မသန့်ရှင်းတဲ့ ဗုဒ္ဓဆွဲသီး
Vol. 7 Ch. 68
“ လောကကြီးထဲ တကယ်ပဲ တစ္ဆေသရဲတွေ ရှိတာလား ….”
“ မဟုတ်ဘူး … တကယ်က ခန္ဓာကိုယ် စွမ်းအင် အန်နာဂျီ တစ်မျိုးပဲ ….”
“ တို့ခွန်ခွန်လေးက တစ်ခါမှ မကောင်းတာတွေ မလုပ်ဖူးတာကို ဘာလို့ တစ္ဆေတစ်ကောင်က သူ့ကို အမဲဖျက်ရမှာလဲ ….”
“ ကိုယ်က မကောင်းတာ မလုပ်တာနဲ့ပဲ တစ္ဆေနဲ့ မကြုံရတော့ဘူးလို့ မင်းကို ဘယ်သူပြောလဲ …. ငါ့ လေးယောက်မြောက် ဦးလေးရဲ့ အိမ်နီးချင်းရဲ့ တတိယဦးလေးရဲ့ မြေးဆို ငါးနှစ်ပဲ ရှိသေးတယ် …. ငါကြားမိတာတော့ သူ တစ္ဆေခြောက်ခံရဖူးတယ်ဆိုပဲ ….”
“ ငါ တစ္ဆေတွေကို ကြောက်တယ် …. ဒါပေမယ့် အဲ့ကောင်တွေက ငါ့ကို ဘယ်နည်းနဲ့မှ ထိခိုက်အောင် လုပ်လို့မရဘူးလေ … ဟားဟားဟား …..”
“ ငါတို့ Gen z တွေက တစ္ဆေမကြောက်ဘူးကွ ….”
“ မင်း အလင်းကို ယုံကြည်သရွေ့ တစ္ဆေက မင်းကို ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူး …..”
“ ငါ့ အမေပြောတာတော့ ငါ ဝိတ်ကျတာက တစ္ဆေတွေ ရှိနေတာထက်ကို ပိုပြီး မယုံကြည်ချင်စရာ ကောင်းတယ်တဲ့ …. ဒီတော့ ငါလည်း တစ္ဆေတွေ ရှိတယ်ဆိုတာကို ယုံတယ် ….”
ကြည့်ရှုသူများ ကွန်းမန့်ပေးလာသည့် အရေအတွက်က ယခင် လိုက်စထွင်းများထက်ကို အထူးများပြားနေတော့သည်။ အခြားအကြောင်းအရင်းကြောင့်တော့ မဟုတ်။ သူတို့အကုန်လုံးက စိတ်လှုပ်ရှားနေကြသောကြောင့်ပင်။
မိမိတို့ ပတ်ဝန်းကျင်တွင် တစ္ဆေသရဲတွေ အကြောင်းကို သူတို့ ကြားဖူးသည်။
တကယ်ပဲ တစ္ဆေတွေ ရှိမရှိဆိုတာကို မည်သူကမျှ သေချာမပြောနိုင်ကြ။
ယခု ချန်ယွီ့က ခွန်အနောက်ကို လိုက်လံတွယ်ကပ်နေသူက တစ္ဆေတစ်ကောင် ဖြစ်ကြောင်း ပြောဆိုလာသည်။
လုံးဝကို ရင်ဖိုစရာကောင်းသည့် ကိစ္စရပ်ကြီး ဖြစ်၏။
“ ဒေါက်တာချန် … ငါ တစ္ဆေတစ်ကောင်နဲ့ ကြုံခဲ့ရတယ်လို့ မင်းပြောတယ်နော်… အဲ့ တစ္ဆေက ဘာလို့ ငါ့ကို လိုက်ကပ်နေရလဲဆိုတာ အရင် ပြောပြပေးပါလား ….”
