← Chapters

သတ်ဖြတ်ခြင်း အရှိန်အဝါ

Vol. 51 Ch. 753

သတ်ဖြတ်ခြင်း အရှိန်အဝါ

Vol. 51 Ch. 753

ဒေသသစ် အနောက်ဘက်ရှိ တောအုပ်၌။

“ဝှီး’

အားကောင်းသော လှံထိုးချက်နှင့်အတူ အေးစက်သော အလင်းတစ်ချက် ပေါ်လာသည်။

၎င်းသည် ရိုးရှင်းသော အဖြောင့် ထိုးချက် ဖြစ်သော်လည်း လေကို ထိုးခွင်းရန် ကြိုးစားသကဲ့သို့ လေတိုးသံများ ထွက်ပေါ်လာ၏။

သုံးရက်လုံးလုံး ရဲ့လင်းချန်သည် လှံသိုင်း၏ အခြေခံ လှုပ်ရှားမှုများတွင်သာ အလေးအနက် အာရုံစိုက်ထားခဲ့သည်။ ဖီးနစ်လှံတံသည် လှံသိုင်းများထဲတွင် အပြေပြစ်ဆုံးအဖြစ် ကျော်ကြားသည်။ ၎င်းသည် အယောင်ပြ လှုပ်ရှားမှုများနှင့် ပြည့်နှက်နေပြီး ရာချီသော ငှက်များက အပြောင်းအလဲများစွာနှင့် ကခုန်နေသကဲ့သို့ ဖြစ်နေသဖြင့် ခုခံရန် မဖြစ်နိုင်ပေ။ သို့သော် ရဲ့လင်းချန်သည် အခြေခံ အကျဆုံး လှုပ်ရှားမှုများကို ဆက်၍ လေ့ကျင့်နေခဲ့သည်။

အကယ်၍ တခြားသူများသာဆိုလျှင် လှံစွမ်းရည်၏ အမျိုးမျိုးသော ပြောင်းလဲမှုများကို လေ့လာရန် ထိုလှံသိုင်းထဲမှ အခြားသော လှုပ်ရှားမှုများကို လေ့ကျင့်လောက်သည်။ သို့သော် ရဲ့လင်းချန်၏ ဖီးနစ်လှံတံအပေါ် နားလည်မှုက တစ်ရာ ရာခိုင်နှုန်းသို့ ရောက်နှင့်နေပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် ဤလှံသိုင်းအတွက် အကောင်းဆုံး လေ့ကျင့်နည်းကို အတိအကျ ရှာဖွေနိုင်ခဲ့သည်။

ဤလှံသိုင်း အမျိုးအစားသည် အလျင်လို၍ မရပေ။ ပြောင်းလဲမှု များလေလေ အခြေခံ သိုင်းကွက်များအပေါ် လိုအပ်ချက်များက ပိုမိုကြီးမာလေ ဖြစ်သည်။

ထိုးသွင်းပြီးနောက် ရဲ့လင်းချန်သည် လှံကို ပြန်မသိမ်းဘဲ ထိုအတိုင်း ရပ်ကာ လက်များကို ဆန့်တန်း၍ ထိုးစိုက်ခြင်း ကိုယ်နေဟန်ထားကို ထိန်းကာ မြဲမြဲ ရပ်နေ၏။

သစ်ရွက်များ ကြွေကျခြင်းမှလွဲလျှင် မြင်ကွင်းက အဝေးမှ ပန်းချီကားတစ်ချပ်ဟု ထင်မှတ်ရသည်။

ထိုငြိမ်သက်မှုက နှစ်နာရီ ကြာမြင့်သည်။

လှံသည် ရဲ့လင်းချန်၏ ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်သွားပုံရပြီး နည်းနည်းလေးမှ မရွေ့ချေ။

ထိုအခိုက်တွင် လှံက ရုတ်တရက် တုန်ခါလာပြီး ကောင်းကင်ထံသို့ နဂါးတစ်ကောင်သဖွယ် ထိုးတက်သွားပြီး ကြွေကျနေသော သစ်ရွက်များကို မွှေနှောက်သွားသည်။ ထို့နောက် ၎င်းက လျှပ်စီးကဲ့သို့ အရှိန်ဖြင့် အရှေ့သို့ ထိုးစိုက်သွားလေသည်။

