စည်းစိမ်ချမ်းသာစံအိမ်က မချမ်းသာ
Vol. 4 Ch. 47
ထိုအချိန်တွင် အပြင်ဘက်၌ မှောင်မည်းနေပြီး ခန်းမဆောင်တစ်ခုလုံး၌ တံခါးဝတွင် ချိတ်ဆွဲထားသော သစ်ကိုင်းရှည်တစ်ခုကို မီးတိုင်အဖြစ်သာ ထွန်းညှိထား၏။ ထိုသစ်ကိုင်းမှာလည်း ဖြစ်ကတတ်ဆန်း ကောက်ယူလာခြင်း ဖြစ်ပြီး စိုထိုင်းနေသေးသဖြင့် မီးရှို့ချိန်တွင် မီးခိုးများ တလူလူ ထွက်ကာ တစ်ခန်းလုံး မီးခိုးနံ့များဖြင့် ပြည့်နှက်နေသည်။
ချူကျန့်က သူ၏နှာခေါင်းကို လက်ဖြင့် ပိတ်လိုက်၏။ ဤမီးခိုးနံ့ကြောင့်သာမက ကုတင်ပေါ်မှ ထွက်ပေါ်နေသော ကြက်ဆီ၊ ဝက်ဆီ၊ နွားဆီများ ရောနှောနေသည့် ထူးဆန်းသော အနံ့ဆိုးများကြောင့်လည်း ဖြစ်သည်။ သေချာကြည့်လိုက်လျှင် ကုတင်ပေါ်ရှိ ညစ်ပတ်နေသော စောင်ပါးပေါ်၌ တစ်ဝက်တစ်ပျက် ကိုက်စားထားသော အရိုးအမျိုးမျိုးကိုပင် တွေ့မြင်နိုင်၏။
ဤကဲ့သို့ ကုတင်မျိုးပေါ်တွင် မည်သူ အိပ်စက်နိုင်မည်ကို ချူကျန့် စဉ်းစား၍ပင် မရချေ။
သို့သော် ကုတင်ပေါ်မှ လူမှာမူ အေးအေးလူလူပင် အိပ်မောကျနေပုံရပြီး အလွန်ဇိမ်ကျနေဟန်တူသည်။
ချူကျန့်သည် လျှို့ဝှက်သိုင်းကမ္ဘာတွင် လှည့်လည်သွားလာရင်း ထူးဆန်းသော သိုင်းသမားပေါင်းများစွာကို တွေ့ကြုံဖူးသော်လည်း ဤကဲ့သို့ လူမျိုးကိုမူ ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်း ဖြစ်ပေ၏။
သူသည် သတိဝီရိယဖြင့် ခြေလှမ်းအနည်းငယ် တိုးကပ်သွားချိန်၌ မှိန်ဖျော့ဖျော့ မီးရောင်အောက်တွင် အသက်သုံးဆယ်ကျော်အရွယ် လူတစ်ယောက်၏ ထင်ရှားသော မျက်နှာသွင်ပြင်ကို တွေ့လိုက်ရသည်။
သူ၏နဖူးသည် ကျယ်ပြန့်ပြီး နှာတံမှာပေါ်လွင်ကာ ရုပ်ရည်မှာ မဆိုးလှချေ။ သို့သော် သူ၏မျက်နှာသည် ဝါဖျော့ပိန်လှီနေပြီး အသက်ရှူသံကပင် အားမရှိချေ။ သူသည် နေမကောင်းဖြစ်နေသည်နှင့် မတူဘဲ ဆာလောင်မွတ်သိပ်နေသည့်ပုံ ပေါက်နေသည်။
ချူကျန့်က နှစ်ခွန်းခန့် အော်ခေါ်ကြည့်လိုက်သော်လည်း ထိုလူသည် လုံးဝတုံ့ပြန်ခြင်း မရှိပေ။ သူ အိပ်မောကျနေပုံမှာ ကောင်းကင်ကြီး ပြိုကျလာလျှင်ပင် နိုးထလာမည် မဟုတ်သည့်အတိုင်းပင်။
ချူကျန့်သည် ရေဆာလွန်းလှပြီဖြစ်သဖြင့် ထိုလူကို ဂရုမစိုက်တော့ဘဲ ခြံဝင်းထဲသို့ သွား၍ ရေပုံးဖြင့် ရေတစ်ပုံး ခပ်ယူလိုက်သည်။ ထို့နောက် သူ ရေအားရပါးရ သောက်သုံးလိုက်ပြီးနောက် အပြင်ဘက်မှ လူဝင်လာမည့် အရိပ်အယောင် မတွေ့ရသဖြင့် အဝတ်အစားများချွတ်၍ ရေချိုးလိုက်၏။
