အပိုင်း ၄၇၆
Vol. 32 Ch. 476
လမ်းတစ်လျှောက်လုံးတွင် သူတို့နှစ်ဦးမှာ အလွန် မျက်စိကျစရာ ဖြစ်နေခဲ့သည်။
ချိုတပ်လင်းပိုင်မှာ မူလကတည်းက မသေးငယ်သည့်အပြင် ဤသတ္တဝါက အလွန်ထင်ပေါ်ကျော်ကြားမှုကို ကြိုက်နှစ်သက်ပုံရသည်။ ထို့ကြောင့် သူသွားလေရာရာတိုင်းတွင် လှိုင်းတံပိုးများထစေမည်မှာ သေချာပြီး ပေါ့ဟိုင်း ပင်လယ်မှ ပင်လယ်သားရဲများစွာကို ပေါ်ထွက်လာစေခဲ့သည်။
ထိုအဖြစ်ကိုမြင်သောအခါ သူတို့ မှင်တက်သွားကြသည်။
'အိုက်ယိုး။ ဒီအကောင်ကြီးရဲ့ ကျောပေါ်မှာ ထိုင်နေတာက ဘာတွေပါလိမ့်။ လူနှစ်ယောက်များလား။'
'အဲ။ ဒါက မဟုတ်သေးပါဘူး။ သူက ဘာလို့ သူတို့ကို မစားတာလဲ။ အဲ့ဒီအစား သူက သူတို့ကို သယ်လာတာလား။ အင်း… ဒီလို အမူအယာပိုတဲ့ကောင်က နေရာတိုင်းမှာ လိုက်ကြွားဖို့ ကြံစည်နေတာများလား။'
ပင်လယ်သားရဲများမှာ တစ်ကောင်ပြီးတစ်ကောင် ခေါင်းများထောင်ထွက်လာကြသည်။
လမ်းတစ်လျှောက်လုံး၌ နျဥ်ယွိယွမ်နှင့် မော့ချူတို့သည် ပင်လယ်သားရဲများစွာ၏ ပူလောင်သော အကြည့်များကို တိတ်တဆိတ် လက်ခံခဲ့ကြရသည်။
ဤပင်လယ်သားရဲအများစုမှာ မျက်နှာသေနှင့် အေးစက်နေကြသော်လည်း သူတို့မှာ စိတ်ရှုပ်ထွေးနေသောအခြေအနေတွင် ရှိနေကြောင်း နျဥ်ယွိယွမ် ပြောနိုင်သေးသည်။
အင်း… မှန်ပေသည်။ သူတို့၏ အမြင်အာရုံအပေါ် သက်ရောက်မှုမှာ လူတစ်ယောက်က ချက်ပြုတ်ပြီးသား ဝက်သားတုံးကြီးနှစ်တုံးကို ကျောပေါ်တွင် သယ်ထားပြီး မစားဘဲ ကြည့်နေသကဲ့သို့ ဖြစ်ပေလိမ့်မည်။ သူတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ ဒီကောင်၏ ဦးနှောက်ထဲတွင် တစ်ခုခုမှားယွင်းနေသည်ဟု သေချာပေါက် တွေးမိကြလိမ့်မည်။
ထင်ရှားသည်က ချိုတပ်လင်းပိုင်မှာ ဤမြင်ကွင်းကို အလွန်ကျေနပ်နေသည်။ သူ၏ မျဉ်းတစ်ကြောင်းမျှသာရှိသော မျက်လုံးများမှာ မမြင်နိုင်တော့လောက်အောင် ပြုံးရယ်နေခဲ့သည်။ သူ့အမြီးကို ဝှေ့ယမ်းလိုက်သည်နှင့် အမြန်နှုန်းမှာ အနည်းငယ် ပိုတိုးလာခဲ့သည်။
ထို့ကြောင့် ချိုတပ်လင်းပိုင်၏ အကူအညီဖြင့် သူတို့သည် တစ်နာရီမပြည့်မီမှာပင် ကမ်းရိုးတန်းသို့ ချဉ်းကပ်လာနိုင်ခဲ့သည်။
