ဘာပဲဖြစ်နေနေ ကိစ္စမရှိဘူး
Vol. 15 Ch. 206
ဤကဲ့သို့အဆင့်တွင်ရှိနေသော ပါရမီရှင်များသည် သူတို့၏ကံကြမ္မာကို ရွေးချယ်ပြီးသည်နှင့် သူတို့၏တိုးတက်မှုနှုန်းသည် မခန့်မှန်းနိုင်လောက်အောင် လျင်မြန်ပေလိမ့်မည်။ သူတို့ကို တပည့်အဖြစ် လက်ခံနိုင်မည်ဆိုလျှင် သူတို့၏ကံကြမ္မာကျင့်ကြံမှုမှတဆင့် သူတို့၏ ဆရာသခင်ကိုလည်း အလျင်အမြန် တိုးတက်သွားစေနိုင်သည်။
ဤသည်မှာ သားဖြစ်သူ နန်းတက်သည့် အချိန်တွင် ဖခင်ဖြစ်သူသည် အထွတ်အထိပ်ဧကရာဇ် ဖြစ်လာသည်နှင့် တူညီပြီး နှစ်ဦးနှစ်ဖက်အတွက် ကြီးမားသော ကံကြမ္မာကောင်းတစ်ခုပင်။
ဤအတွေးသည် မိုချင်း၏စိတ်ထဲတွင် ရစ်သိုင်းလွှမ်းခြုံနေသော်လည်း သူက အလျင်အမြန်ခေါင်းခါလိုက်သည်။
"မဟုတ်ဘူး... ငါက မိုတောက်ကို တည်ထောင်သူ မဟုတ်ဘူး... မိုတောက်ကံကြမ္မာ အားကောင်းလာရင် ဆရာ့ရဲ့စွမ်းအားက တိုးတက်လာလိမ့်မယ်... ဒါပေမဲ့ ငါ့ရဲ့အကျိုးအမြတ်ကတော့ ထင်သလောက် ကြီးမားမှာ မဟုတ်ဘူး..."
အမွေဆက်ခံရသော ကံကြမ္မာကို ကျင့်ကြံခြင်းသည် ထိုအရာကို တည်ထောင်သူအား အကျိုးအရှိစေဆုံး ဖြစ်ပေ၏။ ထိုကံကြမ္မာကို ကျင့်ကြံသူ ပို၍များပြားလာကာ အနာဂတ်မျိုးဆက်သစ်များ ပို၍အားကောင်းလာလေလေဖြစ်ပြီး ကံကြမ္မာတည်ထောင်သူကို ပို၍အစွမ်းထက်လာစေသည်။
သူတို့သည် ကံကြမ္မာယှဥ်ပြိုင်မှုတွင် အနိုင်ရခြင်း မရှိလျှင် ကံကြမ္မာတည်ထောင်သူသည် သူ၏တပည့်များကို အမြဲတစေ ဖိနှိပ်ထားနိုင်ပေမည်။
ကံကြမ္မာအတွက် ယှဉ်ပြိုင်ခြင်းနှင့် ပတ်သက်လျှင် ဤသည်မှာ ကြယ်ခုနစ်ပွင့် ကံကြမ္မာဆရာသခင်များသာ စဉ်းစားရမည့်အရာပင်။ မိုတောက်ကဲ့သို့ သေးငယ်သည့်ကံကြမ္မာ အတွက်မူ ထိုအဆင့်သို့ ရောက်နိုင်မရောက်နိုင်ပင် မသေချာချေ။
"ငါက ဆရာရဲ့ကိုယ်စား သူတို့ကို လက်ခံလိုက်မယ်... ဒီနည်းလမ်းနဲ့ ဆရာက စတုတ္ထအဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်ပြီးတော့ နေရာပိုရလာရင် ငါလည်း အကျိုးကျေးဇူးတွေ ခံစားရမှာပဲ..."
ဤဆုံးဖြတ်ချက်ကို ချလိုက်ပြီးနောက် မိုချင်းသည် ဟန်ရှောင်အား ကြည့်ပြီး ညွှန်ကြားလိုက်၏။
"ဒီကိစ္စကို အခု အစီရင်မခံနဲ့အုံး... ငါတို့က ဂျူနီယာညီလေး လင်းပုယန်ဆီ တိုက်ရိုက်သွားပြီးတော့ သူ့ကို အဲ့ဒီလူတွေ လွှဲပေးခိုင်းရအောင်... ငါက သူတို့ကို ကျိုးယီအင်ပါယာဆီ ပြန်ခေါ်သွားမယ်... ဒီသတင်းပျံ့နှံ့သွားရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာကို ငါ စိုးရိမ်မိတယ်..."
