← Chapters

ဟန်ချန်ယဲ့ အသတ်ခံရခြင်း

Vol. 15 Ch. 212

ဟန်ချန်ယဲ့ အသတ်ခံရခြင်း

Vol. 15 Ch. 212

"မင်းက ဘယ်သူလဲ"

ဟန်ချန်ချောင်သည် သူ၏အစစ်အမှန်စွမ်းအားကို သူ၏ခန္ဓာကိုယ်အတွင်း၌ လှည့်ပတ်ထားပြီး မည်သည့်အချိန်တွင်မဆို ထုတ်လွှတ်ရန် အသင့်ပြင်ထားသည်။

"မိုချင်း..."

မျက်နှာဖုံးစွပ်ထားသောပုဂ္ဂိုလ်သည် သူ၏ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး သူ၏မျက်နှာပေါ်မှမျက်နှာဖုံးကို ဖယ်ရှားလိုက်ရာ သူ၏ရုပ်သွင် ထွက်ပေါ်လာသည်။

"ဟန်ချန်ချောင် ငါ့ရဲ့ဂျူနီယာညီလေးက မင်းရဲ့အမိန့်တွေကို နာခံပြီးလိုက်နာလိမ့်မယ်လို့ မင်း ထင်နေတာလား... မင်းက မိုတောက်ဂိုဏ်းတစ်ဂိုဏ်းလုံးကို မင်းဆီမှာ လက်နက်ချစေချင်နေတာလား... ငါ့ရဲ့ဆရာကိုတောင် မင်းရဲ့အစေခံ ဖြစ်စေချင်နေတာလား"

ဟန်ချန်ချောင်သည် ဤလူ ရုတ်တရက်ပေါ်လာပြီး အခြေအနေကို ထိန်းချုပ်သွားလိမ့်မည်ဟု မျှော်လင့်မထားမိချေ။ သူသည် စိတ်ရှုပ်ထွေးသွားပြီး လျင်မြန်စွာ ရှင်းပြလိုက်သည်။

"အကြီးအကဲ မိုချင်း... ဒါ... ဒါက နားလည်မှုလွဲတာပါ... သခင်လေးလင်းပုယန်က မမျှော်လင့်ထားတာ မဖြစ်ခဲ့ဘူးဆိုရင် ကျန်းရွှမ်ဆိုတဲ့ လူယုတ်မာရဲ့လက်ချက်နဲ့ သေသွားလောက်ပါပြီ... ခင်ဗျား တွေ့ခဲ့တဲ့ ဒုတိယခန်းမသခင်လင်းက အဲ့ဒီလူ အယောင်ဆောင်ထားတာ ဖြစ်နိုင်ခြေများတယ်..."

"မဖြစ်နိုင်တာ... ကျန်းရွှမ်က အစကတည်းက ငါ့ဂျူနီယာညီလေးက ဟန်ဆောင်ထားတာ... သူတို့က လူတစ်ယောက်တည်းပဲ... ဒီတော့ အဲ့ဒီမှာ သတ်ဖြတ်တယ်ဆိုတာ ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ"

"မိုချင်း"က အေးစက်စွာ နှာမှုတ်လိုက်သည်။

"ကျန်းရွှမ်က လင်းပုယန် ဟန်ဆောင်ထားတာ ပြီးတော့ ကျန်းရွှမ်က လင်ပုယန် ဟန်ဆောင်ခဲ့တာ..."