အေးမြသော ရေတွင်းရေဖြင့် ရေချိုးလိုက်ပြီးနောက် သူသည် အဝတ်သန့်များ လဲလှယ်ဝတ်ဆင်ကာ ဒဏ်ရာများကို ဆေးလိမ်း၍ ပတ်တီးအသစ် စည်းလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် လန်းဆန်းသွားသော်လည်း ဝမ်းဗိုက်ထဲမှ ဆာလောင်မွတ်သိပ်မှုက ပို၍ ဆိုးရွားလာသည်။ ချူကျန့်၏ ဗိုက်ထဲမှ ‘ဂွီဂွီ’ ဟူသော ဆန္ဒပြသံပင် ထွက်ပေါ်လာပေ၏။
ဤဂိမ်းသည် ဤအချက်တွင် အလွန်လက်တွေ့ကျသည်။ အချိန်ကြာမြင့်စွာ အစာမစားဘဲ နေလျှင် အမှန်တကယ် သေဆုံးသွားမည် မဟုတ်သော်လည်း ခန္ဓာကိုယ်တစ်ခုလုံး အားအင်ကုန်ခမ်း၍ အလွန်မသက်မသာ ခံစားရပေမည်။
“မင်း အရမ်း ဗိုက်ဆာနေတယ်ဆိုရင်…”
ခန်းမဆောင်ထဲမှ ယောက်ျားတစ်ယောက်၏ အသံ ထွက်ပေါ်လာ၏။ ချူကျန့် လှည့်ကြည့်လိုက်သောအခါ ထိုလူသည် မည်သည့်အချိန်က နိုးထလာသည်မသိဘဲ သူ့အားကြည့်ကာ အားမရှိသောလေသံဖြင့် ပြောလိုက်သည်ကို သူ မြင်တွေ့လိုက်ရသည်။
“နောက်ဖေးမှာ သစ်တော်သီးပင်တွေ အများကြီးရှိတယ်… မင်း အပင်ပေါ်တက်ပြီး သေချာရှာကြည့်ရင် ချက်ချင်းစားလို့ရလောက်တဲ့ သစ်တော်သီး နှစ်လုံး သုံးလုံးလောက် တွေ့နိုင်တယ်… မင်း အခု သွားခူးလာခဲ့… ငါတို့ ခွဲစားလို့ရတယ်…”
‘စား’ ဟူသော စကားလုံးကို ပြောလိုက်သောအခါ သူ၏စိတ်ဓာတ်များ အနည်းငယ် တက်ကြွလာပြီး သူ၏မျက်လုံးများသည်လည်း အရောင်တောက်လာပေ၏။
ချူကျန့်က သူ့ကို မျက်လုံးပြူးကြီးဖြင့် စိုက်ကြည့်နေသည်ကို မြင်ချိန်၌ သူ အနည်းငယ် ရှက်ရွံ့သွားဟန်တူသည်။
“မင်း သစ်ပင်မတက်တတ်ဘူးလား… ဒါဆိုလည်း ကိစ္စမရှိပါဘူး… မင်း လဲထားတဲ့ အဝတ်ဟောင်းတွေကို လွှင့်ပစ်မလို့လား… နှမြောစရာကြီး… မင်း အပြင်ထွက်ပြီး တောင်အောက်ကို ဘယ်ဘက်ကနေ သွားလိုက်… မြို့ငယ်လေးက လီယွမ်အပေါင်ဆိုင်ကို တွေ့လိမ့်မယ်… အခုချိန်ဆို ဆိုင်မပိတ်သေးလောက်ဘူး… အဝတ်ဟောင်းတွေကို ပေါင်လိုက်… ငါ ကြည့်ရသလောက် ပစ္စည်းက မဆိုးဘူး… ငွေတစ်စ နှစ်စလောက်တော့ ရလောက်တယ်…”
ထိုလူက ချောင်းတစ်ချက် ဟန့်လိုက်ပြီးနောက် ဆက်လက်၍ ပြောဆိုသည်။
“ပြီးရင် မင်း အပေါင်ဆိုင်ရှေ့က ဘဲကင်ဆိုင်ကို သွား… ဘဲကင်နဲ့ ဝက်ခေါက်ကြော် နည်းနည်း ဝယ်ခဲ့… ပိုက်ဆံမလောက်ရင် ဘဲကင်နဲ့ ဝက်ခေါက်ကြော် နည်းနည်းပဲ ဝယ်… အရက်ကိုတော့ ဆယ်ပေါင်အထိ ဝယ်ခဲ့… မဟုတ်ရင် မလောက်ဘူး… မြန်မြန်သွား မြန်မြန်ပြန်လာ… ငါခန့်မှန်းရသလောက်တော့ ဟိုသုံးကောင် ဒီနေ့လည်း လက်ဗလာနဲ့ ပြန်လာမှာပဲ… ငါ ထမင်းမစားရတာ နှစ်ရက်ရှိပြီ… ဗိုက်က တော်တော်ဆာနေပြီ…”
“...”
