အခန်း (၅၃၇)
Vol. 36 Ch. 537
လန်လျန့် သူမ နှုတ်ခမ်းကို ကိုက်လိုက်မိသည်။ သူမသည် ဤသို့သော အခြေအနေသို့ ရောက်ရှိသွားလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ပေ။
ထို့အပြင် သူမသည် မောင်းနှင်ခြင်းယာဥ် တစ်စီးကိုသာ ဝင်တိုက်ခဲ့ခြင်း ဖြစ်သည် မဟုတ်လား။ မော့ချူး၊ ရှဲ့ချွင်ရှီးနှင့် ကျန်လူများ အဆင်ပြေကြသည် မဟုတ်လား။ သူတို့သည် သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရခြင်းပင် မရှိခဲ့ပေ။ သူမကို ဖမ်းဆီးရန် သူတို့တွင် မည်သည့်အခွင့်အရေး ရှိသနည်း။
သူမ၏ နှလုံးသားထဲမှ မလိုလားမှုနှင့် ဒေါသသည် ပို၍ ပြင်းထန်လာသော်လည်း သူမ၏ မျက်နှာသွင်ပြင်များမှာ ပို၍ ထိလွယ်ရှလွယ် ဖြစ်လာသည်။ သေစမ်း!
အရှေ့ဘက်ထောင့်တွင် ပေါ်လာသော ထိန်းသိမ်းရေးစခန်းမှ လူအချို့ကို ကြည့်ရင်း လန်လျန့်သည် အသံတိုးတိုးဖြင့် ကျိန်ဆဲမိခြင်းကို မထိန်းနိုင်ခဲ့ပေ။
သူမသည် လျင်မြန်စွာ လှည့်၍ နောက်ကွယ်တွင် ပုန်းနေလိုက်သည်။ ရှေ့မှလူများ ထွက်ခွာသွားသည်ကို မြင်ပြီးနောက် သူမ ဂရုတစိုက် လျှောက်ထွက်လာခဲ့သည်။ ခနတာတော့ ဘေးကင်းသည်ကို အတည်ပြုပြီးနောက် သူမသည် စတင်ပြေးလွှားခဲ့သည်။
သူမ ရှေ့တွင် ထိန်းသိမ်းရေးစခန်း၏ ဂိတ်တံခါး ရှိနေသည်။
လန်လျန့်၏ မျက်လုံးများသည် ရုတ်တရက် ပြင်းပြသော အလင်းရောင်ဖြင့် တောက်ပလာသည်။
ဝင်ပေါက်တွင် လူနှစ်ယောက်၊ သုံးယောက်… ငါးယောက်သာ ရှိသည်။ အကယ်၍ သူမသည် ဤလူငါးယောက်ကို အနိုင်ယူနိုင်ပါက သူမသည် ဤနေရာတွင် ကျန်ရစ်ခဲ့သော အဆက်အသွယ်များကို အသုံးပြု၍ မဟူရာတိမ်တိုက် ဂလက်စီမှ လျင်မြန်စွာ ထွက်သွားနိုင်လိမ့်မည်။
အကယ်၍ သူမအား အမှန်တကယ် အပြစ်ရှိကြောင်း စီရင်ချက်ချလိုပါက သူမသည် သူမ၏ နေရာတွင် အစားထိုးရန် အစားထိုးတစ်ဦးကို ရှာဖွေနိုင်သည်။
ဟုတ်သည်။ လန်လျန့်သည် သူမ၏ လက်သီးများကို အနည်းငယ် ဆုပ်လိုက်ပြီး သူမ၏ စိတ်သည် တဖြည်းဖြည်း ကြည်လင်လာသည်… ယခု အရေးကြီးဆုံးအရာမှာ ဤနေရာမှ ချက်ချင်း ထွက်ခွာသွားရန် ဖြစ်သည်။ ဤထိန်းသိမ်းရေးစခန်းမှ ထွက်ခွာသွားမှသာ သူမသည် ဉာဏ်ပညာတိမ်တိုက် ဂလက်စီမှ လူများနှင့် ဆက်သွယ်နိုင်ပြီး တရားခွင်မှ လွတ်မြောက်ရန် အခွင့်အရေး ရရှိမည် ဖြစ်သည်။
