကြသည်။

အရည်အချင်းစစ် ပြိုင်ပွဲ ပြီးဆုံးပြီးနောက်တွင် ကျုံးလီရွှေသည် အဆင့်သတ်မှတ် ပြိုင်ပွဲကို ကြီးကြပ်ရန်အတွက် သိုင်းပြိုင်ပွဲ၏ အလယ်ဗဟို ဆီသို့ တစ်ဖန် ရောက်ရှိလာခဲ့သည်။

အဆင့်သတ်မှတ်ပြိုင်ပွဲကို ဝင်ရောက်နိုင်ခဲ့ကြသော တပည့် ၁၂ဦးသည် မဲနှိုက်၍ ကျပန်း ယှဥ်ပြိုင်ရမည် ဖြစ်သည်။

ရှုံးနိမ့်သူက ပြိုင်ပွဲမှ ထွက်ရမည်ဖြစ်ပြီး အနိုင်ရရှိသူ ခြောက်ဦးသည် အဆင့်သတ်မှတ် ပြိုင်ပွဲ၏ ထိပ်ဆုံးသုံးနေရာ အတွက် နောက်တစ်ကြိမ် မဲနှိုက်ကာ ယှဥ်ပြိုင်ရလိမ့်မည် ဖြစ်သည်။

ထိပ်ဆုံးသုံးနေရာကို ရရှိသူများသည် နောက်ဆုံး စိန်ခေါ်ပွဲကို ဝင်ရောက်နိုင်ပြီး ဟန်ယွဲ့နန်းတော်၏ အထွတ်အထိပ် ပါရမီရှင်သုံးဦးကို စိန်ခေါ်နိုင်မည် ဖြစ်ကာ မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ၏ ခွဲတမ်းနေရာ အတွက် ယှဥ်ပြိုင်ကြရပေလိမ့်မည်။

ကျုံးလီရွှေက စည်းမျဥ်းများကို ကြေညာပြီးနောက်တွင် လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် တိုက်ခိုက်ရေးစင်မြင့် သုံးခုသည် သံလိုက်ဖြင့် ဆွဲယူခံလိုက်ရသကဲ့သို့ တစ်ချိန်တည်းမှာပင် အလယ်ဗဟို ဆီသို့ နီးကပ်စွာ ရွေ့လျားလာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တိုက်ခိုက်ရေး စင်မြင့် သုံးခုသည် တစ်ကွင်းတည်းအဖြစ် ပေါင်းစည်းသွားခဲ့ပြီး မီတာ၁၀၀၀ အရွယ်အစားရှိ ဧရာမ တိုက်ခိုက်ရေးကွင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ကျုံးလီရွှေက တိုက်ခိုက်ရေးစင်မြင့် သုံးခုကို ဧရာမတိုက်ခိုက်ရေးကွင်း တစ်ခုအဖြစ်သို့ ပေါင်းစည်းလိုက်၏။

ထို့နောက်တွင် သူ၏ ကျယ်လောင်သော အသံသည် ပတ်ဝန်းကျင်တွင် ထပ်မံ ပဲ့တင်ထပ်သွားခဲ့သည်။

“အဆင့်သတ်မှတ်ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့် တိုက်ပွဲကို စတင်ပါပြီ”

ကျုံးလီရွှေ၏ စကားသံ အဆုံးသတ်သည်နှင့် ပရိသတ်အားလုံးသည် လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။

သိထားရမည့်အချက်မှာ အရည်အချင်းစစ် ပြိုင်ပွဲကို ကျော်ဖြတ်ပြီး အဆင့်သတ်မှတ်ပြိုင်ပွဲကို ဝင်ရောက်နိုင်သူများသည် ဟန်ယွဲ့နန်း‌တော်၏ ပါရမီရှင်များထဲမှ ပါရမီရှင်များ ဖြစ်ကြသည်။