လမ်းတစ်လျှောက်တွင် ဒါဇင်ချီသော သစ်ရွက်များက လှံထိပ်တွင် ထိုးဖောက်နေပြီး သစ်ပင်တစ်ပင်၌ သွားစိုက်နေသည်။

သို့သော် အနီးကပ် လေ့လာကြည့်ပါက လှံထိပ်သည် ထိုသစ်ရွက်များကို မဖောက်သွားချေ။ အားက ညီမျှနေပြီး လှံကို သုံး၍ သစ်ရွက်များကို သစ်ပင်နှင့် ဖိထားရုံသာ ဖြစ်သည်။

ကြောက်စရာကောင်းသော ခွန်အား ထိန်းချုပ်နိုင်စွမ်းပင်။

၎င်းသည် သုံးရက် လေ့ကျင့်ထားခြင်း၏ ရလဒ်ဆိုသည်ကို လှံကျွမ်းကျင်သူ တစ်ယောက်ယောက်ကသာ သိပါက သူတို့ နှလုံးရောဂါ ရသွားလောက်သည်။

ရဲ့လင်းချန်သည် လှံကို ပြန်ရုတ်၍ မတ်မတ် ရပ်နေ၏။ ချန်ချီသည် အဝေးမှ လျှောက်လာပြီး ရယ်နေသည်။

“လှံသိုင်းက အခြေအနေ ဘယ်လိုရှိလဲ”

ရဲ့လင်းချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

“အတော်အသင့်ပါပဲ”

“အဆင်ပြေပါတယ်၊ လက်နက်နဲ့ လေ့ကျင့်တာကို အလျင်လိုလို့ မရဘူး၊ အချိန်ယူ”

ရဲ့လင်းချန်၏ စကားက နှိမ့်ချရုံသက်သက်သာ ဖြစ်သည်ကို သတိမထားမိဘဲ ချန်ချီက နှစ်သိမ့်လေသည်။

“တိုက်ပွဲမှာပဲဖြစ်ဖြစ်၊ ပြိုင်ပွဲမှာပဲဖြစ်ဖြစ် လက်နက် သုံးကို သုံးရမှာ၊ အဲ့ဒါနဲ့ လေ့ကျင့်ရင် ခက်ခဲမှုက ခြေလက်တွေကို လေ့ကျင့်တာထက် ပိုတယ်”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။

“နားလည်ပါပြီ”

လက်များနှင့် ခြေထောက်များသည် ကိုယ်ခန္ဓာ အစိတ်အပိုင်းများ ဖြစ်ပြီး အသုံးပြုသူသည် ၎င်းတို့အပေါ် အလိုလို ထိန်းချုပ်နိုင်စွမ်း ရှိကာ လေ့ကျင့်ရာ၌ ကြီးမားသော အားသာချက် ရှိသည်။ လက်နက်များမှာမူ ခန္ဓာကိုယ်၏ အပို အစိတ်အပိုင်းဖြစ်ပြီး ပထမဆုံးအဆင့်မှာ လက်နက်နှင့် တစ်သားတည်း ဖြစ်ခြင်းပင်။ သို့မဟုတ်ပါက ၎င်းသည် ဝန်ထုပ်ဝန်ပိုး ဖြစ်လာပြီး ရန်သူထက် အသုံးပြုသူအား ထိခိုက်စေနိုင်သည်။

ထို့အပြင် လက်နက်တစ်ခု ရှိခြင်းက မရှိခြင်းနှင့် သိသိသာသာ ကွာခြားသည်။ ခွန်အားချင်း တူညီလျှင်တောင်မှ လက်နက် ရှိသည့်ဘက်က တိုက်စစ်၌ ပို၍ အားသာလေသည်။ စစ်မြေပြင်တွင် လက်ဗလာ တိုက်ခိုက်သူနှင့် ဓားကိုင်သူကို နှိုင်းယှဉ်ပါက ကြီးမားသော ကွာဟချက် ရှိပေမည်။

ရှေးခေတ် ရိုးရာအစဉ်အလာတွင် လူတစ်ယောက်သည် လက်နက် လေ့ကျင့်ရေး မစခင် ခန္ဓာကိုယ်ကို သုံးနှစ်တိတိ လေ့ကျင့်ရမည့် စည်းကမ်း ရှိသည်။

ခန္ဓာကိုယ်ကို လုံလောက်စွာ လေ့ကျင့်ပြီးပါက လူတစ်ယောက်သည် လက်နက်နှင့် လေ့ကျင့်ရန် အခြေခံများ ရှိလာမည် ဖြစ်သည်။

