ခရမ်းလျှပ်စစ်မိုးကြိုး ၊ အတိဒုက္ခဆင်းရဲကို ကျော်လွှားနိုင်တယ်
Vol. 7 Ch. 61
ကားထဲမှ ဘော်ဒီဂတ် လေးဦး ထွက်လာခဲ့သည်။
သူတို့က တစ်ဒါဇင်လောက်ရှိသည့် ကြီးမားသည့် လက်ဆွဲသေတ္တာကြီးများကို ထုတ်လာခဲ့ပြီး ချန်ယွီ့၏ ဆေးခန်းထဲသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်လာခဲ့ကြသည်။
ဤလူများ ထွက်ခွာသွားပြီးနောက် ချန်ယွီ့ စိတ်မရှည်တော့ဘဲ လက်ဆွဲသေတ္တာများကို ဖွင့်လိုက်၏။
အတွင်းတွင် အမျိုးမျိုးသော လက်မှု ပစ္စည်းတို့ဖြင့် ပြည့်နှက်လို့နေပြီး နိုင်ငံခြား လက်မှုအထည်များပင် ပါသည်။
“ ဟားဟားဟား … အခွင့်အရေးကောင်းတော့ ရောက်လာပြီဟေ့ …”
ချန်ယွီ့ သားရေ သေတ္တာရှေ့တွင် ရပ်လိုက်၏။
၎င်းနောက် ချက်ချင်းပဲ သေးငယ်ပြီး လက်ဝါးအရွယ်အစားခန့်ရှိသည့် ကြေးဒယ်အိုးတစ်လုံးကို အထဲမှ ထုတ်လာခဲ့သည်။
လက်ဆွဲသေတ္တာ ဒါဇင်ကျော် ရှိပြီး လက်မှုပစ္စည်း စုစုပေါင်း အခု တစ်ရာကျော်ခန့်ရှိသော်လည်းပဲ အကုန်လုံးက အတုများပင်။
ဤ သေးငယ်သည့် ဆေးဒယ်အိုးလေးသာလျှင် ထူးခြားသည့် အရာဖြစ်၏။
ဆေးဒယ်အိုးသေးသေးလေးက သိပ်သည်းသည့် စာလုံးအက္ခရာတို့ဖြင့် ပြည့်နှက်နေခဲ့ပြီး ၎င်းအတွင်းထဲတွင်လည်း ရှေးဟောင်း တရုတ်အက္ခရာ စာလုံးတို့ ရေးသားထားသည်။
ကောင်းကင်လျှို့ဝှက် နည်းဗျူဟာမှတစ်ဆင့် ဤသေးငယ်သည့် ဆေးဒယ်အိုးလေးက တကယ့် စစ်မှန်သည့် ဝိဉာဏ်လက်မှု ပစ္စည်းဖြစ်ကြောင်းကို ချန်ယွီ့ သိရှိလိုက်ရသည်။
ဝိဉာဏ်လက်မှု ပစ္စည်းဆိုသည်ကား မည်သည့်အရာကို ဆိုလိုသနည်း။
အဖြေကတော့ ရိုးရှင်းပါသည်။ ဝိဉာဏ်ချီစွမ်းအင် ပိုင်ဆိုင်ထားသည့် အရာပစ္စည်းကို ဆိုလိုခြင်းဖြစ်၏။
၎င်း၏ ကိုယ်ထည်တွင် ရေးသားထားသည့် အရာများက မရေမတွက်နိုင်သည့် ဖွဲ့စည်းမှု အုတ်မြစ် အစီအရင်ပုံစံများပင်။
ဤသည်က ရှေးခေတ် ကျင့်ကြံသူ တစ်ဦး အသုံးပြုခဲ့သည့် ဆေးဒယ်အိုးဖြစ်၏။
ဤပစ္စည်းကို ထုလုပ်ရန် အသုံးပြုထားသည့် ပစ္စည်းများကတော့ ကြီးမြတ်သူယွီ အသုံးပြုခဲ့သည့် သုံးချောင်းထောက် ဒယ်အိုးနှင့် အတူတူပဲ ဖြစ်သည်။
