ဟန်ချန်ချောင်၏တုံ့ပြန်မှု
Vol. 15 Ch. 214
ပါရမီမရှိသူများကို ကောင်းကင်ကံကြမ္မာအား ကျင့်ကြံစေပြီး ကံကြမ္မာဆရာသခင်များ ဖြစ်လာစေခြင်းသည်...
ထိုအရာသည် ဖြစ်နိုင်ပါသလော...
ဤသတင်းသာ ပျံ့နှံ့သွားပါက လောကကြီးတခွင်လုံးရှိလူများ ရူးသွပ်သွားပေလိမ့်မည်။
"ဒါက ကံကြမ္မာခန်းမက ဖရိုဖရဲကံကြမ္မာ ကျင့်ကြံသူတွေကို ကြောက်ရတဲ့ အရင်းခံအကြောင်းအရင်းပဲ ဖြစ်နေမလား"
ယုလုံချင်၏မျက်ဆံများ ကျဥ်းမြောင်းသွားကာ သူ၏ခန္ဓာကိုယ်သည် အနည်းငယ် တုန်ရီသွားပေ၏။
ကံကြမ္မာကို နှောင့်ယှက်နိုင်သူတစ်ဦးသည် မည်သည်ကြောင့် ရင်းမြစ်ကမ္ဘာတစ်ခုလုံး၏ အမျက်ဒေါသနှင့် ရင်ဆိုင်ရသည်ကို သူ ယခင်က နားမလည်ခဲ့ချေ။ သို့ရာတွင် ယခု၌မူ အရာအားလုံး ရှင်းလင်းသွားခဲ့လေပြီ။ ဤအရာသည် ကံကြမ္မာခန်းမ၏ အခြေခံအုတ်မြစ်ကို နက်နဲသိမ်မွေ့သော နည်းလမ်းများဖြင့် တုန်ခါစေနိုင်သည်။
"ငါ အခု ဓားနည်းစနစ်ကို သရုပ်ပြမယ်...မင်းတို့ သေချာကြည့်ပြီး သင်ယူကြတော့"
ကျန်းရွှမ်သည် ထပ်မံရှင်းပြရန် ပျင်းရိနေသဖြင့်သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ မိုတောက်ဓားတစ်လက်က သူ၏လက်ထဲတွင် ထွက်ပေါ်လာသည်။ သူသည် ထိုဓားကို ညင်သာစွာ လွှဲယမ်းလိုက်ရင်း မိုတောက်ဓားနည်းစနစ်ကို ထုတ်ဖော်ပြသလိုက်သည်။
ရုတ်ချည်းဆိုသလိုပင် ကောင်းကင်ကံကြမ္မာစွမ်းအင်များသည် လေဟာနယ်မှ တိုးထွက်လာပြီး ဓားနည်းစနစ်အား စိတ်ဝိညာဉ်ကိုပင် တုန်လှုပ်စေသော စွမ်းအားဖြင့် ပေါင်းစပ်ပေးကာ အခန်း၏ထောင့်တစ်နေတိုင်းသို့ ပြည့်နှက်သွားစေသည်။
မကြာမီမှာပင် သရုပ်ပြမှု ပြီးဆုံးသွားသည်။
"မင်းတို့ ဘယ်လောက်ထိ မှတ်မိလိုက်လဲ"
ကျန်းရွှမ်းက သူတို့ကို လှမ်းကြည့်လိုက်သည်။
"တစ်ကွက်မှ မမှတ်မိပါဘူး"
ယုလုံချင်၏မျက်နှာအမူအယာသည် ရှက်ကိုးရှက်ကန်း ဖြစ်နေလေ၏။
"ငါ မြင်လိုက်ရတာကို နားလည်ပြီးတော့ ရှင်းလင်းတဲ့ ထင်မြင်ချက်တွေတောင် ရှိပေမဲ့ ငါ ဒါကို လုပ်မပြနိုင်ဘူး"
"ငါလည်း ဒီအတိုင်းပဲ....လှုပ်ရှားမှုနည်းနည်းလောက်ကို လိုက်ပြီးတုပနိုင်ပေမဲ့ စွမ်းအားကတော့ အများကြီး လျော့နည်းသွားလိမ့်မယ်"
လုမင်ရုန်က သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
"စမ်းကြည့်ပါအုံး"
ကျန်းရွှမ်က မိုတောက်ဓားကို လုမင်ရုန်ထံသို့ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်သည်။
ကျောင်းအုပ်ကြီးလုသည် ထိုဓားကိုယူပြီး လွှဲယမ်းလိုက်၏။
