← Chapters

အခန်း (၁၈၄၇+၁၈၄၈)

Vol. 125 Ch. 1847+1848

အခန်း (၁၈၄၇+၁၈၄၈)

Vol. 125 Ch. 1847+1848

အခန်း(၁၈၄၇)

ဤသည်မှာ အလွန်အံ့အားသင့်စရာ ကောင်းသည်မဟုတ်ပါလော။

လူတိုင်းက တိုက်ခိုက်ရေးကွင်းပေါ်မှ မြင်ကွင်းကို အံ့သြတုန်လှုပ်သော အမူအရာများဖြင့် ကြည့်နေခဲ့ကြသည်။

အားလုံးက မှင်တက်နေခဲ့ပြီး ပြန်လည်အသိဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

ဟန်ယွဲ့နန်းတော်၏ ထိပ်ဆုံး၁၀ဦး စာရင်းတွင် ဆဋ္ဌမနေရာ၌ ရှိသည့် ဟန်ဖုန်းသည် ကျန်းချန်၏ တစ်ကွက်တည်းဖြင့် အနိုင်ယူခြင်းကို ခံလိုက်ရသည်။

ဤကဲ့သို့သော ခွန်အားသည် တကယ်ကိုပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေခဲ့၏။

မူလက သိုင်းပြိုင်ပွဲ မစတင်မီတွင် လူတိုင်းနီးပါးသည် ဤတစ်ကြိမ် သိုင်းပြိုင်ပွဲ ပထမနေရာက ကုန်းလင် အတွက်သာ ဖြစ်မည်ဟု ခံစားမိခဲ့ကြသည်။

သို့သော်လည်း ကျန်းချန်၏ ပေါ်ထွက်လာမှုသည် သူတို့၏ ခံစားချက်ကို ချက်ချင်းဆိုသလို ဒွိဟဖြစ်သွားစေခဲ့သည်။

ကုန်းလင်က ဟန်ယွဲ့နန်းတော်၏ နံပါတ်(၁) ပါရမီရှင် ဖြစ်သည့်အပြင် မဟာမြေရိုင်းပါရမီရှင်တွင် အဆင့်(၃၂)နေရာတွင် ရှိ၍ အလွန်တရာ အစွမ်းထက်မှန်း အားလုံးက သိထားကြသည်။

သို့သော်လည်း ကျန်းချန်က ကုန်းလင်ကို ယှဥ်ပြိုင်နိုင်လိမ့်မည်ဟု သူတို့ ခပ်ရေးရေး ခံစားမိခဲ့သည်။

နောက်ထပ်တိုက်ပွဲနှစ်ပွဲမှာ ဟန်ယွဲ့နန်းတော်၏ ထိပ်ဆုံးပါရမီရှင် ၁၀ဦးထဲတွင် စတုတ္ထနေရာတွင် ရှိသည့် ရှစ်ယွင်ကျန့်နှင့် နဝမနေရာတွင် ရှိသည့် လုရှောင်တို့ ပွဲစဥ် နှင့် သတ္တမနေရာတွင်ရှိသည့် မိုရီ နှင့် ဖန့်မင် တို့၏ ပွဲစဥ် ဖြစ်သည်။

ရလဒ်က သဘာဝကျစွာပင် အံ့သြစရာမရှိခဲ့ပေ။

ဟန်ယွဲ့နန်းတော်၏ ထိပ်ဆုံး၁၀ဦး စာရင်းတွင် စတုတ္ထနေရာတွင် ရှိသော ရှစ်ယွင်ကျန့်သည် လုရှောင်ထက် ပို၍ သန်မာသောကြောင့် လုရှောင်ကို အလွယ်တကူပင် အနိုင်ရခဲ့သည်။

မိုရီသည်လည်း ဖန့်မင်ကို သက်သောင့်သက်သာ အနိုင်ယူခဲ့ပြီး အဆင့်သတ်မှတ်ပြိုင်ပွဲ၏ ထိပ်ဆုံးသုံးနေရာကို ဝင်ရောက်နိုင်ခဲ့သည်။

“အဆင့်သတ်မှတ်ပြိုင်ပွဲ ပြီးသွားပါပြီ.. စိန်ခေါ်ပွဲအတွက် အရည်အချင်းပြည့်မီခဲ့တဲ့ မင်းတို့သုံးဦးကို ဂုဏ်ပြုပါတယ်.. အခု မင်းတို့ကို နာရီဝက် အနားယူချိန်ပေးမယ်.. ပြီးရင်တော့ နောက်ဆုံးစိန်ခေါ်ပွဲကို စတင်မယ်”

ကျုံးလီရွှေ၏ အသံက သိုင်းပြိုင်ကွင်း တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့သည်။