ထို့အပြင် အဆင့်သတ်မှတ်ပြိုင်ပွဲသည် ရှုံးထွက်ပွဲစဥ်မျိုး ဖြစ်၍ နောက်တစ်ဆင့်သို့ တက်လှမ်းလိုလျှင် ခွန်အားကို ၁၀၀ ရာခိုင်နှုန်းအထိ ထုတ်သုံးရလိမ့်မည် ဖြစ်၏။

ထို့ကြောင့် အဆင့်သတ်မှတ်ပြိုင်ပွဲသည် အရည်အချင်းစစ် ပြိုင်ပွဲထက် ပိုမိုပြင်းထန်မည်မှာ တွေးနေစရာပင် မလိုအပ်ပေ။

သိုင်းပြိုင်ကွင်းထဲရှိ မရေမတွက်နိုင်သော အကြည့်များအောက်မှာပင် ကျုံးလီရွှေသည် ပထမဆုံးပွဲစဥ်၏ ပြိုင်ဘက်များကို မဲနှိုက်ကာ ကြေညာပေးခဲ့သည်။

“အဆင့်သတ်မှတ်ပြိုင်ပွဲရဲ့ ပထမအကျော့၊ ပထမဆုံးပွဲစဥ်အတွက် လုချွမ်နဲ့ ဟန်ဖုန်းက ယှဥ်ပြိုင်ရမယ်”

ပထမဆုံးပွဲစဥ်ကို ကြေညာလိုက်သည်နှင့် တိုက်ခိုက်ရေးကွင်းပြင်တစ်ခုလုံးတွင် ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။

အဆင့်သတ်မှတ်ပြိုင်ပွဲ၏ ပထမအကျော့ ပထမဆုံး ပွဲစဥ်တွင် ဂိုဏ်း၏ ထိပ်ဆုံး၁၀စာရင်းဝင် ပါရမီရှင်များ တွေ့ဆုံလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။

လုချွမ်နှင့် ဟန်ဖုန်းတို့က တုံ့ဆိုင်းမနေဘဲ တိုက်ခိုက်ရေးကွင်းပေါ်သို့ လျင်မြန်စွာ တက်ရောက်ခဲ့ကြသည်။

ဟန်ဖုန်းက လုချွမ်ကို ကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်သည်။

“လုချွမ် မင်းက ငါ့ရဲ့ပြိုင်ဘက်မဟုတ်ဘူး.. အပင်ပန်းခံမနေဘဲ အရှုံးပေးလိုက်ပါ”

“ငါက မင်းရဲ့ပြိုင်ဘက် ဟုတ်မဟုတ် တိုက်ခိုက်ပြီးရင် မင်းသိရပါလိမ့်မယ်”

လုချွမ်က အေးစက်စက်ပြုံးလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ကမ္ဘာ့စွမ်းအား ၄မျိုးဖြင့် ပေါင်းစပ်ထားသော ကောင်းကင်နတ်ဘုရား ကမ္ဘာကို ထုတ်ဖော်လိုက်သည်။

ဟန်ဖုန်းကလည်း ချက်ချင်းဆိုသလိုပင် ကောင်းကင်နတ်ဘုရားကမ္ဘာကို ထုတ်ဖော်၍ လုချွမ်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။

သူတို့နှစ်ဦးထဲတွင် တစ်ဦးမှာ ဟန်ယွဲ့နန်းတော်၏ ထိပ်ဆုံး ၁၀ဦးစာရင်းတွင် အဆင့်(၈) နေရာ၌ ရှိပြီး နောက်တစ်ဦးမှာ အဆင့်(၆) နေရာ၌ ရှိ၍ ခွန်အားကွာခြားမှု နည်းပါသည်။

ယခုပွဲစဥ်က ရှုံးထွက်ပွဲစဥ်ဖြစ်၍ သူတို့နှစ်ဦးစလုံးသည် သူတို့၏ စွမ်းအားများကို ထိန်ချန်ထားခြင်း မရှိဘဲ အစွမ်းကုန်ထုတ်ဖော်ခဲ့ကြသည်။