သူ၏လှုပ်ရှားမှုများသည် ကျန်းရွှမ်၏သရုပ်ပြမှုနှင့် ထပ်တူကျနေသော်လည်း သူ ထိုဓားကွက်များကို လုပ်ဆောင်လိုက်သည့် အချိန်အခိုက်အတန့်တွင် ရှင်းပြ၍မရနိုင်သော စွမ်းအားတစ်ရပ်က ဓား၏လမ်းကြောင်းကို လွဲမှားစေပြီး မပီမပြင် ရှုပ်ထွေးသွားစေသည်။
ဤသည်မှာ မေးခွန်း၏အဖြေသည် "ကျူးယွမ်ကျန်း" ဖြစ်ကြောင်း သိသော်လည်း အလိုအလျောက် "ဆွန်းဟုန်လဲ့" ဟု ရေးချလိုက်မိသည့်အလား ခံစားရသည်။
ဤသည်မှာ ကံကြမ္မာ၏စွမ်းအာပင်။ ကံကြမ္မာ၏ ခွင့်ပြုချက်မရှိမရှိပါက မည်သည့်ကြိုးပမ်းမှုမဆို အချည်းနှီးသာ ဖြစ်ပေမည်။
"ဆက်လုပ်ပါ..."
လုမင်ရုန် တွန့်ဆုတ်နေသည်ကို မြင်သောကြောင့် ကျန်းရွှမ်းက အော်ဟစ်လိုက်ပြီး သူ၏လက်ချောင်းကို လှုပ်ခတ်လိုက်သည်။ သူ၏ကောင်းကင်ဘုံစာကြည့်တိုက်မှ စွမ်းအင်စီးကြောင်းများသည် လုမင်ရုန်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပေ၏။
ဘုန်း....
အလင်းတန်းတစ်တန်းက လုမင်ရုန်ကို လွှမ်းခြုံသွားပြီး လွဲမှားနေသော ဓားလမ်းကြောင်းသည် ပြန်လည်၍တည့်မတ်သွားသည်။ သွေးနီရောင်နေဝင်ဆည်းဆာတစ်ခုသည် အခန်းတစ်ခန်းလုံးကို ထွန်းလင်းစေသကဲ့သို့ ကောင်းကင်ကံကြမ္မာစွမ်းအင်နှင့်အတူ ထက်ရှသော အလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။
"ဒါက..."
"သူ တကယ်ကြီး သင်ယူနိုင်ခဲ့တာလား"
ယုလုံချင်နှင့်စွန်းလျန်ရှန်းတို့ နှစ်ဦးလုံး အံ့အားသင့်သွားကြသည်။
ယခင်က သူတို့သည် ဤကိစ္စကို ဖြစ်နိုင်သည်ဟု သံသယရှိခဲ့ကြသည်။ ယခုချိန်တွင်မူ သူတို့သည် လုံးလုံးလျားလျား အသိအမှတ်ပြု လက်ခံသွားကြလေပြီ။
"ငါ... ငါက..."
ကျောင်းအုပ်ကြီးလုမင်ရုန်သည် ပို၍ပင် စိတ်လှုပ်ရှားသွားပေ၏။ ကျန်းရွှမ်၏လက်ချောင်းများကို တစ်ချက်လှုပ်ခတ်လိုက်ရုံဖြင့် သူ သင်ယူ၍မရနိုင်ဟု တွေးထင်ခဲ့သော ဓားနည်းစနစ်သည် သူ၏စိတ်ထဲတွင် ရုတ်တရက် ကြည်လင်ပြတ်သားသွားသည်။
ဤသည်မှာ ကံကြမ္မာသော့ခလောက်ကို ဖွင့်လှစ်ခြင်းပင်။
"မင်းလည်း စမ်းကြည့်လိုက်အုံး"
ကျန်းရွှမ်က ညွှန်ကြားလိုက်သည်။
ယုလုံချင်းနှင့်စွန်းလျန်ရှန်းတို့သည် ကြိုးစား၍ လှုပ်ရှားလိုက်ကြပြီး ကျန်းရွှမ်၏အကူအညီဖြင့် သူတို့သည်လည်း မိုတောက်ဓားနည်းစနစ်ကို လျှင်မြန်စွာ ကျွမ်းကျင်သွားကြသည်။
ယုချင်းယု၏ ယခင်အောင်မြင်မှုများထက်ပင် ကျော်လွန်သော ဤမျှထိ နက်နဲသိမ်မွေ့သည့် ဓားနည်းစနစ်ကို သူတို့ ကျင့်ကြံနိုင်ခဲ့သည်။ ထိုကြောင့် သူတို့သည် ယခုအချိန်၌ ကံကြမ္မာဆရာသခင်များ ဖြစ်လာရန် အရည်အချင်းများ ပိုင်ဆိုင်သွားပြီဖြစ်ကြောင်း ညွှန်ပြနေပေ၏။။
