အိပ်မက်ထဲမှ ပန်းသူခိုး
Vol. 15 Ch. 211
ဟန်ချန်ချောင်သည် ခန်းမအလယ်တွင် ထိုင်နေပြီး ကျန်းရွှမ်နှင့် ယခင်က လက်ရည်စမ်းခဲ့ဖူးသော ဟန်ချန်ယဲ့သည် လက်ထဲတွင် ကြာပွတ်တစ်ချောင်းကိုကိုင်ကာ မလှမ်းမကမ်းတွင် မတ်တတ်ရပ်နေသည်။ သူတို့နှင့် မလှမ်းမကမ်းတွင် မြို့တော်ဝန်ယုလုံချင်းနှင့် ကျောင်းအုပ်ကြီး လုမင်ရုန်တို့သည် သစ်သားတိုင်များတွင် ချည်နှောင်ခံထားရပြီး သွေးများဖြင့် ဖုံးလွှမ်းနေကာ သူတို့၏ခေါင်းများသည် အသက်မဲ့စွာ ငိုက်စိုက်ကျနေသည်။ သူတို့ အသက်ရှင်နေသေးသလော သို့မဟုတ် သေဆုံးသွားသလော ဖြစ်သည်မှာ မရှင်းလင်းချေ။
ကျန်းရွှမ်သည် သူ၏လက်သီးများကို ဆုပ်လိုက်ပြီးနောက် သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
သူတို့နှစ်ဦးသည် ဖမ်းဆီးခံရပြီးနောက် ဆိုးရွားသော အခြေအနေတွင် ရှိနေမည်ဟု သူမျှော်လင့်ထားခဲ့သော်လည်း ဤမျှထိ ရက်စက်စွာ ညှင်းပန်းနှိပ်စက်ခံထားရမည်ဟု သူ တွေးထင်မထားခဲ့ချေ။
"ဝင်သွားစမ်း..."
ကျန်းရွှမ် အခြေအနေကို စဉ်းစားနေစဉ်မှာပင် ရွှေရောင်သံချပ်ကာဝတ် အစောင့်တစ်ဦးက စွန်းလျန်ရှန်းကို ရှေ့သို့ တွန်းလိုက်သည်။ သူမသည် ယိမ်းယိုင်သွားပြီး ခန်းမအတွင်းသို့ ပုံရက်သားလဲကျသွားပေ၏။
အစောင့်က ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေပြုလိုက်သည်။
"အရှင်မင်းကြီးနဲ့ အရှင်မင်းသားကို တင်ပြပါတယ်...ကျွန်တော်က အမိန့်အတိုင်း ကြင်ယာတော်မင်းသမီးရဲ့နောက်ကို အနီးကပ်လိုက်ခဲ့တယ်... သူက အရှင်လင်းပုယန်ရဲ့ အိမ်တော်ထဲ ဝင်သွားတာကို ကျွန်တော်ကိုယ်တိုင် မြင်ခဲ့ပါတယ်..."
ဟန်ချန်ယဲ့၏မျက်နှာအမူအယာသည် အေးစက်တင်းမာသွားသည်။
"အရင်တုန်းက ငါ့ရဲ့ နောင်တော်က မင်းက ကျန်းရွှမ်ကို သတင်းပေးနိုင်တယ်လို့ သတိပေးခဲ့တယ်....ငါ မယုံခဲ့ဘူး....ဒါပေမယ့် အခု မင်းကို လက်ပူးလက်ကြပ် ဖမ်းမိမှတော့ မင်းဘာပြောစရာ ရှိသေးလဲ"
စွန်းလျန်ရှန်းသည် ခေါင်းခါလိုက်ပြီး သူမ၏အကြည့်သည် တည်ငြိမ်အေးဆေးနေကာ စိတ်သက်သာရာရမှု အရိပ်အယောင်ပင် ရှိလေ၏။
"ကျွန်မကို လက်ပူးလက်ကြပ် ဖမ်းမိမှတော့ ကျွန်မ မငြင်းတော့ဘူး...ကျန်းရွှမ်က ကျွန်မအဖေရဲ့အသက်ကို ကယ်တင်ခဲ့တယ်...သူက ကျွန်မရဲ့ ကျေးဇူးရှင်ပဲ...ကျွန်မ သူ့ကို ကယ်တင်ချင်ခဲ့တယ်...ဘာကြောင့်မှန်းမသိပေမဲ့ သူ အသတ်ခံရမယ့်ဘေးကနေ တားဆီးချင်ခဲ့တယ်...ဒါပါပဲ"
"ကျေးဇူးကြွေးဆပ်တယ် ဟုတ်လား... ဘယ်လောက်တောင် စိတ်ပျက်ဖို့ကောင်းတဲ့ ဆင်ခြေလဲ"
ဟန်ချန်ယဲ့က လှောင်ပြောင်ရယ်မောလိုက်သည်။
"ငါ မင်းကို မြင့်မြတ်တဲ့ အဆင့်အတန်း စည်းစိမ်ဥစ္စာနဲ့ မင်း တောင့်တသမျှ အရာအားလုံးကို ပေးခဲ့တယ်... မင်းရဲ့ လုပ်ရပ်တွေက ငါ့ကို သစ္စာဖောက်တာပဲဆိုတာ မင်း ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူးလား..."
