ထူးဆန်းသော အိမ်ကြီးနှင့် ထူးဆန်းသော လူများ
Vol. 4 Ch. 46
ချူကျန့်သည် ဤတစ်ကြိမ်တွင် လုံးလုံးလျားလျား ဦးနှောက်ခြောက်သွားပေ၏။
ဤသခင်မလေးချင်သည် ပစ္စည်းသိမ်းတတ်ရုံတင်မက လက်ဖက်ရည်ပင် ဖျော်တတ်သေးသလော...
သူသည် ဖြစ်ကတတ်ဆန်း ရေနွေးတစ်အိုးတည်၍ ပေးလိုက်ရာ သခင်မလေးချင်က လှမ်းယူလိုက်ပြီး တစ်ခဏမျှ စောင့်ဆိုင်းနေလိုက်သည်။ ရေနွေးအိုးထဲမှ ရေများ အပူချိန် အနည်းငယ် ကျသွားချိန်တွင် သူမသည် ကျွမ်းကျင်သပ်ရပ်စွာဖြင့် လက်ဖက်ရည်ကြမ်းများကို ဆေးကြောလိုက်ရာ လက်ဖက်ခြောက်ရနံ့က တစ်ခန်းလုံး မွှေးပျံ့သွားတော့သည်။
သခင်မလေးချင်သည် လက်ဖက်ရည်အိုးကို သုံးကြိမ်မွှေပြီး အပူချိန်ရှစ်ဆယ်ဒီဂရီဆဲလ်စီယပ်ခန့်ရှိသော ရေနွေးကို လက်ဖက်ရည်ခွက်ထဲသို့ လောင်းထည့်လိုက်၏။ သူမ၏လှုပ်ရှားမှုများသည် တိမ်တိုက်များရွေ့လျား၍ ရေများ စီးဆင်းနေသကဲ့သို့ နူးညံ့သိမ်မွေ့သည်။ သူမ၏ ဟန်ပန်သည်လည်း မြင်သူတိုင်းကို စိတ်လှုပ်ရှားစေလောက်အောင် လှပတင့်တယ်လွန်းသည်။
ထို့ပြင် သူမ၏ ပြိုင်ဘက်ကင်းလောက်အောင် ချောမောလှပသော ရုပ်ရည်နှင့် ပေါင်းစပ်လိုက်ချိန်၌ ကောင်းကင်ဘုံမှ နတ်မိမယ်တစ်ပါး လူ့ပြည်သို့ ဆင်းသက်လာသည်ဟုပင် ထင်မှတ်မှားနိုင်ဖွယ် ရှိနေပေ၏။
ချူကျန့်ကမူ မျက်နှာသေဖြင့် ဘေးမှ ရပ်ကြည့်နေပြီး မမြင်ချင်ယောင်ဆောင်နေလိုက်သည်။ သူမ လက်ဖက်ရည် ဖျော်ပြီး၍ သူ့ရှေ့သို့ ပို့ပေးသည့်တိုင်အောင် သူက စကားတစ်ခွန်းမျှ မဟခဲ့ချေ။
“ဒီလက်ဖက်ရည် ဘယ်လိုနေလဲ အရင်မြည်းကြည့်ပါဦး…”
ချူကျန့်က ခွက်ကို လှမ်းယူ၍ တစ်ငုံမျှ သောက်ကြည့်လိုက်သည်။ ရနံ့သည် ချိုမွှေး၍ သူ၏လျှာအောက်တွင် အရည်များ စို့တက်လာပြီး သူသောက်ခဲ့ဖူးသမျှထဲတွင် အကောင်းဆုံး လက်ဖက်ရည်ပင်။
“မဆိုးပါဘူး…”
ထိုအချိန်ကျမှသာ သခင်မလေးချင်သည် ထိုင်ခုံတစ်လုံး ရှာ၍ ထိုင်လိုက်ပြီး သူမကိုယ်တိုင်လည်း လက်ဖက်ရည်ခွက်ကိုကိုင်၍ ဖြည်းညင်းစွာ သောက်သုံးနေသည်။ သူမ၏ ဟန်ပန်သည် ရှေးခေတ် သူဌေးသမီးလေး တစ်ယောက်အလား ယဉ်ကျေးသိမ်မွေ့သည်။