"ဒီမှာပဲ ဆက်ပြီးလေ့ကျင့်နေကြပါ... မင်းတို့ကို မကြာခင်မှာ ထွက်သွားဖို့ ငါ စီစဥ်ပေးမယ်"
သူ၏ကျေးဇူးကြွေးကို ပြန်ဆပ်ပြီးနောက် ကျန်းရွှမ်သည် ဆက်မနေတော့ဘဲ ထွက်ခွာရန် နောက်သို့လှည့်လိုက်သည်။
"ဟုတ်ကဲ့"
ယုလုံချင်းတို့ထံတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေကြသည်။
ကျန်းရွှမ်၏လျှို့ဝှက်ချက်ကို ထုတ်ဖော်မပြောခြင်းသည်ပင် သူ့အပေါ် သူတို့၏
ကျေးဇူးဆပ်ခြင်းဖြစ်သော်လည်း ဤမမျှော်လင့်ထားသော ကံကောင်းမှုသည် ကောင်းချီးတစ်ခုပင်။
"အဲ့ဒီတုန်းက ငါ့ရဲ့ရွေးချယ်မှုက မှန်ကန်ခဲ့ပုံရတယ်..."
ယုလုံချင်းက သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်သည်။
သူသည် ကျန်းရွှမ်၏ပါရမီကို အသိအမှတ်ပြုမိသည့်အချိန်တွင် သူ၏သမီးကို ကျန်းရွှမ်၏ တပည့်ဖြစ်စေသည်အထိ ရင်းနှီးမြှုပ်နှံရန် ရွေးချယ်ခဲ့သည်။ ဤသည်မှာ သူ၏ဘဝတွင် အသိဥာဏ်အရှိဆုံး ဆုံးဖြတ်ချက် ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ထားမိမည်နည်း။
တစ်ချိန်တည်းမှာပင် လမ်းကြောင်းမှား ရွေးချယ်ခဲ့သော လျှူထျန်ကျန်းမှာမူ သေဆုံးသွားခဲ့ပြီး လျှူမိသားစုသည်လည်း လုံးလုံးလျားလျား ပျက်စီးသွားခဲ့သည်။
ထိုလူသုံးဦးရှိရာ အခန်းမှ ထွက်ခွာလာပြီးနောက် ကျန်းရွှမ်သည် သူ့ကိုယ်သူ ဖုန်မှုန့်များနှင့် အညစ်အကြေးများ လိမ်းကျံကာ တမင်သက်သက် ဖရိုဖရဲဖြစ်အောင် ပြုလုပ်လိုက်သည်။ ထို့နောက် သူသည် ပင်ပန်းနွမ်းနယ်ဟန်ဆောင်က ခြံဝန်းအတွင်းရှိ ပင်မခန်းမထံသို့ ဒယိမ်းဒယိုင်ဖြင့် လျှောက်လှမ်းသွားလိုက်သည်။
သူ ခန်းမဝင်ပေါက်သို့ မရောက်မီတွင် ကျယ်လောင်သော ဘုန်းခနဲအသံနှင့်အတူ လဲကျသွားသည်။ သူ၏အမြင်အာရုံ မည်းမှောင်သွားကာ သတိလစ်ပြီး မြေပြင်ပေါ်သို့ လဲကျသွားပေ၏။
ထိုအသံကိုကြားချိန်၌ စွန်းချန်သည် ချက်ချင်း ပြေးထွက်လာပြီး သူ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေကာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"သခင်လေး... သခင်လေး...... ခန်းမသခင် ယွဲ့... သခင်လေးကို ကယ်ပါအုံး"
သူ၏အော်ဟစ်သံများသည် ခြံဝင်းအနှံ့ ပဲ့တင်ထပ်သွားသည်။
"ဒုတိယခန်းမသခင်လင်း"
ဆူညံသံကိုကြားချိန်၌ ယွဲ့လုံရှောင်က အလျင်စလို ထွက်လာသည်။ လင်းပုယန်၏ ဆိုးရွားသော အခြေအနေကို မြင်တွေ့ရသည့်အချိန်တွင် သွေးခုန်နှုန်းကို စစ်ဆေးရန် သူ၏လက်ကို လင်းပုယန်၏လက်ကောက်ဝတ်ပေါ်သို့ ချက်ချင်းတင်လိုက်သည်။
"ရှုပ်ထွေးလိုက်တာ...."
