နန်းတော်
Vol. 15 Ch. 210
"မင်းက ဘယ်သူလဲ..."
လက်ရှိတွင် လင်းပုယန်အဖြစ် အယောင်ဆောင်နေသော ကျန်းရွှမ်သည် သူ့ရှေ့ရှိမိန်းကလေးက သူ၏နာမည်အစစ်အမှန်ကို ခေါ်လိုက်သည်အား နားလည်သဘောပေါက်သွားသည်။ သူ ထပ်မံ၍ ဖုံးကွယ်နေရန် အကြောင်းမရှိတော့ချေ။။
"ကျွန်မက စွန်းလျန်ရှန်းပါ...ကျွန်မရဲ့ကျေးဇူးရှင်ကို တွေ့ဆုံဂါရဝပြုခွင့်ရတာ ဝမ်းသာပါတယ်"
ကျန်းရွှမ်၏ ဇဝေဇဝါဖြစ်နေသော အမူအယာကို မြင်တွေ့ချိန်၌ စွန်းလျန်ရှန်းက သူမ၏မျက်နှာကို ဖုံးအုပ်ထားသော မျက်နှာဖုံးကို လျင်မြန်စွာ ဖယ်ရှားလိုက်၏။ သူမ၏ ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပသော မျက်နှာလေး ပေါ်လွင်လာသည်။ သူမသည် တခြားလူမဟုတ်ဘဲ ကျန်းရွှမ် ယခင်က အဖြူရောင်ကျောက်တုံးမြို့တွင် တွေ့ဆံူခဲ့ဖူးသော ပင်းယွမ်မင်းသားဟန်ချန်ယဲ့၏ ကြင်ယာတော်ပင်။ သူသည် သူမ၏ဖခင် စွန်းချန်ယိုကို ကယ်တင်ခဲ့ဖူးပေ၏။
"မင်းလား..."
ကျန်းရွှမ် ရုတ်တရက် နားလည်သဘောပေါက်သွားပြီး သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"မင်းရဲ့အဖေကို ကယ်တင်ခဲ့တာက ဆုကြေးငွေယူပြီး လုပ်ခဲ့တဲ့ လုပ်ရပ်တစ်ခုပဲ... ဒါကြောင့် ဒါကို ကျေးဇူးတစ်ခုလို့ မခေါ်နိုင်ဘူး...."
"ရှင်ရဲ့ကုသပေးမှု မရှိခဲ့ရင် ကျွန်မရဲ့အဖေ မြေမြှုပ်နှံတာကို ခံနေရလောက်ပြီ...သူက တကယ် သေဆုံးသွားတာ မဟုတ်တာကြောင့် ဒါက သူ့ရဲ့ သားသမီးတွေက သူ့ကို ကိုယ်တိုင်သတ်ဖြတ်ခဲ့တာနဲ့ ဘာမှကွာခြားမှာမဟုတ်ဘူး...ရှင်က အဲ့ဒီ ကြေကွဲစရာအဖြစ်ဆိုးကို တားဆီးခဲ့တယ်... ဒါကြောင့် ကျွန်မက ရှင့်ကို ထာဝရ ကျေးဇူးတင်နေမှာပါ..."
စွန်းလျန်ရှန်းသည် တည်ကြည်လေးနက်စွာ ဦးညွှတ်လိုက်သည်။
"မိန်းကလေးစွန်း....ဒီလောက်ထိ ယဥ်ကျေးနေဖို့ မလိုပါဘူး"
ကျန်းရွှမ်က ခေါင်းညိတ်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည်။
"ဒီနေ့ မင်း ငါ့ဆီကိုလာတာကက ကျေးဇူးတင်ကြောင်းပြောဖို့ သက်သက်ပဲလား"
"အဲ့ဒီလို မဟုတ်ဘူး..."
