ချိုးဖျက်ခြင်း
Vol. 15 Ch. 215
"ဒုတိယခန်းမသခင်လင်း.... အခု အကြီးအကဲမိုချင်းလည်း အသတ်ခံလိုက်ရပြီ... ငါ့အတွက် ပြိုင်ဘက်မရှိတော့ဘူး... ဒီပါရမီရှင်သုံးယောက်ကို ငါတို့ ဘယ်လိုလုပ်ကြမလဲ"
ယွဲ့လုံရှောင်သည် အခြေအနေကို နားလည်သွားပြီးနောက် နောက်ထပ်ဆွေးနွေးမှုများအပေါ် စိတ်ဝင်စားမှု ပျောက်ဆုံးသွားသည်။ ထိုကြောင့် အဓိကကိစ္စရပ်ပေါ်သို့ သူ၏အာရုံကို ရွှေ့ပြောင်းလိုက်ပြီး သူ၏မျက်လုံးများထဲတွင် သိချင်စိတ်ပြင်းပြမှုများ ရှိနေသည်။
သူသည် 'ခွေးချင်း ကိုက်ကြတာပဲ'ဟု အထင်အမြင်သေးစွာ တွေးတောလိုက်သည်။ မိုတောက်ဂိုဏ်း သို့မဟုတ် ဟန်ယွမ်တော်ဝင်မိသားစု ရှင်သန်သည်ဖြစ်စေ သေဆုံးသည်ဖြစ်စေ ဤသည်မှာ အလုံးစုံသိမြင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော သူ၏အဆင့်အတန်းကို လှုပ်ခတ်စေမည် မဟုတ်ချေ။
သို့ရာတွင် သူ၏စိတ်ဝင်စားမှုကို ဖမ်းစားထားနိုင်သည်မှာ ပါရမီရှင်သုံးဦးပင်။ အကယ်၍ သူသည် သူတို့ကို ဌာနချုပ်သို့ အောင်မြင်စွာ ခေါ်ဆောင်သွားနိုင်ပါက သိသာထင်ရှားသော ဂုဏ်ပြုမှုနှင့် မရေမတွက်နိုင်သော ဆုလာဘ်များကို သူ ရရှိပေမည်။
"ဒါက..."
ကျန်းရွှမ် မတုံ့ပြန်မီမှာပင် စွန်းချန်က တဖန်ပြန်၍ ချဉ်းကပ်လာသည်။
"သခင်လေး... အပြင်မှာ သခင်လေးကို တွေ့ခွင့်တောင်းနေတဲ့ တစ်ယောက်ယောက် ရောက်နေပါတယ်"
စွန်းချန်ထံတွင် ပြောစရာရှိသည်ကို သတိပြုမိသောကြောင့် ကျန်းရွှမ်သည် သူ၏လက်ကိုပူးဆုပ်ပြီး အနည်းငယ် ဦးညွှတ်လိုက်သည်။
"ဂိုဏ်းချုပ် ယွဲ့... ငါမှာ ကိုင်တွယ်စရာ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခု ရှိနေလို့ပါ... ကျေးဇူးပြုပြီး အခန်းထဲမှာ စောင့်ဆိုင်းပေးပါအုံး.. ငါ့ရဲ့ကိစ္စကို လုပ်ဆောင်ပြီးသွားတာနဲ့ အဲ့ဒီကိစ္စတွေကို ဆွေးနွေးဖို့ ငါ လာခဲ့ပါ့မယ်"
"ကောင်းပြီလေ"
ယွဲ့လုံရှောင်က ခေါင်းညိတ်ပြပြီး ထွက်ခွာသွားရန်အတွက် နောက်လှည့်လိုက်သည်။
ယွဲ့လုံရှောင် နားထောင်နိုင်သည့်အကွာအဝေးမှ ထွက်သွားသည့်အချိန်တွင် စွန်းချန်က သူ၏လေသံကို နှိမ့်လိုက်သည်။
"သခင်လေး... ဂိုဏ်းချုပ်ယွဲ့ရဲ့ လက်အောက်ငယ်သားတစ်ယောက်က သူ့ကို လာရှာတယ်"
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
