အပိုင်း ၃၆၆
Vol. 25 Ch. 366
မော့ချူး တကယ်ဘဲ ပင်ပန်းနေ၏။ တစ်ညလုံးနီးပါး တင်းမာနေသည့် သူမ၏အာရုံကြောတွေ အနားယူဖို့အရေးတကြီး လိုအပ်နေသည်။ သူမ အိပ်ရာပေါ်လှဲချလိုက်သည်နှင့် အိပ်ပျော်သွားတော့သည်။
အချိန်တစ်ခုလောက်ကြာပြီးနောက် ရုတ်တရက် အံ့ဩတကြီးအော်သံတစ်ခု ထွက်ပေါ်လာသည်။
မော့ချူး အိပ်ရာပေါ်ကနေ ရုတ်တရက်ခုန်ထလိုက်သည်။ သူမ အနည်းငယ် အိပ်ချင်မူးတူးဖြစ်နေသေးသည်။ သူမဘေးတွင် နိုးလာသည့် မော့ယန်နှင့် အကြည့်ချင်းဆုံသွားသည့်အခါ သွားပြီမှန်း သူမ ချက်ချင်းသဘောပေါက်လိုက်သည်။ ချင်ယွဲ့ အပြင်မှာရှိနေတုန်းပဲ!
သူတို့နှစ်ယောက် မီတာ ၁၀၀ အားဖြင့် ချက်ချင်း ပြေးထွက်လိုက်ကြသည်။
ကံမကောင်းစွာနှင့်၊ သူတို့ ခြေတစ်လှမ်းနောက်ကျသွားသည်။ ချင်ယွဲ့၏ ဆွဲခေါ်သွားခံနေရသည့် ပုံရိပ်ကိုသာ သူတို့မြင်လိုက်ရသည်။ သူတို့နောက်ကို လိုက်ချင်ပေမယ့် လိုက်မမီတော့ပေ။ ပုံသဏ္ဍာန်တွေ မှုန်ဝါးလာသည်ကို သူတို့ကြည့်နေရုံသာ တတ်နိုင်တော့သည်။
မော့ချူး ခပ်ပြင်းပြင်းခြေဆောင့်လိုက်သည်။ သူမရင်ထဲတွင် အပြစ်ရှိစိတ်နှင့် စိုးရိမ်စိတ်တွေဖြင့် ပြည့်နေ၏။ သူမ ဆဲတောင်ဆဲလိုက်မိသည်။ “F*ck! သေစမ်း!"
“စိတ်မပူနဲ့” မော့ယန်၏အကြည့်တွေဟာ ကျောက်တုံးတစ်တုံးနှင့် ဖိထားသည့် စာရွက်တစ်ရွက်ဆီ ချက်ချင်းရောက်သွားတော့သည်။ သူငုံ့ကာ ယူလိုက်သည်။
“ဒါက…” မော့ချူးလည်း မျက်မှောင်ကြုတ်ကာ လျှောက်လာသည်။
_'စိတ်မပူနဲ့၊ မင်းတို့ရဲ့သူငယ်ချင်းကို အခုအထိ မထုတ်ရသေးဘူး။ ဒါပေမဲ့ သူ ဆက်နေနိုင်မလား မနေနိုင်ဘူးလားဆိုတာကတော့ မှော်ဒေသထဲမှာ ဒီဟာကို မင်းတို့ ရှာတွေ့နိုင်မလားဆိုတဲ့အပေါ်ပဲ မူတည်တယ်။ နောက်သုံးရက်ကြာရင် ငါ မင်းတို့ကိုလာရှာပြီး သူနဲ့လာလဲမယ်'_ စာရွက်အောက်တွင် နီလာသဏ္ဍာန်နှင့်တူသည့် ပုတီးစေ့ကြီးတစ်ခု တောက်ပစွာရှိနေ၏။ အဆုံးတွင်၊ နှောင့်ယှက်လိုသည့် စာကြောင်းတစ်ကြောင်းပါသေး၏။ _'ဘယ်သူမှ ဒီလိုမျိုး မဆက်ဆံခံရဘူးဆိုတာ မင်းတို့သိထားရမယ်။ ငါက မင်းတို့တွေကို မျက်စိကျသွားလို့အထူးတလည် ကြင်နာပေးထားတာ။ ဒါကြောင့် အစွမ်းကုန်ကြိုးစား လူငယ်လေးတွေရေ!'_
စိတ်ကြီးဝင်နေသည့် အရောင်အဝါတွေနှင့် ပြည့်နေတဲ့ စာကိုကြည့်လိုက်ရင်း မော့ချူးရဲ့ခေါင်းပေါ်တွင် အနက်ရောင်မျဥ်းတွေနဲ့ ပြည့်သွားတော့သည်။ 'အစ်ကိုကြီးရေ၊ ကျွန်မတို့ကို တကယ် မျက်စိကျတယ်ဆိုရင် လွှတ်ပေးလိုက်တာ ပိုမကောင်းဘူးလား?'