စွန်းလျန်ရှန်းသည် ခေါင်းခါပြီး သတိကြီးစွာထား၍ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူမ၏အသံကိုနှိမ့်ပြီး ပြောဆိုလိုက်၏။
"မနေ့က အရှင်မင်းကြီး ဟန်ချန်ချောင်က မြို့တော်ဝန်ယုလုံချင်းနဲ့ ကျောင်းအုပ်ကြီးလုမင်ရုန်ကို နန်းတော်ထဲကို ဆင့်ခေါ်ခဲ့တယ်... သူက ရှင့်ရဲ့သရုပ်မှန်ကို အတည်ပြုနိုင်သလောက်နီးပါးပဲ.. ကျွန်မက သူတို့ ရှင်ကို ထိခိုက်စေမှာကို စိုးရိမ်မိတယ်..ဒါကြောင့် ကျွန်မက ရှင့်ကို သတိပေးဖို့ တိတ်တိတ်လေး လာခဲ့တာပဲ...ရှင် တတ်နိုင်သလောက် မြန်မြန် ထွက်သွားပါ... တကယ်လို့ သူတို့ရဲ့အင်အားစုတွေကို စုစည်းလိုက်ရင် အားအကောင်းဆုံး တိုက်ခိုက်ရေးသမားတွေတောင်မှ လွတ်မြောက်မှာ မဟုတ်ဘူး"
"မြို့တော်ဝန်ယုနဲ့ ကျောင်းအုပ်ကြီးလုတို့ ဖမ်းဆီးခံလိုက်ရတာလား"
ကျန်းရွှမ်၏မျက်နှာ သုန်မှုန်သွားသည်။
"ဟုတ်ကဲ့..."
စွန်းလျန်ရှန်းက ခေါင်းညိတ်လိုက်သည်။
"ကျွန်မက ဒီကို ခိုးပြီးလာခဲ့ရတာ...အကြာကြီး မနေနိုင်ဘူး.... နှုတ်ဆက်ပါတယ်"
"သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကြင်ယာတော်မင်းသမီး... ငါက အရမ်းကျေးဇူးတင်ပါတယ်"
ကျန်းရွှမ်က အလေးအနက်ထား၍ သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ပြီး ပြောဆိုသည်။
စွန်းလျန်ရှန်း မျက်နှာဖုံးကို ပြန်တပ်လိုက်ပြီး နောက်သို့ချာခနဲလှည့်ကာ ထွက်ခွာသွားသည်။
သူမ၏ပုံရိပ် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ကျန်းရွှမ်သည် ဧည့်ခန်းမသို့ ပြန်မသွားခဲ့ပေ။ ထိုအစား သူသည် လက်ရှိအခြေအနေကို စတင်၍ သုံးသပ်လိုက်သည်။
သူ၏စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းပြီး ကြယ်စင်မြစ်နယ်ပယ် ပထမအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် တိုက်ခိုက်နိုင်စွမ်းရှိသည်။ သို့ရာတွင် အင်ပါယာတစ်ခုလုံးကို ဆန့်ကျင်ခြင်းသည် သူ၏စွမ်းအားထက် ကျော်လွန်နေပေ၏။ ထိုထက်ပို၍ အရေးကြီးသည်မှာ မည်သည့်တိုက်ပွဲမဆို သူ၏ ဖရိုဖရဲကံကြမ္မာကျင့်ကြံသူဟူသော အထောက်အထားကို ထုတ်ဖော်ပြသမိမည်ဖြစ်ပြီး သူ့ကို ရင်းမြစ်ကမ္ဘာတစ်ခုလုံး၏ရန်သူ ဖြစ်စေပေမည်။
သူသည် ခုန်းရှီကို မကယ်တင်ရသေးဘဲ အဆုံးအစမရှိသော လိုက်လံဖမ်းဆီးမှုတွင် ရောထွေးပါဝင်သွားပါက ကိစ္စများကို ပို၍ရှုပ်ထွေးသွားစေပေမည်။
သို့ရာတွင် စွန်းလျန်ရှန်း အကြံပြုသည့်အတိုင်း ထွက်ပြေးသွားခြင်းသည် သူ ဘေးကင်းလုံခြုံနိုင်သော်လည်း မြို့တော်ဝန်ယုနှင့် ကျောင်းအုပ်ကြီးလုကဲ့သို့ သူ့ကိုကူညီရန် များစွာစွန့်စားခဲ့သော ပုဂ္ဂိုလ်များကို စွန့်ပစ်ခြင်းဟု အဓိပ္ပာယ်ရသည်။ သူတို့ကို ဒုက္ခခံစားစေရန် ထားခဲ့ခြင်းသည် သူ လက်ခံနိုင်သောအရာ မဟုတ်ချေ။
သူ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း....
