← Chapters

အခန်း (၅၈၀)

Vol. 39 Ch. 580

အခန်း (၅၈၀)

Vol. 39 Ch. 580

"ဒီစက်ရုပ်က ဘာများ ကောင်းလို့လဲ!”

ချူးလေး၏ ရင်ခွင်ထဲရှိ စက်ရုပ်ကို မြင်သည့်အခါ နျဥ်ယွိယွမ် နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ၎င်း၏ ချို့ယွင်းချက်များကို ထောက်ပြလိုက်သည်။

“ပရိုဂရမ်ကလည်း ခေတ်နောက်ကျနေတာပဲ! လှုပ်ရှားမှုကလည်း သိပ်မသွက်ဘူး! စွမ်းအင်ခံနိုင်ရည်ကလည်း မကောင်းဘူး..."

"ဒါပေမဲ့ သူက အရမ်းချစ်စရာကောင်းတယ်လေ!"

... ကောင်းပြီ၊ ဒီအချက်ကပင် ဒီစက်ရုပ်အုပ်စု ဤနေရာတွင် ဆက်ရှိနေနိုင်သည့် အကြောင်းအရင်း ဖြစ်ပေလိမ့်မည်။

စစ်ဆေးမှု လာရောက်ပြုလုပ်သော အမျိုးသမီးများ၏ စိုးရိမ်ပူပန်မှုကို လျှော့ချပေးနိုင်သည်ဟုလည်း ဆိုကြသည်။

သို့သော်လည်း နျဥ်ယွိယွမ် မျက်မှောင်ကြုတ်ကာ ဘေးမှနေ၍ ကြည့်လိုက်သည်။ ဤကဲ့သို့ ရှုပ်ပွနေသော အရာက လူတို့၏ စိတ်ခံစားချက်ကို သက်သာစေနိုင်သည်ဆိုသည်မှာ ဟုတ်ပါ့မလား။ သူတို့ လုံးဝ နားမလည်နိုင်သည်မှာ အမှန်ပင်။

မော့ချူးသည် တိတ်တဆိတ် လက်လှမ်းကာ စက်ရုပ်၏ အမွှေးအမျှင်များကို ကိုင်တွယ်ကြည့်လိုက်သည်။ 'ဝါး... တကယ်ကို ကိုင်လို့ကောင်းလိုက်တာ။' လက်တွေ့ထိတွေ့မှုအရဆိုလျှင် သူက စက်ပစ္စည်းတစ်ခုဟုပင် မထင်ရပေ။

"အော် ဒါနဲ့ P115၊ ကျွန်မ မျိုးရိုးဗီဇ စစ်ဆေးဖို့ လျှောက်ထားချင်တယ်"

"အခုချက်ချင်း စစ်ဆေးမှာလား၊ ဒါမှမဟုတ် ကြိုတင်ချိန်းဆိုထားမှာလား" P115 သည် လုပ်ငန်းကျွမ်းကျင်သူပီပီ မေးမြန်းလိုက်သည်။

"အခုချက်ချင်းပဲ"

"ကောင်းပါပြီ၊ ခဏလောက် စောင့်ပေးပါ"

P115 ၏ မျက်လုံးများမှာ အနည်းငယ် တောက်ပသွားသည်။ ၎င်းက မော့ချူး၏ မျက်နှာကို ဦးစွာ စကင်ဖတ်လိုက်ပြီးနောက် ကြယ်ကွန်ယက် ဒေတာဘေ့စ်မှ သူမ၏ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးလိုက်သည်။ နောက်ဆုံးတွင် အတည်ပြုပြီးနောက် လျှောက်လွှာကို တင်သွင်းလိုက်ရာ ဤလုပ်ငန်းစဉ်များအားလုံးမှာ စက္ကန့်ဝက်ပင် မကြာလိုက်ပေ။

