← Chapters

စစ်သည်များ စုဝေးခြင်း

Vol. 51 Ch. 755

စစ်သည်များ စုဝေးခြင်း

Vol. 51 Ch. 755

ထျဲကျွင်း၏ စကားများက ရဲ့လင်းချန်၏ နှလုံးသားကို အကြီးအကျယ် လှုပ်ခတ်သွားစေခဲ့သည်။

ဤကမ္ဘာကြီး၏ ရက်စက်သည့်ဘက်ကို သူ မြင်ခဲ့ပြီးပြီဟု ထင်ထားခဲ့သော်လည်း ၎င်းက ရေခဲတောင်၏ အဖျားပိုင်းမျှသာ ဖြစ်လိမ့်မည်ဟု ထင်မထားခဲ့မိပါ။

ထျဲကျွင်းက ရဲ့လင်းချန်၏ အမူအရာကို ကြည့်ပြီး သရော်လေသည်။

“သူစိမ်းနှစ်ယောက်က အတူ ပူးပေါင်းပြီး တိုက်ခိုက်တာက သူတို့မှာ ဘုံရန်သူ ရှိနေလို့ပဲ၊ တိုက်ပွဲပြီးတာနဲ့ သူတို့က ညီအစ်ကိုတွေ ဖြစ်လာလိမ့်မယ်လို့ မင်း ထင်နေတာလား၊ နောက်သေရမယ့်လူက သေချာပေါက် မင်း ဖြစ်နေလိမ့်မယ်”

ခရီးတစ်လျှောက် တိတ်ဆိတ်သွားခဲ့သည်။

ရဲ့လင်းချန်သည် ချန်ချီ၏ စကားများကို ပြန်စဉ်းစားနေခဲ့သည်။ သိုင်းလောက၏ ရက်စက်မှုကို ချန်ချီထံမှလည်း သူ ကြားခဲ့ဖူးသည်။ သို့သော် ချန်ချီ၏ စကားများက ပို၍ မရေမရာဖြစ်ကာ ထျဲကျွင်းကဲ့သို့ တဲ့တိုးမဆန်ပါ။

ရဟတ်ယာဉ်သည် အလွန် မြန်ပြီး ဟောင်ကောင်သို့ နှစ်နာရီအတွင်း ရောက်သွားခဲ့သည်.

တရုတ်နိုင်ငံ၏ အကြီးမားဆုံး ဘဏ္ဍာရေးဗဟိုဌာန ဖြစ်သော ဟောင်ကောင်၏ စီးပွားရေးသည် မြို့တော်ထက် ပို၍ စည်ပင်သာယာ ဝပြောသည်။ ကောင်းကင်ယံမှ ငုံ့ကြည့်လိုက်လျှင် မိုးမျှော်တိုက်များ၊ ရှုပ်ယှက်ခတ်နေသော လမ်းများနှင့် စဉ်ဆက်မပြတ် မောင်းနှင်းနေသော ယာဉ်များ သွားလာနေသည်ကို မြင်နေရသည်။

ထိုသို့သောအချိန်၌ ရဲ့လင်းချန်သည် ဟောင်ကောင်ကို ကြည့်ပြီး မျက်လုံးအိမ် ကျဉ်းမြောင်းသွားကာ မြင်ကွင်းကြောင့် အံ့ဩသွားရသည်။ နဂါးအမဲလိုက်ခြင်း ပညာကြောင့် သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအင်ကို သူ ပြတ်ပြတ်သားသား ခံစားမိနေသည်။ သူ့မျက်လုံးထဲတွင် သိပ်သည်းသော စိတ်ဝိညာဉ်စွမ်းအင်သည် ဓားရှည်တစ်လက်က ကောင်းကင်ယံသို့ ထိုးဖောက်နေသည်နှင့် တူနေသည်။ ၎င်းက အဆတ်မပြတ် စီးဆင်းနေသော ရေတံခွန်နှင့်လည်း ဆင်တူသည်။ ဤစိတ်ဝိညာဉ် စွမ်းအင် အမျိုးအစားသည် မြို့တော်၏ ငရဲတံခါးထက် များစွာ သာလွန်နေ၏။

သူ့ကို အအံ့ဩစေဆုံးအရာမှာ ထိုစိတ်ဝိညာဉ်အတွင်း၌ သွေးစွန်းနေသော အရှိန်အဝါ လင်းလက်နေသည်ကို သူ မြင်နေရခြင်းပင်။ သွေးစွန်းနေသော အရှိန်အဝါသည်လည်း ကောင်းကင်ယံသို့ ထိုးဖောက်နေ၏။

