အခန်း (၈၈၀+၈၈၁)
Vol. 63 Ch. 880+881
880
လောထျန်းကိုကြည့်ပြီး သူတို့နှစ်ယောက်လုံး အံ့သြမှင်သက်သွား၏။
အထူးသဖြင့် သခင်ကြီးလုံပင်..
သူကိုယ်တိုင် မကြာသေးခင်ကမှ လောထျန်းအား လာပို့ပေးခဲ့ခြင်းဖြစ်ပြီး.. ယခု သူ ပြန်မထွက်သွားခင်မှာပင် လောထျန်းက ပြန်ရောက်လာခဲ့သည် မဟုတ်ပါလား ..
၎င်းက မမြန်လွန်းဘူးလား...
" သခင်လေးလောထျန်း.. ဘာလို့ပြန်ထွက်လာတာလဲဗျ "
သူ တအံ့တသြ မေးလိုက်၏။
လောထျန်းက ပေါ့ပေါ့ပါးပါး အပြုံးဖြင့် ပြန်ဖြေပါသည်။
" ကျုပ် နတ်ဘုရားကျမ်းစာကို ဖတ်လို့ပြီးသွားပြီ
လေ ။ အဲ့ဒါကြောင့် ပြန်ထွက်လာတာ "
ဖတ်လို့ပြီးသွားပြီ တဲ့လား...
တဖက်လူနှစ်ယောက်လုံး ဆွံ့အသွားကြသည်။
ထိုစကားက ဘာအဓိပ္ပါယ်ပါလဲ...
လောထျန်းက ဤစန့်ထျန်းရှေးဟောင်းနယ်မြေသို့ အလည်လာပါသလား...
ပုံမှန်ဆိုလျှင် ဤနေရာသို့ ရောက်သူတိုင်းက နတ်ဘုရားကျမ်းစာကို နားလည်ရန် အကောင်းဆုံးကြိုးစားတတ်ကြပါ၏။
ယခု လောထျန်းက ကျမ်းစာကို တစ်ချက်လောက်သာကြည့်ပြီး ပြန်ထွက်လာပါသလား..
သခင်ကြီးလုံရင်ထဲ စိုးရိမ်စိတ်ပြည့်သွားကာ ပြောလိုက်သည်။
" သခင်လေးလောထျန်း ၊ ဒီလိုအခွင့်ရေးမျိုးက အင်မတန်ရှားတာမို့ အလကားအဖြစ်ခံလို့ မရဘူး
နော် ။ သခင်လေး အခု အထဲကိုမြန်မြန်ပြန်ဝင်ပြီးတော့ ကျမ်းစာကို နားလည်အောင်ကြိုးစားသင့်တယ်ဗျ "
သို့သော် လောထျန်းက လက်ကာပြ၍ ပြန်ပြော၏။
" အဲ့လိုလုပ်ဖို့ မလိုတော့ဘူးဗျ "
သခင်ကြီးလုံမှာ ပါးစပ်အဟောင်းသား ...
ထိုစဥ် သူတို့ဘေးမှ အဘိုးအိုက ရုတ်တရက် နှာခေါင်းရှုံ့ကာ ပြောလာသည်။
" ပြန်ဝင်မယ်.. ဟုတ်လား ၊ ဒီနေရာကို မင်းအိမ်လို့ ထင်နေတာလားကွ ။ မင်းတို့စိတ်ကြိုက် ဝင်ချင်တိုင်းဝင် ၊ ထွက်ချင်တိုင်းထွက်လို့ရမယ် ထင်နေလား "
အဘိုးအို ဒေါသထွက်နေသည်ကို မြင်သောအခါ သခင်ကြီးလုံ မျက်နှာဖြူရော်သွားတော့သည်။
သူ့ရှေ့မှ အဘိုးအိုသည် ပထမအကြီးအကဲ မဟုတ်သော်ငြား ... အစွမ်းအရာတွင်ရော ၊ အသက်အရွယ်ပိုင်းတွင်ပါ ထိပ်ပိုင်းလူများထဲ ပါပါ၏။
သို့ဖြစ်ရာ.. သူသာ ဒေါသထွက်ပါက ပထမအကြီးအကဲသည်လည်း ဒီတိုင်းကြည့်နေမည် မဟုတ်ပါ ။
သခင်ကြီးလုံ မြန်မြန်ဦးညွှတ်ကာ ပြောလိုက်ရသည်။
" နားလည်မှု လွဲသွားတာပါ သခင်ကြီးရယ် ။ ကျုပ်ပြောတာ အဲ့သဘောမဟုတ်ပါဘူး.... "
အဘိုးအိုက လက်ကာပြပြီး ပြန်ပြော၏။
" ဘာမှလာရှင်းပြမနေနဲ့.. ငါက ကိုယ့်မျက်စိနဲ့ မြင်ရတာကိုပဲ ယုံတယ် ။ ဒီ စန့်ထျန်းရှေးဟောင်းနယ်မြေဆိုတာ အင်မတန်ရခဲတဲ့ အခွင့်ကောင်းကြီးပဲကွ ။ ငါ ဒီနေရာကို စောင့်ကြပ်လာခဲ့တဲ့ နှစ်တွေအတွင်းမှာ ခုလိုအခွင့်ကောင်းကြီးကို အဲ့လောက် ပေါ့ပေါ့တန်တန်လေး သဘောထားတဲ့သူမျိုး မတွေ့ဖူးသေးဘူး ။ ဒီကောင်က အဲ့လို အခွင့်ကောင်းကို အလဟသ ဖြစ်အောင်လုပ်နေမှတော့.. ဒီနေရာကို ဘယ်တော့မှပြန်မလာနဲ့ ။ သွားကြ.. "
သခင်ကြီးလုံတစ်ယောက် အလွန်စိုးရိမ်သွားပါတော့သည်။
လောထျန်းလို လူတစ်ယောက်က နတ်ဘုရားကျမ်းစာအား အချိန်ကြာကြာပေးပြီး နားလည်အောင်ကြိုးစားလိုက်နိုင်လျှင် အစီအမံပညာ၏ အထွတ်အထိပ်သို့ ရောက်ကာ တိုးတက်မှုလည်း ကြီးလိမ့်မည်ဟု သူ ထင်ထားပါ၏။
သို့ဖြစ်ရာ ... စန့်ထျန်းရှေးဟောင်းနယ်မြေသို့ ထပ်ဝင်ခွင့် မရတော့ဘူးဆိုလျှင်.. ကြီးစွာသော ဆုံးရှုံးမှုကြီး ဖြစ်သွားပေမည်။
သို့သော်.. ယခုမှတော့ သူ ဘာတတ်နိုင်ပါမည်လဲ....
