မစ်တိုမားနီးယား ရောဂါ
Vol. 7 Ch. 70
ချန်ယွီ့၏ စကားကို ကြားတော့ လိုက်စထွင်း စကားပြောခန်းမှာ ရုတ်ရုတ်သဲသဲတွေ ဖြစ်ကုန်သည်။
“ လီရှောင်ဟွား …. ပန်းကလေး …. ကြည့်ရတာ မိန်းကလေးတစ်ယောက်ရဲ့ နာမည်နဲ့တူတယ် ….”
“ မဖြစ်နိုင်တာ … နောက်ထပ် လူသတ်မှုပဲလား ….”
“ ဘုရားရေ …. ခွန်ခွန်လေး အရင်တုန်းက တစ်ယောက်ယောက်ကို သတ်ခဲ့ဖူးတာများလား ….”
“ ပေါက်ကရတွေ မပြောကြစမ်းနဲ့ … လီရှောင်ဟွားက လူမဟုတ်ဘူး … ပါပီလေး …”
“ ရှောင်ဟွားက မွေးစားခံလိုက်ရတာ မဟုတ်ဘူးလား … ဒေါက်တာချန်က သေသွားတယ်လို့ ဘာလို့ ပြောနေတာလဲ ….”
ချန်ယွီ့၏ ကြည့်ရှုသူများထဲတွင် ခွန်ကို ဖော်လိုလုပ်ထားသည့်လူများလည်း ပါဝင်သည်။ တစ်ချို့ သူ့ ဝါရင့်ပရိသတ်အဟောင်းများက လီရှောင်ဟွား မည်သူမည်ဝါဆိုတာကို ချက်ချင်း မှတ်မိသွားခဲ့ကြသည်။
ကွန်းမန့်ပေးသူများ ပြောသည့်အတိုင်း လီရှောင်ဟွားက လူသားတစ်ယောက် မဟုတ်။
ခွန် ကယ်တင်ပေးခဲ့သည့် လမ်းဘေးပါပီ တိလေး တစ်ကောင်ဖြစ်သည်။
သူ့မျက်နှာပေါ်တွင် ပန်းပွင့်လို အမှတ်အသား ရှိနေပြီး ခွန်၏ မျိုးရိုးနာမည်က လီ၊ ထို့ကြောင့် လီရှောင်ဟွားဟု အမည်ပေးလိုက်ခြင်းပင်။
ရှောင်ဟွားအကြောင်း ပြောခါမှ ထိုစဉ်အချိန်က အခြေအနေမှာ အတော်လေးကို အန္တရာယ်များခဲ့၏။
ထိုအချိန်တုန်းက ခွန်မှာ သာမန် အိမ်မွေးတိ စထွင်မာတစ်ယောက်သာ ဖြစ်ပြီး အားလပ်ရက် ပိတ်ရက်တွင် သူ့ခွေးနှင့် ကြောင်လေးကို ဆော့ကစားရန် ဆင်ခြေဖုံးရပ်ကွက်သို့ ခေါ်လာခဲ့သည်။
ခေတ္တကြာပြီးနောက် မပွင့်တပွင့် ဟောင်သံတိုးတိုးလေးကို ခွန် ကြားလိုက်ရလေသည်။
သူ ပြေးပြီး သွားကြည့်လိုက်တော့ မြွေဟောက်တစ်ကောင်၏ ရစ်ပတ်ခြင်းကို ခံထားရသည့် ပါပီသေးသေးလေး တစ်ကောင်ကို မြင်တွေ့လိုက်ရသည်။
အကယ်၍ သာမန်လူတစ်ယောက် ဖြစ်ခဲ့မည်ဆိုပါက ထိုမြွေဟောက်နှင့် ဝေးနိုင်သမျှ ဝေးအောင် ပြေးမှာဖြစ်၏။
