နေကြာသိုင်းကျမ်း
Vol. 4 Ch. 41
အိပ်မက်ဆိုးအဆင့် ကြယ်ငါးပွင့် BOSS ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း…
BOSS ၏ သိုင်းပညာအဆင့် သတ်မှတ်ချက်သည် ကစားသမားထက် အဆင့်ငါးဆင့် မြင့်နေမှသာ ခေါင်းပေါ်တွင် အိပ်မက်ဆိုးအဆင့်ဟု ပြသပေ၏။
အိပ်မက်ဆိုးအဆင့် ကြယ်ငါးပွင့်ဆိုသည်မှာ BOSS၏ သိုင်းပညာအဆင့်သတ်မှတ်ချက်သည် ကစားသမားထက် အနည်းဆုံး အဆင့်တစ်ဆယ် မြင့်နေပြီး အကန့်အသတ်မရှိ မြင့်မားနိုင်သည်ဟု ဆိုလိုခြင်းပင်။
တစ်နည်းအားဖြင့်ဆိုသော် သူ၏မျက်စိရှေ့မှ ‘တုန်းဖန်းပုပိုက်’ ဟု ခေါ်သော ထိုလျှို့ဝှက်ဆန်းကြယ်မိန်းမပျို၏ စွမ်းရည်ရည် အမှတ် ၁၅၀ ကျော် ‘အနည်းငယ်ကျွမ်းကျင်’ အဆင့်သို့ ရောက်ရှိနေလေပြီ။
ချူကျန့် ခံစားမိသော ကြီးမားသည့် ဖိအားအရ ထိုမိန်းမပျို၏သိုင်းပညာအဆင့်သည် ထိုမျှထက် များစွာသာလွန်နိုင်ဖွယ်ရှိသည်။
အိပ်မက်ဆိုးအဆင့် ကြယ်ငါးပွင့် BOSS ဆိုသည်မှာ ကြီးမားသော တားမြစ်နယ်မြေများတွင် FINAL BOSS အဖြစ်သာ ထွက်ပေါ်တတ်ပြီး ကစားသမားရာပေါင်းများစွာက အဖွဲ့လိုက် အဆက်မပြတ် အသေခံတိုက်ခိုက်မှသာ အနိုင်ရနိုင်ခြေ ရှိသည်။
ယခုမူ ချူကျန့်သည် တစ်ယောက်တည်းဖြစ်ပြီး သူ၏စွမ်းရည်သည်လည်း နိမ့်ကျပေ၏။ သူ အမှန်တကယ် တတ်မြောက်သည့် သိုင်းပညာဟူ၍ အဆင့်သုံးထိသာ ကျင့်ကြံထားသော ချွမ်ကျန်းအတွင်းအားကျင့်စဉ်နှင့် သူ့ဘာသာ တီထွင်ထားပြီး လေမုန်တိုင်းမိုးကြိုးသခင် နတ်ဆိုးသတ်ဓားသိုင်းဟု အမည်ပေးထားသော ဓားသိုင်းသာ ရှိသည်။ ထို့ကြောင့် သူ အနိုင်ရခြေသည် တစ်သောင်းပုံတစ်ပုံလျှင် မရှိချေ။
အိမ်မက်ဆိုးကြယ်ငါးပွင့် အခက်အခဲအဆင့်ဟု ဆိုသည်နှင့်အညီ လူကို အသက်ရှင်ခွင့်ပေးရန် ရည်ရွယ်ချက် မရှိသည်မှာ သိသာထင်ရှားသည်။
ချူကျန့်က စိတ်ထဲမှ ဆဲရေးတိုင်းထွာလိုက်ပြီး နောက်ပြန်လှည့်ပြေးချင်စိတ်ကို အသည်းအသန် ဖိနှိပ်ထားလိုက်၏။
သူ လှည့်ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် ခြေတစ်လှမ်းပင် မလှမ်းနိုင်မီ အသတ်ခံရမည်ကို သူ ကောင်းစွာ သိရှိထားသည်သည်။
တုန်းဖန်းပုပိုက်သည် သွေးအိုင်ထဲ၌ လဲကျနေသော သွေးမိစ္ဆာကို ငုံ့ကြည့်ပြီးနောက် ချူကျန့်၏ ခေတ်မီသော သူရဲကောင်းဝတ်စုံနှင့် ခါးကြားမှဓားကို စိုက်ကြည့်လိုက်သည်။ သူမက အေးအေးလူလူ မေးမြန်းလိုက်၏။
“မင်းက တူကူးချိုးပိုင်ရဲ့ အပေါင်းအပါလား… ငါ့ကို ချောင်းမြောင်း တိုက်ခိုက်ဖို့သက်သက် ဒီကို ရောက်လာတာလား…”