‘ကပ်စ်’ ဟူသော အသံနှင့်အတူ သူ၏ ပါးစပ်ထဲမှ ဘောက်ချာတစ်ခု ထွက်ပေါ်လာသည်။

မော့ချူး လက်လှမ်း၍ ဆွဲယူလိုက်သည်။

ဘောက်ချာ၏ ထိပ်ဆုံးတွင် အမှတ်စဉ်နံပါတ် ‘၄’ ကို ကြီးကြီးမားမား ဖော်ပြထားသည်။ ၎င်း၏ အောက်တွင် သူမ၏ ကိုယ်ရေးအချက်အလက်များ ပါရှိသည်။

"အမှတ်စဉ်နံပါတ် ခေါ်သံကြားရင် စစ်ဆေးရေးအခန်းထဲကို တစ်ယောက်တည်း ဝင်သွားပေးပါ။”

P115 ၏ မျက်နှာမှာ ထက်မြက်သော ပုံစံမျိုး ပေါက်နေသည်။ “စစ်ဆေးမှုရလဒ်က ၅ မိနစ်အတွင်း ထွက်လာပါလိမ့်မယ်"

"ကောင်းပြီလေ" မော့ချူးက ခေါင်းညိတ်ပြလိုက်ပြီး ရှေ့ရှိ စစ်ဆေးရေးအခန်းဆီသို့ လှမ်းသွားလိုက်သည်။

ယနေ့ စစ်ဆေးရေး စင်တာသို့ လာရောက်သူ အတော်အတန် များပြားသည်။ သူတို့အနက် အများစု၏ အကြည့်မှာ မော့ချူး၊ နျဥ်ယွိယွမ်နှင့် သူတို့နောက်မှ လူများအပေါ်သို့ ကျရောက်သွားသည့်အခါ သိသိသာသာပင် အံ့အားသင့်သွားကြသည်။

ထို့နောက် ဆွေးနွေးငြင်းခုံသံများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

"နေပါဦး၊ ငါပဲ မျက်စိမှားတာလား။ အဲ့ဒါ မော့ချူး မဟုတ်လား"

"ဟုတ်တယ်၊ ဟုတ်တယ်! မော့ချူးပဲ။ သူ့နောက်မှာ နျဥ်ယွိယွမ်၊ မိုးကျရွှေကိုယ်စုန့်တို့လည်း ပါတယ်!"

မူလက အတော်လေး စိုးရိမ်နေကြသော မိန်းကလေးများမှာ သူတို့၏ အိုင်ဒေါကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။ အချို့မှာ သိစိတ်ကပင် ဆံပင်များကို ပြန်လည်ပြင်ဆင်လိုက်ကြပြီး မျက်နှာတွင်လည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

"မြန်မြန် ကြည့်ပေးပါဦး။ ငါ့မိတ်ကပ်တွေ ပျက်နေပြီလား"

သူတို့၏ အိုင်ဒေါရှေ့တွင် မည်သို့မျက်နှာပျက်ခံနိုင်ပါမည်နည်း။

"ရှုးရှုး... ငါသာ ဒီလိုဖြစ်မယ်မှန်း သိရင် ဒီနေ့ အဲ့ဒီပန်းပွင့်ဂါဝန်လေးကို ဝတ်လာခဲ့မှာ!"

အချို့ကလည်း အခြေအနေကို သတိပြုမိသွားကာ ပြောလိုက်သည်။

"အင်း... ဟုတ်သားပဲ! ချူးလေးက ငါတို့နဲ့ အသက်အတူတူပဲ ဖြစ်ရမှာ!"