မည်မျှထိ နက်ရှိုင်းသော မျိုးရိုးမှ မွေးထုတ်လိုက်သဖြင့် ဤကဲ့သို့ အထက်တန်းကျသော မိန်းကလေးမျိုး ထွက်ပေါ်လာသနည်း။
ချူကျန့်သည် သူ၏စိတ်ထဲတွင် အနည်းငယ် စပ်စုချင်စိတ် ပေါ်လာသော်လည်း ထိုစိတ်ကို ချက်ချင်းပင် ဖျောက်ဖျက်လိုက်၏။ သူတို့နှစ်ယောက်ကြားတွင် အပြန်အလှန် ဆက်ဆံရေး တိုးမြှင့်ရန် ရည်ရွယ်ချက် မရှိသည့်အတွက်ကြောင့် သူမအကြောင်း အသိနည်းလေလေ ကောင်းလေလေပင်။
“မင်း ငါ့ကို ပြောစရာရှိလို့လား…”
ချင်ရူယွင်က ‘အင်း’ ဟု တစ်ချက်ပြောပြီးနောက် ခေါင်းခါလိုက်၏။
“အစကတော့ ရှင့်ကို ဂိမ်းထဲမှာ သိုသိုသိပ်သိပ် နေစေချင်လို့ပါ… မကြာသေးခင်ကတင် ရှင့်ကို ပစ်မှတ်ထားနေတဲ့ ရန်သူတွေ အရမ်းများနေပြီ… ဒါပေမဲ့ ရှင့်အနေနဲ့ အော့ဖ်လိုင်း ဆင်းသွားပြီဆိုတော့ ဒီအချက်ကို သတိထားမိလို့ နေမှာပေါ့…”
ချူကျန့်က မျက်လုံးလှန်ကြည့်လိုက်မိသည်။
‘မင်းက ငါ့ကိုနာမည်ကြီးချင်လို့ ဒီလိုတွေလုပ်နေတယ်လို့ ထင်နေသလား’
“ဒါဆို…”
“ကျွန်မကို မမေးပါနဲ့… ကျွန်မလည်း မသိဘူး… ဂိမ်းထဲမှာ ရုတ်တရက် စိတ်ထဲမှာ မကောင်းသလို ခံစားရလို့ လူတစ်ယောက်ယောက်နဲ့ လက်ဖက်ရည်သောက်ချင်လာတာ… ကျွန်မ စဉ်းစားရင်း စဉ်းစားရင်းနဲ့ ထူးထူးဆန်းဆန်း ရှင့်ကို သွားသတိရလို့ ရောက်လာတာပါ…”
“အဓိပ္ပာယ်မရှိလိုက်တာ…”
“ကျွန်မလည်း အဓိပ္ပာယ်မရှိဘူးလို့ ထင်မိသား…”
“မင်း နောက်တစ်ခါ အဓိပ္ပာယ်မရှိဘူးလို့ ထင်ရင် ငါ့လစာကို နှစ်ဆတိုးပေးဖို့ စဉ်းစားလိုက်ပါလား…”
ချင်ရူယွင်က ‘ခစ်’ခနဲ တစ်ချက်ရယ်လိုက်ရာ ပန်းပွင့်များ ပွင့်လန်းသွားသကဲ့သို့ အလွန်ပင် လှပတင့်တယ်လှ၏။
“ငွေမက်လိုက်တာ…”
ချူကျန့်ကမူ လုံးဝ စိတ်မဝင်စားဘဲ အေးစက်စက် ပြန်ပြောလိုက်၏။
“မင်းနဲ့ ဘာဆိုင်လဲ…”
“ဘီစကစ် စားမလား…”
“စားမယ်…”
သူတို့နှစ်ယောက်သည် ဟိုအကြောင်း ဒီအကြောင်း ဆယ့်ငါးမိနစ်ခန့် စကားစမြည် ပြောဆိုပြီးနောက် ဂိမ်းအကြောင်းသို့ ပြန်ရောက်သွားပေ၏။