ထိုစဥ် လောထျန်းက လက်ယမ်း၍ ပြောလာ၏။.
" သွားကြစို့လေ "
သခင်ကြီးလုံ သက်ပြင်းချ၍သာ ကံတရားကို လက်ခံလိုက်ရပါသည်။
သူ လောထျန်းကို ခေါ်ကာ ထွက်သွားရန် ပြင်လိုက်၏။
သို့သော် ထိုစဥ်တွင်..
ဝီ ...
သူတို့နောက်ရှိ စန့်ထျန်းရှေးဟောင်းနယ်မြေ ဝင်ပေါက်က ရုတ်တရက် အရောင်လက်လာပါသည်။
" ဟင်... နောက်တစ်ယောက် ထပ်ထွက်လာပြီလား "
သခင်ကြီးလုံ မနေနိုင်ဘဲ နောက်လှည့်ကြည့်လိုက်၏။
ထိုစဥ်မှာပင် ဝင်ပေါက်မှ ဆံပင်ဖြူ ၊ မုတ်ဆိတ်ဖြူနှင့် အဘိုးအိုတစ်ယောက် တွားသွားထွက်လာပါသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ထိုလူမည်သူမှန်း သခင်ကြီးလုံ သိသွား၏။
ထိုသူမှာ သူတို့ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ၏ အကြီးအကဲဟောင်း ၊ တင်းဖန့်လုံ ပင် ..
ထိုလူသည် ရာထူးအသက်အရွယ်ရော ၊ ပါရမီပါ
အလွန်မြင့်ပြီး ပထမအကြီးအကဲ ဖြစ်ရန် အရည်အချင်းပြည့်သူ ဖြစ်ပါသည်။
သို့သော်.. သူသည် အစီအမံပညာရပ်ကို အလွန်ရူးသွပ်ကာ စန့်ထျန်းရှေးဟောင်းနယ်မြေထဲတွင်သာ အမြဲကျင့်ကြံနေခဲ့သဖြင့် လူများက သူ့ကို သိပ်မသိကြပါချေ။
သို့သော် ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံထဲတွင်မူ သူ့အား မည်သူကမှ အထင်မသေးရဲကြပါ ။
ဝင်ပေါက်ကို စောင့်ကြပ်နေသည့် အဘိုးအိုမှာလည်း သူ့ကိုမြင်ပြီး တအံ့တသြ ပြောသည်။
" အကြီးအကဲ တင်း က... ကျင့်ကြံတာကနေ တကယ်ကြီး ပြန်ထွက်လာတာလား "
ထို့နောက်တွင် သူ မနေနိုင်ဘဲ ခပ်လှမ်းလှမ်းမှ လောထျန်းတို့နှစ်ယောက်အား တစ်ချက်လှမ်းကြည့်၍ မျက်နှာမသာမယာဖြင့် ဆိုသည်။
"တကယ်ဆိုရင် မင်း အကြီးအကဲတင်း ဆီကနေ သင်ယူသင့်တာ ။ မင်းမှာသာ သူ့လို ကြိုးစားချင်စိတ်ရှိရင် မင်းအနာဂါတ်က ကောင်းနိုင်မှာကွ ။ ဒါပေ
မယ့်.. ခုလိုမျိုးသာ လုပ်နေရင်တော့... "
သူ ထိုသို့ပြောပြီးသည်နှင့် အကြီးအကဲတင်း ဆီ လျှောက်သွားကာ အပြုံးဖြင့် ပြော၏။
" အပြင်ကို ပြန်ထွက်လာတဲ့အတွက် ဂုဏ်ယူပါတယ် အကြီးအကဲ ... "
သို့သော် သူ စကားဆုံးအောင် မပြောရသေးခင်မှာပင် အကြီးအကဲတင်း က သူ့အား ဘေးသို့တွန်းထုတ်ကာ ပြောသည် ။
" ငါ့ရှေ့က ဖယ်စမ်းပါကွာ "
" ဟင်.... "
အဘိုးအို အံ့အားသင့်သွားကာ အခြေအနေကို နားမလည်နိုင် ဖြစ်သွားပါသည်။
ထိုစဥ် အကြီးအကဲတင်း က လောထျန်းတို့နှစ်ယောက်ထံ လျှောက်သွား၏။
" ဟိုနှစ်ယောက်.. အကြီးအကဲတင်း သွားမယ့်လမ်းကို ပိတ်မထားကြနဲ့ "
ဝင်ပေါက်စောင့် အဘိုးအိုက လောထျန်းတို့အား လှမ်းအော်ပြောလိုက်သည်။
သခင်ကြီးလုံက အလိုက်တသိပင် နောက်သို့ဆုတ်ပေးရှာ၏။
သို့သော်..