"ဘာကိစ္စလဲလို့ မင်း မေးခဲ့လား"
စွန်းချန်က ရှင်းပြသည်။
"ကျွန်တော် နည်းနည်း စုံစမ်းကြည့်လိုက်တယ်... ဟန်ချန်ချောင်က ဂိုဏ်းချုပ် ယွဲ့ကို အရေးကြီးကိစ္စတစ်ခုအတွက် ရှာနေပုံရတယ်... အဲ့ဒီလက်အောက်ငယ်သားက အသေးစိတ်ကို မသိပေမဲ့ သူတို့ကို ပြောခိုင်းလိုက်တဲ့ အရာအားလုံးကိုတော့ ဖွင့်ဟပြောခဲ့တယ်"
ကျန်းရွှမ်၏မျက်လုံးများထဲတွင် ထိုးထွင်းသိမြင်သွားသော အရိပ်အယောင်တစ်ရပ် ထွက်ပေါ်လာသည်။
'ငါ သံသယဝင်ခဲ့တဲ့အတိုင်းပဲ...ဟန်ချန်ချောင်က လုံးဝတုံးအနေတာ မဟုတ်ဘူး... အကြီးအကဲ မိုချင်း နန်းတော်မှာ သေဆုံးသွားတာက သိလျက်နဲ့ သူ ရှင်းပြလို့မရတဲ့ အခြေအနေတစ်ခု ဖြစ်နေတော့... သူက အလုံးစုံသိမြင်ဂိုဏ်းကိုပါ အပြစ်ထဲ ဆွဲသွင်းဖို့ ကြိုးစားနေတာပဲ... ဒါကို အောင်မြင်ဖို့ အရှင်းဆုံးနည်းလမ်းက 'ဖရိုဖရဲကံကြမ္မာ ကျင့်ကြံသူ' ဆိုတဲ့ ငါ့ရဲ့သရုပ်မှန်ကို ဖွင့်ချလိုက်ဖို့ပဲ... ဒီလို ဖွင့်ဟမှုမျိုးနဲ့ဆိုရင် အလုံးစုံသိမြင်ဂိုဏ်းက ဒီသတင်းအချက်အလက်အတွက် ဈေးကောင်းပေးမှာ သေချာတယ်'
'ဒါပေမဲ့... ကမ္ဘာတစ်ခုရဲ့အရှင်သခင်တစ်ယောက်အနေနဲ့ ငါက တခြားသူတွေ အသုံးချဖို့ ဒီလောက်ထိ သိသာထင်ရှားတဲ့ ချို့ယွင်းချက်မျိုးကို ချန်ထားခဲ့မှာလား'
ကျန်းရွှမ်း၏နှုတ်ခမ်းများထက်တွင် သိမ်မွေ့ညင်သာသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
'ငါသာ ဒါကို မှန်မှန်ကန်ကန် ကိုင်တွယ်နိုင်ရင် ဒီနေ့ရဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်ရုံတင်မကဘူး...ရှေ့ဆက်ရမယ့် ငါ့ရဲ့ဘေးကင်းလုံခြုံမှုကိုလည်း အာမခံနိုင်လိမ့်မယ်'
သူ၏အစီအစဥ်ကို စိတ်ထဲတွင် တစ်ကြိမ် ပြန်လည်သုံးသပ်ပြီးနောက် ကျန်းရွှမ်က ဆုံးဖြတ်လိုက်သည်။
"လမ်းပြပါ"
သူသည် ယုံကြည်မှုရှိစွာဖြင့် အပြင်သို့ လျှောက်လှမ်းသွားပြီး လမ်း၌ သူ၏ရုပ်ရည်သည် ယွဲ့လုံရှောင်နှင့် ထပ်တူကျသွားသည်အထိ ပြောင်းလဲသွားသည်။
ပင်မခန်းမအနီးရှိ ဘေးခန်းမဆောင်ထဲသို့ ကျန်းရွှမ် ဝင်ရောက်သွားသည့်အခိုက်အတန့်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် စိုးရိမ်ပူပန်တကြီး မတ်တတ်ထရပ်လိုက်၏။
"ဂိုဏ်းချုပ် ယွဲ့..."
