မိုချင်းအား သတ်ဖြတ်ခြင်း
Vol. 15 Ch. 207
ဟန်ရှောင်က မျက်မှောင်ကြုတ်လိုက်သည်။
"မင်း ဘာကို ဆိုလိုတာလဲ... မင်းက အကြီးအကဲ မိုချင်းရဲ့ဆူပူမှုကို တကယ်ကြီး အတိုက်အခံလုပ်ဖို့ စဉ်းစားနေတာလား... မောက်မာလိုက်တာ..."
မိုချင်းက ခနဲ့တဲ့တဲ့ပြုံးကာ အေးသည်။
"ဒီလောက်ထိ နှစ်တွေကြာသွားပြီးတဲ့နောက်မှာ မင်းက ပိုပြီးရဲတင်းလာပုံ ရတယ်... ကောင်းပြီလေ ငါ မင်းကို ပြန်ပြီးအမှတ်ရစေရမယ်... အချိန်ဘယ်လောက်ပဲ ကြာသွားပါစေ... မင်းက ငါ့ရဲ့မျက်လုံးထဲမှာ တန်ဖိုးမရှိတဲ့ သနားစရာ အရှုံးသမားတစ်ယောက် ဖြစ်နေမှာပဲ... ငါ မင်းကို ကြိုက်တဲ့အချိန် အရှက်ခွဲနိုင်သလို သတ်လည်းသတ်နိုင်တယ်..."
"ဒါဆို မင်း ဘယ်လောက်ထိ အစွမ်းထက်လဲဆိုတာ ကြည့်ကြသေးတာပေါ့"
နောက်ထပ်စကားများပြောဆို၍ အချိန်ဖြုန်းမနေတော့ဘဲ ကျန်းရွှမ်က ရှေ့သို့တိုးလိုက်သည်။ သူတို့သည် ဆယ်မီတာကျော်ကွာဝေးနေသော်လည်း ခြေတစ်လှမ်းတည်းဖြင့် ထိုကွာဟချက်ကို ချက်ချင်းပျောက်ကွယ်သွားစေသည်။
လက်နက်မရှိသော်လည်း ကျန်းရွှမ်၏စွမ်းအားများသည် အထက်ရှဆုံး ဓားတစ်လက်အလား လေထုကို ထိုးခွဲသွားသည်။ သူ၏ လက်များ မြင့်တက်လာသည့်အချိန်တွင် အစစ်အမှန် စွမ်းအားများ ပွင့်အံ့ထွက်လာကာ တံခါးပိတ်ထားသော အခန်းငယ်အတွင်း၌ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံကြီး မြည်ဟီးသွားသည်။
ပွင့်အံ့ထွက်လာသောစွမ်းအားသည် ပြင်းထန်စွာလှိုင်းထသွားပြီး ကောင်းကင်ဘုံ ကံကြမ္မာစွမ်းအားများ သူ၏နံဘေးပတ်လည်တွင် ရစ်သိုင်းလွှမ်းခြုံလာသည်နှင့်အမျှ မျက်စိကျိန်းလောက်အောင် တောက်ပသော လျှပ်စီးကြောင်းများအဖြစ် သိပ်သည်းသွားကာ ဓားမကြီးစွမ်းအင်လှိုင်းလုံးကြီးတစ်ခုကို ဖန်တီးလိုက်သည်။ သူ၏ဘယ်လက်ဖြင့် ရွှမ်လုံလက်ဝါးနည်းစနစ်ကို ထုတ်လွှတ်လိုက်ပြီး သူ၏ ညာလက်ဖြင့် မိုတောက်ကို အသုံးပြုထားသည်။
တပြိုင်နက်တည်းအသုံးပြုထားသော အထွတ်အထိပ်နည်းစနစ်များကြောင့် သူ့ထံမှနဂါးတစ်ကောင်၏ဟိန်းဟောက်သံကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာပေ၏။