ကြေးချွတ်သန့်စင်ဘုံ။

အကြောင်းကြောင်းကြောင့် ယင်းသည် ရဲ့လင်းချန်၏ စိတ်ထဲ၌ ပထမဆုံး ပေါ်လာသည့် စကားလုံး ဖြစ်သည်။

“အာရုံခံနိုင်စွမ်း ကောင်းသားပဲ”

ထျဲကျွင်းသည် ရဲ့လင်းချန်၏ တုံ့ပြန်မှုကို သတိထားမိပြီး အနည်းငယ် အံ့ဩသွားသည်။ သူ့လေသံတွင် ရှားရှားပါးပါး ချီးကျူးလိုသော အရိပ်အယောင် ပါဝင်နေ၏။

“အဲ့ဒါ ဟောင်ကောင်ရဲ့ ငရဲတံခါးလား”

ရဲ့လင်းချန်သည် မျက်လုံးကို မှေးစင်း၍ ခပ်တိုးတိုးအသံဖြင့် မေးလိုက်သည်။

“ဒီက ငရဲတံခါးက ဘယ်လောက်အထိ ပွင့်ပြီးသွားပြီလဲ”

ထျဲကျွင်းက ပါးစပ်ကို ပိတ်ထားပြီး လေယာဉ်မှူးက ဖြေလာသည်။

“အထွတ်အထိပ် ဘုရင်အဆင့်”

ရိုးရှင်းသော ထိုစကားက ရဲ့လင်းချန်ကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။ ဘုရင်အဆင့်က မည်မျှ သန်မာ လိုက်သနည်း။ ၎င်းသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်၍ သေမျိုးခန္ဓာကိုယ်ကို စွန့်လွှတ်နိုင်သော တည်ရှိမှု ဖြစ်ပြီး ရုပ်ရှင်ထဲက စူပါမန်းနှင့်ပင် ယှဉ်နိုင်လေသည်။ ဤနေရာမှ ငရဲတံခါးသည် အထွတ်အထိပ် ဘုရင်အဆင့် ဖြစ်နေ၏။

မြို့တော်မှ ငရဲတံခါးက ဤနေရာနှင့် ယှဉ်လျှင် ဘာမှမဟုတ်တော့သည်က အံ့ဩစရာ မဟုတ်ပေ။

“ကျွန်တော်တို့ ငရဲတံခါးကို မသွားဘူးလား”

“မရဘူး၊ မင်း အဲ့နေရာကို သွားလို့မရနိုင်သေးဘူး”

ထျဲကျွင်းက လေးနက်သောအသံဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။

ရဲ့လင်းချန်သည် ငရဲတံခါး၏ တည်နေရာကို စိုက်ကြည့်နေသည်။ ဤနေရာမှ ငရဲတံခါးသည် မြို့တော်မှတစ်ခုနှင့် အလွန် ကွဲပြားကြောင်း သူ ခံစားချက် ရနေသည်။

ဟောင်ကောင်မှ ဒေသများကို ဖြတ်ကျော်ပြီးနောက် ရဟတ်ယာဉ်သည် ပင်လယ်အနီးအနားမှ လေဆိပ်ငယ်လေး တစ်ခု၌ ဆင်းသက်လေသည်။ ရဲ့လင်းချန်၏ မျက်လုံးများက မလှမ်းမကမ်းမှ အဘိုးအိုထံ ကျရောက်သွားသည်။

အဘိုးအိုသည် အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ သူ၏ မျက်နှာက ရဲရဲနီနေပြီး အားအင်တို့နှင့် ပြည့်နှက်နေသည်။ သူ၏ အရှိန်အဝါအရ သူသည် ဘုရင်အဆင့် စစ်သည်တော်တစ်ဦးပင်။

“သူက ဟောင်ကောင်က သိုင်းပညာစံအိမ်ရဲ့ ဒုစံအိမ်သခင်ပဲ၊ ပြီးတော့ ဒီအဖွဲ့ရဲ့ ခေါင်းဆောင်လဲ ဖြစ်တဲ့ စွန်းဟုန်ထောင်၊ စံအိမ်သခင်စွန်းပဲ”