ကျန်းရွှမ်က လျစ်လျှူရှုဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်ပြီး သူ၏လေသံတွင် စိတ်မရှည်မှု အရိပ်အယောင်များ ရောယှက်နေသည်။
"ငါက အရေးကြီးကိစ္စတွေ ကိုင်တွယ်နေတာကို မင်း မသိဘူးလား... ဒီကို ပြေးလာရလောက်အောင် ဘာကိစ္စက ဒီလောက်ထိ အရေးကြီးနေလို့လဲ"
သက်လတ်ပိုင်းအရွယ် အမျိုးသားက လျင်မြန်စွာ တုံ့ပြန်သည်။
"အရှင်မင်းကြီးဟန်ချန်ချောင်က အရေးကြီးကိစ္စ ဆွေးနွေးစရာရှိလို့ ဂိုဏ်းချုပ်ကို ချက်ချင်း လာရောက်ဖို့ တောင်းဆိုနေပါတယ်လို့ ဒီငယ်သားက သတင်းလာပို့တာပါ... သူက ဒီကိစ္စက အရေးကြီးပြီးတော့ ဘယ်လို နှောင့်နှေးမှုမျိုးမဆို သိသာထင်ရှားတဲ့ ဒုက္ခတွေ ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်"
"ဒုက္ခလား...."
ကျန်းရွှမ်သည် အချိန်တခဏကြာခန့် တွေဝေတုံ့ဆိုင်းသွားပြီးနောက် ခေါင်းညိတ်လိုက်၏။
"ကောင်းပြီလေ... လမ်းပြပါ"
ထို့နောက် သူသည် စွန်းချန်ဘက်သို့ လှည့်၍ သူ၏လက်နှစ်ဖက်ကိုပူးဆုပ်ကာ ပြောဆိုသည်။
"အိမ်တော်ထိန်းစွန်း.. ဒုတိယခန်းမသခင်လင်းကို ငါ လုပ်ဖို့လိုတဲ့ အရေးကြီးကိစ္စတစ်ခု ရှိနေလို့ နောက်မှ ဆွေးနွေးမှုတွေ ဆက်လုပ်ဖို့ ပြန်လာခဲ့မယ်လို့ ကျေးဇူးပြုပြီး အသိပေးလိုက်ပါ"
"နားလည်ပါပြီ"
ဆွန်းချန်က တုံ့ပြန်အဖြေပေးပြီး လျင်မြန်စွာ ထွက်ခွာသွားသည်။
ယွဲ့လုံရှောင်အဖြစ် အယောင်ဆောင်မှုကို ဆက်လက်ထိန်းသိမ်းကာ ကျန်းရွှမ်သည် ထိုသက်လတ်ပိုင်းအရွယ် အမျိုးသားနောက်သို့ လိုက်သွားလေ၏။ အိမ်တော်တံခါးမှ ထွက်ခွာသွားပြီးနောက် ရထားလုံးကိုစီးနင်းကာ ကျယ်ဝန်းသော လက်ဖက်ရည်ဆိုင်တစ်ဆိုင်ထံသို့ သူ ရောက်ရှိသွားသည်။
သီးသန့်ခန်းတစ်ခန်းအတွင်းတွင် ကောင်းမွန်သော လက်ဖက်ရည်ခွက်များဖြင့် ပြည့်နေသော လက်ဖက်ရည်စားပွဲတစ်ခု၏နံဘေး၌ ဟန်ချန်ချောင် ထိုင်နေလေ၏။ လက်ဖက်ရည်၏ကြွယ်ဝသော မွှေးရနံ့သည် လေထုထဲတွင် ပြည့်နှက်နေသည်။ ကျန်းရွှမ်ရောက်ရှိလာသည့်အချိန်တွင် သူ၏မျက်နှာပေါ်တွင် စိတ်သက်သာရာရသွားသော အမူအယာတစ်ရပ် ထင်ဟပ်လာသည်။
"ဂိုဏ်းချုပ် ယွဲ့..."