ဆယ်မီတာကျော်အကွာတွင် စစ်သားတစ်စုမှာ တိတ်တဆိတ် ထိုင်ချ၍ စောင့်ကြပ်နေကြပြီး သူတို့ မျက်နှာများမှာ အစိမ်းရင့်ရောင် ဆေးများဖြင့် ခြယ်သထားသည်။ သူတို့၏ ကိုယ်ပေါ်မှ အစိမ်းရောင်စစ်ဝတ်စုံများနှင့် ပေါင်းစပ်လိုက်သောအခါ သူတို့သည် သူတို့ကိုယ်များကို နေရာအမှားတွင် နေရာချပြီး ပတ်ဝန်းကျင်ပတ်ဝန်းကျင်နှင့် ကျွမ်းကျင်စွာ ရောယှက်နေရန်အတွက် အသုံးချခဲ့ကြသည်။
အနီးကပ်မကြည့်ပါက ခြားနားချက်ကို ပြောပြနိုင်မည်မဟုတ်ပေ။
ဤအခိုက်အတန့်တွင် သူတို့လည်း ဒေါသထွက်နေကြသည်။ မကြာသေးမီက ဉာဏ်ပညာတိမ်တိုက် ဂလက်စီက ဘာတွေလုပ်ဖို့ ကြိုးစားနေသည်ကို သူတို့မသိသော်လည်း အဖွဲ့ချုပ်နှင့် အဆက်မပြတ် ပဋိပက္ခများ ဖြစ်ပွားနေခဲ့သည်။ ဒါက သေးငယ်သော ကိစ္စရပ်တစ်ခုသာဖြစ်သော်လည်း ဒီအတိုင်းဆက်သွားနေ၍ မဖြစ်ပေ။
အထက်လူကြီးများက ဉာဏ်ပညာတိမ်တိုက် ဂလက်စီဘက်နှင့် သဘောတူညီချက်တစ်ခု ရယူရန် ဆုံးဖြတ်ချက်ချခဲ့ကြသည်။ မင်းတို့ ပြဿနာရှာချင်တယ်ဟုတ်လား။ ကောင်းပြီလေ။ ဒါဆိုရင် လူသိရှင်ကြား စစ်ရေးလေ့ကျင့်မှုတစ်ခု လုပ်ကြရအောင်။ ဒါက မင်းတို့ကို အဖွဲ့ချုပ် နဲ့ မပတ်သက်သင့်ဘူးဆိုတဲ့ သင်ခန်းစာတစ်ခု သင်ပေးလိမ့်မယ်။
ထို့ကြောင့် ဤစစ်ရေးလေ့ကျင့်မှု၏ တည်နေရာကို ဂလက်ဆီနှစ်ခုဆုံရာ ပေါ့ဟိုင်း ပင်လယ်တွင် သတ်မှတ်ခဲ့သည်။
"အ!" မူလက ငြိမ့်ငြောင်းပြီး တိတ်ဆိတ်နေသော အငွေ့အသက်မှာ ရုတ်တရက် ပျက်စီးသွားခဲ့သည်။ ညာဘက်အစွန်ဆုံးတွင် ထိုင်နေသော စစ်သားက အသက်ပြင်းပြင်းရှူလိုက်ရာ သူ့ဘေးမှ စစ်သားအနည်းငယ်က သူ့ဆီသို့ ခေါင်းလှည့်ကြည့်လာကြသည်။
ထိုအဖွဲ့၏ ကပ္ပတိန်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့ခေါင်းကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။ "ဘာလုပ်နေတာလဲ ကောင်လေး။ ဘာလို့ဒီလောက်တောင် လန့်နေရတာလဲ။"
ထိုစစ်သားက မျက်လုံးများပြူးကျယ်သွားပြီး ခေါင်းလှည့်ကာ ဆယ်မီတာကျော်အကွာမှ ပင်လယ်မျက်နှာပြင်ကို တုန်ရီနေသော လက်ချောင်းများဖြင့် ညွှန်ပြလိုက်သည်။