ထိုစဥ်မှာပင် အကြီးအကဲတင်းက လောထျန်းရှေ့ ရောက်လာကာ ဒူးတစ်ဖက် ထောက်လိုက်ပါသည်။
" သခင်ကြီး ...."
" ဟင်.... "
ဝင်ပေါက်စောင့် အဘိုးအိုရော ၊ သခင်ကြီးလုံပါ အံ့သြမှင်သက်သွားကြ၏။
ဘာတွေဖြစ်နေတာလဲ ..
ဂုဏ်သရေရှိ အကြီးအကဲတစ်ယောက်ဖြစ်သော တင်းဖန့်လုံက လောထျန်းရှေ့တွင် ဒူးထောက်နေ
သတဲ့လား...
" အကြီးအကဲတင်း ၊ ဘာလို့ အဲ့ကောင်လေးရှေ့မှာ ဒူးထောက်နေတာလဲဗျ "
ဝင်ပေါက်စောင့် အဘိုးအို နားမလည်နိုင်သည့် မျက်နှာကြီးဖြင့် မေးလိုက်သည်။
တဖက်မှ အကြီးအကဲတင်း က သူ့စကားကိုကြားသည်နှင့် မျက်လုံးများ ရုတ်ချည်းအေးစက်သွား၏။
ထို့နောက်တွင် သူ ရုတ်တရက် လှည့်လာပြီး.. စိတ်ဝိဥာဥ်အစွမ်း စုစည်းထားသော အားတစ်ခုကို တဖက်လူဆီ ပို့လွှတ်လိုက်သည်။
တဖက်အဘိုးအိုမှာလည်း ရုတ်တရက် အငိုက်မိသွားသဖြင့် နောက်လွင့်ထွက်သွားကာ ခပ်လှမ်းလှမ်းမှ ကျောက်နံရံတစ်ခုနှင့် ရိုက်မိသွားသည်။
အွတ်..
သူ ချက်ချင်း သွေးအန်သွားရှာ၏။
" တင်းဖန့်လုံ.. မင်း ဘာလုပ်တာလဲ "
တခဏအကြာတွင်မူ အဘိုးအို အသိပြန်ဝင်လာကာ ဒေါသတကြီး အော်လိုက်တော့သည်။
သူ့မျက်လုံးထဲတွင်လည်း လူသတ်အရိပ်အငွေ့တို့ အပြည့်....
" ဘာလုပ်တာလဲ .. ဟုတ်လား ၊ မင်းကသာ ရိုသေရမယ့် သခင်ကြီးကို မလေးမစား လုပ်နေတာလေ ။ ဒါ့ကြောင့်မို့ မင်းကို သင်ခန်းစာပေးလိုက်တာ "
တင်းဖန့်လုံက အေးစက်စက် ပြန်ပြောသည်။
" သခင်ကြီး .. ဟုတ်လား ၊ ဘယ်ကသခင်ကြီးလဲ .. အဲ့ကောင်လေးကို သခင်ကြီးလို့ ခေါ်နေတာလား ။ တင်းဖန့်လုံ ၊ မင်း အထဲမှာ အကြာကြီး ကျင့်ကြံနေခဲ့လို့ ဦးနှောက်ချောင်သွားတာလား "
တဖက်မှ အဘိုးအို ဒေါသတကြီး ပြန်အော်ပါ၏။
သို့သော် တင်းဖန့်လုံက ဘာမှပြန်မပြောနိုင်ခင်မှာပင်...
ဝီ ...