မော့ချူး ရင်ထဲတွင် လှောင်ပြောင်လိုက်သော်လည်း သက်ပြင်းချလိုက်မိသေးသည်။ အနည်းဆုံးတော့ ဒီအချိန်မှာ ချင်ယွဲ့ လုံခြုံနေသေးသည်။ 'ဒါက အကောင်းဆုံးပဲ!'
"အစ်ကို၊ ဒီဟာကိုသိလား?" သံသယတွေပြည့်နေသည့်အကြည့်ဖြင့် မော့ချူးသည် အောက်မှပုတီးစေ့ကိုညွှန်ပြလိုက်သည်။
မော့ယန် ခေါင်းညိတ်ပြလိုက်ပြီး သူ့မျက်လုံးတွေထဲ လေးနက်မှုတွေ ပြည့်လာသည်။ “တကယ်တော့ ဒီဟာကို ကိုယ်တိုင်တော့ မမြင်ဖူးဘူး။ သူများတွေဆီကပဲ ကြားဖူးတာ"
"ဟမ်?" မော့ချူး မျက်ခုံးပင့်လိုက်သည်။ 'ကြည့်စရာတောင် မလိုဘူး၊ သေချာပေါက် ဒီဟာက ရတနာပဲ!'
မျှော်လင့်ထားသည့်အတိုင်း မော့ယန်ဆက်ပြောလာသည့်စကားတွေဟာ ဤအချက်ကို အတည်ပြုလာသည်။ "ပင်လယ်နက်သစ်တောထဲဝင်တုန်းက အစ်ကိုတို့တွေ့ခဲ့တဲ့ ပုတ်သင်အပင်ကို မှတ်မိသေးလား?"
'အဲ့ဒါက အပေါ်ဘက်က ပုတ်သင်မှော်သားရဲနဲ့ အောက် သစ်ပင်ကိုယ်နဲ့ ဟာကိုပြောမဟုတ်လား?' မော့ချူး အပြင်းအထန် ခေါင်းညိတ်ပြလိုက်သည်။ ၎င်းအပေါ် သူမ၏အမြင်ဟာ အရမ်းနက်ရှိုင်းသည်။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ပုံစံတစ်ခုနဲ့တင် အရမ်းထူးဆန်းနေပြီဖြစ်သည်။
"အထူးမှော်အပင်ကို အမျိုးအစားခွဲခြားပုံအရ၊ အဲ့ဒီမှော်အပင်ကို အဆင့် ၅ မှော်အပင်အဖြစ် သတ်မှတ်လို့ရတယ်" မော့ယန် ခဏရပ်လိုက်သည်။ “ဒီအပြာရောင်ပုတီးလုံးမျိုးက အထူးအဆင့် ၈ မှော်အပင်မှာပဲ ရှိတာ"
ယခင်က ပုတ်သင်သစ်ပင်သည် အလွန်အစွမ်းထက်ကာ အဆင့် ၅ မှော်အပင်အဖြစ် သတ်မှတ်နိုင်သည်။ 'ဒါဆို အဆင့် ၈… အဆင့် ၈ မှော်အပင်က ဘယ်လိုမျိုးများဖြစ်လောက်မလဲ?' မော့ချူး တံတွေးမျိုချလိုက်ကာ သူမရဲ့မျက်လုံးတွေထဲ ထိတ်လန့်မှုအရိပ်အယောင်တွေပေါ်လာသည်။
သို့သော်၊ ဒါဟာ အားလုံးမဟုတ်ပါချေ။
မော့ယန်က ဆက်ပြောသည်။ “ဒါ့အပြင်၊ အဆင့် ၈ အထူးမှော်အပင်တိုင်းမှာ ဒီလိုဟာမျိုး ရှိတာမဟုတ်ဘူး။ ဒီရတနာရနိုင်ခြေက ၁% ဘဲရှိတယ်လို့ ဆိုနိုင်တယ်”
တစ်နည်းဆိုရသော် သူတို့နှစ်ဦးသည် ဤအရာကို သုံးရက်အတွင်း ရှာဖွေလိုလျှင် ကောက်ရိုးပုံထဲ အပ်ရှာတာထက် ပိုခက်ခဲပေလိမ့်မည်။
အပြာရောင်ပုတီးစေ့၏ မူလအစအကြောင်း မော့ယန်ပြောပြသည်ကို နားထောင်ပြီးနောက် သူတို့နှစ်ဦး မနေနိုင်ဘဲ ခေတ္တမျှနှုတ်ဆိတ်သွားမိသည်။
"ဒါက ဘာမှမဟုတ်ပါဘူး!" မော့ချူး သူမအစ်ကိုရဲ့ ပုခုံးကို ကြမ်းကြမ်းလေးပွတ်လိုက်သည်။ သူမ၏ လေသံဟာ စိတ်အေးလက်အေးရှိနေသည်။ "ဒါက အပြာရောင်ပုတီးလုံးလေးပဲ မဟုတ်ဘူးလား? ဘာများကြီးကျယ်နေလို့လဲ? ညီမလေးတို့တွေ ချက်ချင်းရှာတွေ့လိမ့်မယ်! ညီမလေးက တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ ကံကောင်းတဲ့ကြယ်ပဲ!"
