← Chapters

ထောင်ချောက်အပြည့်

Vol. 4 Ch. 50

ထောင်ချောက်အပြည့်

Vol. 4 Ch. 50

ကောတာ့လုသည် ကြောင်သွားပြီး သူ၏ဘေးမှ ယန့်ချီက သူ့ခါးကို ပွေ့ဖက်ထားလိုက်ရာ ကောတာ့လု၏လက်သီးသည် လေထုအတွင်းတွင် ကပ်သီလေး ရပ်တန့်သွားသည်။

ချူကျန့်သည် ခုန်ထလိုက်ပြီး သူ၏ခန္ဓာကိုယ်သည် ပျံသန်းနေသော ငှက်တစ်ကောင်အလား ခြံစည်းရိုးကို ကျော်လွှားကာ တံခါးအပြင်ဘက်သို့ ကျဆင်းသွား၏။ ဤရက်များတွင် သူသည် နေ့စဉ် ပန်းကိုးမျိုးမြရည်စမ်းဆေးလုံးကို သောက်သုံးခဲ့ရာ ဤသည်မှာ ဒဏ်ရာကုသပြီး စွမ်းအင်တိုးပွားစေသော အဆင့်မြင့်ဆေးလုံးပင်။

ထို့ပြင် ချွမ်ကျန်းအတွင်းအားကျင့်စဉ်ကို လေ့ကျင့်နေသဖြင့် သူ၏အတွင်းအားသည် များစွာ တိုးတက်လာပြီး စွမ်းရည်အဆင့်သတ်မှတ်ချက်မှာ ၇၀ မှတ်(စတင်ထွက်ပေါ်လာခြင်း) အထိ ရောက်ရှိသွားခဲ့လေပြီ။

အမှန်အားဖြင့် ဤအမှတ်၇၀တွင် သွေးမိစ္ဆာနှင့် တုန်းဖန်းပုပိုက်တို့ကို အနိုင်ယူခဲ့သည့် တိုက်ပွဲနှစ်ပွဲ၏ အကျိုးသက်ရောက်မှုလည်း ပါဝင်သည်မှာ သေချာသည်။

သို့သော် သူ၏စွမ်းအား တိုးတက်လာသည်မှာ အမှန်ပင်ဖြစ်ပြီး သူ၏မူလ ကိုယ်ဖော့သိုင်းကွက်နှင့် ပေါင်းစပ်လိုက်ချိန်၌ ခြံစည်းရိုးကို ကျော်လွှား၍ မြေပေါ်သို့ ကျရောက်ချိန်တွင် အသံတိတ် ညင်သာစွာ မဆင်းသက်နိုင်သော်လည်း သူ၏ကိုယ်ဟန်သည် အလွန်တည်ငြိမ်နေပေ၏။

ချူကျန့်သည် မြေပြင်ပေါ်သို့ ကျသည်နှင့် အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ လင်ထိုက်ဖျဉ်၏ပေါင်တွင် သွေးများ စီးကျနေပြီး ယန့်ချီ၏လက်ထဲမှ ဓားမြှောင်တွင် သွေးစွန်းနေပေ၏။ သူမသည် အချိန်မီ ဝင်ရောက်၍ အဆိပ်အပ်ကို ထုတ်ယူကာ အဆိပ်အပ်၏နံဘေးပတ်လည်မှ ပုပ်နေသော အသားများကို လှီးထုတ်ပေးခဲ့သည်မှာ သိသာသည်။

ဤသည်မှာ အမှန်တကယ်ကို ဒုက္ခများပေ၏။ ဤလူများအနက် သိုင်းပညာ အမြင့်ဆုံးဖြစ်သော လင်ထိုက်ဖျဉ်သည် ပထမဆုံး ထောင်ချောက်မိသွားခဲ့လေပြီ။

“အရင်ဆုံး နောက်ဆုတ်ကြ…”

ချူကျန့်သည် လင်ထိုက်ဖျဉ်ကို အလျင်အမြန် ပွေ့ချီ၍ သုံးလံအကွာသို့ ဆုတ်ခွာလိုက်၏။ ယန့်ချီကလည်း ကောတာ့လုကို အတင်းဆွဲ၍ လိုက်လာသည်။

