← Chapters

အလုံးစုံသိမြင်ဂိုဏ်းချုပ်၏ ထိတ်လန့်တုန်လှုပ်ခြင်း

Vol. 15 Ch. 208

အလုံးစုံသိမြင်ဂိုဏ်းချုပ်၏ ထိတ်လန့်တုန်လှုပ်ခြင်း

Vol. 15 Ch. 208

"ဒီလိုအချိန်မျိုးမှာတောင် မင်းက ဆုငွေထုတ်ဖို့ စဉ်းစားနေတုန်းလား... မိုတောက်ဂိုဏ်းက လက်စားချေမှာကို မင်း မကြောက်ဘူးလား"

"ခဏလေး.. မင်းက သူတို့ကို မင်းအစား ငါ့ကို လက်စားချေခိုင်းမလို့လား...."

"မင်းက ဆန္ဒမရှိဘူးလား..."

ကျန်းရွှမ်က မိုတောက်ဓားကို ကိုင်ဆောင်ပြီး ရှေ့သို့တိုးလိုက်သည်။ ဓားချီစွမ်းအားများသည် သူ၏နံဘေးပတ်လည်တွင် ဝေ့ဝဲနေပြီး သတ်ဖြတ်လိုခြင်း အငွေ့အသက်များကို ထုတ်လွှတ်ထားသည်။

“...”

ဟန်ရှောင်၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။

ဤလူသည် မိုချင်းကိုပင် သတ်ဝံ့သဖြင့် ဟန်ရှောင် သေချာသိလိုက်သည်မှာ အကယ်၍ သူသာ မလိုလားအပ်သော စကားတစ်ခွန်း ထပ်ပြောမိရင် သူ့ကိုလည်း သတ်ဖြတ်ပေလိမ့်မည်။

ဟန်ယွမ်မြို့မှ ကံကြမ္မာခန်းမဆောင်၏ ခန်းမသခင်တစ်ယောက်အနေဖြင့် သူသည် မည်သည့်အချိန်က ဤကဲ့သို့ ခြိမ်းခြောက်ခြင်းခံခဲ့ရဖူးသနည်း။ ဤသည်မှာ လုံးလုံးလျားလျား သည်းမခံနိုင်ဖွယ်ရာပင်။ သို့ရာတွင် သူ ငြင်းဆန်လိုက်လျှင် သူ့အား အမှန်တကယ် သတ်ဖြတ်ပေလိမ့်မည်။

ဟန်ရှောင်၏မျက်နှာ သုန်မှုန်သွားသော်လည်း သူသည် နောက်ဆုံးတွင် ဖျစ်ညှစ်ပြုံးကာ ခေါင်းညိတ်လိုက်၏။

"ငါ ဆန္ဒရှိပါတယ်...ဒုတိယခန်းမသခင်လင်း ဘာပြောပြော ငါ လုပ်ပါ့မယ်...ဒါပေမဲ့... ငါ့မှာ ကျိူးယီအင်ပါယာရဲ့ အမဲလိုက်စာရင်း မရှိဘူး...ဒါကြောင့် သူက စာရင်းဝင်မဝင်နဲ့ ဆုငွေ ဘယ်လောက်သတ်မှတ်ထားလဲဆိုတာ ငါ အတည်မပြုနိုင်ဘူး..."

"ဒါက လွယ်ပါတယ်... မင်းမှာမရှိရင် သူ့မှာရှိတယ်..."

ကျန်းရွှမ်က မိုချင်း၏အလောင်းထံသို့ ပေါ့ပေါ့ ပါးပါး လျှောက်လှမ်းသွားပြီး ရှာဖွေလိုက်သည်။ မကြာမီမှာပင် သူ မှောင်ခိုဈေးမှ ဝယ်ခဲ့သည့် စာရင်းနှင့် တစ်ပုံစံတည်းတူသော စာရင်းစာလိပ်တစ်ခုကို ဆွဲထုတ်လိုက်၏။

