ရွှေတောင်ကြီး ဖင်ခုထိုင်ထားခြင်း
Vol. 7 Ch. 64
[ငါ ကုန်းပေါ်တက်ချင်တယ်]၏ ဦးနှောက်မှာ ပေါက်ကွဲလုမတတ် ဖြစ်သွားခဲ့သည်။
သူ့ မိန်းမက မိဘမဲ့လေ …. ဘယ်နားကနေ သွေးရင်း ညီအစ်မတွေ ထွက်လာမှာလဲ …
ပြီးတော့ တကယ်လို့ ဆေးခပ်တဲ့လူက လင်းလင်း မဟုတ်ဘူးဆိုရင် ဘယ်သူကလဲ …
ကြည့်ရှုသူများလည်း ရှုပ်ထွေးသွားခဲ့ကြသည်။
လိုက်စထွင်းက ယခုမှ စတင်တာဖြစ်သော်လည်း ချန်ယွီ့က ထိုသို့သော ဧရာမ ဗုံးကြီးတစ်လုံးကို ပစ်ချပြီးနေပြီ။
ဤအတွက် မည်သူကမျှ စိတ်ပိုင်းဆိုင်ရာ မပြင်ဆင်ရသေးချေ။
“ မဟုတ်မှလွဲရော ဆေးခပ်တဲ့လူက သူ့မိန်းမကိုယ်တိုင်များလား …..”
“ ဖြစ်နိုင်တယ် ….”
“ အသစ်လေးတွေ …. မင်းတို့ နားမလည်ဘူးဆိုလည်း မေးကြ … ကြည့်နေတဲ့လူ အရေအတွက် ဒီလောက်များတာတောင် ကွန်းမန့်က ဘာလို့ ဒီလောက် နည်းနည်းလေးလဲ ….”
“ လူတိုင်းက အခုလေးတင်က မျက်နှာဖြတ်ရိုက်ခံထားရတာလေ … တော်တော်များများက အသိစိတ်လည်လာကြဦးမှာ မဟုတ်လောက်သေးဘူး ….”
“ ငါတော့ [ငါ ကုန်းပေါ်တက်ချင်တယ်] ရဲ့ မိန်းမက တော်တော်လေး ထူးဆန်းတယ်လို့ ထင်တယ် … သူ့ကြည့်ရတာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတဲ့ပုံပဲ ….”
“ အမှန်ပဲ … သူ့ အချစ်ဆုံး သူငယ်ချင်းက သူ့ သွေးရင်းညီအစ်မ ဖြစ်နေတယ်ဆိုတဲ့ အချက်နဲ့တင် ဒီ မိန်းမ မရိုးရှင်းဘူးဆိုတာ သက်သေပြဖို့ လုံလောက်နေပြီ ….”
ကြည့်ရှုသူများက သူ့မိန်းမနှင့် ပတ်သက်ပြီး တစ်ခုခု မူမမှန်ဘူးဟု ပြောဆိုနေသည်ကို မြင်တော့ [ငါ ကုန်းပေါ်တက်ချင်တယ်]က သူ့ခေါင်းကို အလျင်အမြန် ခါယမ်းလိုက်သည်။
“ မဟုတ်ဘူး … မဖြစ်နိုင်ဘူး ….”
“ ငါ့မိန်းမက ငါ့ကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး … သေချာပေါက် ပြဿနာ တစ်ခုခု ရှိနေရမယ် ….”
“ တကယ်လည်း ပြဿနာ ရှိနေတယ် …” ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။ “ ပြဿနာက သူတို့နှစ်ယောက်မှာ ရှိနေတာပဲ ….”
“ မင်းက အစကတည်းကနေ အမှောင်ထဲ ပို့ထားခံရပြီး ဘာမှ မသိတဲ့လူပဲ …”
“ ငါက အမှောင်ထဲ ပို့ထားခံရတဲ့လူလား …” [ငါ ကုန်းပေါ်တက်ချင်တယ်]က ကိုယ့်ကိုယ်ကို ရေရွတ်လိုက်သည်။
“ သူ မင်းကို လက်ထပ်ခဲ့တယ်ဆိုတာ မင်းကို မေတ္တာရှိလို့ မဟုတ်သလို မင်းက အားကိုးလို့ရမယ့် ယောက်ျားမျိုး ဖြစ်လို့လည်း မဟုတ်ဘူး ….”
