မိန်းကလေးတစ်ဦး အလည်အပတ် ရောက်လာခြင်း
Vol. 15 Ch. 209
"ငါက စီနီယာအစ်ကိုကြီးကို မတွေ့တာကြာလို့ သူနဲ့လက်ရည်စမ်းကြည့်ချင်တာကို မတားနိုင်ခဲ့ဘူး.....အခန်းက နည်းနည်း ရှုပ်ပွသွားတယ်.. မင်း စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်..."
ယွဲ့လုံရှောင်သည် ထိတ်လန့်တုန်လှုပ်နေရာမှ အသိပြန်ဝင်မလာသေးမီမှာပင် လင်းပုယန်၏ အသံကို ကြားလိုက်ရသည်။
သူ လှည့်ကြည့်လိုက်ရာ အခန်း၏အလယ်တွင် မတ်တတ်ရပ်နေသော ဒုတိယခန်းမသခင်လင်း၏မျက်နှာပေါ်၌ အပြုံးတစ်ခုကို မြင်တွေ့လိုက်ရသည်။
ယွဲ့လုံရှောင် နားလည်သဘောပေါက်သွားသည်။ သူသည် မိုချင်းကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီး မည်သည်ကြောင့် "ယိုစိမ့်" နေသည်ကို နားလည်နိုင်ရန် ကြိုးစားလိုက်၏။ ထိုအချိန်မှာပင် မြင်းတစ်ကောင်သည် မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိရဘဲ သူ၏အမြင်အာရုံကို ကာဆီးလိုက်သည်။ မြင်း၏ခြေတစ်ဖက်သည် အဝတ်စတစ်စကို ကိုင်ထားပြီး တခြားတစ်ဖက်ဖြင့် လက်ဖက်ရည်အိုးတစ်လုံးကို ကိုင်ထားသည်။ မြင်း၏ကြီးမားသောမျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေကာ သူ့ကို ပြုံးပြနေလေ၏။
“...”
ယွဲ့လုံရှောင်၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။
သူ အမြင်မှားနေခြင်း ဖြစ်ပေမည်။ မြင်းတစ်ကောင်သည် မည်သည်ကြောင့် လက်ဖက်ရည် လာချပေးပြီး သန့်ရှင်းရေး လုပ်နိုင်မည်နည်း။
"ငါတို့ ခုလေးတင် လမ်းခွဲခဲ့ကြတာ မဟုတ်ဘူးလား....အရှင်ယွဲ့ က ဘာလို့ ဒီနေရာကို ရောက်လာတာလဲ"
ကျန်းရွှမ်က ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
"အဲ့ဒါက ဒုတိယခန်းမသခင်လင်းက သုံးရက်လို့ ပြောခဲ့ပေမယ့် ငါက ဒါကို အရမ်းကြာတယ်လို့ ခံစားရလို့ပါ...ရှုပ်ထွေးမှုတွေ မဖြစ်အောင်လို့ ငါက မင်းနဲ့ ဒီကိစ္စတွေကို ထပ်ပြီးဆွေးနွေးချင်တယ်..."
ယွဲ့လုံရှောင်က အလျင်အမြန် ရှင်းပြသည်။
ရှဲ့ဖုန်းထံမှ သတင်းစကားကို ရရှိပြီးနောက် သူသည် အနားမယူဘဲ အလျင်အမြန် ထွက်လာခဲ့သည်။ ထိုပါရမီရှင်သုံးဦးနှင့် ပတ်သက်သော ကိစ္စများသည် သူကို အချိန်တခဏမျှပင် စိတ်အေးလက်အေးနေခွင့် မပြုနိုင်လောက်အောင်အထိ အလွန်ကြီးမားပေ၏။
"ဟူး...ငါလည်း ဒါကို ဆွေးနွေးဖို့ စဉ်းစားမိတယ်...ဒါပေမဲ့ ငါ့ရဲ့စီနီယာအစ်ကို ရောက်လာပြီးတော့ ဒီပါရမီရှင်တွေကို ခေါ်သွားဖို့ သူ စိတ်ဝင်စားတယ်လို့ ပြောခဲ့တယ်...သူက ငါ မငြင်းဆန်နိုင်တဲ့ ဈေးနှုန်းတစ်ခုနဲ့တောင် ကမ်းလှမ်းခဲ့တယ်..."