ဤစကားကို ကြားလိုက်ရသည့်အချိန်တွင် ဟန်ချန်ချောင်သည် ထိုစကားကို နားလည်အောင် ကြိုးစားရင်း သူ၏စိတ်များ ပူလောင်လုမတတ် ခံစားလိုက်ရသည်။ သူသည် အဓိပ္ပာယ်ကို စဥ်းစားနေဆဲအချိန်တွင် သူ၏ညီတော် ဟန်ချန်ယဲ့၏ အရေးတကြီး အော်ဟစ်သံကြောင့် သူ သတိပြန်ဝင်လာခဲ့သည်။

"သတိထားပါ နောင်တော်”

ဟန်ချန်ချောင်သည် အလျင်အမြန် မော့ကြည့်လိုက်ရာ သူ့ပေါ်သို့ ကျဆင်းလာသော တောက်ပသည့် ဓားချီအလင်းတန်းတစ်ခုကို မြင်တွေ့လိုက်ရသည်။ ထိုအရာသည် နဂါးငွေ့တန်းတစ်ခုကဲ့သို့ တလက်လက်တောက်ပနေပြီး မည်သည့်သတ်ဖြတ်လိုစိတ် အရိပ်အယောင်မျှ မရှိဘဲ ငြိမ်သက်အေးချမ်းသော အငွေ့အသက်ကိုသာ ထုတ်လွှတ်နေသည်။

ဤသည်မှာ မိုတောက်ကောင်းကင်ကံကြမ္မာ၏ ဒုတိယအဆင့်ဖြစ်သလော....

ဟန်ချန်ချောင်၏ခန္ဓာကိုယ်ပေါ်မှ အမွှေးအမျှင်တိုင်း ထောင်ထသွားသည်။ သူသည် မစဉ်းစားတော့ဘဲ သူ၏လည်ပင်းကို လျင်မြန်စွာနောက်လှန်ကာ နောက်သို့လှိမ့်ချလိုက်ပြီး ထိုတိုက်ခိုက်မှုကို ပွတ်ကာသီကာလေး ရှောင်တိမ်းလိုက်သည်။

ရွှပ်...

ဆယ်မီတာကျော်ရှည်သော ဓားချက်တစ်ချက်က မြေပြင်ကို ခုတ်ပိုင်းသွားသည်။ ဟန်ချန်ယဲ့၏ သတိပေးသံသာ မရှိခဲ့ပါက သူသည် နှစ်ပိုင်းပြတ်သွားနိုင်ဖွယ်ရှိပေ၏။

"မင်းက တမင်တကာ လျှောက်ပြောနေခဲ့တာပဲ"

ဟန်ချန်ချောင်သည် ဖြစ်ပျက်ခဲ့သည်ကို သဘောပေါက်သွားပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ တစ်ဖက်လူသည် သူ့ကို စိတ်ရှုပ်ထွေးစေပြီး သူ၏အာရုံကို လွှဲပြောင်းရန် ကျန်းရွှမ်နှင့်လင်းပုယန်တို့သည် တစ်ယောက်တည်းဖြစ်ကြောင်း တမင်သက်သက် ပြောဆိုခဲ့ခြင်းပင်။ ထိုအခွင့်အရေးကို အရယူကာ သူတို့သည် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်ခဲ့ပြီး အောင်မြင်သွားခဲ့သည်။

"အခုမှ မင်း ဒါကို သိသွားတာက အရမ်း နောက်ကျသွားပြီ"

ကျန်းရွှမ်သည် သူ၏လက်ထဲမှ မိုတောက်ဓားကို မြှောက်ကာ နောက်တစ်ကြိမ် ထပ်မံ၍ ခုတ်ပိုင်းလိုက်သည်။

ဓားချီစွမ်းအားသည် နဂါးတစ်ကောင်ကဲ့သို့ လေထဲတွင် ဖြတ်သန်းကာ တဟုန်ထိုး မြင့်တက်လာသည်။ ဟန်ချန်ယဲ့၏လက်ဝါးထဲတွင် လှံတစ်စင်း ရုတ်တရက် ထွက်ပေါ်လာပြီး သူသည် ထိုအရာကို အံ့အားသင့်ဖွယ်အရှိန်ဖြင့် ရှေ့သို့တွန်းထုတ်လိုက်သည်။ ဓားချီအလင်းတန်း၏နောက်မှ ထွက်ပေါ်လာသော ထိုလှံတိုက်ကွက်သည် အလွန်လျင်မြန်လှသဖြင့် ဓားစွမ်းချီအင်ကို လေထဲတွင်ပင် ဖြတ်တောက်လိုက်သကဲ့သို့ ထင်ရသည်။

