အပိုင်း ၆၈
Vol. 5 Ch. 68
"ဟန်ရွှမ် သွားကြည့်လိုက်" ချင်ယွဲ့သည် စောစောတုန်းက မော့ချူးကို မထီမဲ့မြင်ပြုခဲ့တဲ့ အမျိုးသားကို ကြည့်ခိုင်းလိုက်သည်။
“အင်း” ဟန်ရွှမ်လည်း ပြန်ဖြေလိုက်သည်။ သူ့မှာ လေဒြပ်စင်ရှိပြီး သူ့ရဲ့ခန္ဓာကိုယ်ဟာလည်း အလွန်ပျော့ပျောင်းသည်။
ဆယ်မိနစ်လောက်ကြာတော့ ဟန်ရွှမ် ပြန်ရောက်လာသည်။ သူ့မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေပြီး သူ့မျက်လုံးတွေထဲတွင် ကြောက်ရွံ့မှုအချို့ ရှိနေသည်။
"ဘာတွေဖြစ်နေတာလဲ?" ချင်ယွဲ့က ဟန်ရွှမ်ရဲ့အမူအရာကိုမြင်တော့ မတတ်နိုင်ဘဲ မျက်မှောင်ကြုတ်လိုက်သည်။ ဒီကလေးက သူရဲဘောကြောင်တတ်တဲ့သူမဟုတ်ဘူး!
ဟန်ရွှမ် တံတွေး မျိုချလိုက်သည်။ ခုနတုန်းက သူမြင်ခဲ့ရတဲ့ မြင်ကွင်းကို ပြန်သတိရနေပြီး သူ့မှာ တုန်လှုပ်နေဆဲပင်။ “ခုနက ကျွန်တော် အဲ့ဒီကိုရောက်သွားတော့ ကင်းလှည့်ဆရာက သူတို့အဖွဲ့ကို ပြန်ခေါ်လာတာ တွေ့လိုက်ရတယ်”
ကျောင်းတွင်းပြိုင်ပွဲမှာ လူတိုင်းက သူတို့နဲ့အတူ အချက်ပေးလောင်ချာကို ယူထားရသည်။ အရေးပေါ်အခြေအနေကြုံလာပါက သူတို့က အဲ့ဒါကို အသုံးပြုနိုင်မည်ဖြစ်သည်။ စစ်တက္ကသိုလ်ရှိ ကင်းလှည့်ဆရာက ချက်ချင်း ကယ်ဖို့ လာလိမ့်မည်ဖြစ်သည်။ သို့သော် ဒီနည်းဖြင့်ဆို အဲ့ဒီအဖွဲ့ရဲ့ ရလဒ်တွေက အကြုံးမဝင်တော့ဘူးလို့ ဆိုနိုင်သည်။ ထို့ကြောင့်၊ အဲ့ဒီအရာဟာ နောက်ဆုံးအားကိုးရာပင်၊ ဘယ်သူမှ အချက်ပေးလောင်ချာကို စပြီးအသုံးပြုမည်မဟုတ်ပေ။
ဒါတောင် အသင်းသားတချို့ ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ ကျိုးသွားတဲ့ခြေလက်တွေကို မြေပြင်ပေါ်တွင် တွေ့ခဲ့ရပြီး သွေးတွေအနှံ့အပြား စီးဆင်းနေသည်။ ယခုအချိန်အထိ သူ့နားထဲတွင် လှိုင်းလုံးတွေ ပဲ့တင်ထပ်နေပုံရသည်။
ဒါကိုတွေးရင်း ဟန်ရွှန်မှာ မတတ်နိုင်ဘဲ မော့ချူးကို ကျေးဇူးတင်တဲ့အကြည့်နဲ့ လှမ်းကြည့်လိုက်သည်။ အကယ်၍ သူမသာ ခုနက သူတို့ကို မတားခဲ့ရင် အသတ်ခံလိုက်ရမယ့်သူတွေက သူတို့တွေဖြစ်သွားနိုင်သည်။