စန့်ထျန်းရှေးဟောင်းနယ်မြေ ဝင်ပေါက်က အရောင်လက်လာပြန်သည်။
ထို့နောက် .... လူခုနစ်ယောက် ပြေးထွက်လာကြ၏။
" ဟင်.. ဒီနေ့ဘာတွေဖြစ်နေတာလဲ ။ ပုံမှန်ဆို နှစ်ပေါင်းရာချီကြာမှ တစ်ယောက်လောက်ပဲ ပြန်ထွက်လာကြတာပါ ။ အခုကျမှ ဘယ်လိုလုပ်ပြီး လူတွေအများကြီး တစ်ပြိုင်တည်းထွက်လာကြတာလဲ "
ဝင်ပေါက်စောင့် အဘိုးအိုမှာ နားမလည်နိုင် ဖြစ်သွားတော့သည်။
သို့သော်.. ထိုကိစ္စကို ဂရုစိုက်ရန်လည်း ပျင်းလွန်းလှသဖြင့် သူ အသစ်ထွက်လာသူ ၇ ယောက်အား ပြောလိုက်ပါ၏။
" မင်းတို့ထွက်လာတာ ကွက်တိပဲ ။ ဟို အဘိုးကြီး တင်းဖန့်လုံက ရူးသွားပြီနဲ့တူတယ် ။ သူက ဟိုကောင်လေးအတွက်နဲ့ ငါ့ကို တိုက်ခိုက်နေတာ ...။ အခု မင်းတို့ပါပေါင်းပြီး သူ့ကိုဖိနှိပ်ကြ ။ ပြီးရင်း သူ့ကို
အပြစ်ပေးရအောင်လို့ သခင်ကြီးချင်းဆီ ပို့ကြမယ် "
သူ ထိုသို့ပြောပြီးသည်နှင့် တင်းဖန့်လုံဘက် လှမ်းကြည့်ကာ တိုက်ခိုက်ရန် ပြင်လိုက်သည်။
တဖက်လူ ခုနစ်ယောက်ကလည်း သူနှင့်အတူ တိုက်ခိုက်ကြမည်ဟုသာ သူ ထင်ထားပါ၏။
အကြီးအကဲ တင်းဖန့်လုံသည် အစွမ်းထက်သည် မှန်သည့်တိုင် သူတို့ရှစ်ယောက်ပေါင်း အားကိုမူ ခုခံနိုင်မည်မဟုတ်ပါ ။
သို့သော်...
ဘုန်း.... ဝုန်း.... ဝုန်း ...
သူ့နောက်မှ ခုနစ်ယောက်က တစ်ပြိုင်နက်တည်း တိုက်ခိုက်လာသော်လည်း...
ပစ်မှတ်မှာ တင်းဖန့်လုံ ဟုတ်မနေဘဲ ၊ သူကိုယ်တိုင် ဖြစ်နေပါ၏။
ဝင်ပေါက်စောင့်အဘိုးအိုမှာ အစောကလည်း တင်းဖန့်လုံ၏ ရုတ်တရက်တိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရထားသည့်အတွက်..
ယခု ခုနစ်ကြိမ်ဆက်တိုက် တိုက်ခိုက်ခံရချိန်တွင်မူ သေလုမျောပါးပင် ဖြစ်သွားတော့သည်။
" မင်းတို့တွေက ပုန်ကန်ချင်ကြတယ်ပေါ့လေ... "
အဘိုးအို လုံးဝ ဆွံ့ရသွားရပါသည်။
ယနေ့ ဘာတွေဖြစ်နေသည်ကို သူ အမှန်တကယ် နားမလည်နိုင်တော့ပါ ။
ထိုစဥ် အသစ်ထွက်လာသူ ခုနစ်ယောက်က သူ့အား အေးစက်စက် မျက်လုံးများဖြင့်ကြည့်ကာ အေးစက်စက်အသံဖြင့် ပြောလာကြ၏။
" မင်းက သခင်ကြီးကို စော်ကားရဲနေတယ်ပေါ့လေ... သေချင်နေပြီနဲ့တူတယ် "
အဘိုးအို မျက်မှောင်ပိုကြုံ့သွားတော့သည်။
" သခင်ကြီး . လာပြန်ပြီလား သခင်ကြီး ၊ အဲ့သခင်ကြီးက ဘယ်သူလဲ "
သူ အသံတုန်တုန်ဖြင့် မေးလိုက်၏။
ထိုစဥ်မှာပင်.. ဝင်ပေါက်ဘက်မှ အရောင်လက်လာပြန်သည်။
" ဟင်.. နောက်တစ်ယောက် ထပ်ထွက်လာပြန်ပြီလား "
အဘိုးအို မှင်သက်သွား၏။
ထိုစဥ်မှာပင်.. ဆယ်ချီသော လူများ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြပါသည်။
အဘိုးအိုမှာ ၎င်းကိုကြည့်ပြီး မှင်သက်ဆွံ့အလျက်...
အမှန်တွင်မူ စန့်ထျန်းရှေးဟောင်းနယ်မြေထဲ၌ လူများ ဤမျှလောက် မများပါချေ..
ယနေ့ အထဲတွင် ရှိသမျှလူအားလုံး ထွက်လာပါသလား...
စန့်ထျန်းရှေးဟောင်းနယ်မြေထဲတွင် ဘာတွေ ဖြစ်ခဲ့ပါသနည်း ။
သူ ထိုသို့ တုန်လှုပ်နေစဥ်မှာပင်..
ဝီ ...
ဝင်ပေါက်၌ လူရိပ်တစ်ခု ထပ်ပေါ်လာပြန်သည်။
" သခင်ကြီးချင်း ..... တကယ်ကြီး ထွက်လာတာလား "
အဘိုးအိုမှာ ငိုချလိုက်တော့မလိုပါပင်...