"ဟိုမှာ... ချိုတပ်လင်းပိုင် တစ်ကောင်။"
"အဲ့တော့ ဘာဖြစ်လဲ။”
ကပ္ပတိန်က ပင်လယ်မျက်နှာပြင်ကို ကြည့်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ချိုတပ်လင်းပိုင်မှာ ပျောက်ကွယ်သွားပြီး ပင်လယ်မျက်နှာပြင်မှာ တည်ငြိမ်သွားပြန်သည်။ သူ မျက်နှာပြန်လှည့်လာသောအခါ ကပ္ပတိန်က မျက်နှာမှောင်သွားကာ သူ့ကို စိုက်ကြည့်လိုက်သည်။
“ဘာလို့လဲ။ မင်း အရင်က မမြင်ဖူးဘူးလား။"
"မဟုတ်ဘူး၊ မဟုတ်ဘူး။”
ထိုစစ်သားက အလျင်အမြန် ခေါင်းခါလိုက်သည်။ သူ့ပါးစပ်မှ ထွက်လာသော စကားများက သူ့ကိုပင် အနည်းငယ် ထူးဆန်းသွားစေသည်။ “စောစောက အဲ့ဒီ ချိုတပ်လင်းပိုင် ကျောပေါ်မှာ လူနှစ်ယောက် ထိုင်နေပုံပဲ။"
“ဖွီး..” ထိုစကားကို ကြားသောအခါ သူ့ဘေးမှ စစ်သားများက အသံထွက်ရယ်မောခြင်းကို မထိန်းနိုင်ခဲ့ကြပေ။ သူတို့က နောက်ပြောင်လိုက်ကြသည်။
"မင်းမျက်လုံးတွေက မင်းကို လှည့်စာနေတာများလား။"
'လင်းပိုင်သားရဲကျောပေါ်မှာ လူနှစ်ယောက် ထိုင်နေတယ် ဟုတ်လား?'
လာစမ်းပါ။ လင်းပိုင်သားရဲက ကြယ်ကွန်ယက်ပေါ်တွင် ရောင်းချသော အန္တရာယ်မရှိသည့် အိမ်မွေးတိရစ္ဆာန်တစ်ကောင်ဟု ထင်နေသည်လား။ လူတွေက ထိုကောင်၏ ကျောပေါ်တွင် စီးနင်းနိုင်သည်ဟု ထင်နေသည်လား။ ထိုအကောင်ကြီးမှာ ပင်လယ်၏ အရှင်သခင်ဖြစ်သည်။ သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ အားကောင်းပြီး သူ၏ ခုခံကာကွယ်နိုင်မှုမှာလည်း မဆိုးပေ။ အထူးသဖြင့် သူ၏ ချွန်ထက်သောသွားများက လူများကို တစ်ကိုယ်လုံး ဝါးစားမျိုချနိုင်သည်။
"မင်း ဒီမှာနေတာ တစ်ရက်ပဲရှိသေးတယ်၊ မင်းမျက်လုံးတွေ မှောက်နေပြီ။” ကပ္ပတိန်က ငေါက်လိုက်သည်။ “လေ့ကျင့်မှုတွေ အရမ်းနည်းနေသေးပုံရတယ်။ ကောင်းပြီ၊ ဒီစစ်ရေးလေ့ကျင့်မှုကနေ ပြန်လာရင် လေ့ကျင့်ခန်းတွေကို နှစ်ဆတိုးမယ်။ အဲ့ဒီအခါကျရင် မင်း ဒီလို အဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောတော့မှာ မဟုတ်ဘူး။"
"မလုပ်ပါနဲ့။"