ချူကျန့်က လင်ထိုက်ဖျဉ်၏ဒဏ်ရာကို ကြည့်လိုက်ရာ စီးကျနေသောသွေးများသည် အနီရောင်တောက်တောက် ဖြစ်နေပြီဖြစ်သောကြောင့် ယန့်ချီကို အသိအမှတ်ပြုသော အကြည့်ဖြင့် ကြည့်လိုက်၏။ ထို့နောက် သူ၏သိုလှောင်အိတ်ထဲမှ ပန်းကိုးမျိုးမြရည်စမ်းဆေးလုံးတစ်လုံးကို ထုတ်၍ လင်ထိုက်ဖျဉ်၏ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။

“ဒါကို အရင်သောက်လိုက်…”

လင်ထိုက်ဖျဥ်သည် မည်သည့်ဆေးလုံးဖြစ်ကြောင်း မမေးဘဲ ကိုက်ဝါး၍ မျိုချလိုက်သည်။

ချူကျန့်သည် ဒဏ်ကြေဆေးနှင့် ပတ်တီးစကို ထပ်မံထုတ်ယူပြီး သူ၏ဒဏ်ရာကို လျင်မြန်စွာ ပတ်တီးစည်းပေးလိုက်သည်။

“ဘယ်နေရာမှာ အသက်ရှူမဝတာမျိုး ခံစားရသေးလဲ…”

လင်ထိုက်ဖျဉ်က အသေးစိတ် ခံစားကြည့်ပြီးနောက် ခေါင်းခါလိုက်၏။

“မရှိတော့ဘူး…”

ချူကျန့်သည် သက်ပြင်းချနိုင်သွားပြီး အခြေအနေသည် သူ ထင်ထားသည်ထက် ပိုကောင်းနေပေ၏။ အနည်းဆုံးအနေဖြင့် လင်ထိုက်ဖျဉ်တွင် စွမ်းအား ခုနစ်ပုံ ရှစ်ပုံခန့် ကျန်ရှိနေသေးသည်။

“ဘာမှမဖြစ်တော့ဘူး… ကျန်တာတွေက အပေါ်ယံဒဏ်ရာတွေပဲ… ဆယ့်ငါးရက်လောက်ဆိုရင် လုံးဝပျောက်ကင်းသွားလိမ့်မယ်…”

ထို့နောက် သူသည် ယန့်ချီဘက်သို့ လှည့်မေးလိုက်၏။

“ယန့်ချီ… ဒါက ဘယ်လိုဖြစ်တာလဲ…”

ယန့်ချီနှင့်ကောတာ့လုတို့သည် သူ လင်ထိုက်ဖျဉ်၏ အဆိပ်ဒဏ်ရာကို လျင်မြန်ကျွမ်းကျင်စွာ ကုသပေးနေသည်အား တွေ့မြင်ကြချိန်၌ ကျေးဇူးတင်သော မျက်နှာများဖြင့် သူ့ကို ကြည့်နေကြသည်။ ယန့်ချီက အဖြစ်အပျက်ကို အတိုချုံး ပြောပြလိုက်သည်။

ဖြစ်ကြောင်းကုန်စင်မှာ သူတို့သုံးယောက်သည် စွန်လွှတ်သူကို သွားရှာကြရာ ထိုစာခြောက်ရုပ်ငါးရုပ်က စွန်လွှတ်နေသည်ကို တွေ့လိုက်ရပြီး ရန်သူမှာ ပျောက်ဆုံးနေလေပြီ။

သူတို့သုံးယောက်သား နေရာအနှံ့ ထပ်မံရှာဖွေကြရာ တောင်ခြေရှိ သစ်သားအိမ်ငယ်သို့ ရောက်သွားပြီး အတွင်း၌ အသားလှီးသည့် ဓားကောက်ငါးချောင်းကို တွေ့မှ ရန်သူ၏ "ကျားကို တောင်ပေါ်မှခေါ်ထုတ်ခြင်း" အကွက်တွင် မိသွားပြီဖြစ်ကြောင်း သဘောပေါက်သွားကြ၏။

သူတို့ အလျင်အမြန် ပြန်ပြေးလာကြရာ စာခြောက်ရုပ်ငါးရုပ်သညါ တံခါးဝတွင် ရောက်နေပြီဖြစ်ပြီး နာရေးတုတ်ကိုင်ထားသော စာခြောက်ရုပ်၏ရင်ဘတ်တွင် စာတစ်စောင် ကပ်ထားသည်ကို တွေ့လိုက်ရ၏။

