← Chapters

အခန်း (၅၅၈)

Vol. 38 Ch. 558

အခန်း (၅၅၈)

Vol. 38 Ch. 558

ရိုးရိုးသားသား ပြောရလျှင် အစပိုင်း၌ သူတို့သည် မော့ချူးကို အလေးအနက် မထားခဲ့ကြပေ။

တကယ်တော့ ထိုမိန်းကလေး၌ အရည်အချင်းရှိသည်။ သူမ၏ နောက်ကွယ်တွင် နျဥ်ယွိယွမ်ပင် ရှိနေသည်။ သို့သော် ထို့သို့ ဆိုလျှင်ပင် အန်း မိသားစုနှင့် ယှဉ်လိုက်ပါက သူမသည် သစ်ပင်ကို လှုပ်ယမ်းရန် ကြိုးစားနေသော ပုရွက်ဆိတ်လေး တစ်ကောင်မျှသာ ဖြစ်သည်။ သူမက ခြိမ်းခြောက်မှု ကြီးကြီးမားမား မဟုတ်ခဲ့ပေ။

သို့သော် ယခုအခြေအနေက လုံးဝ ကွဲပြားသွားပြီ ဖြစ်သည်။

အဖွဲ့ချုပ်တွင် မော့ချူး၏ လူကြိုက်များမှုသည် ဤမျှ မြင့်မားလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။ မိန်းကလေးတစ်ဦး၏ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းသည် သန်းနှင့်ချီသော လူများ၏ နှလုံးသားကို ရိုက်ခတ်နိုင်ခဲ့သည်။

လူထု၏ စိတ်သဘောထားသည် တစ်ဖက်နှင့်တစ်ဖက် ဆန့်ကျင်သွားကြသည်။ မည်သည့်အချိန်တွင်မဆို ဒါသည် လျစ်လျူရှု၍ မရနိုင်သော အရေးကြီးသည့် အချိတ်အဆက်တစ်ခု ဖြစ်သည်။

"ဟုတ်ကဲ့၊ ကျွန်တော် နားလည်ပါပြီ" ဤစကားကို ကြားပြီးနောက် အန်းကျဲ နောက်ဆုံး၌ နားလည်သွားပြီး ပြောလိုက်သည်။

အန်းယောက်၏ အနေအထားသည် အနည်းငယ် ရှုပ်ထွေးနေသည်။ အကယ်၍ ယခင်ကဆိုလျှင် သူတို့ သူမကို ကာကွယ်ပေးနိုင်ပါက သေချာပေါက် ကာကွယ်ပေးလိမ့်မည်။ ယခုမူ... မော့ချူး၏ ပြစ်မှုကို အပြစ်ပေးရန် မဆိုထားနှင့်၊ သူမကိုယ်သူမပင် ကာကွယ်နိုင်မည် မဟုတ်ပေ။

အန်း မိသားစုသည် သူမအတွက်နှင့် မဆင်မခြင် လုပ်ဆောင်မည် မဟုတ်ပေ။

အန်းယောက်သည် ဤအချက်ကို အခြားသူများထက် ပိုသိသောကြောင့် ယခုအခါ ကြောက်ရွံ့နေပြီ ဖြစ်သည်။ သူမက မော့ချူးကို မဟုတ်မမှန် စွပ်စွဲခဲ့ခြင်းကြောင့် မဟုတ်ဘဲ... ထိုလူသုံးဦးကို အကြောင်းကြားရန် လူလွှတ်ခဲ့သူမှာ သူမ ဖြစ်သောကြောင့်ပင်။

အကယ်၍ ဤပတ်သက်ဆက်နွယ်မှုသာ ပေါ်ပေါက်သွားပါက သူမ ဘာဖြစ်သွားမည်နည်း။

ထိုအကြောင်းကို တွေးလိုက်မိသည်နှင့် အန်းယောက်၏ မျက်နှာသည် ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။ သူမသည် ကြောင်တောင်တောင်ဖြင့် အချုပ်ခန်းသို့ ခေါ်ဆောင်သွားခြင်း ခံရပြီး အချိန်မီပင် တုံ့ပြန်မှု မလုပ်နိုင်ခဲ့ပေ။