ချင်ရူယွင်က ချူကျန့်အား ယခုအချိန်တွင် ‘မဟာသိုင်းလောကခေတ်’ ဂိမ်းထဲမှ နာမည်ကြီး ကစားသမားဂိုဏ်းပေါင်းဆယ်ဂိုဏ်းကျော်မှ လူအမြောက်အများကို ရှန်ယန်မြို့သို့ စေလွှတ်ထားကြောင်း ပြောပြလိုက်သည်။
ယခုချိန်တွင် ရှန်ယန်မြို့၏ပတ်ဝန်းကျင်၌ သူ့ကို ရှာဖွေနေသူများဖြင့် ပြည့်နှက်နေပြီး သဲလွန်စ ပေးနိုင်သော ကစားသမားကို ဆုကြေးအများအပြား ထုတ်ထားသည်ဟု ဆိုကြပေ၏။
“ခန့်မှန်းခြေ ငါးနာရီအတွင်းမှာ ရှင့်အနေနဲ့ အွန်လိုင်း မတက်တာ အကောင်းဆုံး ဖြစ်မယ်…”
“ဒါဆို မင်းက ငါ့ကို ဘယ်ဂိုဏ်းမှ မဝင်စေချင်တာလား…”
ချင်ရူယွင်က ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်… ဒါပေါ့… ရှင့်အနေနဲ့ စိတ်ဝင်စားရင် ကျွန်မဂိုဏ်းကို ဝင်လို့ရတယ်… ဒါက ရှင့်ရဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးပဲ…”
“စိတ်မဝင်စားဘူး…”
ချင်ရူယွင်သည် လုံးဝစိတ်ဆိုးပုံမရချေ။ သူမက လက်ဖက်ရည်ဖျော်စပ်သည့် ပစ္စည်းများကို သိမ်းဆည်းလိုက်၏။
“ကဲ… လက်ဖက်ရည်လည်း သောက်ပြီးပြီ… ကျွန်မ သွားတော့မယ်…”
“လိုက်မပို့တော့ဘူးနော်…”
“နောက်တစ်ခါ ကျွန်မ ရှင့်ဆီ လက်ဖက်ရည် လာသောက်လို့ ရသေးလား…”
“မရတော့ဘူး…”
ချင်ရူယွင်က တောက်ပစွာ ပြုံးလိုက်ပြီးနောက် ကလေးဆန်စွာဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
“ကျွန်မကတော့ လာမှာပဲ…”
သူမက အဝတ်စဖြင့် ပြန်ဖုံးထားသော တောင်းကို ဆွဲကိုင်၍ တံခါးဖွင့်ကာ လေပြည်ကဲ့သို့ ထွက်ခွာသွားသည်မှာ အလွန်ပင် လွတ်လပ်ပေါ့ပါးလှ၏။
ချူကျန့်က အပြင်သို့ တမင်သက်သက်လိုက်ကြည့်လိုက်ရာ စင်္ကြန်လမ်းတစ်ခုလုံးတွင် လူသူ ကင်းမဲ့နေသည်ကို တွေ့လိုက်ရသည်။ တစ်စုံတစ်ယောက်က ချင်ရူယွင်အတွက် တမင် ရှင်းလင်းပေးထားသကဲ့သို့ ရှိနေပြီး ထောင့်နားမှ ကင်မရာ၏ပါဝါမီးသည်လည်း ပိတ်နေပေ၏။
ပိုက်ဆံရှိလျှင် မည်သည့်အရာမဆို လုပ်နိုင်သည်ပင်။