လင်ထိုက်ဖျဉ်က ထိုစာကို ယူရန် လက်လှမ်းလိုက်စဉ်မှာပင် ထောင်ချောက်မိသွားပြီး နာရေးတုတ်ပေါ်မှ အဆိပ်အပ်ဖြင့် ပေါင်ကို အပစ်ခံလိုက်ရခြင်း ဖြစ်သည်။

ကောတာ့လုသည် ဒေါသထွက်ပြီး ဤစာခြောက်ရုပ်ကို ရိုက်ချကာ ခြံထဲသို့ဝင်ရန် ဟန်ပြင်လိုက်စဉ်တွင် ချူကျန့်က အော်ဟစ်တားမြစ်လိုက်ပြီး ယန့်ချီက ဆွဲထားလိုက်ခြင်း ဖြစ်သည်။

ချူကျန့်သည် ကောတာ့လု၏မဆင်မခြင်နိုင်မှုကို သိထားသော်လည်း ဤမျှလောက်ထိ စိတ်လိုက်မာန်ပါ ပြုမူတတ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူက ခေါင်းခါ၍ သံမဏိခရမ်းပြာဓားကို ထုတ်ကာ စာခြောက်ရုပ်အနီးသို့ သတိကြီးစွာဖြင့် ချဉ်းကပ်ပြီး စာခြောက်ရုပ်ပေါ်မှ အဝတ်ကို ဓားဖြင့် ဖယ်ရှားလိုက်၏။

ကောတာ့လုသည် သူ၏သတိကြီးစွာ ပြုမူနေပုံကို မကျေမနပ်ဖြစ်နေသော်လည်း မကြာမီမှာပင် ကောက်ရိုးထဲ၌ ချွန်ထက်သော အပ်များ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။ အပ်ထိပ်များသည် နေရောင်အောက်တွင် အပြာရောင်အလင်းတန်းများ ထွက်နေပြီး ပြင်းထန်သော အဆိပ်လူးထားသည်မှာ သိသာထင်ရှားလေရာ သူ မျက်နှာပျက်သွားပေ၏။

“အရူးကောင်… ဒီတစ်ကြိမ်မှာ ချူလော့ကျွင်းသာ မရှိရင် မင်း အသက်မသေတောင်မှ လက်တစ်ဖက်တော့ စတေးရမှာပဲ…”

ယန့်ချီက ကောတာ့လုကို အပြစ်တင်သော မျက်စောင်းထိုးလိုက်ပြီး သူ၏မျက်ဝန်းများသည် နီရဲနေပေ၏။ သူ၏စိုးရိမ်ပူပန်မှုကို မည်သူမဆို မြင်နိုင်သည်။

ကောတာ့လုက ခါးသက်စွာ ပြုံးလိုက်၏။

“မင်းဆဲတာ မှန်ပါတယ်… ဒီတစ်ခါတော့ ငါက တကယ့်အရူးပဲ… စစ်မှန်တဲ့ အရူးကြီးပေါ့…”

လင်ထိုက်ဖျဉ်က တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

“ဒီစာခြောက်ရုပ်ရဲ့ ထောင်ချောက်က ဒီလောက်တောင် ကြောက်ဖို့ကောင်းနေမှတော့ ဒီစာခြောက်ရုပ်ကို လုပ်တဲ့သူက ပိုပြီး ကြောက်ဖို့ကောင်းမှာ မဟုတ်ဘူးလား…”

ယန့်ချီ၏မျက်နှာအမူအယာ ပျက်ယွင်းသွားသည်။

“ဒုက္ခပါပဲ… သူဌေးကြီးဝမ် အသတ်ခံလိုက်ရပြီလား မသိဘူး…”

ကောတာ့လုက ထိုစကားကို ကြားသည်နှင့် အတွင်းသို့ ပြေးဝင်ရန် ဟန်ပြင်လိုက်စဥ်တွင် ချူကျန့်က သူ့ကို ဆွဲထားသည်။

“ကြည့်စရာ မလိုတော့ဘူး… ငါ အထဲမှာ ရှာပြီးပြီ… သူဌေးကြီးဝမ်ကို မတွေ့ခဲ့ဘူး…”

ကောတာ့လုက အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။

“သူတို့က သူဌေးကြီးဝမ်ကို ဖမ်းသွားတာလား…”

“မဟုတ်လောက်ဘူး…”

ချူကျန့်သည် သုံးယောက်သား ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူတို့ကို အနည်းငယ် ယုံကြည်မှုပေးရန် ပြောဆိုလိုက်သည်။