ခွန်၏ လေသံက ဖြည်းဖြည်းချင်း တည်ငြိမ်သွားခဲ့သည်။
ဘယ်လို ဟာသလဲ …
ဒီနေ့ခေတ်မှာ လူသားတွေက လပေါ်ကိုတောင် အခြေချပြီးလို့ အင်္ဂါဂြိုဟ်ပေါ်တောင် ခြေဆန့်တော့မှာကို လောကကြီးထဲ တစ္ဆေသရဲတွေ ရှိတယ်ဆိုပြီး လာပြောနေတဲ့လူက ရှိသေး …
တကယ်လို့ အဲ့လို တစ္ဆေတွေ ရှိမယ်ဆိုရင် သူတို့ ကိုးကွယ်နေတဲ့ နတ်မင်းကြီးတွေလည်း တကယ် ရှိတယ်ပေါ့ ဟုတ်လား ...
ဒါဆို ချန်ဂီနဲ့ ဝူကန်းက ဘယ်နေရာမှာ ရှိနေတာလဲတဲ့ …
လပေါ်မှာတော့ ဥက္ကာခဲကြီးတွေကြောင့် ဖြစ်လာတဲ့ ချိုင့်ခွက်ကြီးတွေပဲ ရှိတယ် ….
ချန်ယွီ့က ဘယ်သူ့ကို အရူးလာလုပ်ချင်နေတာလဲ …
“ ကျွမ်းကျင်တဲ့ ဆရာဝန် တစ်ယောက်အနေနဲ့ လူနာရဲ့ ခန္ဓာကိုယ် အခြေအနေကို ထွင်းဖောက်ပြီး မြင်နေရတာ ဆန်းလို့လား ….”
ချန်ယွီ့ ပြန်မေးလိုက်သည်။
“ မထူးဆန်းဘူး … ဒေါက်တာချန် ပြောတာ မှန်တယ် …. ဒေါက်တာချန် ပြောတာ အကုန် ယုတ္တိရှိတယ် …”
“ ခွန် … မင်း ငါတို့ ပြောတာကို နားထောင် … ဒေါက်တာချန်ကို မယုံမရှိနဲ့ ….”
“ ဒေါက်တာချန်ကို မယုံတဲ့ တခြားနှစ်ယောက်ဆို မြေအောက်လောကကိုတောင် ရောက်သွားကြပြီ …..”
“ ခွန်ခွန်လေး … မြန်မြန် ဒေါက်တာချန်ကို ပြန်ပြီး တောင်းပန်လိုက် …. ဒေါက်တာချန်က နင့်ကို သေချာပေါက် ကူညီပေးလိမ့်မယ် ….”
“ တစ္ဆေဝင်ပူးခံရတယ်ဆိုတာ ဟာသ မဟုတ်ဘူးနော်….”
“ ဟူယွီ ပလတ်ဖောင်းပေါ်မှာ ဒေါက်တာချန်ကို မယုံကြည်တဲ့ ကောင်တွေ ရှိနေတုန်းပဲ ဆိုတာ ငါဖြင့် ယုံတောင် မယုံနိုင်ဘူး ….”
ခွန်၏ မယုံကြည်သည့် မျက်နှာအမူအရာက မျက်နှာထက်တွင် အထင်းသားပင်။
ကြည့်ရှုသူများမှာ ခွန်က ချန်ယွီ့ကို မေးခွန်းထုတ်ပြီး သူ့ကို စိတ်ငြိုငြင်အောင် ပြုလုပ်မိမှာ စိုးရိမ်နေကြသည်။
ထို့ကြောင့် ကြင်နာတတ်သည့် နှလုံးသားပိုင်ရှင် ကြည့်ရှုသူ တော်တော်များများက ခွန်ကို ချန်ယွီ့ ပြောသမျှ နားထောင်ဖို့ ဖြောင်းဖြနေကြ၏။
သူ ချန်ယွီ့ကို အကူအညီတောင်းသင့်သည်။ အထူးသဖြင့် တစ္ဆေတစ်ကောင်နှင့် တွေ့ကြုံနေရသည့် အချိန်တွင်ပင်။ ထိုတစ္ဆေကို ဖယ်ရှားလိုက်နိုင်မည်ဆိုပါက အရာအားလုံး ကောင်းမွန်သွားလိမ့်မည်။
ခွန်၏ လည်ပင်းကို ကြည့်ရင်း ချန်ယွီ့ ပြောလိုက်သည်။