သို့သော် ခွန်ကတော့ မတူညီပေ။
သူက ထွက်မပြေးရုံမျှမက ၊ သူ့ဖန်များ၏ လမ်းညွှန်မှုအောက်တွင် မြွေဟောက်ကို ခြောက်လှန့်မောင်းထုတ်လိုက်သည်။
ဒီလိုနဲ့ သနားစဖွယ် လမ်းဘေးတိလေးကို ကယ်တင်လိုက်နိုင်သည်။
နောက်ပိုင်း ပါပီလေး၏ ခန္ဓာကိုယ် သေးသေးလေးထက်တွင် မြင်သာထင်ရှားသည့် ကိုက်ရာများ ရှိနေသည်ကို ခွန် သတိပြုမိလိုက်၏။
မြွေဟောက်ကိုက်ရာများပင်။
သို့ဖြစ်သည့်တိုင်အောင် ခွန်က ပါပီလေးကို ကယ်တင်ဖို့ရာ ဇွဲမလျှော့ခဲ့။
သူ့ လိုက်စထွင်းကို ပိတ်၍ ပါပီလေးကို တိကုဆေးခန်းတစ်ခုသို့ ခေါ်ဆောင်သွားသည်။
အချိန်တစ်ခု ကြာပြီးသည့်နောက် ပါပီလေးက ဆေးခန်းတွင် နေ့စဉ်နေ့ ကုသမှုများ ခံယူနေသည့် ဗွီဒီယိုတစ်ပုဒ် တက်လာသည်။
ယွမ် သောင်းနှင့်ချီ အသုံးပြုပြီးနောက်တွင် မြွေဟောက်အဆိပ်ကို ဖယ်ရှားလိုက်နိုင်လေသည်။
ထိုပါပီလေးအတွက် ပိုင်ရှင်အသစ်ကိုပင် ကူညီရှာဖွေပေးခဲ့၏။
များမကြာမီ ခွန်က သူ စထွင်းလွှင့်သည့် ပုံစံကို အိမ်မွေးတိ စထွင်မာမှတစ်ဆင့် လေလွင့်တိလေးများအား ကယ်ဆယ်ပေးသည့် စထွင်မာအသွင်သို့ ကူးပြောင်းသွားခဲ့သည်။
“ ခွန်က သိပ်ချစ်ဖို့ကောင်းတာပဲ ….”
“ ဟုတ်တော့ မဟုတ်သေးဘူးနော်… လီရှောင်ဟွားကို သူ့သခင်အသစ် မွေးစားတုန်းက ကျန်းမာနေတာ မဟုတ်ဘူးလား … ဘာလို့ သေသွားရမှာလဲ ….”
“ တစ်ခုခု ထူးဆန်းတာတော့ ဖြစ်ကို ဖြစ်နေပြီ …”
“ လုပ်စမ်းပါ ဒေါက်တာချန်ရာ … လီရှောင်ဟွား ဘာဖြစ်သွားလဲ ငါတို့ကို တန်းပြီးသာ ပြောလိုက်ပါတော့ ….”
လီရှောင်ဟွားအကြောင်း သိရှိသွားခဲ့ပြီးနောက် စူးစမ်းချင်စိတ်အသစ်က ကြည့်ရှုသူများ၏ ရင်ထဲ ပေါက်ဖွားလာခဲ့သည်။
ခွန်၏ ဖန်များ ပြောသည့်အတိုင်း ဆိုလျှင် အဆိုပါ လေလွင့် ပါပီလေးကို မြွေဟောက်၏ ပါးစပ်အတွင်းမှ ကယ်ဆယ်ခဲ့တာ ဖြစ်၏။ ဆေးကုသစရိတ်အတွက်လည်း သူ့အိတ်ထောင်ထဲက စိုက်ထုတ်ပေးခဲ့သည်။
