ထူးဆန်းသော စွန်ကြီး
Vol. 4 Ch. 48
ညစာစတင်ချိန်၌ ကောတာ့လုသည် အလွန်စိတ်အားထက်သန်စွာဖြင့် ဘဲပေါင်တစ်ချောင်းကို ဆွဲဖြဲ၍ ချူကျန့်ထံ ပေးလိုက်သည်။ ချူကျန့်သည်လည်း အမှန်တကယ် ဆာလောင်မွတ်သိပ်နေပြီ ဖြစ်သဖြင့် ထိုအရာကို လှမ်းယူ၍ စားသုံးလိုက်၏။
ကောတာ့လုကမူ ဘဲတောင်ပံကို ကိုက်စားရင်း အရက်ကိုလည်း အားရပါးရ သောက်သုံးကာ တခြားသူများကိုလည်း လိုက်လံတိုက်ကျွေးနေသည်။
သူသည် ချူကျန့်၏ခန္ဓာကိုယ်ပေါ်မှ ပတ်တီးများကို သတိပြုမိသွားပြီး မေးလိုက်သည်။
“ဒဏ်ရာရထားတာလား… အရက်သောက်လို့ ရရဲ့လား…”
“သောက်မယ်… ဒဏ်ရာသေးသေးလေးပဲ…”
ချူကျန့်သည် လည်ချောင်းခြောက်ကပ်နေပြီး မကြာသေးမီက စိတ်မပျော်ရွှင်စရာ ကိစ္စများ ရှိခဲ့သဖြင့် အရက်သောက်ချင်စိတ် ပေါ်လာသည်။
“မင်းရဲ့ ဒီစကားတစ်ခွန်းကြောင့်ပဲ မင်းကို ငါ သူငယ်ချင်းတော်လိုက်ပြီ…”
ကောတာ့လုက သူ့အတွက် အရက်တစ်ခွက် ငှဲ့ပေးလိုက်ပြီး ခွက်ချင်းတိုက်ကာ တစ်ကျိုက်တည်း မော့ချလိုက်သည်။
ထို့နောက် သူတို့သည် “ဒီနေ့ အရက်ရှိလျှင် ဒီနေ့ မူးအောင်သောက်မယ်” ဟု အော်ဟစ်ကာ အရက်နှင့်အစားအစာအားလုံးကို ကုန်စင်အောင် စားသောက်လိုက်ကြသည်။
ချူကျန့်ကို အံ့အားသင့်စေသည်မှာ ဤလူများသည် သူ၏နာမည်မှလွဲ၍ သူ၏အတိတ်အကြောင်းကို တစ်စုံတစ်ရာမျှ မမေးမြန်းခြင်းပင်။ သူ ဘယ်မှလာသည် ဘယ်သို့သွားမည်ကိုလည်း မမေးမြန်းကြချေ။ သူတို့၏ စကားပြောပုံသည် အလွန်ပေါ့ပါးလွတ်လပ်ပြီး ဖိအားမပေးတတ်ကြပေ။
ဝမ်တုံးသည် ပျင်းရိသော်လည်း ပညာရှိကာ အပြင်ပန်းတွင် အေးစက်သော်လည်း အတွင်းစိတ်သည် နွေးထွေးပေ၏။ ကောတာ့လုသည် စိတ်တိုတတ်သော်လည်း သတ္တိရှိပြီး ယန့်ချီသည် ဉာဏ်ကောင်းကာ ဗဟုသုတကြွယ်ဝသည်။
လင်ထိုက်ဖျဉ်မှာမူ ထင်ရှားကျော်ကြားသောမျိုးရိုးမှ ဆင်းသက်လာသော်လည်း ချမ်းသာသော လူငယ်များ၏ မောက်မာမှု မရှိဘဲ အရာရာကို ဖြည်းညင်းစွာ လုပ်ဆောင်တတ်၏။
ဤကဲ့သို့ စရိုက်မတူသော လူလေးယောက်သည် မည်သို့ တွေ့ဆုံခဲ့ကြပြီး မည်သို့ သဟဇာတဖြစ်စွာ နေထိုင်ကြသည်ကိုမူ သူ မသိနိုင်ချေ။
“ချူလော့ကျွင်း… မင်းနာမည်က နည်းနည်း ထူးဆန်းတယ်… မှတ်ရတာလည်း မလွယ်ဘူး… စာလုံးပေါင်းလည်း မှားလွယ်တယ်…”