"ဟေ့လူ၊ မော့ချူး ကိစ္စ ကြားပြီးပြီလား" သူမကို စောင့်ကြပ်နေသော စစ်ဆေးရေးမှူး နှစ်ဦးသည် လေသံတိုးတိုးဖြင့် စကားစမြည် ပြောနေကြသော်လည်း သူမ ကြားနေရသည်။ အန်းယောက်၏ မျက်လုံးများ တုန်လှုပ်သွားသည်။

"ဘာလဲ၊ သူက အရမ်း လျှို့ဝှက်ဆန်းကြယ်တာပဲ"

စစ်ဆေးရေးမှူး တစ်ဦးသည် လှည့်ပတ်ကြည့်ရှုလိုက်ပြီး အသံကို ထပ်မံ နှိမ့်လိုက်သည်။

"ဟေ့၊ ငါတို့ ညွှန်ကြားရေးမှူးရဲ့ လူယုံလေ... ဟို ဌာနမှူး ကျန်း ဆိုတဲ့လူ"

"အိုက်ယိုး... မင်းမပြောရင် ငါ သတိတောင်မရဘူး။ သူ ဒီရက်ပိုင်း အလုပ်မလာဘူး မဟုတ်လား"

"ဘာလဲ၊ မင်း မသိသေးဘူးလား။ ဪ ဟုတ်သားပဲ၊ မင်းက လွန်ခဲ့တဲ့ ရက်ပိုင်းက ခွင့်ယူထားတာပဲ။ မထူးဆန်းပါဘူးလေ... ဌာနမှူး ကျန်းက ကြောက်လွန်းလို့ ရူးမတတ် ဖြစ်သွားတယ်လို့ ကြားတယ်"

"ဘာ၊ ကြောက်ပြီး... ရူးမတတ် ဖြစ်သွားတယ်?” အခြား စစ်ဆေးရေးမှူးက သိသိသာသာပင် မယုံကြည်ပေ။ “တောက်၊ မင်း ငါ့ကို နောက်နေတာပဲ ဖြစ်ရမယ်"

"ဘယ်သူက မင်းကို နောက်နေလို့လဲ။ တကယ်ပြောနေတာကွ။ အဲဒီလူသုံးယောက်ကို အချုပ်ခန်းထဲ ခေါ်သွားတာ သူပဲလို့ ကြားတယ်။ မော့ချူးက ဘာလုပ်လိုက်လဲတော့ မသိဘူး။ လူသုံးယောက်၊ အရှင်လတ်လတ် လူသုံးယောက်ကွ။ အလောင်းတောင် မတွေ့ရဘဲ ပျောက်သွားတာ။ သူတို့ ပေါ့ဆလို့ ဖြစ်မယ် ထင်နေလား။ သူ ဘယ်လိုလုပ် မကြောက်ဘဲ နေမှာလဲ"

"ဒါဆို မင်းပြောချင်တာက ဌာနမှူး ကျန်းက... မြင်ခဲ့တယ်ပေါ့"

"ဒါပေါ့၊ မဟုတ်ရင် သူ ဘယ်လိုလုပ် ဒီလို ဖြစ်သွားမှာလဲ"

"ဟက်၊ ငါ တကယ်ပဲ အလောင်းတွေကို မတွေ့လိုက်ရတော့ဘူးလား"

"ငါက မင်းကို ဘာကိစ္စ လိမ်ရမှာလဲ။ ယုံတာ မယုံတာက မင်းသဘောပဲ။ ကဲ... သွားကြစို့"

ဝုန်းခနဲ အသံနှင့်အတူ တံခါးပိတ်သွားပြီး သူတို့၏ စကားပြောသံများ တဖြည်းဖြည်း တိုးသွားတော့သည်။

အန်းယောက်၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။

ထိုသတင်းများသည် ပုံကြီးချဲ့ထားခြင်းသာ ဖြစ်မည်ဟု သူမ ထင်ခဲ့သော်လည်း ယခု ကိုယ်တိုင် ကြားလိုက်ရသောအခါ ကျောချမ်းမသွားဘဲ မနေနိုင်တော့ပေ။

အလောင်းမကျန်ဘဲ အရှင်လတ်လတ် လူသုံးယောက်က ဒီအတိုင်း သေသွားတာလား။

...

တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်၌ လေပြည်လေညှင်းနှင့် မိုးဖွဲများ ကျရောက်နေသည်။

ဖန်သားပြင်၏ အခြားတစ်ဖက်တွင် အယ်ရွန်သည် ရေတစ်ခွက်ကို တင့်တယ်စွာ ကောက်ယူပြီး တစ်ငုံသောက်လိုက်သည်။ သူ၏ လေသံတွင် လေးစားမှု အရိပ်အယောင် ပါဝင်နေသည်။

"အော် မင်းက တော်တော် မြန်တာပဲ... တစ်ရက် နှစ်ရက်လောက်ပဲ ရှိသေးတယ်၊ မင်းက ဒီလောက် ပြဿနာအကြီးကြီး ဖြစ်အောင် လုပ်နိုင်ခဲ့ပြီ။ နျဥ်ယွိယွမ်... မင်း လုပ်တာ ကောင်းတယ်"

'မင်းရဲ့ ချီးကျူးမှုကို လက်ခံလိုက်မယ်၊ ဒါပေမဲ့ မင်း လူမှားပြီး လေးစားနေပြီ...'

နျဥ်ယွိယွမ် ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ "... ငါလုပ်တာ မဟုတ်ဘူး"

ဘုရားသခင်သာ သိပါလိမ့်မည်၊ သူသည် ကဏ္ဍတိုင်းကို ထည့်သွင်းစဉ်းစားခဲ့သည်။ နောက်ဆုံးတွင် မော့ချူး ဘက်မှ ရုတ်တရက် ကြီးမားသော ဟာကွက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သတင်းကို ကြားလိုက်ရသောအခါ သူကိုယ်တိုင်ပင် ထိတ်လန့်သွားခဲ့သည်။

သူသည် မဟူရာတိမ်တိုက် ဂလက်ဆီ အစိုးရကို အကြိမ်ပေါင်း တစ်သောင်းကျော် မကဲ့ရဲ့ဘဲ မနေနိုင်ခဲ့ပေ။ 'မင်းတို့က ညစ်ပတ်တဲ့ အလုပ်တွေ မရှိဘူးလို့ ပြောရဲသေးလား။ မဟုတ်ရင် တင်းတင်းကျပ်ကျပ် စောင့်ကြပ်ထားတဲ့ စစ်ဆေးရေးဗျူရိုက ဘယ်လိုလုပ် လူတွေကို ဒီလောက် လွယ်လွယ်ကူကူ ဝင်ခွင့်ပြုလိုက်တာလဲ။ ငါတို့ကိုငတုံးတွေလို့ ထင်နေတာလား။'

“အမ်?” ထိုစကားကို ကြားသောအခါ အယ်ရွန် ခေတ္တရပ်တန့်သွားပြီး မျက်ခုံးပင့်ကာ ပြောလိုက်သည်။ "မင်းမဟုတ်ရင်... မော့ချူး ကိုယ်တိုင် လုပ်တာလား"

"အဲဒါ မင်းရဲ့ မရီးလေ" အခြားသူများကို လေးစားမှုမရှိသော ထိုကောင်လေးကို နျဥ်ယွိယွမ် စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

"ကောင်းပြီလေ၊ မရီးပေါ့...” အယ်ရွန် နှုတ်ခမ်းကို စူကာ ရေရွတ်လိုက်သည်။ “ယောက်ျားတစ်ယောက်က ဒီလောက် အလေးအနက်ထားနေတာ စိတ်ဝင်စားစရာ ကောင်းလို့လား"

နျဥ်ယွိယွမ် ဒေါသထွက်လာသည်ကို မစောင့်ဘဲ အယ်ရွန်သည် အချိန်မီပင် ပရော်ဖက်ရှင်နယ် ပုံစံသို့ ပြောင်းလဲလိုက်သည်။

"စိတ်မပူပါနဲ့၊ ငါ မနက်ဖြန် မဟူရာတိမ်တိုက် ဂလက်ဆီ ကို ရောက်လောက်ပါတယ်...” အယ်ရွန်က ပြုံး၍ နျဥ်ယွိယွမ်ကို ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ “အဲဒီအချိန်ကျရင် အရာအားလုံး ငါ့ကို လွှဲထားလိုက်၊ မရီးကို မင်းဆီ အကောင်းပကတိအတိုင်း ပြန်အပ်ပါ့မယ်လို့ ငါ ကတိပေးတယ်"