ဤသည်က ချန်ယွီ့ အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့သည့် အခွင့်အရေးကောင်းကြီး ဖြစ်၏။
လူတွေက အခွင့်အရေးကောင်းကို စောင့်ဆိုင်းကြပြီး အခွင့်အရေးကောင်းကလည်း လူတွေကို စောင့်ဆိုင်းကြသည်။
ချန်ယွီ့ ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ ဤပစ္စည်းက သူနှင့် ကံကြမ္မာရေစက်ပါလာသည်ကို သိနေသည်။
ဝမ်တဲ့ချွမ်ကို ကုသပေးနေစဉ်အတွင်း ချန်ယွီ့သည် အမည်တပ်မရသည့် အရာတစ်ခုကြောင့် တားမြစ်ခြင်း ခံခဲ့ရသည်။
ချန်ယွီ့ သူ့စကားကို ပြီးဆုံးအောင် မပြောပြခဲ့ရချေ။ ကြေးရုပ်ထုက ဘာကြောင့် ဝမ်တဲ့ချွမ်အပေါ် ကံကောင်းခြင်းတို့ ထောက်ပံ့ပေးနေတာကို ရပ်သွားတာလဲဆိုတော့ ဤဆေးဒယ်အိုးကြောင့် ဖြစ်၏။
ဒယ်အိုးအတွင်းရှိ ဝိဉာဏ်စွမ်းအင်က ဝူထုန်ရှန်း၏ မကောင်းသည့် နတ်ဆိုးစွမ်းအင်ကို တားမြစ်ပေးသည်။
ဤပစ္စည်းကြောင့်ပဲ ဝမ်တဲ့ချွမ်မှာ သူ၏ လူသားဆန်မှု အနည်းငယ်ကို ပြန်လည်ရရှိနိုင်ခဲ့ခြင်း ဖြစ်၏။
သူ့ကို လျင်မြန်စွာ အသိစိတ်ဝင်လာစေခဲ့ပြီး နတ်ဆိုး၏ လက်တွင်းမှ လွတ်မြောက်စေခဲ့သည်။
အချိန်တစ်ချို့ ကြာအောင် ကုန်ဆုံးပြီးနောက် ချန်ယွီ့သည် ဒယ်အိုးပေါ်တွင် ရေးသားထားသည့် ဗျည်းအက္ခရာစာလုံးများနှင့် ရင်းနှီးသွားခဲ့၏။
သူ့ ဖုန်းကို ထုတ်၍ အော်ဒါများ စတင်မှာယူတော့သည်။
ဒယ်အိုးတွင် ရေးသားထားသည့် အစီအရင် ဖွဲ့စည်းပုံတို့က ကျယ်ပြန့်ပြီး နက်နဲသိမ်မွေ့လှ၏။
သတ်ဖြတ်ခြင်း အစီအရင်၊ ကာကွယ်ရေး အစီအရင်၊ အသံလုံ အစီအရင် ၊ ပုံရိပ်ယောင် အစီအစဉ် ၊ နှောင့်ယှက်သည့် အစီအရင် … စသဖြင့် အများအပြားပင်။
ချန်ယွီ့က အုတ်မြစ်တည်ထောင်သည့် နယ်ပယ်သို့ ချိုးဖောက်တော့မည် ဖြစ်သည့်အတွက် အောင်မြင်နိုင်မည့် အခွင့်အရေးကို တိုးပွားစေမည့် အစီအရင်တစ်ခု တည်ဆောက်ရန် လိုအပ်လေသည်။
ယင်းက ကောင်းကင်သံသရာ ဝိဉာဏ်စွမ်းအင် စုစည်းခြင်း အစီအရင်ပင်။
အစီအရင်အတွက် လိုအပ်သည့် ပစ္စည်းများကို အွန်လိုင်းတွင် ဝယ်ယူ၍ရပြီး အဓိက ကျသည့် ပစ္စည်းတစ်ချို့ကိုသာလျှင် ချန်ယွီ့ကိုယ်တိုင် ရှာဖွေဖို့ လိုအပ်သည်။
ထိုအတွက်လည်း သူ၏ တွက်ချက်ခြင်း နည်းစနစ်က ၎င်း၏ တည်နေရာကို သဘာဝအလျောက် ညွှန်ပြပေးနိုင်သည်။