ချူးလေး၏ အမူအရာကိုမြင်တော့ မော့ယန် မရယ်ဘဲမနေနိုင်တော့ပေ။ သူ့မျက်လုံးတွေက ပြတ်သားလှသည်။ "မှန်တယ်။ မကြိုးစားကြည့်ဘဲ အလုပ်မဖြစ်ဘူးဆိုတာ ဘယ်လိုလုပ် သိနိုင်မှာလဲ?"
သူတို့တွေ ချင်ယွဲ့ကို သေချာပေါက် ကယ်တင်ရမယ်!
"ဒါပေမဲ့ တာဝန်တစ်ခုတော့ရှိတယ်” အလင်းဖန်သားပြင်ပေါ်မှ လူနှစ်ယောက်၏ ပြတ်သားတဲ့အမူအရာတွေကို ကြည့်လိုက်ရင်း ကွမ်ရှန်း သဘောကျစွာဖြင့် ခေါင်းညိတ်လိုက်သည်။ သွေးအရသာကို မြည်းစမ်းဖူးသည့် စစ်သားတစ်ယောက်အနေဖြင့် လူတစ်ဦးရဲ့နှလုံးသား၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းကို အထင်ရှားဆုံး မြင်နိုင်ကာ မော့ချူးတို့၏ စွမ်းဆောင်မှုမှာ အလွန်အားရစရာကောင်းကြောင်း သိသာလှသည်။
“ကျွတ်စ် ကျွတ်စ်" ကလေးမျက်နှာနှင့်စစ်သားသည် နှာရှုံ့ကာဝင်လာ၏။ "ငါ့ ညစ်ပတ်နေသေးတယ်လို့ထင်လား? ငါ့မှာ အနံ့ရှိသေးလား?"
သူ့အဝတ်အစားတွေကို ထူးထူးဆန်းဆန်း အနံ့ထွက်အောင်လုပ်လိုက်တဲ့ ကောင်မလေးရဲ့အမှားပဲ! သူအကြိမ်ကြိမ် ဆေးကြောခဲ့ပေမယ့် တစ်ခုခုမှားနေတယ်လို့ ခံစားမိနေတုန်းပင်။
"လာစမ်းပါ!" လေးနက်သည့်မျက်နှာနှင့်စစ်သားက သူ့ကိုမျက်လုံးပြူးပြလိုက်သည်။ "မစ်ရှင်လုပ်နေတဲ့အချိန်မှာတောင် ညစ်ပတ်ပြီး သွေးထွက်သံယိုဖြစ်မှာကို ဘယ်လိုလုပ် ဂရုစိုက်နိုင်ရတာလဲ?"
"ဘယ်လိုလုပ်တူမှာလဲ?" ကလေးမျက်နှာနှင့် စစ်သားသည် သူ့အားစူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ “အဲ့ဒါက မစ်ရှင်လုပ်နေတဲ့အချိန်။ ပုံမှန်ဆိုရင် ငါ့ရဲ့သန့်ရှင်းသပ်ရပ်တဲ့ ပုံရိပ်ကိုထိန်းသိမ်းရမယ်"
"လုံလောက်ပြီ၊ ဒီအကြောင်းတွေ ငါ့ကိုလာမပြောနဲ့" လေးနက်တဲ့မျက်နှာနှင့် စစ်သား၏ အမူအရာဟာ ပြောင်းသွားကာ သူ့လေသံဟာလည်းအနည်းငယ် အေးစက်လာသည်။ “မင်းဘာသဘောနဲ့ ဘာလို့ သူတို့ဆီ ဒီလိုအန္တရာယ်ရှိတဲ့ မစ်ရှင်မျိုး ထားခဲ့တာလဲ? ဒီအပြာရောင်ပုတီးလုံးတွေ ရဖို့ဆိုတာ လွယ်လို့လား?”