ချူကျန့် အခန်းထဲသို့ ပြန်ရောက်ချိန်၌ အခန်းထဲတွင် ရနံ့သင်းသင်းလေး ကျန်ရှိနေသေးသည်။ ထိုရနံ့သည် လက်ဖက်ရည်ရနံ့လော သို့မဟုတ် ချင်ရူယွင်၏ ကိုယ်သင်းနံ့လော ဆိုသည်ကိုမူ သူ မခွဲခြားနိုင်ခဲ့ချေ။
ချူကျန့်က ခေါင်းခါလိုက်ပြီး ထိုချမ်းသာလှပသော မိန်းကလေး၏ ထင်ရာစိုင်းသည့် လာရောက်လည်ပတ်မှုကို ချက်ချင်းပင် မေ့ပစ်လိုက်၏။
သူက ပလ္လင်ခွေထိုင်ချလိုက်ပြီး သူ၏နေ့စဉ် အတွင်းအား ကျင့်ကြံမှုကို စတင်လိုက်သည်။
သူ နောက်တစ်ကြိမ် မျက်လုံး ဖွင့်ကြည့်လိုက်ချိန်၌ ပြတင်းပေါက် အပြင်ဘက်၌ မှောင်မည်းနေပြီ ဖြစ်ပြီး သူ၏ တစ်ကိုယ်လုံးရှိ ပင်ပန်းနွမ်းနယ်မှုများမှာလည်း တစ်စစီ ကြေပျက်သွားကာ သူ၏မျက်လုံးများ တလက်လက် တောက်ပနေသည်။
အချိန်ကို ကြည့်လိုက်ချိန်၌ ညခုနစ်နာရီကျော်သာ ရှိသေးသည်။ ဂိမ်းထဲတွင်မူ ခုနစ်ရက်ကျော် ကြာသွားလေပြီ။
ဒုတိယထပ်ရှိ ထမင်းဆိုင်ငယ်လေးသို့ ဆင်း၍ ထမင်းဘူးတစ်ဘူး ဝယ်ကာ ဖြည်းညင်းစွာ စားသုံးပြီးနောက် ချူကျန့်က အခန်းသို့ ပြန်လာပြီး ဂိမ်းဦးထုပ်ကို ပြန်တပ်ဆင်၍ ဂိမ်းထဲသို့ ဝင်ရောက်လိုက်သည်။
ခုနစ်ရက် ကြာသွားသဖြင့် ရှန်ယန်မြို့ အနီးအနားမှ ကစားသမား အရေအတွက်သည် တစ်ဝက်ကျော် လျော့နည်းသွား၏။
သို့သော် ချူကျန့်သည် ရှန်ယန်မြို့သို့ သွားရန် အစီအစဉ် မရှိသေးချေ။ မြို့အတွင်း၌ မည်သို့သောအခြေအနေ ရှိနေသည်ကို မည်သူ သိနိုင်မည်နည်း။ သူ ခဏမျှ စဉ်းစားပြီးနောက် ဆေးဖော်စပ်ခြင်းပညာရပ်ကို အရင်သွားသင်ရန် ဆုံးဖြတ်လိုက်သည်။
ဆေးဖော်စပ်ခြင်းဟု ဆိုလိုက်လျှင် သိုင်းလောကတွင် အကျော်ကြားဆုံးမှာ ဆေးဘုရင်တောင်ကြားပင် ဖြစ်၏။ သို့သော် ဤသည်မှာ သိုင်းလောကဂိုဏ်းတစ်ဂိုဏ်း ဖြစ်သဖြင့် တပည့်လက်ခံရာတွင် အလွန် တင်းကျပ်သည်။
ထို့ပြင် ဆေးပညာအရည်အချင်း မြင့်မားသော သိုင်းလောကမှ နာမည်ကြီးဆေးဆရာများလည်း ရှိသေး၏။ ဥပမာအားဖြင့် လိပ်ပြာတောင်ကြားမှ နတ်သမားတော် ဟူချင်းနျို၊လူသတ်သမားတော် ပျင်ယိကျစ်၊ ယမမင်း၏ ရန်သူ ရွှယ်မုဟွား၊ ‘အံ့ဖွယ်သမားတော်’ မေ့အာ စသည်တို့ ဖြစ်ကြသည်။ သို့သော် ဤလူများ၏အကျင့်စရိုက်သည် အလွန်ထူးဆန်းပြီး တပည့်လက်ခံ၍ ပညာသင်ပေးခြင်းမရှိချေ။