တိုက်ခိုက်ရေးစင်မြင့်ပေါ်တွင် ကောင်းကင်နတ်ဘုရား ကမ္ဘာနှစ်ခု ထိပ်တိုက် ဆုံတွေ့ရာမှ ဖြစ်ပေါ်လာသော အဖျက်စွမ်းအားများသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာကောင်းလွန်းနေခဲ့၏။

ဤတိုက်ခိုက်ရေးစင်မြင့်သာ နယ်မြေနတ်ဘုရားအဆင့် မှော်ရတနာ မဟုတ်ခဲ့လျှင် ၎င်းတို့ တိုက်ခိုက်ရာမှ ဖြစ်ပေါ်လာသော အဖျက်စွမ်းအင်သည် တိုက်ခိုက်ရေးစင်မြင့်ကို ပြိုပျက်သွားနိုင်ခြေ ရှိသည်။

“ဒါက ထိပ်ဆုံး ၁၀ဦးစာရင်းဝင် ပါရမီရှင်တွေရဲ့ အရည်အချင်း အစစ်အမှန်လား.. တကယ်ကို ကြောက်စရာပဲ”

“သူတို့က အစောပိုင်းက အရည်အချင်းစစ် ပြိုင်ပွဲမှာ သူတို့ရဲ့အစွမ်းအစတွေကို လျှိုထားခဲ့ကြတာပဲ”

“..........”

တိုက်ခိုက်ရေးကွင်းထဲတွင် တိုက်ခိုက်နေသော နှစ်ဦးကို မြင်လျှင် ဟန်ယွဲ့နန်းတော်မှ တပည့်များစွာ၏ မျက်ဝန်းများတွင် ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။

“ကျန်းချန်.. မင်း သူတို့နှစ်ဦးထဲက ဘယ်သူအနိုင်ရမယ်လို့ ထင်လဲ”

ရှစ်ယွင်ကျန့်က တိုက်ခိုက်ရေးကွင်းပေါ်တွင် အပြင်းအထန်တိုက်ခိုက်နေသော နှစ်ဦးကိုကြည့်ကာ သူ၏နံဘေးရှိ ကျန်းချန်ကို မေးလိုက်သည်။

ကျန်းချန်က ပေါ့ပါးစွာပင် ပြန်ဖြေလိုက်၏။

“ဟန်ယွဲ့နန်းတော်က သတ်မှတ်ထားတဲ့ အဆင့်စာရင်းက အ‌တော်လေး တိကျမှု ရှိတယ်.. ငါ့အမြင်တော့ ဒီတိုက်ပွဲမှာ လုချွမ် ရှုံးနိမ့်သွားနိုင်တယ်”

တိုက်ခိုက်ရေးကွင်းထဲတွင် တိုက်ခိုက်နေကြသော နှစ်ဦးကြားမှ ခွန်အားသည် တကယ်တမ်းတွင် ကွာခြားမှု သိပ်မရှိကြပေ။

သို့သော်လည်း ဟန်ဖုန်း၏ ကမ္ဘာ့စွမ်းအားသည် လုချွမ်ထက် ပိုမို အားကောင်းကြောင်း ကျန်းချန် ရှင်းရှင်းလင်းလင်း ခံစားမိခဲ့သည်။

ထို့အပြင် ဟန်ဖုန်း ထိန်းချုပ်ထားသော ကမ္ဘာ့စွမ်းအားထဲတွင် အသက်လမ်းစဥ်စွမ်းအား ပါဝင်နေခဲ့၏။

ထို့ကြောင့် ဟန်ဖုန်းသည် တိုက်ပွဲ၏ ခံနိုင်ရည်စွမ်းတွင် လုချွမ်ထက် သာလွန်နေခဲ့သည်။

ဤအတိုင်းသာ ဆက်လက် တိုက်ခိုက်နေမည်ဆိုလျှင် လုချွမ်သည် သေချာပေါက် ရှုံးနိမ့်ရပေလိမ့်မည်။

