မင်းက အကြီးကြီး ပြောင်းလဲသွားတယ်
Vol. 7 Ch. 62
ချန်ယွီ့၏ ယခင် လိုက်စထွင်းလွင့်သည့် ပုံစံများအရ စထွင်မာ အများစုမှာ သူက မနက်ခင်းသို့မဟုတ် ညနေခင်းတွင် လိုက်စထွင်း လုပ်လေ့ ရှိသည်ကို သိထားကြသည်။
ထို အချိန်များတွင် လိုက်စထွင်းလွင့်သည့် စထွင်မာများကလည်း သူတို့၏ အချိန်စာရင်းကို ပြောင်းလဲကာ ချန်ယွီ့၏ လိုက်စထွင်းနှင့် ထိတွေ့တိုက်ဆိုင်ခြင်းကို ရှောင်ကြဉ်ကြ၏။
အကယ်၍ ချန်ယွီ့၏ လိုက်စထွင်းနှင့် သူတို့၏ လိုက်စထွင်းကသာ တစ်ချိန်တည်း ဖြစ်နေခဲ့မည်ဆိုပါက မိမိတို့၏ ကြည့်ရှုသူ တစ်ဝက်ကျော်မှာ လျော့ကျသွားလိမ့်မည်။
ဒါပေါ့။ လောကကြီးမှာ သံမဏိလို ခေါင်းမာကြတဲ့လူတွေလည်း အများကြီးပဲလေ။
ထို့နေ့လည်ခင်းတွင် နာမည်ကြီး စထွင်မာတစ်ဦးက ဂိမ်းကစားသည့် လိုက်စထွင်းကို စတင်ထုတ်လွှင့်ပြီး သူ့ပရိသတ်များ စုစည်းပြီးရုံရှိသေးသည်။ သို့သော် ထိုအချိန်မှာပဲ အများစုက သူ့လိုက်စထွင်းထဲကနေ ချက်ချင်း ထွက်သွားခဲ့ကြ၏။
“ ကောင်းသော နေ့လည်ခင်းပါ ငါ့ရဲ့လူနာတို့ ….”
ချန်ယွီ့ ကင်မရာသို့ ကြည့်၍ လက်ဝှေ့ယမ်းပြလိုက်သည်။
ယခုရက်ပိုင်းထဲတွင် အလုပ်ရှုပ်နေ၍ လိုက်စထွင်းမလွှင့်ဖြစ်ခဲ့ကြောင်းကိုလည်း တစ်ခါတည်း ရှင်းပြလိုက်၏။
သူ စိတ်ထဲ ကြိတ်ပြီး သက်ပြင်းချလိုက်သည်။ ယွမ် ငါးထောင် ပေးရတဲ့ ထိုင်ခုံက တကယ် သက်တောင့်သက်တာရှိပဲ။ အခုလို အကြာကြီး ကျောမတ်ထားတာတောင် အရင်လို ခါးလည်း မနာတော့ဘူး။
“ မင်း ညာနေတာ …”
ပိုက်ဆံသုံးထားသည့် အထူးကွန်းမန့်တစ်ခုက စခရင်ထက်တွင် ပေါ်လာသည်။
“ မင်း ဒီရက်ပိုင်း အလုပ်များနေတာ မဟုတ်ဘူး … မင်းကို လုံးဝ ပြောင်းလဲ သွားစေမယ့် တစ်ခုခုကို လုပ်နေခဲ့တာမလား ….”
ချန်ယွီ့ ရင်ဘက်ကြီး တုန်ခါသွားခဲ့၏။
သူ ဖော်ထုတ်ခံလိုက်ရပြီလား …
“ ဒေါက်တာချန် ဘာတွေ လုပ်နေခဲ့တာလဲ….”
“ အတင်းအဖျင်း အနံ့တွေတော့ ရနေတယ်ဟေ့ ….”
“ ဒီရက်ပိုင်းထဲ သူ ဘလိုင်းဒိတ် သွားတွေ့နေတာများလား ….”
“ ဒေါက်တာချန် … ငါတို့တွေ တစ်သက်လုံး စင်ဂယ်ဘဝနဲ့ အရိုးထုတ်ကြမယ်လို့ ကတိပေးထားတယ်လေ …. မင်း ငါတို့ကို ထားသွားလို့ မရဘူး …. ငါတို့ အနာဂတ်မှာ အတူ ပျော်ရွှင်ချင်သေးတယ် ….”