နာရီဝက်ခန့် အနားပေးထားသောကြောင့် ရှစ်ယွင်ကျန့်နှင့် မိုရီတို့သည် ကုန်ခမ်းသွားသော ခွန်အားများကို ပြန်လည်အားဖြည့်ရန် အတွက် ချက်ချင်းဆိုသလိုပင် အတွင်းအားကျင့်ကြံခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် နောက်ထပ် စိန်ခေါ်ပွဲတွင် သူတို့သည် ဟန်ယွဲ့နန်းတော်၏ အစွမ်းအထက်ဆုံး ပါရမီရှင်များနှင့် ရင်ဆိုင်ရမည် ဖြစ်သောကြောင့်ပင်။

သူတို့၏ စွမ်းအားကို အထွတ်အထိပ် အခြေအနေတွင် ထိန်းသိမ်းထားမှသာလျှင် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ၏ ဝင်ခွင့်နေရာအတွက် ယှဥ်ပြိုင်နိုင်ရန် အခွင့်အရေး ရှိလာလိမ့်မည် မဟုတ်ပါလော။

ကျန်းချန်ကမူ အတွင်းအား ကျင့်ကြံခဲ့ခြင်း မရှိခဲ့ပေ။

အရည်အချင်းစစ် ပြိုင်ပွဲဖြစ်စေ၊ အဆင့်သတ်မှတ် ပြိုင်ပွဲဖြစ်စေ ကျန်းချန်သည် အလွန်လွယ်ကူစွာပင် အနိုင်ယူခဲ့သည်။

ဟန်ဖုန်းကဲ့သို့ ဟန်ယွဲ့နန်းတော်၏ အစွမ်းထက် ပါရမီရှင်ကိုပင် ကျန်းချန်သည် ခွန်အား များများစားစား မသုံးစွဲရဘဲ အလွယ်တကူ အနိုင်ယူခဲ့သည်။

ထို့ကြောင့် သဘာဝကျစွာပင် ကျန်းချန်သည် အတွင်းအားကျင့်ရန် မလိုအပ်ခဲ့ပေ။

နာရီဝက်ဟူသော အချိန်သည် လျှပ်တစ်ပြက် အတွင်း ကုန်ဆုံးသွားခဲ့သည်။

ကျုံးလီရွှေက ကျန်းချန်တို့ သုံးဦးကို ကြည့်လိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။

“နာရီဝက်ပြည့်ပြီ.. အခုက နောက်ဆုံးစိန်ခေါ်ပွဲပဲ.. မင်းတို့သုံးဦးအနေနဲ့ မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲရဲ့ ဝင်ခွင့်တစ်နေရာအတွက် ဟန်ယွဲ့နန်းတော်ရဲ့ ထိပ်ဆုံးပါရမီရှင် သုံးဦးကို စိန်ခေါ်ဖို့ အခွင့်အရေးရပြီ.. ပထမဆုံးစိန်ခေါ်ဖို့ အလှည့်ကျသူက မိုရီ”

ကျုံးလီရွှေက သူ့နာမည်ကို ကြေညာလိုက်သည်နှင့် မိုရီက တိုက်ခိုက်ရေးစင်မြင့်ပေါ်သို့ တက်လာခဲ့သည်။

သူတို့ စိန်ခေါ်ရမည့် ကိုယ်စားလှယ် သုံးယောက်သည် ဟန်ယွဲ့နန်းတော်၏ ထိပ်ဆုံးပါရမီရှင်သုံးဦး ဖြစ်သည်။

ဟန်ယွဲ့နန်းတော်၏ ထိပ်ဆုံး၁၀ဦး စာရင်းတွင် နံပါတ်(၁)ဖြစ်သော ကုန်းလင်သည် ဟန်ယွဲ့နန်း‌တော်၏ တပည့်များကြားထဲတွင် မရှုံးနိမ့်နိုင်သလောက်ပင်။

ယွဲ့ဝူရွှမ်းသည် ဟန်ယွဲ့နန်းတော်၏ ထိပ်ဆုံး၁၀ဦး စာရင်းတွင် ဒုတိယနေရာ၌ ရှိသော ပါရမီရှင် ဖြစ်သည်။

သူမ၏ခွန်အားက ခန့်မှန်း၍မရနိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်လွန်းသည်။

လွန်ခဲ့သောနှစ်အနည်းငယ်က ဟန်ယွဲ့နန်းတော်၏ တတိယမြောက်ပါရမီရှင်ဖြစ်သည့် ပိုင်ရှင်းကျန့်သည် ယွဲ့ဝူရွှမ်းနှင့်ရင်ဆိုင်ခဲ့ရာတွင် သုံးကွက်အတွင်း ရှုံးနိမ့်သွားခဲ့ရသည်။

ဆိုရလျှင် ကုန်းလင်နှင့် ယွဲ့ဝူရွှမ်း တို့သည် ဟန်ယွဲ့နန်းတော်မှ တပည့်များကြားထဲတွင်ပြိုင်ဘက်ကင်းများ ဖြစ်ကြ၏။

ထို့ကြောင့် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် ခွဲတမ်းနေရာတစ်ခု ရရှိလိုလျှင် တစ်ခုတည်းသော အခွင့်အရေးမှာ ပိုင်ရှင်းကျန့်ပင် ဖြစ်ကြောင်း မိုရီ၏ စိတ်ထဲတွင် ကောင်းစွာသိရှိထားခဲ့သည်။