ထိုစကားကို ကြားသောအခါ စစ်သားမှာ မျက်ရည်များပင် ကျလုမတတ် ဖြစ်သွားသည်။ သို့သော် သူ၏ ကပ္ပတိန်၏ မျက်နှာမည်းကြီးနှင့် ရင်ဆိုင်ရသောအခါ သူ အမှန်တကယ်ပင် အလျှော့ပေး၍ မတောင်းဆိုရဲတော့ပေ။ အဆုံးတွင် သူသည် ဤမကျေနပ်မှုကို တိတ်တဆိတ်သာ မျိုချလိုက်ရသည်။
သူသည် သူ့နှလုံးသားထဲတွင် သူ့ကိုယ်သူ ကျိန်ဆဲမိသည်။ 'ကြည့်ဦး၊ မင်းကို ဘယ်သူက ဒီလိုပါးစပ်ကျယ်ခိုင်းလို့လဲ။ မင်းသာ မပြောခဲ့ရင် အရာအားလုံး အဆင်ပြေနေမှာ မဟုတ်ဘူးလား။ ခုတော့ ကောင်းရော။ လေ့ကျင့်ခန်း နှစ်ဆတိုးလိုက်တော့ သူက သနားစရာ အရိုးစုတစ်စု ဖြစ်သွားတော့မှာပဲ။'
သို့သော် ထိုစစ်သား၏ အနှောင့်အယှက်ပေးမှုကြောင့် လေးနက်သော အငွေ့အသက်မှာ ပျက်ပြားသွားပြီး လူတိုင်း စကားစပြောလာကြသည်။
သူတို့သည် ဉာဏ်ပညာတိမ်တိုက် ဂလက်စီမှ လူများနှင့် တစ်ကြိမ်တိုက်ခိုက်ခဲ့ပြီးဖြစ်သော်လည်း သူတို့မှာ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့သည်။ သို့မဟုတ်လျှင် သူတို့သည် ဤနေရာတွင် နေ၍ ခုခံကာကွယ်ရန် လိုအပ်မည်မဟုတ်ပေ။
"ပြောရရင် ဒီတစ်ခေါက် ငါတို့လွှတ်လိုက်တဲ့ တပ်မှူးက တကယ်မတော်ဘူး။ သူက တစ်ဖက်လူရဲ့ အခြေအနေကိုတောင် မသိဘဲနဲ့ ငါတို့လူတွေကို လက်ဦးမှုယူခိုင်းတယ်။ ရုတ်တရက် ငါတို့လူတွေရဲ့ သုံးပုံတစ်ပုံလောက် ရှုံးသွားတာ မဟုတ်ဘူးလား။" စစ်သားတစ်ဦးက စုပ်သပ်လျက် သက်ပြင်းချလိုက်သည်။ ဤပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ တရားဝင်တိုက်ပွဲနှင့် မယှဉ်နိုင်သောကြောင့် အသက်ဆုံးရှုံးရသည့်အထိ မဟုတ်သော်လည်း ဤကဲ့သို့ ရှုံးနိမ့်ပြီးနောက် သူတို့နှလုံးသားထဲတွင် ကြောက်ရွံ့မှုကို ခံစားနေရဆဲဖြစ်သည်။
နောက်စစ်သားတစ်ဦးကလည်း ခေါင်းညိတ်လိုက်ပြီး သူ့မျက်လုံးများတွင် တမ်းတမှု အရိပ်အယောင်တစ်ခု ရှိနေသည်။
"ဟုတ်တယ်။ အရင်တုန်းက ဗိုလ်ချုပ်ကြီးနျဥ် ငါတို့ကို ဦးဆောင်ပြီး တိုက်ပွဲဝင်ခဲ့တုန်းက တကယ်ကို ကျေနပ်စရာကောင်းခဲ့တာ။ ငါ ရှုံးနိမ့်မှုအရသာကို တစ်ခါမှ မမြည်းစမ်းဖူးဘူး။ ဒီတပ်မှူးစုန့်ကတော့ တကယ်ကို အခုထိ နည်းနည်းလိုနေသေးတယ်။"
"တကယ်လား။"