တစ်စုံတစ်ယောက်က ချန်ယွီ့ကို ထပ်ပြီး ဖော်ထုတ်တော့မည်ကို မြင်တော့ ကြည့်ရှုသူများမှာ ချက်ချင်းပဲ ရွှင်မြူးသွားခဲ့ကြသည်။
မကြာမီ ပိုက်ဆံသုံးထားသည့် အထူးကွန်းမန့်ပိုင်ရှင်က နောက်ထပ် ကွန်းမန့်တစ်ခု ပေးပို့လာခဲ့၏။
“ ဒေါက်တာချန် …. မင်း ပလတ်စတစ် ဆာဂျရီ သွားလုပ်ခဲ့တာပဲ ….”
ချက်ချင်းဆိုသလို သိန်းနှင့်ချီသည့် မျက်လုံးအစုံတို့က သူတို့ စခရင်များကို စူးစိုက်ကြည့်လိုက်ကြသည်။
“ ဒေါက်တာချန်က တကယ်ကြီး အရင်ကထက် ပိုချောလာတယ်ဟ ….”
“ ကြည့်စမ်း … သူ့ အသားအရေဆိုလည်း ဖွေးလို့ ….”
“ မျက်လုံးတွေ … မျက်လုံးတွေပဲ ဖြစ်ရမယ်…. ကြည့်လိုက်တာနဲ့ လူရဲ့ စိတ်ဝိဉာဏ်ကို စုပ်ယူသွားသလိုပဲ … လှလိုက်တာ ….”
“ မဟုတ်ဘူး … နှာခေါင်းပဲ ….”
“ ဒေါက်တာချန်လည်း ဒီလို ပလတ်စတစ် ဆာဂျရီ လုပ်တဲ့ လမ်းကြောင်းပေါ် လျှောက်လှမ်းမယ်လို့ ငါ ထင်မထားခဲ့ဘူး …..”
“ ကျေးဇူးပြုပြီး သွားခဲ့တဲ့ ဆေးရုံကို ကြေညာပေးပါ … ငါလည်း နှာခေါင်းလေး ပြင်ချင်လို့ ….”
“ ကြေညာပေးပါ +1 …..”
“ ၁၅ နှစ်တာ အတွေ့အကြုံရှိတဲ့ ပလတ်စတစ် ဆာဂျရီ ဒေါက်တာတစ်ယောက်အနေနဲ့ ဒေါက်တာချန်က ငါတို့ နိုင်ငံထဲမှာ ဆာဂျရီသွားလုပ်ခဲ့တာ မဟုတ်ဘူးဆိုတာ ငါ ပြောရဲတယ် … သူ့မျက်နှာက လုံးဝ ပြီးပြည့်စုံချက်ပဲ … ဒီလို နည်းပညာမျိုးက ငါတို့ နိုင်ငံမှာ မရှိသေးဘူး … နိုင်ငံခြားက ထိပ်တန်း ပလတ်စတစ် ဆာဂျရီ ဆေးရုံတွေပဲ ဒီလိုမျိုး လုပ်နိုင်တာ … ပြီးတော့ ခွဲစိတ်ခကလည်း အနည်းဆုံး ယွမ် တစ်သန်းပဲ ….”
“ ဒေါက်တာချန် ဖလစ်တာ သုံးထားတာရော မဖြစ်နိုင်ဘူးလား …..”