ဆိုရလျှင် သူတို့ သုံးဦးစလုံးသည် ပိုင်ရှင်းကျန့်ကို စိန်ခေါ်မှသာလျှင် အနိုင်ရရန် အခွင့်အရေး ရှိပေလိမ့်မည်။

ထို့ကြောင့် ပိုင်ရှင်းကျန့်ကို ပထမဆုံးစိန်‌ခေါ်သူ အတွက် နစ်နာမှုအများဆုံး ဖြစ်မည်မှာ သံသယဖြစ်ဖွယ်ရာမရှိပေ။

သို့သော်လည်း ဤအချိန်တွင် မိုရီသည် ရွေးချယ်စရာမရှိတော့ဘဲ ကျုံးလီရွှေကို ပြောလိုက်သည်။

“ကျွန်တော် ပိုင်ရှင်းကျန့်ကို စိန်ခေါ်ပါတယ်”

မည်သို့ပင်ဖြစ်စေကာမူ သူသည် ဤအဆင့်သို့ ရောက်ရှိလာပြီဖြစ်သောကြောင့် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ၏ ဝင်ခွင့်နေရာအတွက် တိုက်ခိုက်ရပေတော့မည်။

“မိုရီ.. မင်းက ငါ့ကို အားအနည်းဆုံးလို့ ထင်နေတာလား”

ထိုအချိန်မှာပင် ပိုင်ရှင်းကျန့်သည် တောက်ပသော အဖြူရောင်အလင်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး မိုရီ၏ ရှေ့တွင် ပေါ်ပေါက်လာခဲ့သည်။

သူက မထီမဲ့မြင် အမူအရာဖြင့် မိုရီကို ပြောလိုက်၏။

“မိုရီ.. မင်းကများ ငါ့ကို စိန်ခေါ်ချင်တယ်လား”

“ပိုင်ရှင်းကျန့်.. အပိုစကားတွေ ပြောမနေဘဲ တိုက်ကြရအောင်”

မိုရီက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး လက်သီးတစ်လုံးကို ပစ်သွင်းလိုက်သည်။

မိုးကြိုးလျှပ်စီးများဖြင့် ဝန်းရံနေသော ကြောက်မက်ဖွယ်ရာလက်သီးချက်သည် မိုးကြိုးနဂါးတစ်ကောင် ကဲ့သို့ ပိုင်ရှင်းကျန့်ထံ တိုးဝင်လာခဲ့၏။

ပိုင်ရှင်းကျန့်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် သူ၏ ညာဘက်လက်ကို အသာအယာ ဆန့်ထုတ်လိုက်ရာ ကြောက်မက်ဖွယ်ရာ ဓားအလင်းသည် လေထုကို ထိုးဖောက်သွားခဲ့ပြီး မိုးကြိုးလက်သီးချက်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ချက်ချင်းဆိုသလိုပင် မိုရီ၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားခဲ့ရသည်။

“နတ်မိုးကြိုးကောင်းကင်ဖောက်ခွဲ လက်သီးသိုင်း”

မိုရီက မာန်သွင်း၍ အော်ဟစ်လိုက်ပြီး မြေပြင်ကို ခြေတစ်ချက်ဆောင့်ကာ ကောင်းကင်ထက်သို့ ခုန်တက်လိုက်သည်။

ငွေရောင်မိုးကြိုးစွမ်းအားက သူ၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့ပြီး သူ၏ ညာဘက်လက်သီးတွင် စုစည်းသွားခဲ့သည်။

ယင်းနောက်တွင် မိုရီသည် ပိုင်ရှင်းကျန့်ကို လက်သီးဖြင့် တစ်ဖန် ထိုးနှက်လိုက်၏။

မိုရီ၏ လက်သီးချက်က လေထုထဲတွင် ဧရာမလက်သီး အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ပိုင်ရှင်းကျန့် ဆီသို့ ဆင်းသက်လာခဲ့သည်။

“ပုရွက်ဆိတ်လို တည်ရှိမှုကများ ငါ့ကို စိန်ခေါ်ရဲတယ်”

လေထုကိုပင် အက်ကွဲစေသော ဧရာမ မိုးကြိုးလက်သီးကို ကြည့်ရင်း ပိုင်ရှင်းကျန့်သည် အေးစက်စက် ရေရွတ်လိုက်သည်။

ထို့နောက်တွင် လက်ဟန်တချို့ကို လှုပ်ရှားလိုက်ရာ ဓားစွမ်းအင် ထောင်ပေါင်းများစွာသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပြီး မိုရီ၏ မိုးကြိုးလက်သီး ဆီသို့ သက်ရောက်သွားခဲ့သည်။

မိုရီ၏ မိုးကြိုးလက်သီးက ချက်ချင်းဆိုသလိုပင် အပေါက်များ ဖြစ်သွားခဲ့ပြီး အဆုံးသတ်၌ လေထုထဲတွင် ပေါက်ကွဲသွားခဲ့သည်။

“ကောင်းကင်နတ်ဘုရားကမ္ဘာ စုစည်းစမ်း..”