သူမ၏စကားပြောနှုန်းသည် မမြန်သော်လည်း စကားလုံးတိုင်းသည် လေးလံသော သံချောင်းများအလားပင်။ ဤသည်မှာ ချူကျန့်၏ရင်ထဲတွင် အသက်ရှူမဝအောင် ဖိနှိပ်ခံထားရသကဲ့သို့ အေးစက်လေးလံသော ခံစားမှုတစ်ခုကို ဖြစ်ပေါ်လာသည်။
အားကောင်းလိုက်တဲ့ သတ်ဖြတ်လိုစိတ်…
ချူကျန့်သည် လျှို့ဝှက်သိုင်းကမ္ဘာတွင်ပင် ထိပ်တန်းဓားသမားအနည်းငယ်ထံ၌သာ ဤကဲ့သို့သော ခံစားမှုမျိုးကို ခံစားခဲ့ဖူးသည်။
ထိုလူများမှာ လူ့အသက်ကို ပေါင်းပင်သဖွယ် သတ်ဖြတ်တတ်ပြီး သတ္တဝါအားလုံးကို ပုရွက်ဆိတ်ကဲ့သို့ သဘောထားသော အေးစက်သည့် လူများ ဖြစ်ကြ၏။
ဤကြောက်မက်ဖွယ်ပြိုင်ဘက်ကို ရင်ဆိုင်ရာတွင် ချူကျန့်သည် အကြိမ်ကြိမ်ပင် ချောင်းမြောင်းတိုက်ခိုက်ရန် ကြိုးစားသော်လည်း အခွင့်အရေး တစ်စက်မျှ မတွေ့ချေ။ သူသည် သူ၏သိုင်းလောကသားပုံစံက တစ်ဖက်လူကို အထင်မှားစေကြောင်း သိရှိလိုက်သည်။
သိုင်းပညာ မတတ်ကျွမ်းသည့် သာမန်ရိုးသားသူတစ်ယောက်အဖြစ် သူ ဟန်ဆောင်၍ မရတော့ချေ။ သူမက တူကူးချိုးပိုင်အကြောင်း ပြောသည်ကို ကြားချိန်၌ သူ စိတ်ကူးတစ်ခုရလာပြီး ချက်ချင်းပင် ဒေါသတကြီး ပြောဆိုလိုက်သည်။
“ထွီ… ဘယ်သူက တူကူးချိုးပိုင်လို သစ္စာဖောက်နဲ့ အပေါင်းအပါ ဖြစ်ချင်မှာလဲ… သူ့အသားကို အစိမ်းလိုက် ဝါးစားပစ်ချင်နေတာ… အဲ့ဒီနာမည်ကို ကြားရတာတောင် နားထဲမှာ အနှောင့်အယှက် ဖြစ်တယ်…”
သူက ဖြောင့်မတ်သူတစ်ဦး၏ မျက်နှာဖြင့် မေးလိုက်၏။
“မမလေးလည်း အဲဒီသစ္စာဖောက်ရဲ့ လက်ချက်နဲ့ ဒဏ်ရာရခဲ့တာလား…”
တုန်းဖန်းပုပိုက်သည် တစ်ခဏမျှတွေဝေသွားပြီး သူမ၏သတ်ဖြတ်လိုစိတ် အနည်းငယ် လျော့ကျသွားသည်။ သူမက ခေါင်းညိတ်ပြပြီး မေးလိုက်၏။
“မင်းလည်း တူကူးချိုးပိုင်နဲ့ ရန်ငြိုးရှိတာလား…”
“ရန်ငြိုးရှိရုံတင် မကဘူး… ကောင်းကင်အောက်မှာ အတူမနေနိုင်တဲ့ သွေးကြွေးရှိတယ်…”
ချူကျန့်က တူကူးချိုးပိုင်ဖစ်စေ တူကူးချိုးရှန်းဖြစ်စေ တစ်ခါမှ မကြားဖူးသဖြင့် လျှောက်ပြောရန် မရဲချေ။ သူက အံကြိတ်၍ မုန်းတီးသည့်ဟန် ဆောင်လိုက်သည်။
သူ၏သရုပ်ဆောင်စွမ်းရည်မှာ သိုင်းပညာထက် မနိမ့်ကျလှပေ။ တုန်းဖန်းပုပိုက်က သူ၏ သာမန်ရုပ်ရည်နှင့် အလွန်ရိုးသားသော မျက်နှာကို ကြည့်၍ နှစ်ပုံတစ်ပုံခန့် ယုံကြည်သွားသည်။