ဟန်ရှောင် တွန့်ဆုတ်သွားသည်။
"ဒုတိယခန်းမသခင်လင်းဆီ တိုက်ရိုက်သွားမလို့လား... ဒါပေမဲ့ သူက သုံးရက်လို့ ပြောထားတယ်လေ..."
မိုချင်းသည် ခေါင်းခါလိုက်သည်။
"သူ့ရဲ့ စီနီယာအစ်ကိုတစ်ယောက်အနေနဲ့ ငါက သူ့ကို တစ်ခုခု လုပ်ခိုင်းရင် သူက ပြန်ငြင်းရဲမှာလား... သွားကြစို့... အခုချက်ချင်း လမ်းပြစမ်း.."
"ဟုတ်ကဲ့..."
ဟန်ရှောင်သည် အချိန်တခဏကြာမျှ တွေဝေတုံ့ဆိုင်းသွားပြီးနောက် ပြောဆိုလိုက်သည်။
"သခင်မိုချင်း... ခဏလောက် စောင့်ပေးပါအုံး... အရှင်ကို အဲ့ဒီနေရာဆီ ခေါ်မသွားခင် ကံကြမ္မာခန်းမမှာ ကျွန်တော် ဖြေရှင်းမှရမယ့် ကိစ္စငယ်လေးတစ်ခု ရှိနေလို့ပါ"
"မင်း သွားပါ..."
မိုချင်းက အရေးမစိုက်သော အမူအယာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
စိတ်သက်သာရာရသွားသော ဟန်ရှောင်သည် အခန်းထဲမှ ထွက်ခွာသွားပြီးနောက် ရှဲ့ဖုန်းကို ရှာဖွေကာ တိုးညှင်းသော အသံဖြင့် ညွှန်ကြားလိုက်သည်။
"ယွဲ့လုံရှောင်ဆီ ချက်ချင်းသွားလိုက်စမ်း.... အကြီးအကဲမိုချင်းက လင်းပုယန်ကို တွေ့ဖို့ ဒီနေရာကို ရောက်နေပြီးတော့ ပါရမီရှင်တွေကို ခေါ်သွားဖို့ ရည်ရွယ်ထားတယ်လို့ သူ့ကို သွားပြောစမ်း..."
"ဟုတ်ကဲ့..."
ရှဲ့ဖုန်းသည် နောက်သို့ချာခနဲလှည့်ကာ ထွက်ခွာသွားလေ၏။
ရှဲ့ဖုန်း ထွက်ခွာသွားသည်ကို ကြည့်ရင်း ဟန်ရှောင်သည် ကောင်းကင်ကံကြမ္မာ စွမ်းအင် လှိုင်းလုံးအသစ်တစ်ခု သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်ကို ခံစားလိုက်ရကာ သူ သက်ပြင်းတစ်ချက် ချလိုက်သည်။
လင်းပုယန်နှင့်ချိုင်ယွင်ရှန့်ကြားမှ ဟန်ချက်ညီမှု ပျက်စီးသွားချိန်တွင် မိုချင်းနှင့်အလုံးစုံသိမြင်ဂိုဏ်းတို့သည် ပါရမီရှင်များအတွက် သူတို့၏ကြိုးစားရုန်းကန်မှုတွင် တန်းတူညီမျှ ဖြစ်နေပုံရသည်။ ဤအခြေအနေကို မှန်ကန်စွာ အသုံးချခြင်းသည် သူ့ကိုလည်း တိုးတက်ရန် အခွင့်အလမ်းတစ်ခုကို ပေးအပ်နိုင်သည်။
ဟန်ချက်ညီမှုသည် နေရာတိုင်းတွင် ရှိနေပေ၏။ ထိုအရာကို သူ ဖန်တီးနိုင်သရွေ့ သူ ကြီးထွားမှုအတွက် အသုံးချနိုင်၏။
ကျန်းရွှမ်သည် သူ၏အခန်းသို့ ပြန်ရောက်သည့် အချိန်တွင် ကျောက်ယာတို့လူစုကို နောက်တစ်ကြိမ် စုစည်းလိုက်သည်။
"ဆရာ... ကျွန်မတို့ ထွက်မသွားချင်ဘူး..."