ကျန်းရွှမ်က စိတ်အနှောင့်အယှက်ဖြစ်ဆောင်၍ ပြောဆိုလိုက်သည်။
ဤစကားကိုကြားချိန်၌ ယွဲ့လုံရှောင်၏စိတ်နှလုံးသား လေးလံသွားသည်။ သူသည် မိုချင်းထံသို့ လျင်မြန်စွာ လှည့်ကြည့်လိုက်၏။ မြင်းသည် သူ၏အမြင်အာရုံကို ပိတ်ဆို့မထားတော့သဖြင့် ကျိုးယီမြို့မှအကြီးအကဲသည် သူ၏ထိုင်ခုံတွင် တည်ငြိမ်စွာထိုင်နေပြီး မျက်လုံးစုံမှိတ်ထားကာ မျက်နှာပေါ်တွင် မည်သည့်အမူအယာမျှ မရှိသည်ကို တွေ့လိုက်ရသည်။ သူ့ကိုကြည့်ရသဘ်မှာ နားလည်ရခက်ပြီး လေးစာကြည်ညိုဖွယ် ကောင်းပုံပင်။
'သူက ကြယ်စင်မြစ်နယ်ပယ်က ထိပ်သီးကျင့်ကြံသူ ဖြစ်နေတာ မဆန်းတော့ဘူး.. သူ့ရဲ့ အရှိန်အဝါနဲ့ ကျင့်ကြံမှုကို ငါ ထွင်းဖောက်မမြင်နိုင်ရုံတင်မကဘူး ငါက သူ့ရဲ့အသက်ရှူသံ ဒါမှမဟုတ် နှလုံးခုန်သံကိုတောင်မှ အာရုံမခံနိုင်ဘူး....ဒီလိုအစွမ်းအစက မယုံနိုင်စရာပဲ"
ယွဲ့လုံရှောင် ပို၍ပင် သတိထားလိုက်သည်။
ဟန်ယွမ်မြို့တွင် ဧကရာဇ်ဟန်ချန်ချောင်မှလွဲ၍ သူသည် တခြားမည်သူ့ကိုမျှ မကြောက်ရွံချေ။ သို့ရာတွင် ကံကြမ္မာနှင့်ဆက်စပ်သော တိုက်ခိုက်ရေးပညာရပ်များတွင် ထူးချွန်သည့် ကြယ်စင်မြစ်နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရချိန်၌ သူ အနည်းငယ် ထိတ်လန့်တုန်လှုပ်မိသည်။
ထို့ထက်ပိုအရေးကြီးသည်မှာ ထိုလူသည် ယွဲ့လုံရှောင်၏ကျင့်ကြံမှုဆင့်ကို လွယ်လင့်တကူ ပိုင်းခြားသိမြင်နိုင်သော်လည်း သူကမူ ထိုလူ မည်သည့်အချိန်၌ အသက်ရှူသည်ကိုပင် မပြောနိုင်ချေ။ ဤသည်မှာ လျစ်လျူရှု၍မရလောက်အောင် ကြီးမားသော အစွမ်းအစကွာဟချက်ပင်။
ယွဲ့လုံရှောင်က အသက်ပြင်းပြင်းရှိုက်ပြီး အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။
"အရာအားလုံးက ညှိနှိုင်းလို့ ရပါတယ်...ဒုတိယခန်းမသခင်လင်းက အမြင့်ဆုံးစျေးနှုန်းပေးတဲ့သူ အနိုင်ရမယ်လို့ ပြောခဲ့တယ်...ဒီလိုဆိုရင် ငါတို့အချင်းချင်း ဈေးပြိုင်လို့ ရတယ်...မိုတောက်ဂိုဏ်းက အားကောင်းတယ်ဆိုပေမဲ့ ငါတို့ အလုံးစုံသိမြင်ဂိုဏ်းနဲ့ နှိုင်းယှဉ်ရင် သူတို့က အများကြီး နိမ့်ကျတယ်..."
