← Chapters

အခန်း (၈၈၂+၈၈၃)

Vol. 63 Ch. 882+883

အခန်း (၈၈၂+၈၈၃)

Vol. 63 Ch. 882+883

882

" ဘယ်လို .... "

လောထျန်း၏ စကားကြောင့် အားလုံး အံ့သြမှင်သက်ကုန်ကြသည်။

ထို နတ်ဘုရားကျမ်းစာထဲတွင် အစီအမံ၏ အဓိပ္ပါယ်အစစ် ပါနေသည်ဟု သူတို့ယုံကြည်ထားခဲ့ကြသည်မှာ နှစ်ပေါင်းမနည်းလှပါချေ။

ယခင် ဘိုးဘေးခြောက်ယောက်က ကျမ်းစာအား နားလည်ပြီးသည်နှင့် မူလအဆင့် မသေမျိုးအစီအမံပညာရှင်များ ဖြစ်သွားခြင်းကလည်း ထိုအချက်ကို သက်သေပြနေပါ၏။

သို့သော်.. ယခု လောထျန်းက နတ်ဘုရားကျမ်းစာသည် စိတ်ဝိဥာဥ်အစွမ်းကို တိုးတက်အောင်လုပ်သည့် နည်းတစ်ခုဟု ပြောနေပါသည်။

သူတို့ ၎င်းကို မည်သို့လက်ခံရပါမည်လဲ ။

လောထျန်း စကားဆက်လာ၏။

" အဲ့နတ်ဘုရားကျမ်းစာက လုပ်ပေးနိုင်တာ တစ်ခုပဲရှိတယ်.. အဲ့ဒါကတော့ စိတ်ဝိဥာဥ်အစွမ်းကို တိုးစေတာပဲ ။ အဲ့ထဲမှာ ဘာအစီအမံအဓိပ္ပါယ်မှ မပါဘူး "

ထိုစကားကို ကြားသောအခါ သခင်ကြီးချင်းက ချက်ချင်းခေါင်းယမ်း၍ ပြန်ပြောသည်။

" ဒါ.. မဖြစ်နိုင်ဘူးဗျာ ။ ကျုပ် ကျမ်းစာကို လေ့လာတဲ့အချိန်မှာလဲ အစီအမံအဓိပ္ပါယ်အစစ်ကို နားလည်ခဲ့တယ်လေ ။ ပြီးတော့... အရင်ဘိုးဘေး ခြောက်ယောက်ရဲ့ ပြောစကားအတိုင်းဆိုရင်လဲ ..... "

ကျန်လူများကလည်း သခင်ကြီးချင်းလို အတွေးမျိုးရှိဟန်ဖြင့် လောထျန်းအား ကြည့်လိုက်ကြသည်။

လောထျန်းက အေးဆေးပြန်ပြော၏။

" ကျုပ် သေချာတော့ မရှင်းပြတတ်ဘူး ။ ဒါပေမယ့် ခင်ဗျားတို့ လုပ်ကြည့်ရင် သိသွားမှာပါ "

လုပ်ကြည့်ရမယ်တဲ့လား..

အားလုံး မယုံသက်ာ မျက်နှာထားများ ဖြစ်ကုန်ကြ

သည်။

ထိုစဥ် လောထျန်း လှုပ်ရှားသွားပြီး သူ့စိတ်ဝိဥာဥ်အစွမ်းကို စုစည်း၍ လေထဲတွင် နတ်ဘုရားထွင်းစာတစ်လုံး ထပ်ရေးလိုက်၏။

၎င်းထွင်းစာမှ ကြောက်မက်ဖွယ် ဖိအားလည်း ထွက်လာသဖြင့် အားလုံး အသက်ပင် ကောင်းကောင်းမရှူနိုင်ကြတော့ပါ ။

သခင်ကြီးလုံလည်း တုန်လှုပ်သွားပါသည်။

" အဲ့ဒါ.. နတ်ဘုရားထွင်းစာ မဟုတ်လား "

သူ အလန့်တကြား အော်လိုက်၏။

ခပ်လှမ်းလှမ်းမှ ဝင်ပေါက်စောင့် အဘိုးအိုမှာလည်း မျက်လုံးပင် ကျွတ်ထွက်ကျတော့မယောင်...