သူ၏ဆုံးဖြတ်ချက်ကို ကြားသည့်အချိန်တွင် ကျောက်ယာတို့ထံ၌ တွေဝေတုံ့ဆိုင်းမှုများဖြင့် ပြည့်နှက်သွားသည်။
"ကံကြမ္မာကို ကျင့်ကြံဖို့ အရင်းအမြစ်တွေ အများကြီး လိုအပ်တယ်... ငါ့ဆီမှာ ဒါတွေက လုံလောက်အောင် မရှိဘူး... မင်းတို့က အခွင့်အလမ်းကောင်းတစ်ခုရရင် အဲ့ဒါကို အရယူရမယ်... ဒီနည်းနဲ့ အနာဂတ်မှာ ငါ အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့ အချိန်ကျရင် မင်းတို့က ငါ့ကို ကူညီနိုင်လိမ့်မယ်"
ကျန်းရွှမ်က အကြံပေးလိုက်သည်။
အချိန်တခဏကြာမျှ တိတ်ဆိတ်သွားပြီးနောက် ကျောက်ယာတို့လူစုသည် နောက်ဆုံးတွင် သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။ မရေမတွက်နိုင်သော အခက်အခဲများကို အတူတကွ ရင်ဆိုင်ခဲ့ပြီးဖြစ်သဖြင့် သူတို့သည် ဆရာဖြစ်သူ၏စိုးရိမ်မှုများကို နားလည်သည်။ ဆရာ၏နံဘေးတွင် သူတို့ရှိနေခြင်းသည် အမှန်တကယ်ကို ဝန်ထုပ်ဝန်ပိုးများ ဖြစ်လာနိုင်ပြီး သူတို့ ထွက်ခွာသွားခြင်းက ရေရှည်တွင် ပို၍ကြီးမားသော အထောက်အပံ့ကို ပေးနိုင်ပေမည်။
"အခု ဒီလိုခွဲခွာရတာက အနာဂတ်မှာ ပိုကောင်းတဲ့ ပြန်လည်ဆုံစည်းမှုအတွက်ပဲ...ငါ တစ်ခုတော့ မှာလိုက်မယ်....သူတို့က မင်းတို့ကို ကောင်းကောင်းမြေတောင်မြှောက်မပေးဘဲနဲ့ သူတို့ ရိတ်သိမ်းရမယ့်အကျိုးအမြတ်တွေ အဖြစ်ပဲ မြင်ရင်... ငါ့ဆီကို သတင်းစကား ပို့လိုက်... ငါက မင်းတို့အတွက် ရပ်တည်ပေးမယ်"
ကျန်းရွှမ်က သူ၏မျက်ခုံးကိုပင့်ပြီး ပြောဆိုသည်။
ပြီးပြည့်စုံသောကံကြမ္မာတစ်ခုကို ကျင့်ကြံရန်အတွက် တစ်စုံတစ်ဦးအား အမွေအနှစ်တစ်ခုအား ပေးအပ်ခြင်းမှာ လက်ခံနိုင်ဖွယ်ရှိသည်။ သို့ရာတွင် သူတို့သည် အမြတ်ထုတ်ရန်အတွက် အသုံးချရမည့် အမွေဆက်ခံသူများ အဖြစ်သာ ဆက်ဆံခံရပါက သူ၏တပည့်များ သူတို့၏ ဂုဏ်သိက္ခာကို ပြန်လည်ရရှိစေရန် သူ့ထံတွင် နည်းလမ်းများ ရှိပေ၏။
သူတို့ဆရာ၏ကတိကို ကြားရသည့်အချိန်တွင် ကျောက်ယာတို့လူစုသည် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။ သူ၏ စကားများသည် သူတို့၏အတိတ်က ခွဲခွာခြင်းကို ပြန်လည်၍အမှတ်ရစေသည်။ ထိုအချိန်က လူအများသည် သူ ကြွားဝါနေသည်ဟု တွေးထင်ခဲ့ကြသော်လည်း မည်မျှပင် အစွမ်းထက်သော အင်အားစု ဖြစ်စေ သူ၏တိုးတက်လာမှုရှေ့မှောက်တွင် အရေးမပါဖြစ်သွားခဲ့ကြောင်း သူ၏လုပ်ရပ်များဖြင့် သက်သေပြခဲ့သည်။