လန်လျန့်သည် အသက်ကို ပြင်းပြင်းရှူရင်း ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားပြီး တံခါးဝရှိ လူများကို တောက်လောင်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
“ဟယ်လို၊ ကျွန်တော်တို့ ပြန်တွေ့ကြပြန်ပြီနော်”
ရုတ်တရက် လူအချို့ ဝင်လာပြီး တံခါးဝရှိ လန်လျန့်၏ အမြင်လိုင်းကို ပိတ်ဆို့လိုက်သည်။
သူမ မော့ကြည့်လိုက်သောအခါ လန်လျန့်၏ မျက်နှာသည် ရုတ်တရက် မှောင်မိုက်သွားသည်။ ဒီလူများ… အဘယ်ကြောင့် သူတို့သည် ဤနေရာတွင် ရုတ်တရက် ပေါ်လာရသနည်း။
“ကျုံးဝမ်”
လန်လျန့်သည် ဤအမည်ကို ခေါ်သောအခါ အံကြိတ်လိုက်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ သူမသည် သူ၏ အသားတစ်ဖဲ့ကို ကိုက်ဖြတ်ချင်နေသည်။
ကျုံးဝမ်သည် သူ၏ လက်ကို ဝှေ့ယမ်းပြလိုက်သော်လည်း သူ့မျက်လုံးများထဲတွင် အေးစက်သည့် အရိပ်အယောင်တစ်ခု လျှပ်တစ်ပြက် ဖြတ်ပြေးသွားသည်။
“စိတ်လှုပ်ရှားမနေပါနဲ့” သူ လက်ဝှေ့ယမ်းလိုက်သည်နှင့် သူ၏ နောက်မှလူများသည် ချက်ချင်း ပျံ့နှံ့သွားပြီး လန်လျန့်ကို ဝန်းရံလိုက်ကာ သူမအား မည်သည့် ထွက်ပေါက်မှ မပေးတော့ပေ။
လန်လျန့်၏ မျက်လုံးများ နီရဲနေခဲ့သည်။ “ရှင်တို့ အရမ်းမလွန်လွန်းနဲ့”
“ဒါက မင်းလုပ်ခဲ့တာထက်တော့ မဆိုးလောက်ပါဘူး” ကျုံးဝမ်သည် ညင်သာစွာ ရယ်မောပြီး ပြောလိုက်သည်။ “ဘယ်လိုလဲ။ မျှော်လင့်ချက်ကနေ စိတ်ပျက်အားငယ်မှုဆီကို ရောက်သွားတဲ့ ခံစားချက်က ဘယ်လိုနေလဲ။ ပျော်စရာမကောင်းဘူးလား”
“ကျွတ်စ် ကျွတ်စ် ဘော့စ်က မင်းကို ဒီလိုခံစားရအောင် တမင်တကာ ထွက်ပြေးခိုင်းထားတာသာ မဟုတ်ရင် မင်း ဒီနေရာအထိ ရောက်နိုင်မယ်လို့ ထင်နေတာလား”
မဟူရာတိမ်တိုက် ဂလက်စီ၏ ဝန်ထမ်းများသည် ထိုမျှ ညံ့ဖျင်းခြင်းမရှိပေ။ သူ့ဘောစ့်သာ နောက်ကွယ်မှ မီးလောင်ရာလေပင့် မလုပ်ပါက လန်လျန့်သည် ဒီလောက်ဝေးဝေးသို့ ဘယ်တော့မှ ရောက်နိုင်မည် မဟုတ်ပေ။
ကျုံးဝမ် ထိုသို့ပြောလိုက်သည်နှင့် လန်လျန့်၏ မျက်နှာလည်း ချက်ချင်း တောင့်တင်းသွားခဲ့သည်။
ဒါဆိုရင် သူမ လွတ်မြောက်နိုင်ခဲ့ခြင်းက နျဥ်ယွိယွမ်ရဲ့ ကျေးဇူးကြောင့်လား။
"အိုက်ယား၊ ဒီလိုကိစ္စသေးသေးလေးအတွက် ကျွန်တော်တို့ကို ကျေးဇူးတင်စရာမလိုပါဘူးဗျာ။"
