← Chapters

အခန်း (၁၈၄၉+၁၈၅၀)

Vol. 125 Ch. 1849+1850

အခန်း (၁၈၄၉+၁၈၅၀)

Vol. 125 Ch. 1849+1850

အခန်း(၁၈၄၉)

ကုန်းလင်က မာန်အပြည့်ဖြင့်ရပ်ကာ ကျန်းချန်ကို စူးစိုက်ကြည့်နေခဲ့သည်။

သူ၏ ခန္ဓာကိုယ်ကနေ အားကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့၏။

“ကျန်းချန် မင်းရဲ့ခွန်အားက အတော်လေး အားကောင်းပေမဲ့ ငါ ကုန်းလင်ရဲ့ ပထမနေရာကိုတော့ ယူနိုင်မှာမဟုတ်ဘူး”

ကျန်းချန်က တည်ငြိမ်သော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။

“ပထမနေရာကို ငါယူနိုင်မလားဆိုတာ ခဏနေရင် မင်းသိရလိမ့်မယ်”

ထိုစကားကိုကြားလျှင် ကုန်းလင်က မျက်မှောင်ကြုတ်သွားခဲ့သည်။

ကျန်းချန်ကို ကြည့်နေသော သူ၏ အကြည့်သည် မိုးမြေကိုပင် ထိုးဖောက်နိုင်သည့် ဓားနှစ်စင်းကဲ့သို့ ထက်ရှနေခဲ့သည်။

“ဟန်ယွဲ့နန်းတော်ကို ငါဝင်ရောက်စဥ်ကတည်းက ငါနဲ့ရွယ်တူပါရမီရှင်တွေထဲမှာ ငါ့ကို ဓားထုတ်စေဖို့ အရည်အချင်း ပြည့်မီတဲ့သူ တစ်ယောက်မှမရှိခဲ့ဘူး.. မင်းက ငါ့ကို ဓားထုတ်စေတဲ့အထိ အရည်အချင်း ပြည့်မီမယ်လို့ မျှော်လင့်ပါတယ်”

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“ငါက မင်းကို ဓားထုတ်ခိုင်းရုံတင်မကဘူး.. မင်းကိုပါ အနိုင်ယူပြီး သိုင်းပြိုင်ပွဲရဲ့ ပထမနေရာကိုပါ အရယူမှာ”

“အပိုစကားတွေ မပြောဘဲ စတိုက်ကြစို့”

ကုန်းလင်က အေးစက်စက် ရေရွတ်လိုက်ပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ အလွန်တရာ အေးစက်သော ဓားစွမ်းအင်ကို ထုတ်ဖော်လိုက်သည်။

သူ၏ ဓားစွမ်းအင်က ကောင်းကင်ပေါ်သို့ ချက်ချင်းဆိုသလို ထိုးတက်သွားခဲ့၏။

ကုန်းလင်က ဆန်းကြယ်သော လက်ဟန်များကို ပြုလုပ်လိုက်ရာ ကောင်းကင်ပေါ်ရှိ ဓားအလင်းသည် ဧရာမဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး မျက်စိတစ်မှိတ် အတွင်းမှာပင် လေထုကို ထိုးခွဲကာ ကျန်းချန်ဆီသို့ သက်ရောက်လာခဲ့သည်။

ထိုဧရာမဓားထံကနေ အလွန်တရာ အေးစက်သော အရှိန်အဝါများ ထုတ်လွှတ်နေခဲ့၏။

ကျန်းချန်က မဲ့ပြုံးပြုံးလိုက်ပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံးမှ ခွန်အားများကို စုစည်းကာ လက်တစ်ဖက်ကို မြှောက်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ကုန်းလင်၏ ဓားထက် မနိမ့်သော ဓားစွမ်းအားသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့ပြီး ကုန်းလင်၏ ဓားစွမ်းအားဖြင့် သိပ်သည်းထားသော ဧရာမဓားနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။

“ဝုန်း..”