မော့ချူး၏ အဖြစ်အပျက်သည် တော်တော်လေး လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့သည်။ အကျိုးသက်ရောက်မှုမှာ သူ မျှော်လင့်ထားသည်ထက် ဆယ်ဆမက ပိုကောင်းနေသည်။ အမှုနိုင်ခြေမှာလည်း များစွာ တိုးလာခဲ့သည်။

ဤစကားကို ကြားသောအခါ နျဥ်ယွိယွမ်၏ မျက်နှာထား ပျော့ပျောင်းသွားသည်။ သူ၏ ခံစားချက်အစစ်အမှန်ကို ထုတ်ပြလေ့မရှိသော သူက ပြောလိုက်သည်။ "ကျေးဇူးပဲ ညီအစ်ကို"

ကံဆိုးစွာဖြင့် သူရလိုက်သည်မှာ အယ်ရွန်၏ အဆိပ်ပြင်းသော စကားလုံးများသာ ဖြစ်သည်။

"သောက်ကျိုးနည်း၊ မင်းက ဒီလောက်ကြီးနေတာတောင် ဟန်ဆောင်ကောင်းတုန်းပဲ၊ မင်းလိုလူက ကောင်မလေး ဘယ်လိုရလဲဆိုတာ ငါ တကယ် နားမလည်တော့ဘူး"

ထို့နောက် အယ်ရွန်သည် နျဥ်ယွိယွမ် ဒေါသထွက်ချိန် မရလိုက်စေဘဲ အလင်းမျက်နှာပြင်ကို ဦးအောင် ပိတ်လိုက်သည်။

နျဥ်ယွိယွမ်၏ အနည်းငယ် မဲမှောင်နေသော မျက်နှာထားကို မြင်သောအခါ အခြားသူများလည်း လူစုခွဲသွားကြသည်။ သို့မဟုတ်ပါက ဒီလူ သူတို့ကို မဲလာလျှင် တကယ် ကံဆိုးပေလိမ့်မည်။

ထိုအချိန်တွင် အိပ်ခန်းတံခါး ရုတ်တရက် ပွင့်လာပြီး သပ်ရပ်စွာ ဝတ်ဆင်ထားသော မော့ချူး ထွက်လာခဲ့သည်။

"နိုးပြီလား၊ အိပ်လို့ ဝပြီလား" နူးညံ့ပြီး ချစ်စရာကောင်းသော ထိုမိန်းကလေးကို မြင်လိုက်ရသောအခါ နျဥ်ယွိယွမ်၏ ရင်ထဲရှိ မွန်းကြပ်နေသော ဒေါသများသည် ချက်ချင်း အစအနမကျန် ပျောက်ကွယ်သွားပြီး သူ၏ မျက်နှာထား ပျော့ပျောင်းသွားသည်။ သူသည် ယခင်နှင့် လုံးဝ ကွဲပြားသွားသည်။

မော့ချူး ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်၊ ကောင်းကောင်း အိပ်ပျော်သွားတယ်"

သူမသည် ယခင်က အချုပ်ခန်းထဲတွင် နှစ်ရက်ကြာ နေခဲ့ရသော်လည်း သေချာရေတွက်ကြည့်လျှင် နှစ်နာရီအောက်သာ အိပ်ခဲ့ရသည်ဟု ခန့်မှန်းရသည်။

စောစောက နျဥ်ယွိယွမ် ပြန်ခေါ်လာသောအခါ သူမ ဘာမှမပြောခဲ့ပေ။ ကိစ္စများကို မဖြေရှင်းမီ ကုတင်ပေါ်သို့ ပစ်လှဲကာ ရှစ်နာရီတိတိ အိပ်စက်ခဲ့သည်။

ယုတ္တိနည်းကျကျ ပြောရလျှင် လက်ရှိအခြေအနေမှာ အတော်လေး ဆိုးရွားနေသည်။ အကယ်၍ စက္ကန့်တိုင်းကို အသုံးချနိုင်လျှင် သူမ အသုံးချသင့်သည်။ သူတို့အနေဖြင့် တန်ပြန်အစီအမံများကို အမြန် ဆွေးနွေးသင့်သည် မဟုတ်လား။