ယွဲ့လုံရှောင်က မျက်မှောင်တင်းတင်းကြပ်ကြပ်ကြုတ်လိုက်သည်။
"သူ့ရဲ့ဒဏ်ရာတွေက ဒီလောက်ထိတောင် ပြင်းထန်တာလား"
ဤမျှထိ ရှုပ်ထွေးသော သွေးခုန်နှုန်းမျိုးကို သူ ကြုံတွေ့ဖူးခြင်းမှာ ပထမဆုံးအကြိမ်ပင်။ လင်းပုယန်၏အရှိန်အဝါသည် မတည်ငြိမ်ဘဲ သူ၏အစစ်အမှန်စွမ်းအားများ ပြောင်းပြန်စီးဆင်းနေသည်။ ဤသည်မှာ သူ၏ကျင့်ကြံမှု လွဲချော်ခြင်းကြောင့် စွမ်းအားဖောက်ပြန်သွားခြင်း၏ ရှေ့ပြေးလက္ခဏာ ဖြစ်သည်မှာ သိသာထင်ရှားသည်။
အချိန်တခဏကြာ တွန့်ဆုတ်နေပြီးနောက် ယွဲ့လုံရှောင်သည် ဆေးလုံးတစ်လုံးကို ထုတ်ယူကာ လင်းပုယန်၏ပါးစပ်ထဲသို့ ထည့်ပေးပြီး ထိုဟာကို အရည်ပျော်စေရန် သူ၏အစစ်အမှန်စွမ်းအားကို အသုံးပြုလိုက်သည်။ ထိုအချိန်မှသာ ကျန်းရွှမ်သည် မေ့မြောနေရာမှ သတိပြန်ရလာသည်။
"ဘာဖြစ်ခဲ့တာလဲ"
ယွဲ့လုံရှောင်က အရေးတကြီး မေးမြန်းလိုက်သည်။
ကျန်းရွှမ်သည် ထထိုင်ရန် ကြိုးစားလိုက်ပြီး သူ၏အသံသည် ဒဏ်ရာရနေသော ငှက်တစ်ကောင်ကဲ့သို့ အားနည်းတုန်ရီနေသည်။
"ဂိုဏ်းချုပ်ယွဲ့... မင်းက ငါတို့အတွက် တရားမျှတမှုကို ရှာဖွေပေးရမယ်... အစောပိုင်းတုန်းက ဧကရာဇ်ဟန်ချန်ချောင်က ငါ့ရဲ့စီနီယာအစ်ကို ရောက်လာတယ် ကြားလို့ ငါတို့ကို နန်းတော်ထဲ ဆင့်ခေါ်ခဲ့တယ်... အရက်နှစ်ခွက်လောက် သောက်ပြီးတဲ့နောက်မှာ သူက သတိမပေးဘဲ ရုတ်တရက်ကြီး တိုက်ခိုက်ခဲ့တယ်... ငါတို့ထဲက ဘယ်သူမှ ဒါကို ကြိုမမြင်ခဲ့မိဘူး... ဝိုင်အရက်ထဲမှာ အဆိပ်ပါတယ်... ငါ့ရဲ့စီနီယာအစ်ကိုက နေရာမှာတင် ခေါင်းဖြတ်အသတ်ခံလိုက်ရပြီးတော့ ခန်းမသခင်ဟန်နဲ့ ငါက အသက်ဘေးကနေ သီသီလေးလွတ်မြောက်လာခဲ့တယ်.. ဒါနဲ့ ခန်းမသခင်ဟန်ရော ဘေးကင်းကင်း ပြန်ရောက်လာရဲ့လား... သူ ဘယ်လိုနေသေးလဲ"
"သူ... မလွတ်မြောက်ခဲ့ဘူး"
ယွဲ့လုံရှောင်က တည်ကြည်လေးနက်စွာဖြင့် ခေါင်းခါလိုက်သည်။
အစောပိုင်းက သူသည် မိုချင်းကဲ့သို့ အရည်အချင်းရှိသူတစ်ဦးသည် ဧကရာဇ်ဟန်ချန်ချောင်၏လက်ချက်ဖြင့် သေဆုံးသွားသည်ကို ယုံကြည်ရန် ခက်ခဲနေခဲ့သည်။ သို့ရာတွင် ယခုချိန်၌မူ အရာအားလုံး အဓိပ္ပာယ်ရှိသွားခဲ့လေပြီ။ ဤကိစ္စတွင် အဆိပ် ပါဝင်ပတ်သက်နေပေ၏။
"သေပြီ... ခန်းမသခင်ဟန် သေသွားပြီလား..."