ကြောက်မက်ဖွယ်ရာ ဓားစွမ်းအားနှစ်ခု ထိပ်တိုက်ဆုံတွေ့မိသောအခါတွင် မရေမတွက်နိုင်သော ဓားချီများသည် ပတ်ဝန်းကျင်တွင် လွင့်စင်သွားခဲ့သည်။

ပတ်ဝန်းကျင်တွင် ပြန့်ကျဲနေသော ဓားချီများသည် နေရာလွတ် အက်ကွဲကြောင်းများကိုပင် ဖြစ်ပေါ်စေခဲ့၏။

ဓားစွမ်းအားချင်း ထိပ်တိုက် ဆုံတွေ့ပြီးနောက်တွင် နှစ်ဦးစလုံးသည် ခြေဆယ်လှမ်းခန့် နောက်သို့ ဆုတ်လိုက်ရသည်။

“ရှေးဟောင်းလဓားချီ”

ကုန်းလင်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ဆန်းကြယ်သောလက်ဟန်များကို ပြုလုပ်လိုက်သည်။

ကြောက်မက်ဖွယ်စွမ်းအားများ ကိန်းအောင်းနေသော ငွေရောင်ဓားစွမ်းအင်သည် လရောင်က မြေပြင်တွင် ထွန်းလင်းနေသကဲ့သို့ လေထုထဲကနေ သက်ဆင်းလာခဲ့သည်။

“ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်း.. ဖြိုခွဲစမ်း..”

ကျန်းချန်၏ မျက်ဝန်းများက လေးနက်သွားခဲ့ပြီး ခုနစ်စဥ်ကြယ်ကောင်းကင်ဓားသိုင်းကို ထုတ်ဖော်လိုက်သည်။

သူက ကြယ်တစ်ပွင့်၏ စွမ်းအားကို တိုက်ရိုက် လှုံ့ဆော်ကာ ပထမဆုံး ဓားစွမ်းအင်ကို စုစည်းလိုက်ပြီး အလွန်တရာကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားဖြင့် ကုန်းလင်၏ ဓားစွမ်းအင်ကို ရင်ဆိုင်လိုက်သည်။

“ဝုန်း..”

ဓားချီများ ထိပ်တိုက် ဆုံတွေ့မိခြင်းကြောင့် တိုက်ခိုက်ရေးကွင်းပြင် တစ်ခုလုံးတွင် နေရာလွတ် အက်ကွဲကြောင်းများ အလွှာလိုက် ထွက်ပေါ်လာခဲ့သည်။

ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော အံ့သြထိတ်လန့်သည့် အကြည့်များအောက်မှာပင် ကျန်းချန်၏ ကြယ်ဓားစွမ်းအားသည် ကုန်းလင်၏ ရှေးဟောင်းလဓားစွမ်းအင်ကို ဖြိုခွဲလိုက်ပြီး ကုန်းလင် ထံသို့ ဦးတည်သွားခဲ့၏။

ထိုအချိန်မှာပင် ပြင်းထန်သော ဓားစွမ်းအား တစ်ခုသည် ပေါက်ကွဲထွက်လာခဲ့ပြီး ကျန်းချန်၏ ကြယ်ဓားစွမ်းအင်ကို ချက်ချင်းဆိုသလို ပျောက်ကွယ်သွားစေခဲ့သည်။

“အစ်ကိုကုန်းလင်က ဓားထုတ်လိုက်ပြီဟ”

မှန်ပါသည်။ အစောပိုင်းက တိုက်ခိုက်မှုကို ရင်ဆိုင်ရန်အတွက် ကုန်းလင်သည် သူ၏ ဓားကို ထုတ်လိုက်ရချေပြီ။

ဓားရှည်ကို ထုတ်ကိုင်လိုက်သော ကုန်းလင်ကို ကြည့်ကာ ဟန်ယွဲ့နန်းတော်မှ တပည့်များစွာသည် မှင်တက်နေခဲ့သည်။

ကုန်းလင်သည် ဟန်ယွဲ့နန်းတော်မှ တပည့်များကြားတွင် ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ဟန်ယွဲ့နန်း‌တော်၏ ထိပ်ဆုံး၁၀ဦး စာရင်းထဲမှ ကျန်ကိုးဦးပင် ကုန်းလင်ကို ဓားထုတ်ရန် တတ်နိုင်ခြင်းမရှိခဲ့ပေ။