သူသည် ထိုအရာကို ဖြန့်လိုက်ပြီး ထူထပ်သိပ်သည်းစွာပြည့်နှက်နေသော နာမည်များကို ဖတ်လိုက်သည်။

ပထမ ကြယ်စင်မြစ်နယ်ပယ် ပါရမီရှင်စာရင်းဖြစ်ပြီး နာမည်ဆယ်ခု ပါဝင်သည်။ ထို့နောက် ကြယ်စင်မြစ်နယ်ပယ် ကျင့်ကြံသူများစာရင်း ဖြစ်ပေ၏။

အချိန်တခဏကြာမျှ ရှာဖွေပြီးနောက် ကျန်းရွှမ်သည် မိုချင်း၏အမည်ကို အဆင့်လေးရာကျော်နေရာတွင် တွေ့ရှိခဲ့ပြီး ဆုငွေသည် ရင်းမြစ်ဒင်္ဂါး သုံးသန်းတည်းသာ ဖြစ်သည်။

"နည်းလိုက်တာ..."

ကျန်းရွှမ် အံ့အားသင့်သွားသည်။

သူ၏ရှေ့က ဟန်ရှောင်ပင်လျှင် ရင်းမြစ်ဒင်္ဂါး သန်းနှစ်ရာ့နှစ်ဆယ် ဆုငွေထုတ်ခြင်း ခံထားရသည်။ မိုချင်း၏ ကြယ်စင်မြစ်နယ်ပယ် ကျင့်ကြံသူဟူသော အဆင့်အတန်းအရ ကျန်းရွှမ်က အနည်းဆုံး သန်းတစ်ရာခန့် မျှော်လင့်ထားခဲ့သည်။ ရင်းမြစ်ဒင်္ဂါသုံးသန်းဆိုသည်မှာ မဖြစ်နိုင်လောက်အောင် နိမ့်ပါးနေပေ၏။

"အမဲလိုက်စာရင်းပေါ်က ဆုငွေတွေက မြို့တစ်မြို့ချင်းစီမှာရှိတဲ့ လူတစ်ယောက်ရဲ့ အစစ်အမှန်အဆင့်အတန်းပေါ် မူတည်ပြီး သတ်မှတ်တာပါ... ဒါက လူတွေကို အကျိုးအမြတ်အတွက် လက်လွတ်စပယ် သတ်ဖြတ်နေတာကနေ တားဆီးဖို့ပဲ"

ဟန်ရှောင်က ကျန်းရွှမ်၏ဇဝေဇဝါဖြစ်နေမှုကို သတိပြုမိသည်နှင့် အလျင်အမြန်ရှင်းပြသည်။

"ဒါက အဓိပ္ပာယ်မရှိဘူး....ဒီလိုဆိုရင် လူတစ်ယောက်က နေရာဒေသကိုလိုက်ပြီး ဆုငွေက ကွာခြားချက် ကြီးမားနေမှာပေါ့...ဥပမာအနေနဲ့ မင်း ကျိုးယီအင်ပါယာကို သွားရင် မင်းက သုံးသန်းတောင် မတန်တော့ဘူးလား"

ကျန်းရွှမ်က မေးမြန်းလိုက်၏။

"ငါက ကျိုးယီအင်ပါယာကို သွားရင် ဘာမဟုတ်တဲ့သူတစ်ယောက် ဖြစ်သွားမှာပေါ့...ဒီတော့ ငါက တန်ဖိုးရှိမှာ မဟုတ်ဘူး..."

ဟန်ရှောင်က တုံ့ပြန်အဖြေပေးသည်။

"ဒါဆို... ကျိုးယီအင်ပါယာက လူတစ်ယောက်က မင်းကိုသတ်ရင် ရင်းမြစ်ဒင်္ဂါးသန်းနှစ်ရာ့နှစ်ဆယ် ဆုငွေကို ထုတ်လို့ရလား..."