လက်ဆွဲသေတ္တာထဲရှိ ပစ္စည်းအတုများကို ကိုင်တွယ်ပြီးနောက် ချန်ယွီ့ သူ လိုအပ်သည့် ပစ္စည်းများ၏ တည်နေရာကို ကောင်းကင်လျှို့ဝှက် နည်းဗျူဟာဖြင့် တွက်ချက် ဖွေရှာလိုက်သည်။
အမှားအယွင်း မရှိသည်ကို အတည်ပြုပြီးသည့်နောက် ကျန်းကျန့်ရှစ်နှင့် ဝမ်တဲ့ချွမ်တို့ကို ဖုန်းဆက်လိုက်၏။
သူတို့ထဲ တစ်ယောက် တက္ကသိုလ် ကျောင်းအုပ်ဖြစ်ပြီး ကျန်တစ်ယောက်က သူတို့မြို့ထဲရှိ အချမ်းသာဆုံးသော ပုဂ္ဂိုလ်များထဲက တစ်ဦးပင်။
သူတို့နှစ်ဦးတွင် အားကောင်းသည့် အဆက်အသွယ်ကွန်ယက်တို့ အသီးသီး ရှိပြီး သူ့နည်းလမ်းများကို ယုံကြည်ကြသူများပင်။ ထို့ကြောင့် ဤသို့သော တောက်တိုမယ်ရများ ပြုလုပ်ခိုင်းရန်အတွက် ၎င်းတို့နှစ်ဦးက အသင့်တော်ဆုံး ဖြစ်၏။
၎င်းတို့ နှစ်ဦးထံက ရစေရမည်ဟု အာမခံကတိစကားကို ကြားပြီးသည့်နောက်မှသာ ချန်ယွီ့လည်း စိတ်သက်သာ ရသွားခဲ့သည်။
ထိုင်ခုံပေါ်သို့ ထိုင်ချလိုက်ပြီး လာမည့် ရက်အနည်းငယ်တွင် ချိုးဖောက်တော့မည့် အဆင့်အကြောင်းကို စိတ်အေးလက်အေး တွေးတောနေသည်။
ဝိဉာဏ်စွမ်းအင်တို့ ပေါကြွယ်ဝသည့် ခေတ်တွင် အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်သို့ တက်ရောက်သည်က အထွေထူးကိစ္စ မဟုတ်ချေ။ သာမန်လျှံကာ ထိုးဖောက်ရုံမျှနှင့်ပင် အတားအဆီးကို ချိုးဖောက်နိုင်သည်။
သို့သော်လည်းပဲ …
ရှေးခေတ်အချိန်က ရှေးခေတ်အချိန်ပဲ ဖြစ်၏။ ခေတ်ကာလတို့က မတူညီတော့ချေ။
မျက်မှောက်ခေတ်တွင် ဝိဉာဏ်စွမ်းအင်တို့က အင်မတန် ရှားပါးလာနေပြီ ဖြစ်၏။
အုတ်မြစ်တည်ထောင်ခြင်း အဆင့် ကျင့်ကြံသူများကို မဆိုထားနှင့် ။ ဤဂြိုလ်ပေါ်တွင် အရှိန်အဝါ သန့်စင်ခြင်း ကျင်ကြံသူပင် အယောက်တစ်ရာ ပြည့်လား မသေချာပေ။
ထိုအရာက တကယ့်ကို ပဟေဠိဖြစ်စရာ မေးခွန်းကြီး တစ်ခုပင်။
ချန်ယွီ့ ယခုလေးတင် ဧရာမ ကံကောင်းမှုနှင့် ကုသိုလ်အမျှင်တန်းကြီးကို ရရှိလိုက်ပြီး အကုန်လုံးက ဝမ်တဲ့ချွမ်ထံမှ ဖြစ်၏။
ဝမ်တဲ့ချွမ်ကို ရုပ်ထုအား လွင့်ပစ်လိုက်ရန် ညွှန်ကြားခဲ့ပြီး သူ့ကြောင့်နှင့် ထိခိုက်ပျက်စီးခဲ့ရသည်များအား ကောင်းမှု ကုသိုလ်များဖြင့် မည်သို့ ပြန်လည်ပြုပြင်ရမလဲဆိုတာကို သင်ပြပေးခဲ့သည်။