သူ့ ကြည့်ရှုသူများ၏ ရမ်းသမ်းခန့်မှန်းမှုများကို ကြည့်ရင်း ချန်ယွီ့ စိတ်သက်သာရစွာ သက်ပြင်းချမိလိုက်သည်။
တစ်စုံတစ်ယောက်က သူ၏ ကျင့်ကြံမှု အဆင့်ကို ဖောက်ထွင်းမြင်သွားခဲ့ပြီဟု တွေးထင်နေခဲ့သော်လည်း သူသည် ထွေထူးမဟုတ်တာကို ကြောက်လန့်နေမိပုံပင်။
သို့သော်လည်းပဲ ပြောလိုက်သည့်လူ၏ စကားက မှားယွင်းသည်မျိုးလည်း မဟုတ်။
ပြောရလျှင် ချန်ယွီ့က ပြန်လည် မွေးဖွားလာခဲ့တာ ဖြစ်သည်။
လူတစ်ဦးက အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်သို့ ရောက်ရှိမှသာ ကျင့်ကြံသူ စစ်စစ် တစ်ယောက်ဟု သတ်မှတ်နိုင်သည်။
သူ့မျက်နှာ ပုံစံ၊ ခန္ဓာကိုယ်အချိုးအစား ၊ အရေပြား၊ ကိုယ်နေဟန်ပန် ၊ အရာအားလုံးက ကြီးကြီးမားမား ပြောင်းလဲသွားခဲ့သည်။
သူ့ ကျင့်ကြံမှုအဆင့်တွင် ခြေတစ်လှမ်း ဆက်တိုးနိုင်သည်နှင့် ချန်ယွီ့သည် ခန္ဓာကိုယ်အတွင်း ကျန်ရှိသည့် အညစ်အကြေးများအားလုံးကို စွန့်ထုတ်နိုင်ပေမည်။ သူ၏ ရိုးတွင်းချဉ်ဆီများကို သန့်စင်ပြီး ခန္ဓာကိုယ်သည်လည်း ပို၍ သန့်စင်သွားလိမ့်မည်။
“ လူတိုင်းပဲ … လျှောက်ပြီးစနောက်မနေကြပါနဲ့တော့ … စည်းမျဉ်းဟောင်းတွေ အတိုင်းပဲ … တစ်နေ့ကို လူသုံးယောက် တိုင်ပင်ဆွေးနွေးခွင့် ရှိမယ် … ငါ အခုပဲ ဟုန်ပေါင်းတွေ ဝေတော့မယ် ….”
ချန်ယွီ့ သူ့မောက်စ်ကို ထိန်းချုပ်၍ ကီးဘုတ်ဖြင့် ပိုက်ဆံပမာဏကို ရိုက်ထည့်လိုက်သည်။
မိနစ် အနည်းငယ်ကြာပြီးနောက် ဟုန်ပေါင်း သုံးခုကို ရရှိသွားသည့် ပိုင်ရှင် အသီးသီး၏ အသုံးပြုသူ နာမည်များ ထွက်ပေါ်လာသည်။
“ ကဲ … ငါတို့ရဲ့ ပထမဆုံး လူနာကို ဖိတ်ခေါ်လိုက်ကြရအောင် …” ချန်ယွီ့ ပြုံးလျက် ဆိုလိုက်သည်။
[ငါ ကုန်းပေါ်တက်ချင်တယ် ] နာမည်နှင့် အွန်လိုင်းအသုံးပြုသူ တစ်ဦးက စခရင်ထက်တွင် ထွက်ပေါ်လာသည်။
ပထမဦးဆုံး ဝင်ရောက်လာသည့် တစ်ယောက်က အနက်ရောင် ကိုင်းမျက်မှန်ကို တပ်ဆင်ထားပြီး အသက်က ၂၄ နှစ် ၊ ၂၅ နှစ် အရွယ်ဖြစ်သည်။
ပညာတတ် ဘွဲ့ရ လူတန်းစားတစ်ယောက်ဟူသော ခံစားချက်မျိုး ပေးစွမ်းနေသည်။
“ ဒေါက်တာချန် … တွေ့ရတာ ဝမ်းသာပါတယ် … အခုလို အခွင့်အရေးမျိုး ရတဲ့အတွက် တကယ် ကျေးဇူးတင်မိတယ် …”
“ မင်းနဲ့ စကားပြောာနိုင်တာက ဒီနှစ်ထဲ ငါ ကြုံရတဲ့ တတိယမြောက် အကောင်းဆုံး အရာပဲ ….”
[ငါ ကုန်းပေါ်တက်ချင်တယ်]က သူ့ ပျော်ရွှင်မှုကို ဖုံးဖိမထားနိုင်ဘဲ ချန်ယွီ့ကို တောက်လျှောက် ကျေးဇူတင်နေခဲ့တော့သည်။
(T/N- ငါ ကုန်းပေါ်တက်ချင်တယ် - တည်ငြိမ်တဲ့အလုပ်တစ်ခု၊ ဘဝတစ်ခုကို ရချင်တယ်လို့ ဆိုလိုပါတယ်)
“ သူ့ နာမည်ကိုကြည့်ပြီး ငါ ဘာလို့ ဝမ်းနည်းချင်သလို ခံစားလာရတာပါလိမ့် …”
“ မင်းက ကတုံးတုံးဖို့ ဆန္ဒမရှိဘူးဆိုရင် တစ်ဖက်ကမ်းကို ရောက်နိုင်မှာ မဟုတ်ဘူး ….”