ယင်ယန်နန်းတော်... သူတော်စင်ယွမ်မျိုးနွယ်... သူတော်စင်ခန်းမစသည့် ပါမောက္ခကုန်းမြေပေါ်တွင် ခမ်းနားထည်ဝါစွာ ရပ်တည်ခဲ့သော ဤ ကြီးကျယ်ခမ်းနားသည့် အင်အားစုများသည် နှစ်နှစ်မပြည့်မီအချိန်အတွင်း သူ၏ရှေ့မှောက်တွင် ဒူးထောက်ခဲ့ရသည်။
"ကမ္ဘာသစ်နဲ့ ချိတ်ဆက်ထားတဲ့ အတွေးစအမျှင်တန်းတစ်ခုစီ ချန်ထားခဲ့ကြ... တစ်ခုခု ဖြစ်ခဲ့ရင် အဲဒီအမျှင်တန်းကနေ သတင်းစကား ပို့လိုက်တာနဲ့ ငါ ချက်ချင်း သိလိမ့်မယ်"
ကျန်းရွှမ်က ဆက်လက်၍ ပြောဆိုသည်။
ကမ္ဘာသစ်၏စွမ်းအားဖြင့် သူသည် သူ၏ တပည့်များနှင့် အချိန်မရွေး အနည်းငယ်မျှအတားအဆီးမျှမရှိဘဲ ဆက်သွယ်နိုင်ပေ၏။ ဤစကားကို ကြားရသည့် အချိန်တွင် ကျောက်ယာတို့လူစုသည် နောက်ဆုံးတွင် စိတ်အေးသွားကြသည်။ သူတို့သည် စိတ်ဝိညာဥ်အမျှင်တန်းများကို ချန်ထားခဲ့ကြပြီးနောက် တပြိုင်နက်တည်းဆိုသလိုပင် အိမ်၏ပြင်ပမှ အသံတစ်သံ ထွက်ပေါ်လာသည်။
"ဒုတိယခန်းမသခင်လင်း ရှိလား...."
ကျန်းရွှမ်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏တပည့်များကို ကျင့်ကြံမှုအပေါ် အာရုံစိုက်ရန် ညွှန်ကြားပြီးနောက် ပြင်ပသို့ ထွက်လာခဲ့သည်။
ခန်းမထဲသို့ ဝင်လိုက်သည့်အချိန်တွင် သူသည် ဟန်ရှောင်နှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး အတူတကွ ဝင်လာသည်ကို တွေ့လိုက်ရသည်။
"ခန်းမသခင်ဟန်... ငါက သုံးရက်နေမှ ပြန်တွေ့မယ်လို့ ပြောခဲ့တယ် မဟုတ်လား"
ကျန်းရွှမ်က စိတ်မကျေမနပ်ဖြစ်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။
ဟန်ရှောင်သည် သူ၏လက်ကို လျှင်မြန်စွာ ဝှေ့ယမ်းလိုက်၏။
"ဒါက ငါ မဟုတ်ဘူး... ဒီ လူကြီးမင်းပါ..."
ကျန်းရွှမ်သည် ထိုသက်လတ်ပိုင်းအမျိုးသားထံသို့ စိတ်ရှုပ်ထွေးစွာဖြင့် လှည့်ကြည့်လိုက်သည့် အချိန်တွင် တစ်ဖက်လူ၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ပြောဆိုသည်။
"ဂျူနီယာညီလေး ပုယန်... ဆယ်စုနှစ်တစ်ခုကျော် ကြာသွားတာနဲ့... မင်း ငါ့ကို မေ့သွားပြီလား"
"ဂျူနီယာညီလေးလား...."