"ဒါက အင်ပါယာလေးတစ်ခုပဲ...တကယ်လို့ သူတို့ သေချင်နေတယ်ဆိုရင် ငါက သူတို့ကို သုတ်သင်ပစ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး..."
အလင်းတန်းတစ်တန်းသည် ကျန်းရွှမ်၏ မျက်လုံးများတွင် လင်းလက်သွားသည်။ တစ်စုံတစ်ယောက်သည် သူ့ကို ပစ်မှတ်ထားနေသည်အား သိရှိခြင်းက သူ့ကို ပြင်ဆင်ရန် အချိန်ပေးသည်။ မိုချင်း ရှိနေသဖြင့် ယွဲ့လုံရှောင်သည် မဆင်မခြင် ပြုမူရဲမည်မဟုတ်ပေ။ ခြံဝင်းမှ ယာယီထွက်ခွာသွားခြင်းသည် သံသယများကို ဆွဲဆောင်မိမည်မဟုတ်ပေ။ သူသည် ဤအခွင့်အရေးကို အသုံးပြု၍ သူ၏မဟာမိတ်များကို ကယ်တင်နိုင်ပေမည်။
"ခဏနေအုံး...ဟန်ရှောင်က မိုချင်းကို သတ်တယ်ဆိုတာ မယုံနိုင်စရာ ဖြစ်နေရင်...မိုချင်းက နန်းတော်ထဲမှာ သေဆုံးခဲ့တယ်ဆိုရင်ရော..."
သူ နန်းတော်ကို ချေမှုန်းရန် စဉ်းစားနေစဉ်မှာပင် အတွေးတစ်ခုက သူ့၏ခေါင်းထဲသို့ ဝင်ရောက်လာသည်။
ဟန်ရှောင်သည် ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံသူတစ်ဦးအဖြစ် ကျော်ကြားမှုသည် ဟန်ယွမ်မြို့တွင် လူသိများပေ၏။ သူသည် ချိုင်ယွင်ရှန်းနှင့် လျိုပင်းရှန့်တို့ကဲ့သို့သော အကြီးအကဲများကို အနိုင်ယူခြင်းသည် ဖြစ်နိုင်သော်လည်း မိုချင်းကဲ့သို့ အစွမ်းထက်သော တစ်စုံတစ်ယောက်ကို တိတ်တဆိတ် သတ်ဖြတ်ရန်မှာမူ မဖြစ်နိုင်ချေ။ သို့ရာတွင် အကယ်၍ မိုချင်းသည် ဟန်ယွမ်တော်ဝင်မိသားစု၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပါက ဤသည်မှာ ပို၍ ဖြစ်နိုင်ခြေရှိပုံရသည်။
အကယ်၍ သူသည် ရာဇဝတ်မှုကို တော်ဝင်မိသားစုအပေါ် ပုံချရာတွင် အောင်မြင်ခဲ့ပါက ဟန်ချန်ချောင်တို့သည် မိုတောက်ဂိုဏ်း၏ လက်စားချေခြင်းကို ရင်ဆိုင်ရပေလိမ့်မည်။ ဤသည်မှာ ကျန်းရွှမ်၏နာမည်ကို ရှင်းလင်းစေရုံသာမက သူ့ကို ဘေးကင်းလုံခြုံစေပေမည်။
"ဒါက အစီအစဉ်ကောင်းပဲ"
ဆုံးဖြတ်ချက်တစ်ခု ချမှတ်ပြီးနောက် ကျန်းရွှမ်သည် အချိန်မဖြုန်းတော့ချေ။ သူသည် ကျောက်ယာတို့လူစုကို စုစည်းထားရန် စွန်းချန်ကို အမိန့်ပေးလိုက်ပြီးနောက် ဧည့်ခန်းထဲသို့ သူ ဝင်ရောက်သွားသည်။
"ဒုတိယခန်းမသခင်လင်း..."