"မိုချင်း" သည် ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ သူ၏ဓားဖြင့် နောက်ထပ်တိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်၏။

ရုတ်ချည်းဆိုသလိုပင် ဓားချီစွမ်းအင်လှိုင်းနှစ်ခုသည် ရေပေါ်မှလှိုင်းများကဲ့သို့ အပြင်သို့ လှုပ်ခတ်သွားပြီး ရှေ့သို့ ဆင့်ကဲကျဆင်းသွားသည်။

"ဒါ..."

ဟန်ချန်ယဲ့သည် သူ၏လှံကို ဆုပ်ကိုင်ထားမှု တင်းကြပ်သွားပြီး သူ၏ဦးရေပြား ထုံကျင်သွားသည်။ လူအများစုအတွက် ကောင်းကင်ကံကြမ္မာတစ်ခု၏ ဒုတိယအဆင့် လှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်ခြင်းသည် သူတို့၏ကန့်သတ်ချက်များသို့ ရောက်ရှိနေလေပြီ။ သို့ရာတွင် မိုချင်းသည် မျက်စိတစ်မှိတ်အတွင်း ဒုတိယတိုက်ကွက်တစ်ခုကို ချောမွေ့စွာ ထုတ်လွှတ်ခဲ့သည်။

ဤကဲ့သို့ စွမ်းဆောင်မှုမျိုးကို ရရှိရန် တစ်စုံတစ်ယောက်၏ ရင်းမြစ်ရေအိုင်သည် မည်မျှထိ ကျယ်ပြန့်ပြီး သူ၏ခန္ဓာကိုယ်သည် မည်မျှထိ သန်မာနေရမည်နည်း။

ဟန်ချန်ယဲ့သည် စဥ်းစားရန် အချိန်မရှိခဲ့ပေ။ သူ၏လှံထိပ်ဖျားသည် ပထမဓားချီစွမ်းအင်ကို ချေမှုန်းလိုက်ပြီး ဒုတိယတစ်ခုကို တန်ပြန်ရန်အတွက် သူ အားအင်ကုန်ခန်းသွားခဲ့သည်။ သူသည် သေချာပေါက်သေဆုံးရတော့မည်ဟု ထင်ရသော အရာအတွက် ကြိုတင်ပြင်ဆင်လိုက်မိသည်။ ထိုအချိန်မှာပင် သူ၏အစ်ကို ဟန်ချန်ချောင်သည် ထိတ်လန့်တုန်လှုပ်မှုမှ သတိပြန်ဝင်လာပြီး သူ၏ရှေ့သို့ ရောက်ရှိလာသည်။

ဟန်ချန်ချောင်သည် လှံတစ်ချက်ဖြင့် တန်ပြန်တိုက်ခိုက်လိုက်သည်။ ထိုလှံချက်သည် ကြယ်တစ်ပွင့်ကဲ့သို့ တောက်ပနေပေ၏။

"ဒါက... စီးဆင်းသောအလင်း ကောင်းကင်ကံကြမ္မာရဲ့ ဒုတိယအဆင့်လား... ငါ့အစ်ကိုက အဆင့်ချိုးဖျက်နိုင်ခဲ့ပြီလား"

ဟန်ချန်ယဲ့၏မျက်ဆံများ ကျဥ်းမြောင်းသွားသည်။ စီးဆင်းသောအလင်း ကောင်းကင်ကံကြမ္မာသည် ဟန်ယွမ်မြို့ရှိ တော်ဝင်မိသားစု၏အမွေအနှစ်ပင်။ ဟန်ချန်ယဲ့သည် သူ၏အစ်ကို ပို၍သန်မာကြောင်း အမြဲသိခဲ့သော်လည်း ယခုချိန်၌ သူသည် ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သဘောပေါက်သွားသည်။

ဒါက သူက ရင်းမြစ်ရေအိုင်နယ်ပယ် နဝမအဆင့်ကို ကျော်လွန်ပြီးတော့ ကြယ်စင်မြစ်နယ်ပယ်ကို ဝင်ရောက်သွားပြီလို့ ဆိုလိုတာလား...