အခန်း(၁၈၄၅)ပြီး၏။

အခန်း(၁၈၄၆)

ရလဒ်က ကျန်းချန် မျှော်လင့်ထားသည့် အတိုင်းပင် ဖြစ်ခဲ့သည်။

လုချွမ်က ဟန်ဖုန်းနှင့် ခဏမျှ ယှဥ်ပြိုင်ပြီးနောက်တွင် အဆုံးသတ်၌ တဖြည်းဖြည်း အားနည်းလာခဲ့သည်။

သူက နယ်မြေနတ်ဘုရား အဆင့် ကိုယ်ခံပညာရပ် ဖြစ်သော ထိုက်ကျိချီစွမ်းအား ကဲ့သို့ သူ၏ ဝှက်ဖဲများကို အသုံးပြုခဲ့သည့်တိုင် ဟန်ဖုန်း၏ တိုက်ခိုက်မှုကို မယှဥ်နိုင်ခဲ့ဘဲ အဆုံးသတ်တွင် ရှုံးနိမ့်သွားခဲ့ရသည်။

“ဒီကောင်က တကယ်ကို ထူးခြားတာပဲ”

ကျန်းချန်က ပြိုင်ပွဲ၏ ရလဒ်အား ဤမျှတိကျစွာ မှန်းဆနိုင်သည်ကို မြင်လျှင် ရှစ်ယွင်ကျန့်သည် ခါးသီးမှုကို ခံစားလိုက်ရသည်။

လုချွမ်နှင့် ဟန်ဖုန်း တို့က ဟန်ယွဲ့နန်းတော်၏ ထိပ်ဆုံး ၁၀ဦးစာရင်းတွင် ပါဝင်ကြပြီး အဆင့်သတ်မှတ်ချက် သိပ်မကွာခြား၍ သူ့အတွက်ပင် ရလဒ်ကို ဆုံးဖြတ်ရန် ခက်ခဲခဲ့၏။

သို့သော်လည်း ကျန်းချန်ကမူ အလွယ်တကူပင် ဆုံးဖြတ်နိုင်ခဲ့သည်။

ဤကဲ့သို့ မြင်နိုင်စွမ်းက အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းနေခဲ့သည် မဟုတ်ပါလော။

ဒုတိယပွဲစဥ်ကမူ ကျန်းချန်၏ အလှည့် ဖြစ်သည်။

သူ၏ ပြိုင်ဘက်မှာ လော်ဖုန်း အမည်ရှိ ဟန်ယွဲ့နန်း‌တော်မှ တပည့်တစ်ဦး ဖြစ်သည်။

လော်ဖုန်းသည် ဟန်ယွဲ့ဂိုဏ်း၏ အတွင်းစည်း တပည့်များတွင် နံပါတ်(၁)အဖြစ် သတ်မှတ်ခံရသူ ဖြစ်ပြီး ဂိုဏ်း၏ ထိပ်ဆုံးဆယ်ဦး ပြီးလျှင် အစွမ်းအထက်ဆုံး ပါရမီရှင်လည်း ဖြစ်သည်။

သူတို့ နှစ်ဦး စင်မြင့်ပေါ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် လော်ဖုန်းသည် လက်ဦးမှုကို ရယူကာ ကျန်းချန်ကို အစွမ်းကုန်တိုက်ခိုက်ခဲ့သည်။

လော်ဖုန်းသည် ကျန်းချန်က လုချွမ်ကို အနိုင်ယူခဲ့သည့် ပွဲစဥ်အား ကြည့်ရှုပြီးနောက်တွင် သူနှင့် ကျန်းချန်တို့ အကြားတွင် ကွာခြားချက် ရှိနေသည်ကို စိတ်ထဲတွင် ရှင်းရှင်းလင်းလင်းသိရှိထားခဲ့သည်။