“ အကြောင်းအရင်းက တစ်ခုတည်း ရှိတယ် …”
“ ပိုက်ဆံ ….”
ချန်ယွီ့ စကားဆုံးသည်နှင့် ထောက်ခံသည့် ကွန်းမန့်အများအပြား ထွက်ပေါ်လာခဲ့သည်။
သူ့မိန်းမက သိုက်တူးမ အကြီးစားဟု ကြည့်ရှုသူများက လှောင်ပြောင်လာခဲ့ကြ၏။
မိန်းမကိုယ်ဝန်ဆောင်နေစဉ်အတွင်း ယောက်ျားဖြစ်သူက ဖောက်ပြန်ခဲ့သည်။ ဤကိစ္စကို တရားရုံးတွင် တရားစွဲမည်ဆိုပါက ယောက်ျားဖြစ်သူမှာ ပိုင်ဆိုင်မှု တစ်ပြားတစ်ချပ်ကိုမျှ ရရှိလိမ့်မှာ မဟုတ်ချေ။
ထိုသို့ ညင်သာပြီး လှပသည့် ကောင်မလေးက သူ့ကို လက်ထပ်ခဲ့တာ မထူးဆန်းတော့ချေ။
အကုန်လုံးက ငွေအတွက် ဖြစ်နေခဲ့သည်။
တစ်ချိန်တည်းတွင် ကြည့်ရှုသူ အများအပြားကလည်း သူတို့၏ အတွေးသံသယများကို ဖော်ထုတ်လာခဲ့ကြသည်။
[ငါ ကုန်းပေါ်တက်ချင်တယ်]၏ သွင်ပြင်က မည်သို့ပဲ ကြည့်ကြည့် သူဌေးတစ်ယောက်နှင့်လည်း မတူပေ။
“ ဒေါက်တာချန် … မင်း သေချာလေး ထပ်ကြည့်ပါဦးလား .. မင်း မှားများ မှားနေလား ….”
[ငါ ကုန်းပေါ်တက်ချင်တယ်]က ချန်ယွီ့သည် တန်ခိုးရှင် ဖြစ်နေလျှင်ပင် အမှားတစ်ချို့ လုပ်မိစေဖို့ မျှော်လင့်နေခဲ့၏။
သူ့မိသားစုသည် ငွေ ဘယ်လောက်မျှ မချမ်းသာသည့် မိသားစုဖြစ်ကြောင်း ပြောပြလာသည်။
“ ငါ့ ဝေဖန်ဆန်းစစ်မှုက မမှားဘူး … သူ မင်းကို လက်ထပ်ခဲ့တာ ငွေကြောင့်ပဲ….”
“ သူ့ညီမကိုလည်း ငွေကြောင့်နဲ့ ဆေးခပ်ခဲ့တယ် …”
“ မင်းမတိုင်ခင် မင်းမိန်းမက လေးကြိမ် လက်ထပ်ထားခဲ့ပြီးပြီ … အကြိမ်တိုင်းကလည်း ငွေကြောင့်ပဲ …” ချန်ယွီ့က စိတ်မကောင်းသည့် လေသံဖြင့် ပြောသည်။
ဘုတ် ….
ချန်ယွီ့ စကားဆုံးသည်နှင့် [ငါ ကုန်းပေါ်တက်ချင်တယ်]သည် သူ့ ထိုင်ခုံပေါ်မှ ပြုတ်ကျသွားခဲ့သည်။
ခေတ္တကြာပြီးနောက် ထိုင်ခုံပေါ်သို့ ခက်ခက်ခဲခဲ ပြန်ကုန်းတက်လာသည်။
“ ဒါပေမယ့် သူ ငါနဲ့ လက်ထပ်တုန်းက ပြည်သူ့ရေးရာဌာနမှာ သူ လက်ထပ်ခဲ့ဖူးတယ်လို့လည်း မပြထားပါဘူး ….”