သူက ဒါကို တလျှောက်လုံး ဖုံးကွယ်ထားခဲ့တာပဲ...

ဘုန်း....

ကြယ်အလင်းတန်းနှင့်တူသော လှံချက်သည် မိုချင်း၏ ဒုတိယဓားချီစွမ်းအင်နှင့် တိုက်မိသွားသည်။ ထင်မှတ်မထားဘဲ ထိုအရာသည် အသာစီးရသွားပြီး ဓားချီအလင်းတန်းကို ပျက်စီးစေကာ ရှေ့သို့ ဆက်လက်၍ တိုးဝင်သွားသည်။

ဟန်ချန်ယဲ့က မိုချင်းသည် အရှက်တကွဲ ဆုတ်ခွာရမည်မှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့ဟု ထင်လိုက်စဥ်တွင်ပင် ထိုလူသည် သူ၏မိုတောက်ဓားကို တဖန်ထပ်၍လွှဲယမ်းလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် နောက်ထပ် ဓားချီစွမ်းအင်သုံးခု ထပ်မံ၍ပွင့်အံ့ထွက်လာသည်။

ဟန်ချန်ယဲ့၏ဦးရေပြား ထုံကျင်သွားသည်။

သူသည် ကောင်းကင်ကံကြမ္မာ နည်းစနစ်တစ်ခုကို လုပ်ဆောင်လိုက်တိုင်း ပြန်လည်နလန်ထူရန် အချိန်ခဏတာ လိုအပ်ပေ၏။ ထိုခံစားချက်သည် လူတစ်ယောက်ကို အထွတ်အထိပ်စွမ်းအားကို အသုံးပြုပြီးနောက် အားအင်ကုန်ခန်းသွားကာ ငြိမ်သက်သွားစေခြင်းနှင့် ဆင်တူသည်။ ပုံမှန်အားဖြင့် ထိုသို့ ပြန်လည်နာလန်ထူမှုသည် နာရီဝက် သို့မဟုတ် ထို့ထက်ပို၍ ကြာမြင့်လေ့ရှိသည်။

သို့ရာတွင် ဤနေရာ၌ ကောင်းကင်ကံကြမ္မာနည်းစနစ်ကို ချောမွေ့စွာအသုံးပြုနိုင်သော ပြိုင်ဘက်တစ်ဦး မတ်တတ်ရပ်နေပြီး တိုက်ခိုက်မှုတစ်ခုပြီးတစ်ခုသည် ပို၍လျှင်မြန် ပို၍အားကောင်းလာကာ မညှာမတာ ထုတ်လွှတ်နေသည်။

ဤသို့ပြုလုပ်ရန် မည်ကဲ့သို့ နတ်ဆိုးဆန်သည့် မရီဒါန်းများနှင့် ကြီးမားသော အစစ်အမှန်စွမ်းအားသိုလှောင်မှုများကို လိုအပ်မည်နည်း။

ထိုတိုက်ခိုက်မှုကြောင့် အလားတူ အံ့အားသင့်နေသော ဟန်ချန်ချောင်သည် သူ၏လက်ကောက်ဝတ်ကို လှန်ကာ အဆောင်လက်ဖွဲ့တစ်ခုကို ပစ်ထုတ်လိုက်သည်။ သူ၏အသံသည် ခြံဝင်းအတွင်း၌ ပဲ့တင်ထပ်သွားပေ၏။

"ရွှေရောင်သံချပ်ကာဝတ် အစောင့်တွေ စုရုံးကြစမ်း"

ရွှပ်...ရွှပ်...ရွှပ်...