ဘေးနားမှ စစ်သားမှာ လွန်ခဲ့သောတစ်နှစ်ကမှ ဝင်ရောက်ခဲ့သူဖြစ်သည်။ သူ လေးစားရသူ၏ အမည်ကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်း လန်းဆန်းတက်ကြွလာသည်။ သူက အလွန်စိတ်လှုပ်ရှားစွာဖြင့် ခေါင်းမော့လိုက်ပြီး သူ့မျက်ခုံးများမှာ တွန့်ကွေးနေသည်။
သူသည် စစ်တပ်သို့ ဝင်ရောက်ခဲ့သည်မှာ အချိန်အလွန်တိုတောင်းသေးသည်။ ယုတ္တိတန်စွာပြောရလျှင် သူသည် ဤသို့သော အဆင့်မြင့်စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခွင့်မရသင့်ပေ။
သို့သော် ဒီကောင်လေးမှာ နားပါး၊ မျက်စိလျှင်ပြီး တုံ့ပြန်မှုမြန်ဆန်သည်။ ထို့အပြင် သူ၏ စစ်ရေးစွမ်းရည်မှာလည်း မဆိုးပေ။ စစ်တပ်က ဒီကောင်လေးကို အသင်းထဲသို့ ခြွင်းချက်အနေဖြင့် လက်ခံခဲ့သည်။
သို့သော် သူသည် ဤအဖွဲ့သို့ ဝင်ရောက်ခဲ့သည်မှာ အလွန်တိုတောင်းသေးသောကြောင့် နျဥ်ယွိယွမ် ဦးဆောင်သည့် စစ်တပ်၏ ဩဇာကြီးမားသောခေတ်ကို သူ မကြုံဖူးခဲ့ပေ။ သူသည် ဤဗိုလ်ချုပ်ကြီးအကြောင်း ကြားဖူးရုံသာရှိပြီး တစ်ခါမှ မမြင်ဖူးခဲ့ပေ။
"ဟုတ်တယ်။” ဤမေးခွန်းကို ထုတ်မေးလိုက်သောအခါ အခြားစစ်သားများ၏ မျက်နှာအမူအရာများမှာလည်း ပြောင်းလဲသွားကြသည်။ သူတို့၏မျက်နှာများမှာ တောက်ပမှုတစ်လွှာ ဖုံးလွှမ်းနေပုံရပြီး သူတို့၏ မျက်နှာများမှာ မဖုံးကွယ်နိုင်သော လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်နေသည်။
“ကောင်လေး၊ ငါ မင်းကိုပြောပြမယ်၊ ဗိုလ်ချုပ်ကြီးနျဥ် သာ ရှိနေရင် ငါ့နှလုံးသားက ယိမ်းယိုင်မှာမဟုတ်ဘူး။ တခြားဘာမှမပြောနဲ့၊ လွန်ခဲ့တဲ့နှစ်အနည်းငယ်က တိုက်ပွဲကိုပဲကြည့်၊ ငါတို့ရဲ့စစ်အင်အားက ပြိုင်ဘက်ရဲ့တစ်ဝက်ပဲရှိတယ်။ အဆုံးမှာ ဘာဖြစ်သွားလဲ ခန့်မှန်းကြည့်။ ငါတို့ လှလှပပ အနိုင်ရခဲ့တုန်းပဲ။ ဒါပေမယ့် စိတ်မကောင်းစရာကတော့..."
စကားအဆုံးတွင် စစ်သားအနည်းငယ်၏ မျက်နှာပေါ်မှ အပြုံးများမှာ ပျောက်ကွယ်သွားခြင်းကို မထိန်းနိုင်ခဲ့ပေ။
"ဗိုလ်ချုပ်ကြီးနျဥ် အာကာသအက်ကွဲကြောင်းထဲ ကျသွားတာ တစ်နှစ်နီးပါးရှိပြီ... အဆုံးမှာတော့ သတင်းအစအနတောင် မကြားရသေးဘူး..."