ထျဲကျွင်းက ရဟတ်ယာဉ်ပေါ်မှ ဆင်းသွားပြီး စွန်းဟုန်ထောင်ထံ လျှောက်သွားသည်။

ရဲ့လင်းချန် ခေါင်းညိတ်လိုက်ပြီး အနောက်မှ ကပ်လိုက်သွားသည်။

စွန်းဟုန်ထောင်၏ အနောက်၌ ရဲ့လင်းချန်နှင့် သက်တူရွယ်တူ ရှိပုံပေါ်သည့် လူငယ် လေးယောက် ရပ်နေသည်။ သူတို့သည် တံခွန်စိုက်ပြိုင်ပွဲ၏ ပြိုင်ပွဲဝင်များမှန်း သိသာလှသည်။

အမျိုးသား နှစ်ယောက်နှင့် အမျိုးသမီး နှစ်ယောက်။ သူတို့ ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအင်က လုံးဝ အားမနည်းချေ။ သူတို့အားလုံးသည် မူလ စိတ်ဝိညာဉ် အလယ်အလတ်အဆင့်သို့ ရောက်ရှိပြီးလေပြီ။

တံခွန်စိုက်ပြိုင်ပွဲ၏ လိုအပ်ချက်များအရ သူတို့သည် အသက် နှစ်ဆယ့်ငါးထက် ကျော်လွန်၍ မရပေ။ တစ်နည်းအားဖြင့် သူတို့ လေးယောက်သည် နှစ်ဆယ့် နှစ်နှစ် သို့မဟုတ် နှစ်ဆယ့်သုံးနှစ်သာ ရှိကြသည်။ သူတို့သည် တကယ်ကို ပါရမီရှင်များ ဖြစ်ကြပြီး ရွေးချယ်ခံရရနန် ထိုက်တန်ပေသည်။

ရဲ့လင်းချန်က သူတို့ လေးယောက်ကို ကြည့်နေချိန်တွင် သူတို့ကလည်း ရဲ့လင်းချန်ကို ကြည့်နေသည်။ သို့သော် သူတို့၏ မျက်လုံးများတွင် သိချင်စိတ်တို့နှင့် ပြည့်နှက်နေ၏။ ဤလူ စမ်းသပ်မှုကို အောင်မြင်သွားလိမ့်မည်ဟု သူတို့ ထင်မထားမိပါ။

စွန်းဟုန်ထောင်က ရဲ့လင်းချန်ကို ခေါင်းညိတ်ပြပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“လူတိုင်း ရောက်ပြီ၊ သွားကြစို့”

ဤခရီးစဉ်၌ လူခုနစ်ယောက် လိုက်ပါလာသည်။ စွန်းဟုန်ထောင်၊ ထျဲကျွင့်နှင့် ရဲ့လင်းချန်တို့ ငါးယောက်အဖွဲ့ ဖြစ်သည်။ လေယာဉ်အတွက်မှာမူ ပြင်ဆင်ထားပြီးသား ဖြစ်သည်။

၎င်းသည် ကိုယ်ပိုင် လေယာဉ်တစ်စင်း ဖြစ်သည်။ လေယာဉ်သည် မကြီးသော်လည်း လူခုနစ်ယောက်အတွက် လုံလောက်သည်ထက် ပိုပေသည်။ အတွင်းပိုင်းသည် အခန်းတစ်ခန်းလိုပင် ဖြစ်ပြီး လူတိုင်း ဆိုဖာပေါ် ထိုင်ကာ အနားယူနေကြသည်။

“ဟဲလို ငါ့နာမည်က ကျင့်ရှန်ပါ”

ရဲ့လင်းချန်ဘေး၌ ထိုင်နေသော လူငယ်လေးက ပြောလာသည်။

“ရဲ့လင်းချန်ပါ”

ကျင့်ရှန်က ပြုံး၍ ပြောလာသည်။

“ငါ မင်းကို သိတယ်၊ ပြောရရင် ငါက မင်းရဲ့ ပရိသတ် ဖြစ်နေတုန်းပဲ၊ စစ်မီးလျှံလျှံ ဓားရောင်ဖွေးဖွေးက ပြည့်စုံလွန်းတယ်၊ စိတ်ပညာရော အက်ရှင်ပိုင်းရော ပြည့်နေတာပဲ၊ တကယ်ကို အံ့ဩဖို့ ကောင်းတယ်”