သွေးများ ကြမ်းပြင်ပေါ်သို့ကျလာသည့် တတောက်တောက်အသံများ ထွက်ပေါ်လာ၏။ တုန်းဖန်းပုပိုက်၏ ပခုံးမှ ဒဏ်ရာမှာမူ သွေးများ တစိမ့်စိမ့် ထွက်နေဆဲဖြစ်ပြီး သူမ၏ လက်ချောင်းများမှတစ်ဆင့် ကြမ်းပြင်ပေါ်သို့ ကျဆင်းနေသည်။
ဤသည်မှာ သွေးထွက်လွန်သည့်အတွက်ကြောင့်ပင်။ တုန်းဖန်းပုပိုက်၏ ရေခဲတမျှ အေးစက်သော မျက်နှာပေါ်တွင် ဖုံးကွယ်မရနိုင်သော ပင်ပန်းနွမ်းနယ်မှုများ ပေါ်လာသည်။
“မမလေး… မမလေးရဲ့ ဒဏ်ရာက ပြင်းထန်လွန်းတယ်… အရင်ထိုင်ပြီး နားလိုက်ပါဦး… ကျွန်တော့်ဆီမှာ ဒဏ်ကြေဆေး ရှိတယ်… မမလေး အရင်သောက်ပြီး ဒဏ်ရာကို ပတ်တီးစည်းထားလိုက်ပါလား…”
ချူကျန့်က စိုးရိမ်သော မျက်နှာဖြင့် မေးပြီး ဓားပြဒုတိယခေါင်းဆောင်ထံမှ ရထားသော အဆိပ်ပုလင်းကို ထုတ်၍ အလျှင်အမြန် ကမ်းပေးလိုက်သည်။
တုန်းဖန်းပုပိုက်က မယူဘဲ သူ့ကို စိုက်ကြည့်၍ မေးလိုက်၏။
“မင်း ဘာလို့ ဒီနေရာမှာ ရှိနေတာလဲ…”
ချူကျန့်က ရိုးသားသော မျက်နှာဖြင့် ပြောလိုက်သည်။
“ကျွန်တော် ဒီထဲကနေ အော်သံတွေ ကြားလို့ ဝင်ကြည့်တာပါ… ကျွန်တော် ဝင်လာပြီး ခဏလေးအကြာမှာပဲ မမလေး ရောက်လာတာ…”
တုန်းဖန်းပုပိုက်က ခေါင်းညိတ်လိုက်သည်။ ရုတ်တရက် အဖြူရောင်အရိပ်တစ်ခု လင်းလက်သွား၏။ သူမ၏ ဘယ်ဘက်ပခုံးဒဏ်ရာကို ဖိထားသော ညာလက်က ချူကျန့်၏ မျက်နှာရှေ့သို့ ရောက်လာသည်။
ဤလှုပ်ရှားမှုမှာ မယုံနိုင်လောက်အောင် လျင်မြန်ပြီး ရှေ့ပြေးအရိပ်အယောင် တစ်စုံတစ်ရာ မရှိချေ။ အကယ်၍ သိုင်းပညာအဆင့် ၅၀ သာရှိသော တခြားကစားသမားတစ်ဦးသာဆိုလျှင် ဤတစ်ချက်တည်းနှင့်ပင် သေဆုံးသွားပေမည်။
သို့သော် ချူကျန့်သည် လျှို့ဝှက်သိုင်းကမ္ဘာတွင် မိစ္ဆာဂိုဏ်းမှ မကောင်းဆိုးဝါးများနှင့် ရင်ဆိုင်ခဲ့ဖူး၏။ ထိုသူတို့၏ စိတ်နေသဘောထားမှာ ထူးဆန်းပြီး မည်သည့် အရိပ်အယောင်မှ မပြဘဲ တိုက်ခိုက်တတ်သည်ကို သူ ကောင်းစွာ သိသည်။
ထို့ကြောင့် သူ အစဉ်အမြဲ သတိကြီးစွာ ထားနေခဲ့သည်။ တုန်းဖန်းပုပိုက်၏ ညာဘက်ပခုံး လှုပ်ရှားလိုက်သည်နှင့် သူ ဘေးသို့ အလျင်အမြန် ရှောင်လိုက်၏။ သူ၏ ကိုယ်နေဟန်ထားမှာ လေတိုက်၍ ယိမ်းနွဲ့နေသော မိုးမခရွက်များအလား တုန်းဖန်းပုပိုက်၏တိုက်ကွက်ကို ရှောင်တိမ်းသွားသည်။
ဤသည်မှာ သူ၏ ကိုယ်ပိုင်ရှောင်တိမ်းခြင်းခြေလှမ်းသိုင်း ‘လေပြည်ယိမ်းနွဲ့ မိုးမခ’ ပင်။