“ သုံးနှစ် …. ပြီးတော့ နောက်ထပ်သုံးနှစ် … ငါ ပင်လယ်ထဲ နစ်မွန်းနေရတယ် …”
“ ငါ့အထင် ဒီကောင်က သူ ဘယ်အချိန် ကုန်းပေါ်တက်နိုင်မလဲဆိုတာ လာမေးတာနဲ့တူတယ် …”
[ငါ ကုန်းပေါ်တက်ချင်တယ်]ကို မကြည့်မီ ချန်ယွီ့ လိုက်စထွင်း ကွန်းမန့်များကို တစ်ချက် ကြည့်လိုက်သည်။
အပြုံးတစ်ခုက သူ့မျက်နှာထက်တွင် ဖြစ်ပေါ်လာသည်။
“ ဟယ်လို ဒီရဲ့လူနာ … ကျေးဇူးပြုပြီး မင်းရဲ့ အခြေအနေကို ပြောပါ ….” ချန်ယွီ့ ပြောလိုက်သည်။
“ ဒေါက်တာချန် … ငါ ငါ့မိန်းမအပေါ် အမှားလုပ်ခဲ့မိတယ် … သူ ငါ့ကို ခွင့်လွှတ်လာအောင် ဘယ်လိုလုပ်ရမလဲ …”
စကားစတင် ပြောဆိုသည်နှင့် သူ့မျက်နှာထက်ရှိ အပြုံးကလည်း စပြီး ပျောက်ကွယ်လာခဲ့သည်။
“ မင်း … မင်းမိန်းမကို သိပ်ချစ်တယ်မလား …” ချန်ယွီ့ ပြုံးလျက် မေးလိုက်၏။
“ ဒါပေါ့ …. ငါ့ကိုယ်ငါ ချစ်တာထက်တောင် သူ့ကို ပိုချစ်သေးတယ် ….”
ချန်ယွီ့ ဘာမျှ မပြောနိုင်သေးခင်မှာပဲ သူ့နှင့် သူ့ဇနီးအကြောင်းကို စပြီး ပြောပြတော့သည်။
သူနှင့် သူ့ဇနီးက ကြင်ဖက်ရှာပေးသည့် အေဂျင်စီတစ်ခုမှတစ်ဆင့် သိကျွမ်းခဲ့ကြခြင်းပင်။
နှစ်ယောက်သား လေးငါးခြောက်ကြိမ်မျှ ဒိတ်ပြီးနောက် အတူအိပ်ခဲ့ကြ၏။
မကြာမီမှာပဲ အမျိုးသမီးတွင် ကိုယ်ဝန်ရှိနေပြီကို သူ သိလိုက်ရသည်။
သူမက [ငါ ကုန်းပေါ်တက်ချင်တယ်]ကို တာဝန်ယူဖို့ ပြော၏။ သို့နှင့် နှစ်ဦးလည်း မကြာခင်မှာပဲ လက်ထပ်လိုက်ကြလေသည်။
“ ငါ့မိန်းမက ဘယ်လို သတို့သမီးကြေးမှလည်း မတောင်းဘူး … ငါ စာလေ့လာနေရတာတွေနဲ့ အလုပ်များတာကို သိတော့ ကိုယ်ဝန် ကျန်းမာရေး စစ်ဆေးတာကိုလည်း အကြိမ်တိုင်း သူ့ဘာသူပဲ သွားလုပ်တယ် …”
“ ငါ့ကိုလည်း ကောင်းကောင်း နားလည်ပေးပြီး အိမ်မှုကိစ္စနဲ့ ချက်ပြုတ်တာတွေလည်း လုပ်ပေးတယ် …”
“ ငါက သူ့လို မိန်းမကောင်းလေးတစ်ယောက် ချစ်မြတ်နိုးတာနဲ့ တန်ရဲ့လား ….” [ငါ ကုန်းပေါ်တက်ချင်တယ်]က မေးလာခဲ့သည်။
သူ ထိုစကားမျိုး ပြောလိုက်သည်နှင့် ပထမ တစ်သုတ် ကွန်းမန့်လှိုင်းကြီး ရောက်ရှိလာခဲ့တော့သည်။
“ ချီးတဲ့မှ … လောကကြီးမှာ တရားမျှတမှုရော ကျန်သေးရဲ့လား … မိန်းမကောင်းလေးတွေ အကုန်လုံးက ဘာလို့ တခြားလူ ပိုင်ဆိုင်ပြီးသားတွေ ဖြစ်နေရတာလဲကွာ …..”