“သူဌေးကြီးဝမ်သာ အသတ်ခံလိုက်ရရင် ရန်သူတွေက ငါတို့ကို ထောင်ချောက်ဆင်ဖို့ ဒီစာခြောက်ရုပ်ငါးရုပ်ကို ပင်ပန်းခံပြီး သယ်လာစရာ အကြောင်းမရှိဘူး…”

ကောတာ့လုက သူ၏ပေါင်ကိုရိုက်ပုတ်၍ ပြောဆိုသည်။

“ဟုတ်တယ်… ဒါပေမဲ့ သူဌေးကြီးဝမ်က ဘယ်ရောက်သွားတာလဲ…”

ချူကျန့်၏အမြင်အာရုံသည် ကောင်းမွန်လှသဖြင့် အဝေးမှလမ်းပေါ်တွင် လူတစ်ယောက်၏ပုံရိပ် ဖြည်းညင်းစွာ ပြန်လျှောက်လာသည်ကို မြင်လိုက်ရပြီး သက်ပြင်းချလိုက်၏။

“ရှာစရာမလိုတော့ဘူး… သူ ပြန်လာပြီ…”

ခုပြန်လာသူသည် ဝမ်တုံး အမှန်ပင်။ သူ၏ မျက်နှာသည် ခံစားချက်ကင်းမဲ့နေပြီး သူ၏လက်ထဲတွင် သေရည်အိုးတစ်လုံးကို ကိုင်ကာ တံခါးရှေ့သို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်။

ကောတာ့လုသည် စိတ်မရှည်နိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“မင်း ဘယ်ကို ပြေးသွားတာလဲ…”

ဝမ်တုံးသည် လင်ထိုက်ဖျဉ်၏ ဒဏ်ရာရနေသော ခြေထောက်ကို မမြင်သည့်အလား ကောတာ့လုနှင့် ယန့်ချီတို့၏ စိုးရိမ်နေသော မျက်နှာများကိုလည်း မမြင်သည့်အလား အေးစက်တင်းမာစွာ ပြောဆိုလိုက်သည်။

“သေရည်သွားဝယ်တာ… မင်းတို့ကို နှုတ်ဆက်ပွဲ လုပ်ပေးဖို့…”

သူ၏မျက်နှာသည် အေးစက်နေသော်လည်း ချူကျန့်၏အမြင်အာရုံသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ကောင်းမွန်နေပေ၏။ ဝမ်တုံး၏မျက်လုံးများသည် လူလေးယောက်ကို လျင်မြန်စွာ ကြည့်ရှုသွားပြီး လင်ထိုက်ဖျဉ် ဒဏ်ရာရနေသည်ကို တွေ့လိုက်ရချိန်၌ မျက်ခုံးလှုပ်သွားသည်ကို သူ ရှင်းလင်းစွာ မြင်လိုက်ရပေ၏။ သူ၏အတွင်းစိတ်သည် မျက်နှာပေါ်တွင်ကဲ့သို့ အေးစက်နေမည် မဟုတ်သည်မှာ သိသာထင်ရှားသည်။

ကောတာ့လုက အော်ဟစ်လိုက်သည်။

“နှုတ်ဆက်ပွဲ… ဘာလို့ ငါတို့ကို နှုတ်ဆက်ပွဲ လုပ်ပေးတာလဲ…”

“ငါက ဒီနေရာရဲ့ ပိုင်ရှင်… မင်းတို့ ဒီမှာ အကြာကြီး ကပ်နေတာကို ငါ မကြိုဆိုဘူး… မင်းတို့ သွားရမယ်…”

ဝမ်တုံးက ညှိနှိုင်းစရာမရှိသော လေသံဖြင့် ပြတ်ပြတ်သားသား ပြောဆိုသည်။

ယန့်ချီက ဝင်ပြောလိုက်၏။

“ငါတို့က ထွက်မသွားချင်ဘူး…”

ဝမ်တုံးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

“မသွားချင်လည်း သွားရမယ်… ဒီသေရည်ကို သောက်ပြီးရင် မင်းတို့ ချက်ချင်းသွားကြတော့…”

ကောတာ့လုက တစ်စုံတစ်ခု ထပ်ပြောရန် ဟန်ပြင်လိုက်စဥ်တွင် ချူကျန့်က လက်ဆန့်၍ ဟန့်တားလိုက်ရာ သူ ချက်ချင်း ငြိမ်ကျသွားသည်။ ယခုအချိန်တွင် ယန့်ချီမှလွဲ၍ သူ အယုံကြည်ဆုံးလူမှာ ချူကျန့်ပင်။