ရွှေရောင်သံချပ်ကာ ဝတ်ဆင်ထားသော အစောင့်များ ရာနှင့်ချီ၍ ထွက်ပေါ်လာပြီး သူတို့၏ဓားများကို ဝှေ့ယမ်းလိုက်ကြသည်။ အချိန်တခဏအကြာတွင် သူတို့၏စုပေါင်းဓားချီစွမ်းအင်သည် မိုချင်းထံသို့ တိုက်ရိုက် ချိန်ရွယ်ထားသော တောက်ပသည့် အလင်းတန်းတစ်ခုအဖြစ် ပေါင်းစပ်သွားသည်။

ဤရွှေရောင်သံချပ်ကာဝတ် အစောင့်များသည် ကျောက်စိမ်းအရိုးနယ်ပယ်တွင်သာ ရှိကြသည်။ သူတို့ တစ်ဦးချင်းအနေဖြင့် မထင်ရှားသော်လည်း အတူတကွ ပေါင်းစည်းလိုက်လျှင် ကြယ်စင်မြစ်နယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ဦးကိုပင် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်စေနိုင်သည်။

မိုချင်းသည် ဆုတ်ခွာပြီး ဝိုင်းရံခံရမည့်အန္တရာယ်ကို ရင်မဆိုင်ဘဲ အခန်း၏ထောင့်တစ်နေရာသို့ ပြေးဝင်ကာ သူ၏ခြေထောက်ဖြင့် ဆောင့်နင်းလိုက်သည်။

ဝုန်း....

ခြံဝင်းအတွင်းရှိဝင်္ကပါ လည်ပတ်လာသည်နှင့်အမျှ တိုးညှင်းသောတုန်ခါသံတစ်သံ ပဲ့တင်ထပ်လာပြီး ထိုနယ်မြေတဝိုက်ကို ထူထပ်သိပ်သည်းသော မြူခိုးများဖြင့် ဖုံးလွှမ်းသွားစေကာ ဝင်လာသမျှ ဓားချီစွမ်းအင်များအားလုံးကို သီးခြားခွဲထုတ်လိုက်သည်။ ထူထပ်သိပ်သည်းသော မြူခိုးသည် အခန်းအတွင်းရှိ မြင်ကွင်းကိုလည်း ပျောက်ကွယ်သွားစေသည်။

"ငါ့ရဲ့ နန်းတော်ထဲက ဝင်္ကပါကို မင်းက ဘယ်လိုလုပ်ပြီး ထိန်းချုပ်နိုင်ရတာလဲ"

ဟန်ချန်ချောင်၏အသံတွင် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

မိုချင်း၏ ကျယ်လောင်သော တုံ့ပြန်မှုသည် နန်းတော်အနှံ့ ပဲ့တင်ထပ်သွားပေ၏။

"ဒါက မင်းနဲ့ မဆိုင်ဘူး... မင်းသိထားရမှာက ငါ မင်းကို သတ်ချင်တယ်ဆိုရင် မင်းက အသေခံဖို့ တိတ်တိတ်လေး ထိုင်စောင့်နေရုံပဲ"

ဘုန်း....

မိုချင်းသည် ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားပြီး သူ၏မိုတောက်ဓားဖြင့် ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်သည်။ ဆက်တိုက်ခုတ်ပိုင်းလိုက်သော ဓားချက်ဆယ်ချက်အတွင်း၌ အခန်းအတွင်းရှိ ပရိဘောဂများသည် ပြင်းထန်သော ဓားချီစွမ်းအင်လှိုင်းအောက်တွင် ကြေမွှပျက်စီးသွားတော့သည်။

ဟန်ချန်ချောင်သည် လျင်မြန်စွာ ဆုတ်ခွာလိုက်သော်လည်း သူ အဝေးသို့ မရောက်မီ ဟန်ချန်ယဲ့၏ အော်သံကို ကြားလိုက်ရသည်။

"သေစမ်း"

အချိန်တဏအကြာတွင် မိုချင်း၏ဒေါသတကြီး ဟိန်းဟောက်သံ ထွက်ပေါ်လာသည်။

"မင်းက ငါ့ကို ဒဏ်ရာရအောင် လုပ်ရဲတာလား... ဒါဆိုရင် ငါတို့ အတူတူ သေကြတာပေါ့"

