အပိုင်း ၁၂၆
Vol. 9 Ch. 126
"ချူးလေး၊ အစ်ကိုဒီလိုမျိုးနဲ့ အဆင်ပြေတယ်လို့ထင်လား?" ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်ပြီးတဲ့နောက် မော့ယန်က ရှားရှားပါးပါး စိုးရိမ်တဲ့အရိပ်အယောင်ကို ထုတ်ဖော်လာသည်။ နောက်ဆုံးတော့ ဒီနေ့ သူ့ idol ကို တွေ့ရတော့မည်။ သာမာန်အားဖြင့် သူဟာ ဘယ်လောက်ဘဲတည်ငြိမ်နေပါစေ၊ အရွယ်ရောက်နေတဲ့ လူငယ်လေးတစ်ယောက်သာ ဖြစ်သည်။ ထုံးစံအတိုင်း၊ ဒီအချိန်မှာ သူနည်းနည်းစိုးရိမ်နေမိသည်။
"စိတ်မပူပါနဲ့ အစ်ကို ကောင်းကောင်းလုပ်နေတာပဲ" မော့ချူး သူ့ခံစားချက်ကို နားလည်သည်။ သူမက မော့ယန်ကို ခေါင်းကနေ ခြေဖျားအထိ အကဲဖြတ်လိုက်သည်။ သူ့မှာ အပြစ်အနာအဆာတစ်ခုမှ မရှိပေ။ “ခဏနေဆုံကြတဲ့အခါကျရင်...."
သူမ စကားမဆုံးခင်မှာ သူမတို့ အခန်းတံခါးကရုတ်တရက် ပွင့်သွားသည်။ ခါးသေးသေးနဲ့ လူတစ်ယောက်က အနောက်ကနေ အဝတ်အစားတန်းတွေကို တိတ်တဆိတ် တွန်းလာကြတဲ့လူတွေနဲ့အတူ ရင်ကော့ကာ ဝင်လာသည်။
ဘာတွေဖြစ်နေတာလဲ?
မော့ချူးနဲ့ မော့ယန်မှာ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ နည်းနည်း နားမလည်နိုင်ဖြစ်သွားရသည်။
"မင်းတို့တွေက ဒီreality show မှာ ပါတဲ့ စစ်တက္ကသိုလ်က ကျောင်းသားတွေ ဟုတ်တယ်မလား?" မော့ချူးနဲ့ တခြားသူတွေ ပြန်ဖြေလာမှာကိုတောင်မစောင့်ဘဲ အဲ့ဒီလူက သူ့ဘာသာသူ ဆက်ပြောလာသည်။ "အစ်မချီမှာ ပစ္စည်းတွေ အများကြီးပါလာတော့ အခန်းမလောက်လို့။ ငါတို့အဝတ်အစားတွေကို ဒီအခန်းထဲမှာ ထားဖို့လိုတယ်"
ဒီစကားကို ပြောရင်းနဲ့ အဲ့ဒီလူက ခေါင်းကိုမော့လိုက်ကာ ပြည့်ပြည့်ဖောင်းဖောင်း မျက်နှာကို ထုတ်ဖော်လိုက်သည်။ "စကားမစပ်၊ ငါက အစ်မချီရဲ့ လက်ထောက်ခေါင်းဆောင် ချန်ရှောက်ပဲ။ ငါဘယ်သူလဲဆိုတာ မင်းတို့တွေသိကြလောက်မယ် ဟုတ်တယ်မဟုတ်လား?"
မော့ချူး မျက်တောင်ခတ်လိုက်သည်။ တောင်းပန်ပါတယ်... သူတို့တွေ သူ့ကိုမသိဘူးလို့၊ သူ့အကြောင်းတောင် တစ်ခါမှ မကြားဖူးဘူး!