မိုရီ၏ မျက်နှာအမူအရာက ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။

သူက ပိုင်ရှင်းကျန့်၏ အားကောင်းသော တိုက်ခိုက်မှုကို ခုခံရင်း ကောင်းကင်နတ်ဘုရားကမ္ဘာကို လျင်မြန်စွာ ထုတ်ဖော်လိုက်၏။

“ရွှစ်.. ရွှစ်.. ရွှစ်..”

လေထုကို ထိုးခွင်း၍ ထွက်ပေါ်လာသော ဓားစွမ်းအင်များသည် အရပ်မျက်နှာအနှံ့ကနေ ပျံသန်းလာခဲ့ပြီး မိုရီ၏ ကောင်းကင်နတ်ဘုရား ကမ္ဘာကို ထိမှန်သွားခဲ့သည်။

သိပ်မကြာခင်မှာပင် မိုရီ၏ ကောင်းကင်နတ်ဘုရား ကမ္ဘာသည် အဆုံးမဲ့ ဓားစွမ်းအင်များ၏ ဆက်တိုက်ဆိုသလို တိုက်ခိုက်မှုအောက်တွင် ပြင်းထန်စွာ တုန်ခါလာခဲ့ပြီး ပြိုကွဲသွားခဲ့သည်။

“မိုရီ မင်းက ငါ့ကို စိန်ခေါ်ရဲမှတော့ ဒီအတွက် အဖိုးအခကို ပေးဆပ်ရလိမ့်မယ်”

ပိုင်ရှင်းကျန့်က အေးစက်စက် ရေရွတ်လိုက်သည်။

ထို့နောက်တွင် သူ၏ခန္ဓာကိုယ်ကနေ ကောင်းကင်ဓားတစ်စင်းကဲ့သို့ အလွန်တရာ ထက်မြက်သော အရှိန်အဝါက ပေါက်ကွဲထွက်လာခဲ့၏။

ပိုင်ရှင်းကျန့်က လက်ဟန်များကို ထုတ်ဖော်လိုက်ရာ ကြောက်မက်ဖွယ်ရာကောင်းသော ဓားစွမ်းအင်များသည် မိုရီထံသို့ သက်ရောက်သွားခဲ့ပြီး မိုရီ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နယ် တိုက်ခိုက်ရေးစင်မြင့်၏ အပြင်ဘက်သို့ လွင့်စင်သွားခဲ့သည်။

မိုရီက တိုက်ခိုက်ရေးစင်မြင့်ကနေ လွင့်စင်သွားသည်ကို မြင်လျှင် သိုင်းပြိုင်ပွဲ တစ်ခုလုံးတွင် သြဘာပေးသံများ ပြည့်နှက်သွားခဲ့သည်။

လူတိုင်းသည် တိုက်ခိုက်ရေးစင်မြင့်ပေါ်တွင် ဟန်ပါပါရပ်နေသည့် ပိုင်ရှင်းကျန့်ကို လေးစားသော အမူအရာဖြင့် ကြည့်ရှုခဲ့ကြသည်။

“အစ်ကိုပိုင်က ထိပ်ဆုံးသုံးယောက် စာရင်းမှာ ပါဝင်ဖို့ ထိုက်တန်ပါပေတယ်.. တကယ်ကို သန်မာလွန်းတာပဲ"

"ကြည့်ရတာ ပိုင်ရှင်းကျန့်ရဲ့ ကျင့်ကြံခြင်းအဆင့်က ကောင်းကင်နတ်ဘုရားပဉ္စမအဆင့်ကို ထိုးဖောက်သွားပြီထင်တယ်”

“..............”

ပိုင်ရှင်းကျန့်ကို လေးစားသော အမူအရာများဖြင့် ကြည့်ရှုပြီးနောက်တွင် လူတိုင်း၏ အကြည့်သည် ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

ပိုင်ရှင်းကျန့်သည် ထိပ်ဆုံး သုံးယောက်ထဲတွင် အားအနည်းဆုံး ဖြစ်သည်။

ယခု ပိုင်ရှင်းကျန့်ပင်လျှင် ဤမျှအထိ အစွမ်းထက်နေသည်ဖြစ်ရာ ကျန်းချန်သည် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ၏ ဝင်ခွင့် တစ်နေရာကို ရရှိနိုင်ပါမည်လော။

ထိုအချိန်မှာပင် ပိုင်ရှင်းကျန့်၏ စူးရှသောအကြည့်သည် တိုက်ခိုက်ရေးစင်မြင့်အောက်ရှိ ကျန်းချန်တို့ နှစ်ဦး ဆီသို့ ရောက်ရှိသွားခဲ့သည်။

ထို့နောက်တွင် ပိုင်ရှင်းကျန့်၏ မောက်မာသော စကားသံသည် သိုင်းပြိုင်ကွင်း တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။

