မော့ချူး ပြန်လည်မွေးဖွားလာခဲ့သည်။ သူမဟာ နှစ်တစ်ထောင်ကြာသွားပြီဖြစ်တဲ့ လောကထဲမှာ သူမကိုယ်သူမ ရှာဖွေဖို့အတွက် မျက်လုံးလေးများကို ဖွင့်လိုက်သည်။ တစ်ချိန်က ယဥ်ပါးခဲ့ကြတဲ့ တိရစ္ဆာန်များနှင့်အပင်များကလည်း ရန်လိုနေကြပြီး ပုံပြင်တွေ ဒဏ္ဍာရီတွေမှာသာရှိခဲ့တဲ့ ဓာတ်ကြီးလေးပါးရဲ့ စွမ်းအင်များကိုလည်း သူမရဲ့ မျက်စိရှေ့မှာ မြင်တွေ့နေရလေပြီ။ ကံကောင်းစွာနဲ့ပဲ မော့ချူးက ညီမကို အရမ်းချစ်တတ်ပြီး သဘောထားကောင်းတဲ့ အစ်ကိုတစ်ယောက်နှင့် တွေ့ခဲ့ရသည်။ ကံမကောင်းတဲ့တစ်ချက်ကတော့ သူမရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက တစ်သန်းမှာ တစ်ယောက်လောက်ပဲရှိတတ်သော ဓာတ်မတည့်မှုများတဲ့ပုံစံဖြစ်နေသည်။ ထို့ကြောင့် စားစရာ ၉၉% လောက်က သူမ စားလို့မရပေ။ ဒါပေမဲ့လည်း ဖြေရှင်းလို့ရတဲ့နည်းတစ်ခုလောက်တော့ ရှိမှာပါ။ အကယ်၍ သူမ ဒီဒေသတစ်ဝိုက်က အစားအသောက်တွေကို စားလို့မရခဲ့ရင် အစားအသောက်သစ်တွေ စားနိုင်သေးတာပဲလေ။ အဲ့ဒါကြောင့် မော့ချူးက အကြော်တွေ၊ ငါးကင်တွေ၊ ကြက်ကောင်ပေါင်းတွေနှင့် အခြားသော ဒီအနာဂတ်ကမ္ဘာမှာ မရနိုင်တဲ့ အရသာရှိမဲ့ အစားအစာတွေကို ချက်ပြုတ်ခဲ့သည်။ အစားကြီးသူတစ်ယောက်အနေနဲ့ မော့ချူးက ဒီလောက်ကို ကျေနပ်ပေးလိုက်သည်။ ဒါပေမဲ့လည်း...။ “ဝိုး ငါ့တစ်ဘဝလုံး ဘယ်လိုဟာတွေစားနေခဲ့တာပါလိမ့်။ သူမ ချက်တဲ့ စားစရာတွေက အရမ်းအရသာရှိတာပဲ။ မိုက်လိုက်တာ” “အရသာရှိတဲ့အပြင် စားစရာတွေက ဓာတ်ကြီးလေးပါးရဲ့ စွမ်းအားတွေကိုလည်း တိုးစေနိုင်တာပဲ။ နောက်ပြီး ဆေးပြားတွေထက်တောင် ဆယ်ခါပြန်စွမ်းနေလိုက်သေးတယ်” “ငါ ဖက်ဒရယ် ဒင်္ဂါး ၅သန်း ကမ်းလှမ်းတယ်” “ငါက ဒင်္ဂါး ၁၀သန်း။ ငါနဲ့လာယှဥ်မယ်မကြံနဲ့။ မင်းလုပ်ရင် ငါမင်းနဲ့ တိုက်မယ်” မော့ချူးလည်း ဘာလုပ်ရမှန်းမသိနှင့် သူမလက်ကလေးများကို ဆုပ်ကိုင်ထားလိုက်သည်။ ငါးကင်လေးပဲကို သူတို့ ဘာလို့အရမ်းစိတ်တွေလှုပ်ရှားနေကြပါလိမ့်။ နျဥ်ယိယွမ်သည် အဖွဲ့ချုပ်ရဲ့ တစ်ဦးတည်းသော အရာရှိဖြစ်ပြီး ဓာတ်ကြီးလေးပါးစွမ်းအင်မှာ အဆင့်(၁၂)ထိ ရောက်ထားတဲ့ ကျွမ်းကျင်သူလည်းဖြစ်သည်။ အမျိုးသားဦးရေက အမျိုးသမီးဦးရေထက် နှစ်ဆဖြစ်နေတဲ့ နေရာမှာတောင် သူ့ကိုလိုချင်ကြတဲ့ မိန်းမချောလေးတွေ အများကြီးရှိသည်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်လျှောက်လုံး နျဥ်ယိယွမ်က တိုင်းပြည်ရဲ့ တိုက်ပွဲရှေ့တန်းတွေမှာ အမြဲရပ်တည်နေတဲ့ ပြယုဂ်တစ်ခုဖြစ်ခဲ့သည်။ အခုတွင် ထိုပြယုဂ်သည် မော့ချူးကိုတွေ့ပြီး ပြိုလဲရလေပြီ။ “ဦးလေး” မော့ချူး သူမရဲ့ ပန်းနုရောင်နှုတ်ခမ်းသားလေးတွေနဲ့ လှမ်းခေါ်လိုက်တဲ့နောက်မှာ နျဥ်ယိယွမ်ရဲ့ မျက်နှာသေဟာ အမူအရာပျက်သွားသည်။ ပျမ်းမျှလူ့သက်တမ်းက နှစ်၃၀၀လောက်နေရတဲ့ အဖွဲ့ချုပ်၌ သူက အသက် ၄၀ သာ ရှိသေးပြီး သူ့ကို လူငယ်လူရွယ်တစ်ယောက်အဖြစ် သတ်မှတ်ထားသည်။ ဒါကြောင့် သူ့ကို “ဦးလေး” ဟု ခေါ်ရန် မဖြစ်နိုင်ပါ။ ဟမ် သူ ဒီမိန်းကလေးနဲ့ ပြန်ပြောဖို့ စကားရှိလောက်မှာပါ။