ကျန်းရွှမ်သည် သိသိသာသာ တုန်လှုပ်သွားပြီး ဝမ်းနည်းမှုနှင့်ဒေါသများ သူ၏မျက်လုံးများထဲတွင် ဖြတ်ပြေးသွားသည်။
"ဟုတ်တယ်"
ယွဲ့လုံရှောင်က ခေါင်းညိတ်သည်။
"ငါက ဒီအကြောင်းကို ကျိုးယီအင်ပါယာက အလုံးစုံသိမြင်ဂိုဏ်းကို သတင်းပို့ပြီးပါပြီ... မမျှော်လင့်ထားတာ မဖြစ်ခဲ့ဘူးဆိုရင် ဒီသတင်းက မကြာခင်မှာ ကံကြမ္မာခန်းမရဲ့ဌာနချုပ်ကို ရောက်သွားလိမ့်မယ်"
"ဒါဆိုရင်တော့ တော်ပါသေးတယ်..."
ကျန်းရွှမ်က သက်ပြင်းချလိုက်သည်။
ထိုသို့ဆိုသည့်တိုင် ယွဲ့လုံရှောင်သည် စိတ်ရှုပ်ထွေးနေဆဲဖြစ်ပြီး သူ၏မျက်နှာပေါ်တွင် သံသယများဖြင့် ပြည့်နှက်နေသည်။
"ဧကရာဇ် ဟန်ချန်ချောင်က အမြဲတမ်း သတိကြီးပြီး စေ့စပ်သေချာတဲ့သူပါ... သူက ဘာလို့ ရုတ်တရက်ကြီး ဒီလိုအစွန်းရောက်တဲ့ နည်းလမ်းတွေကို သုံးပြီးတော့ လူတစ်ယောက်ကို ပြောင်ပြောင်တင်းတင်း သတ်ပစ်ရတာလဲ"
ဧကရာဇ်နှင့် နှစ်ပေါင်းများစွာ ထိတွေ့ဆက်ဆံခဲ့ရာမှ ယွဲ့လုံရှောင်က ဟန်ချန်ချောင်သည် ရည်မှန်းချက်ကြီးသော်လည်း ချုပ်တည်းတတ်သော အုပ်စိုးသူတစ်ဦးဖြစ်ကြောင်း သိရှိထားသည်။ လွန်ခဲ့သောနှစ်များက ယွဲ့လုံရှောင် ဟန်ယွမ်မြို့တွင် ပထမဆုံး ဂိုဏ်းချုပ်ဖြစ်လာသည့်အချိန်တွင် သူသည် သေးငယ်သော ပြစ်မှုများ ကျူးလွန်ခြင်းဖြင့် ဧကရာဇ်ကို တမင်တကာ ရန်စခဲ့သော်လည်း ထိုလူသည် မသိချင်ယောင်ဆောင်ခဲ့လေ၏။
ဤကဲ့သို့ သူ၏ မြင့်မားသောသည်းခံနိုင်စွမ်းနှင့် အကွက်ချစီမံမှုသည် မဆင်မခြင်အဆိပ်ခတ်၍ တိုက်ခိုက်မှုမျိုးနှင့် မကိုက်ညီပေ။
"ဒါက..."
