← Chapters

ကလေးတစ္ဆေ

Vol. 7 Ch. 69

ကလေးတစ္ဆေ

Vol. 7 Ch. 69

“ ဒေါက်တာချန် … ငါ့ကို ဒွိဟဖြစ်အောင် မလုပ်ပါနဲ့တော့ … အဲ့တာကြီး ငါ့နောက် မလိုက်တော့ဘူးဆိုသရွေ့ ငါ ဘာမဆို လုပ်ပါ့မယ်….”

ခွန် သူ၏ စိုးရိမ်ကြောင့်ကြမှုနှင့် မသက်သာဖြစ်မှုကို ဖိနှိပ်လျက် မရေမတွက်နိုင်သည့် ကြည့်ရှုသူများရှေ့တွင် ကတိပေးလိုက်သည်။

ချန်ယွီ့ ဤတစ္ဆေကို ဖယ်ရှားပေးသရွေ့ ….

သူ ဘာမဆို လုပ်မည်။

လောကကြီးထဲ တစ္ဆေမကြောက်သည့် လူတို့က ခပ်ရှားရှားပင်။ အထူးသဖြင့် တစ္ဆေများ တည်ရှိနေတာကို သိရှိပြီး နောက်ပိုင်းတွင် ဖြစ်၏။

တစ္ဆေတစ်ကောင်က သူ့ အနီးနားတွင် ရှိနေသည်ကို တွေးမိသည်နှင့် ခွန်မှာ ချက်ချင်းပဲ သူ့အိမ်ထဲက ထွက်ပြေးချင်စိတ်တို့ တဖွားဖွား ဖြစ်ပေါ်လာသည်။

“ မင်း ငါ့ကို ဘာမှ လုပ်ပေးဖို့ မလိုဘူး …”

“ မင်းက ငါ့ဆီလာပြီး ရောဂါအကြောင်းကို တိုင်ပင်ဆွေးနွေးတယ် … ငါက ကုသပေးတယ် …. ငါတို့ရဲ့ ပတ်သက်မှုက အဲ့လောက်ပဲ ….”

ချန်ယွီ့၏ စကားလုံးများထဲတွင် စိတ်မဝင်စားသည့် လေသံအရိပ်အမြွက်တို့ ပါဝင်နေသည်။

“ မင်းအခု ကြုံတွေ့နေရတဲ့ အဲ့ဒီ အထူးစွမ်းအင် ခန္ဓာက မင်းရဲ့ သွေးမျိုးဆက်နဲ့ ချိတ်ဆက်နေတာနော်… မင်း ဖျက်စီးချင်တာ သေချာလား ….”

သူ ထိုစကားပြောလိုက်သည့် အချိန်မှာပဲ ခွန်မှာ အလွန်အမင်း ရှော့ခ်ရသွားခဲ့သည်။

သူ့ခြေထောက်များ ပျော့ခွေသွားပြီး ထိုင်ခုံသို့ နောက်ပြန်လဲကျသွား၏။

“ ဒေါက်တာချန် … သွေးမျိုးဆက်ချင်း ဆက်နွယ်နေတယ် ဆိုတာက ဘာပြောတာလဲ ….”

“ ပိန်းလိုက်တာ … သူတို့က ဆွေမျိုးတော်စပ်တဲ့လူတွေလို့ ပြောချင်တာ ….”

“ ဘုရားရေ …. ဒါရှော့ခ်ရစရာကြီးပဲ ….”

“ သူတို့ အချင်းချင်း ဘယ်လောက်တောင်များ ရန်ငြှိုး အာဃာတတွေ ကြီးမားလွန်းလို့ တစ္ဆေဖြစ်ပြီးတောင် လိုက်ပြီး နှောင့်ယှက်နေတာလဲတဲ့ …..”

“ မဖြစ်နိုင်ပါဘူးနော်… ခွန်ခွန်လေးက ကိုယ်ကျင့်တရား ဒီလောက်ကောင်းတာကို သူ့မှာ ရန်သူဆိုတာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ ….”

“ ဒေါက်တာချန်ရယ် … တစ်ခါတည်း ရှင်းအောင်ပြောလိုက်ပါတော့လား ….”