“သွားကြစို့၊ ဟောင်ကောင် ကိုယ်စားလှယ်တွေ ရောက်လာပြီ”

ချန်ချီက ပြောလိုက်သည်။

“ကောင်းပါပြီ”

ရဲ့လင်းချန်က လှံကို ကျောနောက်သို့ ပို့၍ ချန်ချီအနောက်မှ လိုက်သွားသည်။

ချန်ချီက သတိပေးလာသည်။

“ပြီးတော့ မင်း Buff Island ကို ရောက်တာနဲ့ သတိထားဖို့ လိုတယ်၊ ကိုရီးယားနိုင်ငံရဲ့ အဖွဲ့ကို လီဆောင်းယွန်းက ဦးဆောင်လာလောက်တယ်”

“သူက အဖွဲ့ကို ဦးဆောင်မှာလား”

ရဲ့လင်းချန်က ချန်ချီကို တအံ့တဩ ကြည့်လိုက်သည်။

“ဘုရင်အဆင့် သိုင်းပညာရှင်က ဦးဆောင်မှာလား”

“ဟားဟား Buff Island လိုနေရာမှာ ဘုရင်အဆင့်က ဘာမှမဟုတ်ဘူး”

ချန်ချီက အသာ ရယ်မော၍ ထပ်ပြောလေသည်။

“ဒါပေမဲ့ မင်း အများကြီး စိုးရိမ်ဖို့လဲ မလိုသေးပါဘူး၊ သူ ဘယ်လောက်ပဲ ရူးရူး လူမြင်ကွင်းမှာတောင့ ဘာမှ လုပ်ရဲမှာ မဟုတ်ဘူး၊ ပြီးတော့ ငါတို့ တရုတ်အဖွဲ့ကိုလဲ ဘုရင်အဆင့်က ဦးဆောင်မှာ၊ မင်း သတိထားလို့ရအောင် ငါ သတိပေးရုံ သက်သက်ပါပဲ၊ ဘာမှ ကြောက်နေစရာ မလိုဘူး”

ရဲ့လင်းချန်က နှုတ်ခမ်းကို တင်းနေအောင် စေ့လိုက်သည်။

“ကျစ် … ကျွန်တော် မကြောက်ပါဘူး”

“ကောင်စုတ်လေးကတော့လေ …”

ချန်ချီက နာကျင်နေသော အပြုံးနှင့် ခေါင်းခါလေသည်။

“ဒီတစ်ခေါက် မင်း သတင်းကြီးတစ်ခုကို ဖန်တီးခဲ့တာ၊ သိုင်းလောက တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေပြီ၊ အခုလောလောဆယ် မင်း နှိမ့်ချနေတာ ကောင်းမယ်လို့ ငါ အကြံပေးချင်တယ်”

“သူ ကျွန်တော့်ကို ရန်မစရင် ကျွန်တော် ယဉ်ကျေးမှာပါ”

ရဲ့လင်းချန်က သွားဖြဲပြလေသည်။

“အကယ်၍ ကိုရီးယားနိုင်ငံက ကျွန်တော့်ကို ရန်စရင်တော့ ကျွန်တော် သူတို့ကို ဒီအတိုင်း ထားမှာ မဟုတ်ဘူး”

“ဟားဟားဟား … မင်းကိုယ်မင်း အန္တရာယ်ရှိတဲ့ အခြေအနေထဲ ရောက်အောင် မလုပ်နဲ့ပေါ့၊ စစ်သည်တော်ဌာနက ကျန်တဲ့ကိစ္စတွေကို ဖြေရှင်းပါလိမ့်မယ်”

ချန်ချီက ယုံကြည်ချက်ရှိစွာ ရယ်မောလေသည်။

“မင်းရဲ့ တိုးတက်နေတဲ့ အရှိန်ကို ဆက်ထိန်းထားနိုင်မယ်လို့ ငါ မျှော်လင့်တယ်၊ အဲ့ဒါမှပဲ မင်း နောက်ပိုင်း ဆက်သွားနိုင်မှာ”