သူ၏အမူအရာကို ကြည့်၍ ချူကျန့်သည် စကားပင် မပြောနိုင်တော့ဘဲ အချိန်ခဏအကြာမှ မေးမြန်းလိုက်သည်။
“ခင်ဗျားပြောတာက ဒီမှာ စားစရာပြတ်နေတာ ကြာပြီပေါ့… ဒီလောက်ကြီးတဲ့ စံအိမ်ကြီးက ပစ္စည်းတစ်ခုခုကို ပေါင်လိုက်ရင်တောင် ဒီလိုမဖြစ်လောက်ဘူးမလား…”
“မင်း ဒီကုတင်ကလွဲပြီး တန်ဖိုးရှိတဲ့ ပစ္စည်းတစ်ခုခု ရှာတွေ့ရင် မင်း ယူသွားပြီး ပေါင်လို့ရတယ်…”
"ခင်ဗျား သစ်သီး သွားခူးစားလို့ရတာပဲ…”
“ငါက ပျင်းတယ်လေ… ပြီးတော့ ငါမပျင်းရင် စည်းစိမ်ချမ်းသာစံအိမ်က ဒီနေ့ ဒီလိုအခြေအနေမျိုး ဖြစ်နေပါ့မလား…”
ချူကျန့်မှာ တဖန်ပြန်၍ ဆွံ့အသွားလေ၏။
“ဒီနေရာကို စည်းစိမ်ချမ်းသာစံအိမ်လို့ ခေါ်တာလား…”
“ဟုတ်တယ်… ဒီနေရာကို စည်းစိမ်ချမ်းသာစံအိမ်လို့ ခေါ်တယ်… ဒါပေမဲ့ နာမည်နဲ့လိုက်အောင် ချမ်းသာမနေဘူး… မြန်မြန်သွား မြန်မြန်ပြန်လာ… ဘာပဲဖြစ်ဖြစ် အရက်နဲ့အသား ရှိမှ ငါ မင်းကို ဆက်ပြောပြမယ်…”
ချူကျန့်က သူ၏နဖူးကို လက်ဖြင့် ပုတ်ကာ လှည့်ထွက်သွားသည်။
ဤနေရာတွင် ဆက်နေ၍ မဖြစ်တော့ဟု သူ ခံစားလိုက်ရသည်။ မိုက်မဲခြင်းက ကူးစက်တတ်ပြီး သူသည် အမြဲတစေ လူအထင်သေးခံရအောင် ဟန်ဆောင်နေတတ်သော်လည်း အမှန်တကယ် လူအတစ်ယောက် ဖြစ်မသွားချင်ပေ။
ထူးဆန်းသောလူ ညွှန်ပြရာလမ်းအတိုင်း ချူကျန့်မှာ မြို့ငယ်လေးတစ်ခုသို့ မကြာမီ ရောက်ရှိလာခဲ့သည်။
ဤနေရာကို မြို့ဟု ခေါ်ရန်ပင် ခက်ခဲလှပေ၏။ လမ်းများသည် ကျဉ်းမြောင်းလွန်း၍ မြင်းလှည်းပင် ဖြတ်သန်းနိုင်မည် မဟုတ်ပေ။ အိမ်ခြေ တစ်ရာခန့်သာ ရှိသဖြင့် မြို့ဟု ခေါ်ဆိုခြင်းထက် ရွာဟု ခေါ်ဆိုခြင်းက ပို၍သင့်တော်ပေမည်။
ချူကျန့် မျက်မှောင်ကြုတ်သွားသည်မှာ သူ မြို့ထဲသို့ ဝင်ရောက်သွားချိန်၌ သူ့၏ခေါင်းပေါ်မှ အသုံးပြုသူအိုင်ဒီသည် အလိုအလျောက် ပျောက်ကွယ်သွားသော်လည်း ‘သင်သည် လုံခြုံသော နေရာသို့ ရောက်ရှိနေပြီ’ ဟူသော အချက်ပြသံကို မကြားရခြင်းကြောင့်ပင်။
ဤတောင်ပေါ်မြို့ငယ်လေးသည် တစ်စုံတစ်ခုထူးဆန်းနေလေပြီ။