“မင်းက ဇာတ်လမ်းတွဲတွေ ကြည့်တာလား”

ရဲ့လင်းချန် သိချင်စိတ်ဖြင့် မေးလိုက်သည်။

ထိုမျှ အသက်ငယ်ငယ်နှင့် ကြီးမားသော ခွန်အားကို ပိုင်ဆိုင်ထားသဖြင့် ဤလူများသည် သိုင်းပညာ ရူးသွပ်သူများ ဖြစ်လိမ့်မည်ဟု သူ ထင်ထားခဲ့မိသည်။

“ဒါပေါ့ကွ၊ မင်းက ငါ့ကို ရှေးကျတဲ့လူလို့ ထင်နေတာလား၊ ငါက ဇာတ်လမ်းတွဲတွေ ကြည့်ရုံတင်မကဘူး၊ မန်ဂါ ပရိသတ်ဆိုလဲ ဟုတ်တယ်၊ ငါ ဝတ္ထုတွေနဲ့ သီချင်းတွေကိုလဲ ကြိုက်သေးတယ်”

ကျင့်ရှန်က ပြောရင်းနှင့် သူ့အိတ်ကပ်ထဲမှ အရုပ်မော်ဒယ်လ်တစ်ခုကို ထုတ်ပြပြီး ရဲ့လင်းချန်ကို မျက်စိတစ်ဖက် မှိတ်ပြလေသည်။

“ဘယ်လိုလဲ၊ ဒါက အကန့်အသတ်နဲ့ ထုတ်တာကွ၊ ငါ ဒါကို တော်တော် ခက်ခက်ခဲခဲနဲ့ ရထားတာ”

ရဲ့လင်းချန်သည် မော်ဒယ်လ်၏ အဖုံးကို တစ်ချက် ကြည့်လိုက်သည်။ ၎င်းသည် ကာတွန်းဇာတ်ကောင်တစ်ခုက ကောက်ရိုးဦးထုပ် တစ်လုံးကို ဆောင်းထားပြီး ပင်လယ်ရေမျက်နှာအပြင်၌ ရပ်နေသည့်ပုံ ဖြစ်သည်။

ရဲ့လင်းချန်က ကျန်သုံးယောက်ကို တစ်ချက် ကြည့်လိုက်သည်။ သူတို့သည် စိတ်မပါမှန်း ထင်ရှားလှသည်။ သူတို့ထဲက တစ်ယောက်သည် ခြေချိတ်ထိုင်နေပြီး ကျင့်ကြံခြင်းအနေအထားသို့ ရောက်နေပြီး ဖြစ်သည်။ မိန်းကလေး တစ်ယောက်သည် ပြတင်းပေါက်နား၌ ထိုင်နေပြီး တိပ်ပင်လယ်ကို ငေးကြည့်နေကာ ကျန်မိန်းကလေး တစ်ယောက်က ရဲ့လင်းချန် အနီးအနား၌ ထိုင်နေပြီး သူတို့အား တိတ်ဆိတ်စွာ ကြည့်နေသည်။

“မင်း သူ့ကို ကြည့်စရာ မလိုဘူး၊ သူက အရမ်း တောင့်တာ၊ ဒီနားမှာ တစ်ခုခု မှားနေတာလေ”

ကျင့်ရှန်က သူ့ခေါင်းကို ပြပြီး ပြောလိုက်သည်။

“အရူးတစ်ယောက်နဲ့ သိုင်းပညာ လေ့ကျင့်ဖို့ပဲ သိတဲ့သူနဲ့ ဘာများ ကွာခြားသွားမှာမို့လို့လဲ”

“ဝှီး”

ဓားရည်ရွယ်ချက် လှိုင်းတစ်ခုက ရှေ့သို့ တိုးထွက်လာပြီး လေကို ထိုးခွင်းကာ ကျင့်ရှန်ဘေးမှ ဆိုဖာ၌ တစ်လက်မခန့် အရှည်ရှိသော ဖြတ်ရာတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။

“ခွေးမသားကျင့်၊ မင်း သေချင်နေတာလား”

ခြေချိတ်ထိုင်နေသော အမျိုးသားက ရုတ်တရက် မျက်လုံးဖွင့်ကြည့်ကာ ကျင့်ရှန်ကို ခက်ထန်စွာ ကြည့်လာသည်။ ဓားရည်ရွယ်ချက်က သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်း၏။