ဤကဲ့သို့ ဦးနှောက်မပါဘဲ စကားပြောသူမှာ ကောတာ့လု ဖြစ်ပြီး သူ အရက်မူးနေလေပြီ။
“မင်းနာမည် ကောတာ့လုကရော ကောင်းနေလို့လား…”
ကောတာ့လုကို ပြန်လည် ဝေဖန်သူမှာ ယန့်ချီ ဖြစ်ပြီး ချူကျန့်၏ အမြင်အာရုံဖြင့် ကြည့်လိုက်လျှင် သူမသည် ယောက်ျားလေးအဝတ်အစား ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက် ဖြစ်ကြောင်း ချက်ချင်း သိနိုင်သည်။ ထူးဆန်းသည်မှာ ကောတာ့လုကမူ ထိုအချက်ကို မသိရှိပုံရခြင်းပင်။
“ဗိုက်ပြည့်သွားပြီ… သုံးရက်သုံးညလောက် အိပ်လိုက်ရင် နောက်တစ်နပ်အတွက် စိတ်ပူစရာ မလိုတော့ဘူး…”
ဤစကားကို ပြောသူမှာ ‘ဝမ်မလှုပ်’ ဟု ခေါ်သင့်သော ဝမ်တုံးပင်။
“ဒီအရက်က သိပ်မကောင်းဘူး…”
အရက်တစ်အိုးခွဲခန့် သောက်ပြီးသော်လည်း မျက်နှာမပြောင်းလဲဘဲ ဖြည်းညင်းစွာ မှတ်ချက်ပေးနိုင်သူမှာ လင်ထိုက်ဖျဉ်ပင်။
ဤကဲ့သို့ လွတ်လပ်ပေါ့ပါးသော လူလေးယောက်ကို ကြည့်၍ ချူကျန့်သည် ပြုံးလိုက်မိ၏။ သူ ဤကဲ့သို့ စိတ်အေးလက်အေး မပြုံးခဲ့သည်မှာ မည်မျှထိကြာပြီဖြစ်ကြောင်း သူကိုယ်တိုင်ပင် မေ့နေခဲ့သည်။
သူ့ရှေ့မှ မစိမ်းသက်တော့သော လူလေးယောက်သည် အလွန်ပေါင်းသင်းဆက်ဆံရလွယ်ကူပြီး သူ၏ ထက်မြက်သော အာရုံခံစားမှုဖြင့်ပင် ရန်လိုစိတ် တစ်စက်တစ်လေမျှ မခံစားခဲ့ရချေ။
ညစာစားပွဲ၏ ပျော်ရွှင်သော အငွေ့အသက်များကြောင့် ချူကျန့်သည် သူတို့နှင့်အတူ အရက်ကို အပြိုင်အဆိုင် သောက်သုံးလိုက်သည်။
အမှန်အားဖြင့် သူ လျှို့ဝှက်သိုင်းကမ္ဘာ၌ ရှိစဉ်က အရက်ကို အလွန်နည်းပါးစွာသာ သောက်သုံးခဲ့၏။ သူ နာမည်မကြီးမီက စွမ်းရည်တိုးတက်ရန် အာရုံစိုက်ခဲ့ရပြီး နာမည်ကြီးလာချိန်တွင်မူ စိန်ခေါ်မှုများနှင့်လုပ်ကြံမှုများကို အမြဲတစေ သတိထားနေရသဖြင့် သူ၏စိတ်ကို ကြည်လင်အောင် ထားခဲ့ရသည်။
ယနေ့ကဲ့သို့ လွတ်လပ်စွာ သောက်သုံးခြင်းမှာ ချူကျန့်အတွက် ပထမဆုံးအကြိမ်ပင်။
သူ မူးယစ်သွားမည်ကို မကြောက်ဘူးလောဟု ဆိုလျှင်မူ သူ အမှန်တကယ်ကို မကြောက်ချေ။
အကြောင်းအရင်းမှာ သူသည် လုံးဝမမူးနိုင်သောကြောင့်ပင်။ အဆိပ်တစ်ရာကို ခုခံနိုင်စွမ်းရှိသည်ဟု ဆိုရာတွင် အရက်အဆိပ်လည်း အပါအဝင် ဖြစ်၏။ ချူကျန့်သည် ပထမဆုံး အရက်တစ်ခွက် သောက်လိုက်သည်နှင့် ထိုအချက်ကို သတိပြုမိသွားပြီး မည်သူတိုက်ကျွေးသည်ဖြစ်စေ မငြင်းတော့ဘဲ တစ်ခွက်ပြီးတစ်ခွက် သောက်သုံးလိုက်ရာ ရက်ပေါင်းများစွာ စုပုံနေသော စိတ်ညစ်ညူးမှုများ တစ်စစီကြေပျက်သွားတော့သည်။