“မင်းတို့နှစ်ယောက်ထဲမှာ ဘယ်သူ ငါ့ကို စိန်ခေါ်ချင်သေးလဲ.. ငါ့ကို စိန်ခေါ်ချင်တယ်ဆိုရင် စင်ပေါ်ကို တက်လာခဲ့ပါ”

အခန်း(၁၈၄၇)ပြီး၏။

အခန်း(၁၈၄၈)

“ညီနောင်ကျန်းချန် ဒါမှမဟုတ် ငါအရင်သွားလိုက်ရမလား”

ပိုင်ရှင်းကျန့်၏ မောက်မာသောစကားကို ကြားလျှင် ရှစ်ယွင်ကျန့်သည် နံဘေးရှိကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။

ပိုင်ရှင်းကျန့် အစောပိုင်းက ပြသခဲ့သောခွန်အားသည် အလွန်တရာ အစွမ်းထက်သော်လည်း ရှစ်ယွင်ကျန့်သည် နောက်ဆုတ်ရန် ရည်ရွယ်ချက်မရှိခဲ့ပေ။

ဤအဆင့်သို့ပင် ရောက်ရှိလာပြီ ဖြစ်ရာ မည်သို့ပင်ဖြစ်စေကာမူ မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် ဝင်ခွင့်တစ်နေရာကို ရရှိရန် အတွက် သူက အစွမ်းကုန် တိုက်ပွဲဝင်ရပေလိမ့်မည် မဟုတ်ပါလား။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“မင်းအရင်သွားလိုက်.. ငါ သူ့ကို စိန်ခေါ်ဖို့ အစီအစဥ်မရှိဘူး.. ငါ ဒီပြိုင်ပွဲကို ဝင်ပြိုင်တာက ပထမနေရာ အတွက် ဝင်ပြိုင်တာပဲ”

“ပထမနေရာအတွက်လား”

ကျန်းချန်၏ စကားကိုကြားလျှင် ရှစ်ယွင်ကျန့်က မှင်တက်သွားခဲ့သည်။

ကျန်းချန်၏ ရည်ရွယ်ချက်သည် ကုန်းလင်ကို စိန်ခေါ်ပြီး ပထမနေရာကို ရရှိရန် ဖြစ်နေပါသလော။

ရှစ်ယွင်ကျန့်က ခေါင်းကို ခါရမ်းလိုက်ပြီးနောက်တွင် ထိုအကြောင်းကို ထပ်မတွေးတော့ဘဲ တိုက်ခိုက်ရေးကွင်းသို့ ချက်ချင်းဆိုသလို ခုန်တက်သွားခဲ့သည်။

ပိုင်ရှင်းကျန့်က ရှစ်ယွင်ကျန့်ကို ကြည့်ကာ အထင်အမြင်သေးစွာ ပြောလိုက်၏။

“ရှစ်ယွင်ကျန့်.. မင်းအရှုံးပေးလိုက်ရင် ကောင်းမယ်ထင်တယ်.. မင်းသာ ကောင်းကင်နတ်ဘုရား ပဥ္စမအဆင့်ကို ထိုးဖောက်ခဲ့ရင်တော့ ငါ့အတွက် အခက်အခဲတချို့ ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်.. လက်ရှိအခြေအနေနဲ့တော့ မင်းက ငါနဲ့ ယှဥ်ပြိုင်ဖို့တောင် မထိုက်တန်ဘူး”

ရှစ်ယွင်ကျန့်သည် ဟန်ယွဲ့နန်းတော်၏ ထိပ်တန်းပါရမီရှင် ၁၀ဦးစာရင်းတွင် သူပြီးလျှင် အစွမ်းထက်ဆုံး ဖြစ်သည်။

ယခင်ကဆိုလျှင် ရှစ်ယွင်ကျန့်၏ ခွန်အားသည် သူ့အတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်စေမည်မှာ သေချာ၏။

သို့သော် ယခုအခါတွင် သူက ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်ကို ထိုးဖောက်သွားပြီ ဖြစ်ရာ သူ၏ခွန်အားသည် ယခင်ကလို မဟုတ်တော့၍ ရှစ်ယွင်ကျန့်ကို အဘယ်ကြောင့် ဂရုစိုက်နေရပါမည်နည်း။

“အပိုစကားတွေ ပြောမနေနဲ့.. ငါတို့နှစ်ယောက်တိုက်ကြစို့”

ရှစ်ယွင်ကျန့်က ခပ်ပြတ်ပြတ် ပြောလိုက်ပြီး ကောင်းကင်နတ်ဘုရား စတုတ္ထအဆင့်၏ စွမ်းအားကို ချက်ချင်းဆိုသလို အကန့်အသတ်အထိ ထုတ်ဖော်လိုက်သည်။

“ကောင်းပြီလေ ဖျောင်းဖျလို့မရမှတော့ ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့”

စကားဆုံးသည်နှင့် ပိုင်ရှင်းကျန့်က သူ၏ခန္ဓာကိုယ်မှ စွမ်းအားများကို ထုတ်ဖော်လိုက်ရာ လေထုထဲတွင် အနက်ရောင် အက်ကွဲကြောင်းများပင် ဖြစ်ပေါ်လာခဲ့သည်။