ကျန်းရွှမ်၏နှလုံးခုန်သံ တစ်ချက်မှားသွားသည်။
တစ်စုံတစ်ဦးက သူ့ကို ဤသို့ခေါ်ဆိုရန်မှာ ထိုလူသည် မိုတောက်ဂိုဏ်းမှ ဖြစ်နိုင်ခြေရှိသည်။
ကျန်းရွှမ်သည် သူ၏လက်ချောင်းကို တစ်ချက် လှုပ်ခတ်ပြီး အစောပိုင်းက သူ တိတ်တဆိတ် ပြင်ဆင်ထားသော ဝင်္ကပါတစ်ခုကို အသက်သွင်းလိုက်သည်။ အခန်းအတွင်းရှိ စိတ်ဝိညာဉ်ချီစွမ်းအားများသည် ချက်ချင်း ပြောင်းလဲသွားပေ၏။ ဤသည်မှာ ပုရွှီခန်းမဆောင်မှ သူ ယူဆောင်လာခဲ့သော ဝင်္ကပါဖြစ်ပြီး သူ၏အခန်းထဲတွင် ခင်းကျင်းထားခဲ့ခြင်း ဖြစ်သည်။ သူ၏လှုပ်ရှားမှုသည် ထိုဝင်္ကပါကိုအသက်သွင်းရန်အတွက် သူ၏စွမ်းအားကို ထည့်သွင်းလိုက်ခြင်းပင်။
မျှော်လင့်ထားသည့်အတိုင်း ဝင်္ကပါ၏စွမ်းအားကို ခံစားမိသဖြင့် ထိုသက်လတ်ပိုင်းအမျိုးသားက မျက်မှောင်ကြုတ်လိုက်သည်။ သူသည် လှုပ်ရှားတော့မည်အပြုတွင် ထိုဖိအားသည် ပျောက်ကွယ်သွားကာ ဝင်္ကပါသည် ရပ်တန့်သွားပုံရသည်။
ထိုလူ စိတ်ရှုပ်ထွေးနေသည့် အချိန်တွင် ကျန်းရွှမ်းသည် သူ၏စိတ်ကို ကောင်းကင်ဘုံစာကြည့်တိုက်ထဲသို့ ပို့ဆောင်လိုက်သည်။
"မိုချင်း... မိုတောက်ဂိုဏ်း၏ ဒုတိယ မျိုးဆက် တပည့်... ဂိုဏ်းချုပ်မိုပိုင်ယဲ့၏ တတိယ တပည့်... ကျင့်ကြံအဆင့်... ကြယ်စင်မြစ်နယ်ပယ် အလယ်အလတ်အဆင့်..."
"ကြယ်စင်မြစ်နယ်ပယ်လား..."
သူ မျှော်လင့်ထားသည့်အတိုင်းပင် ကြယ်စင်မြစ်နယ်ပယ်သည် ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်၏အထက်တွင် ရှိနေပေ၏။
ကျန်းရွှမ်၏လက်ရှိခွန်အားသည် ရင်းမြစ်ရေအိုင် နဝမအဆင့်ကျင့်ကြံသူများကို ကိုင်တွယ်နိုင်သော်လည်း ကြယ်စင်မြစ်နယ်ပယ် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရန်မှာ သူ့အတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေဆဲပင်။
'အားနည်းချက် နံပါတ်တစ်... အလွန်အမင်း ကျင့်ကြံဆင့်ချိုးဖျက်လိုစိတ် ပြင်းပြမှုကြောင့် အဆုတ်ပျက်စီးခြင်း... လှုပ်ရှားမှု အကြိမ်တစ်ရာနောက်တွင် အသက်ရှူမဝ ဖြစ်တတ်သည်...'
'အားနည်းချက် နံပါတ်နှစ်... ပန်းသေခြင်း...'
'အမ်...'
ကျန်းရွှမ်းသည် အံ့အားသင့်မှုကြောင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
လင်းပုယန်နှင့်ရှုရှင်းတို့သည်လည်း ယခင်က အလားတူပြဿနာမျိုးကို ခံစားခဲ့ရဖူးပေ၏။ ယခု ဤ "တတိယ စီနီယာအစ်ကို" သည်လည်း တူညီသောပြဿနာ ရှိနေသလော။ ဖြစ်နိုင်သည်မှာ... မိုတောက်ကို လေ့ကျင့်ရန် ဤအခြေအနေကို လိုအပ်သလော...