ကျန်းရွှမ်က ထပ်မံ၍ စုံစမ်းလိုက်သည်။

ဟန်ရှောင်က ခေါင်းခါလိုက်၏။

"ဘယ်ရမလဲ...ငါ့ရဲ့ဆုငွေက ဟန်ယွမ်အင်ပါယာက လူတစ်ယောက်က ငါ့ကို ဒီမြို့မှာ သတ်မှပဲ အကျုံးဝင်လိမ့်မယ်...အလုံးစုံသိမြင်ဂိုဏ်းမှာ အလွဲသုံးစားမလုပ်နိုင်အောင် အထူးတွက်ချက်မှုနည်းစနစ် ရှိတယ်...တစ်ယောက်ယောက်က အဲ့ဒီနည်းစနစ်ကို လှည့်စားဖို့ ကြိုးစားရင် သူတို့က အဲ့ဒီလူကို ရှင်းလင်းဖို့အတွက် လူလွှတ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး..."

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ သုံးသန်းဆိုတော့လည်း သုံးသန်းပေါ့..."

ဟန်ရှောင်၏မျက်နှာ ရှုံမဲ့သွားပြီး အသံတုန်လာသည်။

"ငါက ဆုငွေကို ထုတ်လိုက်ရင်... မင်းက မိုချင်းအတွက် လက်စားချေဖို့ ငါ့ကို သတ်မှာတော့ မဟုတ်ဘူးမလား..."

ဤလူသည် ယခင်က ထိုကဲ့သို့ လုပ်ဆောင်ခဲ့ဖူးသည်။ သူသည် ဖုန်းကျောက်ထင်ကို သတ်ကာ လီယွဲ့အန်းကို ဆုငွေထုတ်ခိုင်းခဲ့သည်။ ထို့နောက် သူသည် လီယွဲ့အန်းကို သတ်ဖြတ်ခဲ့လေ၏။ အပြင်လူများ၏အမြင်အရ ဤသည်မှာ လင်းပုယန်သည် သေဆုံးသွားသူအတွက် လက်စားချေပေးနေသည့်အလားပင်။

ယခု အလားတူအခြေအနေမျိုးတွင် ဟန်ရှောင်သည် မိုချင်းကို သတ်ခဲ့ကြောင်း ဝန်ခံလိုက်သည်နှင့် လင်းပုယန်သည် ဂျူနီယာညီလေးတစ်ယောက်အနေဖြင့် လက်စားချေရန် သေချာပေါက် လှုပ်ရှားပေလိမ့်မည်။ ဟန်ရှောင်သည် အပြစ်သားအဖြစ် သတ်မှတ်ခံရရုံသာမက လင်းပုယန်သည်လည်း သူ၏စီနီယာအစ်ကိုအတွက် လက်စားချေပေးသည့် ဖြောင့်မတ်မှန်ကန်သော တပည့်တစ်ယောက် ဖြစ်သွားပေမည်။

"မင်းမှာ တခြားရွေးချယ်စရာ ရှိသေးတယ်လို့ မင်း ထင်နေတာလား"

ကျန်းရွှမ်က သူ့ကို အေးစက်တင်းမာစွာ ကြည့်လိုက်သည်။

ဟန်ရှောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ဤသည်မှာ အမှန်ပင်။ သူ့ထံတွင် တခြားရွေးချယ်စရာ မရှိတော့ချေ။ သူ သဘောတူရမည် သို့မဟုတ် ချက်ချင်းသေရမည်ဟူသော လမ်းကြောင်းနှစ်ခုသာ ကျန်တော့သည်။

"ကောင်းပြီလေ...ငါ လုပ်မယ်..."

အမဲလိုက်စာရင်းကို ယူလိုက်ပြီး ဟန်ရှောင်သည် မိုချင်း၏ သွေးအနှစ်သာရကို ထုတ်ယူကာ စာရင်းသွင်းရန် ပြင်ဆင်လိုက်သည်။ သို့ရာတွင် သူ၏လက်ချောင်းများဖြင့် စာရင်းကို ထိတော့မည့်ဆဲဆဲအချိန်တွင် သူက ထိုသွေးစက်ကို ကျန်းရွှမ်ထံသို့ ပစ်ခတ်လိုက်သည်။ သွေးစက်သည် လေထုအတွင်းတွင် ပေါက်ကွဲသွားပြီး ကြီးမားသောစွမ်းအားတစ်ရပ်ကို ထုတ်လွှတ်လိုက်၏။

"သေစမ်း...."