“ ဟင်း ….” ချန်ယွီ့ သက်ပြင်းချလိုက်သည်။
[ငါ ကုန်းပေါ်တက်ချင်တယ်]ကို မဆိုထားနှင့်၊ အကယ်၍ အခြား တစ်ယောက် ဖြစ်ခဲ့မည်ဆိုလျှင်လည်း ဤလိမ်လည်မှုကို ဖောက်ထွင်းမြင်နိုင်ဖို့ အတော်လေး ခဲယဉ်းမှာ ဖြစ်သည်။
“ မှန်တယ် … ပြည်သူ့ရေးရာဌာနက လူတစ်ယောက်အကြောင်းကို အားလုံး မှတ်တမ်းတင်ထားတယ် …”
“ ဒါပေမယ့် သူ လက်ထပ်ပြီး ကွာရှင်းတဲ့ အချိန်တိုင်း မတူတဲ့နာမည် ၊ မတူတဲ့ အိုင်ဒီတစ်ခုစီနဲ့ ဆိုရင်ကော ….”
“ အာ …..”
[ငါ ကုန်းပေါ်တက်ချင်တယ်]မှာ အံ့အားသင့်သွားခဲ့သည်။
ထိုသို့သော လှည့်ကွက်ကို ကြားသိလိုက်ရတော့ ကြည့်ရှုသူများလည်း ရှော့ခ်ရသွားခဲ့ကြသည်။
ဤသည်က သူတို့အတွက် အသစ်အဆန်းပင်။
“ သူက လောလောဆယ် မင်းရဲ့ စုငွေတွေကို စိတ်မဝင်စားဘူး ..” ချန်ယွီ့ စကားဆက်သည်။ “ သူ စိတ်ဝင်စားတာက မင်းနောင်ကျရင် ရလာမယ့် ငွေ အများကြီးကိုပဲ …”
“ ဒေါက်တာချန် … မင်း ငါ့ကို တစ်ခါတည်း တည့်ပြောလိုက်ပါတော့လားကွာ ….”
[ငါ ကုန်းပေါ်တက်ချင်တယ်]မှာ ထိုစကားကို ပြောရင်း သနားချင်စဖွယ်လေး ဖြစ်နေခဲ့သည်။
“ ကျေးဇူးပြုပြီး … ငါဘယ်လိုမှ ဆက်တောင့်မခံနိုင်တော့လို့ပါ …”
သူ ချစ်ရသည့် ဇနီးက ဖုံးကွယ်ထားသည့် ရည်ရွယ်ချက် တစ်ချို့နှင့် လက်ထပ်ခဲ့သည်ကို ယခုလေးတင် သိလိုက်ရပြီး သူ မူးပြီး မှားယွင်းခဲ့သည်ကလည်း ပြီးပြည့်စုံစွာ အကွက်ချ စီစဉ်ထားသည့် ထောင်ချောက်တစ်ခု ဖြစ်နေခဲ့လေသည်။
တရစပ် ထိုးနှက်မှုများအောက်တွင် [ငါ ကုန်းပေါ်တက်ချင်တယ်]၏ စိတ်အခြေအနေက အနည်းနဲ့ အများတော့ ဖျက်စီးခံလိုက်ရ၏။
“ မင်း အစိုးရ စာမေးပွဲ ဖြေတိုင်း အမြဲတမ်း အမှတ်နည်းနည်းလေးပဲ ရတာက မင်း ကံဆိုးလို့ပဲ …”
“ မင်း အရှုံးမပေးဘူး … လဲကျတိုင်း ပြန်ထပြီး မင်းရဲ့ အချိန်တွေ အကုန်လုံးကို စာမေးပွဲအတွက် ပြင်ဆင်တယ် …”
“ မင်း အဖေရဲ့ ကျန်းမာရေးကလည်း တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး ဆိုးရွားလာတယ် … သူ မသေခင် သူ့မြေးလေးကို မြင်သွားချင်တယ် … ဒါကြောင့်မို့ အိမ်ထောင်ဖက် ရှာပေးတဲ့ အေဂျင်စီကို အကူအညီတောင်းပြီး မင်းကို ကြင်ဖက် တွေ့ခိုင်းတယ် ….”