“မင်း ငါ့ရဲ့ ဓားချက် ဘယ်နှစ်ချက်ကို ခုခံနိုင်မလဲ ဆိုတာ ငါကြည့်ချင်သေးတယ်”

ပိုင်ရှင်းကျန့်က အေးစက်စက် ပြုံးလိုက်ပြီး တောက်ပသော ငွေရောင်ဓားရှည် တစ်လက်ကို ထုတ်ယူလိုက်သည်။

ထို့နောက်တွင် ပိုင်ရှင်းကျန့်သည် ချက်ချင်းဆိုသလို ငွေရောင်ဓားရှည်ကို ဝှေ့ယမ်းလိုက်၏။

ဓားရိပ်များက မရေမတွက်နိုင်အောင် ထွက်ပေါ်လာခဲ့ပြီး ကမ္ဘာ့စွမ်းအားနှင့် ပေါင်းစပ်ကာ ရေခဲဓားချီ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ထိုရေခဲဓားချီ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် နေရာလွတ်များပင် အေးခဲသွားခဲ့၏။

ထိုမြင်ကွင်းကိုမြင်လျှင် ရှစ်ယွင်ကျန့်၏ မျက်ဝန်းများက လေးနက်သွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် သူ၏ ကျောဘက်တွင် ရှေးဟောင်းမြင့်မြတ်သော တောင်တစ်တောင် ထွက်ပေါ်လာခဲ့ပြီး သူ၏ အရှိန်အဝါသည်လည်း ကြောက်မက်ဖွယ်ရာကောင်းသောအဆင့်အထိ မြင့်တက်သွားခဲ့သည်။

ထို့နောက် သူက လက်သီးချက် တစ်ချက်ကို ထုတ်ဖော်လိုက်ရာ မရေမတွက်နိုင်သော တောင်တန်း အရိပ်များသည် ပတ်ဝန်းကျင်တွင် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

သူ၏လက်သီးချက်က သူ့ဆီသို့ ဝင်ရောက်လာသော ရေခဲဓားချီနှင့် ထိပ်တိုက် ဆုံတွေ့သွားခဲ့သည်။

“ဝုန်း..”

ရှစ်ယွင်ကျန့်နှင့် ရေခဲဓားချီတို့ ထိပ်တိုက် ဆုံတွေ့ပြီးနောက်တွင် ကျယ်‌လောင်သော ပေါက်ကွဲသံက ထွက်ပေါ်လာခဲ့သည်။

နောက်ထပ်ခဏမှာပင် ရေခဲဓားချီသည် ရှစ်ယွင်ကျန့်၏ လက်သီးစွမ်းအားကို လေထဲတွင် ပေါက်ကွဲသွားစေခဲ့ပြီး ရေခဲအပိုင်းအစ ထောင်ပေါင်းများစွာ အဖြစ်သို့ ပြောင်းလဲသွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှစ်ယွင်ကျန့်သည်လည်း ၁၀မီတာ အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။

“ပိုင်ရှင်းကျန့်က အရမ်းသန်မာတာပဲ.. ရှစ်ယွင်ကျန့်က သူ့ရဲ့ပြိုင်ဘက် လုံးဝမဟုတ်ဘူး”

အောက်စည်းသို့ လုံးဝ ရောက်နေသော ရှစ်ယွင်ကျန့်ကို ကြည့်ရင်း ပတ်ဝန်းကျင်ရှိ ဟန်ယွဲ့နန်းတော်မှ တပည့်များစွာ၏ မျက်ဝန်းများတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

ဤနှစ်ယောက်သည် ဟန်ယွဲ့နန်း‌တော်၏ ထိပ်ဆုံး၁၀ဦး စာရင်းတွင် တတိယနှင့် စတုတ္ထအဆင့်တွင် ရှိကြသည်။

နှစ်ယောက်စလုံးသည်လည်း အထွတ်အထိပ် ပါရမီရှင်များလည်း ဖြစ်ကြ၏။

ထိုနှစ်ဦးသာ ကျင့်ကြံခြင်းအဆင့် တူညီနေခဲ့လျှင် ရလဒ်သည် ၅၀၊ ၅၀ ဖြစ်နိုင်၏။

သို့သော်လည်း ယခုအခါတွင် ပိုင်ရှင်းကျန့်သည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်ကို ထိုးဖောက်သွားခဲ့ပြီ ဖြစ်ရာ ကျင့်ကြံခြင်း အဆင့်တွင် ရှစ်ယွင်ကျန့်ကို လုံးဝ အသာစီး ရရှိနေသောကြောင့် ရှစ်ယွင်ကျန့်သည် ပိုင်ရှင်းကျန့်နှင့် ယှဥ်ပြိုင်ရန် ခက်ခဲနေခဲ့၏။

“ရှစ်ယွင်ကျန့်က ရှုံးနိမ့်တော့မဲ့ပုံပဲ”

တိုက်ခိုက်ရေးကွင်းပေါ်ရှိ အခြေအနေကိုကြည့်ရင်း ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့သည်။