ချူကျန့်က ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်ရာ တည်းခိုခန်း မတွေ့ရသည့်အပြင် မြင်းလှည်းဂိတ်လည်း မရှိသည်ကို အံ့အားသင့်စွာ တွေ့လိုက်ရသည်။ လမ်းပေါ်တွင် လူသူလည်း ရှင်းလင်းနေပြီး ရံဖန်ရံခါ ကစားသမား တစ်ယောက်၊ နှစ်ယောက်ကိုသာ တွေ့မြင်ရ၏။ ချူကျန့်က သူတို့ကို သတိထား၍ ရှောင်တိမ်းသွားသည်။
သို့သော်လည်း သူသည် မြို့ခံအများအပြား၏ အာရုံစိုက်မှုကို ခံနေရကြောင်း သတိပြုမိလိုက်၏။ အကြောင်းအရင်းတစ်ခုမှာ ဤတောင်ပေါ်မြို့ငယ်လေးသို့ ပြင်ပလူ ဝင်ရောက်မှု နည်းပါးခြင်းကြောင့် ဖြစ်နိုင်ပြီး တခြားအကြောင်းရင်းမှာမူ သူ၏ဝတ်စားဆင်ယင်မှုကြောင့် ဖြစ်နိုင်သည်။
သူသည် သာမန်ပုံစံမျိုးကို တတ်နိုင်သမျှ ရွေးချယ်ဝတ်ဆင်ထားသော်လည်း ကောစံအိမ်သည် အထက်တန်းလွှာ မိသားစုဖြစ်ရာ သူ လဲလှယ်ဝတ်ဆင်ထားသော အဝတ်အစားများမှာ မော့ဟွားမှ သူ့အတွက် ပြင်ဆင်ပေးထားခြင်းဖြစ်ပေ၏။
ဤအဝတ်အစားချုပ်လုပ်မှုမှာ သူ၏ခန္ဓာကိုယ်နှင့်တစ်သားတည်းကျပြီး အထည်သားသည်လည်း အလွန်ကောင်းမွန်သဖြင့် သာမန်လူတန်းစားများ ဝတ်ဆင်နိုင်သော အဝတ်အစားမျိုး မဟုတ်ကြောင်း သိသာထင်ရှားနေသည်။
ချူကျန့်သည် အပ်ချုပ်ဆိုင်တစ်ဆိုင်ကို ရှာ၍ အကြွေစေ့သုံးဆယ်ဖြင့် အပေါဆုံးနှင့် အစုတ်ဆုံး အဝတ်အစားတစ်စုံကို ဝယ်ယူလိုက်သည်။ ထို့နောက် လူရှင်းသောနေရာတွင် လဲလှယ်ဝတ်ဆင်ပြီး မျက်နှာကိုလည်း ပြာအနည်းငယ် သုတ်လိမ်းလိုက်ရာ နောက်ဆုံးတွင် သူ၏ပုံစံသည် အနည်းငယ်သာမန်ဆန်သွားပြီး သူ သက်ပြင်းတစ်ချက် ချလိုက်သည်။
ထူးဆန်းသောလူ ပြောပြသော အပေါင်ဆိုင်ကို ဖြတ်သွားချိန်၌ ချူကျန့်က အချိန်တခဏမျှ စဉ်းစားပြီးနောက် ထင်ရှားပေါ်လွင်သော အဝတ်အစားအသစ်နှင့် အဟောင်းနှစ်စုံစလုံးကို ပေါင်နှံလိုက်ရာ ငွေသုံးကျပ်ကျော် ပြန်ရခဲ့လေ၏။
အမှန်အားဖြင့် ချူကျန့်ထံတွင် ယခုအချိန်၌ ပိုက်ဆံမရှားချေ။ ယခင်တာဝန်တစ်ခုမှ ရွှေတုံး ငါးတုံး ရရှိခဲ့သည့်အပြင် တခြားသူများထံမှ လုယူထားသော ပစ္စည်းများကို ထည့်ပေါင်းလိုက်လျှင် ရွှေ ခုနစ်တုံး ငွေ ၇၈ ကျပ်နှင့် အကြွေစေ့ ၉၁ ပြား ရှိနေသည်။
သို့သော် သူသည် အနည်းငယ်မျှပင် ချမ်းသာကြောင်း မပြရဲချေ။ ဤမြို့ငယ်လေး၏ နေရာတိုင်းတွင် ထူးဆန်းသောအငွေ့အသက်များ လွှမ်းခြုံနေပေ၏။
