အခန်း (၈၇၈+၈၇၉)
Vol. 63 Ch. 878+879
878
အနားမှတစ်ယောက်က လှောင်သံဖြင့် ပြောသည်။
" မင်းကလဲ အမြင်ကျဥ်းလိုက်တာကွာ ။ အဲ့ စိတ်ဝိဥာဥ်အစွမ်းက မင်းကျမ်းစာလေ့လာနေတာကို အနှောင့်ယှက်ပေးလိုက်နိုင်တယ်မလား... အဲ့ဒါကို ဘာတွေလျှောက်ပြောနေတာလဲ ။ အဲ့ စိတ်ဝိဥာဥ်အစွမ်းရဲ့ သန့်စင်ပုံကို ကြည့်ရတာတော့ တစ်စက္ကန့်လောက် မခံနိုင်တဲ့ပုံစံ မဟုတ်ပါဘူးကွာ "
ဘိုးဘေးကျို့ရှင် ဘာမှပြန်မပြောဘဲ နှာခေါင်းသာ ရှုံ့လိုက်သည်။
ထိုစဥ်မှာပင် လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းက ကျောက်တုံးနှင့် ထိသွား၏။
သို့သော်.. ၎င်းတို့ချင်း တခဏလေးသာ ထိတွေ့ပြီးနောက်...
လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်း နောက်ပြန်ဆုတ်သွားပါသည်။
" ဟင်... "
၎င်းကို မြင်လိုက်ရသူများအားလုံး အံ့သြမှင်သက်ကုန်ကြ၏။
ထိုစဥ် ဘိုးဘေးကျို့ရှင်က အသံကျယ်ဖြင့် အော်ရယ်ရင်း ပြောလာသည်။
" ရယ်ရလွန်းလို့ သေတော့မှာပဲကွာ .. ငါ ထင်တဲ့အတိုင်းပဲ ။ ဒီကောင်က တစ်စက္ကန့်လောက်လေးတောင် တောင့်မခံနိုင်ဘဲနဲ့ နတ်ဘုရားကျမ်းစာရဲ့ ဖိနှိပ်တာကို ခံလိုက်ရပြီ ။ အရင်လူသစ်တွေထဲမှာ အဆိုးဆုံးလူတောင် သုံးစက္ကန့်တော့ ခံနိုင်ခဲ့တယ်မဟုတ်လား ။ ဒီကောင်လေးကတော့ အဲ့မှတ်တမ်းကို ချိုးဖျက်ပလိုက်ပြီ "
သူ ပြောပြီး ထပ်အော်ရယ်နေပြန်သည်။
အကြီးအကဲချင်းသည်ပင် မျက်မှောင်ကြုံ့သွား၏။
" ဒီတိုင်းဟန်ပြလောက်ပဲ ရှိတဲ့ကောင်ပါလားကွာ "
သူ့ရင်ထဲတွင်လည်း စိတ်ပျက်မှုတို့ အပြည့်...
ပါရမီရှင်တစ်ယောက် ရောက်လာပြီဟု သူ ထင်နေခဲ့ချိန်တွင် ထိုကောင်လေးက အရူးသာသာ ဖြစ်နေသည်မဟုတ်ပါလား ...
တဖက်မှ.. လောထျန်းဘေးရှိ ကမ်းဖျင်ကလည်း နှုတ်ခမ်းကွေးသွားအောင်ပြုံးကာ ပြောလာ၏။
" ကဲ.. ငါပြောတာ မှန်တယ်မဟုတ်လား ။ နတ်ဘုရားကျမ်းစာကို နားလည်ဖို့က အင်မတန်ခက်တယ်ကွ ။ မင်း ငါ့ရဲ့အတွေ့အကြုံတွေကို ဝယ်လိုက်တာ ပိုကောင်းမယ်နော် "
သူ ထိုသို့ပြောပြီး လောထျန်းအား စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
သို့သော်.. လောထျန်းက ထိုင်ရာမှထရပ်၍ အခြားဘက်လှည့်ကာ ထွက်သွားပါ၏။
" ဟင်.. မင်းက ဘယ်သွားမလို့လဲ "
ကမ်းဖျင် မေးလိုက်သည်။
" ပြန်ထွက်တော့မလို့လေ "
လောထျန်းက အေးဆေးပင် ပြန်ပြော၏။
" ဘယ်လို... "
သူ နားကြားများ လွဲသွားလေသလားဟု ကမ်းဖျင်ထင်မိသွားသည်။
ယခုလို နေရာမျိုးသို့ ဝင်ခွင့်ရခဲ့ပြီးနောက်.. နတ်ဘုရားကျမ်းစာကို တစ်ချက်သာကြည့်ပြီး ပြန်ထွက်တော့မယ်တဲ့လား..
