← Chapters

နိုင်ငံများ ပါဝင်ခြင်း

Vol. 51 Ch. 756

နိုင်ငံများ ပါဝင်ခြင်း

Vol. 51 Ch. 756

ဤလူလေးယောက်၏ ချီအတွင်း၌ ပါဝင်နေသော သွေးကဲ့သို့ နီရဲသော အရောင်က ထျဲကျွင်းထက် နိမ့်သော်လည်း ရဲ့လင်းချန်ထက် သာလွန်နေဆဲပင်။

ရဲ့လင်းချန်သည် သိုင်းပညာ စတင်လေ့ကျင့်ပြီးနောက် လူနှင့် ဟင်းလင်းပြင် သတ္တဝါ တစ်ရာကျော်ကို သတ်ဖြတ် ခဲ့သည်။ တစ်နည်းအားဖြင့် ဤလူလေးဦးထဲမှ တစ်ဦးချင်းစီသည် အနည်းဆုံး လူရာကျော် သို့မဟုတ် တစ်ထောင်လောက်ပင် သတ်ခဲ့ဖူးလောက်သည်။

လင်းရှီနှင့် ချန်ရှောင်ရှောင်တို့လည်း အပါအဝင်ပင်။

ရဲ့လင်းချန်ကို အံ့အားအသင့်စေဆုံး အရာမှာ လေးယောက်ထဲ၌ သတ်ဖြတ်ခြင်း အရှိန်အဝါအများဆုံး တစ်ယောက်က အပေါ်ယံ၌ လေးနက်ပုံမရသည့် ကျင့်ရှန် ဖြစ်နေခြင်းပင်။

ရဲ့လင်းချန်သည် ထျဲကျွင်း သူ့ကို ရဟတ်ယာဉ်ပေါ်၌ ပြောခဲ့သော စကားများကို ပြန်တွေးမိသွားသည်။ မည်သည့် စစ်သည်တော်မဆိုသည် တကယ်ကို ရင်ဆိုင်ရ မလွယ်ချေ။ အထူးသဖြင့် ဤသို့သော ပါရမီရှင် စစ်သည်တော်မျိုးပင်။ အရည်အချင်းတစ်ချို့ မရှိသောသူ အဘယ်မှာ ရှိမည်နည်း။ စစ်သည်တော်များသည် ၎င်းအတွက် တိုက်ကို တိုက်ခိုက်ရပေမည်။ အကယ်၍ လူတစ်ယောက်သည် ရိုးအနေပါက ဤအဆင့်သို့ ရောက်နိုင်မည် မဟုတ်ပေ။

သူ၏ အမူအရာက လုံးဝ မပြောင်းလဲသွားချေ။ သူ သိချင်စိတ်ဖြင့် မေးလိုက်သည်။

“အစ်ကို ကျင့်ရှန်၊ ခင်ဗျားတို့ နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် တော်တော် ရင်းနှီးတယ်နော်၊ ခင်ဗျားတို့က တစ်နေရာတည်းကလား”

“ဟုတ်တယ်၊ ငါတို့အားလုံးက ရှန့်ကျန်းက လာတာ၊ ညီလေးရဲ့၊ အပြင်လောကက သိုင်းပညာရှင် တစ်ယောက် အနေနဲ့ မင်း ပြိုင်ပွဲကို ဝင်လို့ရတာက တကယ်ကို မမျှော်လင့်ထားတဲ့ ကိစ္စပဲ”

ကျင့်ရှန်က ခေါင်းညိတ်၍ ပြောလိုက်သည်။

“သူတို့အားလုံးက ရှန့်ကျန်းကလား”

ရဲ့လင်းချန် အနည်းငယ် အံ့ဩသွားသည်။ သူသည် ရှန့်ကျန်းရှိ ငရဲတံခါးမှ အလွန်အမင်း ကြွယ်ဝသော စိတ်ဝိညာဉ် စွမ်းအင်အကြောင်းကို တွေးမိသွားပြီး စိတ်အေးသွားရသည်။

“ရှန့်ကျန်းက ငရဲတံခါးက ပြောင်းလဲသွားပြီ၊ ငါတို့က အခြေအနေကို အခွင့်ကောင်း ယူလိုက်ရုံသက်သက်ပဲ၊ တချို့ အခွင့်အရေးတွေက မင်းလောက်တော့ မကောင်းဘူး”