တစ်ချိန်တည်းမှာပင် စိမ်းပြာရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပေ၏။ သူ၏ ခါးကြားမှ သံမဏိခရမ်းပြာဓားသည် ဓားအိမ်မှ ထွက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော လေမုန်တိုင်းမိုးကြိုးသခင် နတ်ဆိုးသတ်ဓားသိုင်းတစ်ကွက်ဖြင့် တုန်းဖန်းပုပိုက်၏လက်ဝါးကို ခုတ်ပိုင်းချလိုက်သည်။
“ဝုန်း”
သံမဏိခရမ်းပြာဓားက တုန်းဖန်းပုပိုက်၏ လက်ဝါးဘေးသို့ ကျရောက်သွားသည်။ ထက်မြက်သော ဓားရှည်သည် သူမ၏ လက်ကို တစ်စက်မျှ မထိခိုက်စေနိုင်ခဲ့ချေ။
ထို့ပြင် ကြီးမားသော စွမ်းအားတစ်ရပ်က သံမဏိခရမ်းပြာဓားမှတစ်ဆင့် သူ့ထံသို့ စီးဝင်လာပြီး ချူကျန့်၏လက်မောင်း ထုံကျဉ်သွားကာ ဓားရှည်သည် လက်ထဲမှ လွတ်ကျသွားလုမတတ်ပင်။
သူသည် အခြားသိုင်းပညာတစ်ခုဖြစ်သော ကိုယ်ယောင်ဖျောက်သိုင်းကို အလျင်အမြန် အသုံးပြု၍ ထိုအားလှိုင်းကို ဖြေလျှော့ရန် နောက်သို့ ဆုတ်လိုက်၏။
သို့သော် တုန်းဖန်းပုပိုက်၏ ပြင်းထန်သော လက်ဝါးလေပွေက သူ၏ပါးကို စပ်ဖျဉ်းဖျဉ်း ဖြစ်စေသည်။
ချူကျန့်သည် အေးစက်သော လေကို ရှူသွင်းလိုက်ပြီး သူ့၏စိတ်ထဲမှ ကျိန်ဆဲလိုက်၏။
‘မင်းရဲ့လက်က ဖြူဖွေးနူးညံ့နေတာပဲ… သံမဏိကိုယ်ခန္ဓာသိုင်း ကျင့်ထားပုံလည်း မပေါ်ဘူး… ဓားနဲ့ ခုတ်တာတောင် ဘာလို့ တစ်ချက်မှ မထိတာလဲ…’
အတွင်းအားကို အလွန်အမင်း ကျင့်ကြံထားလျှင် စစ်မှန်သော ချီစွမ်းအင်က ခန္ဓာကိုယ်ကို ကာကွယ်ပေးထားပြီး သာမန်ဓားလှံများဖြင့် ထိခိုက်နိုင်ရန် ခက်ခဲသည်ကို သူ သိသည်။
သူ၏စိတ်ထဲမှ ရေရွတ်နေခြင်းမှာ အလွန်အမင်း တင်းမာနေသောစိတ်ကို ဖြေလျှော့ရန်အတွက်သာ ဖြစ်သည်။
စောစောက သူ၏ဓားချက်သည် ရန်သူ၏ လက်ဝါးကို ဘေးတိုက်ခုတ်ခြင်း ဖြစ်သဖြင့် ပြန်ကန်ထွက်လာသော အား၏တစ်ဝက်မျှသာ ခံလိုက်ရသည်။ သို့ရာတွင် သူ၏လက်မောင်း ထုံကျဉ်သွားကာ သူ၏ရင်ဘတ်ထဲတွင် သွေးများ ဆူပွက်လာသကဲ့သို့ ဖြစ်သွားသည်။
တုန်းဖန်းပုပိုက်၏စွမ်းရည်သည် မည်မျှထိ ကြောက်စရာကောင်းသည်ကို ခန့်မှန်းနိုင်ပေ၏။ အကယ်၍သာ သူသာ သူမ၏လက်ဝါးဖြင့် တိတိကျကျအရိုက်ခံလိုက်ရလျှင် သူ ချက်ချင်းသေဆုံးသွားရမည်မှာ သေချာပေါက်ပင်။
သူ့ကို အခက်တွေ့စေဆုံးအရာမှာ သူ၏ စစ်မှန်သော ချီစွမ်းအင်နှင့် စွမ်းအားအကုန်သုံး၍ ထုတ်ဖော်ခဲ့သော အဆင့်မြင့် ဓားကွက်သည် ဒဏ်ရာပြင်းထန်စွာ ရရှိနေသော တုန်းဖန်းပုပိုက်၏ခန္ဓာကိုယ်ကို ကာကွယ်သည့် ချီစွမ်းအင်ကို မဖျက်ဆီးနိုင်ခြင်းပင်။
ဤသို့ဆိုလျှင် မည်သို့ တိုက်ခိုက်နိုင်တော့မည်နည်း။ သူ လက်နက်ချလိုက်သည်ကမှ ကောင်းဦးမည်။