တစ်ချိန်တည်းမှာ ဟန်ရှောင်သည် ခုန်ထလိုက်ပြီး သူ၏လက်ထဲတွင် ဓားမြှောင်တစ်ချောင်း ထွက်ပေါ်လာကာ ကျန်းရွှမ်၏ရင်ဘတ်ကို တန်းတန်းမတ်မတ် ထိုးစိုက်လိုက်သည်။

ရလဒ် မည်သို့ပင်ဖြစ်စေကာမူ သူ သေဆုံးရမည်မှာ သေချာနေပုံရသည်။ ပြင်းပြင်းထန်ထန် တန်ပြန်တိုက်ခိုက်ခြင်းသည်သာ သူ အသက်ရှင်သန်ခွင့်ရမည့် တစ်ခုတည်းသော အခွင့်အရေးပင်။

သို့ရာတွင် ဓားမြှောင်ဖြစ်စေ ပေါက်ကွဲနေသော သွေးစက်ဖြစ်စေ ကျန်းရွှမ်ထံသို့ မရောက်မီမှာပင် တောက်ပသောဓားချီတစ်လှိုင်း လင်းလက်သွားသည်။

ဟန်ရှောင်သည် ဤမျှထိ လှပသော ဓားနည်းစနစ်ကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ဤသည်မှာ အရုဏ်ဦးအလင်းတန်း သို့မဟုတ် သက်တံတစ်ခု ကျဆင်းလာသကဲ့သို့ ဖြစ်ပြီး သူကို အလွန်စိတ်လှုပ်ရှားသွားစေခဲ့သည်။

ထို့နောက် အမှောင်ထုကြီး ကျရောက်လာကာ သူ၏အသိစိတ် ဝေဝါးသွားတော့သည်။

ဘုန်း...

ဟန်ရှောင်၏အသက်မဲ့ခန္ဓာကိုယ် ပြိုလဲကျသွားသည်။ သူ သေဆုံးသွားသည့်တိုင်အောင် မိုတောက်နည်းစနစ်များကြောင့် နာမည်ကျော်ကြားသော လင်းပုယန်သည် ဤမျှထိ သာလွန်ထူးကဲသော ဓားနည်းစနစ်ကို မိုတောက်နည်းစနစ်ထက် ကျော်လွန်၍ မည်သည်ကြောင့် အသုံးပြုနိုင်ခဲ့သည်အား သူ နားမလည်နိုင်ခဲ့ပေ။

"ငါ မင်းကို သတ်ဖို့ အစီအစဉ် မရှိခဲ့ဘူး..."

ကျန်းရွှမ်က ခေါင်းခါလိုက်သည်။

သူသည် အချိန်ခဏမျှ တိတ်တဆိတ်နေရန် ရည်ရွယ်ထားခဲ့သော်လည်း အခြေအနေက သူ့ကို အတင်းအပြပ် တွန်းပို့ခဲ့သည်။ သူသာ မလှုပ်ရှားခဲ့လျှင် ဟန်ရှောင်က သူ့ကို သတ်ဖြတ်ပေလိမ့်မည်။ ဤသို့ဖြစ်လာသဖြင့် သူသည် ဤကိစ္စကို ဆက်လက်၍ တွေးတောနေရန် အကြောင်းမရှိတော့ချေ။

ကျန်းရွှမ်သည် အလောင်းနှစ်လောင်းကို ရှာဖွေလိုက်ရာ ရင်းမြစ်ငွေလက်မှတ်သန်းနှစ်ဆယ် ကံကြမ္မာချပ်ပြားနှစ်ချပ်နှင့် ဆေးပုလင်းငယ် သုံးလုံးတို့ကို ထုတ်ယူလိုက်၏။

ထိုအရာအားလုံးကို ကမ္ဘာသစ်အတွင်းတွင် သိမ်းဆည်းပြီးနောက် သူသည် ဟန်ရှောင်၏ အလောင်းကိုကြည့်ကာ ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

"မင်း ငြင်းဆန်လိုက်တာနဲ့ ငါ့မှာ တခြားနည်းလမ်းမရှိတော့ဘူးလို့ မင်း ထင်နေတာလား..."