“ ဒီလိုနဲ့ အေဂျင်စီက မင်းနဲ့ မင်းရဲ့ လက်ရှိဇနီးကို အခုလို ဆုံတွေ့နိုင်အောင် စီစဉ်ပေးလိုက်တာပဲ ….”
“ သူ့ရဲ့ ပရိယာယ်ကြွယ်ဝလှတဲ့ စကားလုံးလှလှလေးတွေ အောက်မှာ မင်း ကျရှုံးသွားခဲ့ရတယ် …”
“ သူနဲ့ သူ့ညီမက အဲ့ဒီ အိမ်ထောင်ဖက် ရှာပေးတဲ့ အေဂျင်စီကို တည်ထောင်ထားတယ်ဆိုတာ မင်းသိလား ….”
“ ချမ်းသာပြီး ဦးနှောက်မရှိတဲ့ ဖောက်သည်တစ်ယောက်ကို ရှာတွေ့တဲ့ အခါတိုင်း အေဂျင်စီရဲ့ အကူအညီနဲ့ အိုင်ဒီ အတုတွေ သုံးတယ် …”
“ သူတို့အဖွဲ့ထဲ ပါဝင်တဲ့ တစ်စုံတစ်ယောက်က လုပ်ဖော်ကိုင်ဘက် ၊ ဒါမှမဟုတ် အချစ်ဆုံး သူငယ်ချင်း အသွင်ဆောင်ပြီး ဖောက်ပြန်ဖို့ အဲ့ဒီ အမျိုးသားကို မျှားမယ် … ကွာရှင်းပြီးတာနဲ့ အဲ့လူရဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံးကို သိမ်းပိုက်မယ် …”
“ မင်း မိန်းမက ဘာလို့ လင်းလင်းကို သူ့ရဲ့ ညီမတစ်ယောက်အနေနဲ့ မပြောပြလဲ ဆိုတော့ ဒီတစ်ကြိမ် သူတို့ရဲ့ စာရွက်စာတမ်းတွေက မကိုက်ညီလို့ပဲ ….”
ချန်ယွီ့ စကားကို ဆုံးအောင် နားထောင်ပြီးသည့်နောက် [ငါ ကုန်းပေါ်တက်ချင်တယ်]၏ စိတ်အခြေအနေသည်လည်း အောက်ဆုံးသို့ ထိုးကျသွားခဲ့သည်။
ထို့နောက် ဒေါသအသွင်သို့ ကူးပြောင်းလာသည်။
သူ စိတ်ရင်းအမှန်နဲ့ ရိုးရိုးသားသား ဆက်ဆံခဲ့ပေမယ့် သူကတော့ သူတို့ရဲ့ ပစ်မှတ်သားကောင်ထက် မပိုခဲ့ဘူးတဲ့လား …
ရုတ်တရက်ဆိုသလို ချန်ယွီ့ ကွန်းမန့်တစ်ခုကို မြင်သွားခဲ့သည်။
ချန်ယွီ့က ဤ အမျိုးသမီး လူလိမ်နှစ်ယောက်မှာ ငွေ အမြောက်အများ ပိုင်ဆိုင်သည့် အမျိုးသားများကိုသာ ပစ်မှတ်သားကောင် အဖြစ် အမဲလိုက်လေ့ ရှိသည်ဟု ဆိုသည်။
[ငါ ကုန်းပေါ်တက်ချင်တယ်]က တုံးအပြီး ပိုက်ဆံလည်း အများကြီး မရှိပေ။
ထို့ပြင် သူတို့ နှစ်ယောက်က ကလေးပင် ယူလိုက်ကြသေး၏။
ဤ လူလိမ်၏ အရင်းအနှီးက သိပ်ကြီးမားလွန်းမနေသည် မဟုတ်လော။
“ သူက ကိုယ်ဝန်ရှိနေတယ်ဆိုတိုင်း တကယ်ပဲ ကိုယ်ဝန်ရှိနေတယ်လို့ မဆိုလိုဘူးလေ …” ချန်ယွီ့ ဖြည်းညင်းစွာ ပြောလိုက်ပြီး “ သူ့နောက်မှာ စာရွက်စာတမ်း အတုတွေ အမျိုးမျိုး ဖန်တီးပေးနေတဲ့ အေဂျင်စီကြီး တစ်ခု ရှိနေတာကို မင်းတို့ မေ့နေကြလား ….”