ဤသည်က ခါးသီးခြင်း ပင်လယ်ထဲ ဒုက္ခရောက်နေသည့် တစ်စုံတစ်ယောက်ကို ကယ်တင်သည်နှင့် တူညီကာ လူတစ်ဦးကို ကောင်းသည့်လမ်းသို့ လျှောက်ရန် သင်ပြပေးခြင်းပင်။
ထို့ပြင် ချန်ယွီ့က ဝမ်တဲ့ချွမ် ပျောက်ဆုံးနေခဲ့သည့် လူသားဆန်မှုကို ပြန်လည်ရရှိစေရန် ကူညီပေးခဲ့ပြီး သူ့အား ကောင်းမှုကုသိုလ်တို့ တန်နှင့်ချီပြီး ရရှိလာစေသည်။
ဤမျှများပြားသည့် ကောင်းမှုကုသိုလ်များနှင့် သူ့ခန္ဓာကိုယ်ထဲရှိ ဝိဉာဏ်စွမ်းအင်တို့ ပေါင်းစည်းပြီး အုတ်မြစ်တည်ထောင်ခြင်း အဆင့်သို့ တက်ရောက်ရန် ကျိန်းသေပေါက် လုံလောက်သည်။
ရက်အနည်းငယ်ကြာပြီးနောက် ဝမ်တဲ့ချွမ်နှင့် ကျန်းကျန့်ရှစ်တို့က ချန်ယွီ့ လိုအပ်သည့် ပစ္စည်းပစ္စယများကို ကိုယ်စီ ပေးပို့လာခဲ့ကြသည်။
ထိုပစ္စည်းများကို အစီအရင်၏ ဗဟိုမျက်လုံးနှင့် ဂိတ်ပေါက်ဝများအဖြစ် အသုံးပြုလိုက်၏။
ကောင်းကင်သံသရာ ဝိဉာဏ်စွမ်းအင် စုဆောင်းခြင်း အစီအရင်သည်လည်း ပြီးမြောက်သွားခဲ့သည်။
မျက်စိဖြင့် မြင်ယောင်ကြည့်၍သာ အတော်လေး အားထုတ်ကြိုးပမ်းလိုက်ရသည့် ပုံစံပေါက်နေသော်လည်းပဲ တကယ့်လက်တွေ့ အစီအရင် ပြီးမြောက်သွားသည့် အချိန်၌ အစီအရင် အကျယ်အဝန်းက နှစ်မီတာပတ်လည်သာ ရှိသည်။
အစီအရင်၏ အဓိက နေရာတွင် ခြေတင်ပလ္လင်ခွေထိုင်ရင်း ချန်ယွီ့ ခန္ဓာကိုယ်အတွင်းထဲရှိ ဝိဉာဏ်စွမ်းအင်များကို လှည့်ပတ်လိုက်သည်။
စိတ်ကို ဗလာကျင်း ၊ ဝိဉာဏ်စွမ်းအင်သိုလှောင်သည့် နေရာရှိ ဝိဉာဏ်ချီတွေကို စုဆောင်း။
ရန်ဟွား(သွေးစွမ်းအား)၊ တိဟွား(အစစ်အမှန်ချီ)၊ ထျန်းဟွား(စိတ်ဝိဉာဏ်) ၊ ဤသုံးခုကို စုစည်း။
ထို့နောက် မူလအတားအဆီးမှတ်ကို ရင်ဆိုင်ဖို့ သူ၏ ဝိဉာဏ်စွမ်းအင်များကို တည်ငြိမ်အောင်ပြု၍ ထိုးဖောက်ရမည့် အချိန်အခါပင်။
ကံကောင်းမှုနှင့် ကုသိုလ်အမျှင်တန်းများကို ကောင်းကင်သံသရာ ဝိဉာဏ်စွမ်းအင်စုဆောင်းခြင်း အစီအရင်နှင့် ချေဖျက်ထားပြီး သန့်စင်သည့် ဝိဉာဏ်စွမ်းအင်တို့ ဖြစ်တည်လာသည်။
“ ဝုန်း …”