သူ၏အမူအယာသည် လင်ထိုက်ဖျဉ်အပါအဝင် လူတိုင်း၏ သဘောကျမှုကို လျင်မြန်စွာ ရရှိသွား၏။ ကောတာ့လုမှာမူ သူနှင့်ပုခုံးဖက်ကာ အဓိပ္ပာယ်မရှိသော စကားများ ပြောဆိုနေပြီး ချူကျန့်သည်လည်း ထိုလူလေးယောက်၏ ဇာတ်လမ်းပေါင်းများစွာကို ကြားသိခွင့် ရခဲ့သည်။
ဥပမာအားဖြင့် စည်းစိမ်ချမ်းသာစံအိမ်၏ သတ္တမမြောက်မျိုးဆက်မှာ ဝမ်တုံး ဖြစ်ပြီး ကောတာ့လုမှာမူ ‘သူဌေးများကိုဓားပြတိုက်၍ ဆင်းရဲသားများကို ကူညီရန်’ ဤစံအိမ်သို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပေ၏။ ယန့်ချီမှာမူ ရန်သူများ၏ လိုက်လံသတ်ဖြတ်မှုမှ ထွက်ပြေးလာရင်း ဤနေရာသို့ ရောက်ရှိလာခဲ့ပြီး အထူးဆန်းဆုံးမှာ လင်ထိုက်ဖျဉ်ဖြစ်ကာ သူ့အား ယန့်ချီမှ ‘ခေါ်ယူ’ လာခဲ့ခြင်းပင်…။
ဤစိတ်ဝင်စားဖွယ် ဇာတ်လမ်းများသည် ချူကျန့်ကို ရယ်မောစေခဲ့ပေ၏။
ညဉ့်နက်လာချိန်၌ လူတိုင်းသည် အိပ်စက်ရန်အတွက် သူတို့၏အခန်းများသို့ ပြန်သွားကြသည်။ စားကြွင်းစားကျန်များကို ယန့်ချီက ဖြစ်ကတတ်ဆန်း ရှင်းလင်း၍ ခြံထောင့်တစ်နေရာသို့ ပစ်ထားလိုက်ပြီး နောက်တစ်ကြိမ် ‘အမဲလိုက်’ ထွက်ချိန်၌ သုဿာန်သို့ လွှင့်ပစ်ရန် ရည်ရွယ်ထားသည်။
လင်ထိုက်ဖျဉ်က သူ၏အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်ပြီး ရေတစ်ပုံးခန့် သယ်ဆောင်၍ အခန်းထဲသို့ ပြန်ဝင်သွား၏။ သူသည် ရေချိုးမည်ဟုဆိုပြီး ဤလူများအနက် သန့်ရှင်းမှုကိုအကြိုက်ဆုံးလူပင်။
ဝမ်တုံးကမူ သူ၏ ကုတင်ပေါ်သို့ ပြန်လည်လှဲလျောင်းနေပြီး ညစ်ပတ်နေသောစောင်ကိုဟခြုံ၍ အိပ်မောကျသွားသည်။ သူ၏ စကားအရ ကောင်းကင်ကြီး ပြိုကျလာလျှင်ပင် သူ့အား အနှောင့်အယှက် မပေးရန်ပင်။
ချူကျန့်အား အံ့အားသင့်စေသည်မှာ ယန့်ချီကဲ့သို့ မိန်းကလေးတစ်ယောက်ပင်လျှင် ညစ်ပတ်နေသော အဝတ်အစားများဖြင့် မျက်နှာပင် မသစ်ဘဲ သမ်းဝေကာ ထွက်ခွာသွားခြင်း ဖြစ်သည်။
“ချူလော့ကျွင်း… မင်း အိပ်ဖို့ အခန်းကို မင်းကိုယ်တိုင် ရှာလိုက်တော့…”
ကောတာ့လုက ပြောပြီးနောက် ခန်းမဆောင်ထောင့်တစ်နေရာတွင် လှဲချ၍ အိပ်ပျော်သွားလေ၏။