ဟန်ရှောင်၏အလောင်းပေါ်တွင် သူ၏လက်ကို တင်လိုက်ပြီးနောက် ကျန်းရွှမ်က စိတ်ဝိညာဉ်နိုးထခြင်းနည်းစနစ်ကို အသက်သွင်းလိုက်သည်။

အချိနိတခဏအကြာတွင် ဟန်ရှောင်၏ အလောင်းသည် ငုတ်တုတ်ထထိုင်လိုက်၏။

"သခင်ကြီး..."

ပြန်လည်အသက်ဝင်လာသော "ဟန်ရှောင်" က အပြုံးနှင့် နှုတ်ဆက်လေသည်။

စိတ်ဝိညာဉ်နိုးထခြင်းနည်းစနစ်ကို အသုံးပြု၍ ကျန်းရွှမ်သည် ဟန်ရှောင်၏အလောင်းကို လှုပ်ရှားစေခဲ့သည်။ ဤနည်းစနစ်၏စွမ်းဆောင်နိုင်မှုသည် အကန့်အသတ်ရှိသော်လည်း ယာယီအားဖြင့် ဟန်ရှောင်အဖြစ် အယောင်ဆောင်နိုင်ပေမည်။

"ကောင်းပြီလေ...မင်း မိုချင်းကို သတ်ခဲ့တယ်လို့ ပြောပြီး ဆုငွေကို ထုတ်လိုက်တော့"

ကျန်းရွှမ်က ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့...."

ဟန်ရှောင်က ခေါင်းညိတ်ပြပြီးနောက် အမဲလိုက်စာရင်းကိုယူကာ လုပ်ဆောင်ရမည့်ကိစ္စများကို အလျင်အမြန် လုပ်လိုက်သည်။ မကြာမီမှာပင် သူသည် ရင်းမြစ်ဒင်္ဂါးသုံးသန်းဆုငွေကို လက်ခံရရှိခဲ့သည်။

ဤဆုငွေသည် များများစားစား မဟုတ်သော်လည်း ဤငွေလွှဲပြောင်းမှုမှတဆင့် ရှင်းလင်းသော သတင်းစကားတစ်ခုကို ထုတ်ပြန်ကြေငြာနိုင်ခဲ့သည်။

မိုချင်း၏သေဆုံးမှုသည် ကျန်းရွှမ်နှင့် မည်သို့မျှ မသက်ဆိုင်ချေ။

"သခင်လေး....အလုံးစုံသိမြင်ဂိုဏ်းခေါင်းချုပ် ယွဲ့လုံရှောင်က သခင်လေးကို တွေ့ဖို့ ရောက်နေပါတယ်"

စွန်းချန်က အခန်းအတွင်းသို့ဝင်လာပြီး သတင်းပို့သည်။

"သူလား...ဘာလို့ သူက ဒီနေရာကို ရောက်လာတာလဲ"

ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်ပြီး မိုချင်း၏ ခေါင်းပြတ်နေသောအလောင်းကို လှမ်းကြည့်လိုက်သည်။ သူသည် အချိန်တခဏကြာမျှ စဥ်းစားပြီးနောက် သူသည် ထိုအလောင်းပေါ်သို့ သူ၏လက်ကို တင်လိုက်၏။

မကြာမီမှာပင် ပြန်လည်အသက်ဝင်လာသော "မိုချင်း" သည် သူ၏ခေါင်းကို ကောက်ယူပြီး လည်ပင်းပေါ်သို့ ပြန်တပ်လိုက်သည်။ ဖြတ်တောက်ခံထားရသောနေရာနှင့် သွေးစွန်းကွက်များကို မြင်နိုင်သော်လည်း သူ အလွန်အကျွံ မလှုပ်ရှားသရွေ့ ထိုခေါင်းသည် နေရာတကျ ရှိနေပေမည်။