881
သခင်ကြီးချင်းသည် ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ၏ ထိပ်ပိုင်းအကြီးအကဲများထဲမှ တစ်ယောက်ဖြစ်ပြီး...
စန့်ထျန်းရှေးဟောင်းနယ်မြေကို အမှန်တကယ် အုပ်ချုပ်သူ ဖြစ်ပါ၏။
သူသည် အစွမ်းအရရော ၊ ရာထူးဂုဏ်ပုဒ်အရပါ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံအတွက် အလွန်အရေးပါသူပင် ..
ထို့ကြောင့်လည်း သူ့ကိုမြင်သည်နှင့် အားကိုးရာကို ရှာတွေ့လိုက်သလို အဘိုးအို ခံစားမိသွားသည်။
" ဟင်.. မင်းက ဘယ်လိုကြောင့် ခုလိုပုံစံ ဖြစ်နေရတာလဲ "
သခင်ကြီးချင်းက သူ့ကိုကြည့်ကာ တအံ့တသြ မေးလာသည်။
အဘိုးအိုက နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်ပြီး
ပြော၏။
" သခင်ကြီးချင်း.. သူတို့အားလုံး ပုန်ကန်နေကြတယ်ဗျ ။ သူတို့က ဟိုကောင်လေးကို သခင်ကြီးလို့ ခေါ်ပြီးတော့ ကျုပ်ကို တိုက်ခိုက်ကြ.... "
" သခင်ကြီး .. ဟုတ်လား "
သခင်ကြီးချင်း စကားဖြတ်မေးသည်။
" ဟုတ်တယ်ဗျ ၊ အဲ့ကောင်တွေရဲ့ ဦးနှောက်က ဘာဖြစ်သွားလဲ မသိပါဘူးဗျာ ။ သူတို့အားလုံး ဟိုကောင်လေးကို သခင်ကြီး ဆိုပြီး ခေါ်နေကြတာ "
အဘိုးအိုပြောပြီး ထရပ်ကာ လက်တစ်ဖက်ကို ခါးထောက်၍ ကျန်တစ်ဖက်ဖြင့် လောထျန်းအား ညွှန်ပြလိုက်သည်။
ထို့နောက် သခင်ကြီးချင်းဘက်မှ သူ့ဒေါသကို ဖြေပေးတော့မည်လား ဆိုသည့် မျှော်လင့်ချက်ဖြင့် သူ ကြည့်လိုက်သည်။
သို့သော်... ထိုစဥ်တွင် သခင်ကြီးချင်းက ဒူးတစ်ဖက်ထောက်၍ ပြောပါ၏။
" အရိုအသေပေးပါတယ် သခင်ကြီး "
ဤတစ်ကြိမ်တွင်မူ အဘိုးအို လုံးဝမှင်သက်ဆွံ့အသွားရတော့သည် ။
သခင်ကြီးချင်းက အဘယ့်ကြောင့် ယခုလို လုပ်လိုက်ရပါသလဲ ...
ထိုစဥ် သခင်ကြီးလုံမှာလည်း တစ်ခုကို သဘောပေါက်သွားပုံဖြင့် တွေးမိလိုက်သည်။
" သိပြီ .... သခင်လေးလောထျန်းက အထဲမှာ သူဟာ မူလအဆင့် မသေမျိုးအစီအမံပညာရှင် တစ်ယောက်ဖြစ်မှန်း မတော်တဆ ထုတ်ပြမိခဲ့တယ်နဲ့တူတယ် ။ ဒါ့ကြောင့်မို့လဲ အားလုံးက ခုလိုဖြစ်နေကြတာနေမှာ... ။ ဒါ ကောင်းတဲ့ကိစ္စပဲ... အားလုံးက သခင်လေးလောထျန်းရဲ့ အစွမ်းကို သိသွားရင် သူ့ကို နတ်ဘုရားကျမ်းစာကို ဆက်လေ့လာခွင့် ပေးကြမှာ "
တဖက်မှ လောထျန်းမှာကား သူ့ရှေ့တွင် ဒူးထောက်နေကြသူများအားလုံးကို မျက်မှောင်ကြုံ့၍ ကြည့်နေပါ၏။
" အဲ့ဒါ ဘာလုပ်နေကြတာလဲ ၊ ပြန်ထကြလေဗျာ "
သူ ပြောလိုက်သည်။
" သခင်ကြီး ၊ ကျေးဇူးပြုပြီးတော့.. ကျုပ်တို့ကို လမ်းညွှန်ပေးပါ "
တင်းဖန့်လုံက ဦးစွာ စကားစလာသည်။
" ဟုတ်ပါတယ်.. ကျေးဇူးပြုပြီး ကျုပ်တို့ကို လမ်းညွှန်ပေးပါဗျာ "
" သခင်ကြီး ၊ ကျုပ် အဲ့ကျမ်းစာကို လေ့လာနေခဲ့တာ နှစ်တွေသောင်းချီပြီး ကြာသွားခဲ့ပါပြီ ။ ဒါပေမယ့် နားလည်နိုင်မယ့်နည်းကို ရှာမတွေ့သေးပါဘူးဗျာ ။ ကျေးဇူးပြုပြီး ကျုပ်တို့ကို လမ်းညွှန်ပေးပါ "
အားလုံး တစ်ယောက်တစ်ပေါက် ပြောလိုက်ကြ၏။
ဝင်ပေါက်စောင့်အဘိုးအို တုန်လှုပ်သွားပါတော့သည်။
" လမ်းညွှန်ပေး... ဘာကို လမ်းညွှန်ခိုင်းနေကြတာလဲ "
ထိုလူများအကြောင်းကို သူ ကောင်းကောင်းကြီး သိထားပါသည်။
သူတို့အားလုံးသည် ကောင်းကင်ဘုံးကိုးဆင့် အစီအမံညီလာခံ၏ နောက်ကွယ်မှအကြီးအကဲများ ဟုတ်လျှင်ဟုတ်...