ကျန်းရွှမ်း၏မျက်နှာသည် အညာမိသွားသကဲ့သို့ နီမြန်းသွားသည်။ နောက်ဆုံးတွင် သူသည် သက်ပြင်းချကာ အမှန်တရားကို ဖွင့်ဟပြောဆိုလိုက်၏။
"စီနီယာအစ်ကိုမိုချင်းက သောက်တာများသွားပြီးတော့ ပင်းယွမ်မင်းသားရဲ့ ကြင်ယာတော်မိဖုရားအပေါ် စော်ကားမိခဲ့တယ်...ပင်းယွမ်မင်းသားဟန်ချန်ယဲ့က ဒေါသတကြီးနဲ့ သူ့ကို စိန်ခေါ်ခဲ့ပြီးတော့ ငါ့စီနီယာအစ်ကိုက အဲ့ဒီတိုက်ပွဲမှာ သူ့ကို သတ်လိုက်မိတယ်"
"ဒါကြောင့်ကိုး"
ယွဲ့လုံရှောင်သည် နောက်ဆုံးတွင် နားလည်သွားပေ၏။
ဤရှင်းပြချက်သည် လုံးလုံးလျားလျား ကိုက်ညီသွားသည်။ မိုချင်းသည် သူ၏ ကာမဂုဏ်လိုက်စားသော အမူအကျင့်ကြောင့် ကျော်ကြားသူပင်။ ဤသည်မှာ မိုတောက်ဂိုဏ်းရှိ လူအများစုထံတွင်ရှိသော အကျင့်စရိုက်တစ်ခုပင်။ မိုချင်းသည် ကိုယ်လုပ်တော်အမြောက်အများထားရှိပြီး နေ့စဥ်နေ့တိုင်း ကာမဂုဏ်အပျော်အပါးလိုက်စားရာတွင် အလွန်အကျွံ နစ်မျောနေသည်ဟု ကောလာဟလ ထွက်ခဲ့သည်။ မိုချင်းသည် တိုက်ပွဲအရူးဟု နာမည်ဆိုးဖြင့် ကျော်ကြားကာ သူ၏ဇနီးအပေါ် အလွန်အမင်း ကာကွယ်တတ်သော ဟန်ချန်ယဲ့၏ဇနီးအပေါ် မဆင်မခြင်ပြုမူခဲ့ခြင်းမှာ အံ့အားသင့်စရာ မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် ဟန်ယွမ်မြို့နှင့် ဝေးကွာသော ကောင်းကင်ယံအထက်တွင် မင်ကျန်းထောင်သည် ပျံသန်းနိုင်သည့် ဧရာမရင်းမြစ်သားရဲတစ်ကောင်ပေါ်တွင် ထိုင်နေသည်။
ရုတ်တရက် သူသည် တစ်စုံတစ်ခုကို ခံစားမိလိုက်ပြီး သူ၏အိတ်ကပ်ထဲသို့ နှိုက်ကာ ကျောက်စိမ်းပြားတစ်ချပ်ကို ထုတ်ယူလိုက်သည်။ သူသည် ထိုအရာကို ညင်သာစွာ တို့ထိလိုက်သည့်အချိန်တွင် မရေမတွက်နိုင်သော ကောင်းကင်ကံကြမ္မာစွမ်းအင်စီးကြောင်းများ တောက်ပသွားပြီး ဝိုးတဝါးပုံရိပ်တစ်ခုက သူ၏ရှေ့တွင် ထွက်ပေါ်လာသည်။ ဤသည်မှာ သူ၏ဆရာ မိုပိုင်ယဲ့ပင်။
"ငါက ကံကြမ္မာခန်းမကနေ သတင်းတစ်ခုကို ခုလေးတင် လက်ခံရရှိခဲ့တယ်... စုံစမ်းစစ်ဆေးမှုတွေအရဆိုရင် မိုချင်းကို သတ်ပြီး ခန်းမသခင် ဟန်ရှောင်ကို အပြစ်ပုံချခဲ့တာက ဟန်ယွမ်မြို့က ဧကရာဇ်ဟန်ချန်ချောင်လို့ အတည်ပြုနိုင်ခဲ့တယ်... ဟန်ရှောင်လည်း သေသွားပြီ..."