ကျုံးဝမ်က သူမကို ပြုံးပြကာ လက်ယမ်းလိုက်သည်။ ထိုသူသည် အပေါ်ယံတွင် တည်ငြိမ်ပြီး ယဉ်ကျေးသိမ်မွေ့ပုံ ပေါ်သော်လည်း အမှန်တကယ် တင်းမာလိုက်မည်ဆိုပါက တစ်ဖက်သားကို အငိုက်ဖမ်းနိုင်စွမ်းရှိသူ ဖြစ်ပေသည်။
ထိုရိုးရှင်းသော စကားတစ်ခွန်းကြောင့် လန်လျန့် မှာ သွေးတစ်လုပ် အန်ချင်စိတ်ပင် ပေါက်သွားခဲ့သည်။
လန်လျန့်၏ မျက်နှာအမူအရာကို မြင်သောအခါ ကျုံးဝမ်၏ နှုတ်ခမ်းထက်မှ အပြုံးသည် ပို၍နက်ရှိုင်းသွားသည်။
"ကဲ၊ မင်း ကစားလို့ဝလောက်ပြီ။ လိမ္မာတဲ့ ကလေးမလေးတစ်ယောက်လို ပြန်သင့်ပြီမဟုတ်ဘူးလား။"
ထိုသို့ပြောလိုက်စဉ် ကျုံးဝမ်သည် ရုတ်တရက် မျက်ခုံးပင့်လိုက်ပြီး သူ၏ဟန်ပန်အမူအရာသည်လည်း ရုတ်ခြည်းပြောင်းလဲသွားခဲ့သည်။ "ဒါမှမဟုတ်... မင်း ကျွန်တော်တို့ရဲ့ အကူအညီ လိုအပ်နေလို့လား။"
သူစကားဆုံးသည်နှင့် လန်လျန့်ကို ဝန်းရံထားသော ကျွမ်းကျင်ပညာရှင် အနည်းငယ်သည် ရှေ့သို့တစ်လှမ်း တိုးလာကြသည်။ သူတို့၏ မျက်ဝန်းများသည် နက်ရှိုင်းနေပြီး သူတို့၏ ခြိမ်းခြောက်နေသော ဟန်ပန်မှာလည်း အထင်အရှားပင် ဖြစ်နေတော့သည်။
လန်လျန့် အဖို့ ထိုအခြေအနေမှ လွတ်မြောက်ရန် နည်းလမ်းမရှိတော့ချေ။
ထို့ကြောင့် လွန်ခဲ့သည့် မိနစ် ၂၀ မပြည့်ခင်ကမှ ထောင်မှ လွတ်မြောက်လာခဲ့သည့် သံသယရှိသူမှာ နောက်တစ်ကြိမ် ပြန်အဖမ်းခံလိုက်ရလေတော့သည်။
ထိုရုန်းရင်းဆန်ခတ်မှုကြောင့်ပင် လန်လျန့်ကို စောင့်ကြပ်နေသော လူအရေအတွက်သည် နှစ်ဆအထိ လျင်မြန်စွာ တိုးများလာခဲ့သည်။ အခြေအနေအရ ကြည့်ရသည်မှာ ယင်ကောင်တစ်ကောင်ပင် ဝင်ရောက်နိုင်မည်မဟုတ်ပေ။
မူလက အနည်းငယ်ပေါ့ဆခဲ့သော ဝန်ထမ်းများပင် သတိကြီးစွာထားလာကြသည်။ အကယ်၍ သူတို့သာ ထိုမိန်းကလေးကို ထပ်လွတ်မြောက်သွားစေပါက သူတို့အနေဖြင့် မည်သည့်အချိန်မဆို မိမိကိုယ်ကို သတ်သေ၍ အခစားတင်ရမည့် အခြေအနေပင် ဖြစ်တော့သည်။
ထိုသည်ကလည်း နျဥ်ယွိယွမ် ဝင်ရောက်လှုပ်ရှားခဲ့ရခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုပင်ဖြစ်သည်။
ဟွန့်! ဒီမိန်းမသည် ချူးလေးကို ဒဏ်ရာရအောင်လုပ်ပြီးနောက် ထွက်ပြေးရန် ကြံစည်နေသေးသည်လား။ သူမ တကယ့်ကို စိတ်ကူယဥ်နေတာပဲ!