"ကျွန်မ တောင့်တသမျှ အရာအားလုံး... ဟုတ်လား"
စွန်းလျန်ရှန်း၏ဖြူဖျော့သော မျက်နှာပေါ်တွင် သရော်တော်တော် အပြုံးတစ်ခု ထင်ဟပ်လာသည်။
"ကျွန်မရဲ့အဖေက နန်းတွင်းမှာ ဂီတပညာရှင်အဖြစ် တသက်လုံး အမှုထမ်းခဲ့တယ်... တာဝန်ကို တစ်ကြိမ် နောက်ကျတဲ့အတွက် ရှင်က သူ့ကို သေဒဏ်ပေးခဲ့တယ်...ကျွန်မက နန်းတော်အပြင်ဘက်မှာ သုံးရက်ကြာအောင် ဒူးထောက်ပြီးမှ ရှင်က သူ့ရဲ့အသက်ကို ချမ်းသာပေးခဲ့တယ်... အဲ့ဒီတုန်းက သူက ပြင်းပြင်းထန်ထန် အရိုက်ခံခဲ့ရပြီး ဟန်ယွမ်မြို့ကနေ ပြည်နှင်ဒဏ်ပေးခံခဲ့ရတယ်...သူ့ကို အိမ်လို့ ခေါ်စရာမရှိတဲ့ နေရာမှာ ထားခဲ့တယ်... အဲ့ဒီတုန်းက ရှင် ကျေးဇူးတရားအကြောင်း ဘာလို့ မပြောခဲ့တာလဲ..."
"ကျွန်မက အဖေရဲ့နောက်ကိုလိုက်ပြီး အဖြူရောင်ကျောက်တုံးမြို့ကိုပြန်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ရှင်က ကျွန်မရဲ့အလှကို မြင်ပြီးတော့ တော်ဝင်အိမ်တော်ကို အတင်းအကြပ် ခေါ်ဆောင်လာခဲ့တယ်... အဲ့ဒီမှာ ရှင် ကျွန်မကို အဓမ္မပြုကျင့်ခဲ့တယ်.... ကျွန်မရဲ့အဖေအတွက် ကျွန်မရဲ့ဒေါသတွေကို မျိုသိပ်ပြီး ရှင့်ရဲ့အလိုဆန္ဒကို လိုက်လျောခဲ့တယ်... အဲ့ဒီတုန်းက ရှင် ကျွန်မကို အရာအားလုံး ပေးခဲ့တယ်ဆိုတာ ဘာလို့ မပြောခဲ့တာလဲ"
"ကျွန်မ သည်းခံခဲ့ရင် လွတ်မြောက်ဖို့ အခွင့်အရေးတစ်ခု ရှာတွေ့နိုင်မယ်လို့ ကျွန်မ ထင်ခဲ့တယ်...ဒါပေမဲ့... ကျွန်မ ကိုယ်ဝန်ရသွားတယ်"
"ဒါက ကျွန်မရဲ့ ပထမဆုံး ကလေးပါ....ကျွန်မ သူ့ကို အရမ်းတန်ဖိုးထားခဲ့ပြီးတော့ ရှင်နဲ့အတူ ကျွန်မဘဝကို ကုန်ဆုံးဖို့တောင် ကြိုးစားကြည့်ဖို့ စဉ်းစားခဲ့သေးတယ်...ဒါပေမဲ့ ကျွန်မ တော်ဝင်အိမ်တော်ကို ကိုယ်လုပ်တော်အဖြစ် ဝင်ရောက်ခဲ့တဲ့ ပထမဆုံးနေ့မှာပဲ ရှင်ရဲ့တရားဝင်ဇနီးက ကျွန်မကို အဆိပ်ခတ်ပြီး ကိုယ်ဝန်ပျက်ကျစေခဲ့တယ်... ဒါတင်မကဘူး ကျွန်မရဲ့ ကျင့်ကြံမှုလည်း အားနည်းသွားခဲ့တယ်"