သို့သော် နျဥ်ယွိယွမ်နှင့် မော့ယန်တို့သည် ချူးလေး၏ အနည်းငယ် ချောင်ကျနေသော မျက်နှာကို မြင်လိုက်ရသောအခါ နှလုံးသားထဲမှ နာကျင်လာသကဲ့သို့ ခံစားလိုက်ရသည်။ ထို့ကြောင့် လက်ကာပြကာ သွားအိပ်ခိုင်းလိုက်သည်။

သူတို့သည် ချူးလေးကို အိပ်ရေးဝအောင် အမြန် အိပ်ခိုင်းလိုက်သည်။ သူမ အိပ်ရေးဝမှသာ ကိစ္စများကို ပြောဆိုကြမည် ဖြစ်သည်။

ရလဒ်အနေဖြင့် အိပ်စက်ပြီးနောက် မော့ချူး ပိုလန်းဆန်းလာသည်။ သူမ၏ မျက်နှာလေးမှာလည်း ပန်းရောင်သန်းကာ နုနယ်နေပြီး အလွန် ချစ်စရာကောင်းနေသည်။

မော့ချူး လျှောက်လာပြီး မေးလိုက်သည်။ "ရှင်တို့ ခုနက ဘာလုပ်နေကြတာလဲ"

"အယ်ရွန်နဲ့ ကိုယ်လား...” မော့ချူး မသိသည်ကို သိသောကြောင့် နျဥ်ယွိယွမ်က တမင် ရှင်းပြလိုက်သည်။ “သူက မင်းရဲ့ ရှေ့နေပဲ၊ အမှုအခြေအနေကို ဆွေးနွေးနေကြတာ"

ဤမေးခွန်း ပေါ်လာသောအခါ မော့ချူး စိတ်လှုပ်ရှားသွားပြီး မေးလိုက်သည်။ "သူ ဘာပြောလဲဟင်"

"စိတ်မပူပါနဲ့...” နျဥ်ယွိယွမ် လက်လှမ်းလိုက်ပြီး မော့ချူး၏ ချောမွေ့သော ဆံပင်ရှည်များကို ပွတ်သပ်ပေးလိုက်သည်။ သူ၏ လေသံမှာ ခိုင်မာပြတ်သားသည်။ “အဲဒီကောင်လေးက တော်တော် စွမ်းပါတယ်။ မင်း အဆင်ပြေသွားအောင် သူ သေချာပေါက် လုပ်ပေးပါလိမ့်မယ်"

နျဥ်ယွိယွမ်၏ ဆုံးဖြတ်ချက်များသည် မှားယွင်းခဲလှသည်။

ဤတစ်ကြိမ်တွင်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။

နောက်တစ်နေ့ နံနက်စောစောတွင် အယ်ရွန်သည် မဟူရာတိမ်တိုက် ဂလက်ဆီသို့ ရောက်ရှိလာခဲ့သည်။ ဤလူသည် အလွန်ချောမောပြီး အားကိုးရမည့်ပုံ မပေါ်သော်လည်း ကိစ္စရပ်များကို လုပ်ဆောင်ရာတွင် အလွန်တော်သည်။

သူသည် အနားယူရန် အချိန်ပင် မရှိခဲ့ပေ။ သူသည် ချက်ချင်း သူ၏ ကျယ်ပြန့်သော အဆက်အသွယ်ကွန်ရက်ကို အသုံးပြုကာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ရန် ဦးဆောင်စီစဉ်ခဲ့ပြီး 'လက်ဦးမှုရယူခြင်း' ဆိုသည့် စကားလုံး၏ အနှစ်သာရကို အပြည့်အဝ ပြသခဲ့သည်။

ဂလက်ဆီနှစ်ခုမှ အထက်လူကြီးများ ဝင်ရောက်မစွက်ဖက်အောင် အယ်ရွန် မည်သည့်နည်းလမ်းကို အသုံးပြုခဲ့သည်ကို သူမ မသိသော်လည်း မော့ချူး သတိပြန်ဝင်လာချိန်တွင် သူမသည် သတင်းစာရှင်းလင်းပွဲ၌ ထိုင်နေပြီဖြစ်သည်။