ချူကျန့်သည် အထက်ပါလူများကို အနည်းငယ်မျှ စိတ်ကူးထဲပင် မထည့်ခဲ့ချေ။ သူ၏ ပစ်မှတ်သည် ‘အဆိပ်လက်ချောင်းဆေးဘုရင်’ပင်။
‘အထူးကျွမ်းကျင် ဆေးဖော်စပ်ခြင်း (အခြေခံမှ မဟာပညာရှင်အထိ)’ ဟူသော စာအုပ်ထဲတွင် မွေးရာပါကံသာ မြင့်မားပါက ‘အဆိပ်လက်ချောင်းဆေးဘုရင်’ ၏ ထူးခြားသောကံကြမ္မာကို သွားရောက်စမ်းသပ်နိုင်ပြီး ‘ဆေးဘုရင်၏ နတ်ဘုရားကျမ်း’ ကို ရရှိနိုင်ရန် အခွင့်အလမ်း အနည်းငယ် ရှိသည်ဟု ဖော်ပြထားသည်။ ထိုကျမ်းမှ အဆင့်မြင့်ဆေးပညာ အဆိပ်ပညာနှင့် ဆေးဖော်စပ်ပညာများကို သင်ယူနိုင်သည်။
ချူကျန့်၏ အမြင့်ဆုံးအရည်အချင်းသည် မွေးရာပါကံ ဖြစ်သည့်အတွက်ကြောင့် သွားရောက် စမ်းသပ်ကြည့်ရန် သူဆုံးဖြတ်လိုက်သည်။ အကယ်၍ မအောင်မြင်ပါက မြို့တစ်မြို့မှ ဆေးဆိုင်တစ်ဆိုင်တွင် အလုပ်သင်အဖြစ်မှ စတင် သင်ယူရပေမည်။
အဆိပ်လက်ချောင်းဆေးဘုရင်သည် ရှန်ယန်မြို့နှင့် အလွန်ဝေးကွာသော မြင်းဖြူဘုရားကျောင်းမြို့ရှိ ဆေးဘုရင်စံအိမ်တွင် နေထိုင်သည်။ သူ လှည်းငှားသွားလျှင်ပင် နှစ်ရက် သုံးရက်ခန့် ကြာမြင့်ပေမည်။
ချူကျန့်၏ပထမခြေလှမ်းသည် မြင်းလှည်းဂိတ်ရှိသော မြို့တစ်မြို့ကို ရှာ၍ ထိုမှတစ်ဆင့် မြင်းဖြူဘုရားကျောင်းမြို့သို့ သွားရန် ဖြစ်သည်။ သို့သော် ယခုအချိန်၌ ရှန်ယန်မြို့အနီးအနားမှ မြို့များတွင် သူ့အား ရှာဖွေနေသော ကစားသမားများ ရှိနေနိုင်သေးသဖြင့် အဝေးတစ်နေရာမှ မြို့တစ်မြို့ကို ရှာဖွေခြင်းက အလုံခြုံဆုံး ဖြစ်ပေမည်။
ချူကျန့်က အစီအစဉ် ရေးဆွဲပြီးနောက် အရှေ့မြောက်ဘက်သို့ ထွက်ခွာလာခဲ့၏။
ဤသို့ဖြင့် သူ နှစ်နာရီခန့် လမ်းလျှောက်လာခဲ့ပြီးနောက် ကစားသမားများကို ရှောင်ရှားရန်အတွက် လမ်းမရှိသော တောအုပ်များနှင့် မြက်ပင်တောများကိုသာ ဖြတ်သန်းခဲ့ရသည်။ ယခုအချိန်၌ သူ့သည် အဆိပ်တစ်ရာကို ခုခံနိုင်စွမ်း ရှိပြီး မြွေနှင့်ပိုးမွှားများက သူ့ကိုမြင်လျှင် ရှောင်ပြေးကြသော်လည်း ဤသို့ ခရီးရှည် လျှောက်လှမ်းရသည်မှာ အလွန်ပင်ပန်းလှ၏။