မော့ယန်က ဖျော်ဖြေရေးနယ်ပယ်ကို အာရုံစိုက်ဖူးပေမယ့် စုန့်ချင်းစုန့်နဲ့ ပတ်သက်တဲ့ သတင်းတွေကိုသာ ဖတ်တာဖြစ်သည်။ တခြားသူတွေကိုတော့ သူ သိပ်ဂရုမစိုက်မိပေ။
ချန်ရှောက်က သူ့နာမည်ကို ပြောလိုက်ရင် ဒီလူသစ်နှစ်ယောက်က အခန်းကို ရိုရိုသေသေနဲ့ပေးလိုက်မှာ သေချာတယ်လို့ ထင်ထားတာဖြစ်သည်။ သူတို့ သူ့ကို မျက်နှာသာပေးတာကို လိုချင်ပေမယ့် သူတို့ လုံးဝမတုံ့ပြန်တာကိုမြင်တော့ သူအံ့သြသွားသည်။ သူတို့ကကုလားထိုင်ပေါ်ထိုင်ကာ သူ့ကို ဗြောင်ကျကျ စိုက်ကြည့်နေကြသည်။
သူတို့နှစ်ယောက်က ငတုံးတွေလား?
အစ်မချီဟာ အခုအချိန်မှာ ရေပန်းအစားဆုံး အမျိုးသမီး အနုပညာရှင်တစ်ယောက်ဆိုတာ သိထားရမည်ပင်။ အစ်မချီရဲ့ လက်ထောက်ခေါင်းဆောင်ဖြစ်တဲ့ သူ့ရဲ့ပါဝါကိုလည်း သဘာဝအလျောက် ကြွားလုံးထုတ်သည်။ သူ့ကို ဘယ်သူမှ မစော်ကားရဲကြပေ။ တခါတလေမှာ သူတို့က သူ့ကို တမင်တကာ မြှောက်ပင့်တာတွေတောင် ရှိသေးသည်။
ချန်ရှောက်မှာ တခြားသူတွေရဲ့ ဖော်လန်ဖားလုပ်ခံရတာကို အသားကျလာတာကြာပြီဖြစ်သည်။ အခု အသစ်လေးနှစ်ယောက်က သူ့ကိုလျစ်လျူရှုလိုက်တဲ့အတွက် ဒေါသအရမ်းထွက်လာပြီး မျက်နှာက အသားတစ်တွေမှာ တုန်ယင်လာသည်။ သူသည် သူ့မျက်နှာပေါ်က တည်ငြိမ်မှုတွေကို ဆုတ်ဖြဲလိုက်ကာ ဆရာကြီးလုပ်တဲ့အကြည့်ကို ပြသလိုက်သည်။ “ကောင်းပြီ၊ မြန်မြန် ထုပ်ပိုးတော့။ မင်းတို့ရဲ့အမှိုက်တွေကို ဖယ်ပေး။ ဒီအခန်းက အခုကစပြီး အစ်မချီနဲ့ဆိုင်သွားပြီ"
မော့ယန် မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ ဒီလူက သူနဲ့ချူးလေး အားနည်းမှန်း ရှင်းရှင်းလင်းလင်း သိနေတာကြောင့် သူတို့ကို ဒီလိုမျိုးဆက်ဆံရဲတာဖြစ်သည်။ သူနဲ့ မော့ချူးရဲ့ အမည်တွေကို အခန်းတံခါးဝမှာ ရှင်းရှင်းလင်းလင်းကို ရေးထားတာဖြစ်ကာ၊ အခုသူကတော့ လက်ထောက်တစ်ယောက်သာသာ ဖြစ်နေပေမယ့် သူတို့အခန်းကို လာလုဖို့သတ္တိရှိနေသည်။ သူတို့က တကယ်ခပ်ဝေးဝေးသွားချင်နေတာပဲ!