ဟန်ကျိုးမြို့တွင် ထူးဆန်းသည့် မြင်ကွင်းတစ်ရပ် ဖြစ်ပေါ်လာခဲ့၏။
အချိန်တိုအတွင်း ကြီးမားသည့် မိုးသားတိမ်စိုင်တို့က မြစ်လမ်းအထက် ကောင်းကင်တွင် ဖွဲ့တည်လာခဲ့ပြီး အခြားနေရာများတွင်တော့ တိမ်ကင်းစင်ကာ ကောင်းကင်ကလည်း ကြည်လင်နေသည်။
တိမ်စိုင်များအတွင်းမှ မိုးထစ်ချုန်းသံတို့ မြည်ဟည်းလာခဲ့ပြီး မိုးသက်မုန်တိုင်း ကျဆင်းတော့မည့်နှယ်ပင်။
လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များမှာ မိုးလွတ်မည့်နေရာများသို့ အရေးတကြီး ပြေးသွားခဲ့ကြပြီး ထိုတိမ်စိုင်များ ဖြစ်တည်လာရခြင်း အကြောင်းအရင်းမှန်ကို မည်သူကမှ မသိကြချေ။
“ ခရက် …”
သတိပေးဖို့ နောက်ကျလွန်းသွားပြီ ဖြစ်၏။
လျှပ်စီးတစ်ချက်က ကောင်းကင်တွင် ဖျတ်ခနဲ လင်းလက်သွားခဲ့ပြီး မိုးကြိုးပစ်ခွင်းသံကြီးက ကျယ်လောင်စွာ မြည်ဟည်းလာခဲ့သည်။
“ ခရမ်းမိုးကြိုး ….”
ဟန်ကျိုးမြို့ပြင်ရှိ ချင်းလုံတောင်ထိပ်တွင် အမျိုးသားတစ်ဦးက ဧရာမ သစ်ပင်ကြီးထက်တွင် မတ်တပ်ရပ်နေသည်။
သူ့မျက်နှာ အမူအရာက ရှော့ခ်ရနေခဲ့၏။ သူ မြင်တွေ့နေရသည့် အရာကို သူ့မျက်စိနှင့်သူပင် မယုံကြည်နိုင်ခဲ့ချေ။
ဒဏ္ဍာရီ မှတ်တမ်းတို့အရ ခရမ်းမိုးကြိုးဆင်းသက်လာခဲ့သည်မှာ ကြီးမြတ်သည့် ပုဂ္ဂိုလ်တစ်ပါး ပေါ်ထွန်းလာခြင်းကို ဆိုလိုသည်။
မြစ်လမ်းတွင်တော့ ခရီးသွားဧည့်သည်များက ကောင်းကင်ထက်ရှိ ထူးဆန်းသည့်မြင်ကွင်းကို ခေါင်းမော့ပြီး ကြည့်နေခဲ့ကြသည်။
ခရမ်းမိုးကြိုးက လေထဲတွင် ရိပ်ခနဲ ဖြတ်ပြေးသွားသည်နှင့် ၎င်းနှင့်ကပ်လျက်အတူ ရှည်လျားသည့် နဂါးကြီး ရစ်ခွေနေသည့် ပုံရိပ်က ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း မိုးတစ်ပေါက်မျှ ကျလာခြင်း မရှိခဲ့။
လူတော်တော်များများက သူတို့ဖုန်းများထုတ်၍ ခေါင်းအထက်ရှိ ထူးဆန်းသည့်မြင်ကွင်းကို ဓာတ်ပုံမှတ်တမ်းများ ရိုက်ယူနေခဲ့ကြသည်။
မြစ်လမ်း အထက်တွင် ခရမ်းမိုးကြိုး ထွက်ပေါ်လာသည့် မြင်ကွင်းက အင်တာနက်ပေါ်တွင် လေအလျင်ကဲ့သို့ ရွေ့လျားသွားခဲ့၏။
“ စောက်ကျိုးနည်း … ဘယ်တာအိုရောင်းရင်းက အတိဒုက္ခကပ်ဘေးကို ဖြတ်ကျော်နေတာလဲဟ ….”