ကျင့်ရှန်က ပြောလာသည်။ ရဲ့လင်းချန်၏ မျက်လုံးများက လေးနက်သွားသည်။

“ဘယ်လို ပြောင်းလဲမှုမျိုးလဲ”

“ငါ မသိဘူး”

ကျင့်ရှန်က ပခုံးတွန့်၍ ပြောလိုက်သည်။

“လွန်ခဲ့တဲ့ တစ်နှစ်က ရှန့်ကျန်းက ငရဲတံခါးက စပြီး ဆူပူလာပြီး ဟင်းလင်းပြင်နယ်မြေ သတ္တဝါတွေရဲ့ ကျူးကျော်မှုကလည်း ပိုပိုပြီး စိပ်လာတယ်၊ အဲ့အချိန်တုန်းက တစ်လခွဲတခါတိုင်းနီးပါး ဖြစ်လာပြီးတော့ အတိုင်းအတာက ပိုပိုပြီး ကြီးလာတယ်”

“အဲ့လိုပဲ စစ်သည်တော်ဌာနရဲ့ ရှန့်ကျန်းကို အင်အားဖြည့်တင်းမှုကလဲ တိုးလာခဲ့တယ်၊ ပြောရရင် အရင်းအမြစ်တွေကို စစ်သည်တော်ဌာနက ရှန့်ကျန်းကို ဦးတည် ပို့လာတာ၊ ဆုလာဘ်တွေက နှစ်ဆ ဖြစ်လာပြီး ထောက်ပံ့ကြေးတွေကလဲ နှစ်ဆတိုးလာတယ်၊ ငါတို့ ကံကောင်းလို့ မသေပင်မယ့် ငါတို့ အင်အား တော်တော်လေး တိုးလာခဲ့တယ်”

သူက ရိုးရိုးရှင်းရှင်း ပြောသော်လည်း ရဲ့လင်းချန်က ထိုသို့ မထင်ပါ။ စစ်သည်တော်ဌာနက ထိုမျှ အာရုံစိုက်ရသဖြင့် ထိုအချိန်က ဆူပူမှုက အလွန် ခက်ခဲခဲ့ပေမည်။ သူသည် မြို့တော်က ငရဲတံခါး၏ တိုက်ပွဲတွင် ပါဝင်ခဲ့ဖူးသဖြင့် ယင်းက ဘယ်လောက် အန္တရာယ်များသလဲ သူ ထိထားသည်။ ရှန့်ကျန်းမှ ငရဲတံခါးက သေချာပေါက် ပို၍ ခက်ခဲလောက်သည်။

“ဘာလို့လဲဆိုတာကို မင်း မသိဘူးလား”

ရဲ့လင်းချန်က သေချာအောင် မေးလိုက်သည်။

“ငရဲတံခါး ကျယ်ပြန့်လာလို့ ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် တခြား အကြောင်းရင်းတစ်ချို့ကြောင့် ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ငါတို့ကို လွန်ခဲ့တဲ့ သုံးလက စစ်မြေပြင်ကနေ ဖယ်ထုတ်လိုက်တာဆိုတော့ အခု ဘယ်လို ဖြစ်နေလဲ ငါ မသိဘူး”

ကျင့်ရှန်က ပြောလာသည်။

*မူလစိတ်ဝိညာဉ် အလယ်အလတ်အဆင့်ကို တိုက်ပွဲကနေ ဖယ်ထုတ်တယ်တဲ့လား*

*ဒါက ကာကွယ်ဖို့အတွက်လား ဒါမှမဟုတ် သူက တိုက်ပွဲကို ပါဝင်ခွင့်တောင် မရှိတာလား*

မည်သို့ပင် ဆိုစေကာမူ ရှန့်ကျန်းရှိ ငရဲတံခါး၌ ကြီးကြီးမားမား တစ်ခုခု ဖြစ်ခဲ့သည်ဟု ဆိုလိုနေ၏။

“ဒေါက် ဒေါက် ဒေါက်”

ထိုအခိုက်တွင် လင်းရှီသည် ပြတင်းပေါက်နားမှ ထလာပြီး အနားသို့ လျှောက်လာသည်။

“ဒီနိုင်ငံတကာ သိုင်းပညာ တံခွန်စိုက်ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ပြောရအောင်”