"ကျွန်မက တရားမျှတမှုကို မျှော်လင့်ပြီးတော့ ရှင့်ကို ဒီအဖြစ်အပျက်ကို တင်ပြတဲ့အချိန်မှာ ရှင်က...ကျွန်မကို အဆင့်အတန်းမြင့်တဲ့လူကို စွပ်စွဲတယ်လို့ အပြစ်တင်ပြီးတော့ ကျွန်မကို ချုပ်နှောင်ထားခဲ့တယ်....ကျွန်မက နန်းတွင်းဂီတပညာရှင်တစ်ယောက်ရဲ့ သမီး နိမ့်ကျတဲ့ အဆင့်အတန်းတစ်ခုပဲ...ရှင်က ကျွန်မကို ကိုယ်လုပ်တော်အဖြစ် လက်ထပ်ခဲ့တာက ကျွန်မရဲ့တန်ဖိုးထက် ကျော်လွန်တဲ့ ကောင်းချီးမင်္ဂလာတစ်ခုလို့ ယူဆထားတယ်..ရှင့်ရဲ့တရားဝင်ဇနီးဖြစ်တဲ့ မင်းသမီးကတော့ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ သမီးဖြစ်ပြီးတော့မြင့်မြတ်တဲ့ မျိုးရိုးစဉ်ဆက်ကနေ ဆင်းသက်လာတာ... ကျွန်မနဲ့ ဘယ်လိုလုပ်ပြီး နှိုင်းယှဉ်နိုင်မှာလဲ... ကျွန်မက ဘာကို သုံးပြီး ယှဉ်ပြိုင်နိုင်မှာလဲ"
"အဲ့ဒီတုန်းက ကျွန်မ နားလည်သွားတယ်... ရှင့်ရဲ့ မျက်လုံးထဲမှာ ကျွန်မက ကစားစရာတစ်ခုထက် မပိုဘူး....ရှင်က ကျေးဇူးတရားအကြောင်း ပြောနေတာလား...ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ"
"ဒါနဲ့ ကျွန်မက ရှင်ဆီကနေ မျက်နှာသာရအောင် ကြံစည်ခဲ့တယ်....ရှင့်ကို နည်းပရိယာယ်တွေ အကြံပေးခဲ့တယ်...ရှင့်ရဲ့ကျင့်ကြံမှုမှာ ကူညီခဲ့တယ်..နောက်ဆုံးကျတော့ ကျွန်မက ရှင့်ရဲ့ ယုံကြည်မှုကို ရရှိခဲ့တယ်.... နောက်ဆုံးတော့ ကျွန်မရဲ့ အစီအစဥ်တွေကနေတဆင့် မင်းသမီး အသတ်ခံခဲ့ရပြီးတော့ ကျွန်မက လက်ရှိအနေအထားကို တက်လှမ်းနိုင်ခဲ့တယ်... ဒါပေမဲ့ ဘာဖြစ်လဲ"
"လူအများရှေ့မှာ ရှင်က မိန်းမတွေကို ရှောင်ရှားတဲ့ တိုက်ပွဲအရူးတစ်ယောက်...ဖြောင့်မတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးရဲ့ပုံရိပ်ကို ဟန်ဆောင်ခဲ့တယ်.. ဒါပေမဲ့ ကျွန်မ ကောင်းကောင်းသိတယ်..ဟန်ဆောင်ကန့်လန့်ကာရဲ့ နောက်ကွယ်မှာ ရှင်က အမဲလိုက်စာရင်းမှာ အဆင့် ၁၄ ချိတ်ထားခံရပြီးတော့ အိပ်မက်ထဲမှာ မိန်းကလေးတွေကို စော်ကားတာကြောင့် နာမည်ဆိုးထွက်နေတဲ့ ယုတ်ညံ့တဲ့ လူယုတ်မာပဲ"
"ရှင်က နှစ်တွေတလျှောက်လုံး ထောင်နဲ့ချီတဲ့ မိန်းကလေးတွေကို ဖျက်ဆီးခဲ့တယ်.... ရှင့်လို လူမျိုးက ကျေးဇူးတရားအကြောင်း ပြောရဲသေးတယ်...ရှင်က ဒီလို စကားလုံးမျိုးကို ပြောဖို့ မထိုက်တန်ဘူး"
"မင်း...."