တခြားအရာများကို မဆိုထားနှင့် အပ်ချုပ်ဆရာသည် အသက်ကြီးပြီး မျက်စိမှုန်ဝါးကာ ရိုးသားစွာ ပြုံးပြနေသော်လည်း ချူကျန့်၏ သိုင်းလောက အတွေ့အကြုံနှင့် ထူးကဲသော အမြင်အာရုံဖြင့် ကြည့်လိုက်လျှင် ထိုလူ၏ သိုင်းပညာသည် အလွန်မြင့်မားပြီး ဝူညီနောင်ထက်ပင် သာလွန်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။
အပေါင်ဆိုင်မှ အဘိုးကြီးမှာလည်း သိုင်းပညာကို ဖုံးကွယ်ထားသော သိုင်းပညာရှင်တစ်ယောက် ဖြစ်ပြီး ယဲ့လွီချီးနှင့် မယှဉ်နိုင်လျှင်ပင် ကွာခြားမှုမှာ ကြီးမားမည် မဟုတ်ပေ။ ထိုထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ အပေါင်ဆိုင်တွင် တံမြက်စည်းလှဲနေသော အဖွားအို၏စွမ်းရည်မှာလည်း မှန်းဆရန် ခက်ခဲလှပြီး ဟွမ်ရုံထက် လုံးဝမနိမ့်ကျချေ။
ချူကျန့်က တောင်ပေါ်မြို့ငယ်လေးထဲတွင် အချိန်တခဏမျှ လှည့်ပတ်ကြည့်ရုံဖြင့် တွေ့မြင်ရသော မြို့ခံအားလုံးနီးပါးသည် သိုင်းပညာ တတ်မြောက်ကြပြီး အများစုမှာ လူကောင်းများ မဟုတ်ကြကြောင်း သိလိုက်ရသည်။
ဤနေရာသည် မည်ကဲ့သို့ နေရာမျိုးဖြစ်သနည်း။ နဂါးများနေထိုင်သော ရေအိုင်နှင့် ကျားသစ်များ နေထိုင်ရာ ဂူဟုပင် တင်စားနိုင်လောက်၏။
ချူကျန့်သည် အချိန်အတော်ကြာ လမ်းလျှောက်လာရသဖြင့် သူ၏ခြေထောက်များပင် ထုံကျင်နေပြီး ဒဏ်ရာ၊ ပင်ပန်းနွမ်းနယ်မှုနှင့် ဆာလောင်မှုတို့ကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး အားအင်ကုန်ခမ်းနေ၏။ အကယ်၍ တစ်စုံတစ်ယောက်က သူ့အား လုယက်တိုက်ခိုက်ပါက လက်မြှောက်အရှုံးပေးရုံမှလွဲ၍ တခြားနည်းလမ်း မရှိပေ။
ရံဖန်ရံခါ ပေါ်ထွက်လာသော ကစားသမားများနှင့် အဆင့်အတန်းမသိနိုင်သော မြို့ခံများကို ကြည့်၍ ချူကျန့်က သက်ပြင်းတစ်ချက် ချလိုက်သည်။ သူသည် မူလက မြင်းဝယ်၍ ညလုံး ပေါက် ခရီးဆက်ရန် ရည်ရွယ်ခဲ့သော်လည်း မြည်းတစ်ကောင်ပင် မတွေ့ခဲ့ရချေ။
ဤတောင်ပေါ်မြို့တွင် တစ်ညတာ နေထိုင်ခြင်းမှာမူ ပို၍အန္တရာယ်များလှသည်။ သူကဲ့သို့သော ပြင်ပလူတစ်ယောက် ညဘက်တွင် အသတ်ခံရပြီး လူသားပေါက်စီပြုလုပ်ခံရလျှင်ပင် မည်သူမျှ သိရှိမည် မဟုတ်ပေ။
ထားလိုက်ပါတော့…