သူမက ရဲ့လင်းချန်ကို လှပသော မျက်ဝန်းများဖြင့် ကြည့်နေသည်။

“ကိုရီးယားနိုင်ငံက လီဆောင်းယွန်းကို လူသိရှင်ကြား တောင်းပန်ရအောင် လုပ်ခဲ့သူက နင် မဟုတ်လား”

သူမ ထိုသို့ပြောလိုက်သည်နှင့် ကျင့်ကြံနေသည့် ကျန်းတလီတောင်မှ မျက်လုံးကိုဖွင့်၍ ရဲ့လင်းချန်ကို ကြည့်လာသည်။

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်”

“ညီလေးရဲ့၊ မင်းက အံ့ဩဖို့ကောင်းတာပဲ”

ကျင့်ရှန်က ပြောလာသည်။

“မင်းက တော်တော် သတ္တိရှိတာပဲ၊ ဘုရင်အဆင့် သိုင်းပညာရှင်ကိုတောင်မှ ပြန်ပြောရဲတယ်”

ထိုအချိန်တွင် ချန်ရှောင်ရှောင်ကလည်း ပြောလာလေသည်။

“ဒါနဲ့ ကျွန်မဦးလေးရဲ့ ပန်းနာရင်ကျပ် ရောဂါကို ကုပေးတဲ့အတွက် ကျွန်မ ရှင့်ကို ကျေးဇူးတင်ရဦးမယ်”

“ကိစ္စမရှိပါဘူး”

ရဲ့လင်းချန်က လက်ခါပြလိုက်သည်။

“ငါ သိရသလောက်ဆိုရင် ကိုရီးယားနိုင်ငံရဲ့ အဖွဲ့ခေါင်းဆောင်က လီဆောင်းယွန်းပဲ၊ အခု ငါတို့က သေခြင်းရှင်ခြင်း အခြေအနေထဲမှာဆိုတော့ သူ ငါတို့ကို ဒီအတိုင်း မထားမှာ သေချာတယ်”

လင်းရှီက သတိပေးလာ၏။

“မင်းက ဘာကို ကြောက်နေတာလဲ၊ ငါတို့မှာ ဘုရင်အဆင့် သိုင်းပညာရှင်တွေ မရှိတာကြလို့”

ကျင့်ရှန်က အေးအေးလူလူ ပြောလာသည်။

လင်းရှီက ကျင့်ရှန်ကို အသာ ငဲ့ကြည့်လိုက်သည်။

“ငါက လူတိုင်းကို ကိုရီးယားနိုင်ငံရဲ့ သိုင်းပညာရှင်တွေနဲ့ တွေ့တဲ့အခါ သတိထားစေချင်ရုံပါပဲ၊ သူတို့ ငါတို့ကို သတ်လောက်တယ်၊ အထူးသဖြင့် ရဲ့လင်းချန်ကိုပေါ့”

ချန်ရှောင်ရှောင်က ခေါင်းညိတ်၍ အလေးအနက် ပြောလာသည်။

“ငါတို့ ဒါကို သတိထားမှရမယ်”

“ကိုရီးယားနိုင်ငံမှာ ဘယ်လို သိုင်းပညာရှင်မျိုး ရှိမှာမို့လို့လဲ”

ကျန်းတလီက အထင်အမြင်သေးစွာ ခနဲ့၍ လေ့ကျင့်ရန် မျက်လုံး ပြန်မှိတ်ထားလိုက်သည်။

“ကိုရီးယားနိုင်ငံမှာ တကယ်ကို သိုင်းပညာရှင်တွေ ရှိတယ်”

ကျင့်ရှန်ကလည်း ပြုံးရယ်နေရာမှ တည်သွားပြီး အနည်းငယ် မျက်မှောင်ကြုတ်၍ ပြောလေသည်။

“ငါ သိရသလောက်ဆိုရင် ကိုရီးယားနိုင်ငံက ဘုရင်အဆင့် သုံးယောက်လုံးက တပည့်ရင်း တစ်ယောက်စီ လက်ခံထားတယ်၊ အဲ့ဒီ တပည့် သုံးယောက်လုံးက သူတို့ရဲ့ အမွေအနှစ်ကို လုံးဝ ဆက်ခံနိုင်ပြီးတော့ ဂျူဒို၊ တိုက်ကွမ်ဒိုနဲ့ မွေထိုင်းကို လေ့ကျင့်ကြတယ်”