" စောနက သူ့စိတ်ဝိဥာဥ်အစွမ်းနဲ့ ကျမ်းစာ ထိသွားတဲ့အကျိုးဆက်ကြောင့် ဒီကောင်ဦးနှောက်ချောင်သွားတာများလား "
ကမ်းဖျင် တွေးမိလိုက်၏။
ထို့ကြောင့် သူ လောထျန်းအား အကြံပေးလိုက်ပါသည်။
" ညီလေး... ဘဝဆိုတာ ဘယ်တော့မှ မချောမွေ့ဘူးကွ ။ ဒီလို နည်းနည်းလေး အခက်ကြုံရရုံနဲ့ ဘာလို့လက်လျှော့လိုက်မှာလဲ ။ အခု မင်းရဲ့အစွမ်းက နိမ့်နေသေးတော့ တစ်စက္ကန့်လောက်ပဲ ခံနိုင်တယ်ဆိုပေမယ့် အားလုံးက ကိုယ့်ရဲ့ စွမ်းရည်အပေါ်ပဲ မူတည်နေ
တာလေ ။ မင်းရဲ့ သန့်စင်တဲ့ စိတ်ဝိဥာဥ်အစွမ်းနဲ့ဆို နှစ်ထောင်ချီလောက် ကြိုးစားလိုက်ရုံနဲ့ ဆယ်စက္ကန့်လောက် ခံနိုင်လာမှာပါကွာ "
လောထျန်းက ခေါင်းယမ်း၍ ပြန်ပြောလာ၏။
" အဲ့လိုလုပ်ဖို့ မလိုတော့ဘူးဗျ "
သူ ထိုသို့ပြောပြီး အပြင်ဘက်သို့သာ ဦးတည်ဆက်လျှောက်သွားသည်။
ကမ်းဖျင်က စိုးရိမ်တကြီး ဆက်ပြော၏။
" ငါပြောတာ နားထောင်ပါကွာ ။ ဒီလို စန့်ထျန်းရှေးဟောင်းနယ်မြေကို ဝင်ခွင့်ရဖို့ဆိုတာ အင်မတန်ရှားတဲ့ အခွင့်ကောင်းကြီးပဲကွ ။ အဲ့လိုလွယ်လွယ်နဲ့ အရှုံးပေးလိုက်လို့ ဘယ်ဖြစ်မလဲ ။ မင်း အခုထွက်သွားရင် နောင်တရမှာနော် "
သို့သော် သူပြော၍ မဆုံးခင်မှာပင် ခပ်လှမ်းလှမ်းမှ ဘိုးဘေးကျို့ရှင်က လှောင်သံဖြင့် ပြောလာသည်။
" geng ping သွားပြီး နားချမနေစမ်းပါနဲ့ကွာ ။ ဒီနေရာက သူ့လိုကောင်အတွက် မဟုတ်ဘူး "
ထိုစကားကို ကြားသောအခါ လောထျန်း မျက်မှောင်ကြုံ့သွားပြီး ပြန်လှည့်ကြည့်လာ၏။
" အဘိုးကြီး ၊ ကျုပ်က ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံရဲ့ မျက်နှာကိုထောက်ပြီးတော့ ခင်ဗျားကို တစ်ကြိမ်လွတ်ထားပေးလိုက်တာနော် ။ ခင်ဗျားကြီး သေချင်ရင် အဲ့စကားကို ထပ်ပြောလိုက် "
တဖက်မှ ဘိုးဘေးကျို့ရှင် ဒေါသူပုန်ထသွားဟန်ဖြင့် လောထျန်းအား ပြန်ရန်တွေ့ရန် ပြင်လိုက်သည်။
သို့သော် ... လောထျန်း၏ အကြည့်နှင့် ရင်ဆိုင်ရချိန်တွင် သူ ရေခဲဂူတစ်ခုထဲ ကျသွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရ၏။
ထိုစဥ် သူ့ သေခြင်းတရားကိုပါ ပြန်မြင်လိုက်ရသလိုပါပင် ...
သူ သတိပင်မထားမိဘဲ နောက်သို့ ခြေလှမ်းများစွာ ဆုတ်သွားပြီးမှ ကိုယ်ကို ပြန်တည်ငြိမ်အောင် ထိန်းလိုက်နိုင်ပါ၏။
" ဒီကောင်လေးရဲ့ လူသတ်အရိပ်အငွေ့က...