တောက်... ဤအချက်ကို သတိရသွားသည့်အခါ စိတ်ထဲတွင် ချက်ချင်းပင် ခံပြင်းသွားရသည်။

... သူတို့တွေအကုန်လုံးက လူကြီးဖြစ်စပဲရှိသေးတာကို ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ။

ထို့ကြောင့် မော့ချူးနှင့် ကျန်ရှိသူများ လှမ်းလျှောက်သွားသမျှ နေရာတိုင်းတွင် သူတို့အုပ်စုမှာ အံ့အားသင့်မှု လှိုင်းတံပိုးများကို ဖြစ်ပေါ်စေခဲ့သည်။

"ဟင်း... ချူးလေး ဘယ်အဆင့်လောက် ရမယ်လို့ ထင်ကြလဲ"

"ဟားဟား! ခန့်မှန်းနေဖို့ လိုသေးလို့လား? သူက အဆင့် A ရမှာ သေချာပေါက်ပဲ!" မော့ချူး၏ အသည်းစွဲပရိသတ်တစ်ဦးက ဤခေါင်းစဉ်အောက်တွင် ချက်ချင်းပင် ပါဝင်လာသည်။ သူ၏ မျက်နှာမှာ သဘာဝကျလှပြီး မျက်လုံးများမှာလည်း တောက်ပနေသည်။ "အဆင့် S တောင် ဖြစ်နိုင်သေးတယ်!"

"ဟုတ်တယ်၊ ဟုတ်တယ်၊ ဖြစ်နိုင်တယ်!"

"ငါနဲ့ ချူးလေးက စက်တစ်လုံးတည်းကို သုံးနေရတယ်လို့ တွေးမိတာနဲ့တင် ဘာကြောင့်မှန်းမသိ စိတ်လှုပ်ရှားနေမိတာ။ ဘာဖြစ်လို့ပါလိမ့်"

"ဒါနဲ့ ငါတို့ သွားပြီး ချူးလေးတို့ဆီကနေ လက်မှတ်တောင်းပြီး ဓာတ်ပုံအတူတူ ရိုက်ကြမလား?"

...

သို့သော်လည်း မကြာမီမှာပင် လူတိုင်း၏ အာရုံစိုက်မှုမှာ မော့ချူးတို့အုပ်စုထံမှ လွှဲဖယ်သွားခဲ့သည်။

“ဟင့် ဟင့်..” စစ်ဆေးရေးအခန်းထဲမှ ထွက်လာသော မိန်းကလေးတစ်ဦးမှာ ငိုလျက် ထွက်ပြေးသွားသဖြင့် လူအများ၏ အာရုံစိုက်မှုကို သိသိသာသာ ရရှိသွားခဲ့သည်။

ခဏတာမျှသာ မြင်လိုက်ရခြင်းဖြစ်သော်လည်း လူတိုင်းမှာ မျက်ရည်များဖြင့် ပေကျံနေသော သူမ၏ မိတ်ကပ်များကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူမ၏ မျက်လုံးများမှာ သွေးအလင်းသားရဲကောင်၏ မျက်လုံးများထက်ပင် ပို၍ နီမြန်းနေသည်။ သူမ မည်မျှအထိ ဝမ်းနည်းပန်းနည်း ငိုနေသည်ကို ခန့်မှန်းနိုင်ပေသည်။

"ဒါ E rank ဖြစ်နေလို့များလား"

"သူမ တော်တော်လေးကို ဝမ်းနည်းပန်းနည်း ငိုနေတာပဲနော်"

လူတိုင်းက တစ်ယောက်တစ်ပေါက် ပြောဆိုနေကြပြီးနောက် မျက်နှာပြင်ပေါ်ရှိ ပြသချက်ကို လှည့်ကြည့်လိုက်ကြသည်။ "ချန်းချန်း မျိုးရိုးဗီဇအဆင့်၊ D အဆင့်။"

"ကျစ်.. လန့်သွားတာပဲ။ သူက D rank ရလို့ကို ဒီလောက်တောင် ဖြစ်နေတာလား"

"ဟုတ်ပါ့၊ သူငိုနေတာကိုလည်း ကြည့်ဦး..."