ကြည့်ရှုသူများမှာ ထူးခြားဆန်းကြယ်သည့် မြူခိုးထုထဲ စမ်းတဝါးဝါး လမ်းလျှောက်နေကြရသည့်နှယ် ခံစားနေကြရသည်။

ခွန်၏ ဆွေမျိုးက ရက်စက်လွန်း၍ သေပြီးနောက်တွင်ပင် တစ္ဆေအဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။

အဲ့ဒီလို ဖြစ်ရလောက်အောင် သူတို့ နှစ်ယောက်ကြားမှာ ဘယ်လို ရန်ငြိုးတွေ ရှိနေလို့လဲတဲ့ …

ခွန်မှာ ကြမ်းပြင်တွင် ပြုတ်ကျသွားသည့် ဗုဒ္ဓဆွဲသီးကို ကြည့်ရင်း တစ်စုံတစ်ရာကို တွေးတောမိသည့် ပုံစံ ဖြစ်သွားခဲ့သည်။

“ မင်းကြည့်ရတာ မှတ်မိသွားပြီနဲ့တူတယ် …” ချန်ယွီ့က မပြောင်းလဲသည့် ပုံမှန် မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။ “ ဟုတ်တယ် …. အဲ့တာ သူပဲ ….”

“ မဟုတ်ဘူး …..”

ခွန် မတ်တပ်ရပ်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ မဖြစ်နိုင်ဘူး … သူက မွေးတောင် မွေးမလာသေးဘူးလေ … ဘယ်လိုလုပ်ပြီး တစ္ဆေဖြစ်သွားနိုင်မှာလဲ ….”

“ အထူးစွမ်းအင် ခန္ဓာ ဖြစ်တည်လာဖို့ ပုံသေ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေ မရှိဘူး ….”

“ မွေးမဖွားလာရသေးဘူးဆိုရင်တောင် မိခင်ရဲ့ ဝမ်းကြာတိုက်ထဲမှာ သေသွားခဲ့ရင်လည်း အထူးစွမ်းအင် ခန္ဓာ ဖြစ်လာနိုင်တယ် …”

“ မင်းလည်ပင်းမှာ ရှိတဲ့ ဆွဲသီးက ဗုဒ္ဓဆွဲသီး မဟုတ်ဘူးဆိုပေမယ့် မကောင်းတဲ့ ပစ္စည်းလည်း မဟုတ်ဘူး …”

“ ဒီတိုင်း သာမန် ကျောက်စိမ်းဆွဲသီးပဲ ….”

“ ကျောက်စိမ်းက လူတစ်ယောက်ရဲ့ စွမ်းအင်ကို အားဖြည့်ပေးတယ်လို့ လူတွေ ပြောကြလေ့ ရှိတယ်မလား ….”

“ သိပ္ပံတွေ့ရှိချက်တွေ အရဆိုရင် ကျောက်စိမ်းက အထူး သံလိုက်စက်ကွင်း စွမ်းအင်နဲ့ တွင်းထွက် ကျောက်တုံးတစ်ခုပဲ … “

“ မင်း ဆွဲထားတဲ့ ဆွဲသီးရဲ့ သံလိုက်စက်ကွင်းက အတော်လေး ပြင်းထန်တယ် … ဒါကြောင့်မို့ မွေးဖွားမလာရသေးတဲ့ ကလေးရဲ့ စွမ်းအင်က အဲ့ဒီ သံလိုက်စက်ကွင်းရဲ့ သဘာဝအတိုင်း ပေါင်းစပ်သွားတယ် ….”

“ ကလေးရဲ့ စွမ်းအင်က မသန်မာဘူး … ဒါကြောင့်မို့ အစပိုင်းတုန်းက မြင်လည်း မမြင်နိုင်သလို ကြားလည်း မကြားနိုင်တာ ….”