"မင်းက ငါ့ကို တိုက်ခိုက်ရဲတာလား... လင်းပုယန်... မင်း တော်တော်လေး သတ္တိကောင်းနေတာပဲ"
ဟန်ရှောင်၏မျက်နှာသည် ဒေါသကြောင့် သုန်မှုန်သွားပြီး ဒေါသတကြီးဟိန်းဟောက်ကာ သူ၏လက်များကို တွန်းထုတ်လိုက်သည်။ သူ၏ လှုပ်ရှားမှုသည် တိုးဝင်လာသောစွမ်းအားကို လမ်းကြောင်းလွှဲကာ ပျက်ပြယ်စေရန် ပုံစံထုတ်ထားသော တံတားတစ်စင်းအလား အကွေ့အဝိုက်တစ်ခုကို ဖန်တီးလိုက်သည်။
ဟန်ရှောင်သည် ဟန်ချက်ညီကံကြမ္မာစွမ်းအား၌ အထူးကျွမ်းကျင်သဖြင့် သူ၏နည်းစနစ်များသည် မည်သည့်တိုက်ခိုက်မှုကိုမဆို သူ၏ ခန္ဓာကိုယ်မှ လွင့်ထွက်သွားစေနိုင်ပြီး သူ အန္တရာယ်ကင်းအောင် လမ်းကြောင်းလွှဲနိုင်သည်။ သူသည် အလွန်ဒေါသထွက်နေသဖြင့် ကျန်းရွှမ်၏တိုက်ခိုက်မှုကို တန်ပြန်ရန် ပြင်ဆင်လိုက်သည်။
သို့ရာတွင် သူတို့၏တိုက်ခိုက်မှုများ ထိတွေ့မိသည့် အချိန်အခိုက်အတန့်တွင် ဟန်ရှောင်၏မျက်နှာအမူအယာသည် တောင်ကြီးတစ်လုံးအောက်တွင် သူ ကြေမွှပျက်စီးသွားသကဲ့သို့ ပျက်ယွင်းသွားပေ၏။ ကြီးမားသော စွမ်းအားသည် သူ၏ဟန်ချက်ညီကံကြမ္မာနည်းစနစ်ကို ချက်ချင်းခြေမွှဖျက်ဆီးသွားသည်။
"မကောင်းတော့ဘူး..."
သူသည် လင်းပုယန်၏စွမ်းအားကြီးမားမည်ကို မျှော်လင့်ထားခဲ့သော်လည်း ဤအဆင့်သို့ ရောက်ရှိနေလိမ့်မည်ဟု တွေးထင်မထားခဲ့ချေ။ ဟန်ရှောင်သည် သူ တောင့်ခံနိုင်ခြင်းမရှိမည်ကို သိရှိထားသဖြင့် သူ့ထံတိုးဝင်လာသော စွမ်းအင်ကို အောက်ဘက်သို့ လျင်မြန်စွာ လမ်းကြောင်းလွှဲလိုက်သည်။
ဘုန်း...ဘုန်း...
သူတို့အောက်မှ ကျောက်တုံးကြမ်းပြင်သည် ကွဲအက်သွားပြီး သူ၏ခြေထောက်များ မြေကြီးထဲသို့ ခြောက်လက်မကျော် နစ်မြုပ်သွားသည်။ ထိုသို့ဆိုသည့်တိုင် သူ့ထံ၌ လွှမ်းမိုးနေသော စွမ်းအားလှိုင်းသည် သူ့ကို အဆက်မပြတ် ရိုက်သွင်းခံနေရသော သံချောင်းတစ်ချောင်းအလား မြေကြီးအတွင်းသို့ ပို၍နက်ရှိုင်းစွာ တွန်းပို့နေဆဲပင်။
ဟန်ရှောင်၏မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။
ဒီကောင့်ရဲ့ စွမ်းအားက... ကြောက်စရာ ကောင်းလိုက်တာ...