ထို့ကြောင့် လက်ဦးမှုရယူကာ တိုက်ခိုက်မှသာလျှင် ကျန်းချန်ကို အနိုင်ယူရန် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပါလား။

“ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်း”

ကျန်းချန်၏ မျက်နှာက တည်ငြိမ်မှု အပြည့် ရှိနေခဲ့သည်။

သူက ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို ထုတ်ဖော်လိုက်ပြီး ကြယ်တစ်ပွင့်၏ စွမ်းအားကိုသာ လှုံ့ဆော်ခဲ့သည်။

သူ၏ လက်ရှိခွန်အားဖြင့်သာ ဆိုလျှင် ကြယ်တစ်ပွင့်၏ စွမ်းအားကိုသာ လှုံ့ဆော်ခဲ့သည့်တိုင် လော်ဖုန်းသည် သူ့ကို ရင်ဆိုင်နိုင်မည်မဟုတ်ပေ။

တောက်ပသော ဓားစွမ်းအင်က ကောင်းကင်ယံကနေ ဓားပျံတစ်စင်းကဲ့သို့ သက်ဆင်းလာခဲ့သည်။

လော်ဖုန်းက လုံးဝ တုံ့ပြန်နိုင်ခြင်းမရှိခဲ့ဘဲ ကျန်းချန်၏ ဓားစွမ်းအင်သက်ရောက်မှုဖြင့် လွင့်စင် ထွက်သွားခဲ့သည်။

ထိုမြင်ကွင်းသည် သိုင်းပြိုင်ကွင်း တစ်ခုလုံးကို ရုတ်တရက် တိတ်ဆိတ်သွားစေခဲ့သည်။

ဟန်ယွဲ့နန်းတော်၏ အတွင်းစည်းတပည့်များ ထဲတွင် နံပါတ်(၁)နေရာကို ရရှိထားသည့် လော်ဖုန်း၏ ခွန်အားသည် အားမနည်းပေ။

ထို့ကြောင့် လူတိုင်းက ပြင်းထန်သော တိုက်ပွဲတစ်ပွဲကို ကြည့်ရှုရမည်ဟု ထင်ခဲ့ကြသည်။

သို့သော်လည်း ကျန်းချန်သည် ဓားစွမ်းအင်တစ်ခုကို ထုတ်ဖော်ကာ လော်ဖုန်းကို ချက်ချင်းဆိုသလို အနိုင်ယူလိုက်မည်ဟု မည်သူမျှ မထင်မှတ်ခဲ့ကြပေ။

“ဘယ်လောင်တောင် အားကောင်းလိုက်တဲ့ ဓားစွမ်းအင်လဲ”

တိုက်ခိုက်ရေးကွင်းပေါ်ရှိ အခြေအနေကို ကြည့်ကာ ရှစ်ယွင်ကျန့်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

ကျန်းချန်၏ ခွန်အားသည် သူစိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေခဲ့သည်မှာ သေချာ၏။

ကံကောင်းထောက်မစွာဖြင့် ယခင် အရည်အချင်းစစ် ပြိုင်ပွဲတွင် သူသည် ကျန်းချန်နှင့် တိုက်ခိုက်ရန် မရွေးချယ်မိခဲ့ပေ။

ထိုသို့ မဟုတ်လျှင် ကျန်းချန်၏ ထူးဆန်းပြီး အစွမ်းထက်သော ဓားစွမ်းအင်ကြောင့် တိုက်ပွဲတွင် ရှုံးနိမ့်ရမည့် အပြင် နောက်ထပ် တိုက်ပွဲများကိုလည်း ဆက်လက် ယှဥ်ပြိုင်နိုင်တော့မည် မဟုတ်ပေ။

“အစ်ကိုကုန်း.. ကျန်းချန်ထုတ်သုံးလိုက်တဲ့ သိုင်းပညာရပ်ကို အစ်ကိုသိလား.. ဘာလို့ ဒီသိုင်းပညာရပ်က ဒီလောက်အထိတောင် အစွမ်းထက်နေရတာလဲ”