"ဟန်ချန်ချောင်က ကျွန်တော်ရဲ့ တတိယဂျူနီယာညီလေးကို သတ်လိုက်တာလား... ဘာလို့လဲ"
မင်ကျန်းထောင်သည် အံ့အားသင့်သွားပေ၏။
"အသေးစိတ်ကို စုံစမ်းပါ... တကယ်လို့ ဒါက အမှန်ဆိုရင် ဟန်ယွမ်အင်ပါယာကို ဆက်ပြီးတည်ရှိခွင့် မပေးနိုင်ဘူး"
မိုပိုင်ယဲ့က အေးစက်တင်းမာစွာ ပြောဆိုသည်။
"ဟုတ်ကဲ့"
မင်ကျန်းထောင်က တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
သူ၏ခွန်အားသည် မိုချင်းထက် များစွာသာလွန်သော်လည်း အင်ပါယာတစ်ခုလုံးကို တစ်ယောက်တည်းဖြင့် ရင်ဆိုင်ခြင်းသည် လွယ်ကူသောကိစ္စတစ်ရပ် မဟုတ်ပေ။ အစွမ်းထက်ဆုံး ကျင့်ကြံသူတစ်ယောက်ပင်လျှင် မရေမတွက်နိုင်သော ရန်သူများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရသည့်အချိန်တွင် ကျဆုံးသွားနိုင်သည်။
"အရှိန်မြှင့်စမ်း... ငါကို အဲ့ဒီနေရာဆီ အမြန်ဆုံး ရောက်အောင် ပို့ပေးစမ်း"
သူ၏အောက်မှ ရင်းမြစ်သားရဲကို အမိန့်ပေးပြီးနောက် မင်ကျန်းထောင်သည် ကျင့်ကြံရန် အတွေးမှန်သမျှကို ဘေးဖယ်ထားလိုက်သည်။ ထိုအစား သူသည် သူ၏မိုတောက်ဓားကို ဆွဲထုတ်ကာ ဓားနည်းစနစ်များကို စတင်၍တွေးတောဆင်ခြင်နေသည်။
အစပိုင်းတွင် သူသည် ဂျူနီယာညီလေးလင်းပုယန်ကို စုံစမ်းစစ်ဆေးရန် စီစဥ်ထားခဲ့သည်။ သို့ရာတွင် သူ၏တတိယဂျူနီယာညီလေးနှင့် ပတ်သက်သော ဤဆိုးရွားသည့် သတင်းသည် ယခုအချိန်၌ သူ၏အတွေးများအားလုံးကို လွှမ်းခြုံသွားခဲ့လေပြီ။
မိုချင်းသည် ဆရာတူတပည့်တစ်ဦးမျှသာ မဟုတ်ဘဲ သူသည် ယုံကြည်ရသော လက်တွဲဖော်ညီအစ်ကိုတစ်ဦးဖြစ်ပြီး မင်ကျန်းထောင်နှင့်အတူပူးပေါင်း၍ နှစ်ပေါင်းများစွာကြာအောင် တိုက်ပွဲဝင်ခဲ့သူပင်။ ယခုချိန်၌ သူသည် လောကကြီးအတွင်း၌ မရှိတော့ချေ။ သူ ဟန်ယွမ်မြို့တွင် အသတ်ခံခဲ့ရသည်။ မင်ကျန်းထောင်၏ နှလုံးသားထဲမှ ဒေါသမီးသည် ပြင်းထန်စွာ လောင်ကျွမ်းနေပေ၏။
"ဟန်ချန်ချောင်... မင်းရဲ့အကြောင်းပြချက်တွေက ဘာပဲဖြစ်နေပါစေ... ငါ့ရဲ့ညီကို သတ်ရဲမှတော့ ဟန်ယွမ်အင်ပါယာရဲ့ နိဂုံးပဲ"
မင်ကျန်းထောင်၏မျက်လုံးများတွင် သတ်ဖြတ်လိုခြင်း အငွေ့အသက်များ ဖြတ်ပြေးသွားသည်။
တော်ဝင်နန်းတော်၌ ဧကရာဇ်ဟန်ချန်ချောင်သည် မိုချင်း၏အလောင်းရှေ့တွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေပြီး သူ၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးမှုများ ထင်ဟပ်နေသည်။
သူ၏ညီတော် ဟန်ချန်ယဲ့သည် ပါရမီရှိပြီး လှံနည်းစနစ်များတွင် သူနှင့်တန်းတူနီးပါးပင်။ သို့ရာတွင် သူသည် မိုချင်းကို ဓားတစ်ချက်တည်းဖြင့် ခေါင်းဖြတ်သတ်ခဲ့သည်။ ဤသည်မှာ ဟန်ချန်ချောင် နားလည်ရန် ကြိုးစားနေဆဲဖြစ်သော အရာတစ်ခုပင်။
သို့ရာတွင် လက်တွေ့ဖြစ်ရပ်မှန်မူ ငြင်းမရနိုင်ချေ။ ရှုပ်ထွေးပွေလီသော မြူခိုးများထဲတွင် သူသည် ဟန်ချန်ယဲ့၏ ဒေါသတကြီး ဟိန်းဟောက်သံများနှင့် မိုချင်း၏ နာကျင်စွာအော်ဟစ်သံများကို ကြားခဲ့ရသည်။ ထိုလူနှစ်ဦးသည် အသေအလဲ တိုက်ခိုက်ခဲ့ကြပြီး ထိပ်တိုက်ရင်ဆိုင်မှုတွင် နှစ်ဦးလုံး သေဆုံးသွားခဲ့သည်။
"အရှင်မင်းကြီး... လင်းပုယန်က ခြံဝင်းထဲမှာ ရှိနေတုန်းပဲ ....သူ ထွက်မပြေးသေးဘူးလို့ ကျွန်တော်တို့ အတည်ပြုပြီးပါပြီ... သူက ယွဲ့လုံရှောင်နဲ့ အတူ ရှိနေတုန်းပါပဲ"
ရွှေရောင်သံချပ်ကာဝတ် အစောင့်တစ်ဦးက သတင်းပို့လေ၏။
"ယွဲ့လုံရှောင် ရှိနေရင် တိုက်ခိုက်ဖို့ အဆင်မပြေဘူး..."