ထို့ကြောင့် ခန်းမဆောင်တစ်ခုလုံးသည် ရှုပ်ပွနေသော ပန်းကန်ခွက်ယောက်များဖြင့် ကျန်ရှိနေပြီး ချူကျန့် တစ်ယောက်တည်းသာ ငုတ်တုတ်ထိုင်ရက် ကျန်နေခဲ့သည်။
ချူကျန့်ကမူ ညင်သာစွာ ပြုံးလိုက်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။ သူ ဤနေရာတွင် ရက်အနည်းငယ် နေထိုင်ရပေမည်။
အကြောင်းအရင်းတစ်ခုမှာ သူ၏ ခြေထောက်များသည် လမ်းလျှောက်လွန်း၍ ရောင်ကိုင်းနေပြီး ဒဏ်ရာများမှာလည်း မပျောက်ကင်းသေးသဖြင့် အနားယူရန် လိုအပ်သောကြောင့်ပင်။ နောက်ထပ်အကြောင်းတစ်ခုမှာမူ ဤနေရာသည် အလွန် လုံခြုံသည်ဟု သူ ခံစားရသောကြောင့်ပင်။
ပထမအချက်မှာ ဤနေရာသည် အလွန် ဝေးလံခေါင်ဖျားပြီး သူ လာရာလမ်းတစ်လျှောက်တွင် လူသူကင်းမဲ့နေသည်ကို တွေ့မြင်ခဲ့ရသည်။ ဤနေရာသည် မြေနေရာအနေအထားအရ အလွန် ဆိတ်ငြိမ်သဖြင့် ပြင်ပလူများ ဝင်ရောက်မှု မရှိလျှင် ပြဿနာများ ဖြစ်ပွားလာရန် အကြောင်းမရှိချေ။
ဒုတိယအချက်မှာမူ ချူကျန့်က ထိုလူလေးယောက်၏သိုင်းပညာသည် အလွန် မြင့်မားကြောင်း သိရှိထားပေ၏။ ဝမ်တုံး၏သိုင်းပညာသည် ပြောစရာမလိုအောင် မြင့်မားပြီး လင်ထိုက်ဖျဉ်၏ သိုင်းပညာမှာလည်း ဝမ်တုံးထက် မနိမ့်ကျနိုင်ချေ။ ယန့်ချီ၏သိုင်းပညာသာ်လည်း မဆိုးလှဘဲ ကောတာ့လု၏သိုင်းပညာပင်လျှင် ကောရှန်ထက် များစွာသာလွန်ပေ၏။ ဤကဲ့သို့ သိုင်းပညာရှင်များနှင့် အတူနေထိုင်ရသည်မှာ သူ့အား လုံခြုံမှုကို အလွန်အမင်း ခံစားရစေသည်။
အဓိကအချက်မှာမူ ဤလူလေးယောက်သည် ထူးချွန်သော သိုင်းပညာများ တတ်မြောက်ထားသော်လည်း ရည်မှန်းချက်ကြီးမားခြင်း မရှိဘဲ ဆင်းရဲမွဲတေမှုကို လက်ခံကာ နေ့စဉ်ပျော်ရွှင်စွာ နေထိုင်နေကြ၏။ ဓားပြမတိုက် အလုပ်မလုပ်ဘဲ တစ်နေ့တစ်နေ့ ပျင်းရိစွာ အချိန်ဖြုန်းနေကြပြီး နာမည်ကြီးလိုစိတ် လုံးဝမရှိကြပေ။ သိုင်းလောကတွင်လည်း သူတို့သည် မထင်ရှားသော ပုဂ္ဂိုလ်များသာ ဖြစ်ပေလိမ့်မည်။
ချူကျန့်သည် ဤကဲ့သို့လူများနှင့် အတူနေထိုင်ရသည်ကို အလွန်နှစ်သက်ပေ၏။ နာမည်မကြီးလျှင် ပြဿနာမရှိဟု ဆိုနိုင်ပြီး ဤလူလေးယောက်၏ ပျင်းရိသောအမူအရာမှာ ‘ပြဿနာ ကင်းဝေး’ ဟူသော စာလုံးလေးလုံးကို မျက်နှာပေါ်တွင် ရေးထားသကဲ့သို့ပင်။