သူ၏စိတ်ထဲမှ ကျိန်ဆဲနေသော်လည်း အသေခံရန်ကိုမူ ချူကျန့်၏စိတ်ဓာတ်က ခွင့်မပြုချေ။ သူ၏ တိုက်ကွက် မအောင်မြင်ချိန်၌ ချက်ချင်းပင် ခြေလှမ်းများကို ပြောင်းလဲလိုက်ပြီး ရေထဲမှ ငါးတစ်ကောင်ကဲ့သို့ နောက်သို့ ဆုတ်သွား၏။ သူက နာကြည်းဒေါသထွက်သော မျက်နှာဖြင့် အော်ဟစ်လိုက်သည်။
“မမလေး… ဒါ ဘာလုပ်တာလဲ…”
တုန်းဖန်းပုပိုက်က သူမ၏လက်ဝါးကို ဖြည်းညင်းစွာ ပြန်ရုပ်သိမ်းလိုက်ပြီး အေးအေး လူလူ ပြောဆိုလိုက်၏။
“မင်းသုံးတာ တုကူးဓားကွက်ကိုးကွက် မဟုတ်ဘူးပဲ…”
‘အန်… စောစောက ငါ့သိုင်းပညာကို စမ်းသပ်နေတာလား… ဒီလို စမ်းသပ်တဲ့သူရော ရှိလို့လား… တခြားသူသာဆို အခါတစ်ရာလောက် သေနေလောက်ပြီ…’
“မင်းရဲ့အမြင်အာရုံနဲ့ တုံ့ပြန်နိုင်စွမ်းက တော်တော်ကောင်းတယ်… ငါ့ဓားကွက်တချို့ကို ထပ်ပြီး စမ်းကြည့်စမ်း…”
တုန်းဖန်းပုပိုက်က သူမ၏ခါးကြားမှ နှစ်လက်မမျှသာ ရှည်ပြီး သွားကြားထိုးတံကဲ့သို့ သေးမျှင်သော ဓားငယ်တစ်ချောင်းကို ဖြည်းညင်းစွာ ထုတ်ယူလိုက်သည်။
နောက်တစ်ခါ လာဦးမည်လော။ ချူကျန့် တားဆီးချိန်မရမီ တုန်းဖန်းပုပိုက်က လှုပ်ရှားလိုက်ပြန်သည်။ ဤတစ်ကြိမ်သည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းပေ၏။
သူမ၏ကိုယ်ဟန်သည် တစ္ဆေသရဲကဲ့သို့ လျင်မြန်စွာ လှုပ်ရှားသွားပြီး ချက်ချင်းပင် ဓားခုနစ်ချက် ထိုးလိုက်သည်။
ဤဓားခုနစ်ချက်သည် အလွန်အမင်း ထူးဆန်းလျင်မြန်ပြီး လေပြင်းတိုက်ခတ်သံ တစ်စက်မျှ မကြားရချေ။ လှုပ်ရှားမှု၏ထူးခြားလျင်မြန်မှုသည် လူကို မယုံနိုင်အောင် ဖြစ်စေသည်။
ချူကျန့်၏ အထွတ်အထိပ်ရောက်နေသော အမြင်အာရုံဖြင့်ပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘဲ အံ့အားသင့်သွားသည်။ သူ၏ဓားဖြင့် ဤဓားချက်များကို ပြန်လည်ခုခံရန် အချိန်မမီတော့ချေ။ သူသည် သေကွင်းသေကွက်နေရာများကို မထိရန်သာ အသည်းအသန် ရှောင်တိမ်းလိုက်သည်။
သို့သော် အနည်းငယ်မျှသာ ရှောင်တိမ်းနိုင်ခဲ့ပြီး သူ၏ခန္ဓာကိုယ်အား ခုနစ်ချက်မျှ ထိုးစိုက်ခံရသည့် နာကျင်မှုကို ခံစားလိုက်ရသည်။ ချက်ချင်းဆိုသလိုပင် သူ ဓားဒဏ်ရာ ခုနစ်ချက် ရရှိသွားကာ သွေးများ ထွက်လာသည်။
အကယ်၍ ဤဓားငယ်လေးသည် ပန်းထိုးအပ်ကဲ့သို့ မသေးငယ်ပါက ချူကျန့်သည် သွေးထွက်လွန်နိုင်သော ဒဏ်ရာခုနစ်ခုဖြင့် သေဆုံးသွားပေမည်။ သို့သော် ဤဓားခုနစ်ချက်မှာ သူ၏အတွင်းကလီစာများကို ထိခိုက်စေခဲ့ပြီး သွေးများထွက်ကာ ရင်ထဲမှ စူးရှစွာ နာကျင်လာသည်။