'ဒီကံကြမ္မာနည်းစနစ်ကို လိုချင်ရင်... ကိုယ့်ကိုယ်ကိုယ် သင်းကွပ်ရမှာလား'
ပြန်စဉ်းစားကြည့်လျှင် ဤသည်မှာ ဖြစ်နိုင်ပုံ ရပေ၏။ ထိုသို့မဟုတ်လျှင် မည်သည်ကြောင့် သူတို့အားလုံးထံတွင် ဤကဲ့သို့ ပြဿနာမျိုး ရှိနေမည်နည်း။ သို့ရာတွင် ကျန်းရွှမ်သည် သူကိုယ်တိုင် မိုတောက်ကံကြမ္မာကို ကျင့်ကြံခဲ့သော်လည်း ထိုအရာသည် အကောင်းပကတိအတိုင်း ရှိနေသည်။
သူ၏သံသယများကို ဘေးဖယ်ထားပြီးနောက် ကျန်းရွှမ်က ပြုံးလိုက်သည်။
"စီနီယာအစ်ကိုမိုချင်းက ကြိုတင် အသိမပေးဘဲ ငါ့ဆီကို ရောက်လာလိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး... မဟုတ်ရင် ငါက မင်းကို ထွက်လာပြီး ကြိုဆိုမှာပေါ့..."
"မလိုဘူး..."
မိုချင်းက အရေးမစိုက်သောအမူအယာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ထိုင်ချကာ မိုတောက်ဓားမကြီးကို စားပွဲပေါ် တင်လိုက်သည်။
"မင်းက အရည်အချင်းရှိတဲ့ လူငယ်တချို့ကို တွေ့ထားတယ်လို့ ငါ ကြားတယ်... သူတို့ကို လွှဲပေးလိုက်... ဒါဆိုရင် ဆရာက ဆက်ဆံရေး အဟောင်းတွေကို အမှတ်ရပြီး မင်းကို ကျိုးယီအင်ပါယာဆီ ပြန်လာခွင့် ပေးကောင်းပေးနိုင်တယ်"
"စီနီယာအစ်ကိုက နောက်နေတာပဲ ဖြစ်မယ်... အဲ့ဒီလူငယ်တွေက ငါနဲ့ တကယ်ကြီး ဘာမှမပတ်သက်ဘူး... သူတို့က လွတ်လပ်တဲ့လူတွေဖြစ်ပြီးတော့ သူတို့ ဆန္ဒရှိတဲ့နေရာကို သွားလို့ရတယ်... သူတို့ကို အတင်းအကြပ် ခေါ်ထုတ်ခိုင်းတာက မသင့်တော်ဘူး"
ကျန်းရွှမ်က တုံ့ပြန်အဖြေပေးသည်။
မိုချင်း၏မျက်နှာ သုန်မှုန်သွားသည်။
"ငါတို့တွေ အတူမျှဝေခဲ့တဲ့ အတိတ်ကို အလေးအနက်ထားတာကြောင့် ငါ ကိုယ်တိုင် ဒီနေရာကို လာခဲ့တာ... မင်းက ငါ သူတို့ကို အတင်းအကြပ် ခေါ်သွားစေချင်နေတာလား"
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
"မင်းက သူတို့ကို လုယူဖို့ ကြံစည်နေတာလား"
ဟန်ရှောင်က ကြားဖြတ်ပြောဆိုလိုက်၏။
"ဒုတိယခန်းမသခင်လင်း... မင်း ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုးတွေ ပြောနိုင်တာလဲ... အကြီးအကဲမိုချင်းက မင်းရဲ့စီနီယာအစ်ကိုဖြစ်ပေမယ့်... သူက ကျိုးယီအင်ပါယာက ကံကြမ္မာ ခန်းမရဲ့ အကြီးအကဲတစ်ယောက်လည်း ဟုတ်တယ်... သူက ခန်းမအတွက် ပါရမီရှင်တွေကို စုဆောင်းနေတာလေ... မင်းက ဒါကို လုယက်မှုလို့ ခေါင်းစဥ်တပ်ပြီး ဘာလို့ သူ့ကို အသရေဖျက်နိုင်ရတာလဲ"
"ပါရမီရှင်တွေ စုဆောင်းတာ... အပြောကတော့ ကောင်းသားပဲ..."
ကျန်းရွှမ်က ခေါင်းခါလိုက်သည်။
"ဒါပေမဲ့ ကံမကောင်းစွာနဲ့သူတို့ ဘယ်သွားရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေက ငါ့အပေါ်မှာ မူတည်တယ်"
"မင်းက ငါ့ကို မလေးမစား လုပ်ရဲတာလား..."