ပြင်ပလူဝင်ရောက်မှု ရှားပါးသော ဤနေရာတွင် နေထိုင်ပါက သူ၏ မွေးရာပါကံမှာ ၄၀ မှတ်သာမက ၈၀ မှတ်ပင် ရှိစေကာမူ ထူးခြားသောကံကြမ္မာများနှင့် တွေ့ဆုံရန် မဖြစ်နိုင်တော့ချေ။
အချိန်အခါ နေရာဒေသနှင့် လူတို့၏ သဟဇာတဖြစ်မှု အားလုံးက ‘လုံခြုံမှု’ ဟူသော စကားလုံးကိုသာ ညွှန်ပြနေပေ၏။
ဤသည်မှာ သူ့အတွက် အလွန်ပြီးပြည့်စုံသည်။
ယခုအချိန်၌ အပြင်ဘက်တွင် သူ့အား ရှာဖွေနေသော ကစားသမားများသည် အလွန်များပြားပေ၏။ ချင်ရူယွင်၏ ပြောစကားအရ ‘အရှင်သခင်’ ဂိုဏ်းသည် ဂိုဏ်းသားသောင်းချီကို နေရာအနှံ့စေလွှတ်၍ သူ့အား ရှာဖွေနေသည့်အပြင် သိုင်းလောကတစ်ခုလုံးသို့ ဖမ်းဝရမ်းထုတ်ထားပြီး ချူလော့ကျွင်းကို အရှင်ဖမ်းဆီးနိုင်သူအား ရွှေတုံး တစ်ထောင် ဆုချမည်ဟုဆိုသည်။
ထိုပမာဏသည် ယွမ်တစ်သိန်းနှင့် ညီမျှသဖြင့် ချူကျန့်ပင်လျှင် သူ့ကိုယ်သူပြန်ဖမ်းဆီး၍ ဆုသွားထုတ်ချင်စိတ် ပေါ်လာမိသည်။
ဤကဲ့သို့ အခြေအနေမျိုး မဟုတ်ပါက ချူကျန့်သည် တစ်နေ့လုံး တောထဲ၌ လမ်းလျှောက်၍ ပင်ပန်းနွမ်းနယ်နေမည် မဟုတ်ပေ။
သို့သော် ဤစည်းစိမ်ချမ်းသာစံအိမ်တွင် နေထိုင်ပါက အပြင်ဘက်မှ လေမုန်တိုင်းများကို စိုးရိမ်စရာမလိုတော့ဘဲ သူသည် သက်သောင့်သက်သာ စိတ်အေးလက်အေးဖြင့် ရက်အနည်းငယ် နေထိုင်၍ ရှောင်တိမ်းနိုင်ပေမည်။
ထို့ကြောင့် ချူကျန့်သည် လင်ထိုက်ဖျဉ်၏ အခန်းဘေးမှ အခန်းလွတ်တစ်ခန်းကို ရှာဖွေ၍ နေထိုင်လိုက်၏။ မည်သည်ကြောင့် လင်ထိုက်ဖျဉ်၏ အခန်းဘေးကို ရွေးချယ်ရသနည်းဆိုသော် ဤလူငယ်သည် သိုင်းပညာမြင့်မားပြီး လိမ်ညာရန် လွယ်ကူသောကြောင့်ပင်။ ဤသည်မှာ သူ၏ကိုယ်ရံတော်အဖြစ် အကောင်းဆုံးသောရွေးချယ်မှုဖြစ်သည်။
အခန်းကြမ်းပြင်တွင် ဖုန်များဖြင့် ပြည့်နှက်နေပြီး နှစ်ပေါင်းများစွာကြာအောင် မသန့်ရှင်းရသေးပုံရသည်။ အခန်းအတွင်းတွင် ကုတင်တစ်လုံးပင် မရှိချေ။
ချူကျန့်သည်လည်း သန့်ရှင်းရေးလုပ်ရန် ပျင်းရိနေပြီး တံမြက်စည်းတစ်ချောင်းမျှပင် မတွေ့ရသဖြင့် သိုလှောင်အိတ်ထဲမှ ကြိုးနှစ်ချောင်းကို ထုတ်ယူကာ အရှေ့နှင့် အနောက် ပြတင်းပေါက်များတွင် ချည်နှောင်လိုက်သည်။
ထို့နောက် အဝတ်စတစ်ထည်ကို အလယ်တွင် ချည်နှောင်၍ ပုခက်တစ်ခု ပြုလုပ်လိုက်ရာ သူ သက်သောင့်သက်သာ အိပ်စက်နိုင်တော့ပေမည်။