သူသည် ကျောက်စိမ်းကျောင်းတော်သားကဲ့သို့ အစွမ်းထက်ကျင့်ကြံသူများကို လွယ်လင့်တကူ အနိုင်ယူခဲ့သည့် လင်းပုယန်၏စွမ်းဆောင်ရည်များအကြောင်း ကြားသိခဲ့ပြီးဖြစ်သည်။ သို့ရာတွင် သူကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ရခြင်းသည် လုံးလုံးလျားလျား ကွဲပြားခြားနားနေပေ၏။
ဟန်ရှောင်ကို အံ့အားသင့်စေဆုံးအရာသည် လင်းပုယန် ၏စွမ်းအားမဟုတ်ဘဲ သူ၏ ယိမ်းယိုင်မသွားသော ကိုယ်နေဟန်ထားပင်။ သူ့ထံ၌ သာလွန်သောကျင့်ကြံဆင့် ရှိနေသည့်တိုင် ဟန်ရှောင်သည် သူ လုံးလုံးလျားလျား ဖိနှိပ်ခံထားရသည်ကို တွေ့ရှိလိုက်ရသည်။
"အောက်ကို ဆင်းသွားစမ်း"
ကျန်းရွှမ်က ဟိန်းဟောက်လိုက်ပြီး ဟန်ရှောင်အား မြေကြီးထဲသို့ လုံးလုံးလျားလျား နစ်မြုပ်သွားအောင် တွန်းပို့လိုက်သည်။ မြေကြီးထဲတွင် စိုက်ထားသော မှိုတစ်ပွင့်အလား ဟန်ရှောင်၏ဦးခေါင်းသာလျှင် မြေမျက်နှာပြင်အထက်တွင် ကျန်ရစ်တော့သည်။
ဟန်ယွမ်မြို့၏ တတိယမြောက်အစွမ်းအထက်ဆုံးပုဂ္ဂိုလ်သည် တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ရှုံးနိမ့်သွားခဲ့သည်။
ကျန်းရွှမ်က သူ၏လက်သီးကို မြှောက်လိုက်ပြီး ဟန်ရှောင်ကို လတ်စသတ်ရန် ဟန်ပြင်လိုက်စဥ်တွင် စူးရှသော လေတိုးသံတစ်သံက လေထုကို ထိုးဖောက်လာသည်။
မိုတောက်စိတ်ဆန္ဒသည် သူ့ထံသို့ တဟုန်ထိုး တိုးဝင်လာပြီး သူ၏စိတ်ဝိညာဉ်ကို ချုပ်နှောင်ထားပုံရသော ဖိနှိပ်ချုပ်ကိုင်မှုအရှိန်အဝါကို သယ်ဆောင်လာသည်။ သူ၏တိုက်ခိုက်မှုကို အတင်းအကြပ် စွန့်လွှတ်လိုက်ရသဖြင့် ကျန်းရွှမ်က လှည့်ကြည့်လိုက်ရာ မိုတောက်ကိုကိုင်ပြီး သူ့ထံ ပြေးဝင်လာသော မိုချင်းကို တွေ့လိုက်ရသည်။
ဓားမကြီး၏ဓားသွားမှ တောက်ပသောအလင်းတန်းများကို ထုတ်လွှတ်ထားကာ ထိုအရာ၏စွမ်းအားများသည် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး ကျန်းရွှမ်၏နဖူးထံသို့ ဦးတည်၍ ဝင်ရောက်လာသည်။ ဤသည်မှာ မိုတောက်ဂိုဏ်း၏ အပြင်းထန်ဆုံး လူသတ်နည်းစနစ်များအနက်မှ တစ်ခုဖြစ်သော "တတိယမျက်လုံး သတ်ဖြတ်ခြင်း'ဟု လူသိများသည့် တိုက်ခိုက်မှုပင်။
