သူတို့က သွေးရင်း ညီအစ်မတွေ
Vol. 7 Ch. 63
“ အဖြစ်အပျက်က သိပ်မကြာခင်တုန်းက... ငါ့မိန်းမ အလုပ်ခရီး ထွက်သွားတဲ့နေ့မှာ ညအချိန်ကြီး သူ့ဆီက ဖုန်းဝင်လာတယ် …”
“ သူပြောတာ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်း လင်းလင်း ကောင်လေးထားသွားခံရလို့ အိမ်မှာ တစ်ယောက်တည်း အရက်တွေ သောက်နေတယ် … အဲ့တာ ငါ့ကို သွားပြီး သူ့ကို နှစ်သိမ့်ပေးခိုင်းတာ … အရက်တွေ အလွန်အကျွံသောက်ပြီး လင်းလင်း ရူးမိုက်တာတွေ လျှောက်လုပ်မိမှာကို စိုးရိမ်လို့ပေါ့ ….”
“ ငါလည်း အဲ့တုန်းက သိပ်ပြီးမှ တွေးမနေဘူး … ဒါနဲ့ပဲ ချက်ချင်း တက္ကစီငှားပြီး လင်းလင်းရဲ့ အိမ်ကို သွားလိုက်တယ် …”
ပြောလေ ၊ သူ့လေသံပိုပြီး ခါးသီးလာလေပင်။
သူ့မိန်းမပေးသည့် လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်ပြီး [ငါ ကုန်းပေါ်တက်ချင်တယ်]က အိမ်ထဲသို့ တိုက်ရိုက်ဝင်သွားလိုက်သည်။
သူ အိမ်ထဲသို့ ရောက်သည်နှင့် စူးရှသည့် အရက်နံ့က နှာခေါင်းထဲ တိုးဝင်လာသည်။
လင်းလင်းက ဆိုဖာပေါ်တွင် လဲလျောင်းနေပြီး အရက်မူးနေပြီ ဖြစ်၏။
လေကောင်းလေသန့် ရအောင်ဆိုပြီး သူ ပြတင်းပေါက်တွေ ဖွင့်ကာ လင်းလင်း၏ အင်္ကျီပေါ် အန်ထားသည်များအား ရှင်းလင်းပေးလိုက်သည်။
“ သူ့ကို နှစ်နာရီလောက် ဖြောင်းဖြပေးပြီးတော့ လင်းလင်းရဲ့ စိတ်အခြေအနေက တည်ငြိမ်လာတယ် … ငါလည်း သူ့ကို အိပ်ခန်းထဲ ပို့ပေးပြီး အိမ်ပြန်တော့မယ်ပေါ့ ….”
“ ဒါပေမယ့် လင်းလင်းက ငါ့ကို နောက်ဆုံးကျန်တဲ့ ဘီယာနှစ်ပုလင်းကို သူနဲ့ အတူ အတင်းသောက်ခိုင်းလာမယ်လို့ ငါ မထင်ခဲ့ဘူး …”
“ သူ့ ဘီယာပုလင်းတွေ အကုန် ကုန်အောင်သောက်ပြီးမှပဲ အိပ်မယ်လို့ ဂျစ်နေတယ် ….”
“ ငါလည်း လင်းလင်း ဂျစ်နေတာကို မခံနိုင်တော့ လောကဝတ်အနေနဲ့ ဘီယာနှစ်ခွက်လောက် သောက်လိုက်တယ် ….”
“ အဲ့ဒီနောက် …….”
ထိုအချိန်ရောက်သည့်အခါ၌ [ငါ ကုန်းပေါ်တက်ချင်တယ်]က အပြစ်ရှိသည့် အမူအရာဖြင့် သူ့ခေါင်းကို ငုံ့ထားခဲ့သည်။
သူ့ စကားလည်း ရပ်တန့်သွားခဲ့၏။
“ ရိုးနေတဲ့ ဇာတ်လမ်းကြီးတွေပါဟယ် ….”