ဟန်ရွှမ်ရဲ့ စကားကိုကြားတော့ ချင်ယွဲ့နဲ့ အခြားသူတွေလည်း အံ့အားသင့်သွားကြသည်။
"အရှေ့မှာ မှော်သားရဲလား ဒါမှမဟုတ် မှော်အပင်လား? အဲ့ဒါက ဒီလောက် အစွမ်းထက်နိုင်ပါ့မလား?" ချင်ယွဲ့က ဟန်ရွှမ်ကို ကြည့်လိုက်သည်။ သူ့ရဲ့ထူထဲလှတဲ့ မျက်ခုံးတွေနဲ့ မျက်လုံးကြီးတွေက သူ့မျက်နှာကို နည်းနည်း တည်ငြိမ်မှုရှိစေသည်။
"သေတော့မသေချာဘူး" ဟန်ရွှမ်က ခေါင်းနည်းနည်းခါလိုက်ပြီး သူ့မျက်လုံးထဲမှာတော့ ကြောက်ရွံ့မှုတချို့ရှိနေဆဲပင်။ ဆိုရိုးစကားအတိုင်း မသိရတဲ့အရာက ကြောက်စရာ အကောင်းဆုံးဖြစ်သည်။ " ကျွန်တော် အဲ့ဒီမှာအကြာကြီး ကြည့်နေပေမယ့် ဘာမှ မတွေ့ဘူး"
ဒါကိုကြားတော့ ချင်ယွဲ့ရဲ့ အကြည့်တွေက နက်မှောင်သွားသည်။ ခဏလောက် စဉ်းစားလိုက်ပြီးတော့ သူက မော့ချူးကို အမြန် လှည့်ကြည့်လိုက်သည်။ အဲဒီတုန်းက သူမ သူတို့ကိုသတိပေးနိုင်ခဲ့တဲ့အတွက် ဒီအချက်နဲ့ပတ်သတ်ပြီး အနည်းဆုံးတော့ သူမ နားလည်ထားတာတစ်ခုရှိတယ်လို့ ဆိုလိုတာပင်။ "မော့ချူး မင်းဘယ်လိုထင်လဲ?"
ချင်ယွဲ့က ဒီလိုပြောလိုက်တာနဲ့ အဖွဲ့ထဲက လူတွေက သဘာဝအလျောက် မော့ချူးကို လှည့်ကြည့်လာကြသည်။
ရိုးရိုးသားသားပြောရရင် ဒီမိန်းကလေးက သူတို့ကို အံ့ဩစရာအကြီးကြီးပေးခဲ့တာဘဲ!
ယခင်ကတော့ မော့ချူးရဲ့သေးသွယ်လှသည့် ခန္ဓာကိုယ်နှင့် ကြံ့ခိုင်မှု အားနည်းတာကို မြင်တဲ့အခါ သူမကို သူတို့တွေသိပ်ပြီး အလေးအနက် မထားခဲ့ကြပါချေ။ ဒါပေမယ့် ဒီကလေးမလေးက မှော်ဒေသမှာရှိတဲ့ သတ္တဝါတွေအကြောင်း တကယ်သိတယ်ဆိုတာ ဘယ်သူက သိမှာလဲ? သူမရဲ့ နိုးကြားမှုက သူတို့လို အဆင့်မြင့် ကျောင်းသားတွေထက်တောင် ပိုထက်သေးသည်။ အဆင့်မြင့်ချန်ပိုင်ရဲ့ တပည့်အဖြစ် မျှော်လင့်ထားတဲ့အတိုင်း၊ သူမတွင် အမှန်တကယ်ကို လှည့်ကွက်နည်းနည်းရှိသည်။