ယခုအခါတွင်မူ ကျန်းချန်သည် တိုက်ကွက် နှစ်ကွက်ဖြင့်ပင် ကုန်းလင်ကို ဓားထုတ်စေခဲ့ပြီ ဖြစ်၏။

ယင်းမှာ ဟန်ယွဲ့နန်း‌တော်မှ တပည့်များစွာ အတွက် မယုံကြည်နိုင်စရာ ကောင်းလွန်းနေခဲ့၏။

လက်ထဲကို ဓားရောက်လာပြီးနောက်တွင် ကုန်းလင်သည် အခြားသူ တစ်ဦးကဲ့သို့ ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးတွင် အဆုံးမဲ့ ထက်ရှသော အရှိန်အဝါများ ထုတ်လွှတ်နေခဲ့၏။

ကုန်းလင်က ကျန်းချန်ကို စူးစိုက်၍ကြည့်ကာ ပြောလိုက်သည်။

“ဒီနှစ်တွေအတွင်းမှာ မင်းက ငါ့ကို ဓားထုတ်စေတဲ့ ဟန်ယွဲ့နန်းတော်ရဲ့ ပထမဆုံးတပည့်ပဲ.. ဒီဓားကို လမင်းတုန်ခါဓားလို့ခေါ်တယ်.. ငါ ဒီဓားကို ရရှိပြီးကတည်းက သိပ်အသုံးမပြုခဲ့ရဘူး.. မင်းက ဒီဓားကိုမြင်တွေ့ခွင့်ရတဲ့ တတိယမြောက်လူ ဖြစ်လာတဲ့ အတွက် ဂုဏ်ပြုပါတယ်”

ထိုအချိန်တွင် ကျန်းချန်သည် ကုန်းလင်၏ လက်ထဲမှ ဓားရှည်ကို အေးစက်စက် စိုက်ကြည့်နေခဲ့သည်။

“ဒီနယ်မြေနတ်ဘုရားလက်နက်က ငါ့ရဲ့ ဆရာတူအစ်ကို ရှန်းဟုန် ဆီကနေ မင်းလုယူခဲ့တဲ့ လက်နက်မဟုတ်လား”

ထိုစကားကိုကြားလျှင် ကုန်းလင်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ပြန်ဖြေလိုက်သည်။

“အဲဒီတော့ ဘာဖြစ်လဲ.. မင်းက သူ့အတွက် ဒီဓားကို ပြန်ယူချင်တာလား”

“အမှန်ပဲ ဒီအတွက် ငါ မင်းနဲ့ အလောင်းအစားလုပ်မယ်”

ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်က လက်ဖဝါးကိုလှုပ်ရှားလိုက်ရာ ကောင်းကင်မီးနတ်ဓားသည် သူ၏လက်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

“ဒီဓားက နယ်မြေနတ်ဘုရားအဆင့် လက်နက်ဖြစ်တဲ့ ကောင်းကင်မီးနတ်ဓားပဲ.. ငါ ဒီဓားနဲ့ အလောင်းအစားလုပ်မယ် မင်းနိုင်ရင် ကောင်းကင်မီးနတ်ဓားကို ငါပေးမယ်.. ငါနိုင်ရင်တော့ ဆရာတူအစ်ကိုရှန်းရဲ့ လမင်းတုန်ခါနတ်ဓားကို ငါ့ဆီပေးရမယ် ဘယ်လိုလဲ ကုန်းလင် မင်း ငါနဲ့လောင်းရဲလား”

ကျန်းချန်က ကောင်းကင်မီးနတ်ဓားကို ကိုင်စွဲထားရင်း ကုန်းလင်ကို စိန်ခေါ်လိုက်သည်။

“ဟားဟား မင်းကအလောင်းအစား လုပ်ချင်တယ် ဆိုမှတော့ ငါက မင်းနဲ့အတူ ကစား‌ပေးရသေးတာပေါ့.. နှစ်ပေါင်းများစွာအတွင်းမှာ ငါကုန်းလင်က စိန်ခေါ်မှုမှန်သမျှကို နောက်မတွန့်ခဲ့ဘူး.. မင်းနဲ့ အလောင်းအစားလုပ်ဖို့ အတွက် င့ါမှာ ငြင်းနေစရာ ဘာအကြောင်းပြချက်မှ မရှိဘူး.. ကွဲအက်စမ်း”