“ မင်း အထူး စွမ်းအင်ခန္ဓာနဲ့ တွေ့ကြုံရတဲ့ အကြောင်းအရင်းက မင်းလည်ပင်းမှာ ဆွဲထားတဲ့ ကျောက်စိမ်းဆွဲသီးကနေ လာတယ် …”
ဤသည်ကို ကြားတော့ ခွန်၏ လက်က မသိလိုက်ဘဲ လည်ပင်းကို ထိလိုက်သည်။
“ အခု ချက်ချင်းချွတ်လိုက် …” ချန်ယွီ့ ပြောလိုက်၏။ “ ဖြည်းဖြည်းလေး …”
ခွန် ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် သူ့အင်္ကျီကြယ်သီးကို ဖြုတ်လိုက်သည်။
ချန်ယွီ့ သူ့ ‘အခြေအနေ’ အကြောင်း ဘာပြောမလဲဆိုတာကို မြင်ချင်နေသည်။
လည်ပင်းတွင် ကြိုးမည်းမည်းလေးနှင့် ဆွဲထားသည့် ကျောက်စိမ်းဆွဲသီး အသေးလေးကို သူ ချွတ်လိုက်သည်။
“ ဒါက ဗုဒ္ဓဆွဲသီး မဟုတ်လား …”
“ ထင်တာပဲ … ငါ အရင်တစ်ခေါက် ထိုင်းကို သွားဖြစ်တုန်းက ဆိုင်တစ်ဆိုင်မှာ ဒါမျိုး ဆွဲသီးတွေ ရောင်းနေတာ မြင်တယ် …”
“ ဗုဒ္ဓဆွဲသီးက မြင့်မြတ်တဲ့၊ တန်ခိုးအစွမ်း ကိန်းအောင်းနေတဲ့ အရာပစ္စည်း ဖြစ်နေသင့်တာ မဟုတ်ဘူးလား … ဘာလို့ တစ္ဆေတွေကို ဆွဲဆောင်မှာလဲ ….”
ထိုင်းနိုင်ငံသို့ ခရီးသွားခဲ့ဖူးကြသည့် ကြည့်ရှုသူ တော်တော်များများက ထိုဆွဲသီးကို မှတ်မိကြသည်။
ယင်းက ကျောက်စိမ်းဗုဒ္ဓဆွဲသီးဖြစ်ပြီး
ထိုင်းနိုင်ငံ၏ ထူးခြားသည့် ပစ္စည်းလေး တစ်ခုပင်။
အမျိုးမျိုးသော ပစ္စည်းလေးများဖြင့် ထိုဆွဲသီးကို ပြုလုပ်ထား၏။
ဗုဒ္ဓဆွဲသီးကို ပုံစံ အမျိုးမျိုးဖြင့် ထွင်းထုပြုလုပ်ထားပြီး ဘုန်းတော်ကြီးများက ကမ္မဝါများရွတ်ဖတ် ၊ ဂါထာမန္တန်များဖြင့် မန်းမှုတ်ထားပြီး ဝတ်ဆင်သူကို ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ အလုပ်အကိုင် အဆင်ပြေမှုတို့ ယူဆောင်လာပေးသည်။
နာမည်ကြီးမှုကြောင့်လား … ဒါမှမဟုတ် ၎င်း၏ ထူးခြားသည့် အစွမ်းသတ္တိများကြောင့်လားတော့ မသိ။ ကျောက်စိမ်းဗုဒ္ဓဆွဲသီးများ၏ ဂုဏ်သတင်းမှာ ပိုပိုပြီး ကြီးထွားလာခဲ့သည်။
ထိုင်းသို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ဧည့်သည်ဆယ်ယောက်တွင် အနည်းဆုံး လေးယောက်ကတော့ ထို ဗုဒ္ဓဆွဲသီးကို အိမ်သို့ ဝယ်ယူသွားကြသည်။
“ အမှန်ပဲ … စကားပြောခန်းထဲက ငါ့မိတ်ဆွေတွေ ပြောတာမှန်တယ်… ဒါ ငါ ထိုင်းကို ခရီးသွားဖြစ်တုန်းက ဝယ်ပြီး ဆွဲထားတာပဲ ….”
လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ခွန်ခွန်လေးနှင့် သူ့ကောင်မလေးတို့ ထိုင်းကို ဘုရားဖူးထွက်ကြသည်။
ဒေသခံများ၏ ပြောစကားတို့အရ ဒေသခံ ဘုရားကျောင်း အနီးတွင် ရောင်းချသည့် ဗုဒ္ဓဆွဲသီးများမှာ အထူးအစွမ်း သက်ရောက်မှု ရှိသည်ဟု ဆိုသည်။
စူးစမ်းချင်စိတ်နှင့် သူတို့ စုံတွဲလည်း ဘုရားကျောင်းသို့ လမ်းလျှောက်လည်ပတ်ကြသည်။
လူအများအပြားက ထိုဆွဲသီးများကို ဝယ်ယူနေတာမြင်တော့ ခွန်လည်း တစ်ခု ဝယ်ယူလိုက်၏။ ဈေးနှုန်းကလည်း သင့်တင့်နေသည်။
“ ငါ အင်တာနက်ပေါ်မှာ တစ်ခါ မြင်ဖူးတယ် … ကုန်ကျစရိတ် သက်သာအောင်လို့ ဆိုပြီး ထိုင်းမှာ ရှိတဲ့ တစ်ချို့ ဒေသခံ ဘုရားကျောင်းတွေက ဗုဒ္ဓဆွဲသီးတွေကို လူသားအရိုးတွေနဲ့ လုပ်ကြတယ်ဆိုပဲ ….”
“ ခွန်ခွန်လေး တစ္ဆေခြောက်ခံနေရတာက လူသားအရိုးနဲ့ လုပ်ထားတဲ့ ဗုဒ္ဓဆွဲသီးကြောင့် ဖြစ်ဖို့များတယ် … သေသွားတဲ့ လူတစ်ယောက်က သူ့ကို ပစ်မှတ်ထားနေတာ ဖြစ်ရမယ် ….”
ပိုက်ဆံပေးထားသည့် အထူးကွန်းမန့်နှစ်ခုက စခရင်ထက်တွင် ထွက်ပေါ်လာခဲ့သည်။
ယင်း ကွန်းမန့်နှစ်ခုက လှိုင်းကြပ်ခွပ် တစ်သောင်းကို ဖြစ်ပေါ်သွားစေသည့် ကျောက်တုံးတစ်လုံးလိုပင်။
ကြည့်ရှုသူ တော်တော်များများလည်း အင်တာနက်ပေါ် ရှာဖွေကြည့်လိုက်ကြပြီး ရှော့ခ်ရသွားခဲ့ကြသည်။
ဗုဒ္ဓဆွဲသီးများ ရောင်းချသည်က ထိုင်းတွင် ကြီးမားသည့် နယ်ပယ်ကြီး တစ်ခု ဖြစ်သည်။
ကမ္ဘာ့နာမည်ကြီး လိင်ပြောင်းဆာဂျရီ နည်းစနစ်တို့ ရှိနေသည့် အပြင် ထိုင်းနိုင်ငံ၏ ခရီးသွား ဧည့်သည်ကဏ္ဍကလည်း ကမ္ဘာတွင် အင်မတန် နာမည်ကြီး၏။
ထိုင်းနိုင်ငံသို့ ဝင်ထွက်သွားလာနေသည့် နိုင်ငံခြားသား ခရီးသွား ဧည့်သည်အရေအတွက်က နှစ်စဉ်နှစ်တိုင်း သန်းနှင့်ချီပြီး ဗုဒ္ဓဆွဲသီး အများအပြားလည်း ဆက်တိုက် ရောင်းကောင်းနေခဲ့သည်။
အထူးတလှယ် ပြုလုပ်ထားသည့် ဗုဒ္ဓဆွဲသီးများက ဘုရားကျောင်းတွင် လေးဆယ့်ကိုးရက် ထားဖို့လိုသည်။
ရလဒ်အနေနှင့် ကြာမြင့်သည့် အချိန်သက်တမ်းက ဝယ်လိုအားကို လိုက်လို့ မမီတော့ချေ။
ကြည့်ရှုသူ တစ်ယောက် ပြောခဲ့သည့်အတိုင်း ဝယ်လိုအားကို ပံ့ပိုးပေးဖို့ရာအတွက် ထူးဆန်းပြီး မှန်းဆမရသည့် နည်းလမ်းများ ထွက်ပေါ်လာသည်။