သို့မဟုတ်လျှင်လည်း ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ၏ အကျိုးကို နှစ်ထောင်ချီကြာ သယ်ပိုးခဲ့ကြသူများပင် ။
ထိုလူများမှာ ချင်းယွမ်ဒေသ မဆိုထားဘိ ၊ ကျန်ဒေသများအားလုံးကပင် လေးစားအရိုအသေပေးရသော သူများဖြစ်ပါ၏။
အစွမ်းထက် မသေမျိုးဘုရင်များသည်ပင် သူတို့နှင့်တွေ့ပါက ယဥ်ယဥ်ကျေးကျေး ဆက်ဆံရစမြဲ ...
ထို့ကြောင့်လည်း သူတို့အားလုံး ဂုဏ်မောက်ကာ ဒေါသကြီးကြပါသည်။
သို့သော်... ယခု ထိုလူစုက လူငယ်လေးတစ်ယောက်ရှေ့တွင် ဒူးထောက်၍ လမ်းညွှန်ပေးရန် တောင်းဆိုနေကြသတဲ့လား... ။
သူ ဘယ်လိုမှ နားမလည်နိုင်တော့ပါ ။
" သခင်ကြီး .. ကျုပ်ကို အကြံနည်းနည်းလောက်ပေးဖို့ အနူးညွှတ်တောင်းပန်ပါတယ်ဗျာ ။ သခင်ကြီးသာ အကြံပေးရင် ကျုပ် ခုချိန်ကစပြီးတော့ သခင်ကြီးလက်အောက်မှာ အမှုထမ်းပါ့မယ် "
သခင်ကြီးချင်းက တည့်တိုးပင် ပြောလာသည်။
" ဘယ်လို... "
ထိုစကားကြောင့် သခင်ကြီးလုံသည်ပင် အံ့သြတုန်လှုပ်သွား၏။
သခင်ကြီးချင်းက မည်သို့သော ရာထူးဂုဏ်ပုဒ်မျိုး ရှိထားသည်ကို သူမသိဘဲ မနေပါချေ။
ထိုသူသည် ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ၌ မူလအဆင့် မသေမျိုးအစီအမံပညာရှင် တစ်ယောက်ဖြစ်ရန် အနီးစပ်ဆုံးသူ ဖြစ်ပါသည်။
သူတို့၏ ဂိုဏ်းချုပ်ကြီးကိုယ်တိုင် ရောက်လာလျှင်ပင် သခင်ကြီးချင်းက ထိုသို့ပြုမူမည် မထင်ပါ ။
စန့်ထျန်းရှေးဟောင်းနယ်မြေထဲတွင် လောထျန်းတစ်ယောက် ဘာတွေလုပ်ခဲ့ပါသနည်း။
သခင်ကြီးလုံ အမှန်တကယ်ပင် တုန်လှုပ်နေပါတော့သည်။
ထိုစဥ် ကျန်လူများလည်း ပြောလာကြ၏။
" သခင်ကြီး .. ကျုပ်တို့လဲ သခင်ကြီးကို သစ္စာရှိရှိ အမှုထမ်းမှာပါ "
" ကျုပ်ကို သခင်ကြီးရဲ့ တပည့်တစ်ယောက်အဖြစ် လက်ခံပေးပါဗျာ ။ ကျေးဇူးပြုပြီး ကျုပ်ကို ညွှန်ကြားသွန်သင်ပေးပါ "
" ကျုပ် သခင်ကြီးကို ခေါင်းကိုင်ဖခင်အဖြစ် သတ်မှတ်မှာပါ... "
အားလုံးက တစ်ယောက်ထက်တစ်ယောက် အပြိုင်ပြောလိုက်ကြသည်။
၎င်းကိုကြည့်နေသာ ဝင်ပေါက်စောင့်အဘိုးအိုမှာလည်း ဘာတွေဖြစ်နေသည်ကို အတိအကျ မသိသည့်တိုင် သူ ဒုက္ခကြီးကြီး ရောက်နေပြီဖြစ်ကြောင်း နားလည်လိုက်၏။ ထို့ကြောင့်.. သူ တိတ်တဆိတ်သာ ခေါင်းငုံ့၍ လူအုပ်နောက်သို့ ဆုတ်သွားကာ သူ့အား မည်သူမှ သတိမထားမိရန် ကြိတ်ပြီးဆုတောင်းနေလိုက်ပါသည်။