ထို့နောက်တွင် ကုန်းလင်သည် သူ၏ ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် အရှိန်အဝါကို အစွမ်းကုန် ထုတ်‌ဖော်ကာ လမင်းတုန်ခါ နတ်ဓားကို ဝှေ့ယမ်းလိုက်သည်။

သူ၏ဓားချက်က တိုက်ခိုက်ရေးကွင်း အထက်ရှိ တိမ်ပင်လယ်ကိုပင် ပိုင်းဖြတ်သွားခဲ့သည်။

ထိုဓားချက်က မှန်းဆ၍ မရလောက်အောင် အားကောင်းပြီး ဘုံကိုးပါးအထက်မှ နဂါးငွေ့တန်း ကျဆင်းလာသကဲ့သို့ပင်။

“ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ ဓားချက်လဲ"

"ဒါက အစ်ကိုကုန်းရဲ့ ခွန်အားအစစ်အမှန်လား"

"မဟာမြေရိုင်းပါရမီရှင်စာရင်းမှာ အဆင့်သတ်မှတ်ခံရဖို့ ထိုက်တန်ပါတယ်.. သိပ်ကို ကြောက်စရာကောင်းတာပဲ”

သိုင်းပြိုင်ကွင်းပတ်ပတ်လည်ရှိ ဟန်ယွဲ့နန်းတော်မှ မရေမတွက်နိုင်သော တပည့်များသည် ကုန်းလင်၏ ဓားချက်ကိုမြင်လျှင် အံ့သြထိတ်လန့်သွားခဲ့ကာ မျက်နှာများပင် ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။

ကုန်းလင်၏ ကြောက်မက်ဖွယ်ဓားချက်ကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းတွင် တိုက်ပွဲဝင်လိုသော စိတ်ဆန္ဒများ မြင့်တက်လာခဲ့သည်။

“ခုနစ်စဥ်ကြယ်ကောင်းကင်ဓားသိုင်း”

ကျန်းချန်က ခပ်တိုးတိုး ရေရွတ်လိုက်ပြီး ခုနစဥ်ကြယ်ကောင်းကင်ဓားသိုင်းကို ထုတ်ဖော်လိုက်သည်။

သူက ကြယ်နှစ်ပွင့်၏ စွမ်းအားကိုသာ စုစည်း၍ ကုန်းလင်၏ ဓားချက်ကို ရင်ဆိုင်လိုက်၏။

အံ့သြတုန်လှုပ်ဖွယ်ကောင်းသော ဓားအလင်း နှစ်စင်းသည် တိုက်ခိုက်ရေးကွင်း အထက်ရှိ ကောင်းကင်ယံတွင် ထိပ်တိုက်ဆုံတွေ့သွားကြသည်။

ပြင်းထန်သော အဖျက်စွမ်းအင် ဓားမုန်တိုင်းသည် ပတ်ဝန်းကျင်တွင် တိုက်ခတ်သွားခဲ့သည်။

ဓားစွမ်းအင် ဖြတ်သန်းသွားသော နေရာများတွင် ချက်ချင်းဆိုသလို ဘာမှမကျန်ရှိတော့သည့် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ကုန်းလင်သည် သူ၏ လက်ထဲမှ လမင်းတုန်ခါဓားကို အသုံးပြုကာ ဓားကွက်တစ်ကွက်ကို ထပ်မံ ထုတ်‌ဖော်လိုက်သည်။

သူ၏ ကြောက်မက်ဖွယ် ဓားချက်ကြောင့် ပေထောင်ချီ ကျယ်ပြန့်သော နေရာလွတ်သည် အက်ကြောင်းများ ဖြစ်ပေါ်လာပြီး ချက်ချင်းဆိုသလိုပင် နေရာလွတ် အက်ကြောင်းများမှ တစ်ဆင့် အဆုံးမဲ့ နေရာလွတ် မိုးကြိုးမုန်တိုင်းများသည်ပင် တိုက်ခိုက်ရေးကွင်း ဆီသို့ သက်ရောက်လာခဲ့သည်။