ချူကျန့် အလွန်အမင်း ထိတ်လန့်သွားသည်။ ဤကဲ့သို့ ထူးဆန်းပြီး လျင်မြန်သော ဓားသိုင်းမျိုးကို သူ လျှို့ဝှက်သိုင်းကမ္ဘာမှ အထွတ်အထိပ် စွမ်းရည်ဖြင့်ပင် ဂရုတစိုက် ရင်ဆိုင်ရပေမည်။ ယခု သူ၏ဂိမ်းဇာတ်ကောင် စွမ်းရည်ဖြင့်မူ အနိုင်ရနိုင်ခြေမှာ ကုဋေတစ်သိန်းပုံ တစ်ပုံမျှပင် မရှိချေ။
တုန်းဖန်းပုပိုက်ကမူ ထပ်မံတိုက်ခိုက်ခြင်း မပြုတော့ပေ။ သူမ၏ ပါးစပ်မှ သွေးတစ်လုတ် ထွေးထုတ်လိုက်သည်။ ထိုဓားသိုင်းသည် အစွမ်းထက်သော်လည်း သူမ၏အတွင်းဒဏ်ရာကို ပို၍ဆိုးရွားစေသည်မှာ သိသာထင်ရှားပေ၏။
ချူကျန့်သည်လည်း ဤအခွင့်အရေးကို အသုံးချ၍ တိုက်ခိုက်ရန် မရဲပေ။ သူ၏ ရင်ဘတ်ထဲမှ သွေးတိတ်စေမည့် အမှုန့်တစ်ထုပ်ကို ထုတ်ယူ၍ သူ၏ဒဏ်ရာများပေါ်သို့ ဖြူးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူက ဒေါသထွက်သောမျက်နှာဖြင့် ပြောဆိုလိုက်သည်။
“မမလေး… နောက်တစ်ခါ ဒီလို လက်လွန်ရင် ကျွန်တော် ပြန်ပြီးတိုက်ခိုက်တော့မှာနော်…”
ဤစကားမှာ အပြင်ပန်းတွင် ကြောက်မက်ဖွယ်ကောင်းသော်လည်း သူ၏အတွင်းစိတ်တွင်မူ ကြောက်ရွံ့နေပေ၏။ သူ၏ခြေလှမ်းသိုင်းအမှတ် ၃၀ ဖြင့် ဓားချက်ပေါင်းတစ်သောင်း ထိုးလျှင်ပင် ဤကြောက်မက်ဖွယ် BOSS ၏ဝတ်ရုံစကိုပင် ထိနိုင်မည်မဟုတ်သည်ကို သူ သိသည်။
ဤမိန်းမ၏ဓားသိုင်းသည် အလွန်အမင်း ထူးဆန်းပြီး ကြောက်စရာကောင်းသည်။ ချူကျန့်သည် လျှို့ဝှက်သိုင်းကမ္ဘာတွင် ဓားသမားပေါင်းများစွာနှင့် ယှဉ်ပြိုင်ဖူးသော်လည်း ဤကဲ့သို့ ထူးဆန်းလျင်မြန်သော ဓားသိုင်းမျိုးကို တစ်ခါမှ မမြင်ဖူးချေ။
တုန်းဖန်းပုပိုက်သည် သူ့ထက်ပင် ပို၍ အံ့အားသင့်နေ၏။ ဤလူငယ်၏ သိုင်းပညာသည် အလွန်သာမန်ဆန်သော်လည်း ဓားကွက်နှင့်အန္တရာယ်ကို ကြိုတင်ခန့်မှန်းနိုင်စွမ်းမှာ နတ်ဘုရားတစ်ပါးအလားပင်။
သူ၏ အသက်အန္တရာယ်ရှိသော နေရာများကို အမြဲတစေ ကြိုတင်ရှောင်တိမ်းနိုင်ခဲ့သည်။ သူမသည် သူ့ကို ဓားခုနစ်ချက် ထိုးစိုက်ခဲ့သော်လည်း တစ်ချက်မျှ အသက်အန္တရာယ် မဖြစ်စေခဲ့သည့်အပြင် ဒဏ်ရာပြင်းထန်စွာလည်း မရစေခဲ့ချေ။
‘တောက်… ခုနက တူကူးချိုးပိုင်ကြောင့် ဒဏ်ရာပြင်းထန်စွာ ရခဲ့တာကြောင့် အခု ငါ့ရဲ့သိုင်းပညာက ဆယ်ပုံတစ်ပုံလောက်ပဲ ကျန်တော့တာ… ဒီကောင်လေးကို သတ်ဖို့အတွက် နေကြာသိုင်းကျမ်းကိုတောင် ထုတ်သုံးခဲ့ရတယ်… ဒါတောင် မသတ်နိုင်ဘူး…’