ကျန်းချန် ထုတ်ဖော်လိုက်သည့် ဓားစွမ်းအင်ကို မြင်လျှင် ပိုင်ရှင်းကျန့်၏ မျက်ဝန်းများတွင် ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်၏ ဓားစွမ်းအင်ကို သူတတ်မြောက်ထားသည့် လဝါးမျိုဓားသိုင်းပင်လျှင် ယှဥ်ရန် မလွယ်ကူလောက်ပေ။

“သူ့ရဲ့ ဓားသိုင်းအဆင့်က နယ်မြေနတ်ဘုရားအဆင့်ကို ကျော်လွန်နေခဲ့ပြီ”

ကုန်းလင်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။

“အရှင်ရွှယ်သောင်းဆီမှာ နတ်ဘုရင်အဆင့် နည်းစနစ်တစ်ခု ရှိတယ်လို့ ငါကြားဖူးတယ်.. အရှင်ရွှယ်သောင်းက အဲဒီနတ်ဘုရင်အဆင့် နည်းစနစ်ကို ကျန်းချန်ဆီ လက်ဆင့်ကမ်းပေးခဲ့ပုံရတယ်”

ကုန်းလင်ထံမှ “နတ်ဘုရင်အဆင့်နည်းစနစ်”ဟူသော စကားကိုကြားလျှင် ပိုင်ရှင်းကျန့်၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ပိုင်ရှင်းကျန့်သည် ကျန်းချန်က ဟန်ယွဲ့နန်း‌တော်ထဲ ဝင်ရောက်ခြင်းကို အကြိမ်ကြိမ် အနှောင့်အယှက်ပေးခဲ့သည်။

သို့သော်လည်း ပိုင်ရှင်းကျန့်သည် ကျန်းချန် ဟန်ယွဲ့နန်းတော်ထဲသို့ ဝင်ရောက်ခြင်းမှ မတားဆီးနိုင်ခဲ့ပေ။

ကျန်းချန်သည် အရှင်ရွှယ်သောင်း၏ တိုက်ရိုက်တပည့်ပင် ဖြစ်လာခဲ့၏။

ယခုအခါတွင် အရှင်ရွှယ်သောင်းသည် နတ်ဘုရင်အဆင့် နည်းစနစ်ကိုပင် ကျန်းချန်ကို လက်ဆင့်ကမ်းပေးလိုက်ချေပြီ။

ထိုအကြောင်းကို တွေးမိလျှင် ပိုင်ရှင်းကျန့်၏ စိတ်ထဲတွင် မနာလိုသောခံစားချက်များ ဖြစ်ပေါ်လာခဲ့သည်။

သူက ဟန်ယွဲ့နန်းတော်၏ ထိပ်ဆုံးပါရမီရှင် ၃ဦးထဲတွင် ပါဝင်သော်လည်း နတ်ဘုရင်အဆင့် နည်းစနစ်ကို ပိုင်ဆိုင်ခဲ့ခြင်း မရှိပေ။

ကျန်းချန်ကမူ အရှင်ရွှယ်သောင်း၏ မျက်နှာသာပေးမှုကို ရရှိပြီး နတ်ဘုရင်အဆင့် နည်းစနစ်ကိုပါ လက်ခံရရှိခဲ့သည်။

ကုန်းလင်က ပိုင်ရှင်းကျန့်၏ အမူအရာ ပြောင်းလဲမှုကို လျစ်လျူရှုလိုက်သည်။

သူ၏ အမူအရာက လေးနက်နေခဲ့ပြီး သူ၏ အကြည့်သည် တိုက်ခိုက်ရေးကွင်းပေါ်ရှိ ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်နေခဲ့သည်။

သူ၏ စိတ်ထဲတွင် အထိတ်လန့်ဆုံး အချက်မှာ အရှင်ရွှယ်သောင်းက ကျန်းချန်ကို နတ်ဘုရင်အဆင့် နည်းစနစ်အား လက်ဆင့်ကမ်း အမွေပေးခဲ့သောကြောင့် မဟုတ်ပေ။