သူသည် မအိပ်မီ အချိန်တခဏမျှ စဉ်းစားပြီးနောက် ပန်းကိုးမျိုးမြရည်စမ်းဆေးလုံးနှစ်လုံးကို ထုတ်ယူသောက်သုံးလိုက်သည်။ ထို့နောက် ချွမ်ကျန်းအတွင်းအားကျင့်စဉ်ကို အလိုအလျောက်ကျင့်ကြံခြင်းဖြင့် သူ လေ့ကျင့်လိုက်၏။
ယခုအချိန်၌ သူသည် လှိုင်းလုံးထိပ်တွင် ရောက်ရှိနေသဖြင့် စွမ်းရည်အနည်းငယ် တိုးတက်လာလျှင် သူ့ကိုယ်ကို ကာကွယ်ရန် နည်းလမ်းများ ပို၍ရရှိပေမည်။ ထို့ပြင် သူ၏ကြံ့ခိုင်မှုသည် အလွန်အားနည်းသဖြင့် အတွင်းအား မလေ့ကျင့်ပါက ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်မည် မဟုတ်ဘဲ မကြာမီတွင် လမ်းလျှောက်ခရီးဆက်ရန် ပို၍ပင်ခက်ခဲပေလိမ့်မည်။
“သင်၏ လက်ရှိ အရိုးအကြောမှာ ၂၄ ဖြစ်ပြီး ချွမ်ကျန်းအတွင်းအားကျင့်စဉ် အဆင့်လေးသို့ ရောက်ရှိရန် နာရီ ၂၅၀ လိုအပ်သည်...လက်ရှိ အများဆုံး အလိုအလျောက်ကျင့်ကြံနိုင်သော အချိန်မှာ လေးနာရီ ဖြစ်သည်...အလိုအလျောက်ကျင့်ကြံမည်လော…”
‘ဟုတ်ကဲ့’အကွက်ကို နှိပ်လိုက်ပြီးနောက် ချူကျန့်သည် ပင်ပန်းနွမ်းနယ်မှုကြောင့် အိပ်ပျော်သွားပေ၏။
ဤသို့ဖြင့် ချူကျန့်သည် စည်းစိမ်ချမ်းသာစံအိမ်တွင် ငါးရက်တိတိ နေထိုင်ခဲ့သည်။ ဤငါးရက်အတွင်း လေငြိမ်ရေငြိမ်ဖြင့် မမျှော်လင့်ထားသော အဖြစ်အပျက်များ တစ်စုံတစ်ရာမျှ မဖြစ်ပွားခဲ့သဖြင့် ချူကျန့် ဤနေရာတွင် တသက်လုံးအငြိမ်းစားယူချင်စိတ်ပင် ပေါ်လာမိသည်။
သို့သော် ထိုလူလေးယောက်သည် အလွန်ပျင်းရိပေ၏။ တစ်နပ်စားလျှင် နှစ်ရက်ခံပြီး ဗိုက်ဆာ၍ ဆန္ဒမပြမချင်း ‘အမဲလိုက်’ မထွက်ကြချေ။ ယခုချိန်၌ ချူကျန့်သည် ‘အမဲလိုက်ခြင်း’ ဆိုသည်မှာ အပြင်ထွက်၍ အစားအစာရနိုင်မည့် အခွင့်အရေးကို ရှာဖွေခြင်း ဖြစ်ကြောင်း သိရှိသွားလေပြီ။
သို့သော် ဝမ်တုံးသည် အမြဲတစေ မလှုပ်မယှက်နေပြီး ကောတာ့လုနှင့်ယန့်ချီတို့သည် ‘အမဲလိုက်’ ခြင်း၏ အဓိကအဖွဲ့ဝင်များ ဖြစ်ကြသည်။ ရံဖန်ရံခါ၌ လင်ထိုက်ဖျဉ်လည်း ပါဝင်တတ်သော်လည်း သူတို့သည် ဆယ်ကြိမ်တွင် ကိုးကြိမ်သည် လက်ဗလာဖြင့်သာ ပြန်လာတတ်ကြသည်။
ချူကျန့်သည် ‘အမဲလိုက်’ ခြင်းတွင် ပါဝင်သော်လည်း သူသည် အမှန်တကယ်ကို အမဲလိုက်ခြင်း ဖြစ်ပေ၏။ သူသည် စည်းစိမ်ချမ်းသာစံအိမ်၏အနီးအနားမှ တောအုပ်ထဲတွင် လှည့်လည်သွားလာပြီး ငှက်တစ်ကောင်၊ ယုန်တစ်ကောင် စသည်တို့ကို ဖမ်းဆီးတတ်သည်။