“ ငါ့မိန်းမဆို ငါ့သူဌေးလိုပဲ … ငါ့ကို တစ်နေကုန် ဟိုဟာခိုင်း ၊ ဒီဟာခိုင်းနဲ့ …..”
“ ငါဆို ပိုဆိုး … အိမ်မှာ ငြိမ်ငြိမ်လေး ထိုင်နေပြီဆိုတာနဲ့ ငါ့ကို အပြင်ထွက်ခိုင်းတယ် … ငါ အပြင်ထွက်ပြန်တော့လည်း အိမ်မှာ မနေလို့ဆိုပြီး ဆဲပြန်တယ်တဲ့ကွာ …. “
“ အိမ်ထောင်ကျပြီးသား အမျိုးသားတွေပဲ ဒီ ခံစားချက်ကို နားလည်နိုင်လိမ့်မယ် ….”
“ ဒီနေ့ခေတ်မှာ သတို့သမီးကြေး မယူ ၊ ခန်းဝင်ပစ္စည်း မတောင်းတဲ့ မိန်းကလေးဆိုတာ ပန်ဒါတွေထက်တောင် ရှားပါးနေပြီ ….”
“ သူ ဘာလို့ သူ့မိန်းမ စိတ်ပျက်အောင် လုပ်မိလဲဆိုတာ မင်းတို့ကောင်တွေ မသိချင်ကြဘူးလား ….”
ထိုအခါမှပဲ ကြည့်ရှုသူများမှာ [ငါ ကုန်းပေါ်တက်ချင်တယ်] ဝင်လာစဉ်တုန်းက သူ့မိန်းမ ခွင့်လွှတ်တာကို ဘယ်လိုတောင်းခံရမလဲ မေးမြန်းလာသည်ကို သတိရသွားခဲ့ကြသည်။
ဆိုလိုသည်က … [ငါ ကုန်းပေါ်တက်ချင်တယ်]သည် သူ့မိန်းမ၏ ခံစားချက်များကို ထိခိုက်နာကျင်စေခဲ့တာပင်။
ချော့မော့သည်ကပင် သူ၏ အမှားကို ပြန်မပြင်နိုင်လောက်သည်အထိ ကြီးမားသည့် တစ်စုံတစ်ရာပဲ ဖြစ်ရမည်။
သူ့မိန်းမ စိတ်ငြိုငြင်အောင် သူ ဘာတွေများ လုပ်ခဲ့တာလဲလို့ စကားပြောခန်းထဲ မေးမြန်းနေတာကို မြင်တော့ [ငါ ကုန်းပေါ်တက်ချင်တယ်]က သူ့ကိုယ်သူ အရှက်ရနေသည့် မျက်နှာအမူအရာမျိုး ဖြစ်သွားခဲ့၏။
အမှားပြုလုပ်ထားခဲ့မိသည့် မူလတန်း ကျောင်းသားလေး တစ်ယောက်နှယ် ခေါင်းကို ငုံ့ထားလျက် ရှိသည်။
“ ဒီရဲ့လူနာ … မင်းက ငါ့ဆီ ရောက်လာပြီး မင်းရဲ့ ပြဿနာကို ဖြေရှင်းလိုတယ်ဆိုမှတော့ ဘာမှ ရှက်ရွံ့နေစရာ အကြောင်း မရှိဘူး ….”
“ ဆရာဝန် တစ်ယောက်ရဲ့ တာဝန်က လူနာရဲ့ ရောဂါကို ကုသပေးဖို့ပဲ …” ချန်ယွီ့က နှစ်သိမ့်ပေးသည့် လေသံဖြင့် ပြောလိုက်သည်။
“ မင်း ဘာပဲ လုပ်ခဲ့လုပ်ခဲ့ … ငါ မင်းကို မလှောင်ရယ်ဘူး ….”
“ ကျေးဇူးတင်ပါတယ် ဒေါက်တာချန် ….”
[ငါ ကုန်းပေါ်တက်ချင်တယ်]က သူ၏ သတ္တိကို စုစည်းပြီး မေးခွန်းကို ဖြေဆိုလိုက်သည်။
“ ငါ …. ငါ ဖောက်ပြန်ခဲ့မိတယ် ….”
“ ကောင်းရော ကောင်းရော …. ဒီမျိုးမစစ်က မကောင်းတဲ့ကောင်ပဲ….”