ထို့ပြင် သူ့၏ခန္ဓာကိုယ်၌ တုန်းဖန်းပုပိုက်၏ဓားချက်များမှ ဒဏ်ရာများ ရှိနေသေးသည်ကိုလည်း မမေ့သင့်ချေ။ လမ်းတစ်လျှောက်တွင် တောရိုင်းတိရစ္ဆာန်များကိုလည်း ရံဖန်ရံခါ တွေ့ရတတ်ပြီး သတ်ပစ်လိုက်ရသည်လည်း ရှိသလို ပတ်ရှောင်သွားရသည်လည်း ရှိ၏။ ဤသည်မှာ သူ့အတွက် အနည်းငယ်မျှ မသက်သာလှချေ။
‘နောက်တစ်ခါတော့ မြင်းတစ်ကောင် လုမှ ဖြစ်တော့မည်…’
ချူကျန့်က နောင်တရစွာ တွေးလိုက်မိသည်။ ဤအချိန်၌ နေဝင်ချိန် နီးကပ်လာပြီ ဖြစ်ပြီး လုံးဝမှောင်သွားပါက သစ်ရွက်များ ထူထပ်သော တောအုပ်ထဲတွင် ချူကျန့်၏ အမြင်အာရုံဖြင့်ပင် အဝေးသို့ မမြင်နိုင်တော့ချေ။ သို့သော် ဤနေရာသည် ရှေ့တွင် ရွာမရှိ၊ နောက်တွင် ဆိုင်မရှိသော တောနက်ကြီးထဲ၌ ဖြစ်သဖြင့် သူ မဖြစ်မနေ ခရီးဆက်ရုံမှလွဲ၍ တခြားနည်းလမ်း မရှိတော့ချေ။
ချူကျန့်သည် ပင်ပန်းဆာလောင်နေပြီ ဖြစ်သဖြင့် မူလက တုန်းဖန်းပုပိုက်အတွက် ချန်ထားသော နောက်ဆုံး မုန့်တစ်ဖဲ့ကိုပင် ထုတ်စားလိုက်ရသည်။ ရေနှစ်ဘူးမှာလည်း ကုန်လုနီးပါး ဖြစ်နေပြီး သူ ဆေးစည်းထားသော ဒဏ်ရာများမှလည်း သွေးများယိုစိမ့်ထွက်လာပေ၏။
ဤဂိမ်းထဲမှ ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုအမှတ်မှာ ၂၃ မှတ်သာ ရှိပြီး ယခုထိ ခံနိုင်ရည်ရှိနေသည်မှာ သူ၏ ချွမ်ကျန်းအတွင်းအားကျင့်စဉ် အခြေခံအဆင့်ကြောင့်သာ ဖြစ်သည်။
ချူကျန့်က ယုန်တစ်ကောင်ဖမ်း၍ မီးကင်စားရန်နှင့် တောထဲ၌ တည်းခိုရန် ပြင်ဆင်နေစဉ်တွင် မမျှော်လင့်ဘဲ တောင်စောင်းတစ်နေရာ၌ အဆောက်အအုံတစ်ခုကို လှမ်းမြင်လိုက်၏။
ထိုအိမ်သည် အလွန်ကြီးမားပြီး အဝေးမှပင် ခမ်းနားထည်ဝါကြောင်း မြင်တွေ့နိုင်သည်။
အိမ်ရှိလျှင် လူရှိနိုင်ပြီး အစားအစာနှင့် ရေနွေးများလည်း ရှိနိုင်ပေသည်။ ထို့ကြောင့် သူ၏ဒဏ်ရာများကို ဆေးကြော၍ သက်သောင့်သက်သာ အိပ်ရာတစ်ခု၌ အိပ်စက်နိုင်ပေမည်။