ထိုစဥ် လောထျန်းက မျက်မှောင်ကြုံ့၍ ပြောလာပါ၏။
" ကဲ.. အားလုံး စကားခဏရပ်ကြပါဦး ။ ခင်ဗျားတို့အားလုံးက ကျုပ်ထက် အသက်အများကြီး ကြီးတာလေ ။ ဘယ်လိုဖြစ်ပြီးတော့ ကျုပ်တပည့်ဖြစ်ချင်ရတာနဲ့ ၊ ကျုပ်ကို ခေါင်းကိုင်ဖခင် လုပ်ခိုင်းရတာနဲ့... "
တစ်ယောက်က ရုတ်တရက်ရယ်ကာ ပြောသည်။
" အစီအမံပညာရပ်နဲ့ ပတ်သက်လာရင်တော့ ပိုအစွမ်းထက်တဲ့သူကသာ ဆရာပါဗျာ ။ အသက်အရွယ်က ဘာမှမဆိုင်ပါဘူး "
" ဟုတ်ပါတယ် သခင်ကြီး "
အားလုံးကလည်း သံယောင်လိုက်ကြ၏။
လောထျန်း လက်မြန်မြန်ယမ်းပြကာ ပြောလိုက်ရသည်။
" ရပ်ကြပါဦး ၊ လောလောဆယ် အဲ့ဒါကို ခဏထားလိုက် ။ အခု မေးချင်တာရှိရင် ကျုပ်ကို တိုက်ရိုက်သာမေး "
သူ့စကားဆုံးသည်နှင့် အားလုံး ပျော်သွားဟန်တူကာ မေးခွန်းပေါင်းစုံကို တစ်ပြိုင်တည်း မေးလိုက်ကြသဖြင့် ဆူညံပွက်လောရိုက်သွားသည်။
လောထျန်း မျက်နှာကြီး သုန်မှုန်သွားကာ ထပ်ပြောလိုက်၏။
" အားလုံး ပါးစပ်ပိတ်ဦး ။ တစ်ယောက်ကို မေးခွန်းတစ်ခုစီ မေးခိုင်းမယ်.. ခင်ဗျားတို့အားလုံးရဲ့ ကိုယ်စားပြုတစ်ယောက်ကိုပဲ လွှတ်ပြီးမေးခိုင်း "
အားလုံး အသံချက်ချင်းတိတ်သွားကြပြီးနောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့အားလုံး သခင်ကြီးချင်းဘက် လှည့်ကြည့်လိုက်ကြ၏။
ရာထူးအရရော ၊ အစွမ်းအရရော ၊ အစီအမံကို နားလည်မှုပိုင်းတွင်ပါ... သခင်ကြီးချင်းက မေးခွန်းမေးရန် အသင့်တော်ဆုံးသူပင်..
သခင်ကြီးချင်းကလည်း ငြင်းဆန်ခြင်းမပြုဘဲ ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ဦးညွှတ်၍ ပြောသည်။
" ကျုပ်သိချင်တာက... အဲ့ နတ်ဘုရားကျမ်းစာ အပေါ်က အစီအမံရဲ့ အဓိပ္ပါယ်အစစ်က ဘာများပါလဲဗျာ "
ထိုမေးခွန်းမှာ အားလုံးက စိတ်ဝင်တစား သိချင်နေကြသည့် မေးခွန်းဖြစ်ပါသည်။
အားလုံးမှာလည်း လောထျန်း၏စကားကို လွတ်သွားမည်စိုး၍ အသံတိတ်နေကာ အသက်ပင်မရှူရဲကြဘဲ အာရုံစိုက်နားထောင်နေကြ၏။
လောထျန်း မျက်မှောင်ကြုံ့သွားကာ ပြန်ပြောသည်။
" ကျုပ် ခုနကလဲ ပြောပြီးပြီလေ ။ အဲ့နတ်ဘုရားကျမ်းစာကနေ ဘယ်လို အစီအမံရဲ့ အဓိပ္ပါယ်အစစ်ကိုမှ နားမလည်ခဲ့ပါဘူးဆို "
" ဘယ်လို.... "
အားလုံး မှင်သက်သွားကြ၏။
ဘယ်အစီအမံရဲ့ အဓိပ္ပါယ်အစစ်ကိုမှ နားမလည်ခဲ့ဘူးတဲ့လား..