တစ်ချို့သော ဘုရားကျောင်းများဆိုလျှင် ဗုဒ္ဓဆွဲသီးများကို ကျောက်စိမ်းအစား လူသားအရိုးများကို အသုံးပြုကြသည်။
ယင်းက ကုန်ကျစရိတ်လည်း သက်သာစေသည့်အပြင် ဘုရားကျောင်းတွင် ထားရမည့် လုပ်ငန်းစဉ်ကိုလည်း ကျော်သွားလိုက်၍ရ၏။ မူလပစ္စည်းများကို သူတို့၏ ဈာပနာတွင် သေချာလေး မေတ္တာပို့သပြီးသား ဖြစ်နေသောကြောင့်ပင်။
ဤနယ်ပယ်မှ တချို့သောသူများမှာ အကျိုးအမြတ်ကို လိုလားမက်မောသောကြောင့် သန့်ရှင်းစင်ကြယ်မှု မရှိသည့် နည်းလမ်းများကို အသုံးပြုကာ ဗုဒ္ဓဆွဲသီး အတုများကို ဖန်တီးလေ့ရှိကြသည်။ သူတို့ကတော့ ကံကောင်းစေသည့် အဆောင်ဆွဲသီးဟု ဆိုကြ၏။
သို့ပါသော်လည်း ဝတ်ဆင်မိသည့်လူကတော့ ကံမကောင်းသည့်အပြင် အမျိုးမျိုးသော ဒုက္ခဆိုးကျိုး ပြဿနာများပါ နောက်ဆက်တွဲ လိုက်ပါလာလိမ့်ဦးမည်။
ယခု ခွန် ဝတ်ဆင်ထားသည့် ဗုဒ္ဓဆွဲသီးက ထိုသို့သော ပစ္စည်းမျိုး ဖြစ်နေသည်ကို ကြည့်ရှုသူတို့ သေချာသွားပြီ ဖြစ်၏။
“ ဒေါက်တာချန် … ငါ ဝတ်ထားတဲ့ ဗုဒ္ဓဆွဲသီးက ပြဿနာ ရှိနေတယ်လို့ မင်း ပြောချင်နေတာလား ….”
ကြည့်ရှုသူများ၏ ဖော်ပြချက်ကို ဖတ်ရှုပြီးနောက် ခွန် ထိတ်လန့်သွားခဲ့သည်။
သူ့ အသံပင် တုန်ယင်နေသည်။
“ အင်း ….” ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။ “ မင်း အခု ဝတ်နေတဲ့ ဆွဲသီးက တကယ်လည်း ပြဿနာ ရှိနေတယ် …”
“ ဖယောင်းတိုင် တစ်တိုင် ရှာပြီး ထွန်းလိုက် … ပြီးရင် ဆွဲသီးကို မီးနဲ့ စင်တီမီတာဝက် အကွာလောက်မှာ ထားလိုက် ….”
ခွန် ချက်ချင်းပဲ အပြင်ရှိ မီနီမားကတ်လေးသို့ ပြေးသွားခဲ့ပြီး အနီရောင် ဖယောင်းတိုင် တစ်ထုပ် ဝယ်လာခဲ့သည်။
ကွန်ပျူတာ အရှေ့သို့ ပြန်ရောက်လာပြီးနောက် ခွန် ဖယောင်းတိုင် မီးထွန်းလိုက်၏။
သူ ဂရုတစိုက်နှင့် ဗုဒ္ဓဆွဲသီးကို ဖယောင်းတိုင်မီးအနားသို့ ကပ်ထားလိုက်သည်။
နောက်တစ်စက္ကန့်၌ အနက်ရောင် မီးခိုးငွေ့တို့ ဆွဲသီးထဲကနေ ထွက်လာသည်။
ရုတ်တရက်ဆိုသလို စူးစူးဝါးဝါးနှင့် နိမိတ်မကောင်းသည့် အော်ဟစ်ငိုကြွေးသံတို့က ခွန်၏ အိမ်ထဲ မြည်ဟည်းလာခဲ့သည်။
“ လူတိုင်း ကြားလိုက်ကြလား …..”
“ အဲ့တာ ကလေး … ကလေး ငိုသံနဲ့ တူတယ် …..”