“သူဌေးကြီးဝမ်… မင်း ငါတို့ကို ဒုက္ခမပေးချင်မှန်း ငါ သိတယ်… ဒါပေမဲ့ အခုက ဒုက္ခပေးတာ မပေးတာ ပြဿနာမဟုတ်တော့ဘူး… သူတို့ရဲ့ ပစ်မှတ်က မင်း တစ်ယောက်တည်း မဟုတ်ဘူး… ငါတို့ငါးယောက်လုံးပဲ… လင်ထိုက်ဖျဉ် ဒဏ်ရာရတာက အကောင်းဆုံး သက်သေပဲ… မင်း ငါတို့ကို နှင်ထုတ်တာက ငါတို့ကို ဓားသွားပေါ် တွန်းပို့နေတာနဲ့ အတူတူပဲ…”

ချူကျန့်၏အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း ကျန်လေးယောက်လုံး ငြိမ်သက်သွားပြီး သူတို့၏အကြည့်များ သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာပေ၏။

ချူကျန့်သည် ဤသို့ အာရုံစိုက်ခံရသော ခံစားချက်ကို အလွန် မနှစ်မြို့သော်လည်း သူ၏မျက်စိရှေ့မှ မိုက်မဲလွန်းလှသော ဤသူငယ်ချင်းလေးယောက်သည် သံယောဇဉ်အတွက် ငြင်းခုံနေကြသည်ကို သူ သည်းမခံနိုင်တော့ချေ။

“ရန်သူက ဘယ်သူလဲဆိုတာ ငါဂရုမစိုက်ဘူး… ဒါပေမဲ့ သူတို့က ငါ အစက ထင်ထားတာထက် အများကြီး အားနည်းတယ်… ငါတို့မှာ နိုင်ဖို့အခွင့်အရေး အများကြီးရှိသေးတယ်…”

အန္တရာယ်က မျက်စိရှေ့မှောက်သို့ ရောက်နေပြီဖြစ်ရာ ချူကျန့်သည် သူတို့နှင့်အတူ သူငယ်ချင်းသံယောဇဉ်၏ ကြီးမြတ်ပုံကို ပြသရန် အချိန်မရှိချေ။ ယခုအချိန်၌ အလိုအပ်ဆုံးမှာ သူတို့၏စိတ်ဓာတ်ကိုမြှင့်တင်ပြီး အတူတကွပူးပေါင်းကာ ရန်သူကို တွန်းလှန်ချေမှုန်းရန်ပင်။

လင်ထိုက်ဖျဉ်က ပြောဆိုသည်။

“သူတို့က အားနည်းသေးတယ်...ဟုတ်လား…”

“ဟုတ်တယ်… အားနည်းတယ်… သူတို့ တကယ်သာအဲဒီလောက် အားကောင်းရင် တိုက်ရိုက် တိုက်ခိုက်ပြီး ငါတို့အားလုံးကို သတ်လိုက်ရုံပဲ… ဘာလို့ ပင်ပန်းခံပြီး ထောင်ချောက်တွေ ဆင်နေမှာလဲ… ငါကြည့်ပြီးပြီ… အနောက်ဘက်တောင်ကုန်းမှာ ထောင်ချောက်တွေချည်းပဲ… သူတို့ အတော်လေး အားထုတ်ထားရတယ်… ပြီးတော့ ဒီစာခြောက်ရုပ်တွေရော… ဒါတွေက လွယ်လွယ်နဲ့ လုပ်လို့ရတဲ့ ပစ္စည်းတွေလား…”