“ သူ ဒေါက်တာချန်ဆီလာပြီး အကူအညီတောင်းဝံ့တဲ့အထိ မျက်နှာအရေထူမယ်လို့ ငါ ထင်တောင် မထင်ထားဘူး ….”
“ ဖောက်ပြန်တဲ့ဆိုတာ လုံးဝ လုံးဝ ခွင့်လွှတ်လို့မရတဲ့ ပြစ်မှုပဲ….”
“ ဖောက်ပြန်တဲ့ လူတိုင်းကို သေဒဏ်ပေးသင့်တယ် … အမှားပြင်ဆင်ခိုင်းစရာ အကြောင်းမရှိဘူး ….”
“ ဒေါက်တာချန် …. နင် ဒီလိုလူစားမျိုးကို မကူညီရဘူးနော်….”
“ ဒီလို ဖြစ်ရပ်တွေ တစ်ခေါက်ပြီး တစ်ခေါက် ကြားလာရတော့ ငါလေး လက်ထပ်ရမှာကိုတောင် ကြောက်လာပြီ ….”
“ ငါ တစ်သက်လုံး စင်ဂယ်ပဲ လုပ်မယ်…. ဒီဆုံးဖြတ်ချက်က ဘယ်တော့မှ ယိမ်းယိုင်သွားမှာ မဟုတ်ဘူး ….”
“ အိမ်ထောင်ရေးမှာ သစ္စာဖောက်တဲ့ လူတွေက ခွင့်လွှတ်ပေးမှုနဲ့ မတန်ဘူး ….”
[ငါ ကုန်းပေါ်တက်ချင်တယ်]က ပျားအုံ တုတ်နဲ့ ထိုးမိလိုက်သကဲ့သို့ ကြည့်ရှုသူများမှာ သူ့အား ကြမ်းတမ်းစွာ ဝေဖန်ပြစ်တင်သည့် ကွန်းမန့်များနှင့် တိုက်ခိုက်လာကြသည်။
ကွန်းမန့် အများစုက ချန်ယွီ့ကို မကူညီပေးဖို့ တောင်းဆိုနေကြခြင်းဖြစ်၏။
ဘာကြောင့်ဆိုတော့ ဖောက်ပြန်သည့် ကိစ္စမျိုးက တစ်ရာမဟုတ်ရင် အမြဲတမ်း သုည ဖြစ်တတ်သည့် ကိစ္စ ဖြစ်နေသောကြောင့်ပင်။
သူ့ကို ကူညီပေးလိုက်တာက နောက်လူတစ်ယောက်ကို ထိခိုက်နစ်နာအောင် လုပ်လိုက်တာနှင့် အတူတူပင်။
“ မဟုတ်ဘူး … လူတိုင်း ထင်နေသလို မဟုတ်ဘူး …”
[ငါ ကုန်းပေါ်တက်ချင်တယ်]က စိုးရိမ်တကြီးနှင့် ပြောလိုက်ပြီး “ ငါ ဖောက်ပြန်ဖို့ ဘယ်တုန်းကမှ မစဉ်းဖူးဘူး …”
“ ငါ ဖောက်ပြန်ခဲ့မိတာက လုံးဝ မတော်တဆ ….”
“ အားလုံး တစ်ချက်တိတ်မယ် …”
ချန်ယွီ့ လေးနက်သည့် အမူအရာဖြင့် စားပွဲကို တစ်ချက် ခေါက်လိုက်သည်။
ပါးနပ်သည့် လူတိုင်း ချန်ယွီ့ မပျော်မရွှင် ဖြစ်နေပြီကို သိနိုင်သည်။
ချက်ချင်းဆိုသလို ကွန်းမန့် ကိုးဆယ်ရာခိုင်နှုန်းလောက် လျော့ကျသွားခဲ့သည်။
“ ဆက်ပြောပါ …” ချန်ယွီ့ ပြောလိုက်သည်။
တစ်မိနစ် ၊ နှစ်မိနစ်ကြာ စိတ်ခံစားချက်များကို ပြန်လည်စုစည်းပြီးနောက် [ငါ ကုန်းပေါ်တက်ချင်တယ်]က ကွမ်းဟန်ချင်၏ မတရားမှုနှင့် နှိုင်းယှဉ်နိုင်လောက်သည့် ဖောက်ပြန်မိသည့် သူ့ဖြစ်ရပ်ကို ရှင်းပြလာခဲ့သည်။