ယွဲ့လုံရှောင်သည် မတ်တတ်ထရပ်ပြီး သူ၏လက်နှစ်ဖက်ကို ပူးဆုပ်လိုက်၏။
ကျန်းရွှမ်က ခေါင်းညိတ်ပြပြီး တည်ကြည်လေးနက်သောအမူအယာဖြင့် မိုချင်းထံသို့ ချဉ်းကပ်သွားကာ ယွဲ့လုံရှောင်း၏ အမြင်အာရုံလမ်းကြောင်းကို မသိမသာ ပိတ်ဆို့ထားသည်။
"စီနီယာအစ်ကိုကြီး....ငါက မင်းနဲ့ ဆွေးနွေးစရာတစ်ခု ရှိတယ်..."
သူသည် သူ၏အသံကို နှိမ့်လိုက်၏။ ယွဲ့လုံရှောင်က မိုချင်း၏ခေါင်းသည် သဘောတူညီစွာ ခေါင်းညိတ်နေသကဲ့သို့ အပေါ်အောက် ယိမ်းနွဲ့နေသည်ကို မသဲမကွဲ မြင်တွေ့မိသည်။
ဤမြင်ကွင်းသည် ယွဲ့လုံရှောင်းကို အံ့အားသင့်စေခဲ့သည်။
မိုချင်း၏ခန္ဓာကိုယ်သည် မလှုပ်မယှက် ရှိနေသော်လည်း သူ၏ခေါင်းကို ဤမျှထိ ပျော့ပျောင်းစွာ ယိမ်းနွဲ့နိုင်သည်။ ထိုသို့ဖြစ်ရန် လူတစ်ဦး၏အရိုးအကြောများသည် မည်မျှထိ ပျော့ပျောင်းနေရမည်နည်း။ ဤသည်မှာ မယုံနိုင်ဖွယ်ကောင်းသော ကိစ္စတစ်ရပ်ပင်။
အချိန်ခဏအကြာတွင် ကျန်းရွှမ်သည် နောက်သို့လှည့်ပြီး တောင်းပန်သော အမူအယာဖြင့် ယွဲ့လုံရှောင်ကို ကြည့်လိုက်သည်။
"ဂိုဏ်းချုပ်ယွဲ့...မင်းကို နည်းနည်း အနှောင့်အယှက်ပေးရတော့မယ်...ငါနဲ့ ငါ့ရဲ့စီနီယာအစ်ကိုမှာ ဖြေရှင်းရမယ့် ကိစ္စတစ်ခု ရှိနေတာကြောင့် အပြင်ကို ခဏလောက် သွားရလိမ့်မယ်...မင်းက ဒီနေရာမှာ နေပြီးတော့ တခြားလူတွေကို စောင့်ကြည့်ပေးထားမယ်ဆိုရင် ငါက ကျေးဇူးတင်မိမှာပါ"
"ဘာကိစ္စလဲ...ငါ ကူညီနိုင်တာရှိရင် ကျေးဇူးပြုပြီး ပြောပြပါ"
ယွဲ့လုံရှောင်းက မိုချင်းသည် ပါရမီရှင်များကို အကြောင်းပြချက်အတုဖြင့် ခေါ်ဆောင်သွားမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် ကမ်းလှမ်းလိုက်သည်။
"ဒါက ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုပါ.... အရှင်မင်းကြီးက ငါတို့ကို ဆင့်ခေါ်ထားတယ်...ဒါက အပြင်လူတွေ ဝင်ပြီးစွက်ဖက်ဖို့ အဆင်မပြေဘူး"
ကျန်းရွှမ်က ရှင်းပြသည်။
"နားလည်မှုလွဲတာကို ရှောင်ရှားဖို့အတွက် ငါက ကျောက်ယာတို့တွေကို ဒီမှာ ထားခဲ့မယ်... မင်း အချိန်ရရင် သူတို့ရဲ့ ကျင့်ကြံမှုကို လမ်းညွှန်ပေးနိုင်မလား"