ကြည့်ရှုသူများလည်း နောက်ဆုံးတော့ အခြေအနေကို နားလည်သဘောပေါက်သွားခဲ့ကြသည်။
လက်စသတ်တော့ လူလိမ်မက အစကတည်းကရင် ကိုယ်ဝန်ရှိမနေဘူးကိုး …..
“ ကနေဦးတုန်းကတော့ သူတို့လို လူလိမ်တွေက မင်းလို ဖောက်သည်မျိုးကို မျက်စိထဲတောင် မထည့်ဘူး …”
“ ကံဆိုးချင်တော့ မင်းအဖေက မင်းအတွက် ကြင်ဖက်ရှာပေးဖို့ အေဂျင်စီကို အကူအညီတောင်းတဲ့အချိန် စကားတစ်ခွန်းကို လျှာချော်ပြီး ပြောမိသွားခဲ့တယ် …”
“ သူပြောလိုက်တာက … သူ့သားကို လက်ထပ်တဲ့ ဘယ်သူမဆို တစ်သက်လုံး ငွေရေးကြေးရေး စိတ်ပူစရာ မလိုဘူးလို့ပဲ … “
ချန်ယွီ့ အသက်တစ်ရှိုက်စာမျှ အနားယူပြီးနောက်တွင် [ငါ ကုန်းပေါ်တက်ချင်တယ်]က မေးမြန်းလာခဲ့သည်။
သူ့မိသားစု၏ အခြေအနေက သာမန်ထက် ပိုရုံဆိုသည်လောက်သာ ရှိသည်။
သူ တက္ကသိုလ် ဘွဲ့ရပြီးတုန်းက ပိုက်ဆံ အနည်းငယ်ကို စုဆောင်းခဲ့သော်လည်း အတိတ် ၂ နှစ်တွင် သုံးလို့ ကုန်လုနီးပါး ဖြစ်နေပြီ ဖြစ်၏။
ဒီကြားထဲ သူ့အမေကလည်း စောစီးစွာ ထွက်ခွာသွားခဲ့ပြီး သူ့အဖေကလည်း အစောကြီး ပင်စင်ယူလိုက်ရသည်။
သူ့အဖေ၏ လစဉ် ပင်စင်လစာက ယွမ် ထောင်ဂဏန်း အနည်းငယ်သာ ဖြစ်ရာ အဘယ်ကြောင့် ထိုစကားမျိုးကို ပြောလိုက်ရသနည်း။
ထိုစကားကို ကြားတော့ ချန်ယွီ့ ညင်သာစွာ ပြုံးလျက် ခွန်းတုံ့ပြန်လိုက်သည်။ “ မင်း အခု ရွှေတောင်ကြီးကို ဖင်ခုထိုင်ထားတာ မင်းကိုယ်မင်း သိလား ….”
“ ဘာ … ရွှေတောင်ကြီး ဟုတ်လား ….”