"ကောင်းပြီလေ မင်းတို့နှစ်ယောက် ဒီနေရာမှာ နေခဲ့အုံး...ငါက ဂိုဏ်းချုပ်ယွဲ့က ဘာလိုချင်တာလဲဆိုတာ သွားကြည့်လိုက်အုံးမယ်"

ကျန်းရွှမ် ပြင်ပသို့ ထွက်လိုက်သည်နှင့် စိုးရိမ်သောကရောက်နေသော မျက်နှာဖြင့် သူ့ထံသို့ အလျင်အမြန် ပြေးလာနေသော ယွဲ့လုံရှောင်ကို တွေ့လိုက်ရသည်။

ယွဲ့လုံရှောင်သည် ဟန်ရှောင်က ရှဲ့ဖုန်းမှတစ်ဆင့် ပေးပို့သော သတင်းစကားကို ရရှိပြီးနောက် အလျင်အမြန် ရောက်လာခဲ့သည်။ သူက မိုချင်းသည် သူ၏အဆင့်အတန်းနှင့်စွမ်းအားကို အသုံးပြု၍ သူတို့ သိမ်းသွင်းလိုသော ပါရမီရှင်များကို လာရောက်ခေါ်ဆောင်သွားမည်အား စိုးရိမ်နေသည်။

သူသည် တံခါးဝတွင် ရပ်တန့်လိုက်ပြီး အခန်းအတွင်းသို့ ချောင်းကြည့်လိုက်၏။

ဟန်ရှောင်သည် တစ်ဖက်တွင် မတ်မတ်ထိုင်နေပြီး သူ ဝင်လာချိန်၌ နှုတ်ဆက်ရန် မတ်တတ်ထရပ်လိုက်သည်။ တခြားတစ်ဖက်တွင် မိုတောက်ဓားကို ကိုင်ထားသော သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က တည်ငြိမ်သောအမူအယာဖြင့် ထိုင်နေသည်။ ဤလူသည် မိုချင်း ဖြစ်သည်မှာ သိသာထင်ရှားလှ၏။

တစ်ချက်ကြည့်လိုက်လျှင် အရာအားလုံး ငြိမ်းချမ်းနေပုံရပြီး နှစ်ဖက်လုံး သင့်မြတ်နေပုံရသည်။ သို့ရာတွင် နံရံများနှင့်ကြမ်းပြင်ကမူ မတူညီသော ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြနေသည်။ ကြမ်းပြင်ပေါ်ရှိ အပေါက်ကြီးတစ်ခုနှင့်သွေးစွန်းကွက်များက ဤနေရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့မှုကို အရိပ်အမြွက်ပြသနေပေ၏။

"သူတို့က တိုက်ခိုက်ပြီးသွားပြီလား"

ယွဲ့လုံရှောင်၏စိတ်နှလုံးသား လေးလံသွားသည်။

သူသည် ဤကဲ့သို့ဖြစ်ခွင့် မပြုနိုင်ချေ။ အကယ်၍ မိုချင်းသည် လင်းပုယန်ကို အတင်းအဓမ္မ အကျပ်ကိုင်ခဲ့ပါက အခြေအနေသည် သူ၏ထိန်းချုပ်နိုင်မှုထက် ကျော်လွန်သွားနိုင်ခြေရှိသည်။

သူ၏အကြည့်သည် မိုချင်းထံသို့ ရွှေ့ပြောင်းသွားပြီး သဲလွန်စတစ်ခုခု ရရှိရန် ကြိုးစားလိုက်၏။ သူ ထိတ်လန့်တုန်လှုပ်သွားရသည်မှာ ကြယ်စင်မြစ်နယ်ပယ် ကျင့်ကြံသူက လက်ဖက်ရည်ခွက်ကို သူ၏ နှုတ်ခမ်းဆီသို့ ပေါ့ပေါ့ပါးပါး မြှောက်လိုက်သည်ကို မြင်လိုက်ရခြင်းပင်။

သို့ရာတွင် နောက်ထပ်အချိန်တခဏ၌ ရေများသည် မိုချင်း၏လည်ပင်းရှိ မသဲမကွဲအက်ကွဲကြောင်းမှ ယိုစိမ့်ထွက်လာသည်...