ကျောက်ယာတို့လူစုသည် စွန်းချန်၏နောက်သို့ လိုက်ကာ အခန်းထဲသို့ ဝင်လာကြသည်။ ကျန်းရွှမ်တို့ကိုကို မြင်တွေ့ချိန်၌ သူတို့သည် ရိုသေလေးစားစွာ ဦးညွှတ်လိုက်ကြသည်။
"မင်းက သူတို့ကို ဒီမှာ ထားခဲ့မှတော့ ငါက ထပ် ပြီး ဝင်ရောက်စွက်ဖက်တော့မှာ မဟုတ်ဘူး..."
ယွဲ့လုံရှောင်က ကျန်းရွှမ်သည် ပါရမီရှင်များကို ခေါ်ဆောင်မသွားသည်အားကြည့်ပြီး စိတ်ကျေနပ်သွားကာ စိတ်အေးလက်အေးဖြစ်သွားသည်။
ကျောက်ယာနှင့်တခြားလူများကို ညွှန်ကြားပြီးနောက် ကျန်းရွှမ်က မိုချင်းဘက်သို့ လှည့်ကြည့်လိုက်၏။
"စီနီယာအစ်ကို...ငါတို့ သွားကြတော့မလား"
"သွားကြစို့"
မိုချင်းက သူ၏မိုတောက်ဓားကို ကောက်ယူကာ မတ်တတ်ထရပ်ပြီး ထွက်ခွာသွားသည်။ ကျန်းရွှမ်သည်လည်း ထပ်ချပ်မကွာ လိုက်ပါသွားသည်။
"ဒုတိယခန်းမသခင်လင်း...အကြီးအကဲမိုချင်း...ခဏစောင့်ပါအုံး....ငါ့မှာ တင်ပြစရာ ကိစ္စတစ်ခု ရှိနေတယ်..."
ဟန်ရှောင်သည် သူတို့၏နောက်သို့ လျင်မြန်စွာ လိုက်ပါသွားလေ၏။
သူတို့အုပ်စု ထွက်ခွာသွားသည်ကို ကြည့်ရင်း ထိုင်ခုံပေါ်တွင် ထိုင်နေဆဲဖြစ်သော ယွဲ့လုံရှောင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။ သို့ရာတွင် ကျောက်ယာတို့လူစု ကျန်နေခဲ့သည်ကို မြင်တွေ့ချိန်၌ သူသည် သူ၏စိုးရိမ်ပူပန်မှုများကို လျှင်မြန်စွာ ဖယ်ရှားလိုက်သည်။
"ငါ့ရဲ့ တစ်ခုတည်းသော စိတ်ဝင်စားမှုက အဲ့ဒီပါရမီရှင်သုံးဦးပဲ....သူတို့ ဘာလုပ်လုပ် ငါနဲ့ မဆိုင်ဘူး"
အပြင်ဘက်သို့ ခြေချလိုက်ပြီးနောက် ကျန်းရွှမ်သည် သူ၏ကမ္ဘာသစ်ကို အသက်သွင်းလိုက်ပြီး မိုချင်းနှင့်ဟန်ရှောင်တို့၏ အလောင်းများကို အတွင်းသို့ ထည့်လိုက်သည်။ ဟန်ရှောင်၏ သဘောတူညီချက်ဖြင့် သူသည် မိုချင်းကို သတ်ဖြတ်ခြင်းအတွက် ဆုငွေကို ထုတ်ယူခဲ့ပြီးဖြစ်သည်။
မိုဂိုဏ်း၏မှတ်တမ်းများတွင် မိုချင်းသည် တရားဝင်သေဆုံးသွားလေပြီ။
ကျန်းရွှမ်သည် သူ့ကိုယ်သူ မိုချင်းအဖြစ် ဟန်ဆောင်လိုက်ပြီး အကြီးအကဲဝတ်ရုံကို ဝတ်ဆင်ကာ မိုတောက်ဓားကို ဆုပ်ကိုင်လိုက်သည်။ အကယ်၍ ဟန်ရှောင်သည် အသက်ရှင်နေလျှင်ပင် ယခုချိန်၌ သူ့ကို မှတ်မိမည်မဟုတ်ချေ။