နောက်ပိုင်းတွင် ဂရုစိုက် စောင့်ရှောက်ပေးနိုင်မည့် သခင် အသစ်ကိုပါ ရှာဖွေပေးခဲ့သေး၏။
ဖြစ်စဉ်တစ်ခုလုံးတွင် ချစ်ခြင်း မေတ္တာတို့ဖြင့် ပြည့်နှက်နေလေသည်။
‘ သေသည် ‘ဆိုသည့် စကားလုံးနှင့် လားလားမျှ သက်ဆိုင်ခြင်း မရှိ။
“ ဒီရဲ့ လူနာ … မင်းက ငါ့ဆီ လာပြီး ဆေးကုသမှု ခံယူချင်မှတော့ ငါ့ရဲ့ စည်းမျဉ်းတွေကိုလည်း သိထားသင့်တယ် …”
“ ကိုယ့်ရောဂါကို ဆရာဝန်ဆီကနေ ဖုံးထားလို့မရဘူး … အမှန်အတိုင်း ပြောမှပဲ မှန်ကန်တဲ့ ကုသနည်းနဲ့ ကုသလို့ရမှာနော်…”
ချန်ယွီ့က စခရင်ထက်ရှိ ခွန်ကို ကြည့်ရင်း သူ၏ လေသံက တစ်စုံတစ်ရာကို အရိပ်အမြွက် ပေးနေခဲ့သည်။
“ မင်း ဘာတွေ ပြောနေလဲဆိုတာကို ငါ တကယ် နားမလည်ဘူး ဒေါက်တာချန် ….” ခွန်က တုံ့ပြန်ပြောဆိုလိုက်သည်။
“ ငါ လီရှောင်ဟွားကို ကယ်ပေးခဲ့တယ် … ဒါပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်းကပဲ မွေးစားမယ့် သခင်အသစ်ဆီ ပေးလိုက်ပြီးပြီ ….”
“ နောက်ပိုင်း မွေးစားတဲ့ မိသားစုက ရှောင်ဟွားလေးကို နိုင်ငံခြား ခေါ်သွားတယ် … ငါတို့လည်း တဖြည်းဖြည်းနဲ့ အဆက်အသွယ်ပြတ်သွားတော့တာပဲ ….”
ဤသည်ကို ကြားတော့ ချန်ယွီ့ သက်ပြင်းချလိုက်သည်။
“ မင်းက ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောဖို့ ဆန္ဒမရှိဘူးဆိုမှတော့ ဒီကိစ္စကို လောလောဆယ် ဘေးချိတ်ထားစို့ …”
“ အရင်ဆုံး မင်းရဲ့ စိတ်ရောဂါကို ဆန်းစစ်ပေးမယ် …”
“ စိတ်ရောဂါ ဟုတ်လား ….”
ခွန် နှုတ်မှ လွှတ်ကနဲ မေးမြန်းမိသွားခဲ့ပြီး “ ဒေါက်တာချန် … တစ္ဆေတစ်ကောင်နဲ့ ကြုံတွေ့ရတယ်ဆိုတာ စိတ်ရောဂါ မဟုတ်ဘူးလေ …”
“ အဲ့တာတွေ အကုန်လုံးက မင်းရဲ့ စိတ်ရောဂါကနေ မြစ်ဖျားခံလာခဲ့တဲ့ အရာတွေပဲ … “ ချန်ယွီ့ အေးစက်သည့် လေသံဖြင့် ခွန်းတုံ့ပြန်လိုက်သည်။
“ ငါ့မှာ ဘာစိတ်ရောဂါ ရှိနေလို့ …” ခွန် သင်္ကာမကင်းဖြစ်စွာ မေးလိုက်သည်။
“ Mythomania … လိမ်ပြောရတာ စွဲလမ်းတဲ့ ရောဂါ ….”