ကျုံးဝမ်သည် အဝေးတစ်နေရာတွင် တင်းကျပ်စွာ ဝန်းရံခံထားရသော လန်လျန့်ကို ကြည့်ကာ သူ၏နောက်သို့ လက်ခါပြပြီး ညင်သာစွာ ပြောလိုက်သည်။
"သူ့နောက်ကို လိုက်သွားကြ။ သူ တရားရုံးကို ဘေးမသီရန်မခ ရောက်အောင် သေချာစောင့်ကြည့်ပေး။"
သူထိုသို့ပြောလိုက်သည်နှင့် ကျုံးဝမ်၏နောက်မှ ကျွမ်းကျင်ပညာရှင်များသည် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် ခုန်လွှားမှုအနည်းငယ်ပြုပြီးနောက် လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။
ဤသို့ တင်းကျပ်သော ဝန်းရံမှုအောက်တွင် ဉာဏ်ပညာတိမ်တိုက် ဂလက်စီမှ လူများ မည်မျှ အစွမ်းထက်သည်ဖြစ်စေ သူတို့ ဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။
ကျုံးဝမ်သည် ထိုသို့တွေးမိသောအခါ ကျေနပ်စွာဖြင့် ခပ်တိုးတိုး ရယ်မောလိုက်မိသည်။ ထို့နောက် သူသည် တိတ်တဆိတ်လှည့်ထွက်ကာ အိမ်ပြန်ပြီး ဆုချခံရန် ပြင်ဆင်လိုက်တော့သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း မော့ချူး၏ ခန္ဓာကိုယ်သည် လုံးဝနီးပါး ပြန်ကောင်းမွန်လာခဲ့ပြီဖြစ်သည်။ သူမသည် စိတ်ဓာတ်တက်ကြွနေပြီး သူမ၏ ချစ်စရာမျက်နှာလေးမှာလည်း သွေးရောင်လွှမ်းကာ နီမြန်းနေသည်။
နျဥ်ယွိယွမ်နှင့် မော့ယန်တို့၏ မျက်နှာအမူအရာများပင် များစွာသက်သာရာရသွားပုံပေါ်နေ၏။
မော့ချူးသည် မူလက ထိုအခွင့်အရေးကို အသုံးချ၍ အပြင်သို့ လျှောက်သွားချင်ခဲ့သည်။ သို့သော်လည်း လက်ရှိအခြေအနေမှာ ရှုပ်ထွေးနေသည့်အပြင် နျဥ်ယွိယွမ်နှင့် မော့ယန်တို့ နှစ်ယောက်လုံးက ကန့်ကွက်သောကြောင့် နောက်ဆုံးတွင် သူမသည် ဟိုတယ်အခန်းထဲ၌သာ အကျယ်ချုပ်ကျနေခဲ့ရသည်။