မိုချင်းသည် မတ်တတ်ထရပ်လိုက်ပြီး သူ၏လက်ဖြင့် မိုတောက်ဓားမကြီးကို ဆုပ်ကိုင်လိုက်သည်။
"လင်းပုယန်... အဲဒီတုန်းက ငါ မင်းကို ရိုက်နှက်ပြီး ကျိုးယီမြို့ကနေ နှင်ထုတ်ခဲ့တယ်... အခု ဟန်ယွမ်မြို့မှာလည်း ငါ အရင်အတိုင်း လုပ်နိုင်တယ်... ငါ မင်းကို အခွင့်အရေး တစ်ကြိမ် ပေးမယ်... သူတို့ကို လွှဲပြောင်းပေးလိုက်... ဒါဆိုရင် ငါ ဒီကိစ္စကို ဆက်ပြီးမလှုပ်ရှားတော့ဘူး... မဟုတ်ရင်ကတော့ မင်းက ဒုတိယ ခန်းမသခင် ဖြစ်နေရင်တောင် ငါ့မှာ မင်းကို သတ်ဖို့ အကြောင်းပြချက် ရှိသွားလိမ့်မယ်... မင်း ကိုယ်စား ဘယ်သူကမှ စကားပြောပေးမှာ မဟုတ်ဘူး"
ကျန်းရွှမ်၏မျက်နှာ တင်းမာခက်ထန်သွားသည်။
"မင်းက ပေါ်တင်ကြီးလုယက်ဖို့ ကြံစည်နေတာလား"
မိုချင်းက ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။
"အမှန်ပဲ... အခုအချိန်လောက်ဆို အခွင့်အာဏာက နေရာတိုင်းမှာ အုပ်စိုးတယ်ဆိုတာ မင်း သိသင့်ပြီ... အဲ့ဒီပါရမီရှင်တွေက မင်းနဲ့ နက်နက်ရှိုင်းရှိုင်း မပတ်သက်ဘူး... ငါက သူတို့ကို အလားအလာကောင်းတဲ့ အနာဂတ်တွေ ပေးနေတာ... ဘာလို့ အခွင့်အရေးကို အလဟဿ ဖြုန်းတီးပစ်ရမှာလဲ"
"ဒါဆိုရင် မင်းက ဒီလို မြင်တာပေါ့..."
ကျန်းရွှမ်သည် နားလည်သဘောပေါက်သွားကာ တီးတိုးရေရွတ်လိုက်သည်။
အမှန်တကယ်ကိုပင် အခွင့်အာဏာ နိမ့်ပါးနေလျှင် သူထံ၌ စည်းကမ်းချက်များကို ဆုံးဖြတ်ပိုင်ခွင့် မည်သည်ကြောင့် ရှိနိုင်မည်နည်း။
မည်သည်ကြောင့် တစ်ဖက်လူသည် သူ့ကို ဖယ်ရှားပြီး လိုအပ်သည်များကို မယူဘဲနေမည်နည်း။
"သာမန်လူက အပြစ်ကင်းတယ်... ဒါပေမဲ့ ရတနာပိုင်ဆိုင်တာက ဘေးဥပဒ်တွေကို ယူဆောင်လာတယ်"
မိုချင်း၏အကြည့်သည် အခန်းအတွင်းသို့ ဝေ့ဝိုက်၍ ကျရောက်သည်။
"မင်းရဲ့နေရာက ကြည့်ကောင်းသားပဲ... မင်းမှာ အစေခံတွေ အများကြီး ရှိတယ်... မင်း သဘောမတူရင်... ငါ သူတို့အားလုံးကို သတ်ပစ်မယ်... ပြီးတော့ မင်းမှာ ချစ်စရာကောင်းတဲ့ ဇနီးမယားတွေ ကိုယ်လုပ်တော်တွေ အပြည့်ရှိတဲ့ အိမ်ကြီးတစ်လုံးရှိတယ်လို့ ငါ ကြားထားတယ်... ငါ သူတို့ကိုလည်း သတ်ပစ်မယ်... တစ်ယောက်မှ အသက်ရှင်ရက် မကျန်စေရဘူး"
"မင်း ဆိုလိုတာက ငါက ပါရမီရှင်တချို့ကို မလွှဲပေးရုံနဲ့ မင်းက ငါ့ရဲ့သူငယ်ချင်းတွေ မိသားစုတွေနဲ့ အိမ်သူအိမ်သားအားလုံးကို သတ်ဖြတ်ပစ်မယ်ဆိုတဲ့ သဘောလား"