ကြောက်စရာကောင်းလိုက်တာ "
သူ တွေးမိပြီး စကားဆက်မပြောနိုင်တော့ဘဲ အံသာကြိတ်လိုက်သည်။
ထိုစဥ် ကျောက်တုံးရှေ့တွင် ရပ်နေသော သခင်ကြီးချင်းက ရုတ်တရက် နှာခေါင်းရှုံ့လိုက်၏။
" ကမ်းဖျင် ၊ အဲ့ကောင်လေးကို ပေးသွားလိုက် "
" ဒါပေမယ့်.. သခင်ကြီးချင်း "
သူ့စကားကြောင့် ကမ်းဖျင်တစ်ယောက် အနည်းငယ် အံ့အားသင့်သွားပုံပေါ်သည်။
သခင်ကြီးချင်းက မျက်မှောင်ကြုံ့၍ ထပ်ပြောလာ၏။
" ဒီနေရာက သူ့လိုကောင်မျိုးအတွက် မဟုတ်တာ လုံးဝသေချာတယ် ။ ငါ ဒီထဲမှာ ကျင့်ကြံလာခဲ့တာ နှစ်တွေဒီလောက်ကြာသွားပြီ... အခု အပြင်ဘက်မှာ ဘယ်လိုတွေဖြစ်နေလို့ တွေ့ကရာကောင်ကို အထဲလွှတ်လိုက်လဲ မသိပါဘူးကွာ "
" အခု သူ ပြန်ထွက်သွားတာ ကောင်းတောင်ကောင်းသေးတယ် ။ ခုချိန်ကစပြီးတော့ သူ့ကို ဒီနေရာဆီ
ပြန်လာခွင့်လဲ မပြုတော့ဘူး ။ ပြီးရင် သူ့ကို ဘယ်သူကပေးဝင်တာလဲ ဆိုတာကိုပါ စစ်ဆေးပြီးတော့ အဲ့လူကိုပါ ဒီထဲပေးမဝင်ဘူး "
အားလုံး တုန်လှုပ်သွားကြသည်။
စန့်ထျန်းရှေးဟောင်းနယ်မြေသို့ ဝင်ခွင့်ကို ဖယ်ရှားခြင်းမှာ မသေမျိုးအစီအမံပညာရှင်များအတွက် အလွန်ပြင်းထန်သော အပြစ်ပေးခြင်းပါပင် ။
ထိုစဥ် တဖက်သို့ လှည့်ထွက်ရန် ပြင်နေသော လောထျန်းက ရုတ်တရက် ရပ်သွား၏။
ထို့နောက်.. သူ ဖြည်းဖြည်းချင်း ပြန်လှည့်လာကာ သခင်ကြီးချင်းကို မျက်မှောင်ကြုံ့ကြည့်၍ မေးသည်။
" ခင်ဗျားက ကျုပ်ကို အပြစ်ပေးရုံမကဘူး ၊ ကျုပ်ကို ဝင်ခွင့်ပေးတဲ့သူကိုပါ အပြစ်ပေးမှာ.. ဟုတ်လား "
လောထျန်းမှာ ဤနေရာသို့ ထပ်ဝင်ခွင့် ရှိခြင်း၊ မရှိခြင်းကို ဂရုမစိုက်လှပါချေ။
သို့သော်. သူ့ကြောင့်နှင့် သခင်ကြီးလုံပါ ဒုက္ခရောက်သွားလျှင်မူ.. မကောင်းပါ ။
သခင်ကြီးချင်းက အေးစက်စက် နှာခေါင်းရှုံ့၍ ပြန်ပြောလာ၏။
" ဘာလို့ အပြစ်မပေးရမှာလဲကွ ။ နတ်ဘုရားကျမ်းစာကို လေ့လာခွင့်ရဖို့ဆိုတာ အင်မတန် ရခဲလှတဲ့ အခွင့်ကောင်းကြီးပဲ ။ မင်းဘေးကိုလဲ လှည့်ကြည့်လိုက်ဦး.. ဒီကို ရောက်လာပြီးတော့ နှစ်ထောင်ချီ အချိန်ပေးပြီး မကျင့်ကြံသူ ဘယ်သူရှိမယ်ထင်လို့လဲ "
" ဒါပေမယ့် မင်းက တစ်ကြိမ်တည်း ကြိုးစားကြည့်ရုံနဲ့ လက်လျှော့သွားခဲ့တယ်လေ ။ အဲ့လို အခွင့်ကောင်းမျိုးကို အလွဲသုံးစားလုပ်တဲ့ မင်းကို အပြစ်မပေးစရာ ဘာအကြောင်းရှိလို့လဲ "
ထိုစကားကို ပြောလိုက်ချိန်တွင် ခပ်လှမ်းလှမ်းမှ ဘိုးဘေးကျို့ရှင်ကလည်း လောထျန်းအား လှောင်ပြုံးဖြင့် ကြည့်လာ၏။