“ အခုရက်ပိုင်းထဲမှာ ကျောက်စိမ်းထဲကနေ လုံလောက်တဲ့ သံလိုက်စွမ်းအင်ကို စုပ်ယူပြီးတော့မှပဲ သူ့ရဲ့ စွမ်းအင်ကလည်း သန်မာလာတယ် … သူက မင်းရဲ့ အမြင်နဲ့အကြားအာရုံအပေါ် သက်ရောက်နိုင်စွမ်း ရှိလာခဲ့တာပဲ …”

ဤအရာများအားလုံးကို ရှင်းပြပြီးနောက် ချန်ယွီ့ မောပမ်းသွားခဲ့သည်။

သူ ခွန်၏ ဖြစ်ရပ်ကို သိပ္ပံရှုထောင့်မှ ရှင်းပြရန် ကြိုးစားသည့် အချိန်၌ စကားလေး ခွန်းအနည်းငယ်နှင့် ရှင်းပြနိုင်သည့် ကိစ္စမှာ ရှုပ်ထွေးလာခဲ့ရသည်။

သဘာဝကို လွန်ဆန်သည့် စကားလုံးတို့နှင့် ရှင်းပြမည််ဆိုပါက ခွန်သည် မမွေးဖွားလာရသေးသည့် သူ့ကလေးကို သတ်ခဲ့ပြီး ကလေး၏ ဝိဉာဏ်အမျှင်တန်းက ကျောက်စိမ်းဆွဲသီးထဲ ဝင်ရောက်သွားခဲ့သည်။

ဝိဉာဏ်စွမ်းအင်ကို သွန်းလောင်းအားဖြည့်ပေးသည့် ကျောက်စိမ်း၏ အကူအညီဖြင့် သူ့ခွန်အားတို့ စတင် တိုးပွားလာခဲ့ပြီး လူသား၏ အမြင်အာရုံကို သက်ရောက်နိုင်စွမ်းတို့ ရှိလာသည်။

“ မင်း စောနက ကြားခဲ့ရတဲ့ ထူးဆန်းတဲ့ အသံတွေ အကုန်လုံးက မင်းရဲ့ သားဆီကနေ လာခဲ့တာပဲ ….”

ဤစကားလုံးများထံမှ ရှော့ခ်ရမှုက အက်တမ်ဗုံးကြီး ပေါက်ကွဲသွားသည်အောက် မလျော့ပေ။

“ ငါ မလုပ်ချင်ခဲ့ဘူး … ငါ တကယ်ပဲ အဲ့လို ဖြစ်စေချင်ခဲ့တာ မဟုတ်ဘူး ….”

ခွန်မှာ ရုတ်တရက်ဆိုသလို ကြမ်းပြင်သို့ ဒူးထောက်ချသွားခဲ့ပြီး သူ့မျက်နှာကို လက်ဝါးဖြင့် အုပ်လျက် တသိမ့်သိမ့်တုန်အောင် ငိုကြွေးလျက် ရှိတော့သည်။

“ ငါ သူနဲ့ ရန်ဖြစ်တုန်းက သူ့မှာ ကိုယ်ဝန်ရှိနေမှန်း ငါ မသိခဲ့ဘူး ….”

“ ငါသာ အစောကြီးကတည်းက သိခဲ့ရင် ဘယ်တော့မှ အဲ့လို လုပ်ခဲ့မှာ မဟုတ်ဘူး ….”

ခွန် ရှိုက်ကြီးတငင်ငင် ငိုကြွေးနေခဲ့သည်။

“ ခွန်ခွန်လေး … မငိုပါနဲ့ … ဘာတွေ ဖြစ်နေတာလဲ ငါတို့ကို အမြန်ပြောပြ …..”

“ အဲ့ဒီ တစ္ဆေက တကယ်ပဲ နင့်သားလား ….”

“ ငါ မှားယွင်းဆုံးဖြတ်ခဲ့မိတာပဲ … တိလေးတွေကို ချစ်တတ်တော့ နင့်ကို ကြင်နာတတ်တဲ့ လူစားမျိုးလို့ ထင်ထားခဲ့တာ နင်က ကိုယ့်သားကိုယ်တောင် ထိခိုက်အောင် လုပ်ရက်တဲ့ လူစားမျိုးပဲ ….”