".....”

ယွဲ့လုံရှောင်သည် ကြက်သေသေသွားကာ သူ၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။

ဤအချိန်တွင် ကျိုးယီအင်ပါယာရှိ မိုတောက်ဂိုဏ်း၌ ဂိုဏ်းချုပ်မိုပိုင်ယဲ့သည် သူ၏အခန်းအတွင်းတွင် ပလ္လင်ခွေထိုင်ကာ ကျင့်ကြံခြင်း၌ အာရုံစိုက်နေသည်။ ရုတ််တရက် သူ၏အာရုံစူးစိုက်မှု ပျက်စီးသွားပြီး သူ သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။

"ဒါက...."

သူ၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး အထိန်းအကွပ်မဲ့စွာ တုန်ရီလာပေ၏။

ဤသည်မှာ တိုက်ရိုက်တပည့်တစ်ဦး သေဆုံးခြင်းနှင့် ဆက်စပ်နေသော ကံကြမ္မာလမ်းစဉ် ဖြတ်တောက်ခံရခြင်း၏ တန်ပြန်သက်ရောက်မှုပင်။

"မိုချင်း သေသွားပြီလား..."

မိုပိုင်ယဲ့က သူ၏လက်သီးကို အလိုအလျောက် တင်းတင်းကြပ်ကြပ် ဆုပ်မိသွားသည်။ အချိန်ကို တွက်ဆကြည့်လျှင် မိုချင်းသည် ဟန်ယွမ်မြို့သို့ မကြာသေးမီကမှ ရောက်ရှိခဲ့ပေမည်။ သို့ရာတွင် ယခုချိန်၌ သူ အသတ်ခံလိုက်ရပြီ။

"ဘယ်သူက ငါ့ရဲ့တပည့်ကို သတ်ရဲတာလဲ"

မိုပိုင်ယဲ့သည် မတ်တတ်ထရပ်လိုက်ပြီး အခန်းထဲမှ ဒေါသတကြီး ထွက်လာသည်။

"ချက်ချင်း စုံစမ်းစမ်း..မိုချင်း ဘာဖြစ်သွားတာလဲဆိုတာ ငါ သိချင်တယ်..."

မကြာမီမှာပင် တပည့်တစ်ဦးက ထိတ်လန့်တကြား ပြေးဝင်လာသည်။

"ဂိုဏ်းချုပ်...ကျိုးယီမြို့ရဲ့ အလုံးစုံသိမြင်ဂိုဏ်းဆီကနေ သတင်းရပါပြီ...မိုချင်းကို ဟန်ယွမ်မြို့ ကံကြမ္မာခန်းမဆောင်ရဲ့ ခန်းမသခင်ဟန်ရှောင်က သတ်လိုက်တာပါ...ဟန်ရှောင်က ဆုငွေကိုတောင် ထုတ်ယူသွားပါပြီ..."

"ဟန်ရှောင် ဟုတ်လား...မြို့ငယ်လေးတစ်မြို့ရဲ့ ခန်းမသခင်လေးက ငါ့တပည့်ကို သတ်ရဲတယ်ပေါ့...ဘယ်သူက သူ့ကို ဒီလိုသတ္တိမျိုး ပေးလိုက်တာလဲ"