ထိုအင်အားစုနှစ်စုလုံးကို "ဂိုဏ်း" ဟု သတ်မှတ်ထားသော်လည်း အလုံးစုံသိမြင်ဂိုဏ်းသည် ရင်းမြစ်ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံထားပြီး ပညာရှင်များဖြင့် ပြည့်နှက်နေသည်။ သူတို့ထံတွင် ကြယ်ခုနစ်ပွင့်အထက် ကံကြမ္မာဆရာသခင်များ မရေမတွက်နိုင်အောင် ရှိနေပြီး မိုတောက်ဂိုဏ်း၏ အားအကောင်းဆုံးပုဂ္ဂိုလ် မိုပိုင်ယဲ့သည် ကြယ်သုံးပွင့်အဆင့် ကံကြမ္မာဆရာသခင်တစ်ဦးမျှသာ ဖြစ်သည်။
ဤကွာခြားချက်သည် ကြီးမားပေ၏။
ယွဲ့လုံရှောင်းသည် သူ့ထံ၌ အစွမ်းအစမရှိသော်လည်း သူ၏စကားများသည် တစ်ဖက်လူကို ခြိမ်းခြောက်နိုင်မည်ဟု မျှော်လင့်ခဲ့သည်။ စကားပြောဆိုပြီးနောက် သူသည် မိုချင်းကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။ မိုချင်းသည် မျက်လုံးစုံမှိတ်ထားကာ မလှုပ်မယှက် ရှိနေဆဲဖြစ်ပြီး မည်သည့်အရာကိုမျှ မကြားသည့်အလားပင်။
မည်သည့်အရာကိုမျှ တုန်လှုပ်ခြင်းမရှိသော အလွန်အမင်းတည်ငြိမ်သည့် စိတ်နှလုံးသားရှိသူ... ဤသည်မှာ အမှန်တကယ်ကို ထူးကဲသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ ကိုင်တွယ်ရန် ခက်ခဲသော ပြိုင်ဘက်တစ်ဦးပင်။
"ဒုတိယခန်းမသခင်လင်း... မင်းရဲ့ သဘောထားကရော ဘယ်လိုလဲ"
ယွဲ့လုံရှောင်က သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး ပြောဆိုလိုက်သည်။
"ငါ..."
ကျန်းရွှမ်သည် တွေဝေသွားပြီး အနီးရှိ မိုချင်းကို ကြည့်လိုက်၏။
"စီနီယာအစ်ကို....မင်း ဘယ်လိုသဘောရလဲ"
"ဟမ့်...ဈေးပြိုင်တာကို ငါ လက်ခံနိုင်တယ်.... ဒါပေမဲ့ ရင်းမြစ်ရေအိုင်နယ်ပယ် ကျင့်ကြံသူလေးတွေက အရည်အချင်းမမီဘူး...မင်းတို့ဘက်က အရည်အချင်းရှိတဲ့ တစ်ယောက်ယောက်ကို ငါနဲ့ ညှိနှိုင်းဖို့ လွှတ်လိုက်စမ်း"
မိုချင်းက နှာတစ်ချက်မှုတ်ပြီး တုံ့ပြန်သည်။
သူ၏အသံသည် စူးရှနေကာ အနည်းငယ်မျှ လှုပ်ရှားလိုက်လျှင်ပင် သူ၏ခေါင်း ပြုတ်ကျသွားနိုင်သည်ဟူသော ခံစားချက်ကို ပေးစွမ်းနေသည်။
"ကောင်းပြီလေ"
ယွဲ့လုံရှောင်က သက်ပြင်းချလိုက်သည်။
"ဒါပေမဲ့ အရှင်မိုချင်းကို ခဏလောက် စောင့်ဆိုင်းဖို့ အနှောင့်အယှက်ပေးရလိမ့်မယ်... အလုံးစုံသိမြင်ဂိုဏ်းရဲ့ဌာနချုပ်က တစ်ယောက်ယောက် လာနေပါပြီ... သူတို့ ဘယ်အချိန်ရောက်မလဲဆိုတာ ငါ သေချာမသိပေမယ့် မနက်ဖြန်ထက်တော့ နောက်ကျမှာ မဟုတ်ပါဘူး"
ဌာနချုပ်မှသတင်းစကားတွင် မည်သူလာမည် သို့မဟုတ် ထိုလူ၏ကျင့်ကြံဆင့်ကို ထည့်သွင်းဖော်ပြမထားချေ။
"ငါ မလောပါဘူး"
မိုချင်းက ခပ်ပြတ်ပြန်လေသံဖြင့် ပြန်ဖြေပြီးနောက် မည်သည့်စကားမျှ မပြောတော့ချေ။