ထင်ထားသည့်အတိုင်းပင်... နှစ်ပေါင်းများစွာကြာအောင် ဤလူထူးလူဆန်း နျဥ်ယွိယွမ်နှင့် မိတ်ဆွေဖွဲ့နိုင်သည်ဆိုကတည်းက ဤလူသည် အလွန် အရည်အချင်းရှိသူ ဖြစ်ပေသည်။

သူသည် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် လျင်မြန်ပြတ်သားပြီး သူ၏ နည်းလမ်းများသည် သာမန်နှင့် လုံးဝ မတူညီပေ။ ဒါက လုံးဝ မျှော်လင့်မထားသော အရာပင်ဖြစ်သည်။

ချက်… ချက်…

အောက်ဘက်မှ မီးရောင်များ လက်ခနဲ လင်းလက်သွားသည့် အသံများကို တစ်ခုပြီးတစ်ခု ကြားနေရသည်။ ထိုအသံများသည် မော့ချူး၏ အတွေးများကို လျင်မြန်စွာ နိုးကြားလာစေသည်။ မျက်လုံးထောင့်စွန်းမှတစ်ဆင့် အောက်ဘက် ညာဘက်ခြမ်းတွင် ရှိနေသော နျဥ်ယွိယွမ်၊ မော့ယန်နှင့် အခြားသူများကို သူမ မြင်လိုက်ရသည်။ သူမ၏ စိတ်အာရုံများ တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။

အယ်ရွန်သည် သူမ၏ ဘေးတွင် ရပ်နေသည်။ လာသင့်သည့်လူများ အားလုံးနီးပါး ရောက်ရှိနေပြီ ဖြစ်ကြောင်း မြင်လိုက်ရသောအခါ သူ၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားသည်ကို မထိန်းနိုင်တော့ပေ။

သူသည် ခြေတစ်လှမ်းတိုးပြီး ရှေ့တည့်တည့်သို့ လျှောက်သွားလိုက်သည်။ သူ၏ လက်များကို အနည်းငယ် ဖိချလိုက်ရာ အောက်ဘက်မှ တီးတိုးပြောဆိုသံများ ချက်ချင်း တိတ်ဆိတ်သွားတော့သည်။

ယနေ့ ရောက်ရှိလာကြသော အင်တာဗျူးမေးမြန်းသူများ အားလုံးနီးပါးသည် မဟူရာတိမ်တိုက် ဂလက်ဆီ နှင့် အဖွဲ့ချုပ်မှ ထိပ်တန်း မီဒီယာသမားများ ဖြစ်ကြသည်။ သဘာဝကျစွာပင် သူတို့သည် အယ်ရွန် မည်သူမည်ဝါဖြစ်ကြောင်းကို ကောင်းစွာ သိရှိကြသည်။ ဤသူမှာ ဂလက်ဆီတစ်ခုလုံး၏ 'သရဖူမဆောင်းထားသော ဘုရင်' ပင် ဖြစ်သည်။

ပုံမှန်အချိန်များတွင် ဆိုလျှင် သူတစ်ယောက်တည်းနှင့်ပင် ပေါက်ကွဲအားပြင်းသော သတင်းကြီးတစ်ခု ဖြစ်လာနိုင်ပေသည်။

ထို့အပြင် ဤအမှု၌ သူသည် မော့ချူး၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မည်ဟု ကြေညာထားပြီး ဖြစ်သည်။ သူတို့နှစ်ဦးစလုံးမှာ ကျော်ကြားသူများ ဖြစ်ကြရာ သူတို့ ရရှိထားသော အကျိုးသက်ရောက်မှုမှာ ပို၍ပင် ထူးခြားဆန်းပြားနေသည်။

သူတို့ ဝဘ်ဆိုက်များ၏ ဝင်ရောက်ကြည့်ရှုမှုနှင့် သတင်းစာ၊ မဂ္ဂဇင်းများ၏ ဖြန့်ချိရောင်းချရမှုတို့ တဟုန်ထိုး မြင့်တက်လာပုံကို တွေးကြည့်လိုက်သောအခါ အောက်ဘက်ရှိ မီဒီယာသမားများမှာ ထို့ထက်ပို၍ စိတ်လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။

All Chapters