ထိုဓားချက်ထိမှန်သွားပါက ကျန်းရွှမ်၏ စွမ်းအားများအားလုံးသည် လေပူဖောင်းတစ်လုံးကို အဖောက်ခံလိုက်ရသည့်အလား ချက်ချင်းပျောက်ကွယ်သွားပေလိမ့်မည်။
ဤတိုက်ခိုက်မှု၏ လျင်မြန်မှုနှင့်သေစေနိုင်မှုတို့ ရှိနေသည့်တိုင် ကျန်းရွှမ်က ပို၍လျင်မြန်စွာ ရွေ့လျားလိုက်သည်။ သူသည် သူ၏ခန္ဓာကိုယ်ကိုယိမ်းကာ ဓားသွားကိုရှောင်လိုက်ပြီး တန်ပြန်ထိုးစစ်ဆင်လိုက်သည်။ မိုတောက်ဓားမကြီးတစ်ချောင်းသည် ရုတ်တရက် သူ၏လက်ထဲတွင် ထွက်ပေါ်လာပြီး မိုချင်းထံ ဦးတည်၍ ခုတ်ပိုင်းလိုက်၏။
ထိုတိုက်ခိုက်မှုသည် စွမ်းအားလှိုင်းလုံးကြီးတစ်ခုသက်သက်ပင်။ မည်သည့် ထူးဆန်းသော နည်းစနစ်မျှမပါဘဲ သူသည် ကြယ်စင်မြစ်နယ်ပယ်၏စွမ်းအားအတိုင်းအတာကို စမ်းသပ်ရန် သူ၏သန့်စင်သော စွမ်းအားသက်သက်ကိုသာ အသုံးပြုထားခြင်းဖြစ်သည်။
"ဒါဆိုရင်... မင်းက ကျင့်ကြံဆင့် ချိုးဖျက်နိုင်ခဲ့တာပေါ့"
မိုချင်း၏မျက်နှာအမူအယာ တင်းမာခက်ထန်သွားပြီး သူက ကျန်းရွှမ်၏တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်သည်။
"ဒါပေမဲ့ ဒီအဆင့်စွမ်းအားလောက်နဲ့ ငါ့ကို အနိုင်ယူဖို့ လုံလောက်တယ်လို့ မင်း ထင်နေတာလား... အိပ်မက်မက်နေ..."
သူ၏စကားမဆုံးမီမှာပင် ကျန်းရွှမ်သည် မိုတောက်ဓားမကြီးကို နံဘေးသို့ ပစ်လိုက်ပြီး ရှေ့သို့တိုးကာ မိုချင်း၏ အထိခိုက်မခံနိုင်ဆုံး ဟာကွက်နေရာသို့ တစ်ချက်ကန်ကျောက်လိုက်၏။
ထို ထူးဆန်းပြီး မမျှော်လင့်ထားသော တိုက်ခိုက်မှုမှာ မိုချင်းအား ကြက်သေသေသွားစေသည်။ သူ စွမ်းအားအများစုကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း ထိုကန်ချက်သည် ပစ်မှတ်ကို ပွတ်တိုက်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသို့ နာကျင်မှုများကို ပြင်းထန်စွာပျံ့နှံ့သွားစေသည်။
"အား..."
သူ၏ခန္ဓာကိုယ် တောင့်တင်းသွားပြီး သူ၏ အမြင်အာရုံ မှုန်ဝါးသွားကာ သူ၏ခေါင်းသည် နာကျင်မှုကြောင့် ထူပူသွားပေ၏။ သူ မသန်စွမ်း ဖြစ်သွားပြီ ဖြစ်ကြောင်း မိုချင်း ချက်ချင်းသိရှိသွားသည်။
"လင်းပုယန်...မင်း ဒီကိစ္စအတွက် နောင်တရစေရမယ်.."