ပတ်ဝန်းကျင်ရှိ အစစ်အမှန်စွမ်းအားများ အရှိန်အဟုန်ဖြင့် တိုးတက်လာပြီးနောက် ဓားချီစွမ်းအားနှင့် လှံအလင်းတန်းများ ပွင့်အံ့ထွက်ကာ အခန်း၏နံရံများကို ဆုတ်ဖြဲသွားသည်။

ဘန်း....

အဆောက်အအုံသည် ပြိုကျသွားကာ ဖုန်မှုန့်များနှင့် အပျက်အစီးများအဖြစ်သို့ ရောက်ရှိသွားတော့သည်။

တိတ်ဆိတ်မှု ကြီးစိုးသွားပေ၏။

"ဘာတွေ ဖြစ်ကုန်တာလဲ"

ဟန်ချန်ချောင်၏မျက်နှာ တင်းမာခက်ထန်နေကာ သူ၏အမိန့်ပေးတံဆိပ်ကို လျင်မြန်စွာ ထုတ်ယူပြီး အစစ်အမှန်စွမ်းအားများ ထည့်သွင်းလိုက်သည်။ ဝင်္ကပါတည်ငြိမ်သွားသည်နှင့် မြူခိုးများ ပျောက်ကွယ်သွားပြီး တိုက်ပွဲ၏ နောက်ဆက်တွဲကို ဖော်ပြနေသည်။

ခန်းမတစ်ခုလုံး အပျက်အစီးများအဖြစ် ကျန်ရစ်ကာ ဖုန်မှုန့်များ ဖုံးလွှမ်းလျက် ရှိသည်။ ဟန်ချန်ချောင်နှင့် မနီးမဝေးတွင် အလောင်းတစ်လောင်း မြေပြင်ပေါ်၌ မှောက်လျက်သား လဲကျနေပြီး လှံတစ်စင်းကို တင်းတင်ကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

ဤသည်မှာ သူ၏ညီတော် ဟန်ချန်ယဲ့ပင်။

"ချန်ယဲ့..."

ဟန်ချန်ချောင်၏မျက်နှာ ပြာနှမ်းသွားပြီး သူ၏ခန္ဓာကိုယ် တုန်ရီသွားသည်။ ထို့နောက် သူ၏မျက်လုံးများသည် တခြားပုံရိပ်တစ်ခုပေါ်သို့ ကျရောက်သွားသည်။ ဤသည်မှာ ခေါင်းပြတ်နေသော မိုချင်းဖြစ်ပြီး သူ၏ခေါင်းပြတ်ကြီးသည် အနီးအနားတွင် ရှိကာ သူ၏မိုတောက်ဓားသည်လည်း မလှမ်းမကမ်းတွင် ကျရောက်နေသည်။

"..."

ဟန်ချန်ချောင် ကြက်သေသေသွားသည်။

သေပြီလား...မိုချင်းက ဟန်ချန်ယဲ့ရဲ့လက်ချက်နဲ့အသတ်ခံလိုက်ရပြီးတော့ သူ့ရဲ့ခေါင်း ပြတ်သွားတာလား... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...

ဟန်ချန်ချောင် မယုံကြည်နိုင်ခဲ့ချေ။ သူတို့၏တိုက်ပွဲအတွင်း၌ မိုချင်း၏ ခွန်အားသည် အဆုံးအစမရှိဟု ထင်ခဲ့ရသော်လည်း မျက်စိတစ်မှိတ်အတွင်း သူ၏ညီတော်က မိုချင်းကို အနိုင်ယူခဲ့သည်။

အလောင်းများကို စစ်ဆေးရန် ခြေလှမ်းနှစ်လှမ်း ပို၍ချဥ်းကပ်သွားသည့်အချိန်တွင် ဟန်ချန်ချောင်သည် ပို၍ပင် စိတ်ရှုပ်ထွေးသွားသည်။