နဂါးနေထိုင်ရာ အိုင်နှင့် ကျားသစ်နေထိုင်ရာ ဂူကဲ့သို့သော တောင်ပေါ်မြို့ငယ်လေးသို့မူ သူ လုံးဝသွားရောက်ခြင်းမရှိချေ။
သူ၏ယခင် လျှို့ဝှက်သိုင်းကမ္ဘာမှ တောနက်အတွေ့အကြုံများကြောင့် အမဲလိုက်ခြင်းမှ ရရှိသော အကျိုးအမြတ်များသည် အမှန်တကယ်ကို များပြားလှသည်။
အစားကြီးပြီး ပျင်းရိသော လူလေးယောက်သည် ယဉ်ကျေးခြင်းဟူသော စကားလုံးကို မသိရှိကြချေ။ ချူကျန့် ဖမ်းဆီးလာသော သားကောင်များကို သူတို့က အားမနာဘဲ ဝိုင်းဖွဲ့ စားသောက်ကြသည်။ ကောတာ့လုသည် ပို၍ဆိုးရွားပြီး ချူကျန့်အား ယုန်နှစ်ကောင် ပို၍ဖမ်းဆီးလာရန် တောင်းဆိုကာ တောင်ပေါ်မြို့ငယ်လေးတွင် အရက်နှင့် လဲလှယ်သောက်သုံးမည်ဟု ဆိုပေ၏။
ဤသို့ဖြင့် နေ့ရက်များ တည်ငြိမ်စွာ ကုန်လွန်သွားသည်။
ဤနေ့တွင်လည်း နေမြင့်သည်အထိ အိပ်စက်ပြီးနောက် ချူကျန့်က ပုခက်ပေါ်မှ ခုန်ဆင်းကာ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်လိုက်သည်။ အခန်းအပြင်သို့ ထွက်ကြည့်လိုက်သောအခါ လင်ထိုက်ဖျဉ် တစ်ယောက်တည်းသာ မျက်နှာသစ်နေပြီး သူ၏ဆံပင်ကို သပ်ရပ်စွာ ဖီးသင်ထားပြီးသားဖြစ်ပေ၏။ ကျန်သုံးယောက်မှာမူ အိပ်မောကျနေကြဆဲ ဖြစ်ပြီး ဤမျှလောက် ပျင်းရိခြင်းမှာလည်း အရည်အချင်းတစ်ခုပင်။
သို့သော် ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကြောင့် ချူကျန့်သည်လည်း ဝမ်တုံးတို့နှင့် အကျင့်ကူးစက်သွားပြီး မျက်နှာမသစ်ဘဲ ညစ်ပတ်နေသော အဝတ်အစားများဖြင့် ခြံဝင်းထဲတွင် မီးဖိုတစ်ခု ပြုလုပ်ကာ ကြက်နှစ်ကောင် ကင်နေလေ၏။
ယနေ့ရာသီဥတုသည် ကောင်းမွန်ပြီး တိမ်များက နေကို ကာဆီးထားသဖြင့် အေးမြသော လေပြည်များ တိုက်ခတ်နေသည်။ ခြံဝင်းထဲတွင် ထိုင်နေရသည်မှာ အလွန် သက်သောင့်သက်သာရှိပြီး အနံ့ရသော ကောတာ့လုထံမှ ပထမဆုံး ပျော်ရွှင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် ယန့်ချီလည်း ရောက်ရှိလာပြီး ဝမ်တုံးပင်လျှင် ကုတင်ပေါ်မှ ဆင်းလာကာ မြက်ခင်းပြင်ပေါ်ရှိ မှိုတက်လုနီးပါး ခြောက်သွေ့နေသော အဝတ်အစားများပေါ်တွင် လှဲလျောင်းနေ၏။
လင်ထိုက်ဖျဉ်က မြက်ခင်းပြင်ပေါ်တွင် ထိုင်၍ မေးထောက်ကာ ကောင်းကင်ကို ငေးမောကြည့်နေ၏။ ယန့်ချီကမူ ကောတာ့လုနှင့် စကားနိုင်လုရင်း ချူကျန့်အား ထင်းထည့်ပေးကာ အပေါ်ယံဆားဖြူးပေးနေသည်။