ကျန်းရွှမ်၏မျက်နှာအမူအယာ ပို၍အေးစက်တင်းမာသွားသည်။
"ဘာလို့ မဖြစ်ရမှာလဲ... သူတို့က မင်းနဲ့အတူ အခွင့်ထူးခံဘဝကို ခံစားခဲ့ကြတာ... ဒါကြောင့် အန္တရာယ် ကျရောက်လာတဲ့ အချိန် သူတို့က တန်ရာတန်ကြေးကို ပေးဆပ်ရမှာ သဘာဝပဲ... ငါ့ရဲ့တောင်းဆိုမှုကို မင်း လိုက်နာဖို့ ငါ အကြံပေးတယ်... မဟုတ်ရင် မင်းက မိုတောက် ကံကြမ္မာကို နားလည်သဘောပေါက်မှုရဲ့ ဒုတိယအဆင့်မှာ ရောက်နေရင်တောင် မင်းက ငါ့ရှေ့မှာ ဘာကောင်မှ မဟုတ်သေးဘူး"
မိုချင်း၏စွမ်းအားများ မြင့်တက်လာပြီး သူ့မိုတောက်ဓားမကြီး၏ဓားသွားမှ ထက်ရှသော ဓားအငွေ့အသက်တစ်ခု ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ကို ပြင်းပြင်းထန်ထန် ဖိနှိပ်လိုက်၏။
ကျန်းရွှမ်က ဟန်ရှောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"ခန်းမသခင်ဟန်... သူက ငါနဲ့ပတ်သက်သမျှ လူတိုင်းကို သတ်ဖြတ်ပစ်မယ်လို့ ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်နေတယ်... ကံကြမ္မာခန်းမရဲ့ အကြီးအကဲ တစ်ယောက်အနေနဲ့ မင်းက ဘာမှမလုပ်ဘဲ ရပ်ကြည့်နေမှာလား"
ဟန်ရှောင်က ခေါင်းခါပြလေသည်။
"ကံကြမ္မာခန်းမက ကျင့်ကြံတာနဲ့ ကံကြမ္မာ သင်ကြားပေးတာကိုပဲ ကိုင်တွယ်တယ်... သေရေးရှင်ရေးကိစ္စတွေ အတွက်တော့ ဒါက လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ကံကြမ္မာအပေါ်မှာ မူတည်တယ်... ဒါက ငါနဲ့ ဘာမှ မဆိုင်ဘူး... ဒါ့ပြင် ဒီကိစ္စက ဆရာတူတပည့်အချင်းချင်းကြားက ပဋိပက္ခပဲ... ငါက ဝင်စွက်ဖက်ချင်ရင်တောင် မစွက်ဖက်နိုင်ဘူး"
"တာဝန်တွေအားလုံးကို စွန့်လွှတ်ပြီးတော့ မျက်စိစုံမှိတ်ပြီး လျစ်လျူရှုတဲ့အပြင် ရာဇဝတ်ကောင်တွေကိုတောင် ကူညီပေးနေတယ်... ဟန်ယွမ်မြို့က ဒီလောက်ထိ ရှုပ်ထွေးနေပြီး အမဲလိုက်စာရင်းပေါ်က လူတွေအားလုံးက သူတို့ရဲ့ကံကြမ္မာနဲ့ ထိုက်တန်နေတာ အံ့အားသင့်စရာ မရှိတော့ဘူး..."
ကျန်းရွှမ်သည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်ပြီး ရှေ့သို့တိုးလိုက်၏။ သူ၏လေသံ တဖြည်းဖြည်း ပို၍ပြင်းထန်လာသည်။
"ဒါဆိုရင် ဒါက ကံကြမ္မာခန်းမ ဆိုတာလား... လူတွေကို ခေါင်းပုံဖြတ်ပြီး အဆီအနှစ်တွေကို ခြောက်ကပ်သွားအောင် စုပ်ယူနေတဲ့ အင်အားစုမျိုး လုံးဝမရှိတာက ပိုကောင်းလိမ့်မယ်"