အဖွဲ့ချုပ် အမျိုးသမီးများအကြားတွင် D rank မှာ အလွန်တွေ့ရများသော အဆင့်ဖြစ်သည်။ သုံးပုံနှစ်ပုံခန့်မှာ ဒီအဆင့်ရှိကြသည်။

D rank အထက်တွင်ရှိသော C rank နှင့် B rank တို့မှာမူ ပို၍ ရှားပါးပြီး တန်ဖိုးရှိကြသည်။ မျိုးရိုးဗီဇအဆင့် A ရရှိသော အမျိုးသမီးများမှာမူ အဖွဲ့ချုပ်၏ ဒေတာဘေ့စ်တွင် ‘အရေးကြီးသော စောင့်ရှောက်ရမည့် ပစ်မှတ်များ’ အဖြစ် သတ်မှတ်ခြင်း ခံရသည်။

"ချန်းချန်း၊ ခဏစောင့်ပါဦး..."

သို့သော်လည်း လူတိုင်း၏ သံသယများမှာ မကြာမီမှာပင် ပြေလည်သွားခဲ့သည်။

သူမနောက်မှ လိုက်ပါလာသော ဇနီးမောင်နှံမှာ ထိုမိန်းကလေး၏ မိဘများ ဖြစ်ဟန်တူသည်။

ထိုနှစ်ဦးစလုံးမှာလည်း မျက်မှောင်ကြုတ်နေကြပြီး အထူးသဖြင့် မိခင်ဖြစ်သူ၏ မျက်နှာတွင် မျက်ရည်စများဖြင့် ဖုံးလွှမ်းနေသည်။

ယခုအချိန်တွင် သူမသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ အပြေးအလွှား လျှောက်သွားရင်း ဇဝေဇဝါဖြင့် ရေရွတ်နေသည်။

"ဒါက ဘယ်လိုဖြစ်ရတာလဲ။ သူ့အဖေနဲ့ ငါနဲ့က နှစ်ယောက်လုံး B rank တွေလေ။ ဒီကလေးက ဘာလို့ D rank ထိ ဆင်းသွားရတာလဲ"

'အော်...' ဤအချိန်ကျမှသာ လူတိုင်း နားလည်သွားကြတော့သည်။

ယေဘုယျအားဖြင့် မျိုးရိုးဗီဇအဆင့် မြင့်မားသော မိဘများမှ မွေးဖွားလာသော ကလေးများမှာ အဆင့် သိပ်မနိမ့်တတ်ကြပေ။ အများစုမှာ တူညီသော အဆင့်တွင် ရှိတတ်ကြသည်။ အဆင့်ကျဆင်းသွားလျှင်ပင် အများဆုံး တစ်ဆင့်သာ ကျဆင်းတတ်သည်။

သို့သော် ဤမိန်းကလေးမှာမူ အလွန်ပင် သနားစရာကောင်းလှသည်။ သူမမှာ B rank မှ D rank အထိ ကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။

ဒါက ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပေသည်။

"မျိုးရိုးဗီဇအဆင့်က အဲ့လောက်တောင် အရေးကြီးလို့လား" မော့ချူး မျက်မှောင်အနည်းငယ် ကြုတ်လျက် မေးလိုက်သည်။

ဤအဆင့်အပေါ် လူတိုင်း၏ ရူးသွပ်မှုကို သူမ အရင်ကတည်းက သိထားသော်လည်း ယခုလက်တွေ့ မြင်လိုက်ရသည့် အခြေအနေက သူမ၏ အာရုံခံစားမှုကို တစ်ဖန် အသစ်ဖြစ်စေခဲ့သည်။

စောစောက မိန်းကလေး၏ ပုံစံကို ကြည့်ရသည်မှာ ဘဝကို လုံးဝလက်လျှော့လိုက်သည့် ပုံစံမျိုးပင်!