“ မူးပြီး မှားတယ်ဆိုတာက တမင်တကာ ရည်ရွယ်ချက် ရှိရှိ ကြံစည်တာနဲ့ အတူတူပဲ ….”
“ အရက်မူးတယ်ဆိုတာက မင်းလုပ်ချင်တာတွေ အကုန်လုံး လုပ်ရဲလာအောင် သတ္တိကို ပိုတိုးလာစေရုံ သပ်သပ်ပဲ …”
“ အဲ့လို အကြောင်းပြချက်ပေးပြီး ဖောက်ပြန်နေတဲ့လူတွေမှ တစ်ပုံကြီး … မကောင်းတဲ့ကောင်က မကောင်းတဲ့ကောင်ပဲ … ဘာခြွင်းချက်မှ ထားနေစရာ အကြောင်း မရှိဘူး …”
“ အရက်မူးဖူးတဲ့ လူတိုင်း အရက်မူးနေတဲ့အချိန် လိင်ဆက်ဆံဖို့ မဖြစ်နိုင်ဘူးဆိုတာ လူတိုင်းသိတယ် …”
“ ကြောက်ဖို့ကောင်းလိုက်တဲ့ လူပဲ ….”
[ငါ ကုန်းပေါ်တက်ချင်တယ်]က စကားကို ရပ်တန့်သွားခဲ့သော်လည်း ကြည့်ရှုသူများက အစိတ်အပိုင်းလေးများကို စုစည်းပြီး အဖြေထုတ်ဖို့ မခက်ခဲချေ။
“ မင်းက ငါ့ဆီလာပြီး ကုသမှု ခံယူချင်တယ်ဆိုမှတော့ ….” ချန်ယွီ့က သူ့အား နှစ်သိမ့်လိုက်ပြီး “ ငါ့ ဆေးပညာအပေါ် ယုံကြည်ချက် ရှိတယ်ဆိုတဲ့သဘောပဲလေ …”
“ ဆရာဝန် တစ်ယောက်ဆီကနေ ဘာမှ ဖုံးကွယ်ထားဖို့ မလိုဘူး …”
“ မင်းရဲ့ နှလုံးသားထဲ အစိုင်အခဲ ဖြစ်နေတဲ့ အရာတွေ အကုန်လုံးကို ထုတ်ပြောမှ ငါကလည်း မှန်ကန်တဲ့ ဆေးနည်းနဲ့ ကုသပေးလို့ရမှာ ….”
ဤသည်ကို ကြားတော့ [ငါ ကုန်းပေါ်တက်ချင်တယ်]က သူ့နှုတ်ခမ်းကို နာနာကိုက်လိုက်သည်။
“ ဒေါက်တာချန် … ငါ ကျိန်ရဲတယ် … ငါက သူများ ဒုက္ခရောက်နေတဲ့အချိန် အခွင့်ကောင်းယူတတ်တဲ့ လူစားမျိုး လုံးဝ မဟုတ်ဘူး ….”
“ ငါကိုယ့်ငါလည်း ဘာကြောင့်မှန်း မသိဘူး … ဒါပေမယ့် နှစ်ခွက်လောက် သောက်ပြီးတော့ ငါ့ကိုယ်ငါ ထိန်းချုပ်လို့မရတော့ဘူး ….”
“ ငါ့ ခေါင်းထဲမှာ အတွေးတစ်ခုတည်းပဲ ရှိတယ် … အဲ့တာက လင်းလင်းရဲ့ အပေါ်ကို အုပ်မိုးဖို့ပဲ ….”