သို့သော် နောက်တစ်ကြိမ် တိုက်ခိုက်ရန်မှာ သူမ စိတ်ရှိတိုင်း မဖြစ်နိုင်တော့ချေ။ တုန်းဖန်းပုပိုက်သည် သူမ၏ဒဏ်ရာအကြောင်းကို သူမ ကောင်းစွာသိရှိထားသည်။
အစောပိုင်းက တိုက်ခိုက်မှုကြောင့် သူမ၏ နောက်ဆုံးချီစွမ်းအင်ကို ကုန်ဆုံးသွားစေခဲ့ပြီး ယခု အတွင်းဒဏ်ရာကို မထိန်းချုပ်နိုင်တော့ဘဲ အချိန်မရွေး လဲကျသွားနိုင်သည်။
သူမ၏စိတ်ထဲတွင် အတွေးများစွာ လည်ပတ်နေသော်လည်း မျက်နှာအမူအရာသည် မပြောင်းလဲချေ။ ချူကျန့်၏ သာမန်ရုပ်ရည်နှင့် နှစ်လိုဖွယ်ကောင်းသော ရိုးသားသည့် မျက်နှာကို ကြည့်၍ အေးအေးလူလူ ပြောလိုက်သည်။
“စောစောက ငါ လက်မလျှော့ခဲ့ရင် မင်း အသက်ရှင်တော့မှာ မဟုတ်ဘူး… ဘယ်လိုလဲ… နေကြာသိုင်းကျမ်း ဘယ်လောက် အစွမ်းထက်လဲဆိုတာ သိပြီ မဟုတ်လား…”
‘ထွီ… မင်းက လက်လျှော့တယ် ဟုတ်လား…’
ချူကျန့်သည် အနည်းငယ်မျှ ဆဲဆိုလိုစိတ်ပေါက်သွားသော်လည်း မျက်နှာတွင် ကံကောင်းသွားခြင်း ကြောက်ရွံ့ခြင်း အမူအယာများကို ပြသ၍ ပြောဆိုလိုက်သည်။
“ဒါက ဒဏ္ဍာရီထဲက လောကကြီးပေါ်မှာ ပြိုင်ဘက်ကင်းတဲ့ နေကြာသိုင်းကျမ်းလား…”
သူသည် နေကြာသိုင်းကျမ်းဆိုသည်ကို တစ်ခါမှ မကြားဖူးသော်လည်း ဤတုန်းဖန်းပုပိုက်က ဤမျှ ဂုဏ်ယူစွာ ပြောဆိုနေသော ဓားသိုင်းမှာ သာမန်ဓားသိုင်းတစ်မျိုး မဟုတ်မည်မှာ သေချာပေါက်ပင်။
မျှော်လင့်ထားသည့်အတိုင်းပင် တုန်းဖန်းပုပိုက်၏မျက်လုံးများတွင် ဂုဏ်ယူဝံ့ကြွားမှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။
“ဟုတ်တယ်… တုကူးချိုးပိုင်က ဓားနတ်ဆိုးလို့ နာမည်ကြီးပြီးတော့ သူ တီထွင်ထားတဲ့ တုကူးဓားကွက်ကိုးကွက်က သူရဲကောင်းအားလုံးကို အနိုင်ယူပြီး ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းတယ်လို့ ကြွားလုံးထုတ်တယ်… ငါ့ရဲ့ နေကြာသိုင်းကျမ်းနဲ့ တွေ့တော့ သူ ရှုံးနိမ့်သွားတာပဲ မဟုတ်လား…”
ဤတခဏတွင် သူမ၏မျက်လုံးများ၌ လောကကြီးကို အထင်သေးစွာ ကြည့်လိုက်ပြီး ပြောမပြနိုင်သော ခန့်ညားထည်ဝါမှုမျိုး ထင်ဟပ်နေသည်။
သို့သော် နောက်ထပ်အချိန်တစ်စက္ကန့်တွင် သူမ၏ပါးစပ်မှ သွေးများ အန်ထုတ်လိုက်ပြီး သူမ၏ခန္ဓာကိုယ်သည် လေတိုက်လျှင်ပင် လဲကျသွားနိုင်လောက်အောင် အားနည်းနေသဖြင့် ထိုခန့်ညားထည်ဝါမှုသည် များစွာလျော့ကျသွားသည်။
ချူကျန့်က စိုးရိမ်စွာဖြင့် ရှေ့သို့ ခြေနှစ်လှမ်း တိုး၍ ပြောလိုက်သည်။