အခန်းတစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ယွဲ့လုံရှောင်သည် အနေရခက်နေကာ နေရာမှာပင် မတ်တတ်ရပ်နေပြီး ဆက်နေရမည် သို့မဟုတ် ထွက်သွားရမည်ကို ဇဝေဇဝါဖြစ်နေသည်။
သူ မသိသည်မှာ သူ၏ရှေ့တွင် ထိုင်နေသော မိုချင်းသည် သေဆုံးသွားပြီးဖြစ်ကြောင်းနှင့် မိုချင်း၏သေဆုံးမှုကို ကျိုးယီအင်ပါယာရှိ အမဲလိုက်စာရင်းတွင် မှတ်တမ်းတင်ထားပြီးဖြစ်ကြောင်းတို့ကိုပင်။ သို့ရာတွင် ဤသတင်းအချက်အလက်သည် ဟန်ယွမ်မြို့သို့ မရောက်ရှိသေးချေ။
"ဒီလိုဆိုရင် အရှင်ယွဲ့...လောလောဆယ် မင်း ပြန်ပြီးအနားယူလိုက်ပါလား...မင်းရဲ့လူတွေ ရောက်လာတဲ့အချိန်ကျရင် ငါတို့ လေလံပွဲကို ဆက်လုပ်ကြတာပေါ့"
ကျန်းရွှမ်က ဤနေရာကို ရှင်းလင်းလိုသော မျှော်လင့်ချက်ဖြင့် အကြံပြုလိုက်သည်။
အခန်းသည် ရှုပ်ပွနေပြီဖြစ်ပြီး သူ၏ "စီနီယာအစ်ကို" ကို ကိုင်တွယ်ရန် အချိန်လိုအပ်နေသည်။ ထိုသို့မဟုတ်ပါက စကားပြောဆိုနေစဉ်အတွင်း မိုချင်း၏ခေါင်း ပြုတ်ကျသွားလျှင် ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်ရန် အကြောင်းမရှိနိုင်တော့ချေ။
"မလိုတော့ဘူး...ငါ ဒီမှာပဲ နေမယ်...ဒါက တစ်ရက် နှစ်ရက်ပဲလေ...ဒုတိယခန်းမသခင်လင်းက ငါ ရှိနေတာကို စိတ်ထဲထားမှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်"
ယွဲ့လုံရှောင်က အခိုင်အမာ ပြောဆိုသည်။
မိုချင်း၏ရည်ရွယ်ချက်များကို မသိရသဖြင့် သူသည် ဤနေရာတွင် ဆက်နေရန် ဆုံးဖြတ်လိုက်၏။ အကယ်၍ သူ ထွက်သွားပါက တစ်ဖက်လူသည် ပါရမီရှင်များကို ခေါ်ယူပြီး ပျောက်ကွယ်သွားနိုင်သည်။ ထိုအချိန်ကျပါက သူသည် ငိုယိုရုံမှတစ်ပါး တခြားနည်းလမ်း မရှိနိုင်တော့ချေ။
သူတို့သည် ကျိုးယီအင်ပါယာနှင့် မိုတောက်ဂိုဏ်းသို့ ပြန်သွားပါက အလုံးစုံသိမြင်ဂိုဏ်းမှ ခြေရာခံ၍ စီမံခန့်ခွဲနိုင်သည်။ သို့ရာတွင် သူတို့ လုံးလုံးလျားလျား ပျောက်ကွယ်သွားပါက ဌာနချုပ်မှပညာရှင်များပင်လျှင် ကုန်းမြေတစ်ခုလုံးကို ရှာဖွေနိုင်မည် မဟုတ်ချေ။။
အရေးအကြီးဆုံးအချက်မှာ အကယ်၍ ပါရမီရှင်သုံးဦးသည် ကံကြမ္မာနှစ်ခြင်းကို ခံယူပြီး သူတို့၏ ကံကြမ္မာထိန်းညှိမှုများကို အတည်ပြုပြီးသွားပါက သူတို့အား မည်သည့်အမွေအနှစ်ကိုမဆို သင်ကြားပေးရန် အလွန်ခက်ခဲသွားပေလိမ့်မည်။
ယွဲ့လုံရှောင်က ထွက်သွားရန် ငြင်းဆန်သည်ကို မြင်ချိန်၌ ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။ ဤလူ မသွားလျှင် မိုချင်းကို သူ ခေါ်ထုတ်သွားရန် နည်းလမ်းမရှိချေ။ ငြိမ်ငြိမ်ထိုင်နေလျှင်ပင် မိုချင်းသည် သူ၏ခေါင်းကို မနည်းထိန်းထားရသည်။ အကယ်၍ သူသာ မတ်တတ်ထလိုက်လျှင် သူ၏ခေါင်းသည် သေချာပေါက် ပြုတ်ကျသွားပေလိမ့်မည်။
'ငါ ဘာလုပ်ရမလဲ...'