ချန်ယွီ့၏ အားပေးသည့် စကားများကို ခံစားမိတော့ [ငါ ကုန်းပေါ်တက်ချင်တယ်]က သူ့ ဇာတ်လမ်း၏ နောက်ဆက်တွဲ ဖြစ်ရပ်များကို အသက်တစ်ရှိုက်စာအတွင်း အကုန်အစင် ပြောပြသွားခဲ့သည်။
ဘီယာနှစ်ခွက်လောက် လည်ချောင်းထဲ ဆင်းသွားသည်က သူ၏ ဆင်ခြင်တုံတရားကို ပျောက်ဆုံးသွားစေခဲ့သည်။
အချိန်မည်မျှကြာအောင် ကုန်ဆုံးသွားမှန်း မသိသည့်နောက်တွင် [ငါ ကုန်းပေါ်တက်ချင်တယ်]က ရေအေးဖြင့် အပက်ခံလိုက်ရပြီး အိပ်ရာထဲတွင် နိုးလာသည်။
လင်းလင်းက တစ်ကိုယ်လုံး တုန်ယင်ပြီး ဒူးနှင့် မျက်ရည်သုတ်နေတာကို သူ မြင်တွေ့လိုက်ရသည်။
သူ့ခေါင်းတွေ ပူထူသွားခဲ့၏။
တခြား လူတစ်ယောက်ကလည်း ကုတင်ဘေးတွင် ရှိနေခဲ့ပြီး ထိုလူကတော့ သူ့ မိန်းမပင်။ သူမက သူ့ကို နာကျည်းဝမ်းနည်းနေသည့် မျက်ဝန်းတို့ဖြင့် စိုက်ကြည့်နေခဲ့၏။
“ ငါ့မိန်းမက လင်းလင်းကို စိတ်ပူတော့ ညလယ်ကြီး ရထားနဲ့ ပြန်ရောက်လာတယ် …”
“ သူ လင်းလင်းရဲ့ အိမ်ကို ရောက်တော့အကျည်းတန်တဲ့ မြင်ကွင်းကို မြင်တွေ့သွားခဲ့တာပဲ ….”
“ အဲ့နောက် ….. ၊ သူ ဘာမှ မပြောဘူး … တံခါးကို ဝုန်းခနဲ ပိတ်ပြီး အိမ်ထဲက ထွက်သွားခဲ့တာပဲ ….”
နောင်တမျက်ရည်တို့က [ငါ ကုန်းပေါ်တက်ချင်တယ်]၏ မျက်နှာထက်သို့ စီးကျလာခဲ့သည်။
ထိုနေ့ကစပြီး သူ့မိန်းမ အိမ်ကို ဘယ်တော့မှ ပြန်မလာတော့ချေ။
အဆက်အသွယ်များအားလုံးလည်း ဖြတ်သွားခဲ့၏။
မနေ့ညက [ငါ ကုန်းပေါ်တက်ချင်တယ်]သည် အမြန်ချောပို့ တစ်ထုပ်ကို ရရှိလိုက်ပြီး ဖွင့်ကြည့်လိုက်သည့်အခါ တရားရုံး ဆင့်ခေါ်စာကို မြင်တွေ့လိုက်ရသည်။
သူ့ မိန်းမက သူနှင့် ကွာရှင်းချင်နေသည်။
“ ဒေါက်တာချန် … ဒါတွေ အားလုံး ငါ့မိုက်ပြစ်တွေပါ … ဒါပေမယ့် ငါ မိန်းမနဲ့ တကယ်ကြီး မကွာရှင်းချင်ဘူး …”
“ ငါ့မိန်းမကို မဆုံးရှုံးရသရွေ့ ဘယ်လိုတန်ကြေးမျိုးကိုပဲ ပေးဆပ်ရ ပေးဆပ်ရ ငါပေးနိုင်တယ် ….”
[ငါ ကုန်းပေါ်တက်ချင်တယ်]က တဖြည်းဖြည်းနဲ့ ဂနာမငြိမ်ဖြစ်လာသည်။
သူ၏ ရိုးသားမှုကို ပြသရန်အတွက် ကာနီဗယ် လက်ဆောင် ငါးခုကို ချန်ယွီ့ထံ လက်ဆောင်ပေးလိုက်သည်။
“ သူက သူ့မိန်းမ စိတ်ပျက်သွားရလောက်အောင် ဆိုးရွားလွန်းတဲ့ ပြစ်မှုကို ကျူးလွန်ခဲ့တယ် … ဒါတောင် သူ့မိန်းမ စိတ်ပြောင်းသွားအောင်ဆိုပြီး အကူအညီ လာတောင်းနေရဲသေးတယ်ပေါ့ ….”