သို့သော် အစောက လောထျန်းပြောထားခဲ့သော စကားများကြောင့် သူ ဘာမှ ထပ်မပြောရဲပါ ။
ထိုစဥ် လောထျန်းက မျက်မှောင်ကြုံ့၍ မေးလာသည်။
" ဒါဆိုရင်.. နတ်ဘုရားကျမ်းစာကို နားလည်ပြီးတာတောင် ပြန်ထွက်လို့မရဘူးဆိုတဲ့ သဘောလား "
သူ့စကားဆုံးချိန်၌ ... သခင်ကြီးချင်း အပါအဝင် အားလုံး မှင်သက်သွားကြသည်။
သို့သော် တခဏအကြာတွင် လူအုပ်ထံမှ ရယ်သံကျယ်ကြီး ထွက်လာ၏။
သခင်ကြီးချင်း မျက်နှာအလွန်ပျက်သွားပါသည်။
" မင်းက နတ်ဘုရားကျမ်းစာကို နားလည်သွားပြီ ဟုတ်လား ။ ဒါ နှစ်တစ်သောင်းအတွင်း ငါ ကြားဖူးသမျှ ဟာသတွေထဲမှာ အရယ်ရဆုံးပဲကွာ ။ ငါဆိုရင် နတ်ဘုရားကျမ်းစာကို လေ့လာနေခဲ့တာ နှစ်သောင်းပေါင်း ဘယ်လောက်တောင်ကြာပြီလဲ မသိတော့ဘူး ။ ဒါနဲ့တောင် နားလည်သွားပြီဆိုတဲ့ စကားမျိုး မပြော
ရဲသေးဘူးကွ ။ အခု မင်းက တစ်စက္ကန့်လောက်လေး ကျမ်းစာကို ကြည့်လိုက်တာနဲ့ နားလည်သွားပြီတဲ့လား "
သူ လောထျန်းကိုကြည့်ကာ လှောင်ပြုံးဖြင့် ဆို၏။
လောထျန်း ခေါင်းညိတ်ပြလိုက်သည်။
" ဒါပေါ့ဗျ "
သူ့ပုံစံက သခင်ကြီးချင်း၏ ဒေါသကို ထပ်ဆွပေးလိုက်သလိုပါပင် ။
သခင်ကြီးချင်း အံကြိတ်၍ ပြောသည်။
" ကောင်းတယ်ကွာ.. သိပ်ကောင်းတယ် ။ ဒါဆိုရင်.. မင်း ဘာတွေနားလည်ခဲ့လဲ ငါတို့ကို ပြပါဦး "
အားလုံး အသံထွက်ရယ်လိုက်ကြပြန်၏။
ဤမျှ အချိန်တိုလေးအတွင်းတွင် ဘာကိုမှ နားလည်နိုင်မည်မဟုတ်ဘဲ လောထျန်းက တမင်သက်သက် ဟန်ဆောင်နေခြင်းဟုသာ သူတို့ ထင်ထားပါသည်။
တဖက်မှ ကမ်းဖျင်က လောထျန်းအား ပြောလာ၏။
" လောထျန်း ၊ မင်း သခင်ကြီးချင်းကို တောင်းပန်သ
င့်တယ်နော် "
လောထျန်း မျက်မှောင်ကြုံ့သွားသည်။
" ကျုပ်က ဘာကိုတောင်းပန်ရမှာလဲ "
" မင်းကတော့.. ဇာတ်သိမ်းတော့မှာပဲကွာ ။ ဒီကောင်လေးကို ကယ်မရတော့ဘူး.. "
ကမ်းဖျင်တစ်ယောက် သူ့နဖူးသူ လက်ဖြင့်ပြန်ရိုက်ကာ စိတ်ပျက်လက်ပျက် ခေါင်းယမ်းလိုက်သည်။
ထိုစဥ် သခင်ကြီးချင်းက အေးစက်စက် ထပ်ပြောလာ၏။
" ကောင်လေး ၊ ငါမင်းကို အရမ်းကြီးအခက်တွေ့အောင် မလုပ်ပါဘူးကွာ ။ မင်း နတ်ဘုရားကျမ်းစာထဲက အစီအမံအဓိပ္ပါယ်ကိုအစစ်ကို နည်းနည်းလေး နားလည်ကြောင်း ပြနိုင်ရင်တောင် ငါ မင်းကို လွတ်ပေးမှာပါ "
သခင်ကြီးချင်းက လောထျန်းအား ညှာတာပေးနေသဖြင့် ကမ်းဖျင်၏ မျက်လုံးများ အရောင်လက်သွားပါသည်။