ထိုစကားလုံးများ ပြောလိုက်သည်နှင့် စကားပြောခန်းထဲတွင် ကွန်းမန့်တို့ ပလူပျံအောင် တက်လာခဲ့တော့သည်။
ဘယ်အချိန်ကတည်းက စတင်သွားခဲ့လဲတော့ ချန်ယွီ့လည်း မသိ။ သို့သော် သူ ရောဂါ တစ်ခုကို နှုတ်က ပြောလိုက်သည့် အချိန်တိုင်း စကားပြောခန်းထဲတွင် အဆိုပါ ရောဂါ အကြောင်းကို အလုအယက် ရှင်းပြကြတော့သည်။
ပထမဆုံး ရှင်းပြနိုင်သူက အနိုင်ပင်။
“ ငါ ငါ … မစ်တိုမားနီးယားက ထူးခြားတဲ့ ကိုယ်ကျင့်စရိုက်နဲ့ ကစဉ့်ကလျား ရောဂါတစ်မျိုးပဲ … လိမ်ပြောရတာကို စွဲလမ်းတဲ့ ရောဂါလို့လည်း လူသိများတယ် … ရောဂါရဲ့ အလယ်ပိုင်းအဆင့်နဲ့ နောက်ပိုင်း အဆင့်တွေမှာ ရောဂါရှိသူ ပြောတဲ့ စကားက ဆယ်ခွန်းမှာ ကိုးခွန်းလောက်က အလိမ်အညာတွေပဲ….”
“ အဲ့လို ရောဂါရှိကြတဲ့ လူနာတွေက လိမ်ညာပြောဆိုရင်းနဲ့ အတွင်းစိတ်ထဲမှာ အားရကျေနပ်မှုကို ခံစားကြတယ် … သူတို့က သရုပ်ဆောင်လည်း အင်မတန် တော်ကြတဲ့ ပါရမီရှင်တွေ ….”
“ မစ်တိုမားနီးယား ရောဂါလက္ခဏာပုံစံက ငါးမျိုးရှိတယ် … တစ်ခုချင်းစီကလည်း မတူညီကြဘူး …”
များပြားလှသည့် ကွန်းမန့်တို့ ဖြတ်သန်းသွားခဲ့ပြီး မရေမတွက်နိုင်သည့် မေးခွန်း အမှတ်သင်္ကေတတို့ ထွက်ပေါ်လာသည်။
ချန်ယွီ့က ခွန်ကို လူလိမ်တစ်ယောက်ဟု ယိုးစွပ်နေသည်။ ဆိုလိုသည်မှာ ခွန်က တစ်ချိန်လုံး သူတို့ကို လိမ်ညာနေခဲ့တာလား။
“ ဒေါက်တာချန် … မင်း ဟာသလုပ်တယ်ဆိုရင်တောင် ဒါကတော့ တော်တော် လွန်သွားပြီနော်…. တော်တော်ကြီးကို လွန်သွားပြီ .... ”
ခွန် မပျော်မရွှင် ဖြစ်စွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
“ ငါ ဆေးကုတဲ့အချိန်မှာ ဘယ်တော့မှ ဟာသမလုပ်ဘူး ….”
ချန်ယွီ့ တင်းမာစွာဆို၍ ထပ်ပေါင်းဖြည့်စွက် ပြောဆိုလိုက်သည်။ “ ငါ လေ့လာဆန်းစစ်မိသလောက်ဆို မင်းရဲ့ အခြေအနေက အတ္တကြီးမှုကြောင့် ဖြစ်ပေါ်လာတဲ့ မစ်တိုမားနီးယား ရောဂါပဲ …”
“ လူနားလည်အောင် ပြောရရင် မင်းက ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်အတွက် လိမ်ပြောပြီး ပိုက်ဆံရှာတဲ့လူ …”
ထိုသို့ ပြောပြီးနောက် ချန်ယွီ့ ခေါင်းငုံ့ပြီး သူ့ဖုန်းကို လှန်လောပွတ်ဆွဲနေလိုက်သည်။
“ ဒေါက်တာချန် … မင်း ငါ့စည်းတွေကို လာစမ်းနေတာလား …”
ခွန်၏ လေသံက ဒေါသသံ စွက်လာခဲ့၏။
“ မင်းကို အရည်အချင်း ရှိတဲ့ စထွင်မာတစ်ယောက်အနေနဲ့ ငါလေးစားတယ် ….”
“ ဒါပေမယ့် အဲ့လိုဆိုတိုင်း ငါ့ကို ဟာသ လာလုပ်လို့တော့ မရဘူး …”
“ ကျေးဇူးပြုပြီး နောင်ကျရင် အခြေအမြစ်မရှိတဲ့ စကားတွေနဲ့ ငါ့ကို ထပ်ပြီး မစွပ်စွဲပါနဲ့ ….”