“ ဘာကြောင့်နဲ့ပဲ ဖြစ်ဖြစ် ဖောက်ပြန်တာက ဖောက်ပြန်တာပဲ … ဖောက်ပြန်တဲ့ပြစ်မှုကို လုံးဝ ခွင့်လွှတ်ပေးလို့ မရဘူး ….”
“ ငါ့ယောက်ျားသာဆိုလို့ကတော့ သူ့ဘောတွေကို တစ်ခါတည်း စမုံတုံးပေးလိုက်တယ် ….”
[ငါ ကုန်းပေါ်တက်ချင်တယ်] ပေးပို့လိုက်သည့် ကာနီဗယ် လက်ဆောင်များက ကြည့်ရှုသူများ၏ ဒေါသစနက်တံကို မီးညှိပေးလိုက်သလို ဖြစ်သွားခဲ့သည်။
သူ့ ဇနီးသည်က သူ့ကို ယုံကြည်၍ သူမ အချစ်ဆုံး သူငယ်ချင်း စိတ်ကသောင်းကနင်း ဖြစ်နေစဉ်တွင် ရူးမိုက်တာတွေ မလုပ်မိစေရန် သွားပြီး ဖြောင်းဖြခိုင်းသည်။
သို့သော် သူမယုံကြည်ခဲ့မိသည့်လူက ထိုမျှ လူမဆန်သည့် လုပ်ရပ်ကို ကျူးလွန်ခဲ့လိမ့်မည်လို့ ထင်မထားခဲ့ပါချေ။
ယခု … ဤတစ်လုံးချိုင့်လို လူစားမျိုးက ခွင့်လွှတ်ပေးမှုကို တောင်းခံဖို့ မျက်နှာရှိနေသေးသည်။
အိမ်ထောင်ကျပြီးသည့် အမျိုးသမီး ကြည့်ရှုသူ အများအပြားမှာ အဆုတ်ပေါက်ကွဲလောက်သည်အထိ ဒေါသထွက်နေခဲ့ကြ၏။
အမျိုးသား ကြည့်ရှုသူ ပရိသတ်များလည်း ဒေါသထွက်နေခဲ့ကြသည်။
ဒါ ဘယ်လို မတရားလိုက်တဲ့ လောကကြီးလဲ …
ဒီလို ယုတ်မာတဲ့ အောက်တန်းစားမျိုးက နူးညံ့ညင်သာတဲ့ ဇနီးကောင်းလေးနဲ့ လက်ထပ်ဖို့ တန်လား …
အထူးသဖြင့် စော်ငြင်းခံခဲ့ရသည့် ရိုးသားသည့် လူကောင်းလေးများမှာ ဤသည်ကို မြင်တော့ လုံးဝ ပေါက်ကွဲသွားခဲ့ကြသည်။
“ မင်းရဲ့ ရောဂါ အကြောင်းကို ငါ သိပြီးပြီ …”
“ မင်းက တစ်ဖက်သူအပေါ် ယုံမှားသံသယ လွန်ကဲတဲ့ အပျော့စားရောဂါကို ခံစားနေရတာပဲ … မင်းဘေးနားမှာ ရှိတဲ့ မိန်းမတွေ အပေါ် မင်း သံသယ များနေတယ် … ”
ချန်ယွီ့ ထိုစကားမျိုး ပြောလာသည်ကိုကြားတော့ [ငါ ကုန်းပေါ်တက်ချင်တယ်]သည် လုံးဝ ကြောင်အမ်းသွားခဲ့သည်။
ဒေါက်တာချန် လျှာစလစ်ဖြစ်ပြီး စကား မှားပြောလိုက်သလားလို့..