ပိုင်ရှင်းကျန့်နှင့် ယှဥ်လျှင် ရှစ်ယွင်ကျန့်သည် အားသာချက် မရှိပေ။

ထိုနှစ်ဦးသာ ကျင့်ကြံခြင်း အဆင့်ခြင်း တူညီနေခဲ့လျှင် ရှစ်ယွင်ကျန့်သည် ပိုင်ရှင်းကျန့်ကို ယှဥ်နိုင်ဖွယ်ရှိသည်။

သို့သော်လည်း ယခုအခါတွင် ပိုင်ရှင်းကျန့်၏ ကျင့်ကြံခြင်းအဆင့်သည် ပို၍ မြင့်မားနေခဲ့ရာ ရှစ်ယွင်ကျန့်သည် အနိုင်ရရန် အခွင့်အရေး လုံးဝမရှိချေ။

ရလဒ်က ကျန်းချန် မှန်းဆထားသည့် အတိုင်းပင် ဖြစ်ပေါ်ခဲ့သည်။

ရှစ်ယွင်ကျန့်သည် အစွမ်းကုန် ကြိုးစားတိုက်ခိုက်ခဲ့သော်လည်း ပိုင်ရှင်းကျန့်၏ နောက်ထပ် ဓားကွက် နှစ်ကွက်ကို ရင်ဆိုင်ရပြီးနောက်တွင် ရှုံးနိမ့်သွားခဲ့သည်။

ရှစ်ယွင်ကျန့်ကို ဓားကွက် သုံးကွက်ဖြင့် အနိုင်ယူပြီးနောက်တွင် ပိုင်ရှင်းကျန့်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ တိုက်ခိုက်ရေးကွင်း အောက်ဘက်ရှိ ကျန်းချန်ကို စူးစိုက်ကြည့်၍ ပြောလိုက်သည်။

“ကျန်းချန် မင်းတစ်ယောက်ပဲ ကျန်တော့တယ်.. ငါနဲ့တိုက်ဖို့ စင်ပေါ်ကို တက်လာခဲ့တယ်”

ဟန်ယွဲ့မြို့တော်ရှိ ခုနစ်စဥ်ကြယ် ပစ္စည်းသန့်စင် ထုတ်လုပ်ရေးခန်းမတွင် ကျန်းချန်နှင့် တွေ့ဆုံစဥ်ကတည်းကပင် ပိုင်ရှင်းကျန့်၏ ရင်ထဲတွင် အစိုင်အခဲများ ဖြစ်ပေါ်ခဲ့သည်။

ထို့ကြောင့် သူက ယနေ့ပြုလုပ်သည့် သိုင်းပြိုင်ပွဲကို အခွင့်ကောင်းယူကာ ကျန်းချန်ကို အနိုင်ရယူရန် ဆုံးဖြတ်ထားပြီး သူ့ကို စော်ကားသည့် အဖိုးအခအား ပေးဆပ်စေမည်ဟု ရည်ရွယ်ထားခဲ့သည်။

ပိုင်ရှင်းကျန့်၏ စကားကိုကြားလျှင် သိုင်းပြိုင်ကွင်းထဲရှိ လူအားလုံး၏ အာရုံသည် ကျန်းချန်၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

နောက်ဆုံးစိန်ခေါ်ပွဲသို့ တက်ရောက်လာသော သုံးဦးတွင် နှစ်ဦးသည် ပိုင်ရှင်းကျန့်ကို ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်ရာ ယခုအခါတွင် ကျန်းချန်သာလျှင် ကျန်ရှိတော့၏။

ဤတစ်ကြိမ်သိုင်းပြိုင်ပွဲ၏ အကြီးဆုံး ဖျက်မြင်း ဖြစ်သော ကျန်းချန်က မည်မျှအထိ စွမ်းဆောင်နိုင်မလဲ ဆိုသည်ကို သူတို့လည်း သိချင်နေခဲ့ကြသည်။

ပိုင်ရှင်းကျန့်၏ စိန်ခေါ်မှုနှင့် ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် အလွန်ပင် တည်ငြိမ်နေခဲ့သည်။

သူက သိုင်းပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရသည့် ရည်ရွယ်ချက်မှာ ပထမနေရာအတွက် ဖြစ်ရာ ပိုင်ရှင်းကျန့်ကို စိန်ခေါ်သည်က အဓိပ္ပါယ်မရှိပေ။

ထို့ကြောင့် သူက တိုက်ခိုက်ရေးကွင်းပေါ်သို့ တက်လာပြီးနောက်တွင် ပိုင်ရှင်းကျန့်ကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ပြတ်သားစွာ ပြောလိုက်သည်။

“ငါ ကုန်းလင်ကို စိန်ခေါ်တယ်”

“ဘာ..”

“ဘယ်လို..”