သိုင်းစံအိမ်ကို ဖြတ်ကျော်ပြီးနောက် သူတို့သည် ကွင်းပြင်တစ်ခုသို့‌ ရောက်လာသည်။ တစ်ချက် ကြည့်လိုက်ပြီးနောက် ရဲ့လင်းချန်သည် ကွင်းပြင်အလယ်မှ ခန္ဓာကိုယ် ထွားကြိုင်းသော အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။ သူသည် ခက်ထန်သော မျက်နှာ ရှိပြီး အစိမ်းရောင် အင်္ကျီလက်ပြတ်ကို ဝတ်ထားကာ လှံတံအလား ဖြောင့်ဖြောင့်ရပ်နေ၏။

သူ့ဘေးတွင် ရဟတ်ယာဉ်တစ်စင်း ရှိနေသည်။

“ဒီလို ဆက်ဆံပုံမျိုးက နည်းနည်း လွန်နေတာပဲ”

ရဲ့လင်းချန်က တအံ့တဩ ပြောလိုက်သည်။ သူသည် သူတို့ကို ပို့ဆောင်ရန်အတွက် ရဟတ်ယာဉ်တစ်စင်းကို အသုံးပြုလိမ့်မည်ဟု လုံးဝ ထင်မထားမိပါ။

ချန်ချီသည် ခန္ဓာကိုယ် ထွားကြိုင်းသောလူကို ကြည့်ပြီး ရပ်လိုက်သည်။

“မင်းဘာသာမင်းပဲ သွားတော့”

ရဲ့လင်းချန် ခေါင်းညိတ်ပြီးနောက် ခန္ဓာကိုယ် ထွားကြိုင်းသောလူထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ တစ်ချိန်တည်းမှာပင် သိချင်စိတ်ကြောင့် သူ၏ အရှိန်အဝါဟောကိန်းကို ထုတ်သုံးလိုက်သည်။

ထိုအခါ ရဲ့လင်းချန် လမ်းလျှောက်နေရာမှ ရပ်သွားပြီး သူ့မျက်လုံးများ စူးခနဲ ဖြစ်သွားသည်။

“ဒါ…ဒါ…ဒါက…”

သူ၏ မျက်လုံးအိမ် ကျုံ့သွားပြီး ခန္ဓာကိုယ် ထွားကြိုင်းသော လူ၏ အရှိန်အဝါကြောင့် ကြောက်လန့်သွားရသည်။

ခန္ဓာကိုယ် ထွားကြိုင်းသော လူ၏ ခွန်အားသည် ရှန်းကော်ချန်နှင့် ယှဉ်နိုင်ပေသည်။ သို့သော် သူ၏ အရှိန်အဝါမှ နီရဲနေပုံသည် ရုပ်ပိုင်းဆိုင်ရာပုံစံအဖြစ်သို့ ပြောင်းလဲလုနီးပါးပင်။ ထိုအနီရောင်သည် အလွန် ပြင်းထန်ပြီး ကြည့်လိုက်ရုံနှင့် ရဲ့လင်းချန်အား မျက်နှာတည့်တည့်သို့ သွေးနံ့ပြင်းပြင်း ရိုက်ခတ်လာသည်ဟု ခံစားရစေသည်။

သိုင်းစံအိမ်အတွင်း၌ လူတော်တော်များများတွင် သူတို့၏ အရှိန်အဝါ၌ အနီရောင် ပါရှိလေသည်။ သို့သော် ဤခန္ဓာကိုယ် ထွားကြိုင်းသော လူအား သူတို့ထဲက ဘယ်သူမှ မယှဉ်နိုင်ပါ။ ခြားနားမှုက မိုးနှင့်မြေလိုပင်။

ထိုအနီရောင် အရှိန်အဝါက သတ်ဖြတ်ခြင်းမှ ဖြစ်ပေါ်လာသည်ဟု ရဲ့လင်းချန် ကောက်ချက်ချမိသည်။ ပြောရမည်ဆိုလျှင် ၎င်းသည် သတ်ဖြတ်ခြင်း အရှိန်အဝါပင်။

ထိုသို့ ပြင်းထန်သော သတ်ဖြတ်ခြင်း အရှိန်အဝါ ဖြစ်ပေါ်လာရန် သူ လူ ဘယ်လောက်များ သတ်ခဲ့ပြီးပြီလဲ။

ရဲ့လင်းချန် ပင့်သက်ရှိုက်လိုက်မိသည်။ လက်ရှိတွင် သူ ချဉ်းကပ်သွားသောလူသည် ခန္ဓာကိုယ် ထွားကြိုင်းသော လူ မဟုတ်ဘဲ နတ်ဆိုး သေမင်းတမန် တစ်ဦးသာ။