“ဟေး… မင်းတို့ ကြည့်စမ်း… အဲ့ဒါက ဘာကြီးလဲ…”
လင်ထိုက်ဖျဉ်၏အသံကြောင့် လူတိုင်း သူ၏ လက်ညှိုးထိုးရာသို့ အလိုအလျောက် ကြည့်လိုက်ကြသည်။
ကောင်းကင်တွင် မည်သည့်အချိန်က ပေါ်ထွက်လာသည်မသိသော ကင်းခြေများပုံစံစွန်ကြီးတစ်ခုကို တွေ့လိုက်ရ၏။ ထိုစွန်သည်
အလွန် လက်ရာမြောက်ပြီး အသက်ဝင်လှကာ အပြာရောင်ကောင်းကင်နှင့် တိမ်ဖြူများကြားတွင် လှည့်ပတ်ပျံသန်းနေသည်။ ထိုအရာ၏ ရှည်လျားသောကိုယ်ထည်သည် လှုပ်ရှားနေပြီး အသက်ဝင်နေသကဲ့သို့ပင် ထင်ရသည်။
ကောတာ့လုက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
“စွန်တစ်ခုပဲဟာ… ဘာများ ထူးဆန်းနေလို့လဲ… လင်ထိုက်ဖျဉ်… မင်း စွန်မမြင်ဖူးဘူးလား…”
ယန့်ချီက သူ့ကို စကားနိုင်လုလိုက်သည်။
“မင်းကရော ဒီလောက်ကြီးတဲ့ စွန်ကို မြင်ဖူးသလိုနဲ့…”
ချူကျန့်ကလည်း ထိုစွန်ကို ကြည့်နေ၏။ ယခုချိန်၌ လေသည် အရှေ့တောင်ဘက်သို့ တိုက်ခတ်နေသော်လည်း ထိုစွန်ကမူ စံအိမ်ရှိရာ အနောက်မြောက်ဘက်သို့ ပျံသန်းနေသည်။ စွန်လွှတ်သူ၏ပညာသည် အလွန် မြင့်မားကြောင်း ထင်ရှားနေ၏။
သို့သော် ချူကျန့်သည် စွန်ကို စိတ်မဝင်စားဘဲ သူ၏အကြည့်သည် လူတိုင်းထံသို့ ကျရောက်သွားသည်။ ဝမ်တုံး၏မျက်နှာသည် ဖြူဖျော့နေပြီး နှုတ်ခမ်းများ တုန်ယင်နေသည်ကို သူ တွေ့လိုက်ရသည်။ သူသည် ကောင်းကင်ကို ငေးမောကြည့်နေပြီး တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလားပင်။
သူ၏မျက်နှာအမူအယာကို ကြည့်လျှင် သူမြင်နေရသည်မှာ စွန်တစ်ခုမဟုတ်ဘဲ အချိန်မရွေး ခုန်ဆင်းလာပြီး လူများကို စားသောက်မည့် ကင်းခြေများကြီး တစ်ကောင်ဖြစ်နေသကဲ့သို့ပင်။
ရက်အနည်းငယ်သာ အတူနေခဲ့ရသော်လည်း ချူကျန့်သည် ဝမ်တုံး၏စရိုက်ကို အလွန် နားလည်ထားပေ၏။ အကယ်၍ သူ၏စောင်ထဲ၌ ကင်းခြေများ ရာပေါင်းများစွာ တွားသွားနေလျှင်ပင် သူ အနည်းငယ်မျှ ထိတ်လန့်တုန်လှုပ်မည် မဟုတ်ချေ။
ယခုချိန်၌ သူ၏တုံ့ပြန်မှုကြောင့် ချူကျန့်၏ စိတ်ထဲ၌ တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရပြီး မကောင်းသော နိမိတ်တစ်ခုကို ကြိုတင်မြင်ယောင်လာမိသည်။
ဘုရားရေ… တစ်ခုခုတော့ ဖြစ်တော့မှာပဲ…