မိုချင်း၏လည်ပင်းသည် ဓားဖြင့် ဖြတ်တောက်ခံထားရပုံရပြီး ဟန်ချန်ယဲ့၏လည်ချောင်းတွင်မူ လှံဖြင့်ထိုးဖောက်ခံရသကဲ့သို့ တိုးလျှိုးပေါက်ဒဏ်ရာငယ်တစ်ခု ရှိနေသည်။

လှံပညာရပ်တွင် ကျွမ်းကျင်သော ဟန်ချန်ယဲ့သည် လှံဖြင့် အသတ်ခံခဲ့ရသည်။ ဓားသခင်တစ်ဦးဖြစ်သော မိုချင်းသည် ဓားဖြင့် ခေါင်းဖြတ်ခံခဲ့ရလေ၏။ ဤအရာများအားလုံးသည် ရှုပ်ထွေးနေပြီး အံ့အားသင့်စရာကောင်းသည်။

"အရှင်မင်းကြီး..."

ရွှေရောင်သံချပ်ကာဝတ် အစောင့်များ ချဉ်းကပ်လာပြီး ဒူးထောက်လိုက်ကြသည်။

"အရှင်မင်းကြီး ဘာမှမဖြစ်ဘူး မဟုတ်လား"

"ငါ ဘာမှမဖြစ်ဘူး"

ဟန်ချန်ချောင်က ခေါင်းခါယမ်းပြီး အမိန့်ပေးလိုက်သည်။

"ကြင်ယာတော်မိဖုရားနဲ့ ယုလုံချင်း လုမင်ရုန်တို့ကို ရှာကြစမ်း... သူတို့ကို အရှင်ဖြစ်ဖြစ် အသေဖြစ်ဖြစ် ငါ တွေ့ချင်တယ်"

"ဟုတ်ကဲ့"

အစောင့်များသည် ပတ်ဝန်းကျင်နေရာတဝိုက်ကို ရှာဖွေကြသော်လည်း တခဏအကြာတွင် အစောင့်ခေါင်းဆောင်သည် အရှက်ရသော မျက်နှာထားဖြင့် ပြန်လာခဲ့သည်။

"အရှင်မင်းကြီး... ကျွန်တော်တို့က နန်းတော်တစ်ခုလုံးကို ရှာဖွေခဲ့ပေမဲ့ ကြင်ယာတော်မိဖုရား ဒါမှမဟုတ် တခြားလူတွေရဲ့ ခြေရာတစ်စုံတစ်ရာတောင် မတွေ့ခဲ့ပါဘူး... သူတို့တွေက လေထဲမှာ ပျောက်ကွယ်သွားသလိုပဲ"

"သူတို့ ပျောက်သွားတာလား"

ဟန်ချန်ချောင် အံ့အားသင့်သွားသည်။

အသက်နှစ်ရှိုက်စာမပြည့်မီအတွင်းတွင် သူ၏ညီတော်နှင့်မိုချင်းတို့ သေဆုံးသွားကာ တခြားလူများ ပျောက်ကွယ်သွားသည်။ ဤအရာအားလုံးသည် ထူးဆန်းနေသည့်အပြင် အလွန်အဓိပ္ပါယ်မဲ့နေသည်။

"ပင်းယွမ်မင်းသားအတွက် သင့်တော်တဲ့ ဈာပနတစ်ခု ပြုလုပ်ပေးလိုက်ပါ... မိုချင်းရဲ့ သေဆုံးမှုသတင်းကို ပိတ်ပင်ထားပါ... ပြီးတော့ လင်းပုယန်ရဲ့အိမ်ကို စစ်ဆေးဖို့ လူတွေ လွှတ်လိုက်ပါ... သူ အဲ့ဒီမှာ ရှိနေသေးလားဆိုတာ ကြည့်ခိုင်းလိုက်စမ်း.."