သူ စည်းစိမ်ချမ်းသာစံအိမ်သို့သာ ပြန်သွားရတော့ပေမည်။ အနည်းဆုံးအနေဖြင့် ထိုထူးဆန်းသောလူသည် မူမမှန်သော်လည်း ချူကျန့်က သူ၏မျက်လုံးထဲ၌ ‘ရိုးသားမှု’ ဟူသော စကားလုံးများကို မြင်တွေ့ခဲ့ရသည်။
အနည်းဆုံးတော့ ထိုလူသည် ဟန်မဆောင်တတ်ပေ။ သူသည် အမှန်တကယ်ကို ပျင်းရိသူတစ်ယောက်ပင်။
လူပျင်းများထံတွင် များသောအားဖြင့် မကောင်းသော စိတ်ကူးများ မရှိတတ်ကြချေ။ အကြောင်းအရင်းမှာ မကောင်းမှုပြုလုပ်ခြင်းသည် ကိစ္စရပ်များ အလွန်ရှုပ်ထွေးသောကြောင့်ပင်။
ထို့ကြောင့် ချူကျန့်သည် အဝတ်အစားပေါင်နှံ့ရသောငွေနှင့် သူ့ထံ၌ရှိသော ကြေးပြားအားလုံးကို အသုံးပြု၍ ဘဲကင်နှစ်ကောင်၊ ဝက်ခေါက်ကြော် ငါးပေါင်နှင့် ဆန်အရက် ဆယ်ပေါင် ဝယ်ယူလိုက်ပြီး စည်းစိမ်ချမ်းသာစံအိမ်သို့ ပြန်လည် သယ်ဆောင်လာခဲ့၏။
ထိုလူသည် ချူကျန့် ပြန်ရောက်လာသည်ကို မြင်ချိန်၌ သူ၏မျက်လုံးများ အရောင်တောက်လာပြီး ထထိုင်ကာ ပြုံးလိုက်သည်။
“မင်း မြို့ထဲမှာ ပူပူနွေးနွေး မစားခဲ့ဘူးလား… ဒီဘဲကင်က အေးသွားရင် သိပ်အရသာရှိတော့မှာ မဟုတ်ဘူး…”
ချူကျန့်သည် ဒဏ်ရာနှင့် ပင်ပန်းနွမ်းနယ်မှုကြောင့် လမ်းလျှောက်ရန်ပင် အားမရှိတော့ဘဲ အစားအစာထုပ်ကြီးကို သယ်ဆောင်လာရင်း သူ၏ခြေလှမ်းများ ယိုင်နဲ့နေပေ၏။
ထိုလူသည် ကုတင်ပေါ်တွင် ထိုင်နေပြီး ဆင်းလာ၍ ကူညီခြင်းမရှိသည်ကို မြင်ချိန်၌ ချူကျန့်က စိတ်မရှည်စွာဖြင့် ဘဲကင်တစ်ကောင်ကို ပစ်ပေးလိုက်သည်။
ထိုလူက လက်ဖြင့် ဖမ်းယူလိုက်ပြီး အနံ့ကို အားရပါးရ ရှူရှိုက်လိုက်၏။ သူသည် တံတွေးတစ်ချက် မျိုချလိုက်သော်လည်း မစားဘဲ အပြင်ဘက်သို့ ကြည့်ကာ ပြောလိုက်သည်။
“ရှောင်ကောတို့ သုံးယောက်လည်း ပြန်လာတော့မှာပဲ… သူတို့ကို စောင့်ပြီး အတူတူစားကြတာပေါ့…”
ချူကျန့်သည် အရက်အိုးကြီးနှစ်လုံးနှင့် အစားအစာများ ထည့်ထားသော ဆီစိမ်စက္ကူအိတ်ကို မြေကြီးပေါ်သို့ ပစ်ချပြီးနောက် သူကိုယ်တိုင်လည်း မြေပြင်ပေါ်သို့ ခြေပစ်လက်ပစ်လဲကျသွားပေ၏။ ဤဂိမ်းထဲမှ ခန္ဓာကိုယ်သည် အလွန်အားနည်းသည်ဟု သူ၏ စိတ်ထဲတွင် မြည်တွန်တောက်တီးလိုက်မိသည်။
သူ၏ဒဏ်ရာများသည်လည်း တဖြည်းဖြည်းသာ ပျောက်ကင်းပြီး အကယ်၍ လက်တွေ့ဘဝမှ သူ၏ခန္ဓာကိုယ်သာ ဖြစ်ပါက ဆယ်ရက်ဆယ်ည လမ်းလျှောက်လျှင်ပင် အနည်းငယ်မျှ ပင်ပန်းနွမ်းနယ်မည် မဟုတ်ချေ။