ဤမျှအထိ ကြောက်မက်ဖွယ်ရာကောင်းသော ဓားချက်ကို ကျန်းချန်က ရင်ဆိုင်နိုင်ပါမည်လော။

အခန်း(၁၈၄၉)ပြီး၏။

အခန်း(၁၈၅၀)

“ဒါ ဒါက ဟန်ယွဲ့နန်းတော်ရဲ့ လဧကရာဇ်ဓားသိုင်းပဲ”

ကုန်းလင် ထုတ်ဖော်လိုက်သည့် ဓားချက်ကို မြင်လျှင် ဟန်ယွဲ့နန်းတော်မှတပည့်တချို့သည် တအံ့တသြ ရေရွတ်လိုက်ကြသည်။

လဧကရာဇ် ဓားသိုင်းသည် ဟန်ယွဲ့နန်းတော်ကို တည်ထောင်ခဲ့သည့် နယ်မြေနတ်ဘုရားယွဲ့ဟွမ် တီထွင်ခဲ့သည့် ပြိုင်ဘက်ကင်းဓားသိုင်းဖြစ်သည်။

ထိုဓားသိုင်းသည် အစွမ်းကုန် ကျင့်ကြံနိုင်လျှင် အဆင့်နိမ့်နတ်ဘုရင်အဆင့် နည်းစနစ်ထက် မနိမ့်ပေ။

ထို့ကြောင့်လည်း လဧကရာဇ် ဓားသိုင်းကို ဟန်ယွဲ့နန်းတော်၏ အစွမ်းအထက်ဆုံး ကိုယ်ခံပညာရပ်အဖြစ် သတ်မှတ်ခဲ့ကြသည်။

သို့ရာတွင် လဧကရာဇ်ဓားသိုင်းကို ကျင့်ကြံရန်အတွက် လိုအပ်သော အခြေအနေသည် အလွန်တရာပင် ပြင်းထန်သည်။

ဟန်ယွဲ့နန်းတော်တွင် အရှင်ယွဲ့ဟွမ် ချန်ထားရစ်ခဲ့သော ဓားရာကို နားလည်မှသာ လဧကရာဇ်ဓားသိုင်းကို ကျင့်ကြံရန် အရည်အချင်း ပြည့်မီသည်ဟု ဆိုကြ၏။

ဟန်ယွဲ့နန်းတော်ကို စတင် တည်ထောင်ခဲ့ချိန်ကစပြီး နှစ်ပေါင်းသန်းချီ သမိုင်းတွင် လဧကရာဇ်ဓားသိုင်းကို ကျင့်ကြံနိုင်ခဲ့သည့် တပည့်များသည် လက်ချိုးရေတွက်၍ပင် ရသည်။

ကုန်းလင်က လဧကရာဇ်ဓားသိုင်းကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။

“ကျန်းချန်.. အရှင်ရွှယ်သောင်း ပေးထားတဲ့ နတ်ဘုရင်အဆင့် နည်းစနစ်က ငါ့ရဲ့ဓားချက်ကို ဘယ်လို တားဆီးနိုင်မလဲဆိုတာ ငါကြည့်ချင်တယ်”

ကုန်းလင်က ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

“ခုနစ်စဥ်ကြယ်ကောင်းကင်ဓားသိုင်း”

ကျန်းချန်က သူ၏လက်ထဲမှ ကောင်းကင်မီးနတ်ဓားကို ဝှေ့ယမ်းလိုက်သည်။

ထို့နောက်တွင် ကြယ်သုံးပွင့်၏ စွမ်းအားကို ဆက်တိုက်ဆိုသလို လှုံ့ဆော်ကာ ဘုံကိုးပါးကနေ ကျဆင်းလာသော ဓားချီသုံးခု အဖြစ် ပြောင်းလဲလိုက်သည်။

“ဝုန်း..”