သူ့ မိန်းမက သူ့ကို မယုံသင်္ကာဖြစ်ရမှာလေ …
ဒါကို သူက ဘယ်လိုလုပ်ပြီး သူ့ဘေးနားမှာ ရှိတဲ့ မိန်းမတွေကို မယုံသင်္ကာ ဖြစ်သွားရတာလဲ …
ကြည့်ရှုသူများလည်း စိတ်လှုပ်ရှားနေခဲ့ကြသည်။
ချန်ယွီ့ လိုက်စထွင်းကို မကြာခဏ ကြည့်ဖြစ်ကြသည့် ကြည့်ရှုသူများမှာ ချန်ယွီ့၏ လိုက်စထွင်းထဲတွင် စည်းမျဉ်းနှစ်ခု ရှိသည်ကို သိကြသည်။
ချန်ယွီ့က ရောဂါကို ဆန်းစစ် အတည်ပြုပြီးသည်နှင့် ဧရာမ ဗုံးကြီး တစ်လုံကို ပစ်ချပေတော့မည်။
ယင်းကို အတင်းအဖျင်း ပြောစရာဟုလည်း လူသိများကြ၏။
“ ဒေါက်တာချန်… မင်းငါ့ကို စိတ်ထဲ အထင်သေးနေမှန်း ငါ နားလည်တယ် … ကြံရာမရတော့လို့သာ မင်းဆီ အကူအညီတောင်းတာပါ ….”
“ ငါ့ မိုက်ပြစ်တွေကို ဒီလိုမျိုး လူရှေ့သူရှေ့ ချပြတယ်ဆိုတာကလည်း ငါတကယ်မှားခဲ့မှန်း သိလို့ပဲ …”
[ငါ ကုန်းပေါ်တက်ချင်တယ်]က သူ့မျက်ရည်များကို သုတ်လိုက်သည်။
တရားရုံး ဆင့်ခေါ်စာကို လက်ခံရရှိလိုက်သည့် အချိန်မှစ၍ [ငါ ကုန်းပေါ်တက်ချင်တယ်]သည် သူ့ဇနီး၏ အသည်း ကွဲကြေသွားခဲ့ပြီ ဖြစ်ကြောင်း သိလိုက်ရတော့သည်။
မဟုတ်ပါက သူ့ကို တရားရုံးသို့ တက်ပြီး တရားစွဲလာမှာ မဟုတ်ချေ။
[ငါ ကုန်းပေါ်တက်ချင်တယ်]က သူ့ ရွေးချယ်စရာများအားလုံးကို စဉ်းစားသုံးသပ်ပြီး ရုတ်ချည်းဆိုသလို ကျော်ကြားသည့် “ နတ်သမားတော်” ဒေါက်တာချန်က လိုင်းတက်လာသည်ကို မြင်တွေ့လိုက်ရသည်။
ကြည့်ရှုသူများ၏ ပြောကြားချက်အရတော့ ဒေါက်တာချန်က သူ့ကိုယ်သူ စိတ်ကျန်းမာရေး ဆရာဝန်အဖြစ် နာမည်တပ်ထားသော်လည်း တကယ်တော့ ဗေဒင်ဆရာပင်။
ချန်ယွီ့ ကူညီရန် ဆန္ဒရှိသရွေ့ သူ မဖြေရှင်းပေးနိုင်သည့် ပြဿနာ ဟူသည် မရှိပေ။
“ ဒီရဲ့ လူနာ … မင်း နားလည်မှုလွဲနေပြီ … ငါ မင်းကို ပြောလိုက်တဲ့ ရောဂါက မင်းရဲ့ လက်ရှိ အခြေအနေအပေါ် လေ့လာသုံးသပ်ပြီးမှ ပြောခဲ့တဲ့ဟာပဲ ….”
“ ငါ့ စကားလုံးတွေထဲမှာ အလိမ်အညာ အမှားတစ်ခုမှ မပါဘူး ….”