သူ၏အမိန့်များသည် အုပ်စိုးသူတစ်ဦးနှင့် ထိုက်တန်စွာ လျင်မြန်ပြီး ပြတ်သားလှသည်။

"ဟုတ်ကဲ့"

မကြာမီ သတင်းပို့ချက်တစ်ခု ရောက်ရှိလာသည်။

"အရှင်မင်းကြီး... လင်းပုယန်က သူ့ရဲ့အိမ်ကနေ မထွက်ခွာသေးပါဘူး... ဒါပေမဲ့ အလုံးစုံသိမြင်ဂိုဏ်းချုပ် ယွဲ့လုံရှောင်က အဲ့ဒီနေရာမှာ ရှိနေပြီးတော့ ပြန်မထွက်လာသေးပါဘူး..."

"ယွဲ့လုံရှောင်က လင်းပုယန်နဲ့ အတူ ရှိနေတာလား"

ဟန်ချန်ချောင်က မျက်မှောင်ကြုတ်လိုက်သည်။

အကယ်၍ သူသာ "ကျန်းရွှမ်" ကို ရင်ဆိုင်ရန် ယခုလှုပ်ရှားလိုက်ပါက ယွဲ့လုံရှောင်သည် ဤအဖြစ်အပျက်ကို သံသယဝင်ဖွယ်မရှိ ဖြန့်ဝေလိမ့်မည်။ ဖရိုဖရဲကံကြမ္မာကျင့်ကြံသူကို ဖမ်းဆီးသည်ဖြစ်စေ ယွဲ့လုံရှောင်၏အကူအညီကို ရယူသည်ဖြစ်စေ အရာရာသည် ပို၍ ရှုပ်ထွေးလာပေလိမ့်မည်။

ဟန်ချန်ချောင်က စဥ်းစားတွေးတောပြီးနောက် ညွှန်ကြားလိုက်သည်။

"အနီးကပ် စောင့်ကြည့်ထားပါ... လင်းပုယန် ထွက်သွားခဲ့ရင် သူ့ကို ချက်ချင်း ဖမ်းဆီးကြစမ်း... သူ့ကို လွတ်မြောက်ခွင့် မပေးနဲ့"

"နားလည်ပါပြီ"

ရွှေရောင်သံချပ်ကာဝတ် အစောင့်များက တညီတညွတ်တည်း ဦးညွှတ်လိုက်ကြသည်။

"ဒီနေရာကို စောင့်ကြပ်ထားစမ်း... ငါ့ရဲ့ခွန်အားကို ပြန်ပြီးဖြည့်တင်းဖို့ လိုအပ်တယ်..."

လိုအပ်သော စီစဥ်မှုများအားလုံးကို ပြုလုပ်ပြီးနောက် ဟန်ချန်ချောင်သည် နောက်ဆုံးတွင် သူ့ကိုယ်သူ ထိုင်ခွင့်ပြုလိုက်ပြီး ဆေးလုံးတစ်လုံးကို သောက်သုံးကာ သူ၏အစစ်အမှန်စွမ်းအားများကို ပြန်လည်၍ဖြည့်တင်းလိုက်သည်။

မိုချင်းနှင့် တိုက်ပွဲသည် တိုတောင်းခဲ့သော်လည်း လှုပ်ရှားမှုတိုင်းသည် အန္တရာယ်များပေ၏။ သူ ခြေတစ်လှမ်း မှားယွင်းတိုင်း သေဆုံးခြင်းသို့ ဦးတည်သွားနိုင်သည်။

ကံကောင်းစွာဖြင့် ဟန်ချန်ယဲ့သည် ယုံကြည်ရကြောင်း သက်သေပြခဲ့ပြီး သေစေနိုင်သော တိုက်ကွက်ကို ပေးစွမ်းနိုင်ခဲ့သည်။ ထိုသို့မဟုတ်ပါက ဤတိုက်ပွဲ၏ အောင်နိုင်သူမှာ မသေချာမရေရာ ဖြစ်နေပေလိမ့်မည်။

All Chapters