ဂျူဒိုကို ကြားပြီး ရဲ့လင်းချန်၏ မျက်လုံးများ လက်သွားကာ ပြန်မေးလိုက်သည်။

“သူတို့က ဘယ်လောက် သန်မာလဲ”

“ငါက ဘယ်လိုလုပ် သိမှာလဲ၊ သူတို့က ငါတို့နဲ့ အတူတူလောက်ပဲလို့ ထင်တယ်”

ကျင့်ရှန်က အားမလို အားမရ ပြောလိုက်သည်။

“ရှင်က အရမ်း အတင်းပြောတတ်တာလေ အဲ့ဒါကြောင့် အများကြီး သိသင့်တာပေါ့၊ တခြားနိုင်ငံတွေက အခြေအနေကရော”

လင်းရှီက ကျင့်ရှန်ကို ကြည့်နေသည်။

“မင်း စကား ဘယ်လိုပြောရမလဲ သိရဲ့လား၊ ငါက အတင်းပြောတယ် ဟုတ်လား၊ ဒါ သတင်းအချက်အလက်ခေတ်ကွ၊ ပြီးတော့ အချိန် ရေစီးကြောင်းအတိုင်း လိုက်နေတာ၊ ရန်သူနဲ့ ပတ်သက်ပြီး စုံစမ်းနေတာကို ပြောနေစရာတောင် မလိုဘူး”

ကျင့်ရှန်က မျက်လုံးလှန်၍ သူမကို မကျေမနပ် ပြန်ပြောလိုက်သည်။ တစ်ခဏမျှ ရပ်လိုက်ပြီးနောက် သူက ဆက်ပြောသည်။

“ဒါကို နိုင်ငံတကာ သိုင်းပညာပြိုင်ပွဲလို့ ခေါ်ပင်မယ့် နိုင်ငံတိုင်းက ပါဝင်ယှဉ်ပြိုင်ဖို့ အရည်အချင်း ပြည့်မီတာ မဟုတ်ဘူး၊ တချို့နိုင်ငံတွေမှာ ငရဲတံခါးတောင် မရှိသလို သိုင်းပညာရှင်တွေလဲ အများကြီး မရှိဘူး၊ သူတို့ ဘယ်လိုလုပ် ပါဝင်နိုင်မှာလဲ”

“ပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံက စုစုပေါင်း ရှစ်နိုင်ငံ ရှိတယ်၊ ငါတို့နိုင်ငံ၊ ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ အမေရိကန်၊ အင်္ဂလန်၊ ဂျာမနီ၊ အိန္ဒိယနဲ့ ရှေးဂရိနိုင်ငံပဲ”

ရဲ့လင်းချန်သည် ပြိုင်ပွဲ၌ ပါဝင်ရန် လာခဲ့သော်လည်း ဤသတင်းအချက်အလက်နှင့် ပတ်သက်၍ တကယ်ကို ဘာမှမသိချေ။ သူက အလွန် အလေးအနက်ထား၍ နားထောင်ပြီး ပြန်မေးလိုက်သည်။

“ဒါက ဒီရှစ်နိုင်ငံမှာပဲ ငရဲတံခါး ရှိလို့လား”

“ဘယ်ဟုတ်မလဲ”

ကျင့်ရှန်က ခေါင်းခါသည်။

“ကမ္ဘာကြီးက အရမ်း ကြီးတယ်၊ ငရဲတံခါးတွေက ကမ္ဘာတစ်ဝှမ်းမှာ ရှိနေတာ၊ အဲ့ဒါကြောင့် အများကြီး ရှိမှာပဲ၊ ဒါပေမဲ့ ငရဲတံခါး ရှိတိုင်း အဲ့ဒါတွေကို ထိန်းချုပ်နိုင်တယ်လို့ မဆိုလိုဘူး၊ တစ်ချို့နိုင်ငံတွေမှာ ငရဲတံခါး ရှိပင်မယ့် တခြားနိုင်ငံတွေကနေ အကူအညီ တောင်းခံရတယ်၊ ဘာလို့လဲဆိုတော့ သူတို့မှာ သန်မာတဲ့ စစ်သည်တော်တွေ မရှိလို့ပဲ”