"အရှင်မင်းကြီး....ငါ့ကို ရှာဖွေရတဲ့ အကြောင်းအရင်းကို မေးခွင့်ပြုပါ"
ကျန်းရွှမ်က ဘာမှမသိသလိုမျိုး ဟန်ဆောင်ကာ မျက်မှောင်အနည်းငယ်ကြုတ်ပြီး မေးမြန်းလိုက်သည်။
ဟန်ချန်ချောင်သည် သူ၏လက်ကို တစ်ချက် ဝှေ့ယမ်းကာ ရွှေရောင်သံချပ်ကာဝတ်အစောင့်များနှင့် ထိုသက်လတ်ပိုင်းအရွယ် အမျိုးသားကို ထွက်သွားစေသည်။ သူတို့နှစ်ယောက်သာ သီးသန့်ကျန်ရှိတော့သည့်အချိန်တွင် သူ၏မျက်နှာအမူအယာသည် တည်ကြည်လေးနက်သွားပေ၏။
"ငါ့မှာ ဖရိုဖရဲကံကြမ္မာကျင့်ကြံသူတစ်ယောက်နဲ့ ပတ်သက်တဲ့ သတင်းတစ်ခု ရှိတယ်... ပြီးတော့ ဒီသတင်းအချက်အလက်ကို မင်းတို့ အလုံးစုံသိမြင်ဂိုဏ်းကို ရောင်းချချင်တယ်... ဂိုဏ်းချုပ် ယွဲ့ စိတ်ဝင်စားပါသလား"
"ဖရိုဖရဲကံကြမ္မာကျင့်ကြံသူတွေအကြောင်း သတင်းတွေက နေရာတိုင်းမှာ ရှိနေတာပဲ"
ကျန်းရွှမ်းက ဂရုမစိုက်ဟန်ဖြင့် တုံ့ပြန်အဖြေပေးသည်။
"ငါ ဒါတွေကို ကြားရတာ ငြီးငွေ့နေပြီ... အရှင်မင်းကြီးရဲ့ သတင်းအချက်အလက်က ဘာများ ထူးခြားနေလို့လဲ"
"ဒါက တကယ့်ကို ထူးခြားတယ်"
ဟန်ချန်ချောင်က ယုံကြည်မှုရှိစွာဖြင့် ပြုံးလိုက်၏။
"အော်...."
ကျန်းရွှမ်သည် ဟန်ချန်ချောင်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး သူ့ကိုယ်သူအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ကာ ဖြည်းညှင်းစွာ သောက်သုံးလိုက်သည်။
"ဒါဆိုလည်း ပြောကြည့်ပါအုံး"
"ငါက ဒီသတင်းအချက်အလက်ကို ရောင်းချဖို့ ရည်ရွယ်ထားမှတော့ တရားမျှတတဲ့ ဈေးနှုန်းတစ်ခု ရဖို့ကို ငါ သေချာအောင် လုပ်ရမှာပေါ့... ဂိုဏ်းချုပ် ယွဲ့က ဒီကိစ္စတွေအတွက် ဘယ်လောက်ထိ အခွင့်အာဏာရှိလဲ"
ဟန်ချန်ချောင်က မေးမြန်းသည်။
ကျန်းရွှမ်သည် သူ၏လက်ချောင်းကို လက်ဖက်ရည်ခွက်၏အနားဘောင်တစ်လျှောက် ပွတ်ဆွဲလိုက်၏။
"ဒါက မင်းရဲ့ သတင်းအချက်အလက် ဘယ်လောက်ထိ တန်ဖိုးရှိသလဲ ဆိုတာအပေါ်မှာ မူတည်တယ်... တကယ်လို့ ဒါက စစ်မှန်ပြီး အရမ်းအရေးပါရင် အလုံးစုံသိမြင်ဂိုဏ်းက မင်းကို စိတ်ကျေနပ်စေမယ့် ဈေးနှုန်းတစ်ခုနဲ့ ကမ်းလှမ်းမှာပါ... ဒါပေမဲ့ ဒါက မမှန်ကန်ဘူးဆိုရင်တော့ ဟန်ယွမ်အင်ပါယာရဲ့ ဧကရာဇ် ဖြစ်နေရင်တောင်မှ မင်းက အကျိုးဆက်တွေကို ရင်ဆိုင်ရလိမ့်မယ်"
"ဒါက ရာနှုန်းပြည့်အမှန်ဖြစ်တယ်ဆိုတာကို ဟန်ယွမ်တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာနဲ့ တိုင်တည်ပြီး ငါ ကျိန်ဆိုရဲတယ်"
ဟန်ချန်ချောင်က တည်ကြည်လေးနက်စွာ ပြောဆိုသည်။
"မင်းရဲ့ယုံကြည်မှုက ငါ့ကို စိတ်ဝင်စားစေတယ်... ဒါပေမဲ့..."