အခန်းထဲရှိ သက်ရှိလူနှစ်ဦးလုံးသည် သူတို့၏ အတွေးများအတွင်းတွင် နစ်မြောနေကြသည်။
အချိန်တခဏကြာမျှ တိတ်ဆိတ်သွားပြီးနောက် ယွဲ့လုံရှောင်သည် ဟန်ရှောင်ကို မသိမသာ လှမ်းကြည့်ပြီး သူ့ထံသို့ အသံပေးပို့လိုက်၏။
"ခန်းမသခင် ဟန်....အစောပိုင်းက ဘာဖြစ်ခဲ့တာလဲ...ပါရမီရှင်သုံးဦးလုံး ဒီနေရာမှာ ရှိနေသေးလား"
သူတို့၏ကောင်းမွန်သော ဆက်ဆံရေးအရ ဟန်ရှောင်သည် လင်းပုယန်၏ လှုပ်ရှားမှုများအကြောင်း သူ့ထံသို့ များစွာမျှဝေခဲ့ဖူးသည်။
ဟန်ရှောင်က အနည်းငယ် ခေါင်းညိတ်ပြီး အသံပေးပို့ပို့ခြင်းဖြင့် တုံ့ပြန်အဖြေပေးသည်။
"စိတ်မပူပါနဲ့...သူတို့အားလုံး ဒီမှာ ရှိပါတယ်... အရှင်မိုချင်းက ဒုတိယခန်းမသခင်လင်းနဲ့ လက်ရည်စမ်းခဲ့ရုံပါပဲ..."
ယွဲ့လုံရှောင်က မေးမြန်းသည်။
"ဘယ်သူနိုင်သွားလဲ...."
ဟန်ရှောင်က တုံ့ပြန်အဖြေပေးသည်။
"ဒါက သခင်ကြီး မိုချင်းပေါ့...သူက ဒုတိယခန်းမသခင်လင်းကို လှုပ်ရှားမှုတစ်ခုတည်းနဲ့ အနိုင်ယူခဲ့တယ်...ကြမ်းပြင်ပေါ်က ချိုင့်ကြီးနဲ့ နံရံက အပေါက်တွေက သူ့ကြောင့် ဖြစ်ခဲ့တာပဲ"
ယွဲ့လုံရှောင် မျက်မှောင်ကြုတ်လိုက်ပြီး ပို၍စိတ်ရှုပ်ထွေးသွားသည်။ မိုချင်းနှင့် ဟန်ရှောင်တို့တွင် ဖုန်များ အညစ်အကြေးများဖြင့် ဖုံးလွှမ်းနေပြီး လင်းပုယန်မှာမူ အစွန်းအထင်းကင်းနေသည်။ ထို့ပြင် သူတို့သည် လင်းပုယန် အရိုက်ခံခဲ့ရသည်ဟု သူ့ကို ယုံကြည်စေလိုသည်။
"အရှင်မိုချင်းက ဒုတိယခန်းမသခင်လင် မငြင်းနိုင်လောက်တဲ့ ဘယ်လိုအရာမျိုးနဲ့ ကမ်းလှမ်းခဲ့တာလဲ"
ယွဲ့လုံရှောင်က ဖိအားပေး၍ မေးမြန်းလိုက်၏။
ဟန်ရှောင်က ခေါင်းခါပြီး အကြံပေးသည်။
"ငါ သေချာမသိဘူး...သူတို့က သီးသန့်ဆွေးနွေးခဲ့တာ.... ဒါပေမဲ့ မင်းရဲ့ကမ်းလှမ်းမှုကို တိုးမြှင့်ဖို့အတွက် ပြင်ဆင်ထားဖို့ ငါ အကြံပြုချင်တယ်...မင်းရဲ့ကမ်းလှမ်းမှု မြင့်မားလေလေ မင်းအတွက် အခွင့်အလမ်း ပိုကောင်းလေလေပဲ"
ယွဲ့လုံရှောင်က ခေါင်းညိတ်လိုက်ပြီး ထပ်မံ၍မေးမြန်းရန် ဟန်ပြင်နေစဉ်မှာပင် အလျင်အမြန်လျှောက်လှမ်းလာသော ခြေသံများ ပဲ့တင်ထပ်လာသည်။ ထို့နောက် လူဝကြီးတစ်ယောက်က အခန်းထဲသို့ ဝင်လာသည်။
စွန်းချန်က ဦးညွှတ်အရိုအသေပြုလိုက်သည်။
"သခင်လေး...အပြင်မှာ မိန်းကလေးတစ်ယောက် ရောက်လာပြီးတော့ သခင်လေးကို တွေ့ခွင့်တောင်းနေတယ်..."