“ ငါ စခရင်ကနေ ကြည့်တာတောင် ဘာလို့ ကြောက်ဖို့ကောင်းတယ်လို့ ခံစားနေရပါလိမ့် ….”
“ ကြောက်နေတာ မင်းတစ်ယောက်တည်း မဟုတ်ဘူး … အခု ငါ့တစ်ကိုယ်လုံး ကြက်သီးတွေချည်းပဲ …”
“ ခွန်ခွန်လေး … နင်အဆင်ပြေရဲ့လား … တစ်ခုခု ပြောပါဦး … ငါတို့ကို မခြောက်နဲ့နော်….”
ကြည့်ရှုသူ အများအပြားမှာ အနက်ရောင် မီးခိုးငွေ့နောက် လိုက်ပါလာသည့် အော်ဟစ်ငိုကြွေးသံတို့ကြောင့် ထိတ်လန့်ကြောက်ရွံ့သွားခဲ့ကြသည်။
စခရင်မှ တစ်ဆင့် ဖြစ်သော်လည်း သူတို့အားလုံးမှာ ခွန်နှင့် တစ်ခန်းတည်း အတူ ရှိနေသည့်နှယ် ခံစားနေကြရလေသည်။
ဖန်သားပြင်မှတစ်ဆင့် ကြည့်ရှုနေသူများပင် ထိုမျှ ကြောက်လန့်နေရာ အခင်းဖြစ်သည့် နေရာတွင် တစ်ဦးတည်း ရှိနေသည့် ခွန်ကတော့ ပြောမကောင်းလောက်အောင် ဘောင်းဘီထဲ သေးထွက်ကျလုနီးပါး ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။
ဗုဒ္ဓဆွဲသီးလည်း ကြမ်းပြင်သို့ ပြုတ်ကျသွားခဲ့ပြီး ခွန်ရဲ့ မျက်နှာလည်း လူသေတစ်ယောက်နှယ် သွေးဆုတ် ဖြူလျော်သွားတော့၏။
ဖက်ခ်ပဲ … လောကကြီးမှာ တစ္ဆေတွေ တကယ်ပဲ ရှိနေတာလားဟ ….
“ ဒေါက်တာချန် … ငါ့ကို ကယ်ပေးပါဦး … ငါ ဒါကြီးကို ဘယ်လို မောင်းထုတ်ရမလဲဟင် ….”
ခွန်၏ ကလေးမျက်နှာထက်တွင် ကြောက်ရွံ့မှု ၊ မသက်မသာ ဖြစ်မှုနှင့် စိတ်မရှည်မှုတို့ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်နေသည်။
ချန်ယွီ့က စိတ်ကျန်းမာရေး ဆရာဝန်ပဲဖြစ်ဖြစ် ၊ ပယောဂနှင်တဲ့ ဆရာပဲ ဖြစ်ဖြစ် အရေးမကြီးတော့။
သူ့အသက်ကို ကယ်တင်ပေးနိုင်သရွေ့ အဆင်ပြေသည်။
“ မောင်းထုတ်ဖို့က မခက်ပါဘူး …. ဒါပေမယ့် ဒါက ရောဂါလက္ခဏာကို ကုသဖို့ပဲ တတ်နိုင်မယ် …. အမြစ်ပြတ်အောင် ကုသနိုင်မှာတော့ မဟုတ်ဘူး ….”
ချန်ယွီ့ ဖြည်းညင်းစွာ ပြောလိုက်သည်။
“ မင်းနဲ့ အဲ့ဒီ အထူးစွမ်းအင် စွမ်းအင်ခန္ဓာက နက်နက်ရှိုင်းရှိုင်း ဆက်နွယ်နေတယ် ….”
“ တကယ်လို့ အရင်းမြစ်ကို မဖြေရှင်းဘူးဆိုရင် ဒီလို အရာမျိုးတွေ တစ်ခါပြီးတစ်ခါ ဆက်တိုက် ကြုံတွေ့နေရဦးမှာပဲ ….”
“ သိပ်မကြာခင် … မင်းရဲ့ အသက်တစ်ချောင်းကလည်း မင်းရဲ့ အပိုင် ဖြစ်တော့မှာ မဟုတ်ဘူး ….”