"စွန်းချန် .... ကျောက်ယာတို့ကို ဂရုစိုက်လိုက်အုံး... ယွဲ့လုံရှောင်းက ထူးထူးဆန်းဆန်း ပြုမူနေရင် ချက်ချင်းဝင်စွက်ဖက်လိုက်...."
"စိတ်ချပါ သခင်လေး...ကျွန်တော်နဲ့ အနက်ရောင်အကြေးခွံ ဖီးနစ်ငှက်တို့ ဒီနေရာမှာ ရှိနေသရွေ့ ဂိုဏ်းချုပ်ယွဲ့က အားကောင်းရင်တောင်မှ ကျွန်တော်တို့ သူ့ကို ထိန်းထားနိုင်ပါတယ်"
စွန်းချန်က ယုံကြည်မှုရှိရှိ တုံ့ပြန်လိုက်သည်။
အနက်ရောင်အကြေးခွံ ဖီးနစ်ငှက်သည် ဓမ္မရုပ်သွင်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ခဲ့ပြီးဖြစ်သောကြောင့် လိုအပ်ပါက သူတို့သည် ယွဲ့လုံရှောင်းကို အချိန်အတော်ကြာ ထိန်းသိမ်းထားနိုင်သည်။
ကျန်းရွှမ်က ခေါင်းညိတ်ပြီး ခြံဝင်းထဲမှ ပျောက်ကွယ်သွားသည်။
သူသည် ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်၏ ဓမ္မလှည့်လည်သွားလာခြင်းနယ်ပယ်တွင်သာ ရှိသော်လည်း သူ၏တိုက်ခိုက်ရေးစွမ်းရည်များသည် ကြယ်စင်မြစ်နယ်ပယ် ကျင့်ကြံသူများနှင့် ယှဉ်ပြိုင်နိုင်သည်။ သူ အရှိန်အပြည့်အသုံးပြုလိုက်ပါက ကြယ်ကြွေတစ်စင်းကဲ့သို့ လှုပ်ရှားနိုင်ပေ၏။
အသက်ရှုချိန်နှစ်ဆယ်ခန့် ကြာမြင့်ပြီးနောက် ကြီးကျယ်ခမ်းနားသော နန်းတော်တစ်ခုက သူ၏ရှေ့တွင် ထွက်ပေါ်လာသည်။
လူသူကင်းမဲ့သော လမ်းကြားတစ်ခုတွင် ကျန်းရွှမ်သည် ဟန်ရှောင်ကို အပြင်ဘက်တွင် အစောင့်အဖြစ် ထားခဲ့ပြီး နန်းတော်နံရံများကို တိတ်တဆိတ် ကျော်တက်သွားသည်။
သူသည် ကျောက်တုံးတစ်တုံးဖြင့် ကောင်းစွာ ချိန်ရွယ်ကာ နန်းတော်၏ကာကွယ်ရေးဝင်္ကပါများကို အသက်သွင်းလိုက်၏။ ထို့နောက် ကျန်းရွှမ်သည် အသက်ဝင်လာသော ဝင်္ကပါများကို လေ့လာကာ အားနည်းချက်များကို တွက်ချက်ပြီး ဟာကွက်နေရာများကို ရှာဖွေတွေ့ရှိခဲ့ကာ ချိုးဖျက်ဝင်ရောက်ခဲ့သည်။ ဤနည်းလမ်းဖြင့် သူသည် နန်းတော်၏ဗဟိုချက်နေရာသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။
ဤနေရာရှိ တိတ်ဆိတ်မှုသည် ထူးဆန်းနေကာ ငှက်အော်သံကိုပင် မကြားရချေ။
"ဒါက ဒီနေရာပဲ ဖြစ်ရမယ်..."