[ငါ ကုန်းပေါ်တက်ချင်တယ်]သည် မသိစိတ်အလျောက် မတ်တပ်ရပ်မိလိုက်ပြီး သူ့အောက်ရှိ ထိုင်ခုံသို့ ကြည့်လိုက်မိသည်။
“ ကုလားထိုင်ကို ပြောနေတာ မဟုတ်ဘူး … ရွှေတောင်ကြီးက မင်းရဲ့အိမ် …”
ချန်ယွီ့ သူ့ကို တိုက်ရိုက်ပဲ ညွှန်ပြလိုက်သည်။
“ ရှေ့နှစ်တွေ အများကြီးတုန်းက မင်း အဖေ လူတိုင်း ကန့်ကွက်နေတဲ့ကြားထဲက မင်း အခု နေနေတဲ့ အိမ်ကို ဝယ်ခဲ့တယ် ….”
“ ဒါကြောင့်ပဲ မင်းနဲ့ သူနဲ့ ကြားမှာ အဖုအထစ်တွေ နည်းနည်း ရှိလာခဲ့တယ် မှန်တယ်မလား …”
“ ဟုတ်တယ် ဟုတ်တယ် … အဲ့အတိုင်း ဖြစ်ခဲ့တာပဲ …”
“ ဒီအိမ်က မြို့ဟောင်း ခရိုင်ထဲမှာ … ၁၉၉၀ ခုနစ်တုန်းက တည်ဆောက်ခဲ့တဲ့အိမ် ….”
“ ဒီအိမ်ရဲ့ ပတ်ဝန်းကျင်က အတော်လေး စုတ်ချာပြီး အိမ်ကို ဆောက်ထားတဲ့ ပုံစံကလည်း အတော်လေး ပုံမကျဘူး ….”
“ ရေပိုက် မရှိ ၊ ဂက်စ်ပိုက်လိုင်းမရှိ ၊ ကြမ်းပြင် အပူပေး စနစ်လည်း မရှိ ….”
“ ဆောင်းတွင်းဆို အရမ်းအေးပြီး နွေရာသီဆို ခြင်တွေ အုပ်လိုက်ပေါတယ် ….”
“ တကယ့်ကို ဆင်ခြေဖုံး ဆိုတဲ့ထဲကမှ တကယ့်ဆင်ခြေဖုံးပဲ ….”
[ငါ ကုန်းပေါ်တက်ချင်တယ်]၏ စောဒကတက်သံကို ကြားတော့ ချန်ယွီ့၏ မျက်နှာထက်တွင် သိနေပါတယ်ဆိုသည့် အပြုံးတစ်ခုက ပေါ်ပေါက်လာသည်။
“ မင်း ပြောတဲ့ အဲ့ဒီ စုတ်ချာတဲ့ အိမ်က မကြာခင် ရွှေတွင်းကြီး ဖြစ်လာခဲ့တော့မှာ ….” ချန်ယွီ့ ပြောလိုက်သည်။
“ လွန်ခဲ့တဲ့ တစ်ပတ်လောက်တုန်းက … မင်း မိန်းမ လင်းလင်းကို သွားပြီး ဖြောင်းဖြခိုင်းတဲ့နေ့မှာ ….”
“ အိမ်ထောင်ဖက် ရှာပေးတဲ့ အေဂျင်စီက ဒီအိမ်ကို မင်းရဲ့ အဖေ ဘာကြောင့် ဝယ်ခဲ့တာလဲဆိုတဲ့ အကြောင်းအရင်းကို ရှာတွေ့သွားခဲ့ပြီ ….”
“ မင်း အခုနေတဲ့ အိမ်က လွန်ခဲ့တဲ့ နှစ်တွေ အများကြီးတုန်းကတည်းကရင် မြို့ဟောင်းခရိုင်ရဲ့ အနာဂတ် ရထားဘူတာဌာနလုပ်ဖို့ ရွေးချယ်စာရင်းသွင်းခံထားတဲ့အိမ် ….”
“ မင်းအဖေ အနားမယူခင်မှာ သူက ဆောက်လုပ်ရေးပိုင်းမှာ တာဝန်ကျတဲ့လူ … ဒါကြောင့်မို့ ဒီသတင်းကို သူက ကြိုသိထားတယ် …”
“ ဒီလောက်ဆို သူ ဘာလို့ အဲ့ဒီနေရာကို ဝယ်ခဲ့လဲ မင်း အခု နားလည်သွားပြီလား …”