ဟန်ချန်ယဲ့ ကြက်သေသေသွားသည်။
ကျန်းရွှမ်သည် ထိုစကားအပြန်အလှန်ပြောဆိုမှုကြောင့် အံ့အားသင့်သွားပေ၏။
ယခင်က ဖုယင်းယင်းသည် ဤယုတ်ညံ့သော ပုဂ္ဂိုလ်အကြောင်းကို ပြောပြခဲ့ဖူးပြီး သူမပင်လျှင် ထိုလူကို ရွံရှာကြောင်း ပြောဆိုခဲ့သည်။ သို့ရာတွင် ကျန်းရွှမ်သည် ဤနာမည်ဆိုး ထွက်နေသော လူယုတ်မာသည် တော်ဝင်မင်းသားတစ်ပါးဖြစ်သည့်အပြင် အစွမ်းထက်ဆုံးနှင့် ဂုဏ်သိက္ခာအရှိဆုံးလူများအနက်မှ တစ်ဦးဖြစ်နေလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ချေ။
တစ်စုံတစ်ခု မှားယွင်းနေလေပြီ။ သူ ဟန်ချန်ယဲ့ကို လေ့လာရန် ကောင်းကင်ဘုံစာကြည့်တိုက်ကို အသုံးပြုခဲ့စဉ်က ထိုသို့သော လုပ်ရပ်များနှင့် ကိုက်ညီသော ကံကြမ္မာလက္ခဏာများ မရှိခဲ့ပေ။ အကယ်၍ ဤကိစ္စသာ အမှန်ဖြစ်ခဲ့ပါက ထိုချို့ယွင်းချက်သည် သိသာထင်ရှားနေပေလိမ့်မည်။
"မင်းက မဟုတ်မမှန်တွေ ပြောနေတာပဲ..."
ဟန်ချန်ယဲ့သည် သူ၏အစ်ကိုဘက်သို့ အပြစ်ရှိသည့်အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ရှေ့မှ ကိုယ်လုပ်တော်ကို ဒေါသတကြီး စူးစိုက်ကြည့်ကာ အော်ငေါက်လိုက်သည်။
"မဟုတ်မမှန်တာတွေ... ဟုတ်လား...ရှင်က လူတွေအများကြီးကို လှည့်စားနိုင်ပေမဲ့ ရှင်နဲ့ တစ်အိပ်ရာထဲ မျှဝေသုံးခဲ့တဲ့လူကို လှည့်စားနိုင်မယ်လို့ ထင်နေတာလား"
စွန်းလျန်ရှန်းက လှောင်ပြောင်ရယ်လိုက်သည်။
ဟန်ချန်ယဲ့က ချေပသည်။
"ငါက စီးဆင်းသောအလင်းတန်း ကောင်းကင်ကံကြမ္မာကို ကျင့်ကြံတာ...ဒါက ကြီးမားတဲ့ စွမ်းအားရှိတဲ့ လှံနည်းစနစ်တစ်ခုပဲ.... ငါက ဒီလို စက်ဆုပ်ရွံရှာဖို့ကောင်းတဲ့ နည်းစနစ်မျိုးကို ဘယ်လိုလုပ်ပြီး လေ့ကျင့်နိုင်မှာလဲ..."