သိထားရမည့်အချက်မှာ ဟန်ယွဲ့နန်းတော်သို့ ကျန်းချန် ဝင်ရောက်ခဲ့သည်မှာ ၁နှစ်သာလျှင် ကြာမြင့်သေးသည်။

သို့သော်လည်း ထို၁နှစ်အတွင်း အရှင်ရွှယ်သောင်း ထံမှ ရရှိသော နတ်ဘုရင်အဆင့် နည်းစနစ်ကို တတ်ကျွမ်းသွားခဲ့သည်။

ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော နားလည်နိုင်စွမ်းသည် ကောင်းကင်ကိုပင် ဆန့်ကျင်နေသည်ဟုပင် ဆို၍ ရ၏။

ဆိုရလျှင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်နှင့် ပါရမီသည် မည်သို့ပင်ရှိစေကာမူ သူ့ထက် အနည်းငယ်မျှ မနိမ့်ကျနိုင်ပေ။

နတ်ဘုရင်အဆင့် နည်းစနစ်ဖြင့်သာ ဆိုလျှင် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ သေချာပေါက် ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။

ဆိုရလျှင် ကျန်းချန်သည် သိုင်းပြိုင်ပွဲ၏ ပထမနေရာကို ရည်မှန်းထားသော သူ့အတွက် အကြီးမားဆုံး အတားအဆီးဖြစ်လာနိုင်၏။

“မင်းက ဘယ်လောက်ပဲ မွန်းစတားဆန်နေပါစေ.. ငါက ဟန်ယွဲ့နန်းတော်ရဲ့လနံပါတ်(၁)ပါရမီရှင်ပဲ သိုင်းပြိုင်ပွဲရဲ့ ပထမနေရာကို ဘယ်သူ့ကိုမှ လုယူခွင့်မပြုနိုင်ဘူး”

ကုန်းလင်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

သူ၏မျက်ဝန်းများတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။

ကျန်းချန်တို့ တိုက်ပွဲအပြီးတွင် နောက်ထပ် တိုက်ပွဲများသည် ဆက်တိုက်ဆိုသလို ဆက်လက် ယှဥ်ပြိုင်ခဲ့သည်။

ရှစ်ယွင်ကျန့်နှင့် ဂိုဏ်း၏ ထိပ်ဆုံးပါရမီရှင် ၁၀ဦးထဲမှ သုံးဦးသည် သူတို့၏ ပြိုင်ဘက်များကို သက်တောင့်သက်သာပင် အနိုင်ယူခဲ့ကြသည်။

နောက်ဆုံးပွဲစဥ်တွင် ဖန့်မင်သည် သူ၏ပြိုင်ဘက်ကို အစွမ်းကုန် ကြိုးစားတိုက်ခိုက်ပြီးမှသာ အနိုင်ယူနိုင်ခဲ့သည်။

ဤသို့ဖြင့် အနိုင်ရသူ ၆ဦး ပေါ်ထွက်လာပြီးနောက်တွင် ထိပ်ဆုံး ၃နေရာအတွက် ဆက်လက် ယှဥ်ပြိုင်ခဲ့ကြသည်။

ကျန်းချန်က ဟန်ယွဲ့နန်းတော်၏ ထိပ်ဆုံး၁၀ဦး စာရင်းထဲမှ ဆဋ္ဌမနေရာတွင် ရှိသော ဟန်ဖုန်းနှင့် ယှဥ်ပြိုင်ခဲ့ရသည်။

တိုက်ခိုက်ရေးကွင်းပေါ်တွင် ဟန်ဖုန်းသည် ကျန်းချန်ကို ခပ်တင်းတင်း စိုက်ကြည့်လိုက်၏။