ထိုလူ၏ အသွင်အပြင်က အလွန် စိတ်ဝင်စားစရာ ကောင်းလှသည်။ သူသည် အစကတည်းက သန်မာပြီး သူ၏ ကျောတွင် လူတစ်ယောက်နီးနီး ကြီးမားသော ဓားကြီးတစ်လက် ရှိသည်။ ၎င်း၏ အရှည်ကလည်း အံ့ဩစရာ ကောင်းလောက်အောင် တစ်မီတာခွဲနီးပါး ရှိလေသည်။

ကျင့်ရှန် ပါးစပ်ကိုပိတ်ကာ ချက်ချင်း လက်လျှော့လိုက်သည်။

ထို့နောက် သူက ထိုလူနှင့် ရဲ့လင်းချန်ကို မိတ်ဆက်ပေးလေသည်။

“သူ့နာမည်က ကျန်းတလီ၊ သူက အရမ်း သန်မာပြီးတော့ နတ်ဘုရားလို ခွန်အားနဲ့ မွေးလာတာ၊ သူ့နာမည်က ရယ်ချင်စရာ ကောင်းပင်မယ့် သူက ပေါင်းရသင်းရ မလွယ်ဘူး၊ သူက သိုင်းပညာ လေ့ကျင့်တာအပြင် တိုက်ခိုက်ရတာကိုလဲ သဘောကျတယ်”

“တိမ်တွေကို ကြည့်နေတဲ့ မိန်းကလေးက လင်းရှီတဲ့၊ သူက မလှဘူးလား”

ကျင့်ရှန်က ရဲ့လင်းချန်ကို မျက်စိတစ်ဖက် မှိတ်ပြသည်။

လင်းရှီသည် အနီရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ထားသည်။ သူမက အေးစက်ပြီး မာနကြီးကာ ဝိုင်းစက်သော မျက်နှာ ရှိသည်။ သူမ၏ အသားအရည်က နှင်းကဲ့သို့ စွတ်စွတ်ဖြူပြီး နတ်သမီးကဲ့သို့သော အသွင်အပြင် ရှိသည်။

ရဲ့လင်းချန်က သူ့အနားမှ မိန်းကလေးကို ကြည့်လာသည်။ ထိုမိန်းကလေး အရင် စကားစလာသည်။

“ဟဲလို၊ ငါ့နာမည်က ချန်ရှောင်ရှောင်ပါ၊ ငါက ဟောင်ကောင်ကပါ”

သူမတွင် တိုတောင်းပြီး အဝါရောင် ဆံနွယ် ရှိကာ လန်းဆန်းသော ပုံပန်းသဏ္ဍာန် ရှိပြီး ကြည့်ကောင်းသော နောက်ထပ် မိန်းမလှလေး တစ်ဦးပင်။

“သိုင်းပညာရှင်တွေထဲမှာ မိန်းကလေးတွေ အရမ်း နည်းပင်မယ့် သူတို့ရဲ့ အရည်အသွေးကတော့ သိပ်မြင့်တာ”

ကျင့်ရှန်က ပြောလာသည်။

ဤလူလေးယောက်၏ ပင်ကိုစရိုက်များကို ခန့်မှန်းရန် လွယ်ကူလှသည်။ ကျန်းတလီသည် သိုင်းပညာ ရူးသွပ်သူ တစ်ဦး ဖြစ်ပြီး စကား သိပ်မပြောပေ၊ ကျင့်ရှန်ကမူ အလွန် တက်ကြွပြီး ဖော်ရွေ၏။ လင်းရှီက အနည်းငယ် အေးစက်၍ ခပ်တန်းတန်း နေတတ်ကာ ချန်ရှောင်ရှောင်က အနည်းငယ် ပို၍ ပုံမှန်ဆန်သည်။ သူမ၏ စကားပြောပုံနှင့် အမူအကျင့်က အလွန် ကောင်းမွန်၏။

သူတို့ထံမှ သွေးစွန်းနေသော အရှိန်အဝါ၏ အငွေ့အသက်များကိုသာ ရဲ့လင်းချန် မမြင်ရပါက သူတို့အား သက်တူရွယ်တူထဲမှ သိုင်းပညာကို သိရုံမှလွဲ၍ သာမန်လူများနှင့် ဘာမှမကွဲပြားလောက်ဟု ထင်မှတ်မိ လောက်သည်။

All Chapters