"ဟုတ်တယ်...ရှင့်ရဲ့ ကောင်းကင်ကံကြမ္မာက တကယ့်ကို စီးဆင်းသောအလင်းတန်း ကံကြမ္မာပဲ"
စွန်းလျန်ရှန်းက အေးစက်တင်းမာစွာ ပြောဆိုလေ၏။
"ဒါပေမဲ့ အိပ်မက်ထဲမှာ မိန်းကလေးတွေကို ညစ်ညမ်းစေတာက ကောင်းကင်ကံကြမ္မာ မဟုတ်ဘူး....ဒါက စိတ်ဝိညာဉ်ကျင့်ကြံမှုနဲ့ ဆက်စပ်နေတဲ့ လျှို့ဝှက်နည်းစနစ်တစ်ခုပဲ...ရှင်က ဒီနည်းစနစ်ကို အလွန်အကျွံ ကျင့်ကြံနေတာကြောင့် ရှင့်ရဲ့စိတ်ဝိညာဉ်မှာ ပိုလျှံနေတဲ့ ယင်စွမ်းအားတွေနဲ့ ပြည့်နေတာ...ဒါကြောင့် ရှင်က ဓမ္မလှည့်လည်သွားလာခြင်းနယ်ပယ်ကို ချိုးဖျက်ပြီး ဓမ္မရုပ်သွင်နယ်ပယ်ကို ရောက်ရှိဖို့ ရုန်းကန်နေရတာပဲ"
"ပါးစပ်ပိတ်ထားစမ်း...ငါ မင်းကို သတ်မယ်"
ဟန်ချန်ယဲ့သည် ရှေ့သို့ပြေးဝင်သွားပြီး စွန်းလျန်ရှန်း၏လည်ပင်းကို ဖမ်းဆုပ်ကာ သူမကို လည်ပင်းညှစ်သတ်ရန် ပြင်ဆင်လိုက်သည်။
"တော်လောက်ပြီ"
ပလ္လင်ပေါ်တွင် ထိုင်နေသော ဟန်ချန်ချောင်က ဝင်ရောက်ပြောဆိုလိုက်ပြီး ဟန်ချန်ယဲ့ကို သူ၏လမ်းကြောင်းတွင် ရပ်တန့်စေခဲ့သည်။
ဟန်ချန်ယဲ့သည် သူ၏အစ်ကိုဘက်သို့ စိတ်လှုပ်ရှားစွာ လှည့်ကြည့်လိုက်သည်။
"နောင်တော်....သူ့ရဲ့စကားတွေကို မယုံပါနဲ့..."
ဟန်ချန်ချောင်က ခေါင်းခါလိုက်၏။
"ဒီကိစ္စတွေကို ငါ မသိဘူးလို့ မင်း တကယ်ကြီး ထင်နေတာလား....လွန်ခဲ့တဲ့ ရှစ်နှစ်က မင်းက လူမှုရေးဝန်ကြီး ချန်ယန်ကျစ်ရဲ့သမီးကို စော်ကားခဲ့လို့ သူက အရှက်ရပြီး သူ့ကိုယ်သူသတ်သေသွားခဲ့တယ်... ငါက ချန်ယန်ကျစ်ကို ကွပ်မျက်ပြီး နှုတ်ပိတ်ခဲ့ရတယ်...လွန်ခဲ့တဲ့ ခြောက်နှစ်က မင်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်းမှာ ဟန်ချီအင်ပါယာက မင်းသမီးတစ်ပါးကို စော်ကားခဲ့တယ်... သူတို့ကို နှစ်သိမ့်ဖို့အတွက် ငါက မြို့သုံးမြို့ကို စွန့်လွှတ်ခဲ့ရတယ်..."
"အတိုချုပ်ပြောရရင် မင်းရဲ့လိမ်လည်လှည့်ဖြားတဲ့ နည်းလမ်းတွေအကြောင်းကို ငါ သိတာ ဆယ်နှစ်လောက်ရှိပြီ...ငါက မင်းကို ဒီအချိန်တလျှောက်လုံး ဖုံးကွယ်ပေးနေခဲ့တာ...မဟုတ်ရင် မင်း ဖော်ထုတ်ခံရတာ အချိန်အတော်ကြာနေလောက်ပြီ"
သူ၏လျှို့ဝှက်ချက်ကို ကောင်းစွာထိန်းသိမ်းထားသည်ဟု ထင်ခဲ့သော်လည်း သူ၏ကိုယ်လုပ်တော်နှင့်အစ်ကိုတော်တို့ နှစ်ဦးလုံး သိနေကြောင်းကို သိလိုက်ရချိန်၌ ဟန်ချန်ယဲ့၏မျက်နှာ ဖြူဖျော့သွားသည်။
"နောင်တော်....ကျွန်တော်..."
"ဘာမှမဖြစ်ဘူး..."