ကြည့်ရှုသူများ ၊ အထူးသဖြင့် အမျိုးသမီး ပရိသတ်တို့မှာ သူမတို့နားကိုပင် မယုံကြည်နိုင်ကြချေ။

တိလေးများအပေါ် မေတ္တာစိတ် အပြည့်ရှိသည့် ခွန်က ကိုယ့်သားအပေါ် ထိုသို့ ပြုလုပ်ခဲ့သည်တဲ့လော။

“ မဟုတ်ဘူး မဟုတ်ဘူး … ငါ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ မဟုတ်ဘူး ….”

ခွန်က သူ့မျက်ရည်များကို လက်မောင်းဖြင့် သုတ်ပြီး အကြောင်းအရင်းကို ရှင်းပြလိုက်သည်။

“ တစ်နေ့ … ငှားထားတဲ့ ဆေးခန်းက စာချုပ်သက်တမ်းကုန်တော့ နောက်စာချုပ်ချုပ်ဖို့ ဆိုပြီး အိမ်ပြန် ဘဏ်ကတ်ယူပြီး ငွေ နည်းနည်းလောက် ထုတ်ဖို့ လုပ်တယ် … အဲ့အချိန်မှာ ငါ့ကောင်မလေးက ရုတ်တရက်ကြီး ငါ့ကို ရာဇသံ ပေးလာခဲ့တာပဲ …”

“ တကယ်လို့ ငါသာ ကိုယ့်ရဲ့ ပိုက်ဆံတွေကို ဆေးခန်းအပေါ် ဆက်ပြီး သုံးနေမယ်ဆိုရင် သူ့ကို လက်ထပ်ဖို့ သူ့မိဘတွေ တောင်းတဲ့ သတို့သမီးကြေးကို တစ်သက်လုံး စုလို့တောင် လောက်မှာ မဟုတ်ဘူးလေ …”

“ အဲ့တာကြောင့်မို့ ငါ့ကောင်မလေးက ငါ့ကို ရွေးချယ်ခိုင်းတယ် …”

“ ငါ့ ပိုက်ဆံတွေကို အဆုံးမဲ့တဲ့ ဒီတွင်းကြီးထဲ ဖြည့်မလား … ဒါမှမဟုတ် သူ့ကိုဖြတ်မလား ….”

“သူကတော့ ဆေးခန်းကို ပိတ်၊ သူနဲ့လက်ထပ်ပြီး မိသားစုတစ်ခု အတူထူထောင်တာက ကောင်းတယ်လို့ ငါ့ကို ဖြောင်းဖြတယ် …”

“ ငါ တိလေးတွေကို ချစ်တယ် … သူ့ကိုလည်း ချစ်တယ် … ငါ တစ်ခုမှ မရွေးချယ်ချင်ဘူး …”

ခွန် မျက်ရည်ပေါက် ကြီးငယ်နှင့် စခရင်ရှေ့တွင် ပြောဆိုနေခဲ့ပြီး သူ့နှလုံးသားတစ်ခုလုံး နာကျင် ကြေကွဲနေခဲ့သည်။

တစ်နေ့တွင် သူ့ကောင်မလေးက သူ့ကို ထိုသို့ ရွေးချယ်လာခိုင်းလိမ့်မည်လို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ချေ။

သူ့ကောင်မလေးရဲ့ ရက်စက်သည့် မေးခွန်းနှင့် ရင်ဆိုင်လိုက်ရတော့ သူ တစ်ခုမှ မရွေးဖို့ ငြင်းဆန်သည်။

အရင်ဦးဆုံး ဆေးခန်းငှားရမ်းခ ပေးပြီး ကျန်တာကို ခေါင်းအေးအေးနှင့် စဉ်းစားဖို့ လိုအပ်၏။

ကံမကောင်းချင်တော့ သူ့ကောင်မလေးက သူ့ ရွေးချယ်လိုက်သည့် စကားလုံးကို သဘောမတူ။ နေရာတွင် ချက်ချင်းပဲ တစ်ခု ရွေးချယ်ဖို့ အတင်းအကြပ် ပြုလုပ်ခဲ့သည်။