"ငါ... ငါက ငါ့ရဲ့အရည်အချင်းကို မြတ်နိုးရုံပဲ!" ဒီအကြောင်းအရာကို ပြောဘာသည့်အခါ ကလေးမျက်နှာနှင့်စစ်သားမှာ သူ့မျက်နှာပေါ်တွင် အပြစ်ရှိကြောင်းပြသရုံကလွဲပြီး မတတ်နိုင်ပေ။
တကယ်တော့ ဒီဟာကို သူ ရုတ်တရက် စိတ်ကူးပေါက်လာတာကြောင့် လုပ်လိုက်တာဖြစ်သည်။ သို့သော်ငြားလည်း သူအမှန်အတိုင်း မပြောနိုင်ပေ။ မဟုတ်ပါက သူပြင်းပြင်းထန်ထန် ရိုက်နှက်ခံရလိမ့်မည်။
ဒါ့အပြင် အဲ့ဒီအချိန်တုန်းက သူ မော့ချူးကို သူ့အတွက် အသားကင်တစ်ပွဲ မဟုတ်ဘူး ငါးပွဲလုပ်ပေးဖို့ ပြောချင်ခဲ့တာဖြစ်သည်။ ချင်ယွဲ့ကိုလည်း သူတို့နှစ်ဦးဆီ သူပြန်ပေးနိုင်သည်။ သို့သော် သူသေသေချာချာ စဉ်းစားကြည့်လိုက်တဲ့အခါတွင်တော့ သူ အရမ်း...
"အမ်...ကြည့်လေ!" ကလေးမျက်နှာနှင့် စစ်သားဟာ အကြည့်လွှဲလိုက်ပြီး အလေးအနက် စကားနည်းနည်းပစ်လွှတ်လိုက်သည်။ “သူတို့သုံးယောက်ရဲ့ အရည်အသွေးနဲ့ စွမ်းရည်က တခြားသင်တန်းသားတွေထက် အများကြီးကို သိသိသာသာမြင့်နေတာ။ တခြားလူတွေက အသက်နဲ့ ရင်းနေရပေမဲ့ သူတို့ကျလိုက်ကစားနေသလိုပဲ။ ငါတို့ သူတို့ကို အတူတူ လုပ်ခွင့်ပေးထားရင် အဲဒါက ကလေးတွေကို လှည့်စားတာဘဲ မဟုတ်ဘူးလား? ဒါ့ပြင် ဒီမစ်ရှင်က သူတို့ကို လေ့ကျင့်ပေးဖို့လေ။ တကယ်လို့တစ်ခုခုဖြစ်သွားရင် ငါက ထိုင်ပြီး ဘာမှမလုပ်ဘဲနေပါ့မလား? ဒီလောက်ကောင်းတဲ့ အပင်ပေါက်တွေ ဖျက်ဆီးခံရမှာကို ငါက ဘယ်လိုလုပ်သည်းခံနိုင်မှာလဲ?"
ဒါကိုကြားတော့ လေးနက်တဲ့မျက်နှာနှင့်စစ်သားရဲ့ အမူအရာက ပိုကောင်းလာသည်။ “ကောင်းပြီ၊ ဒီတစ်ခါတော့ မေ့လိုက်တော့။ နောက်တစ်ခေါက် မင်းသဘောနဲ့မင်းထပ်လုပ်ရင် လေ့ကျင့်ရေးတာဝန် သုံးဆယူရမယ်!”
“ဟုတ်ကဲ့ပါ! စီစဉ်မှုကို နားထောင်ပါ့မယ်လို့ ကတိပေးပါတယ်” ကလေးမျက်နှာနှင့်စစ်သားသည် ကိုယ်ခပ်မတ်မတ်ထားကာ နောက်ဆုတ်လိုက်သည်။ သူသည် လေးလေးစားစား အလေးပြုလိုက်သော်လည်း သူ့အမူအရာကတော့ ကျီစယ်ချင်သလိုဖြစ်နေသည်။ ဒီလို ကျီစယ်လိုတဲ့အကြည့်က တခြားစစ်သားတွေကို ရယ်မောမိစေတော့သည်။