“ဒါပေါ့!” ချင်ယွဲ့သည် သဘာဝကျလှသော ကိစ္စတစ်ခုကဲ့သို့ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက မော့ချူး အတွက် ဤအဆင့်များအကြား ကွာခြားချက်များကို စတင်ရေတွက်ပြတော့သည်။

"ပထမဆုံးအနေနဲ့ မတူညီတဲ့ မျိုးရိုးဗီဇအဆင့်တွေက အစိုးရဆီကနေ မတူညီတဲ့ ခံစားခွင့်တွေကို ရကြတယ်"

"ရိုးရှင်းတဲ့ ဥပမာတစ်ခု ပေးရရင် အဆင့် A ရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ လစဉ် လစာအဖြစ် ဖက်ဒရယ်ဒင်္ဂါး ၁၀,၀၀၀ ကို အလကား ရတယ်။ အဆင့် B နဲ့ အဆင့် C တို့ကတော့ အစဉ်လိုက် လျော့နည်းသွားတာပေါ့။ အဆင့် D အတွက်ကတော့ ဒီလို မူဝါဒမျိုး လုံးဝမရှိဘူး။ ပြီးတော့ အဆင့် E အောက်က အမျိုးသမီးတွေဆိုရင် အစိုးရကို အခွန်တောင် ပြန်ပေးဆောင်ရဦးမှာ"

... ဘာ?!

မော့ချူး၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူမ၏ ကမ္ဘာကြီးကို မြင်သည့်အမြင်မှာ တစ်ဖန် အသစ်ဖြစ်သွားပြန်သည်။

'အဆင့် A အမျိုးသမီးတစ်ယောက်၏ ခံစားခွင့်က ဒီလောက်တောင် ကောင်းတာလား'

'ဘာမှမလုပ်ဘဲ လစဉ် ငွေအမြောက်အမြား ရနေမှာလား'

"ဟုတ်တယ်၊ အဲ့ဒီလိုပဲ!”

ချင်ယွဲ့သည် မော့ချူး၏ စိတ်ထဲမှ အံ့အားသင့်မှုကို သိမြင်နေသည့်အလား လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။ “ပြီးတော့ တခြား မမြင်ရတဲ့ အခွင့်အရေးတွေဆိုရင်လည်း အဆင့် C အထက် အမျိုးသမီးတွေကိုပဲ ခွင့်ပြုပေးတာ"

'တောက်... ဒါက ခွဲခြားဆက်ဆံတာပဲ!'

'လုံးဝကို ခွဲခြားဆက်ဆံတာ!'

မော့ချူး နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။

ချင်ယွဲ့သည် နောက်ဆုံးတွင် အဓိကအချက်ကို ပြောလိုက်သည်။

"အရေးအကြီးဆုံးကတော့ အိမ်ထောင်ရေးပဲ။ မင်းသိထားရမှာက မျိုးရိုးဗီဇအဆင့် မြင့်မားတဲ့ အမျိုးသမီးတွေဟာ အိမ်ထောင်ပြုတဲ့အခါ ရွေးချယ်စရာတွေ ပိုများတယ်။ ဆန့်ကျင်ဘက်အနေနဲ့ အဆင့်နိမ့်တဲ့ အမျိုးသမီးတွေကတော့ ဒီကိစ္စမှာ ကန့်သတ်ချက်တွေ ပိုများတယ်"

'အရမ်းကောင်းတာပဲ!'

ချင်ယွဲ့၏ ရှည်လျားသော ရှင်းပြချက်အပြီးတွင် မော့ချူး နောက်ဆုံး၌ နားလည်သွားခဲ့သည်။

မျိုးရိုးဗီဇအဆင့် မြင့်မားသော အမျိုးသမီးများမှာ အစိုးရဖြစ်စေ၊ တစ်ဦးတစ်ယောက်ချင်းစီဖြစ်စေ လူတိုင်းက နှစ်သက်ကြသော ပေါက်စီမွှေးမွှေးလေးများကဲ့သို့ ဖြစ်နေခြင်းပင်။ သို့သော် အဆင့်နိမ့်သော အမျိုးသမီးများမှာမူ ထိုကဲ့သို့ ခံစားခွင့်မျိုး ရရှိနိုင်မည်မဟုတ်ပေ။