“ ပြီးတော့ ….” ချန်ယွီ့က အင်မတန် လေးနက်နေသည့် အမူအရာဖြင့် စကားကို ထပ်ဖြည့်ပြောလိုက်သည်။ “ မင်း ဖောက်ပြန်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ပူစရာလည်း မလိုဘူး …”
“ မင်းက ဆေးခပ်ခံခဲ့ရတာ …”
ဤသည်ကို ကြားတော့ [ငါ ကုန်းပေါ်တက်ချင်တယ်]မှာ ရှော့ခ်ရသွားခဲ့သည်။
“ မင်းပြောချင်တာ ဘီယာကိုက ပြဿနာ ရှိနေတယ်လို့လား ….”
ချန်ယွီ့ခေါင်းညိတ်လိုက်သည်။
“ တစ်ယောက်ယောက်က အဲ့ထဲကို လိင်စိတ်ကြွဆေး အပြင်းစား ထည့်ထားတယ် ….”
“ အနံ့လေး ရှူလိုက်ရုံနဲ့ကို ရင်တလှပ်လှပ် ဖြစ်လာစေတာကို သောက်လိုက်လို့ကတော့ ဘယ်ပြောကောင်းမလဲ …”
လိုက်စထွင်း ကွန်းမန့်များမှာ ခေတ္တ ရပ်တန့်သွားခဲ့သည်။
သူတို့တွေ မကောင်းတဲ့ကောင် ၊ အောက်တန်းစား၊ မျိုးမစစ် ဆိုပြီး ဆဲဆိုနေခဲ့တဲ့လူက ဒီနေရာမှာ တကယ့် နစ်နာသူတစ်ဦး ဖြစ်နေတယ်တဲ့လား….
ဤအပြောင်းအလဲက သူတို့ မျက်နှာကို ဖြတ်ရိုက်သလိုပင်။
“ မီး ၊ သူခိုးနဲ့ ၊ သူငယ်ချင်းကောင်းတွေဆိုတာ အမြဲသတိထားသင့်တဲ့ အရာတွေပဲ …”
“ လင်းလင်းက ဘာလို့ အဲ့လို လုပ်ခဲ့တာလဲတဲ့ …. ဒီလူ့ကြည့်ရတာ သာမန်ပါပဲ … ချမ်းသာတဲ့ပုံလည်း မပေါက်ပါဘူး …”
ကြည့်ရှုသူများမှာ စုံထောက်အသွင် ကူးပြောင်းသွားခဲ့ပြီး လင်းလင်း၏ ရည်ရွယ်ချက်ကို ဝေဖန်ဆန်းစစ်နေကြတော့သည်။
“ ငါ့မိန်းမက မိဘမဲ့ … သူလင်းလင်းနဲ့ တွေ့ပြီးကတည်းက သူ့ကို သူ့ညီမလေး တစ်ယောက်လို အမြဲတမ်း သဘောထား ဆက်ဆံခဲ့တာ …”
“ ငါ့အိမ်မှာ ထမင်းစားတဲ့ အချိန်တိုင်းလည်း လင်းလင်းကို ခေါ်တယ် … အပြင်ထွက် ဈေးဝယ်တိုင်းလည်း လင်းလင်း အတွက်ဆိုပြီး အမြဲတမ်း တစ်ခုခု အပိုဝယ်ပေးတတ်တယ် ….”
“ သူက ဘာကိစ္စ ငါ့ကို ဆေးခပ်ပြီး သူ့ သူငယ်ချင်းကောင်းကို နစ်နာစေတာလဲ … သူ့ သွေးရင်းညီအစ်မလို သဘောထားတဲ့ မိန်းကလေးကိုလေ ….”
“ မင်း မေးတဲ့ မေးခွန်းနှစ်ခုလုံးက မှားနေတယ် …” ချန်ယွီ့ တည်ငြိမ်စွာ ဖြေဆိုလိုက်၏။
“ ပထမ တစ်ချက် … ဆေးခပ်ခဲ့တာက လင်းလင်း မဟုတ်ဘူး …”
“ ဒုတိယ တစ်ချက် … လင်းလင်းနဲ့ မင်းမိန်းမက ညီအစ်မတွေလိုရင်းနှီးတာမျိုး မဟုတ်ဘူး … တကယ့် ညီအစ်မ အစစ်တွေ …”