မည်သို့ ဖြစ်နိုင်ပါမည်နည်း ။
" အားလုံး ပါးစပ်ပိတ်ကြ "
ထိုစဥ် ရုတ်ရုတ်သဲသဲ ဖြစ်နေသော လူအုပ်ကို သခင်ကြီးချင်းက ဒေါသတကြီး အော်ဆူသည်။
ထို့နောက် သူ လောထျန်းအား တလေးတစားဆို၏။
" ဒါပေမယ့် သခင်ကြီးရယ် ... အရင်ဘိုးဘေးတွေ အားလုံးက နတ်ဘုရားကျမ်းစာကို နားလည်ပြီးတော့မှ မူလအဆင့် မသေမျိုးအစီအမံပညာရှင် အဆင့်ကို ရောက်သွားခဲ့ကြတာလေ ..... "
လောထျန်း ခေါင်းညိတ်ပြလိုက်သည်။
" ခင်ဗျားပြောတာ မှန်တယ် ။ အဲ့ နတ်ဘုရားကျမ်းစာက လူတစ်ယောက်ရဲ့ အစီအမံအစွမ်းကို နောက်တစ်
ဆင့်တက်သွားအောင် လုပ်ပေးနိုင်ချေရှိတယ် "
" ဒါဆို.... "
သခင်ကြီးချင်း နားမလည်နိုင် ဖြစ်သွား၏။
၎င်းက ဘာအဓိပ္ပါယ်ပါနည်း ။
အစောကလေးတင် နတ်ဘုရားကျမ်းစာ၌ ဘာအစီအမံအဓိပ္ပါယ်အစစ်မှ မရှိဘူးဟု လောထျန်း ပြောခဲ့သေးသည် မဟုတ်ပါလား ။
ယခုတွင်မူ... နတ်ဘုရားကျမ်းစာက လူတစ်ယောက်၏ အစီအမံပညာရပ်ကို အဆင့်တက်အောင် လုပ်ပေးနိုင်သည်ဟု ပြောနေပြန်ပါသည်။
" ကျေးဇူးပြုပြီး ကျုပ်ကို ရှင်းပြပေးပါလား သခင်ကြီး "
သခင်ကြီးချင်း ဦးထပ်ညွှတ်၍ မေးလိုက်သည်။
လောထျန်း ခေါင်းညိတ်ကာ အားလုံးကို တစ်ချက်လှည့်ကြည့်ပြီး ပြော၏။
" အားလုံးက အဲ့နတ်ဘုရားကျမ်းစာကို လေ့လာနေခဲ့
ကြတာ အချိန်ကြာလှပြီ မဟုတ်လား ။ ကျုပ်မေးပါဦးမယ်... ခင်ဗျားတို့ စန့်ထျန်းရှေးဟောင်းနယ်မြေကို စဝင်တဲ့အချိန်နဲ့ အခု ဘာတွေပြောင်းလဲသွားတယ်လို့ ခံစားမိလဲ "
အားလုံးမှာ ဘာပြန်ပြောရမည် မသိဘဲ တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြသည်။
ထိုစဥ် ကမ့်ဖျင်က ရှုပ်ပွနေသော သူ့ဆံပင်များကို သပ်၍ ပြောလာ၏။
" ကျုပ်ရဲ့ ဆံပင်ပုံစံကတော့ ပြောင်းသွားတယ် ၊ အဲ့ဒါရော... အကျုံးဝင်လား "
ဘုန်း...
သခင်ကြီးချင်းက နောက်လှည့်ပြီး ရိုက်လိုက်သဖြင့် ကမ့်ဖျင်ခမျာ နောက်သို့ လွင့်ထွက်သွားရှာသည်။
ထိုစဥ် လောထျန်းက သက်ပြင်းချ၍ ပြောပါ၏။
" ခင်ဗျားတို့ရဲ့ စိတ်ဝိဥာဥ်အစွမ်းတွေ ပိုအစွမ်းထက်လာတာကို သတိမထားမိဘူးလား "
" စိတ်ဝိဥာဥ်အစွမ်း .... "
အားလုံး အံ့အားသင့်သွားကာ မျက်လုံးမှိတ်၍ သူတို့ကိုယ်သူတို့ ပြန်ဆန်းစစ်လိုက်ကြသည်။
သခင်ကြီးချင်းလည်း မကျန်ပါ ။
" ဟင်.. ကျုပ်ရဲ့ စိတ်ဝိဥာဥ်အစွမ်းက အရင်ကထက် အဆအများကြီး ပိုအစွမ်းထက်လာတာပဲ... "
" ကျုပ်ရောပဲ.. အများကြီး တိုးတက်လာတယ် "
" အခု သခင်ကြီးပြောလိုက်မှ.. ကျုပ်လဲ ပိုအစွမ်းထက်လာသလိုပဲ... "
အားလုံး ပြောလိုက်ကြသည်။
သခင်ကြီးချင်းလည်း မျက်လုံးပြန်ဖွင့်လာကာ လောထျန်းအား ပြော၏။
" တကယ်လဲ အများကြီး ပိုတိုးလာတယ်ဗျ ။ ဒါပေမယ့် ... နေ့စဥ်ကျင့်ကြံနေရင် ခုလိုတိုးလာတာက ပုံမှန်ပဲ မဟုတ်ဘူးလား သခင်ကြီး ။ အဲ့ဒါက နတ်ဘုရား
ကျမ်းစာနဲ့ ဘယ်လိုပတ်သက်လို့လဲ "
အားလုံး လောထျန်းအား ထပ်ကြည့်လိုက်ကြသည်။
လောထျန်းက စိတ်ပျက်လက်ပျက်ပုံဖြင့် ခေါင်းယမ်းရင်း ပြော၏။
" ဘာလို့လဲဆိုတော့ . အဲ့ နတ်ဘုရားကျမ်းစာဆိုတာ စိတ်ဝိဥာဥ်အစွမ်းကို ကျင့်ကြံတဲ့နည်းတစ်ခု မို့လို့ပဲ "