“ ဒါပေမယ့် ငါ့ဘေးနားမှာ ဖြစ်ပျက်နေတဲ့ ထူးဆန်းတဲ့ ဖြစ်စဉ်တွေကို ဖြေရှင်းပေးလို့တော့ ကျေးဇူးတင်တယ် ….”
ခွန်က ပြောပြီးသည်နှင့် သူ၏ တိုင်ပင်ဆွေးနွေးမှုအတွက် ပိုက်ဆံ ပေးချေလိုက်သည်။
သူ ထွက်သွားတော့မည့် အချိန်မှာပဲ ချန်ယွီ့ ရုတ်တရက် စကားပြောလာသည်။
“ ငါ့မှာ သက်သေ ရှိနေခဲ့ရင်ကော ….”
“ ဒါဆိုလည်း ငါ့ကို ပြလေ ….” ခွန်က စိန်ခေါ်သည့် အမူအရာဖြင့် ပြောလိုက်၏။
ခေါင်းညိတ်လျက် ချန်ယွီ့က သူ့ဖုန်းကို ကင်မရာသို့ ပြသလာခဲ့သည်။
“ ဟမ် … ဒါက ခွန်ခွန်လေး လီရှောင်ဟွားကို ကယ်တင်နေတဲ့ ဗွီဒီယို မဟုတ်ဘူးလား …”
“ အမှန်ပဲ … ဒီဗွီဒီယိုက ငါ့စုဆောင်းမှုတွေထဲမှာ ပါတယ် … စိတ်ဖိစီးလာတဲ့အခါတိုင်း ဒါလေး ထုတ်ထုတ်ကြည့်ပြီး လောကကြီးရဲ့ ချစ်ခြင်း မေတ္တာတွေကို ခံစားတယ်လေ ….”
“ ခွန်က တကယ်ပဲ လူလိမ်တစ်ယောက်လို့ အကုန်လုံးက ထင်နေကြတာလား …”
“ တကယ်လို့ တခြားတစ်ယောက်က ပြောလာမယ်ဆိုရင်တော့ ငါ ပြောလာတဲ့ လူရဲ့ မျက်ခွက်ကို တံတွေးနဲ့ သွားထွေးပစ်မယ် …. ဒါပေမယ့် ဒေါက်တာချန်က ပြောလာတယ်ဆိုတော့ … ကိုယ့်လူ … ငါလည်း မသိတော့ဘူး ….”
“ စုံထောက် ကိုနန်ရဲ့ အမည်နာမနဲ့ ငါ့အထင် ဒေါက်တာချန်ပြောတာက ယုတ္တိရှိတယ်လို့ ယုံကြည်တယ် ….”
ဖုန်းစခရင်ပေါ်တွင် ဗွီဒီယို တစ်ပုဒ် ဖွင့်ထားသည်။
ဆင်ခြေဖုံးနေရာရှိ အစိမ်းရောင် မြက်ခင်းပြင်ပေါ်တွင် ခွန်က သူ့ ကြောင်လေး ၊ခွေးလေးများနှင့် မြူးတူးပြီး ဆော့ကစားနေခဲ့သည်။
၎င်းနောက် ချက်ချင်းပဲ မြင်ကွင်းက ဆက်တိုက် ယိမ်းခါနေပြီး စက္ကန့်ဒါဇင်လောက်ကြာတော့ ယိမ်းခါနေသည့် မြင်ကွင်းက ရပ်တန့်သွားခဲ့သည်။
ခြုံပုတ်တစ်ခုအနီးတွင် လူကြီးလက်မောင်းလောက် တုတ်ပြီး တစ်မီတာကျော်လောက် ရှည်သည့် မြွေဟောက်ကြီးက ပါပီလေး တစ်ကောင်ကို တင်းကြပ်စွာ ရစ်ပတ်ထားသည့် မြင်ကွင်းသို့ ပြောင်းလဲသွားခဲ့၏။
“ တခြား ပုံမှန်လူတွေရဲ့ အလိမ်အညာနဲ့ယှဉ်ရင် မင်းရဲ့ ရောဂါက လောဘကြောင့်ပဲ …”
“ အရင်တုန်းက အင်တာနက်ပေါ်မှာ ချစ်ဖို့ကောင်းတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ဆော့မြူပြတာက နာမည်ကြီးတယ် … မင်းကလည်း မင်းရဲ့ ယောက္ခမကြီး တောင်းဆိုတဲ့ ခန်းဝင်ကြေးကို ပေးနိုင်ဖို့ ပိုက်ဆံရှာချင်တယ် ….”