ကျန်းချန်၏ ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကနေ လှုံ့ဆော်ထားသော ဓားချီ သုံးခုသည် ကုန်းလင်၏ ဓားစွမ်းအားနှင့် ထပ်မံ ထိပ်တိုက် ဆုံတွေ့သွားကြသည်။

ပြင်းထန်သော ဓားအရှိန်အဝါသည် အရပ်မျက်နှာ အားလုံးသို့ ဖြာထွက်သွားခဲ့ပြီး တိုက်ခိုက်ရေးကွင်း တစ်ခုလုံးကိုပင် ပြင်းထန်စွာ တုန်ခါသွားစေခဲ့သည်။

ကြောက်မက်ဖွယ် ဓားစွမ်းအင်နှစ်ခု ထိပ်တိုက်ဆုံတွေ့သည့်အခိုက်အတန့်တွင် ကုန်းလင်၏ ပုံရိပ်သည် ၁၀ပေကျော် အကွာအထိ ချက်ချင်းဆိုသလို လွင့်စင်သွားခဲ့သည်။

ထို့နောက် သူက ဆန့်ကျင်ဘက်တွင် ဝင့်ကြွားစွာ ရပ်နေသည့် ကျန်းချန်ကို ကြည့်လိုက်သည်။

အဆုံးသတ်တွင် သူ၏ မျက်ဝန်းထဲ၌ မယုံကြည်နိုင်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့၏။

“အစ်ကိုကုန်းလင်တောင် လွင့်စင်သွားတယ်ဟ”

ပတ်ဝန်းကျင်ရှိ ဟန်ယွဲ့နန်းတော်မှ မရေမတွက်နိုင်သော တပည့်များသည် မှင်တက်သွားခဲ့ကြ၏။

ဟန်ယွဲ့နန်းတော်၏ နံပါတ်(၁)ပါရမီရှင် ဖြစ်သည့် ကုန်းလင်သည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း ခွန်အားကမူ ဆဋ္ဌမအဆင့်ကောင်းကင်နတ်ဘုရားအများစုထက်ပင် သာလွန်သည်။

ကုန်းလင်၏ ခွန်အားနှင့် လမင်းတုန်ခါဓားကို ကိုင်စွဲကာ ဟန်ယွဲ့နန်း‌တော်၏ နံပါတ်(၁)ကိုယ်ခံပညာရပ် ဖြစ်သည့် လဧကရာဇ် ဓားသိုင်းကို အသုံးပြုလိုက်သော စွမ်းအားသည် မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းမည်မှာ တွေးနေစရာပင် မလိုအပ်ပေ။

သို့သော်လည်း ကုန်းလင်သည် ဤမျှ အစွမ်းထက်သည့် ဓားချက်ကို အသုံးပြုခဲ့သည့်တိုင် ကျန်းချန်က အလွယ်တကူ အနိုင်ယူသွားလိမ့်မည်ဟု မည်သူမှ မထင်ခဲ့ပေ။

“ကျန်းချန်ရဲ့ ခွန်အားက ဒီလောက်တောင် ကြောက်ဖို့ကောင်းမယ်လို့ မထင်ထားမိဘူး.. အရှင်ရွှယ်သောင်းရဲ့ တိုက်ရိုက်တပည့်ဖြစ်ဖို့ ထိုက်တန်ပါပေတယ်.. ဒီအတိုင်းဆိုရင် ကျန်းချန်က ကုန်းလင်ကို အနိုင်ယူပြီး ပထမနေရာကိုတောင် ရယူနိုင်ခြေ ရှိတယ်”

တိုက်ခိုက်ရေးကွင်းထဲတွင် အသာစီးရနေသော ကျန်းချန်ကိုကြည့်ကာ လူတိုင်း၏ နှုတ်ဖျားကနေ တအံ့တသြ ရေရွတ်သံများ ထွက်ပေါ်လာကြသည်။

ပြိုင်ပွဲမစတင်ခင်က လူတိုင်းနီးပါးသည် ဤတစ်ကြိမ် သိုင်းပြိုင်ပွဲ၏ ပထမနေရာမှာ ကုန်းလင် အတွက်သာ ဖြစ်မည်ဟု ယုံကြည်ခဲ့ကြသည်။

သို့သော်လည်း ပြိုင်ပွဲတွင် ကျန်းချန်ကဲ့သို့ ဖျက်မြင်းတစ်ကောင် ထွက်ပေါ်လာခဲ့ပြီး ကုန်းလင်ကိုပင် အောက်စည်းသို့ရောက်အောင် တိုက်ခိုက်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ဒီကောင်က ဘယ်လိုလုပ် ဒီလောက်‌တောင် သန်မာနေရတာလဲ”