ကျန်းရွှမ်းက ခေါင်းခါလိုက်သည်။
"မင်းရဲ့သတင်းက ဒုတိယခန်းမသခင်လင်းက ဖရိုဖရဲကံကြမ္မာကျင့်ကြံသူ ဖြစ်တဲ့အကြောင်းဆိုရင်တော့ ဆက်မပြောနဲ့တော့"
"ဘာ...."
ဟန်ချန်ချောင် ကြက်သေသေသွားပြီး သူ၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။
"ဂိုဏ်းချုပ်ယွဲ့က ဒုတိယခန်းမသခင်လင်းက ဖရိုဖရဲကံကြမ္မာကျင့်ကြံသူ ဖြစ်တာကို သိနေတာလား"
"မင်းက ငါ့ကို ဒီသတင်းအချက်အလက်အတွက် သီးသန့် ရှာဖွေခဲ့တာလား.. ဒါ့ထက် ပိုတာ မရှိတော့ဘူးလား"
ကျန်းရွှမ်က စိတ်ပျက်ဟန်ဆောင်ကာ မေးမြန်းလိုက်သည်။
"ဒါ... ဒါပါပဲ"
ဟန်ချန်ချောင်က အနေရခက်စွာဖြင့် ဝန်ခံလိုက်သည်။
"လင်းပုယန်က တကယ်တော့ ကျန်းရွှမ်ဆိုတဲ့ လူတစ်ယောက်အဖြစ် ဟန်ဆောင်ထားခဲ့တာပဲ..အဲ့ဒီကျန်းရွှမ်က ဖရိုဖရဲကံကြမ္မာကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်ခြေ အရမ်းများတယ်ဆိုတာကို ငါ မကြာသေးခင်က ရှာဖွေတွေ့ရှိခဲ့တယ်"
"ဒါပဲဆိုရင်တော့ ခင်ဗျား ဒီကိစ္စကို ကိုယ့်ဘာသာကိုယ်ပဲ သိမ်းထားလိုက်ပါ"
ကျန်းရွှမ်၏မျက်နှာအမူအယာ မည်းမှောင်သွားသည်။
ဟန်ချန်ချောင်၏မျက်နှာပေါ်တွင် စိတ်ပျက်မှုများ လွှမ်းခြုံသွားပေ၏။ သူသည် အလုံးစုံသိမြင်ဂိုဏ်း၏အကာအကွယ်ကို ရရှိရန် ဤသတင်းကို အသုံးပြုရန် မျှော်လင့်ခဲ့သော်လည်း သူတို့က သိပြီးသားဖြစ်နေသည်ကိုသာ တွေ့ရှိလိုက်ရသည်။
ဟန်ချန်ချောင်က အံ့တင်းတင်းကြိတ်ပြီး ဆက်လက်၍ဖိအားပေးသည်။
"ဂိုဏ်းချုပ်ယွဲ့... မင်းတို့ဂိုဏ်းမှာ ကောင်းမွန်တဲ့ သတင်းရင်းမြစ်တွေ ရှိတာကြောင့် ကျန်းရွှမ်ရဲ့သရုပ်မှန်ကို သံသယဝင်ပြီးသား ဖြစ်နိုင်တာကို ငါ သိတယ်... ဒါပေမဲ့ ငါ့မှာ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေ အပါအဝင် ဒီကိစ္စကို ရာနှုန်းပြည့်အတည်ပြုနိုင်တဲ့ အသေးစိတ် အချက်အလက်တွေ ရှိနေတယ်"
"မျက်မြင်သက်သေတွေလား"
ကျန်းရွှမ်းသည် အစစ်အမှန်စိတ်ဝင်စားသွားဟန်ဖြင့် မျက်ခုံးပင့်လိုက်၏။
"ဟုတ်ပါတယ်"
ဟန်ချန်ချောင်က လက်ခုပ်တီးလိုက်ရာ လူနှစ်ယောက်သည် အခန်းထဲသို့ ဝင်ရောက်လာပြီး ချက်ချင်းဒူးထောက်လိုက်ကြသည်။
"ကျွန်တော်မျိုးတို့က အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