ဟန်ချန်ချောင်က အရေးမစိုက်သော အမူအယာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"တော်ဝင်မိသားစုဝင်တစ်ယောက်နဲ့ ငါ့ရဲ့ညီငယ်တစ်ယောက်အနေနဲ့ မိသားစုရဲ့ကောင်းကင်ကံကြမ္မာကို အမွေဆက်ခံဖို့ ကံကြမ္မာပါလာတယ်.... မင်းက မိန်းမတွေနဲ့ ပျော်ပါးခဲ့ရင်တောင် ဘာဖြစ်လဲ....မင်းက မိန်းမတွေကို ထောင်နဲ့သောင်းနဲ့ချီပြီး လက်ထပ်ခဲ့ရင်တောင်မှ ဒါက ကိစ္စကြီးတစ်ခု မဟုတ်ဘူး...."
"နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ် နောင်တော်..."
စိတ်သက်သာရာရသွားသော ဟန်ချန်ယဲ့က စွန်းလျန်ရှန်းဘက်သို့ ပြန်လှည့်လိုက်သည်။
"သူ့ကို ဘာလုပ်ရမလဲ.."
"သူက ငါတို့ကို သစ္စာဖောက်ခဲ့ပြီးတော့ မင်းရဲ့ လျှို့ဝှက်ချက်ကိုလည်း သိသွားပြီ...ဒီကိစ္စတစ်ခုတည်းနဲ့တင် သူ့ကို ခွင့်လွှတ်နိုင်စရာမရှိဘူး"
ဟန်ချန်ချောင်က အေးစက်တင်းမာစွာ ပြောဆိုလိုက်၏။
"သူက သူ့ရဲ့အဖေ စွန်းချန်ယိုကို အရမ်းချစ်တာ မဟုတ်လား...သူ့မှာ အစ်ကိုတွေ အများကြီး ရှိတယ်လို့လည်း ငါ ကြားထားတယ်...သူတို့အားလုံးကို သတ်ပစ်ရမယ်"
ဟန်ချန်ချောင်က မတ်တတ်ရပ်လိုက်ပြီး စွန်းလျန်ရှန်းထံသို့ ချဉ်းကပ်သွားသည်။
"ဒါပေမဲ့ အရင်ဆုံး ငါ သူ့ဆီက အချက်အလက်တချို့ကို အတည်ပြုဖို့ လိုတယ်"
သူက သူမကို အကဲခတ်ပြီး ဆက်လက်၍ ပြောဆိုသည်။
"ကျန်းရွှမ်က မင်းရဲ့အဖေကို ကယ်တင်ခဲ့တာ... ဒါကို ငါ သိထားပြီးသားပဲ.... ဒါကြောင့် ငါက ယုလုံချင်းနဲ့ လုမင်ရုန်တို့က ကျန်းရွှမ်ကို ဖော်ထုတ်ခဲ့တာကြောင့် ငါတို့က သူ့ကို သတ်ဖို့ ကြံစည်နေတယ်လို့ တမင်သက်သက် ပြောခဲ့တာ...ငါ ခန့်မှန်းထားတဲ့အတိုင်းပဲ မင်းက ထောင်ချောက်ထဲကို ဝင်လာပြီးတော့ သူ့ကို အကြောင်းကြားဖို့ ပြေးသွားခဲ့တယ်..."
"ရှင်... ရှင်က ဒါတွေအားလုံးကို အစကတည်းက ကြံစည်ထားခဲ့တာလား"
စွန်းလျန်ရှန်းသည် မယုံကြည်နိုင်ဖြစ်သွားကာ သူမ၏မျက်ဆံများ ကျုံ့သွားသည်။
"ငါ လုပ်ခဲ့တာပဲ"
ဟန်ချန်ချောင်က သွေးများရွှဲနစ်နေသော ယုလုံချင်းနှင့်လုမင်ရုန်တို့ကို လှမ်းကြည့်လိုက်သည်။
"ဒီလူနှစ်ယောက်က ကျန်းရွှမ်ကို သိတယ်ဆိုတာ ဝန်ခံဖို့ ဒါမှမဟုတ် သူ့ရဲ့ တည်နေရာကို ထုတ်ဖော်ဖို့ ငြင်းဆန်ခဲ့ကြတယ်..ဒါကြောင့် ငါက မင်းအတွက် ထောင်ချောက်တစ်ခုကို ဆင်ခဲ့တာပဲ...အခုတော့ ငါက သူ့ရဲ့သရုပ်မှန်ကို သေချာသိသွားပြီ"
"ရှင်.."