“နိုင်ငံတကာ သိုင်းပညာ တံခွန်စိုက် ပြိုင်ပွဲမှာ ပါနိုင်တဲ့သူတွေက သူတို့နိုင်ငံမှာ ဘုရင်အဆင့် သိုင်းပညာရှင် အနည်းဆုံး နှစ်ယောက် ရှိရမယ်”

“ဒါက ပိုပြီး အကျိုးအကြောင်း သင့်တော်တယ်”

ချန်ရှောင်ရှောင်က ခေါင်းညိတ်ထောက်ခံသည်။

“ငါတို့ ရနိုင်တဲ့ အရင်းအမြစ် ပမာဏက အများကြီးပဲ၊ ငါတို့ ကမ္ဘာပေါ်က နိုင်ငံအားလုံးကို တကယ် မျှဝေမယ်ဆိုရင် နိုင်ငံတိုင်းက တော်တော်ကို နည်းနည်းလေးပဲ ရတော့မှာ၊ ဒီအဆင့်မှာ ကမ္ဘာကြီး လုံခြုံဘေးကင်းဖို့အတွက် ငါတို့က သန်မာတဲ့သူတွေကိုပဲ ပိုပြီး သန်မာအောင် ခွင့်ပြုလို့ ရနိုင်တယ်၊ အနာဂတ်မှာ ငါတို့မှာ သန်မာတဲ့သူ ပိုပြီး ရှိလာရင် ငါတို့ ရနိုင်တဲ့ ပမာဏကလဲ ပိုပြီး များလာလိမ့်မယ်၊ ဒါဆို ငါတို့ အားနည်းသူတွေကိုပါ ဆွဲခေါ်လို့ရပြီ”

“ဟဲဟဲ၊ လိုရင်းက အဲ့ဒါပဲလေ”

ကျင့်ရှန်က အသာပြုံး၍ ဆက်ပြောလေသည်။

“ငါတို့နိုင်ငံရဲ့ အင်အားက သေချာပေါက် ထိပ်တန်းပဲ၊ ဒါပေမဲ့ ငါ မင်းကို ဒီနိုင်ငံတကာ သိုင်းပညာ ပြိုင်ပွဲအတွက် တစ်ခုတော့ သတိပေးမှရမယ်၊ အဲ့ဒါက တခြားနိုင်ငံက ပြိုင်ဘက်တွေကို ပိုပြီး သတိထားဖို့ပဲ”

လင်းရှီ ဇဝေဇဝါနှင့် မေးလိုက်သည်။

“ဘာလို့လဲ”

“ငါတို့ကို သိုင်းပညာရှင်တွေလို့ ခေါ်တာလေ၊ ဒါပေမဲ့ တခြားနိုင်ငံတွေကလဲ သိုင်းပညာကို လေ့ကျင့်တယ်လို့ မင်း ထင်နေမယ်ဆိုရင်တော့ အကြီးကြီး မှားသွားပြီ၊ တခြားနိုင်ငံတွေရဲ့ နာမည်တွေက တကယ်တော့ ငါတို့နဲ့ မတူဘူး”

ကျင့်ရှန်က အသာ ပြောလာသည်။

“နိုင်ငံတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင် ကျင့်ကြံရေးနည်းလမ်းတွေ ရှိတယ်၊ ဒီအချက်ကို ထည့်သွင်းစဉ်းစားပြီး ကမ္ဘာကြီးကို လေ့လာကြည့်တဲ့အခါမှာ နောက်ဆုံး သုံးသပ်ချက်က တခြားနိုင်ငံက လူတွေရဲ့ ကိုယ်ခန္ဓာက မတူနိုင်ဘူး ဆိုတာပဲ၊ ပြီးတော့ တစ်ဦးချင်းစီမှာ သင့်တော်တဲ့ လမ်းကြောင်းတွေ ရှိတယ်၊ ဥပမာ ငါတို့ တရုတ်လူမျိုးတွေရဲ့ ခန္ဓာကိုယ်က သိုင်းပညာ ကျင့်ကြံဖို့ သိပ်ကို သင့်လျောတယ်၊ ငါတို့ အနောက်နိုင်ငံက လူတွေကို သိုင်းပညာ လေ့ကျင့်ခိုင်းလိုက်မယ်ဆိုရင် သူတို့ အခြေခံအကျဆုံး ကိုယ်နေဟန်ထားကိုတောင် မလုပ်နိုင်တာကို တွေ့ရလိမ့်မယ်”

All Chapters