မိုချင်းသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏မျက်လုံးများထဲတွင် နာကျည်းမုန်းတီးမှုများ ပြည့်နှက်နေသည်။
"နောင်တလား... မင်းက အစကတည်းက အဲ့ဒီနေရာ အသုံးမကျဘူးလေ.. အခု အဲ့ဒါက တရားဝင် ဖြစ်သွားရုံပဲ"
ကျန်းရွှမ်က ခနဲ့တဲ့တဲ့ပြုံးလိုက်ပြီး မိုချင်းအား သူ၏ပခုံးဖြင့် ဝင်တိုက်လိုက်၏။
အနီးကပ်တိုက်ပွဲတွင် မိုတောက်နည်းစနစ်များသည် စွမ်းအားလျော့နည်းသွားသဖြင့် ကျန်းရွှမ်က ဤအားနည်းချက်ကို ကောင်းစွာ အသုံးချလိုက်သည်။ သူ၏ မရပ်မနား တိုက်ခိုက်မှုသည် မိုချင်းအား လွှမ်းမိုးသွားခဲ့သည်။ မိုချင်းသည် သူ ပို၍ပို၍ရှုံးနိမ့်လာသည်ကို တွေ့ရှိမိလေ၏။
တိကျသောတိုက်ခိုက်မှုတစ်ခုဖြင့် ကျန်းရွှမ်သည် လက်ချောင်းနှစ်ချောင်းကို ရှေ့သို့ထိုးစိုက်လိုက်ပြီး ဓားချီကို မိုချင်း၏မျက်လုံးများဆီသို့ ပစ်လွှတ်လိုက်သည်။ မိုချင်းသည် ထိတ်လန့်တုန်လှုပ်သွားကာ ထိုဓားချီကို တားဆီးရန် သူ၏ ဓားမကြီးကို မြှောက်လိုက်သော်လည်း သူ၏ကြိုးပမ်းမှုသည် အရာမထင်ခဲ့ချေ။ ကျန်းရွှမ်သည် မိုချင်း၏လက်ထဲမှ မိုတောက်ဓားမကြီးကို ဆွဲယူလိုက်ပြီး သူ၏ပခုံးဖြင့် မိုချင်း၏ ရင်ဘတ်ကို ဝင်ဆောင့်လိုက်သည်။
ဘုန်း...
မိုချင်းသည် လွင့်ထွက်သွားပြီး နံရံကို ဆောင့်မိကာ ကြီးမားသောချိုင့်ကြီးတစ်ခုကို ချန်ထားခဲ့သည်။
အသက်ငါးရှိုက်စာအချိန်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော ထိပ်သီးကျင့်ကြံသူနှစ်ဦးသည် ရှုံးနိမ့်သွားခဲ့ပြီး သူတို့နှစ်ဦးလုံး ဒဏ်ရာအပြင်းအထန်ရသွားကြသည်။
"ဒါဆိုရင် ဒါက ကြယ်စင်မြစ်နယ်ပယ် ကျင့်ကြံသူဆိုတာလား... သနားဖို့ ကောင်းလိုက်တာ"
ကျန်းရွှမ်က မထီမဲ့မြင်ပြုလိုက်ပြီး မိုချင်းဆီသို့ လျှောက်လှမ်းသွားလိုက်သည်။ ထို့နောက် သူ၏ ခြေထောက်ကို မိုချင်း၏မျက်နှာပေါ်သို့ တင်လိုက်၏။
"လင်းပုယန်... မင်း ငါ့ကို အရှက်ခွဲရဲတာလား"
မိုချင်းသည် မတ်တတ်ထရပ်ရန် ကြိုးစားရင်း ဒေါသထွက်နေသော်လည်း သူ၏ လည်ပင်းမှ မိုတောက်ဓားမကြီး၏ အေးစက်စက်ဓားသွားကို ခံစားမိသည့်အချိန်တွင် သူ ကြက်သေသေသွားသည်။
"မင်း ဘာလုပ်နေတာလဲ"
မြေကြီးထဲမှ သူကိုယ့်သူ လွတ်မြောက်အောင် ရုန်းထွက်ခဲ့ရသော ဟန်ရှောင်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"သူက ငါ့ကို သတ်ဖို့ ကြိုးစားခဲ့တယ်... ဒါကြောင့် ငါလဲသူ့ကို သတ်မယ်... မျှတတယ် မဟုတ်လား"
ကျန်းရွှမ်သည် ဂရုမစိုက်သကဲ့သို့ တုံ့ပြန်အဖြေပေးပြီး မိုတောက်ဓားမကြီးပေါ်မှ သူ၏ ဆုပ်ကိုင်ထားမှုကို အားစိုက်လိုက်သည်။
"ရပ်လိုက်ပါတော့... အကြီးအကဲမိုချင်းက မင်းရဲ့ စီနီယာအစ်ကိုဖြစ်ရုံတင် မကဘူး... သူက ကျိုးယီအင်ပါယာရဲ့ ကံကြမ္မာခန်းမက အကြီးအကဲတစ်ယောက်... သူ့ကို သတ်တာက မင်းအတွက် ပျက်စီးခြင်းပဲ ဖြစ်စေလိမ့်မယ်" ဟန်ရှောင်က တောင်းပန်လိုက်သည်။
"ဟုတ်တယ်... မင်း ငါ့ကို ထိခိုက်အောင် လုပ်ရင်... ငါ့ရဲ့ဆရာက ချက်ချင်းသိသွားပြီးတော့ မင်းကို တစစီကြေမွှသွားအောင် လုပ်လိမ့်မယ်"
မိုချင်းသည် သူ၏ယုံကြည်မှုရှိနေသဖြင့် ထိတ်လန့်တုန်လှုပ်နေသည့်တိုင် ခြိမ်းခြောက်လိုက်၏။
"မင်းရဲ့ဆရာက သိသွားမှာလား..."