လင်ထိုက်ဖျဉ်သည် စကားမဆိုနိုင်တော့ချေ။

“ပြီးတော့ သူဌေးကြီးဝမ်တစ်ယောက်တည်း သေရည်သွားဝယ်တာကို အန္တရာယ်ကင်းကင်း ပြန်လာနိုင်တယ်… ဒါက အကြောင်းအရာတစ်ခုကို ပိုပြီးသက်သေပြနေတယ်… သူတို့အားလုံးပေါင်းရင်တောင် သူဌေးကြီးဝမ်ကို ပြောင်ပြောင်တင်းတင်းတိုက်ခိုက်ဖို့ လုံလောက်တဲ့ ယုံကြည်ချက်မရှိဘူး… အခု ငါတို့လေးယောက်ပါ ထပ်ပေါင်းလိုက်ရင် နိုင်ဖို့အခွင့်အရေး ပိုများမသွားဘူးလား… ငါတို့ သတိထားပြီး သူတို့ထောင်ချောက်တွေထဲ မဝင်မိအောင်နေရင် သူတို့ ငါတို့ကို ဘာမှလုပ်လို့ မရဘူး… ငါတို့က သူတို့ရဲ့ အားနည်းချက်ကို ဆုပ်ကိုင်မိပြီးတော့ တစ်ချက်တည်းနဲ့ အနိုင်ယူလိုက်နိုင်ဖို့တောင် ဖြစ်နိုင်တယ်…”

ပတ်ဝန်းကျင်၌ တိတ်ဆိတ်ခြင်းသာ ကြီးစိုးနေပေ၏။ မျက်လုံးလေးစုံသည် ချူကျန့်ကို စိုက်ကြည့်နေကြပြီး သူ့ကို ပထမဆုံးအကြိမ် တွေ့ဖူးသည့်အလားပင်။

အချိန်အတန်ကြာမှ ကောတာ့လုက မျက်လုံးအပြူးသားဖြင့် ပြောဆိုလိုက်သည်။

“ချူလော့ကျွင်း… ပုံမှန်ကြည့်ရင် မသိသာဘူး… အရေးကြုံလာတော့ မင်းက ငါ့ထက်တောင် နည်းနည်းပိုအားကိုးရသားပဲ…”

ယန့်ချီက ရယ်မော၍ သူ့ကို စလိုက်၏။

“ကိုယ့်ကိုယ်ကိုယ် အတော်လေး အမွှန်းတင်တတ်တာပဲ…”

ချူကျန့်သည် ရယ်ရခက် ငိုရခက်ဖြစ်သွား၏။ ဤလူများသည် မည်သည့်အချိန်တွင်မဆို ဤသို့ ပေါ့ပေါ့ပါးပါးနှင့်ပျော်ပျော်ရွှင်ရွှင်နေနိုင်ကြရာ အရေထူလွန်းသလော သို့မဟုတ် အကောင်းမြင်တတ်လွန်းသလော သူ မသိတော့ချေ။

သို့သော် လင်ထိုက်ဖျဉ်၏တင်းမာနေသော မျက်နှာ ပျော့ပျောင်းသွားသည်ကို တွေ့လိုက်ရသဖြင့် ချူကျန့်က ဝမ်တုံးကို ကြည့်၍ ပြောဆိုလိုက်၏။

“ကိုယ့်အကြောင်း ကိုယ်သိပြီးတော့ ရန်သူ့အကြောင်းသိထားရင် တိုက်ပွဲတစ်ရာ နိုင်နိုင်တယ်… သူဌေးကြီးဝမ်… ငါတို့ရဲ့ နိုင်ခြေ ဘယ်လောက်ရှိသလဲဆိုတာ မင်းက ရန်သူ့အကြောင်း ဘယ်လောက်သိထားလဲဆိုတဲ့အပေါ်မှာ မူတည်နေတယ်…”

ဝမ်တုံးသည် အတော်ကြာ တိတ်ဆိတ်နေပြီးမှ သေရည်အိုးကို ချူကျန့်ထံ ပစ်ပေးလိုက်သည်။

“မင်းကင်ထားတဲ့ တောကြက်တွေ အကုန်တူးကုန်လောက်ပြီ…”

လင်ထိုက်ဖျဉ်သည် ပြုံးလိုက်ပြီး ယန့်ချီကလည်း ပြုံးလိုက်၏။ ကောတာ့လုက ချူကျန့်ကို တစ်ချက်ထု၍ အားရပါးရ ရယ်မောလိုက်သည်။

“မင်း တော်သားပဲ… သူဌေးကြီးဝမ်ကို တစ်ယောက်ယောက်က ပြောဆိုစည်းရုံးနိုင်တာကို ငါ ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ…”

ချူကျန့် ပြန်မဖြေရသေးမီမှာပင် ရုတ်တရက် မည်သည့်နေရာမှမှန်းမသိရသော အစိမ်းရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာပြီး ပထမဆုံးစာခြောက်ရုပ်၏ကိုယ်ထည်ပေါ်သို့ ထိမှန်သွားပေ၏။

All Chapters