မော့ချူးသည် လုပ်စရာဘာမှမရှိသည့်အဆုံး ကျုံးဝမ် ယခင်က စုဆောင်းထားသော မှော်သားရဲများနှင့် မှော်အပင်များကိုသာ ကလိနေရတော့သည်။
ဤတစ်ကြိမ်တွင် သူမ၏ ပျော်ရွှင်မှုသည် အစားအသောက်သမားများဖြစ်သည့် ဝိုင်းဝိုင်းနှင့် ရှဲ့ချွင်ရှီးတို့အုပ်စုကို လုံးဝပျက်စီးသွားစေခဲ့သည်။
ရက်အနည်းငယ်အတွင်းမှာပင် သူတို့အုပ်စုသည် မော့ချူး၏ အမာခံပရိသတ်များ ဖြစ်လာခဲ့ကြသည်။ သူတို့အတွက် နေ့စဉ်အမျှော်လင့်ဆုံး အခိုက်အတန့်သည် အစာစားချိန်များ ဖြစ်လာခဲ့သည်။
သေချာပေါက် ထိုသည်နှင့်အတူ ထိုးတက်လာသည်မှာ သူတို့၏ ပုံမှန်တည်ငြိမ်နေသော ကိုယ်အလေးချိန်ပင်ဖြစ်သည်။ သူတို့၏ ခါးအတိုင်းအတာသည် အဆပေါင်းများစွာ တိုးပွားလာခဲ့သည်။ တစ်ဖက်တွင် ဝိုင်းဝိုင်းမှာမူ အမြဲတမ်း ဝဝကစ်ကစ်ဖြစ်နေသောကြောင့် များများစားစား ကွာခြားမှုမရှိပေ။ ရံဖန်ရံခါတွင် ထိုကောင်လေးသည် သူတို့ကို မာနကြီးစွာဖြင့် ကြည့်တတ်သေးသည်။ ကြည့်စမ်းပါဦး ဒီဝတုတ်အုပ်စုကို။ ငါ့ရဲ့တစ်ဝက်လောက်တောင် ချောရဲ့လား။ ဟွန်း။
သို့သော် ထိုအရာကပင် သူတို့၏ တိုးပွားလာသော စိတ်အားထက်သန်မှုကို မတားဆီးနိုင်ခဲ့ပေ။ သူတို့သည် နေ့စဉ်နေ့တိုင်း မော့ချူး၏ အခန်းသို့ အချိန်မှန်ရောက်ရှိလာကာ အစာကျွေးမည့်အချိန်ကို စောင့်ဆိုင်းနေတတ်ကြသည်။
ကျုံးဝမ် တံခါးအနားသို့ ချဉ်းကပ်လိုက်သည်နှင့် သင်းပျံ့သောရနံ့တစ်ခုကို ရလိုက်ပြီး သူ၏စိတ်သည်လည်း နိုးကြားတက်ကြွသွားသည်။
ဆိုရိုးစကားရှိသည်မှာ 'အချိန်ကိုက်ရောက်လာခြင်းက ပိုကောင်းသည်'ဟူ၍ ဖြစ်သည်။ ထိုသူမှာ သူပင်။
'ရောက်လာတာ ဘယ်လောက်တောင် အချိန်ကိုက်လိုက်လဲ!'