ထိုလူသည် မြေပြင်ပေါ်ရှိ အစားအစာများနှင့် အရက်အိုးကြီးများကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချူကျန့်၏ ခန္ဓာကိုယ်ပေါ်မှ ကြမ်းတမ်းသော အဝတ်အစားများကို တစ်ချက်ကြည့်ကာ နွေးထွေးသော အပြုံးတစ်ခု ထွက်ပေါ်လာပေ၏။
“မင်း အစကဝတ်ထားတဲ့ အဝတ်အစားတွေကိုလည်းပေါင်ပြီး ဒီစျေးအပေါဆုံး အဝတ်အစားကို ဝယ်ခဲ့တာလား… ဒီလောက်များတဲ့ အရက်နဲ့အသားတွေ ဝယ်လာနိုင်တာ အံ့အားသင့်စရာ မရှိတော့ဘူး…”
ဝမ်တုံးက လောကကြီးတွင် ဤသို့ အလကားစေခိုင်းခံရပြီး ကိုယ့်ပစ္စည်းကိုပင် ပေါင်နှံကာ အစားအသောက်များ ဝယ်ပေးသော ‘လူအ’ မှာ ကောတာ့လု တစ်ယောက်သာ ရှိသည်ဟု ထင်ခဲ့သော်လည်း ယနေ့တွင်မူ နောက်တစ်ယောက်ကို ထပ်တွေ့လိုက်ရ၏။
သူသည် ချူကျန့်၏သာမန်ရုပ်သွင်နှင့် ရိုးသားသောအမူအရာကို ကြည့်ပြီး သူ၏စိတ်ထဲ၌ သဘောကျသွားကာ ပြုံးလိုက်မိသည်။
ဝမ်တုံး၏စကားကို ကြားချိန်၌ ချူကျန့်က လက်ခါပြလိုက်ပြီး စကားပြောရန် အားမရှိတော့သဖြင့် ဘာမှပြန်မပြောတော့ချေ။ ထူးဆန်းသည်မှာ ဤထူးဆန်းသောလူ၏ ခန္ဓာကိုယ်၌ ထူးခြားသောဆွဲဆောင်မှုတစ်ခု ရှိနေပြီး လူများကို အလိုအလျောက် သတိလက်လွတ်ဖြစ်စေကာ ဟန်ဆောင်မှုများကို ဖယ်ရှားစေနိုင်သည်။
ချူကျန့်ကဲ့သို့ သိုင်းလောကမှ ဝါရင့်ပုဂ္ဂိုလ်ပင်လျှင် ယဉ်ကျေးသောအပြုအမူများကို ဆက်လက် ထိန်းသိမ်းရန် ခက်ခဲလှသည်။
ဝမ်တုံး၏ အမြင်တွင်မူ ချုကျန့်၏အပြုအမူသည် ‘လုပ်ပြီးရင် ပြီးတာပဲ ဘာတွေအများကြီး ပြောနေစရာလိုသေးလဲ’ ဟူသော အဓိပ္ပာယ်သက်ရောက်သဖြင့် သူ တဖန်ပြုံးလိုက်မိပြန်သည်။
သူက အစားမစားမီ ကုတင်ပေါ်မှ ဆင်းလာပြီး အရက်အိုးတစ်လုံးကို ဖွင့်ကာ ပြုံးလိုက်၏။
“စိတ်ချပါ… ကြာကြာစောင့်စရာ မလိုပါဘူး… အရက်အိုးအဖုံးကို ဖွင့်လိုက်တာနဲ့ ဟိုသုံးကောင်က အရက်နံ့ရပြီး ချက်ချင်း ရောက်လာလိမ့်မယ်…”
သူ၏စကားမဆုံးမီမှာပင် ကျယ်လောင်သော ယောက်ျားတစ်ယောက်၏အသံကို ကြားလိုက်ရ၏။
“ဝိုး… ငါ အရက်နံ့ရတယ်… သူဌေးကြီးဝမ် သက်တော်ရာကျော် ရှည်ပါစေ… ဒီနေ့ ငါတို့ လက်ဗလာနဲ့ ပြန်လာမယ်ဆိုတာ သူက ကြိုသိပြီးတော့ အရက်နဲ့အသားတွေ ပြင်ဆင်ထားတာကိုး…”