“ကျန်းချန် မင်းက အရမ်း အစွမ်းထက်ပေမဲ့လည်း အဆင့်သတ်မှတ်ပြိုင်ပွဲရဲ့ ထိပ်ဆုံးသုံးနေရာ အတွက် ငါနဲ့ ယှဥ်ပြိုင်နိုင်မှာ မဟုတ်ဘူး”

ထိုစကားကိုကြားလျှင် ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“အဆင့်သတ်မှတ်ပြိုင်ပွဲရဲ့ ထိပ်ဆုံးသုံးနေရာထဲ ဝင်ချင်တယ်ဆိုရင် အာတစ်ပေါက်ကိုပဲ အားကိုးနေလို့မရဘူး.. အပိုစကားတွေမပြောဘဲ ငါ့ကိုသာ လာတိုက်စမ်းပါ”

ဟန်ဖုန်း၏ မျက်ဝန်းများက အေးစက်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်ကနေ ပြင်းထန်သော အရှိန်အဝါများ ပေါက်ကွဲထွက်လာခဲ့သည်။

တစ်ခဏအတွင်းမှာပင် မမြင်နိုင်သော ဖိအားတစ်ခုသည် တိုက်ခိုက်ရေးကွင်း တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

ဟန်ဖုန်းက ကမ္ဘာ့စွမ်းအားများဖြင့် ဖွဲ့စည်းထားသော ကောင်းကင်နတ်ဘုရား ကမ္ဘာကို ထုတ်ဖော်လိုက်ပြီး ကျန်းချန်ကို လွှမ်းခြုံလိုက်၏။

“ခုနစ်စဥ်ကြယ်ကောင်းကင်ဓားသိုင်း”

ကြောက်မက်ဖွယ် မိုးကြိုးမုန်တိုင်းများသည် ကောင်းကင်ယံတွင် တလျှပ်လျှပ် ဖြစ်နေခဲ့ပြီး ကျန်းချန် ရှိနေသည့် နေရာလွတ်ကို ဖျက်ဆီးပစ်တော့မည့် အလား ဖြစ်နေခဲ့၏။

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ခုနစ်စဥ်ကြယ်ကောင်းကင်ဓားသိုင်းကို ထပ်မံ ထုတ်ဖော်လိုက်သည်။

ယခင်ကထက် ပို၍‌ကြောက်မက်ဖွယ်ရာကောင်းသော ဓားစွမ်းအင်သည် ကောင်းကင်ယံကနေ ဆင်းသက်လာခဲ့ကာ ဟန်ဖုန်း၏ ကောင်းကင်နတ်ဘုရားကမ္ဘာပေါ်သို့ ကျရောက်သွားခဲ့သည်။

ဟန်ဖုန်း၏ ကောင်းကင်နတ်ဘုရားကမ္ဘာသည် မျက်စိတစ်မှိတ်အတွင်းမှာပင် လုံးဝ ပျက်စီးသွားခဲ့ပြီး ဟန်ဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ဓားစွမ်းအင်၏ သက်ရောက်မှုအောက်တွင် လွင့်စင်သွားခဲ့ကာ ပါးစပ်ကနေလည်း သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

ဤအချိန်တွင် တိုက်ခိုက်ရေးကွင်း တစ်ခုလုံးသည် ရုတ်တရက် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်းက တိုက်ခိုက်ရေးကွင်း ပေါ်တွင် ဝင့်ကြွားစွာရပ်နေသော ကျန်းချန်ကို ကြည့်ရှုနေခဲ့ကြသည်။

တချို့ကမူ သူတို့၏ မျက်လုံးကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့ကြ၏။

ဟန်ယွဲ့နန်းတော်၏ ထိပ်ဆုံး၁၀ဦး စာရင်းထဲတွင် ဆဋ္ဌမနေရာ၌ ရှိသော ဟန်ဖုန်းသည် ကျန်းချန်၏ တစ်ကွက်တည်းဖြင့် အနိုင်ယူခြင်း ခံလိုက်ရမည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။

All Chapters