သို့သော် လောထျန်းက မျက်မှောင်ကြုံ့ရင်း ပြန်ပြောလာ၏။
" အစီအမံအဓိပ္ပါယ် .. ဟုတ်လား ၊ အဲ့ထဲမှာ အစီအမံအဓိပ္ပါယ် ပါတယ်လား... "
" ဟင် ... "
သူ့စကားကြောင့် ရှိနေသူအားလုံး မှင်သက်သွားကြရပြန်သည်။
" ဘုရားရေ.. ဒီကောင်လေးက နတ်ဘုရားကျမ်းစာထဲမှာ အစီအမံအဓိပ္ပါယ်တွေ ပါနေတာကိုတောင် မသိဘူးလား ။ ဒါဆို သူ ဒီမှာ ဘာလာလုပ်နေတာလဲ "
" အမှန်ပဲကွာ ၊ အဲ့လိုကောင်တစ်ယောက်က ဘယ်လိုလုပ်ပြီးတော့ စန့်ထျန်းရှေးဟောင်းနယ်မြေထဲကို ဝင်လာနိုင်တာလဲ "
ကမ်းဖျင် မှာလည်း ရင်ထဲလေးလံသွားတော့သည်။
" ဒီကောင်လေးက ဘာဖြစ်လို့ အဲ့လောက်တုံးရတာလဲ ။ ကိုယ်မသိရင်တောင် လျှောက်ပြောလိုက်လို့ ရ
တာပဲလေကွာ.. အခုတော့ အားလုံးပြီးပြီ ။ ငါ သူ့ကို ကယ်ချင်ရင်တောင် ကယ်လို့မရတော့ဘူး "
879
သခင်ကြီးချင်းက အထင်သေးဟန်ဖြင့် နှာခေါင်းရှုံ့၍ ပြော၏။
" မင်းက အဲ့လိုဝန်ခံလာမှတော့... ငါက .... "
လောထျန်း မျက်မှောင်ကြုံ့သွားကာ ပြောလိုက်သည်။
" ခဏနေပါဦး.. ကျုပ်က ဘာကိုဝန်ခံမိလို့လဲ "
သခင်ကြီးချင်းက မျက်မှောင်ကြုံ့ရက်သား ပြန်ပြော၏။
" ကောင်လေး ၊ မင်း ဘာတွေလျှောက်ပြောဦးမလို့လဲ ။ ခုနကပဲ အစီအမံအဓိပ္ပါယ်တွေ ရှိတာတောင် မသိဘူးလို့ မင်းပြောခဲ့တယ် မဟုတ်လား "
လောထျန်း ခေါင်းညိတ်ပြသည်။
" ဟုတ်တယ်လေ.. ကျုပ်အဲ့လို ပြောခဲ့တာ "
သခင်ကြီးချင်း မျက်မှောင်ကြုံ့ရင်းပင် ဆက်ပြော၏။
" မင်းက နတ်ဘုရားကျမ်းစာထဲမှာ ပါတဲ့ အစီအမံ
အဓိပ္ပါယ်ကိုတောင် နားမလည်ဘဲနဲ့ ဘာတွေလျှောက်ပြောဦးမှာလဲ "
လောထျန်း အံ့အားသင့်သွားပုံဖြင့် ပြန်မေးပါသည်။
" နေပါဦး... အဲ့ နတ်ဘုရားကျမ်းစာထဲမှာ အစီအမံအဓိပ္ပါယ်အစစ် ပါတယ်လို့ ခင်ဗျားကို ဘယ်သူပြောတာလဲ "
သူ့စကားဆုံးချိန်တွင် အားလုံးထံမှ ရယ်သံကျယ်ကြီး ထပ်ထွက်လာသည်။
သခင်ကြီးချင်းလည်း ဒေါသတကြီး ရယ်ပါ၏။
" ဘယ်သူပြောတာလဲ.. ဟုတ်လား ၊ အရင် ဘိုးဘေးတွေအကုန်လုံးက အဲ့ကျမ်းစာထဲမှာပါတဲ့ အစီအမံအဓိပ္ပါယ်အစစ်ကြောင့်ပဲ မူလအဆင့် မသေမျိုးအစီအမံပညာရှင် အဆင့်ကို ရောက်ခဲ့ကြတာကွ ။ ဒီမှာ အဲ့ဒါကို မသိတဲ့သူ ဘယ်သူမှမရှိဘူး "
" အဲ့ဘိုးဘေးတွေအကြောင်းကို ခဏထားလိုက်ပါဦး ... "
သခင်ကြီးချင်းက ထိုသို့ပြောပြီး သူ့စိတ်ဝိဥာဥ်အစွမ်းကို ရုတ်တရက် ထုတ်လွှတ်၍ ထွင်းစာတစ်ခု ရေးလိုက်သည်။
ချွှင် ...
ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခု ရုတ်ချည်းစုစည်းလာ၏။
" ဟင်.. ဒီဖိအားက... အဲ့ထွင်းစာက မူလအဆင့် မသေမျိုးအစီအမံ ထွင်းစာပဲ.. "
" အကြီးအကဲချင်းက အဲ့လောက်အတိုင်းအတာထိတောင် နားလည်နေပြီလား "
" လက်တစ်ချက် ယမ်းရုံနဲ့တောင် မူလအဆင့် မသေမျိုးအစီအမံ ထွင်းစာကို ရေးနိုင်နေပြီ ။ နောက်ထပ်ခြေတစ်လှမ်းလောက်သာ သွားလိုက်ရင် မူလအဆင့် မသေမျိုးအစီအမံပညာရှင် ဖြစ်သွားတော့မှာ "
အားလုံး အံ့သြတကြီး ရေရွတ်လိုက်ကြသည်။
ထိုစဥ် သခင်ကြီးချင်းက အသက်ပြင်းပြင်း တစ်ချက်ရှိုက်၍ ပြောလာ၏။
" ဒါ နတ်ဘုရားကျမ်းစာကို လေ့လာပြီးတော့ ရလာတဲ့ဟာပဲကွ "
လောထျန်းက ရှေ့မှထွင်းစာအား တအံ့တသြ ကြည့်လိုက်သည်။
" အဲ့ထွင်းစာက... နတ်ဘုရားကျမ်းစာကနေမှ နားလည်လာတဲ့ဟာ.. ဟုတ်လား "
သူ နားမလည်ပုံဖြင့် မေး၏။
သခင်ကြီးချင်း ခေါင်းညိတ်ပြကာ ပြန်ပြောသည်။
" ဒါပေါ့ကွ ။ မင်းက ကျမ်းစာတစ်ခုလုံးကို နားလည်သွားပြီလို့ ပြောတာဆိုတော့.. မင်း ဘာတွေတတ်ထားလဲ ပြပါဦး ။ မင်းပြောတာ အမှန်ဆိုရင် ငါ မင်းကို တောင်းပန်ပေးမယ် "
" ဒါပေမယ့်... ငါ့ကို လှည့်စားမယ်ဆိုရင်တော့ ငါက ဒီတိုင်းအလွတ်ပေးမှာ မဟုတ်ဘူး "
ထိုစကားကို ကြားချိန်တွင် သခင်ကြီးချင်း အမှန်
တကယ်ပင် ဒေါသထွက်နေပြီဖြစ်ကြောင်း အားလုံး သိလိုက်ကြသည်။
လောထျန်းတစ်ယောက် သူ့ကိုယ်သူ မည်သို့အရူးလုပ်မည်ကိုလည်း သူတို့ စောင့်ကြည့်နေကြ၏။
လောထျန်းက ခေါင်းညိတ်၍ ပြောလာပါသည်။
" ကောင်းပြီလေ.. ဒါဆိုလဲ ပြပေးမယ် "
လောထျန်းပြောပြီး လက်တစ်ဖက်ကို မြှောက်လိုက်ရာ သူ့လက်ချောင်းထိပ်တွင် စိတ်ဝိဥာဥ်အစွမ်းများ စုစည်းလာသည်။
" ဟင်.. ဒီကောင်လေးက တကယ်ကြီး လုပ်ရဲနေတာပါလား ။ သူ ကျမ်းစာကနေ တစ်ခုခုကို နားလည်ခဲ့တာ အမှန်လားမသိဘူး "
" အဲ့လောက်အချိန်တိုလေးနဲ့ ဘာကို နားလည်နိုင်မှာလဲကွာ ။ သခင်ကြီးချင်း အပြစ်ပေးတာကို ခံရမှာစိုးလို့ သူ အပြင်ကမ္ဘာကနေ တတ်ထားတဲ့ အစီအမံပညာကို သုံးပြီးတော့ လျှောက်လုပ်ပြမလို့ နေမှာပေါ့ "
" အမှန်ပဲ ၊ ဒါပေမယ့်.. သူ နတ်ဘုရားကျမ်းစာကနေ နားလည်ခဲ့တဲ့ဟာ ဟုတ်လား.. မဟုတ်ဘူးလားဆိုတာကို သခင်ကြီးချင်းက ပြောနိုင်မှာပါ ။ ဒီကောင်လေးကတော့ သွားမှာပဲ.. "
" အဲ့လိုပဲ ဖြစ်နိုင်တယ် "
အားလုံး ထင်ရာပြောလိုက်ကြသည်။
ခပ်လှမ်းလှမ်းမှ ဘိုးဘေးကျို့ရှင်ကလည်း ရင်ထဲမှ ကြိတ်၍ လှောင်ရယ်လိုက်၏။
" ကိုယ့်လူတို့ .. အဲ့ကောင်လေးက ဘယ်လိုထွင်းစာမျိုးပဲ ရေးလာရေးလာ. နတ်ဘုရားကျမ်းစာနဲ့ ဘယ်လိုမှမပတ်သက်ဘူးလို့ပဲ ပြောကြရအောင် "
သူ အနီးတဝိုက်မှလူများအား တိတ်တဆိတ် အသံလွှင့်နည်းဖြင့် ပြောလိုက်သည်။
" ဟား ဟား.. အဘိုးကြီး ၊ ခင်ဗျားက တယ်လဲရန်ငြိုးထားတတ်တာပဲ ။ ကျုပ် ခင်ဗျားကို ကူညီပေးမယ် .. ဒါပေမယ့်.. ခင်ဗျား ကျမ်းစာကနေ နားလည်ထားတဲ့ အဓိကအချက်ကိုတော့ ပေးရလိမ့်မယ် "
သူ့ဘေးမှလူက ပြန်ပြောသည်။
" ဟုတ်တယ်.. ကျုပ်လဲ လိုချင်တယ် "
အခြားတစ်ယောက်လည်း အပြုံးဖြင့် ပြန်သတင်းပို့လာသည်။
" ကျုပ်ရောပဲ.. "
ကျန်လူများလည်း သူ့အား အပြုံးကိုယ်စီဖြင့် လှည့်ကြည့်လိုက်ကြ၏။
ဘိုးဘေးကျို့ရှင်၏ မျက်နှာထား ပြောင်းသွားတော့သည်။
"မင်းတို့တွေက.. တော်တော်လောဘကြီးကြတာပဲ "
တဖက်အဘိုးအိုများထဲမှ တစ်ယောက်က ရယ်ရင်းပြန်ပြောပါသည်။
" မင်းအတွက် လက်တုန့်ပြန်ပေးရမယ်ဆိုရင် အဖိုးအခတစ်ခုတော့ ပေးရမှာပေါ့ကွ ။ မင်းဘက်က ပေးမှာလား ၊ မပေးဘူးလားဆိုတာပဲ ပြောပါ "
ဘိုးဘေးကျို့ရှင် စဥ်းစားနေဟန်ဖြင့် ခေတ္တမျှ ငြိမ်
သွားပြီးမှ အံကြိတ်၍ ပြော၏။
" ကောင်းပြီ "
ကျန်လူများ တစ်ယောက်ကိုတစ်ယောက် အပြုံးဖြင့် ကြည့်လိုက်ကြသည်။
" စိတ်မပူပါနဲ့.. အဲ့ကောင်လေး ဒီနေ့ ရှုံးကိုရှုံးမှာ "
သူတို့ ပြောလိုက်ကြ၏။
ထို့နောက် သူတို့အားလုံး လောထျန်းဘက် လှည့်ကြည့်လိုက်ကြသည်။
ထိုစဥ်မှာပင် ...