"ခန့်မှန်းကြည့်လိုက်တာ၊ ရှေ့မှာ သန္ဓေပြောင်းမှော်အပင်တစ်မျိုးမျိုး ရှိလိမ့်မယ်" မော့ချူးက ဘာကိုမှ မဖုံးကွယ်ထားဘဲ ဟန်ရွှမ်ပြောပြခဲ့တဲ့အတိုင်း သဲလွန်စတွေကို အခြေခံ၍ မှန်းပြောခဲ့တာဖြစ်သည်။ “ကျွန်မ အန္တရာယ်ကို ခံစားမိရတဲ့ အကြောင်းရင်းက ရှေ့မှာ သွေးနံ့တွေ သင်းနေတာကြောင့်ပဲ။ အဲဒီမှာ အသင်းတစ်သင်းက တိုက်ခိုက်နေပြီဆိုတာ သိသာတယ်လေ"
“ဒါ့အပြင် သူ့ရဲ့ တည်နေရာကိုလည်း ပြုပြင်ထားတဲ့ပုံဘဲ။ မှော်သားရဲတွေနဲ့ ယှဥ်ကြည့်မယ်ဆိုရင် ဒါဟာ မှော်အပင် တစ်ပင်ဆိုတာ ပြနေတာဘဲ"
“ယုတ္တိဗေဒအရပြောရရင်တော့ မှော်အပင်ပဲဖြစ်ဖြစ် မှော်သားရဲပဲဖြစ်ဖြစ်၊ လူတိုင်းက သတိရှိကြမှာ။ ဒါပေမယ့် ခုနတုန်းက အော်သံမှာ အံ့သြထိတ်လန့်သွားတဲ့ ခံစားချက်ကို ရှင်းရှင်းလင်းလင်း ခံစားရတယ်။ ဒါ့ပြင် ဟန်ရွှမ်လည်း အဲ့ဒါကို မတွေ့ခဲ့တဲ့အတွက် မှော်အပင်တစ်ပင်ဖြစ်နိုင်ချေရှိတယ်"
မော့ချူးရဲ့စကားတွေ ထွက်လာတဲ့အခါမှာတော့ အဖွဲ့သားအားလုံး အံ့အားသင့်သွားကြသည်။ မမြင်နိုင်တဲ့ မှော်အပင်မျိုးလား? သူတို့အနေနဲ့ ဒီလိုကိစ္စမျိုး တစ်ခါမှ မကြားဖူးဘူး။
သို့ပေမယ့် သေသေချာချာ စဉ်းစားကြည့်လိုက်တဲ့အခါမှာတော့ အဖွဲ့ချုပ်တွင် မှော်အပင် အရေအတွက်ဟာ ဆယ်သန်းကျော်လောက်ရှိသည်။ အမျိုးမျိုးသော သန္ဓေပြောင်းမှုတွေနှင့်အတူ အဲ့ဒီလိုမှော်အပင်မျိုး ပေါ်လာဖို့ဆိုတာ မဖြစ်နိုင်တာမဟုတ်ပေ။
ဒါ့အပြင်၊ မော့ချူးရဲ့ ထင်မြင်ယူဆချက်မှာလည်း ကျိုးကြောင်းဆီလျော်ပြီး သက်သေကလည်း ခိုင်မာသည်။
ပြောရရင်၊ ဒါတွေအားလုံးက ချန်ပိုင်ရဲ့ ကျေးဇူးကြောင့်ပင်။ နှစ်ပတ်လောက်သာကြာပေမယ့် မော့ချူးအတွက် ချန်ပိုင်၏ ဓာတ်ခွဲခန်းထဲရှိ မှောင်အပင်အမျိုးအစားများစွာကို နီးနီးကပ်ကပ် အကွာအဝေးမှ ကြည့်ရှုနိုင်ခဲ့သည်။ သူမက သူတို့ရဲ့ စရိုက်လက္ခဏာများစွာကို စိတ်ထဲမှာ မှတ်သားနိုင်ခဲ့သည်။ ချန်ပိုင်ရဲ့ တိုက်ရိုက်ရှင်းပြချက်များကြောင့် မော့ချူးရဲ့ မှော်အပင်တွေအပေါ် သဘောပေါက်နားလည်မှုဟာ ကောင်းကောင်းကြီးနက်နဲလာသည်။