ရင်းနှီးသောအသံနှစ်သံ ထွက်ပေါ်လာသည်။
ကျန်းရွှမ်က လှည့်ကြည့်လိုက်ရာ သူ ယခင်က တွေ့ဆုံခဲ့ဖူးသော အိမ်တော်ထိန်းဖုန်းနှင့် ဝူရှန်း တို့နှစ်ဦးကို တွေ့လိုက်ရသည်။
အဖြူရောင်ကျောက်တုံးမြို့တွင် သူ့ကို အပြစ်ပုံချပြီးနောက် သူတို့သည် မိုယန်ရွှယ်၏ ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး မိုမိသားစုမှ နှင်ထုတ်ခံခဲ့ရသည်။ မမျှော်လင့်ဘဲ သူတို့သည် ဤနေရာတွင် ဟန်ချန်ချောင်၏ မျက်မြင်သက်သေများအဖြစ် ပြန်လည် ပေါ်ထွက်လာခဲ့သည်။
ဟန်ချန်ချောင်သည် သူ့ကို သံသယဝင်ပြီး အဖြစ်အပျက်များကို ယုလုံချင်းနှင့်လုမင်ရုန်တို့ထံရောက်သည်အထိ ခြေရာခံမိခြင်းမှာ အံ့အားသင့်စရာ မရှိတော့ချေ။ ဤအရာများအားလုံးသည် ဤသစ္စာဖောက်နှစ်ဦးထံမှ အစပြုခဲ့ခြင်း ဖြစ်ပေ၏။
အကယ်၍ သူသည် ဤကိစ္စကို ကြိုသိခဲ့လျှင် သူတို့ကို သူကိုယ်တိုင် ဖြေရှင်းခဲ့ပေမည်။
ကျန်းရွှန်သည် မသိနားမလည်ဟန်ဆောင်ကာ မျက်မှောင်ကြုတ်လိုက်သည်။
" ဒီလူနှစ်ယောက်က ဘယ်သူတွေလဲ"
ဟန်ချန်ချောင်က ရှင်းပြသည်။
"ဒီလူနှစ်ယောက်က အဖြူရောင်ကျောက်တုံးမြို့ကနေ ရောက်လာကြပြီးတော့ ကျန်းရွှမ်ရဲ့အကြောင်းတွေ အားလုံးကို သိကြတယ်... သူတို့ရဲ့ ထွက်ဆိုချက်တွေနဲ့ဆိုရင် သူက ဖရိုဖရဲကံကြမ္မာကျင့်ကြံသူတစ်ယောက် ဖြစ်တယ်ဆိုတာကို ငါ အတည်ပြုနိုင်တယ်..."
ကျန်းရွှမ်းက သူ၏စကားကို ဖြတ်ပြောလိုက်သည်။
"မင်းရဲ့ သတင်းရင်းမြစ်တွေက ကျန်းရွှမ်က သားရဲယဉ်ပါးမှု သင်ပြမှုနဲ့ ဆေးကုသမှုတွေမှာ ထူးချွန်တယ်လို့ ဆိုထားတယ် မဟုတ်လား"
ဟန်ချန်ချောင်၏ခန္ဓာကိုယ် တောင့်တင်းသွားကာ သူသည် မလိုလားသော်လည်း ခေါင်းညိတ်လိုက်၏။
"ဟုတ်ပါတယ်"
"ဒီလိုဆိုရင် မင်းရဲ့ ရာနှုန်းပြည့်ခိုင်လုံတယ်ဆိုတဲ့ သတင်းအချက်အလက်က ငါ သိထားပြီးသားအရာတွေထက် ပိုမပြောပြနိုင်ပါဘူး"
ကျန်းရွှမ်း၏လေသံ ပို၍အေးစက်တင်းမာလာသည်။
"တော်လောက်ပြီ... ဒီကိစ္စကို ဆက်ပြီးတူးဆွတာ ဒါမှမဟုတ် ဖြန့်ဝေတာတွေကို ရပ်လိုက်တော့ အရှင်မင်းကြီး... ဒါက အရှင်ရဲ့ကောင်းကျိုးအတွက် ငါ ဒါကို ပြောနေတာပဲ"
"ဂိုဏ်းချုပ်ယွဲ့... မင်း ဒါကို ဘာအဓိပ္ပာယ်နဲ့ ပြောတာလဲ"
ဟန်ချန်ချောင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်သည်။