"မိန်းကလေး ဟုတ်လား...ဘယ်သူလဲ..."
ကျန်းရွှမ်က ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်။
ဘာလို့ ဒီနေ့ ဒီမှာ ရုတ်တရက်ကြီး ဒီလောက်ထိ စည်ကားနေရတာလဲ...
ပထမ မိုချင်း ပြီးတော့ ဟန်ရှောင် နောက်တော့ ယွဲ့လုံရှောင်...အခု မိန်းကလေးတစ်ယောက် ဖြစ်နေသလော...
ဒါက လင်ပုယန်ရဲ့ မဖြေရှင်းရသေးတဲ့ အချစ်ဇာတ်လမ်းတွေထဲကတစ်ခု ဖြစ်နေမလား...
"သူက မျက်နှာဖုံးစွပ်ထားပြီးတော့ သူ့ကိုယ်သူ ဘယ်သူမှန်း မပြောခဲ့ဘူး... သူက သခင်လေး သူ့ကို အတိတ်တုန်းက ကူညီခဲ့ဖူးတာကြောင့် ကျေးဇူးဆပ်ဖို့ လာတာလို့ ပြောတယ်...သူ အချိန်အကြာကြီး မယူဘူးလို့လည်း ပြောခဲ့တယ်"
စွန်းချန်က ရှင်းပြသည်။
"ကျေးဇူးဆပ်ဖို့လာတာ ဟုတ်လား..."
ကျန်းရွှမ် ပို၍ပင် နားမလည်နိုင် ဖြစ်သွားသည်။ မည်သူမည်ဝါဆိုသည်မှာ သူ သူမကို တွေ့လိုက်သည်နှင့် သိသွားလိမ့်မည်။ အကယ်၍ လင်းပုယန်မှ ဒေါသထွက်အောင် လုပ်ခဲ့သူ တစ်ယောက်ဖြစ်ပါက သူသည် စကားလုံးအနည်းငယ်ဖြင့် အခြေအနေကို အဆင်ပြေချောမွေ့သွားအောင် လုပ်နိုင်သည်။
"သူ့ကို ဝင်လာခိုင်းလိုက်..."
ကျန်းရွှမ်က ခေါင်းညိတ်ပြပြီး ပြောဆိုလိုက်သည်။
စွန်းချန် ထွက်သွားပြီးနောက် မကြာမီမှာပင် မျက်နှာဖုံးစွပ်ထားသော မိန်းကလေးတစ်ဦးနှင့်အတူ ပြန်လာခဲ့သည်။ သူမသည် အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏မျက်နှာသွင်ပြင်ကို ဖုံးကွယ်ထားသော်လည်း သူမ၏ ကိုယ်လုံးကိုယ်ပေါက်သည် တင့်တယ်လှပပေ၏။ သူမ၏ ပေါ်လွင်နေသော အသားအရေအရ သူမသည် အသက် နှစ်ဆယ်ကျော်အရွယ်ခန့် ရှိမည်ဟု ညွှန်ပြနေသည်။
ထိုမိန်းကလေးသည် ကျန်းရွှမ်နှင့်အတူ တခြားလူများ ရှိနေသည်ကို မြင်တွေ့ချိန်၌ မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။ သူမက ဦးညွှတ်အရိုအသေပြုပြီး ပြောဆိုလိုက်၏။
"ဒုတိယခန်းမသခင်လင်းကို နှုတ်ဆက်ပါတယ်...."