စွန်စလျန်ရှန်း၏အမြင်အာရုံ မည်းမှောင်သွားသည်။
သူမသည် တစ်စုံတစ်ယောက်ကို ကယ်တင်နိုင်မည်ဟု တွေးထင်ခဲ့သောအရာသည် သူ့အတွက် အန္တရာယ်ဖြစ်စေခဲ့သည်။
"အခု နောက်ကျသွားပြီ...ကျွန်မက ရှင့်ရဲ့ အစီအစဉ်တွေကို ကျန်းရွှမ်ကို အကြောင်းကြားပြီးသွားပြီ...သူက ဟန်ယွမ်မြို့ကနေ ထွက်သွားလောက်ပြီ"
စွန်းလျန်ရှန်းက ချေပပြောဆိုသည်။
"ထွက်သွားပြီ ဟုတ်လား..."
ဟန်ချန်ချောင်က မဲ့ပြုံးပြုံးလိုက်သည်။
"ငါက ဟန်ယွမ်မြို့ကနေ ထွက်သွားနိုင်တဲ့ လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားပြီးပြီ...သူက ထောင်ချောက်မိနေပြီ... သူ့ရဲ့စွမ်းအားက တကယ့်ကို ကြောက်စရာကောင်းတယ်...သူက မိုတောက်ကံကြမ္မာရဲ့ ဒုတိယအဆင့်ကိုတောင် ကျွမ်းကျင်နေပြီ...ဒါပေမဲ့ တော်ဝင်မိသားစုကို ဆန့်ကျင်တဲ့နေရာမှာ သူက ပုရွက်ဆိတ်လေးတစ်ကောင်ပဲ...လွယ်လွယ်ကူကူ ကြေမွသွားနိုင်တယ်"
"ရှင်..."
စွန်းလျန်ရှန်းသည် ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး မျှော်လင့်ချက်ကင်းမဲ့မှုက သူမကို လွှမ်းမိုးသွားသည်။
ဟန်ချန်ချောင်က လှောင်ပြောင်ရယ်မောလိုက်သည်။
"မင်း တာဝန်တစ်ခု ပြီးမြောက်ရင် ငါ မင်းကို အသက်ချမ်းသာပေးမယ်....အဲ့ဒီတာဝန်အရဆိုရင် ကျန်းရွှမ် အသက်ရှင်လိမ့်မယ်... မင်းက ကြင်ယာတော်မင်းသမီးအဖြစ် ဆက်နေနိုင်ပြီးတော့ မင်းရဲ့မိသားစုလည်း အသက်ချမ်းသာခွင့်ရမယ်"
"ကျွန်မကို ဘာလုပ်စေချင်တာလဲ"
စွန်းလျန်ရှန်းက တွေဝေစွာဖြင့် မေးမြန်းလိုက်၏။
ဟန်ချန်ချောင်က သူမကို ကျောက်စိမ်းပုလင်းငယ်တစ်လုံးအား ထုတ်ပေးသည်။
"သူ့ကို ဒီဆေး တိုက်လိုက်ပါ"
"သူက ကျွန်မကို သတိထားနေပြီးသားလေ...သူက ကျွန်မ ကမ်းလှမ်းတဲ့ ဘယ်အရာကိုမဆို ဘာလို့ ယူမှာလဲ"
စွန်းလျန်ရှန်းက ခါးသည်းစွာ ရယ်မောလိုက်သည်။
"ဒါက သူ သုံးဖို့ မဟုတ်ဘူး"
ဟန်ချန်ချောင်က အေးစက်တင်းမာစွာ တုံ့ပြန်သည်။
"ဒါက မင်းအတွက်ပဲ"
စွန်းလျန်ရှန်း၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။
"ကျွန်မအတွက် ဟုတ်လား...."