ကျန်းရွှမ်းက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။
"မင်းကို ငါ မေးပါရစေ... ရင်းမြစ်ကမ္ဘာမှာ ဖရိုဖရဲကံကြမ္မာကျင့်ကြံသူ ဘယ်နှစ်ယောက် ရှိလဲ"
"အရမ်းနည်းပါးတယ်"
ဟန်ချန်ချောင်က ဝန်ခံလိုက်သည်။
"ရင်းမြစ်ကမ္ဘာရဲ့ မရေမတွက်နိုင်တဲ့ နှစ်တွေကြာခဲ့တဲ့ သမိုင်းတလျှောက်မှာ ဖရိုဖရဲကံကြမ္မာကျင့်ကြံသူ တစ်ယောက်တည်းပဲ ရှိခဲ့တယ်... ဒါမှမဟုတ် ကျိုးယီအင်ပါယာက တစ်ယောက်ကိုပါ ထည့်တွက်ရင် နှစ်ယောက်ပေါ့"
"အမှန်ပဲ... တကယ်လို့ သူတို့က ဒီလောက်ထိ ရှားပါးတယ်ဆိုရင် ကျိုးယီအင်ပါယာမှာ တစ်ယောက်ထွက်ပေါ်လာပြီးတော့ မကြာခင်မှာပဲ အဖြူရောင်ကျောက်တုံးမြို့မှာ နောက်တစ်ယောက် ဘာလို့ ထွက်ပေါ်လာတာလဲ... ပြီးတော့ ဘာလို့ ဒီတစ်ယောက်က ဒီလောက်ထိ အားနည်းပြီး ပေါ့ပေါ့ဆဆနေတာလဲ... သူ့ရဲ့ပင်ကိုယ်စရိုက်ကို ဘာလို့ ဒီလောက်ထိ လွယ်လွယ်ကူကူ ထုတ်ပြခဲ့တာလဲ... တစ်ယောက်ယောက်က ဘာကျင့်ကြံဆင့်စွမ်းအားမှ မရှိတဲ့အဆင့်ကနေ လဝက်အတွင်းမှာ ကောင်းကင်ကံကြမ္မာရဲ့ ဒုတိယအဆင့်ကို ရောက်သွားနိုင်တယ်လို့ မင်း တကယ်ကြီး ယုံကြည်နေတာလား"
ဟန်ချန်ချောင်၏မျက်နှာအမူအယာ ပြောင်းလဲသွားပြီး နားလည်သဘောပေါက်မှု အရိပ်အယောင်များ ထင်ဟပ်သွားပေ၏။
"ဒါဆိုရင်... ကျန်းရွှမ်က ကံကြမ္မာခန်းမက အဆင့်မြင့်သူလျှိုတစ်ယောက် ဖြစ်ပြီးတော့ သတင်းစုဆောင်းဖို့အတွက် ဖရိုဖရဲကံကြမ္မာ ကျင့်ကြံသူအဖြစ် ဟန်ဆောင်နေတာလား"
"ဒါက မင်းရဲ့သုံးသပ်ချက်ပဲ... ငါ သုံးသပ်တာ မဟုတ်ဘူး... ဒါပေမဲ့ ငါ မင်းကို သတိပေးလိုက်မယ်... ကျန်းရွှမ်ရဲ့သရုပ်မှန်ကို မင်း မှန်းဆလို့ မရဘူး... မင်းရဲ့အသက်ကို တန်ဖိုးထားရင် ဒီကိစ္စကို မေ့ဖျောက်ထားလိုက်တော့... မဟုတ်ရင် မင်းက မနက်ဖြန်မနက်မှာ နေကို မြင်ရဖို့တောင် မသေချာဘူး... ပြီးတော့..."
ကျန်းရွှမ်း၏အကြည့်သည် အိမ်တော်ထိန်းဖုန်းနှင့်ဝူရှန်းထံသို့ ကျရောက်သွားပြီး သူ၏လေသံ အေးစက်တင်းမာနေသည်။
"မင်းကို လမ်းမှားဆီ တွန်းပို့ခဲ့တဲ့ ဒီနှစ်ယောက်လို လျှာရှည်တဲ့လူတွေကို မြန်မြန်ဆန်ဆန် ဖြေရှင်းလိုက်တာက ပိုကောင်းလိမ့်မယ်... မဟုတ်ရင် သူတို့က မင်းကို အဆုံးမရှိတဲ့ ဒုက္ခတွေ ပေးလာလိမ့်မယ်"