"ဘာကို ကြောက်နေတာလဲ”စောစောက လန့်သွားသော စစ်သားက ရင်ကော့လိုက်ပြီး သေချာသော အကြည့်ဖြင့် ပြောလိုက်သည်။ “ ဗိုလ်ချုပ်ကြီးနျဥ်က အရမ်းစွမ်းတာပဲ။ ဖြစ်နိုင်တာက သူ အခုလောက်ဆို ပြန်ရောက်နေလောက်ပြီ မဟုတ်ဘူးလား။"
ဤအခိုက်အတန့်တွင် ဤစစ်သားမှာ သူ့စကားများက မှန်ကန်နေသည်ကို မသိခဲ့ပေ။
"တော်လောက်ပြီ။ မင်းတို့တွေ တော်တော် တက်ကြွနေကြတာပဲ။”ကပ္ပတိန်က သူ့အဖွဲ့ဝင်များကို စိုက်ကြည့်လိုက်ပြီး မျက်နှာမည်းသွားသည်။ “မင်းတို့ရဲ့တာဝန်က ဆေးဆိုးအလုပ်ရုံကို စောင့်ကြပ်ဖို့ပဲ။ မြန်မြန်လုပ်ပြီး စောင့်ကြည့်နေ။ တစ်ခုခုဖြစ်သွားရင် ငါတို့ တာဝန်မယူနိုင်ဘူး။"
ထိုစကားကို ကြားသောအခါ အခြားစစ်သားများမှာ သူတို့၏ မျက်နှာအမူအရာများကို ထိန်းချုပ်လိုက်ကြသည်။ ရယ်မောစကားပြောနေသော အငွေ့အသက်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ လူတိုင်း ချက်ချင်းပင် ခေါင်းလှည့်ကာ တောက်ပသောမျက်လုံးများဖြင့် ရှေ့သို့ စိုက်ကြည့်နေကြသည်။
"ဟုတ်ကဲ့။"
ဘေးနားမှ ကပ္ပတိန်မှာ အနည်းငယ် မှင်တက်နေမိသည်။ သူ ခန့်မှန်းရသလောက် တပ်မှူးစုန့် မှာ ကြာကြာမနေနိုင်တော့ပေ… မည်သို့ပင်ဆိုစေကာမူ နှစ်ဖက်စလုံးက ကိုယ်စီ တစ်ဖက်နှင့် တစ်ဖက် ထိုးနှက်ပြီးသွာပြီဖြစ်ကာ သူကလည်း သူ့လူများစွာကို ဆုံးရှုံးခဲ့ရပြီဖြစ်သည်။ ဒါက မျက်နှာချင်းဆိုင်ရင်ဆိုင်ဖို့ရာအတွက် ကြီးမားလွန်းသော ဆုံးရှုံးမှုတစ်ခုပင် မဟုတ်ပါလား။
အထက်လူကြီးများက သူ့ကို စစ်ရေးလေ့ကျင့်မှုကို ဆက်ကွပ်ကဲခွင့်ပေးနိုင်သေးသည်လား။ ဒါသူက ဘယ်ဘက်ပါးကို အရိုက်ခံရပြီးနောက် ညာဘက်ပါးကို နာခံစွာ ထိုးပေးနေခြင်းမဟုတ်ပါလား။
သို့သော် ဤမတိုင်မီက သူသည် တပ်မှူးစုန့်၏ စစ်ရေးကျော်ကြားမှုမှာ မဆိုးကြောင်း အထူးတလည် သွားနားထောင်ခဲ့သည်။ သူသည် ကြယ်ကွန်ယက်ပေါ်မှ တပ်မှူးအဖြစ် အမိန့်ပေးခဲ့သော တိုက်ပွဲများစွာတွင် လှလှပပ အနိုင်ရခဲ့သည်။ အဆုံးတွင် သူသည် ဗိုလ်ချုပ်ကြီးနျဥ်နှင့် နှိုင်းယှဉ်၍မရပေ… သက်ပြင်းချရင်း ကပ္ပတိန်မှာ သူ့စိတ်ကူးများကို ဆက်ပုံမဖော်ဝံ့တော့ပေ။ သူသည် သူ့အာရုံကို တစ်ဖက်ခြမ်းသို့ အလျင်အမြန် စုစည်းလိုက်သည်။