ကျုံးဝမ်၏ နှလုံးသားထဲ၌ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေကာ တံခါးကို တွန်းဖွင့်၍ ဝင်ရောက်သွားခဲ့သည်။
သူ၏နားထဲသို့ ပထမဆုံးဝင်ရောက်လာသည်မှာ ဆီပူထဲကြော်လှော်နေသော တရှဲရှဲအသံပင်ဖြစ်သည်။ ထိုအသံနှင့်အတူ ပြင်းရှသောရနံ့က သူ့ကို ချက်ချင်း မျှော်လင့်သွားစေခဲ့သည်။
သူ ဘေးဘက်သို့ ဝေ့ကြည့်လိုက်သောအခါ စိတ်အားထက်သန်စွာ စောင့်မျှော်နေသော ရှဲ့ချွင်ရှီးကို အမှတ်မထင် တွေ့လိုက်ရသည်။
ထိုလူသည် ဤနေရာ၏ ပုံမှန်ဖောက်သည်တစ်ဦးနီးပါး ဖြစ်နေချေပြီ။ ထမင်းစားချိန်ရောက်တိုင်း သူသည် အချိန်မှန် လာရောက်သတင်းပို့မြဲဖြစ်ပြီး တစ်ကြိမ်တစ်ခါမျှ မပျက်ကွက်ခဲ့ပေ။
ထင်ရှားသည်မှာ သူသည် မော့ချူး၏ နတ်ဘုရားအဆင့်ရှိသော ချက်ပြုတ်စွမ်းရည်ကို ကိုးကွယ်သည့် နောက်ထပ် အစားအသောက်သမားတစ်ဦးပင် ဖြစ်သည်။
တစ်ဖက်တွင် ဘေး၌ထိုင်နေသော ဝိုင်းဝိုင်းမှာမူ အလွန်တည်ကြည်သောဟန်ပန်ဖြင့် ရှိနေသည်။ သူသည် သူတို့ကို အနည်းငယ် မထီမဲ့မြင်ပြုသောအကြည့်ဖြင့် ကြည့်လိုက်သည်။ 'ကျွတ်စ်! ဒီလောက်လေးနဲ့ မင်းတို့က အစားပုပ်ကျနေကြတာလား။ အရင်တုန်းက ချူးလေး က ငါ့ကို အရသာရှိတဲ့ အစားအစာမျိုးစုံ ကျွေးခဲ့တာကွ!'
အရသာရှိသော အစားအစာများနှင့် ပတ်သက်၍ အထူးပြောရေးဆိုခွင့်ရှိသော ဝိုင်းဝိုင်း၏ မျက်လုံးများမှာ အရောင်တောက်လာခဲ့သည်။ သူသည် သူ၏ မာနကြီးသောဟန်ပန်ကို ထိန်းသိမ်းရန်အတွက် မသိစိတ်ဖြင့် သူ၏ဗိုက်ပူပူလေးကိုပင် ပင့်ထုတ်ထားလိုက်သေးသည်။
ထိုပုံစံသည် လူများကို ပို၍ပင် ရယ်စရာကောင်းသည်ဟု ထင်မြင်စေမည်ကိုမူ မသိခဲ့ချေ။
ကျုံးဝမ်သည် သူ့မျက်နှာပေါ်မှ အပြုံးကို ထိန်းချုပ်ရင်း မီးဖိုချောင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
ယခင်က နျဥ်ယွိယွမ်သည် ခပ်ပေါ့ပေါ့သာ ပြောခဲ့သော်လည်း နှစ်နာရီမပြည့်မီအချိန်အတွင်း မူလကိုယ်ပိုင်နားနေခန်းသည် မီးဖိုချောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထို့နောက်... သူတို့နှစ်ယောက်သည် မီးဖိုချောင်ထဲ၌ အခြားသူများကို အရှက်အကြောက်မရှိ မျက်စိနောက်အောင် ပြုမူကြတော့သည်။
'ပြောစမ်းပါဦး၊ ဒါက ဟင်းချက်နေတာပဲ မဟုတ်ဘူးလား။'
သူတို့၏ ဘော့စ်သည် ဟင်းမချက်တတ်သော်လည်း သူမကို ကူညီရန် စိတ်အားထက်သန်စွာဖြင့် ရှေ့တိုးခဲ့သည်။ အခါအားလျော်စွာ သူသည် သူမအား ပန်းကန်တစ်လုံး ကမ်းပေးလိုက်၊ ရေတစ်ခွက် ယူလာပေးလိုက်ဖြင့် သူ၏ဂရုတစိုက်ရှိမှုသည် သူတို့၏မျက်လုံးများကိုပင် ကွယ်သွားစေလုနီးပါး ဖြစ်ခဲ့သည်။
သေချာပေါက် ထိုသည်ကို ဘေးဖယ်ထားလိုက်လျှင် သူတို့နှစ်ဦး၏ ဘေးချင်းယှဉ် ရပ်နေသောမြင်ကွင်းသည် ထူးခြားစွာ လှပနေခဲ့သည်။