သူသည် ခမ်းနားထည်ဝါသော အဆင်တန်ဆာများဖြင့် ပြည့်နှက်နေသော်လည်း အစောင့်များ ကင်းမဲ့နေသည့် ခြံဝင်းကျယ်ကို စစ်ဆေးလိုက်သည်။ ထို့နောက် သူသည် ခန်းမကြီးဆီသို့ ဂရုတစိုက် ရွေ့လျားသွားသည်။ သူ ဝင်ရောက်ရန် ပြင်ဆင်နေစဉ်မှာပင် ခြေသံများ အနီးအနားတွင် ပဲ့တင်ထပ်လာသည်။
ကျန်းရွှမ်သည် လျင်မြန်စွာ ပုန်းအောင်းလိုက်ရာ ရွှေရောင်သံချပ်ကာဝတ် အစောင့်တစ်ဦးသည် တံခါးများရှေ့တွင် ဦးညွှတ်နေသည်ကို မြင်တွေ့လိုက်ရသည်။
"အရှင်မင်းကြီး မျှော်လင့်ထားတဲ့အတိုင်း ပစ်မှတ်ကို ဖမ်းမိပါပြီ..."
"သူ့ကို ခေါ်လာခဲ့စမ်း..."
အမိန့်ပေးသံတစ်သံ ထွက်ပေါ်လာသည်။ အချိန်တခဏအကြာတွင် အစောင့်သည် စုတ်ပြတ်နေသော အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးနှင့်အတူ ပြန်လာသည်။
ဤသည်မှာ စွန်းလျန်ရှန်းပင်။
တစ်ချိန်က သူမ၏ ဧကရီဆန်သော ပုံပန်းသွင်ပြင်သည် ပျောက်ကွယ်သွားပြီး ဖရိုဖရဲဖြစ်နေသောဆံပင်နှင့် ကြောက်လန့်နေသော အမူအယာတို့ဖြင့် အစားထိုးခြင်းခံလိုက်ရသည်။
"ရှေ့တိုးလိုက်ပါ ကြင်ယာတော်မင်းသမီး"
အစောင့်က အမိန့်ပေးရင်း သူမကို ရှေ့သို့ တွန်းလိုက်သည်။
စွန်းလျန်ရှန်းသည် ယိမ်းယိုင်သွားသော်လည်း သူမကိုယ်သူမ တည်ငြိမ်အောင် ထိန်းလိုက်ပြီး အံ့တင်းတင်းကြိတ်လိုက်သည်။
"ငါ့ဘာသာငါ လမ်းလျှောက်နိုင်တယ်..."
တံခါးထံသို့ ချဉ်းကပ်သွားပြီး သူမသည် ထိုအရာကို တွန်းဖွင့်လိုက်ရာ ခန်းမ၏ အတွင်းပိုင်းကို ကျန်းရွှမ် မြင်တွေ့လိုက်ရသည်။