ပိုင်ရှင်းကျန့်က တိုက်ခိုက်ရေးကွင်းပေါ်တွင် ဝံ့ကြွားစွာရပ်နေသော ကျန်းချန်ကို မှင်တက်စွာ စိုက်ကြည့်နေခဲ့ပြီး မျက်ဝန်းထဲတွင် အံ့သြထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

ပိုင်ရှင်းကျန့်သည် ကောင်းကင်နတ်ဘုရား ပဉ္စမအဆင့်ကို ထိုးဖောက်ပြီး‌နောက်တွင် ကျန်းချန်နှင့် ရင်ဆိုင်ရန် လုံလောက်ပြီဟု ထင်မှတ်ခဲ့၏။

သို့သော် ဤအချိန်တွင်မူ ပိုင်ရှင်းကျန့်သည် သူနှင့် ကျန်းချန်ကြားမှ ကွာဟချက်က မည်မျှ ကြီးမားမှန်း သဘောပေါက်သွားခဲ့သည်။

ပိုင်ရှင်းကျန့်သည် သူ၏စီနီယာအစ်ကို ဖြစ်သည့် ကုန်းလင်၏ နက်ရှိုင်းသော ခွန်အားကို ကောင်းစွာ နားလည်ထား၏။

ယခု သူ၏ စီနီယာအစ်ကိုက အစွမ်းကုန် ကြိုးစားတိုက်ခိုက်သည့်တိုင် ကျန်းချန်ကို အနည်းငယ်မျှပင် အသာစီးမရရှိသေးပေ။

သူသာ ကျန်းချန်နှင့် တိုက်ခိုက်ဖြစ်ခဲ့လျှင် မည်ကဲ့သို့ သေသွားမှန်းကိုပင် သိလိုက်မည် မဟုတ်ချေ။

ကုန်းလင်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်သည်။

ထို့နောက်တွင် သူက မျက်နှာချင်းဆိုင်မှ ကျန်းချန်ကို စူးစိုက်၍ ကြည့်ကာ အလေးအနက် ပြောလိုက်၏။

“အရှင်ရွှယ်သောင်းရဲ့ နတ်ဘုရင်အဆင့် နည်းစနစ်က တကယ်ကို အစွမ်းထက်တာပဲ.. မင်းက ဒီလောက် အချိန်တိုအတွင်းမှာ တတ်မြောက်သွားလိမ့်မယ်လို့ ငါမထင်ထားမိဘူး”

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

“အပိုတွေ မပြောစမ်းနဲ့...မင်းကိုယ်တိုင် ငါ့ကို အရှုံးပေးမလား ဒါမှမဟုတ် ငါက ရိုက်နှက်ပြီးတော့ မင်းအရှုံးပေးအောင် လုပ်ရမလား.. နှစ်ခုထဲက တစ်ခုကို ရွေးချယ်လိုက်”

“ဟမ့်.. ငါ ဟန်ယွဲ့နန်းတော်ကို ဝင်ရောက်ပြီးကတည်းက အရှုံးဆိုတဲ့စာလုံးကို ဘယ်လိုရေးရတယ် ဆိုတာတောင် တစ်ခါမှမသိခဲ့ဘူး.. ကျန်းချန် မင်းက အရှင်ရွှယ်သောင်း ပေးအပ်ထားတဲ့ နတ်ဘုရင်အဆင့် နည်းစနစ်ကို တတ်မြောက်နေရင်တောင် ဟန်ယွဲ့နန်းတော်ရဲ့ နံပါတ်(၁)ပါရမီရှင် ဆိုတဲ့ ငါ့ရဲ့ဂုဏ်ပုဒ်ကို မင်းလုယူလို့ မရဘူး”

စကားဆုံးသည်နှင့် ကုန်းလင်က လမင်းတုန်ခါဓားကို ဝှေ့ယမ်းကာ ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။