“ ဒါပေမယ့် မင်းက အဲ့ဒီ နယ်ပယ်ထဲကို ခြေစုံပစ် ဝင်လာတဲ့ အချိန်ကျမှပဲ အဲ့ဒီ ချစ်ဖို့ကောင်းတဲ့ တိရစ္ဆာန်လေးတွေနဲ့ လိုက်လွှင့်တာက ရေပန်းစားတာ ရပ်သွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာ ….”
“ မင်းနေ့တိုင်းနေ့ အလုပ်ကြိုးစားတယ် … လနည်းနည်းကြာအောင် ကြိုးစားပြီးတာတောင် မင်းရဲ့ လိုက်စထွင်းကနေ ရတဲ့ ငွေတွေက သူတို့ရဲ့ အစာထုပ်ဝယ်ပေးဖို့လောက်ပဲ လောက်တယ် ….”
“ တစ်နေ့မှာ ခွေးတစ်ကောင်က ကြောင်တစ်ကောင်ကို ကယ်တင်တဲ့ ဗွီဒီယို ရေပန်းစားသွားတာကို မင်းမြင်သွားခဲ့တယ် ….”
“ အဲ့ဗွီဒီယိုက သန်းနဲ့ချီတဲ့ လူတွေကို ဆွဲဆောင်သွားခဲ့တော့ မင်း ခေါင်းထဲ ဖျတ်ခနဲဆိုသလို အကြံမီးပွားတစ်ခုက ပေါ်လာခဲ့တယ် …”
“ မင်းကိုယ်မင်း အိမ်မွေးတိရစ္ဆာန်လေးတွေ ကယ်တင်ပေးတဲ့ စထွင်မာလုပ်ဖို့ ဆုံးဖြတ်ပြီးသား … ဒါပေမယ့် လူတွေ သတိပြုခံရဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ ….”
“ စဉ်းစားပြီးတော့ မင်း ရက်စက်တဲ့ အကြံအစည်တစ်ခု ရလာခဲ့တယ် ….”
“ မင်းက ဒီဗွီဒီယိုကို ရည်ရွယ်ချက်ရှိရှိ ပြောင်းပြန်လုပ်ထားတာ … ပါပီလေးကို ကုသပေးတဲ့ ဗွီဒီယိုက ကြိုတင်ရိုက်ထားပြီးသား …”
“ လီရှောင်ဟွားက မြွေဟောက် ကိုက်ခံရပြီး နာရီဝက်အကြာမှာတင် သေသွားခဲ့ပြီးပြီ….”
“ အဲ့လို အခင်းမဖြစ်ပွားခင်မှာ လီရှောင်ဟွား ‘ပြန်သက်သာလာတဲ့’ ဗွီဒီယိုတွေ ၊ ဓာတ်ပုံတွေကို ကြိုက်ရိုက်ထားခဲ့တာလည်း မင်းပဲ ….”
“ အဲ့လိုတွေ ရိုက်ပြီးတဲ့ နောက်ပိုင်းမှာ မင်း သူ့ကို တစ်ခါတည်း မြွေရဲ့ ပါးစပ်ထဲကို ပစ်ထည့်လိုက်တယ် ….”
“ ဪ ဟုတ်သား … အဲ့မြွေဟောက်ကို ဝယ်ခဲ့တာလည်း မင်းကိုယ်တိုင်ပဲ ….”
စာစဉ် (၇)ပြီး၏။