သူမ၏အသံသည် ပြောင်းလဲထားသဖြင့် သူမ မည်သူမည်ဝါဖြစ်ကြောင်း ပိုင်းခြားသိနိုင်ရန်မှာ မဖြစ်နိုင်ချေ။
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
"ဘာကိစ္စနဲ့ ဒီနေရာကို ရောက်လာတာလဲ.."
ထိုမိန်းကလေးသည် တွေဝေသွားပေ၏။
"ကျွန်မက ဒုတိယခန်းမသခင်လင်းနဲ့ သီးသန့် စကားပြောချင်ပါတယ်...အဆင်ပြေနိုင်လား.."
"သီးသန့်စကားပြောချင်တာလား...."
ကျန်းရွှမ်က မျက်ခုံးပင့်လိုက်သည်။
သူမသည် အမှန်တကယ်ကို လင်းပုယန်၏အချစ်ဇာတ်လမ်းများအနက်မှ တစ်ယောက် ဖြစ်နေမလော။ ထိုလူ၏ အိပ်ယာစွမ်းရည်များသည် မေးခွန်းထုတ်ဖွယ် ဖြစ်နိုင်သော်လည်း သူ့အား မိန်းကလေးတော်တော်များများမှ သဘောကျပုံပင်။
"ဟုတ်ကဲ့..ဒါက အရမ်းအရေးကြီးတဲ့ အရေးပေါ် ကိစ္စတစ်ခုပါ.... ဒုတိယခန်းမသခင်လင်း မြန်မြန် ဆုံးဖြတ်နိုင်မယ်လို့ မျှော်လင့်မိတယ်"
မိန်းကလေးက တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"ကောင်းပြီလေ.."
ကျန်းရွှမ်က သဘောတူလိုက်သည်။ ထိုမိန်းကလေးသည် အထူးတလည် အားကောင်းပုံမရသောကြောင့် သူမသည် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နိုင်ခြေ မရှိပေ။
"ကျေးဇူးပြုပြီးတော့ ဘေးခန်းမဆောင်မှာ စောင့်နေပေးပါ..."
မိန်းကလေးသည် ခေါင်းညိတ်ပြပြီးနောက် စွန်းချန်၏နောက်သို့လိုက်ကာ ဘေးခန်းမဆောင်သို့ သွားလိုက်သည်။ ကျန်းရွှမ်က မိုချင်းနှင့် တခြားလူများဘက်သို့ လှည့်ကြည့်လိုက်သည်။
"စီနီယာအစ်ကို..ခန်းမသခင်ဟန် သခင်ကြီး ယွဲ့.... ငါဒီကိစ္စကို ဖြေရှင်းပြီးရင် မင်းတို့ဆီ ပြန်လာခဲ့မယ်"
ယွဲ့လုံရှောင်က ခေါင်းညိတ်လိုက်သည်။
"လုပ်စရာရှိတာလုပ်ပါ ဒုတိယခန်းမသခင်လင်း...."
ကျန်းရွှမ်သည် စကားတစ်ခွန်းမျှ ထပ်မပြောတော့ဘဲ ဘေးခန်းမဆောင်ဆီသို့ ထွက်ခွာသွားသည်။ သူ ခန်းမထဲသို့ ဝင်ရောက်သည်နှင့် အမျိုးသမီးသည် သူ့ကိုမျက်နှာချင်းဆိုင်ရန် လှည့်ကြည့်လိုက်ပြီး သူမ၏မျက်လုံးများသည် စူးရှတောက်ပနေပေ၏။
"ဆရာကျန်းရွှမ်...မတွေ့ရတာ ကြာပြီနော်"
သူမက ပြောဆိုသည်။
ကျန်းရွှမ်၏ဦးရေပြား ကျဉ်တက်သွားပြီး သူ၏ မျက်လုံးများ ချက်ချင်းကျဉ်းမြောင်းသွားသည်။