တိုက်ဆိုင်စွာဖြင့် ထိုအချိန်တွင် တိုက်ခန်းပိုင်ရှင်ကလည်း အခန်းငှားခ ဘယ်အချိန် လွှဲလာမှာလဲဟု မေးမြန်းလာသည်။

ခွန် အခန်းငှားခကို အရင်ပေး၍ သူ့ကောင်မလေးနဲ့ နောက်မှ အေးဆေး စကားဆက်ပြောဖို့ စဉ်းစားထားခဲ့သည်။

သို့သော်လည်းပဲ သူ့ကောင်မလေးက ခွန်ကို တင်းကြပ်စွာ ဆွဲထားခဲ့ပြီး လွှတ်ပေးဖို့ ငြင်းဆန်သည်။

သူလည်း ဒေါသက ထွက်ထွက်နှင့် သူ့ကောင်မလေးကို တွန်းထုတ်မိလိုက်သည်။

သူ့ကောင်မလေးလည်း စားပွဲခုံထောင့်စွန်းနှင့် ဗိုက်ကို တိုက်မိသွားခဲ့ပြီး သွေးတို့ဆင်းလာသည်။

ထိုအခါမှပဲ သူ့ကောင်မလေး ကိုယ်ဝန် လေးလရှိနေပြီကို ခွန် သိရှိသွားခဲ့ရတော့သည်။

သူမ သူ့ကို အတင်းအကြပ် ရွေးချယ်မှု ပြုလုပ်ခိုင်းခဲ့သည်က သူတို့ ကလေးအတွက် တည်ငြိမ်သည့် နေထိုင်မှု ပတ်ဝန်းကျင်တစ်ခုကို လိုအပ်သောကြောင့်ပင်။

“ ငါ သိလိုက်ရတဲ့ အချိန်မှာ အကုန်လုံးက နောက်ကျသွားခဲ့ပြီ ….”

ခွန်နောင်တရနေခဲ့၏။ သို့သော် သူ့ကောင်မလေးက သူ့ကို လုံးဝ ခွင့်မလွှတ်ခဲ့။

ထိုသို့ ဖြစ်ပြီးနောက် မကြာခင်မှာပဲ သူမ ထွက်ခွာသွားခဲ့သည်။

ရှင်းပြချက်ကို နားထောင်ပြီးနောက် ခွန် အကြောင်း ကြမ်းကြမ်းတမ်းတမ်း ပြောဆိုနေသည့် ကွန်းမန့်တို့ ပျောက်ကွယ်သွားခဲ့၏။

စကားပြောခန်းသည်လည်း တိတ်ဆိတ်နေသည်။

ခွန်က မွေးဖွားမလာသေးသည့် သူ့ကလေးသူ သတ်ခဲ့သည်က ဘာနဲ့ ဆေးကြောဆေးကြော ၊ မစင်ကြယ်နိုင်တော့သည့် ပြစ်မှုကြီးပင်။

သို့ပေမယ့်လည်း …

ထိုသို့သော် အခြေအနေမျိုးတွင် မည်သူမဆို စိတ်တည်တည်ငြိမ်ငြိမ်နှင့် ကိုင်တွယ်ဖို့က ခဲယဉ်းမှာ အမှန်ပင်။

သူ့ တိုက်ခန်းပိုင်ရှင်ကလည်း သူ့ကို လောနေပြီး သူ့ကောင်မလေးကလည်း ဆုံးဖြတ်ချက်တစ်ခု ချမှတ်ဖို့ အတင်းတွန်းအားပေးနေသည်။ မည်သူမဆို ဒေါသထွက်မိမှာက ပုံမှန်သာ ဖြစ်၏။

ကိုယ်နှစ်သက်တဲ့ ဝါသနာနဲ့ ကိုယ်ချစ်ရသူတို့ကြား တစ်ခုတည်းကိုပဲ ရွေးချယ်ရမှာက တကယ့်ကို ခက်ခဲသည့် မေးခွန်းပင်။

သူ့နှလုံးသားထဲ ဖိနှိပ်ထားသည့် နောင်တများကို ဖွင့်ထုတ်ပြောဆိုလိုက်၍သောကြောင့်လားတော့ မသိ။ ခွန်၏ စိတ်အခြေအနေက သိသိသာသာ ကောင်းမွန်လာသည်။