မိုပိုင်ယဲ့၏မျက်နှာ မည်းမှောင်သွားသည်။

ကံကြမ္မာခန်းမဆောင်များ၏ဖွဲ့စည်းမှုတွင် မိုတောက်ကံကြမ္မာ၏ တည်ထောင်သူအနေဖြင့် မိုပိုင်ယဲ့သည် ကျိုးယီအင်ပါယာ၏ကံကြမ္မာခန်းမဆောင်တွင် ဒုတိယခန်းမသခင်အဖြစ် ထင်ရှားသောနေရာ၌ ရှိနေသည်။ သူ၏ သြဇာအာဏာသည် ပြိုင်ဘက်ကင်းလုနီးပါးဖြစ်ပင်ဖြစ်၏ ဟန်ယွမ်မြို့မှ တစ်စုံတစ်ယောက်ကို မဆိုထားနှင့် ခန်းမခွဲတစ်ခုမှ အကြီးအကဲတစ်ဦးကို သတ်ဖြတ်လိုက်လျှင်ပင် သူ့အတွက် အသေးအမွှားကိစ္စတစ်ရပ်သာ ဖြစ်ပေ၏။

ဤကဲ့သို့ နိမ့်ကျသည့် ခန်းမသခင်တစ်ဦးသည် သူ၏တပည့်ကို သတ်ဖြတ်ပြီး ဆုငွေကို ထုတ်ယူသွားခြင်းသည် သူ့ကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်ခြင်းပင်။

"မင်ကျန်းတောက်...."

မိုပိုင်ယဲ့က ခေါ်လိုက်သည်။

ပိန်လှီလှီလူတစ်ဦးသည် ရှေ့သို့ထွက်လာပြီး ရိုသေလေးစားစွာ ဦးညွှတ်လိုက်၏။

"ဂိုဏ်းချုပ်...."

"ဟန်ယွမ်မြို့ကို သွားပြီးတော့ မိုချင်း ဘာဖြစ်ခဲ့တာလဲဆိုတာ စုံစမ်းစစ်ဆေးစမ်း...ဟန်ရှောင်က သူ့ကို အကြောင်းအရင်း ရေရေရာရာမရှိဘဲ သတ်ခဲ့ရင် သူ့ရဲ့ခေါင်းကို ယူခဲ့....မိုချင်းက မတော်မတရား လုပ်ခဲ့တာဆိုရင် ဟန်ယွမ်မြို့မှာ ဒီအကြောင်း သိတဲ့လူတိုင်းကို သတ်ပစ်လိုက်စမ်း...သက်သေတစ်ယောက်မှ မကျန်စေနဲ့"

"နားလည်ပါပြီ.... ဒါပေမဲ့ လင်းပုယန်က ဒီအကြောင်းကို သိနေရင် ဘယ်လိုလုပ်မလဲ"

မင်ကျန်းတောက်က မေးမြန်းသည်။

မိုပိုင်ယဲ့၏အကြည့် အေးစက်တင်းမာသွားသည်။

"ငါပြောပြီးပြီ...သက်သေတစ်ယောက်မှ မကျန်စေနဲ့လို့...အကုန်လုံးကို သတ်ပစ်စမ်း..."

"ဟုတ်ကဲ့..."

မင်ကျန်းတောက်က ခေါင်းညိတ်ပြကာ အချိန်တခဏမျှ ရပ်တန့်ပြီးနောက် ဆက်လက်၍ပြောဆိုသည်။

"ဂိုဏ်းချုပ်...ကျွန်တော်တို့ ကံကြမ္မာခန်းမဆောင်က ခန်းမခွဲတစ်ခုလုံးကို သတ်ဖြတ်လိုက်ရင် မလိုလားအပ်တဲ့ အာရုံစိုက်မှုတွေ ရောက်လာနိုင်တယ်..."

မိုပိုင်ယဲ့က လှောင်ပြောင်ရယ်မောလိုက်၏။

"အဲ့ဒီနယ်မြေမှာ ဖရိုဖရဲကံကြမ္မာကျင့်ကြံသူတစ်ယောက် လှုပ်ရှားနေတာ မဟုတ်ဘူးလား... အပြစ်တွေအားလုံးကို သူ့အပေါ် ပုံချလိုက်လေ..."

"ကျွန်တော် နားလည်ပါပြီ...ဒီတပည့်က ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းလိုက်ပါ့မယ်..."

မင်ကျန်းတောက်က ထိုစကားကိုပြောဆိုရင်း နောက်သို့ချာခနဲလှည့်ကာ ထွက်ခွာသွားတော့သည်။

All Chapters