ကျန်းရွှမ်က မျက်ခုံးပင့်လိုက်သည်။
"အမှန်ပဲ... သူ့ရဲ့တိုက်ရိုက်တပည့်တစ်ယောက်အနေနဲ့ ငါ့မှာ သူနဲ့ ထူးခြားတဲ့ အဆက်အသွယ် ရှိတယ်... ငါ သေသွားရင် သူ ချက်ချင်း ခံစားမိလိမ့်မယ်"
"ငါကရော... မင်း ငါ့ကို သတ်ရင်... သူ သိသွားမှာလား"
"မသိဘူး... မင်းက ဂိုဏ်းကနေ နှင်ထုတ်ခံထားရတာ ကြာပြီ... အဲ့ဒီပတ်သက်မှုက ဖြတ်တောက်ခံထားရတယ်"
မိုချင်းက ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။
ကျန်းရွှမ်က အေးစက်စက်အပြုံးနှင့် တုံ့ပြန်လိုက်၏။
"သူ သိတော့ ပိုကောင်းတာပေါ့"
လျင်မြန်သောလှုပ်ရှားမှုနှင့်အတူ မိုတောက်ဓားမကြီးသည် မိုချင်း၏လည်ပင်းကို ဖြတ်သန်းသွားသည်။
"အကျဉ်းသားတစ်ယောက် ဖြစ်နေမှတော့... ဘယ်အချိန်မှာ ပါးစပ်ပိတ်ထားရမလဲဆိုတာ မင်း သိခဲ့သင့်တယ်"
မိုချင်း၏ဖြတ်တောက်ခံလိုက်ရသော ဦးခေါင်း လိမ့်သွားသည့်တိုင် ကျန်းရွှမ်၏အသံတွင် သနားသည့်အရိပ်အယောင် တစိုးတစိမျှ မပါဝင်ခဲ့ချေ။
"မင်း... အကြီးအကဲမိုချင်းကို သတ်လိုက်တာလား"
ဟန်ရှောင်၏မျက်နှာ ဖြူဖျော့သွားပြီး သူ၏ခန္ဓာကိုယ် ယိမ်းယိုင်သွားသည်။
"စကားမစပ်..."
ကျန်းရွှမ်သည် ဟန်ရှောင်ဘက်သို့ လှည့်ကြည့်လိုက်ပြီး သူ၏မျက်လုံးများသည် စူးစမ်းလိုစိတ်များဖြင့် တောက်ပနေပေ၏။
"သူ့အပေါ်မှာ ဆုကြေး ရှိခဲ့လား... ငါ အဲ့ဒါကို သွားထုတ်လို့ ရနိုင်လား"
"..."
ဟန်ရှောင်သည် လုံးလုံးလျားလျား စကားမပြောနိုင်တော့ဘဲ နေရာမှာပင် မတ်တတ်ရပ်ကာ ကြက်သေသေနေတော့သည်။