"တကယ်တော့ အဓိက အကြောင်းရင်းက အဖွဲ့ချုပ်မှာ ကလေးမွေးဖွားနှုန်း အလွန်နည်းပါးနေလို့။ မနှစ်က စာရင်းဇယားတွေအရ ၁,၀၀၀ မှာ ၁ ယောက်ပဲ ရှိတယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ မိဘတွေရဲ့ အဆင့်မြင့်လေလေ၊ အချိုးအစားက ၁ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်လေပဲ။ ဒါကြောင့်လည်း အစိုးရက အမျိုးသမီးတွေရဲ့ မျိုးရိုးဗီဇအဆင့်ကို မဖြစ်မနေ စစ်ဆေးခိုင်းပြီး ဒီလို မူဝါဒတွေကို ချမှတ်ထားတာ"

နျဥ်ယွိယွမ်က လှမ်း၍ မော့ချူး၏ ခေါင်းကို ပွတ်သပ်လိုက်ပြီး အရေးအကြီးဆုံး အချက်ကို ပြောပြလိုက်သည်။

“ဒါပေမယ့်...” နျဥ်ယွိယွမ်က ပြောရင်း လေသံပြောင်းကာ မော့ချူး၏ ပုခုံးကို ဆုပ်ကိုင်လျက် ညင်သာစွာ ပြောလိုက်သည်။ “ဘာမှ စိတ်ဖိစီးမနေနဲ့နော်။ ရလဒ်က ဘာပဲထွက်ထွက် ကိုယ်ကတော့ မင်းအပေါ် အမြဲတမ်း... အမြဲတမ်း အရင်လိုပဲ ဆက်ဆံမှာပါ!"

အခြားမိသားစုများအတွက်မူ မျိုးရိုးဗီဇအဆင့်မှာ ဇနီးတစ်ယောက်အဖြစ် သင့်တော်ခြင်း ရှိမရှိ စဉ်းစားရာတွင် အရေးအကြီးဆုံး အချက်ဖြစ်ပေလိမ့်မည်။ သို့သော် သူ၏အတွက်မူ တစ်ဦးတည်းသော ရွေးချယ်မှုမှာ မော့ချူးသာ ဖြစ်သည်။ မော့ချူး တစ်ယောက်တည်းပင်။

မော့ချူး နှာမှုတ်လိုက်ပြီး ယုံကြည်ချက်အပြည့်ဖြင့် မျက်ခုံးပင့်ကာ ပြောလိုက်သည်။"ရှင်သာ ကျွန်မကို အမြင်မကြည်ရဲလို့ကတော့၊ ရှင့်ကို အရင်ဆုံး ကန်ထုတ်ပစ်မှာ!"

မျိုးရိုးဗီဇအဆင့်က ဘာမှမဟုတ်ပါဘူး! ဒါမရှိလည်း သူမ အဆင်ပြေပြေ နေနိုင်ပါသေးသည်။

"ဟုတ်တယ်!" ညီမလေးကို အစွမ်းကုန်ချစ်သော မော့ယန်က ချူးလေး အတွက် ချက်ချင်း ထောက်ခံအားပေးလိုက်သည်။

အမှန်စင်စစ် သူသည်လည်း ညီမဖြစ်သူ၏ အဆင့်ကို ဂရုမစိုက်ပေ။ သို့သော်လည်း နျဥ် မိသားစုက ဤအချက်ကြောင့် ချူးလေး အပေါ် တစ်စုံတစ်ရာ ကန့်ကွက်မှုရှိလာပါက သူ ငြိမ်ခံနေမည်မဟုတ်ပေ။