ကောင်းကင်နှင့်မြေကြီးကိုပင် ဖျက်ဆီးနိုင်လောက်သော ဓားအလင်းသည် လေထုကို ချက်ချင်းဆိုသလို ထိုးဖောက်ကာ ကြောက်မက်ဖွယ်ရာကောင်းသော ဓားစွမ်းအားကို သယ်‌ဆောင်၍ ကျန်းချန်၏ ဦးခေါင်းအထက်ကနေ သက်ရောက်လာခဲ့သည်။

ဟန်ယွဲ့နန်း‌တော်၏ လဧကရာဇ်ဓားသိုင်းတွင် ဓားကွက်သုံးကွက်ရှိသည်။

ကုန်းလင်သည် သူ့ဘဝတွင် ရင်ဆိုင်ကြုံတွေ့ဖူးသမျှ ရန်သူထဲတွင် အစွမ်းထက်ဆုံး ဖြစ်သည့် ကျန်းချန်ကို ရင်ဆိုင်ရန်အတွက် လဧကရာဇ်ဓားသိုင်း၏ ဒုတိယဓားကွက်ကို အသုံးပြုလိုက်ချေပြီ။

“ဟန်ယွဲ့နန်းတော်ရဲ့ လဧကရာဇ်ဓားသိုင်းက တကယ်ကို ကျော်ကြားမှုနဲ့ ထိုက်တန်ပါတယ်”

ကမ္ဘာကိုပင် ဖျက်ဆီးစေနိုင်လောက်သည့် ဓားချက်ကို ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သောအရိပ်အယောင်များ ယှက်သန်းသွားခဲ့သည်။

သို့သော် သူက ထိုစကားကို ပြောဆိုနေချိန်မှာပင် သူ၏ ခန္ဓာကိုယ်က‌နေ ကမ္ဘာကြီးကိုပင် လွှမ်းမိုးနိုင်သော အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။

ယင်းနောက်တွင် ကျန်းချန်၏ မောက်မာသော ရယ်သံသည် သိုင်းပြိုင်ကွင်း၏ အထက်တွင် ပဲ့တင်ထပ်သွားခဲ့သည်။

“ဟားဟား ကုန်းလင်.. ဒီတစ်ကြိမ်ပြိုင်ပွဲရဲ့ ပထမနေရာက ငါကျန်းချန် အတွက်ပဲ ဖြစ်ရမယ်.. ဒီနေ့ ငါမင်းကို စစ်မှန်တဲ့ နတ်ဘုရင်အဆင့် ကိုယ်ခံပညာရပ်က ဘယ်လိုလဲဆိုတာ ပေးမြည်းမယ်”

ကျန်းချန်က မောက်မာစွာ ရယ်မောလိုက်ပြီးနောက်တွင် ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို ထပ်မံ ထုတ်ဖော်လိုက်သည်။

သူက ချက်ချင်းဆိုသလိုပင် ကြယ်ခုနစ်ပွင့်ကို လှုံ့ဆော်ကာ ကောင်းကင်ဓားချီ ခုနစ်ခု အဖြစ်သို့ ပြောင်းလဲလိုက်သည်။

ထိုအခိုက်အတန့်တွင် ကျန်းချန်၏ မျက်ဝန်းများက လေးနက်သွားခဲ့၏။

ယင်းနောက်တွင် သူ၏ အေးစက်စက်ကြုံးဝါးသံသည် ကမ္ဘာတစ်ဝန်းလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။

“ခုနစ်စဥ်ကြယ်ကောင်းကင်ဓား.. စုစည်းစမ်း..”

ကျန်းချန်၏ ကြုံးဝါးသံ အဆုံးသတ်သည်နှင့်အမျှ ကောင်းကင်ဓားချီ ခုနစ်ခုသည် ချက်ချင်းဆိုသလို ပေါင်းစည်းသွားခဲ့ပြီး ကျန်းချန်၏ ဦးခေါင်းအထက်တွင် စုဝေးကာ အဆုံးသတ်တွင် အဆုံးမဲ့ ကြယ်စွမ်းအားများကို ထုတ်လွှတ်နေသော ကောင်းကင်ဓား အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ယင်းနောက်တွင် ထိုကောင်းကင်ဓားသည် ကောင်းကင်ယံကနေ တစ်ဟုန်ထိုးဆင်းသက်လာခဲ့တော့သည်။

All Chapters