"ဟုတ်တယ်"
ဟန်ချန်ချောင်က အတည်ပြုလိုက်သည်။
"မင်းက အဆိပ်ကို သောက်ပြီးတော့ ငါက သူ့ မင်းကို ကယ်တင်အောင် သွေးဆောင်ဖြားယောင်းဖို့အတွက် မင်းကို လူမြင်ကွင်းမှာ ချိတ်ဆွဲထားမယ်...သူက ထောင်ချောက်ထဲကို ဝင်လာပြီးတော့ မင်းကို လာကယ်ရင် မင်းရဲ့ညှို့ဓာတ်ကို ပြင်းပြစေမယ်.. ရင်းနှီးတဲ့ ထိတွေ့မှုအတွင်းမှာ အဆိပ်က သူ့ဆီကို ကူးပြောင်းသွားတာနဲ့ သူက ငါ့ရဲ့အမိန့်ကို နာခံရုံကလွဲပြီးတော့ တခြားရွေးချယ်စရာ မရှိတော့ဘူး... အဆိပ်က သူ့ရဲ့သွေးကြောတွေနဲ့ စိတ်ဝိညာဉ်ထဲကို စိမ့်ဝင်သွားပြီးတော့ သူ့ကို ငါ့ရဲ့ ဆန္ဒအတိုင်း ချုပ်နှောင်ထားနိုင်လိမ့်မယ်"
"ရှင်..."
စွန်းလျန်ရှန်း၏မျက်နှာ ဖြူဖျော့သွားသည်။
တစ်စုံတစ်ယောက်ကို ထောင်ချောက်ဆင်ရန် သူမ၏ကိုယ်ပိုင်ခန္ဓာကိုယ်ကို အဆိပ်ခတ်ရပေမည်။ ဟန်ချန်ချောင်၏ရက်စက်မှုသည် အမှန်တကယ်ကို အဆုံးအစမရှိချေ။
"မင်းမှာ ရွေးချယ်စရာ မရှိဘူး"
ဟန်ချန်ချောင်က ပြောဆိုသည်။ သူ၏လေသံသည် တည်ငြိမ်သော်လည်း ပြတ်သားနေပေ၏။
"ဒါကို လုပ်ရင် မင်း အသက်ရှင်ရုံတင်မကဘူး မင်းရဲ့ မိသားစုတစ်စုလုံးလည်း ချမ်းသာခွင့်ရမယ်....မင်း ငြင်းဆန်ရင်တော့ လူတိုင်း သေရမယ်"
သူက ကျောက်စိမ်းပုလင်းငယ်ကို ကြမ်းပြင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ပစ်ချပြီး အမိန့်ပေးလိုက်သည်။
"သူ့ကို ဒါကို သောက်ခိုင်းလိုက်... ပြီးတော့ သူ့ကို သတိပေးလိုက်အုံး...တကယ်လို့ သူကသာ ကျန်းရွှမ်ကို မဆွဲဆောင်နိုင်ခဲ့ရင် အဆိပ်က ကျန်းရွှမ်အစား သူ့ကို သတ်လိမ့်မယ်... ဆုံးဖြတ်ချက်က သူ့ရဲ့လက်ထဲမှာပဲ"
"ကြင်ယာတော်မင်းသမီး...တောင်းပန်ပါတယ်"
ရွှေရောင်သံချပ်ကာဝတ်အစောင့်တစ်ဦး ရှေ့တိုးလာပြီး ကျောက်စိမ်းပုလင်းငယ်ကို ကောက်ယူလိုက်သည်။ သူသည် စွန်းလျန်ရှန်းထံသို့ ချဉ်းကပ်သွားပြီး သူမ၏ပါးစပ်ကို အတင်းအကြပ်ဖွင့်ရန် ကြိုးစားလိုက်။။ သူအဆိပ်ကို တိုက်ကျွေးရန် ပြင်ဆင်နေစဉ်မှာပင် သူ၏နောက်မှ အေးစက်စက် သံမဏိအလင်းတန်းတစ်ခု လင်းလက်သွားသည်။
ဘုန်း....
အစောင့်၏ခေါင်းသည် ကြမ်းပြင်ပေါ်သို့ ကျသွားပြီး ကျောက်စိမ်းပုလင်းငယ်သည် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ်သို့ ကြေမွှပျက်စီးသွားသည်။
ဟန်ချန်ချောင်၏မျက်ဆံများ ကျဥ်းမြောင်းသွားပြီး အခန်းထဲတွင် ခန့်ညားထည်ဝါသော ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို သူ မြင်တွေ့မိသည်။ ဤသည်မှာ မိုတောက်ဓားကို ကိုင်စွဲထားသည့် အရပ်ရှည်ပြီး မျက်နှာဖုံးစွပ်ထားသော လူတစ်ဦးပင်။