“ ဒီလူအိုကြီးက အခုလေးတင်ပဲ အတိဒုက္ခကို ကျော်ဖြတ်ပြီးတယ် … မင်းတို့ ဂျူနီယာလေးတွေက ဘာတွေ အလျင်လိုနေကြတာ ….”
“ မိုးကြိုးနတ်မင်းကြီး …. ကျုပ်ရဲ့ အချစ်ပြိုင်ဘက် ဟိုကောင့်ကို မိုးကြိုးပစ်ပေးစမ်းပါ …”
“ ချီးကို အတိကပ်ဘေးပါလား … ဒါ Thor အလည်ရောက်လာတယ်ဆိုတာ အသိသာကြီး …”
“ ဖြစ်နိုင်တာ မြာပွေတဲ့ တစ်ယောက်ယောက်က သူ့ကိုယ်သူ ကျိန်ဆိုပြီး သူ့ထိုက်သူ့ကံ ဖြစ်သွားတာများလား …..”
“ ဟင် … တော်တော်လေးလှတဲ့ မြင်ကွင်းပဲ ….”
“ ဒီရဲ့ ရောင်းရင်းက ကပ်ဘေးဖြတ်ကျော်နေတယ်ဆိုတာ ဒီလူအိုကြီး ကျိန်ရဲတယ် … သူ့ခွန်အားကို မြင်ချင်တယ်ဆို ငါ့ဆီ ယွမ် ၅၀ လွှဲလာခဲ့ကြ …..”
ဗွီဒီယို၏ အောက်ဘက်တွင် အမျိုးမျိုးသော ကွန်းမန့်တို့ နေရာယူလာကြသည်။
မကြာမီ ကျွမ်းကျင်သူတစ်ဦးက ရှေ့ထွက်ရှင်းပြလာခဲ့ပြီး အင်တာနက် သုံးစွဲသူများကို ကောဟလာဟများ လျှောက်မလွှင့်သင့်ကြောင်း သတိပေးလာသည်။
သဘာဝ ဖြစ်စဉ်ကို အယူသည်းသည့် ဖြစ်ရပ်တို့နှင့် မရောထွေးလိုက်သင့်ပေ။
အပြင်ဘက်ရှိ အဖြစ်အပျက်များကို လျစ်လျူရှုထားရင်း တစ်ရက်ကြာပြီးသည့်နောက် ချန်ယွီ့ မျက်လုံးပွင့်လာသည်။
သူ့ ထိုးဖောက်မှု အောင်မြင်ခဲ့သည်။
ကောင်းကင်သံသရာ ဝိဉာဏ်စွမ်းအင်စုဆောင်းခြင်း အစီအရင်က သူ၏ ဝိဉာဏ်စွမ်းအင်များကို မြဲမြံစွာ ပိတ်ဆို့ပေးထားခဲ့ပြီး အနည်းငယ်သော်မျှ အပြင်သို့ ပေါက်ထွက်မလာခဲ့ချေ။
သူ့လက်များကို ငုံ့ကြည့်ရင်း ချန်ယွီ့ အနည်းငယ် ငူငိုင်သွားခဲ့ရသည်။
မကြာသေးမီ အချိန်တုန်းက ဤလက်တစ်စုံသည် အလုပ်ကြိုးစားသည့်လက် ဖြစ်ခဲ့သည်။
ယခု ဤလက်တစ်စုံက လေနှင့် မိုးကြိုးကို ဆင့်ခေါ်နိုင်သည့် လက်တစ်စုံ ဖြစ်လာသည်။
စာတစ်တန် ပေတစ်တန်ဖြင့် ပြောဆိုမည်ဆိုပါက လက်ဖဝါးမှောက်လှန်လိုက်ရုံမျှနှင့် လေနှင့်မိုးကြိုးကို အမိန့်ပေးနိုင်သည့် လက်တစ်စုံပင်။
“ သိုသိုသိပ်သိပ် နေဖို့ အကောင်းဆုံး ကြိုးစားထားတာကို ဒီလောက်ထိ ကြီးကြီးမားမား ဂယက်ထသွားမယ်လို့ ထင်မထားဘူး …”