"ကဲပါ၊ အခုလောလောဆယ်တော့ တစ်ယောက်နဲ့တစ်ယောက် မုန်းသွားလို့ မဖြစ်သေးဘူး”

မိုးကျရွှေကိုယ်စုန့်က တဟားဟား ရယ်မောလိုက်သည်။ သူက မော့ချူး၏ ပုခုံးကို ပုတ်ကာ မျက်နှာပြင်ကို လှမ်းကြည့်လိုက်သည်။ “မင်းအလှည့် ရောက်တော့မယ် ထင်တယ်"

ဟုတ်ပေသည် !

စုန့်ချင်းစုန့် စကားပြောပြီးသည်နှင့် အေးစက်စက် အီလက်ထရောနစ် အသံ ထွက်ပေါ်လာသည်။

"နံပါတ် ၄၊ မော့ချူး၊ စစ်ဆေးမှုပြုလုပ်ဖို့ စစ်ဆေးရေးအခန်းထဲကို အခုချက်ချင်း ကြွပါ"

"သွားလေ" နျဥ်ယွိယွမ်၊ မော့ယန်နှင့် ကျန်ရှိသူများက ချူးလေးကို ခေါင်းညိတ်ပြလိုက်ကြသည်။ မျိုးရိုးဗီဇ စစ်ဆေးခြင်းကို တစ်ဦးတည်းသာ ပြုလုပ်နိုင်သဖြင့် သူတို့ကဲ့သို့ မိသားစုဝင်များမှာ အပြင်တွင်သာ စောင့်ဆိုင်းနေခဲ့ရသည်။

"အင်း၊ စောင့်နေကြဦးနော်!" မော့ချူး ပြုံးလျက် ခေါင်းညိတ်ပြပြီး ရှေ့သို့ လှမ်းထွက်သွားခဲ့သည်။

ထိုအဖြစ်ကို မြင်သည့်အခါ အခြားသူများကလည်း တစ်ပြိုင်နက်တည်း ခေါင်းလှည့်လိုက်ကြပြီး သူတို့၏ စူးစိုက်လှသော အကြည့်များမှာ မော့ချူးဆီသို့ ကျရောက်သွားခဲ့သည်။

'အမလေး ကြယ်ပွင့်လေးက ဘယ်အဆင့်များ ရမလဲ သိချင်လိုက်တာ။ '

'အရမ်း ရင်ခုန်ဖို့ကောင်းတာပဲ! ကိုယ်တိုင် စစ်ဆေးရတာထက်တောင် ပိုပြီး ရင်ခုန်နေရသေးတယ်၊ ရင်တွေလည်း အရမ်းတုန်နေပြီ...'

"... စိတ်မရှိပါနဲ့၊ စစ်ဆေးရေးအခန်းက ဒီဘက်မှာပါ။ မင်းက တခြားဘက်ကို သွားနေတာ" မော့ချူး၏ ရင်ခွင်ထဲတွင် ငြိမ်သက်နေသော P115 က ရုတ်တရက် အသံထွက်လာပြီး သူ၏ လက်ကလေးကို မြှောက်ကာ တခြားဘက်သို့ ညွှန်ပြလိုက်သည်။

အင်း... မော့ချူး၏ ခြေလှမ်းများ တုံ့ခနဲ ဖြစ်သွားပြီး သူမ၏ မျက်နှာပေါ်မှ အနေရခက်မှုကို ထိန်းချုပ်လိုက်ရသည်။ ထို့နောက်မှ P115 ညွှန်ပြသော ဘက်သို့ အမြန်လျှောက်သွားတော့သည်။ 'ဖာ့ခ်... ဘယ်မှာများ လမ်းညွှန်ဆိုင်းဘုတ်တွေ ရှိနေလို့လဲ။ ဒီနေရာကြီးက တကယ့်ကို အဓိပ္ပာယ် မရှိလိုက်တာ!'

All Chapters