ဝီ ...
လောထျန်း၏လက် စလှုပ်ရှားသွားသည်။
" ဟမ့်.. မင်း ဘာလုပ်နိုင်မလဲ ကြည့်ကြတာပေါ့ "
သခင်ကြီးချင်းက လောထျန်းအား အေးစက်စက် မျက်လုံးများဖြင့် စိုက်ကြည့်နေ၏။
သို့သော်... တခဏအကြာတွင်မူ.. သူ့မျက်လုံးများ ပြူးကျယ်လာကာ မျက်နှာပျက်သွားပါတော့သည်။
နောက်ဆုံးတွင်.. လောထျန်း လက်ပြန်ချလိုက်၏။
" အင်း... ရေးလို့တော့ ပြီးသွားပြီ "
လောထျန်း ပြောသည် ။
ထိုတခဏ၌ အားလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး အပ်ကျသံပင် ကြားရမလို...
တဖက်မှ ဘေးလူများကို သူ့အတွက်လက်တုန့်ပြန်ပေးရန် သိမ်းသွင်းနေသော ဘိုးဘေးကျို့ရှင်မှာ လောထျန်းအသံကို ကြားသည်နှင့် မျက်လုံးများ အရောင်လက်သွား၏။
" အားလုံး.. အခု စလို့ရပြီ "
သူ အပြုံးဖြင့် ဆိုသည်။
သူ့စကားဆုံးသည်နှင့် အားလုံးက လောထျန်းအား အပြစ်တင်ကဲ့ရဲ့စကားဆိုပြီး တိုက်ခိုက်ကြလိမ့်မည်ဟုသာ သူ တွေးထားပါ၏။
သို့သော် ... သူ အသံလွှင့်နည်းဖြင့် ပြောပြီးသွားသည်အထိ.. အားလုံးက တိတ်ဆိတ်နေဆဲပင် ။
၎င်းကိုမြင်သော ဘိုးဘေးကျို့ရှင် မျက်မှောင်ကြုံ့သွားကာ ဒေါသတကြီး ပြောလိုက်သည်။
" ဒါ ဘာသဘောလဲ ... ကျုပ်အတွက် လက်တုန့်ပြန်ပေးမယ်လို့ အားလုံး သဘောတူထားကြပြီးသားလေ ။ အခု ဘာလို့တိတ်နေကြတာလဲ "
ထိုစဥ် သူ့ဘေးမှ အဘိုးအိုတစ်ယောက်က အသံတုန်တုန်ဖြင့် ပြောလာ၏။
" မင်း.. မင်းကိုယ်တိုင် ကြည့်လိုက်ဦး "
" ကြည့်ရမယ်.. ဘာကိုကြည့်ရမှာလဲ ။ သူက နေရာမှာတင် မူလအဆင့် မသေမျိုးအစီအမံတစ်ခု လုပ်လိုက်လို့လား "
သူ ပြောပြောဆိုဆိုပင် လောထျန်းဘက်သို့ ချက်ချင်းလှည့်ကြည့်လိုက်သည်။
ပြီးနောက်တွင်ကား.. သူ နေရာ၌ ကြက်သေသေ
သွား၏။
" ဒါ... မဖြစ်နိုင်တာ... "
ထိုစဥ် တဖက်မှ လောထျန်းရှေ့တွင် ရွှေရောင်ထွင်းစာတစ်ခု မျောလွင့်နေပါသည်။
သူ ထိုထွင်းစာအား ကောင်းကောင်းသိပါ၏။
၎င်းမှာ သူတို့အားလုံး နှစ်ပေါင်းကြာရှည်စွာ လေ့လာနေခဲ့ကြသည့် ကျောက်တုံးကြီးပေါ်မှ ထွင်းစာပင်...