ချူကျန့်၏စိတ်ဓာတ်များက တစ်မဟုတ်ချင်း ပြန်လည် နိုးကြားလာပြီး ပစ်မှတ်ဆီသို့ အပြေးအလွှား သွားလိုက်သည်။
ထိုအဆောက်အအုံဆီသို့ ရောက်ခါနီးတွင် ကောင်းကင်ယံကြီး လုံးလုံးလျားလျား မှောင်မည်းသွားလေပြီ။ ချူကျန့်သည် သူ၏ ထူးကဲသော အမြင်အာရုံကို အားကိုး၍ သုဿာန်တစ်ခုကို ဖြတ်ကျော်လာမိကြောင်း သတိပြုမိသွားပြီး အချိန်တခဏမျှ မှင်တက်သွားသည်။
သုဿာန်၏နံဘေးတွင် အိမ်ဆောက်နေသော လူလည်း ရှိသေးသလော....
ချူကျန့်၏ခန္ဓာကိုယ်တစ်ခုလုံးရှိ အမွှေးများ ထောင်ထလာသည်။ သို့သော် ထိုအရာများကို သူ ဂရုမစိုက်နိုင်တော့ချေ။ သူက ထိုအိမ်ထဲမှ မှိန်ဖျော့ဖျော့ မီးရောင်ကို မြင်လိုက်ရချိန်၌ သူ သတ္တိမွေးကာ အပြေးအလွှား သွားလိုက်သည်။
ခြံစည်းရိုးအပြင်ဘက်သို့ ရောက်ချိန်၌ ခြံတံခါးသည် ဖြုတ်ချခံထားရသည်ကို သူ တွေ့လိုက်ရပေ၏။ မြေပြင်ပေါ်၌ မကြာသေးမီက လူသွားလူလာ ရှိခဲ့ဟန်တူသော ရှုပ်ထွေးနေသည့် ခြေရာများ ကျန်ရှိနေသေးသဖြင့် ချူကျန့်က တံခါးဝတွင် နှစ်ခွန်းခန့် အော်ခေါ်လိုက်သော်လည်း တုံ့ပြန်သံ မကြားရချေ။
‘ဂရုမစိုက်တော့ဘူး… အလွန်ဆုံးတော့ ဓားပြတစ်ခါ ဝင်တိုက်ရုံပေါ့…’
ချူကျန့်က ခြေလှမ်းများကို ဖွဖွနင်း၍ အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်သွားသည်။
ခန်းမဆောင်ထဲသို့ ဝင်လိုက်သည်နှင့် သူ ပထမဆုံး မြင်လိုက်ရသည့် အရာမှာ ကုတင်တစ်လုံး ဖြစ်ပေ၏။ အလွန်ကြီးမားသော ကုတင်တစ်လုံးဖြစ်ပြီး အရွယ်ရောက်ပြီးသူ လေးယောက်လောက်ပင် အတူတူအိပ်စက်နိုင်သည်အထိ ကျယ်ဝန်းသည်။
ကုတင်ပေါ်တွင် လူတစ်ယောက် လှဲလျောင်းနေပေ၏။ ထိုအရာများမှလွဲ၍ ခန်းမဆောင်တစ်ခုလုံးမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး စားပွဲ၊ ကုလားထိုင် တစ်လုံးတစ်လေမျှပင် မရှိချေ။
ချူကျန့် မှင်တက်သွားသည်။
‘ငါ ထူးဆန်းတဲ့နေရာတစ်ခုကိုများ ရောက်လာမိပြီလား…’