မော့ယန်ရဲ့အတွေးတွေက မမှားပေ။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ဟာ ဖျော်ဖြေရေးနယ်ပယ်ထဲကို ရောက်လာတာဖြစ်သည်။ သူတို့ထဲက တစ်ယောက်မှ ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ရမှန်းမသိပေ။
အစီအစဉ်မှာ ပါတဲ့သူတွေကို အတည်ပြုပြီးတဲ့နောက် ချန်ရှောက်က သူတို့ရဲ့အထောက်အထားတွေကို လျှို့ဝှက်စုံစမ်းရန် လူတွေကို ချက်ချင်းစေလွှတ်ခဲ့သည်။ ချင်ယွဲ့နဲ့ ယောင်မန်ဝမ်တို့ရဲ့ အဆင့်အတန်းက မနိမ့်နေဘဲ သူတို့ရဲ့ အချက်အလက်တွေကို ကုဒ်တွေနဲ့တောင်ဝှက်ထားသေးသည်။ ဒီအတွက်ကြောင့်လည်း ချင်ယွဲ့နဲ့ တခြားသူတွေကို သူ ပြဿနာမရှာရဲပေ။
တစ်ဖက်မှာတော့ မော့ချူးနဲ့မော့ယန်တို့ဟာ ခရိုင် ၁၂ မှ တောသားငနုံတွေဖြစ်ကြသည်။ သူတို့နဲ့ပတ်သက်ပြီး ဘာကများ ကြီးကျယ်နေလို့လဲ? သူတို့ကိုခြောက်လိုက်ရင် သူ့စကားကို ကျိုးကျိုးနွံနွံနဲ့ နားထောင်လာကြမှာ။
ချင်ယွဲ့ရဲ့အခန်းက သူတို့ဘေးမှာရှိနေတာကြောင့် ရုန်းရင်းဆန်ခတ်သံကို သဘာဝအလျောက် သူကြားလိုက်ရသည်။ သူကြည့်ဖို့ အမြန်ထွက်သွားပေမယ့် သူထွက်လာတဲ့အချိန် ချန်ရှောက်ရဲ့ စိတ်ကြီးဝင်နေတဲ့စကားကို ကြားလိုက်သည်။ သူ မနေနိုင်ဘဲ မျက်ခုံးပင့်ကာ ဒေါသတကြီးနဲ့ သူ့ကိုစိုက်ကြည့်လိုက်သည်။ “ဒါက ငါတို့အတွက် သတ်မှတ်ထားတဲ့ အခန်းဆိုတာ ရှင်းနေတာဘဲ၊ ဘာလို့ တခြားသူတွေကို ပေးရမှာလဲ?"
ချန်ရှောက်က အားကြီးသူတွေကို ကြောက်ကာ အားနည်းသူတွေကို အနိုင်ကျင့်တတ်တဲ့သူဖြစ်သည်။ ချင်ယွဲ့ရဲ့ ဒေါသတကြီးနဲ့အကြည့်ကို မြင်တဲ့အခါ သူကခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး တောင်းပန်သလိုအပြုံးနဲ့ ရှင်းပြလာသည်။ " ဒါက အစ်မချီမှာ ထားစရာပစ္စည်းတွေ တကယ်အများကြီးရှိသေးလို့ပါ။ ပြီးတော့ ငါတို့က မင်းရဲ့အခန်းကို မသုံးပါဘူး။ ဒီကိစ္စကိုကြည့်ကြည့်ရင်..."
"ောက်ရေးမပါတာ!" ချင်ယွဲ့က အမြဲတမ်း စိတ်ဆိုးမာန်ဆိုးဖြစ်တတ်တာဖြစ်သည်။ ဒါ့အပြင် သူတို့ကအခုမှဒီကိုရောက်လာရုံပဲရှိသေးတယ် ဒီလိုမျိုး အနိုင်ကျင့်ခြင်းခံနေရပြီ။ ဒါကို သူဘယ်လိုလုပ် သည်းခံနိုင်မှာလဲ?
“ မော့ယန်နဲ့ မော့ချူးက ငါ့ရဲ့ညီအစ်ကိုတွေဆိုတာ ပြောစရာတောင် မလိုဘူး။ သူတို့မဟုတ်ရင်တောင် ခင်ဗျားအနေနဲ့ဒီလိုမျိုး အနိုင်ကျင့်လို့ မရဘူး၊ ဟုတ်ပြီလား? ခင်ဗျား ပြဿနာလာရှာနေတာလား?"