ပျော်ရွှင်သော အော်ဟစ်သံနှင့်အတူ အရပ်မြင့်မြင့် ကြမ်းတမ်းသော ယောက်ျားတစ်ယောက် ပြေးဝင်လာပြီး မြေပြင်ပေါ်ရှိ အရက်နှင့် အစားအစာများကို မြင်ချိန်၌ သူ၏မျက်လုံးများ ပြူးကျယ်သွားကာ ပို၍ပင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ယန့်ချီ လင်ထိုက်ဖျဉ်… မင်းတို့ မြန်မြန်လာ… ငါတို့ စည်းစိမ်ချမ်းသာစံအိမ်ရဲ့ ဒီနေ့ညစာက နှစ်သစ်ကူးပွဲတော်ထက်တောင် ပိုစုံလင်တယ်…”
အရပ်မြင့်မြင့်လူ၏ ပေါ့ပေါ့ပါးပါး အမူအယာနှင့်မတူဘဲ နောက်မှဝင်လာသော လူငယ်နှစ်ယောက်မှာမူ ပို၍ယဉ်ကျေးသိမ်မွေ့ပုံရသည်။
ဘယ်ဘက်မှလူသည် အလွန် နုနယ်ချောမောပြီး မျက်လုံးဝိုင်းဝိုင်း ပါးစပ်သေးသေးဖြင့် မိန်းကလေးတစ်ယောက်နှင့်ပင် တူနေသည်။ သို့ရာတွင် သူသည် ယောက်ျားလေးအဝတ်အစား ဝတ်ဆင်ထားပြီး အသက်နှစ်ဆယ်ကျော်အရွယ် ရှိပုံရသည်။
ညာဘက်မှ လူငယ်မှာမူ ပို၍ပင် နုနယ်လှပပြီး မျက်ခုံးရေးရေး မျက်လုံးရှည်ရှည်ဖြင့် ဘယ်ဘက်မှလူထက်ပင် မိန်းကလေးတစ်ယောက်နှင့် ပိုတူနေပေ၏။ သူ၏အသက်သည် အငယ်ဆုံးဖြစ်ပြီး ဆယ့်ရှစ်နှစ်ခန့်သာရှိပေမည်။
“သူဌေးကြီး ဝမ်… ဒီတစ်ယောက်က…”
ဘယ်ဘက်မှ မျက်လုံးဝိုင်းဝိုင်းနှင့်လူငယ်က အရက်နှင့်အသားများကို မကြည့်ဘဲ မြေပြင်ပေါ်ရှိ ချူကျန့်ကိုသာ ကြည့်နေသည်။
“အသစ်ရောက်လာတဲ့ သူငယ်ချင်းပဲ… သူ့ရဲ့ အဝတ်အစားကောင်းတွေကို ပေါင်ပြီး ဒီအရက်နဲ့အသားတွေ ဝယ်လာတာ…”
အရပ်ရှည်ရှည်လူက ချူကျန့်ကို နွေးထွေးစွာ လက်ကမ်းပေးလိုက်၏။
“ငါ့နာမည်က ကောတာ့လု… ဒီဘက်က ယန့်ချီ… နောက်တစ်ယောက်က လင်ထိုက်ဖျဉ်… ငါတို့အားလုံးက ဒီစည်းစိမ်ချမ်းသာစံအိမ်မှာ အလကားနေ အလကားစားနေကြတာ… မင်းကို ကြိုဆိုပါတယ်…”
ဝမ်တုံးက ပြောလိုက်၏။
“ငါ့နာမည်က ဝမ်တုံး… ဧကရာဇ်ရဲ့ ဝမ်… လျင်မြန်တဲ့ ယုန်ရဲ့ တုံး… မင်းနာမည်ကိုတော့ မသိရသေးဘူး…”
ချူကျန့်သည် ကောတာ့လု၏လက်ကို အားယူ၍ ထထိုင်ကာ ခါးသီးစွာ ပြုံးလိုက်သည်။
“ငါတို့ စားရင်းသောက်ရင်း စကားပြောကြရအောင်… ငါ့ရဲ့ဗိုက်က သီချင်းတွေ ဆိုနေပြီ…”
ဝမ်တုံးနှင့်တခြားသုံးယောက်သည် မှင်တက်သွားပြီးနောက် ဟားတိုက်ရယ်မောလိုက်ကြကာ အရက်နှင့်အသားများကို ဝေငှစားသောက်လိုက်ကြ၏။