သူ၏ လမ်းလျှောက်နှုန်းက မသိစိတ်အရ နှေးသွားသည်။ သူ နီးကပ်လာသည်နှင့် ခန္ဓာကိုယ် ထွားကြိုင်းသော လူသည် မလှုပ်မယှက် ရပ်နေသည်။ ထိုပုံစံအောက်၌ ကျောက်ရုပ်ကဲ့သို့ ရပ်နေသော ထိုလူ၏ အမူအရာကို ရဲ့လင်းချန် မမြင်နိုင်ပါ။

ရဲ့လင်းချန်သည် ခန္ဓာကိုယ် ထွားကြိုင်းသော လူနှင့် သုံးမီတာသာ ကွာတော့ချိန်တွင် သူ၏ အမူအရာက ပြောင်းလဲသွားသည်။ သူ ပြုံးနေ၏။ သို့သော် ထိုအပြုံးက ရဲ့လင်းချန်၏ နှလုံးသားထဲ၌ ထိတ်လန့်ကြောက်ရွံ့မှုကို ဖြစ်ပေါ်လာစေသော အရိုးကွဲမတတ် အေးစက်သော အငွေ့အသက် ပါဝင်နေ၏။

“ဝှစ်”

ခန္ဓာကိုယ် ထွားကြိုင်းသော လူ လှုပ်ရှားလာသည်။ ခြေလှမ်းတစ်လှမ်းတည်းနှင့် သူသည် တစ်မီတာ အကွာအဝေး ကျော်သို့ ရောက်လာပြီး ရဲ့လင်းချန်ရှေ့သို့ တန်းရောက်လာ၏။ ထို့နောက် သူသည် လက်ကို မြှောက်၍ ရဲ့လင်းချန်ကို လှမ်းဖမ်းသည်။

သူ၏ လှုပ်ရှားမှုများက ရိုးရှင်းသော်လည်း တောင်တစ်လုံး ပြိုကျမတတ် အင်အားတို့ ပါဝင်နေကာ သူ့ကို အသက်ရှူရပ်မတတ် ဖြစ်သွားစေသည်။ ရဲ့လင်းချန်၏ နှလုံးသားထဲတွင် ကြောက်ရွံ့ ထိတ်လန့်ခြင်း ဖြစ်ပေါ်လာပြီး သူ့အား ချောင်ပိတ်ခံရသည့် ခံစားချက် ဖြစ်ပေါ်လာသည်။

*ဒီလူ... ငါ့ကို သတ်ဖို့ ကြိုးစားနေတာပဲ*

ယင်းက ရဲ့လင်းချန်၏ စိတ်ထဲသို့ ပထမဆုံး ဝင်လာသည့်အတွေးပင်။ သူ၏ နှလုံးသားထဲရှိ ကြောက်ရွံ့မှုသည် အမြင့်ဆုံးအထိ ထိုးတက်သွားပြီး မလုံခြုံမှု ခံစားချက်ကို ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့ပေ။ သူ၏ လှံသည် သွက်လက်သော မြွေတစ်ကောင်ကဲ့သို့ ဝှေ့ယမ်းထွက်လာပြီး ခန္ဓာကိုယ် ထွားကြိုင်းသော လူ၏ မျက်လုံးများကို ရည်ရွယ်ကာ အောက်မှ လေထဲသို့ ပင့်တင်လိုက်သည်။

လှံထိပ်တွင် သူ၏ စိတ်ဝိညာဉ်စွမ်းအင်သည် အတက်အကျ ဖြစ်နေ၏။

ထိုခန္ဓာကိုယ် ထွားကြိုင်းသောလူသည် တိတ်ဆိတ်မြဲ တိတ်ဆိတ်နေကာ ရဲ့လင်းချန်ကို ဖမ်းမည့် လက်ကို ပြန်ရုတ်လိုက်ပြီး တခြားလက်ဖြင့် တိုက်ခိုက်မှုကို ကြားဖြတ်လိုက်သည်။

“ဝုန်း”

ခန္ဓာကိုယ် ထွားကြိုင်းသော အမျိုးသားက လက်ကောက်ဝတ်ဖြင့် လှံကို ဟန့်တားလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ရဲ့လင်းချန်ကို ဖမ်းချုပ်လာလေသည်။

All Chapters