“မမလေး… မမလေးရဲ့ ဒဏ်ရာက ပြင်းထန်လွန်းတယ်… ဆေးအရင်သောက်ပြီး ကုသလိုက်ပါလား…”
သူ၏မျက်နှာသည် ရိုးသားဖြောင့်မတ်ပြီး မကောင်းမှုကို ကောင်းမှုဖြင့် တုံ့ပြန်တတ်သော ကမ္ဘာ့အကောင်းဆုံးလူသားတစ်ဦးနှင့် တူနေသည်။
ခန်းမဆောင်ထဲတွင် ပျံ့နှံ့နေသော သွေးညှီနံ့က ချူကျန့်၏ခန္ဓာကိုယ်မှ ချိုမြိန်သော ရနံ့သင်းသင်းကို ဖုံးကွယ်ထား၏။ တုန်းဖန်းပုပိုက်သည် တဖြည်းဖြည်း မောပန်းလာပြီး သူမ၏မျက်လုံးများသည်လည်း လေးလံလာသည်။
ဤသည်မှာ သွေးထွက်လွန်ခြင်းကြောင့် ဖြစ်မည်ဟု သူမ တွေးလိုက်သည်။ ဤအတိုင်း ဆက်နေပါက သူမ သွေးထွက်လွန်၍ သေဆုံးသွားနိုင်ပေ၏။
တုန်းဖန်းပုပိုက်က အချိန်မဆွဲတော့ဘဲ အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူ၍ ချူကျန့်ထံသို့ ပစ်ပေးလိုက်သည်။
“ဒီအဆောင်လက်ဖွဲ့ကို ယူပြီးတော့ ရှန်ယန်မြို့က ချင့်ကျီဆန်ဆိုင်ကို သွားပြီး အကြောင်းကြားလိုက်… အဲဒီက လူတွေကို ဒီကိုလာခိုင်းစမ်း… မင်း ဒီအလုပ်ကို ပြီးအောင်လုပ်ပြီး ပြန်လာရင် ငါ မင်းကို နေကြာသိုင်းကျမ်း သင်ပေးမယ်…”
‘အယ်… ထူးဆန်းလိုက်တာ… လက်ထဲက အဆောင်က ဘာလို့ ဒီလောက် လေးလံနေရတာလဲ…’
တုန်းဖန်းပုပိုက်၏ မျက်စိရှေ့တွင် အမည်းရောင်အရိပ်အယောင်များ ထွက်ပေါ်လာပြီး သူမ၏အတွေးများလည်း လေးလံထိုင်းမှိုင်းလာသည်။
‘မဟုတ်ဘူး… ဒါ သွေးထွက်လွန်တာ မဟုတ်ဘူး… မေ့ဆေးမိတာ…’
‘ငါ အလိမ်ခံလိုက်ရပြီ…’
တုန်းဖန်းပုပိုက်သည် ဒေါသတကြီးဖြင့် ချူကျန့်ထံသို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ဤတစ်ချက်တွင် သူမ၏နောက်ဆုံးအင်အားကို အကုန်သုံးလိုက်ပြီး အလွန်လျင်မြန်ပြင်းထန်လှရာ တောင်ကိုပင် ဖြိုခွဲနိုင်စွမ်း ရှိသည်။ ချူကျန့်သည် အစကတည်းက သတိထားနေသဖြင့် အလျင်အမြန် ရှောင်တိမ်းလိုက်သည်။
သို့သော် သူသည် တုန်းဖန်းပုပိုက်ကို ‘ရက်တစ်ရာအိပ်မွေ့ချဆေးမှုန့်’ မိစေရန်အတွက် အနီးသို့ တိုးကပ်သွားခဲ့သဖြင့် လုံးဝ ရှောင်တိမ်းနိုင်ခြင်း မရှိချေ။ သူသည် ပြင်းထန်သော လက်ဝါးလေပွေနှင့် ထိမိသွားပြီး မထိန်းနိုင်တော့ဘဲ နောက်သို့ လွင့်ထွက်သွားကာ ခန်းမဆောင်၏ တိုင်နှင့် ပြင်းထန်စွာ ဆောင့်မိသွားသည်။
ဤလက်ဝါးတစ်ချက်ကြောင့် သူ၏အတွင်းကလီစာများသည် ပြောင်းပြန်ဖြစ်သွားမတတ် နာကျင်သွားပြီး သွေးများ အန်ထုတ်လိုက်ရသည်။ ထို့နောက် သူ၏မျက်စိရှေ့တွင် အမှောင်ကျသွားပြီး ဂိမ်းထဲမှ အလိုအလျောက် ထွက်သွားတော့သည်။