ဟန်ချန်ချောင်က မျက်မှောင်ကြုတ်လိုက်သည်။
အလုံးစုံသိမြင်ဂိုဏ်းသည် ကုန်းမြေ၏ အားအကောင်းဆုံးအင်အားစုများအနက်မှ တစ်ခုပင်။ မိုချင်းသည် နန်းတော်ထဲတွင် သေဆုံးသွားခဲ့သဖြင့် မိုတောက်ဂိုဏ်းကို သူ ရန်စပြီးဖြစ်နေသည်။ ထို့ပြင် သူသည် အလုံးစုံသိမြင်ဂိုဏ်းကို ထပ်မံ၍ပြစ်မှားမိပါက ကပ်ဘေးကြီး ဆိုက်ရောက်လာပေလိမ့်မည်။
"ခဏနေအုံး... လင်းပုယန်က ဖရိုဖရဲကံကြမ္မာ ကျင့်ကြံသူတစ်ယောက် ဖြစ်တယ်ဆိုတဲ့ သတင်းကို ဖြန့်လိုက်ပါ... မိုချင်းက သူ့ကို ကာကွယ်ရင်း သေသွားတာလို့ ပြောလိုက်... ဒါက အလုံးစုံသိမြင်ဂိုဏ်းကို လှုပ်ရှားလာအောင် ဆွဲဆောင်နိုင်လိမ့်မယ်"
ဟန်ချန်ချောင်၏မျက်လုံးများထဲတွင် လိမ္မာပါးနပ်မှု အရိပ်အယောင်များ ထင်ဟပ်လာပြီး ပြောဆိုသည်။
ဖရိုဖရဲကံကြမ္မာကျင့်ကြံသူများသည် လောကကြီးတစ်ခုလုံးရှိ လူများမှ စက်ဆုပ်ရွံရှာပြီး လိုက်လံသတ်ဖြတ်ခြင်းကို ခံရသူများပင်။ မိုချင်းကို ဖရိုဖရဲကံကြမ္မာကျင့်ကြံသူတစ်ဦးအား အကာအကွယ်ပေးသည်ဟု စွပ်စွဲခြင်းဖြင့် ဟန်ချန်ချောင်သည် အပြစ်ကို လွှဲချနိုင်ပြီး အလုံးစုံသိမြင်ဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ကာ မိုတောက်ဂိုဏ်းကို ဆန့်ကျင်နိုင်ပေမည်။
"တကယ်လို့ ယွဲ့လုံရှောင်က ဒီသတင်းကို ရသွားရင် သူ လှုပ်ရှားဖို့ ဖိအားပေးခံရလိမ့်မယ်... အလုံးစုံသိမြင်ဂိုဏ်းက လျှို့ဝှက်ချက်တွေကို ဘယ်အရာတွေထက်မဆို ပို တန်ဖိုးထားတယ်... ပြီးတော့ ဒီသတင်းက ဈေးကောင်း ရနိုင်တယ်... သူတို့ ပါဝင်လာတာနဲ့ မိုပိုင်ယဲ့ကိုယ်တိုင် လာရင်တောင် သူ ဘာလုပ်နိုင်မှာလဲ"
ဟန်ချန်ချောင်က သူ၏လက်အောက်ငယ်သားများထံလှည့်၍ အမိန့်များကို ထုတ်ပြန်လိုက်သည်။
"ယွဲ့လုံရှောင်ဆီကို သတင်းပို့လိုက်စမ်း... ငါ သူ့ကို အရေးကြီးကိစ္စ ဆွေးနွေးစရာ ရှိလို့ တွေ့ဆုံဖို့ တောင်းဆိုတယ်လို့ အကြောင်းကြားလိုက်စမ်း..."