အနည်းဆုံးတော့ သူ့ခြေထောက်များက တုန်ယင် မနေတော့ချေ။

“ အစောတုန်းက အဲ့ တစ္ဆေက ငါ့ကလေးမှန်း မသိလို့ ဖျက်စီးခိုင်းခဲ့မိတာပါ … “

“ အခု ငါ သူ့အတွက် တာဝန်ယူချင်တယ် ဒေါက်တာချန် …”

“ မင်းသူ့အတွက် သင့်တော်မယ့် အိမ်လေးတစ်လုံးလောက် ရှာပေးနိုင်မလား ….”

ခွန်က လှည့်ကွက်နှင့် မေးလာခဲ့ခြင်းပင်။ ဤ သနားဖို့ကောင်းသည့် သူ့ကလေးလေးကို သူနှင့် သက်ဆိုင်သည့် နေရာသို့ မည်သို့ ပြန်ပို့ရမလဲ မေးမြန်းနေခြင်းဖြစ်၏။ ဆိုရသော် မြေအောက်လောကကိုပင်။

သူ့ကလေး ပြန်လည်မွေးဖွားခြင်း စက်ဝန်းထဲသို့ ဝင်ရောက်နိုင်ပြီး နောင်ဘဝ၌ ကောင်းမွန်သည့် မိသားစုဘဝလေးတစ်ခု ပိုင်ဆိုင်နိုင်ဖို့ကို မျှော်လင့်မိသည်။

ချန်ယွီ့ ခေါင်းညိတ်ပြီး အနှီ ဗုဒ္ဓဆွဲသီးကို ဆက်သားနှင့် သူ့ထံသို့ ဒီလီပို့ပေးဖို့ ပြောလိုက်၏။

သူ့လိပ်စာကိုလည်း ခွန်ထံ ပေးပို့လိုက်သည်။

ဆယ်မိနစ်ခန့်ကြာပြီးနောက် အနီးနားရှိ ဒီလီကောင်လေးက ပါဆယ်ထုပ်ကို လာယူသွား၏။

“ ဒေါက်တာချန် … ငါ မင်းကို ဗုဒ္ဓဆွဲသီးပေးလိုက်ရင် ငါ့ပြဿနာက ဖြေရှင်းပြီးသား ဖြစ်သွားမှာလား ….” ခွန်မေးလိုက်သည်။

ချန်ယွီ့ ခေါင်းခါပြီး ခွန်းတုံ့ပြန်လိုက်၏။

“ မဟုတ်ဘူး ….”

“ ဟင် …”

“ ငါ့မှာ တခြား ပြဿနာတွေ ရှိနေသေးတာလား …” ခွန် အံ့အားတကြီးနှင့် မေးမြန်းလာခဲ့သည်။

“ ကြည့်ရတာ မင်းက ငါ့စကားကို နားထဲ မဝင်ဘူးနဲ့တယ် …”

“ ရတယ်လေ … ဒါဆိုလည်း ငါ မင်းကို ထပ်ပြီး ပြောမယ် …”

ချန်ယွီ့ အစောပိုင်းတုန်းက သူပြောခဲ့သည့် စကားကို တစ်ဖန်ထပ်ပြောလိုက်သည်။

ခွန်နဲ့ အဆိုပါ အထူးစွမ်းအင် ခန္ဓာက နက်ရှိုင်းသည့် ဆက်နွယ်မှုတို့ ရှိနေသည်။

“ ဆက်နွယ်မှုဆိုတာက ဘာကို ပြောချင်တာ …” ခွန် ဟာလာဟင်းလင်းဖြစ်စွာဖြင့် မေးလိုက်၏။

“ ငါ မင်းကို အရိပ်အမြွက် ပြောပြပေးမယ် …”

“ လီရှောင်ဟွား ဘယ်လိုသေသွားခဲ့လဲ …” ချန်ယွီ့ တည်ငြိမ်စွာ မေးလိုက်သည်။

All Chapters