ကျန်းချန်၏ စကားကိုကြားလျှင် သိုင်းပြိုင်ကွင်းထဲရှိ လူတိုင်းသည် မှင်တက်သွားခဲ့ကြပြီး အချို့ဆိုလျှင် သူတို့၏ နားကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့ကြသည်။

“ကျန်းချန်က ကုန်းလင်ကို စိန်ခေါ်ချင်နေတယ်လား”

ကုန်းလင် ဆိုသည်မှာ ဟန်ယွဲ့နန်းတော်၏ လူငယ်မျိုးဆက်ထဲတွင် ခေတ်တစ်ခေတ်ကို စိုးမိုးထားသော ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်ပြီး မဟာမြေရိုင်းပါရမီရှင် စာရင်းတွင် အဆင့်(၃၂)နေရာ ရရှိထားသည့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ထို့ကြောင့် အားလုံးသည် သိုင်းပြိုင်ပွဲ၏ ပထမနေရာကို ကုန်းလင် အတွက်သာ ဖြစ်သည်ဟု ယူဆထားကြသည်။

သို့သော်လည်း ကျန်းချန်က ပိုင်ရှင်းကျန့်ကို လျစ်လျူရှုကာ ကုန်းလင်ကို တိုက်ရိုက် စိန်ခေါ်လိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ကြပေ။

ထိုကောင်လေးသည် သိုင်းပြိုင်ပွဲ၏ ပထမနေရာကို ရည်မှန်းထားပါသလော။

“ကျန်းချန် မင်း ဘာလို့ ငါ့ကို စိန်မခေါ်တာလဲ”

ကျန်းချန်က သူ့ကို လျစ်လျူရှုလိုက်ပြီး ကုန်းလင်ကို စိန်ခေါ်လိုက်သည်အား မြင်လျှင် ပိုင်ရှင်းကျန့်၏ အမူအရာသည် ချက်ချင်းဆိုသလိုပင် အလွန်တရာ သုန်မှုန်သွားခဲ့သည်။

“ငါ သိုင်းပြိုင်ပွဲကို ဝင်ပါတာ ပထမနေရာကို ရယူဖို့ပဲ.. ဘာလို့မင်းကို စိန်ခေါ်ပြီး အချိန်ဖြုန်းရမှာလဲ”

ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် ကုန်းလင်ကို တိုက်ရိုက်ပင် ကြည့်လိုက်သည်။

“ကုန်းလင် သိုင်းပြိုင်ပွဲ ပထမနေရာက ငါ့အတွက်ပဲ ဖြစ်ရမယ်.. ငါနဲ့တိုက်ခိုက်ဖို့ စင်ပေါ်ကို တက်လာခဲ့ပါ”

“ကျန်းချန် မင်းကများ အစ်ကိုကုန်းလင်ကို စိန်ခေါ်ချင်တယ်လား”

ပိုင်ရှင်းကျန့်၏ မျက်ဝန်းများက အေးစက်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးတွင် လူသတ်ငွေ့များ ထွက်ပေါ်လာခဲ့သည်။

“မင်း အစ်ကိုကုန်းလင်ကို စိန်ခေါ်ချင်ရင် ငါ့ကို အရင်ကျော်ဖြတ်နိုင်မှ ဖြစ်မယ်”

ထိုစကားကိုကြားလျှင် ကျန်းချန်သည် မျက်မှောင်ကြုတ်လိုက်သည်။

ယင်းအချိန်မှာပင် ခရမ်းရောင်အလင်း တစ်ခုသည် ကျန်းချန်နှင့် ပိုင်ရှင်းကျန့် တို့၏ ကြားသို့ ကျရောက်လာခဲ့ပြီး ဟန်ယွဲ့နန်း‌တော်၏ နံပါတ်(၁) ပါရမီရှင် ဖြစ်သော အေးစက်စက် မျက်နှာထား ရှိသည့် ခရမ်းရောင်ဝတ်စုံဝတ် လူငယ် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ပိုင်ရှင်းကျန့် မင်းက သူ့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး.. နောက်ဆုတ်လိုက်တော့”

ကုန်းလင်က သူ၏အနောက်ရှိ ပိုင်ရှင်းကျန့်ကို တစ်ချက်မှလှည့်မကြည့်ဘဲ ကျန်းချန်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

“ဟုတ်ကဲ့ အစ်ကိုကုန်း”

ကုန်းလင်၏ စကားကို ပိုင်ရှင်းကျန့်သည် မလိုက်နာဘဲ မနေရဲပေ။

သူက ကျန်းချန်ကို ခါးသီးစွာကြည့်လိုက်ပြီးနောက်တွင် မကျေမနပ် အမူအရာဖြင့် တိုက်ခိုက်ရေးကွင်းကနေ ဆင်းသက်သွားခဲ့သည်။

ယခုအခါတွင် တိုက်ခိုက်ရေးကွင်းပေါ်၌ ကျန်းချန် နှင့် ကုန်းလင်တို့သည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ရပ်နေခဲ့ကြသည်။

နှစ်ဦးစလုံးက မည်သည့် လှုပ်ရှားမှုကိုမှ မလုပ်ဆောင်သေးဘဲ တည်ငြိမ်စွာသာ ရှိနေကြ၏။

All Chapters