ချန်ယွီ့ တံခါးဖွင့်လိုက်သည့် အချိန်မှာ၌ပဲ သူ့ရှေ့ရှိ လူအုပ်ကြီးကို မြင်တွေ့လိုက်ရသည်။
မြစ်လမ်းမှာ နဂိုကတည်းကပင် နှစ်သစ်ကူးနေ့ရက်များကဲ့သို့ စည်ကားရာ နေရာတစ်ခုဖြစ်ပြီး ယခုတွင်တော့ လမ်းအထက်ရှိ လူများ၏ ၉၀ ရာခိုင်နှုန်းမှာ ကိုယ်စီ ဖုန်းများ ထောင်ရင်း စကားပြောဆိုနေခဲ့ကြသည်။
ရမ်းသမ်းမှန်းတမ်း ခန့်မှန်းနေဖို့ မလို။ ဤလူများက စထွင်မာများ သို့မဟုတ် တစ်စုံတစ်ရာသော အသစ်တစ်ခုခုကို ရှာဖွေလိုကြသည့် အင်တာနက် အသုံးပြုသူများ ဖြစ်ကြ၏။
“ ငါတော့ ပြေးပြီ ….”
ချန်ယွီ့ ချက်ချင်းပဲ တံခါးကို ပိတ်ချလိုက်သည်။
အကယ်၍ သူသာ ယခုအချိန် အပြင်သို့ ထွက်သွားမည်ဆိုပါက လူအုပ်ကြီး ပိပြီး သေသွားလောက်သည်။
“ ဟုတ်သား … ငါ့ အွန်လိုင်း လူနာတွေကို ဆေးမကုပေးဖြစ်တာတောင် အတော်ကြာပြီပဲ…”
ထိုကိစ္စကို တွေးတောပြီးနောက် ချန်ယွီ့ သူ့ထိုင်ခုံသို့ သွားကာ ကွန်ပျူတာကို ဖွင့်လိုက်သည်။
“ ဝါး …. ငါ့ကောင်တို့ … ပျောက်ကြီးစထွင်မာ ပြန်ပေါ်လာပြီဟေ့ ….”
“ ဘုရားသခင်က ဒီနေ့ ငါ့မွေးနေ့မှန်း သိလို့ လက်ဆောင်ပေးလိုက်တာပဲ ဖြစ်မယ် …”
“ တစ်ရက်မတွေ့ရတာ သုံးနှစ်ကြာသလို ခံစားရတယ် … ဒေါက်တာချန် … ငါတို့ချင်း မတွေ့ဖြစ်တာ ၁၈ နှစ်တောင် ရှိသွားပြီ …”
“ ဒေါက်တာချန် …. မင်း အခုမှပဲ အကောင့်နဲ့ လျှို့ဝှက်နံပါတ်ကို ပြန်မှတ်မိသွားလို့လား …..”
ချန်ယွီ့ လိုက်စထွင်းက ယခုလေးတင်မှ စတင်သော်လည်းပဲ ကြည့်ရှုသူ ဦးရေက ချက်ချင်းပဲ တစ်သိန်းခွဲသို့ ခုန်ပေါက်တက်သွားခဲ့သည်။
ထိုလူများက အလျင်စလို ပြေးဝင်လာခဲ့ကြခြင်း မဟုတ်ဘဲ ထိုအစား ကြည့်ရှုသူ တစ်သိန်းကျော်က သူ့ချာနယ်ထဲတွင် နေ့တိုင်းနေ့ စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်သည်။
နောက်ဆက်တွဲကတော့ အခြားစထွင်မာများ၏ လိုက်စထွင်းအခန်းထဲရှိ ကြည့်ရှုသူ ဦးရေတို့ တစ်ဟုန်ထိုး လျော့ကျသွားခဲ့ခြင်းပင်။