" သူက အဲ့ထွင်းစာကို ကျောက်တုံးကနေ အဲ့ဆီရောက်အောင် ဘယ်လိုရွှေ့လိုက်နိုင်တာလဲ "
ဘိုးဘေးကျို့ရှင်မှာ အစောပိုင်းက ဘေးလူများကို သိမ်းသွင်းဆွဲဆောင်နေခဲ့သဖြင့် လောထျန်း ဘယ်လိုလုပ်သွားသည်ကို မမြင်ခဲ့ရပါ ။
ထိုစဥ် သူ့ဘေးမှ အဘိုးအိုတစ်ယောက်က အသံတုန်တုန်ဖြင့် ပြော၏။
" သူ အဲ့ဒါကို ... နေရာရွှေ့ခဲ့တာ မဟုတ်ဘူး ။ သူကိုယ်တိုင်.. ရေးခဲ့တာ "
" မင်း.. ဘာတွေပြောနေတာလဲ "
ဘိုးဘေးကျို့ရှင် အလွန်တုန်လှုပ်သွားတော့သည်။
၎င်းမှာ နတ်ဘုရားထွင်းစာဖြစ်ပြီး ...
အစိတ်အပိုင်းလေး နည်းနည်းလောက်ကို နားလည်ရုံဖြင့်ပင် ကမ္ဘာကြီးကို တုန်လှုပ်သွားအောင် လုပ်နိုင်ပါ၏။
ယခု လောထျန်းက ထိုထွင်းစာကို ကိုယ်တိုင်ရေးခဲ့တာတဲ့လား ...
ထိုစဥ် လောထျန်းက သခင်ကြီးချင်းကို ကြည့်ကာ ပြောလာသည်။
" ဒါနဲ့ဆို ကျုပ် ကျမ်းစာကို နားလည်ပြီဆိုတာ သက်သေပြဖို့ လုံလောက်လား "
သခင်ကြီးချင်း ဘာမှပြန်မပြောနိုင်ဘဲ စက်ရုပ်တစ်ရုပ်လိုသာ ခေါင်းညိတ်ပြ၏။
သူသည် နတ်ဘုရားကျမ်းစာကို နှစ်ပေါင်းများစွာ
ကြာ လေ့လာနေခဲ့သည့်တိုင်.. အနည်းငယ်လေးသာ နားလည်သေးချိန်၌ ..
လောထျန်းက ထွင်းစာတစ်ခုလုံးကို ချရေးသွားခဲ့ပါ၏။
သူတို့နှစ်ယောက်ကြားမှ ကွာဟချက်မှာ ကောင်းကင်ဘုံနှင့် မြေအောက်ထဲမှ ချောက်နက်ကြီးတစ်ခုလိုပါပင် ...
" ကောင်းပြီ ၊ ဒါဆိုရင် ကျုပ်သွားတော့မယ် "
လောထျန်းပြောပြီး နေရာမှ ဖျတ်ခနဲပျောက်ကွယ်သွားကာ ထွက်ပေါက်သို့ ထွက်ခွာသွားသည်။
ထိုစဥ်.. စန့်ထျန်းရှေးဟောင်းနယ်မြေ ဝင်ပေါက်အပြင်ဘက်၌....
သခင်ကြီးလုံက ဝင်ပေါက်ဘက်သို့ တစ်ချက်လှမ်းကြည့်ပြီးနောက် ဝင်ပေါက်ကို စောင့်ကြပ်နေသည့် အဘိုးအိုအား ဦးညွှတ်၍ ဆိုသည်။
" ဒါဆို ကျုပ်ကိုသွားခွင့်ပြုပါဦးခင်ဗျာ "
" အင်း.. သွားလေ "
အဘိုးအို ခေါင်းညိတ်ပြ၏။
သခင်ကြီးလုံ နောက်လှည့်၍ ထွက်ခွာရန် ပြင်လိုက်စဥ်မှာပင်..
ဝီ ...
ဝင်ပေါက်၌ လေထုမငြိမ်မသက် ဖြစ်လာသည်။
" ဟင်.. အထဲကနေ တစ်ယောက်ယောက် ထွက်လာတော့မှာလား ။ နောက်ဆုံးတစ်ယောက် ထွက်လာတာ နှစ်ပေါင်းထောင်ချီတောင် ကြာသွားခဲ့ပြီ "
အဘိုးအို မျက်ခုံးပင့်သွားကာ ဝင်ပေါက်သို့ ကြည့်လိုက်သည်။
သခင်ကြီးလုံမှာလည်း မနေနိုင်ဘဲ နောက်ပြန်လှည့်လာပြီး မည်သို့သော အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ထွက်လာမည်ကို ကြည့်လိုက်ပါ၏။
သို့သော် ... ထိုစဥ်မှာပင် လောထျန်းက ဝင်ပေါက်၌ ပေါ်လာပါသည်။