သူ နှစ်ပေါင်းများစွာကြာ တန်ဖိုးထားပြီး စောင့်ကြပ်နေခဲ့သော ထွင်းစာကို လောထျန်းက ရေးနေနိုင်သတဲ့လား ...

သခင်ကြီးချင်းတို့ လူစုက လောထျန်းအား အဘယ့်ကြောင့် တလေးတစား ဆက်ဆံနေရသည်ကိုလည်း ယခုမှသာ သူတို့ နားလည်လိုက်ပါသည်။

နတ်ဘုရားထွင်းစာအား လက်ဗလာဖြင့် ရေးနိုင်ခြင်းက အမှန်တကယ် အံ့သြဖွယ်ပါပင်..

လောထျန်းကမူ သူတို့ဘာတွေးနေသည်ကို အလျဥ်းပင် ဂရုမစိုက်ပါ ။

သူ သခင်ကြီးချင်းဘက် လှည့်၍ ပြောပါ၏။

" ကျေးဇူးပြုပြီး ဒီကို ခဏလောက် လာခဲ့ပါဦး "

" ကျုပ်လား... "

သခင်ကြီးချင်း အံ့အားသင့်သွားသော်လည်း စကားနားထောင်သည့် ကလေးတစ်ယောက်ပမာ နတ်ဘုရားထွင်းစာအောက်သို့ လျှောက်လာသည်။

" ကဲ.. အခု ပုံရိပ်ဖော်ကျင့်စဥ်ကို သုံးပြီးတော့ စိတ်ဝိဥာဥ်အစွမ်းကို ကျင့်ကြံကြည့်လိုက် "

လောထျန်း ပြောသည်။

သခင်ကြီးချင်း အံ့သြနေပုံ ပေါက်သော်လည်း ပြောသည့်အတိုင်း လိုက်နာကာ တင်ပျဥ်ခွေထိုင်ပြီး စတင်ကျင့်ကြံလိုက်၏။

ဝီ ...

သူ စတင်ကျင့်ကြံသည်နှင့် နတ်ဘုရားထွင်းစာပေါ်မှ နတ်ဘုရားအလင်းတန်းမှာလည်း အရောင်ပိုတောက်လာသည်။

ထိုစဥ် လောထျန်းက လက်အသာယမ်းလိုက်ရာ မှိန်ဖျော့ဖျော့ နတ်ဘုရားအလင်းတန်းတစ်ခုက သခင်ကြီးချင်း၏ ကိုယ်ပေါ်သို့ ကျလာသည်။

" ကဲ.. အဲ့နတ်ဘုရားအလင်းတန်းကို ကိုယ်ထဲ စုပ်ယူလိုက် "

လောထျန်း ပြော၏။

" ဒါ.... "

၎င်းကိုကြည့်နေသာ လူများအားလုံး မှင်သက်ကုန်ကြပြန်ပါသည်။

နတ်ဘုရားအလင်းတန်းအား ထိုသို့ အသုံးပြုခြင်းကို သူတို့ ယခုမှ မြင်ဖူးခြင်းပါပင်...

သခင်ကြီးချင်းသည်လည်း အံ့သြနေသည့်တိုင် ပြောသည့်အတိုင်းလိုက်လုပ်၍... နတ်ဘုရားအလင်းတန်းအား စတင်စုပ်ယူလိုက်သည်။

သူ ထိုသို့ စုပ်ယူသန့်စင်လိုက်သည်နှင့်... သူ့ စိတ်ဝိဥာဥ်အစွမ်းက တဖြည်းဖြည်းချင်း တိုးလာသည်ကို ခံစားမိလိုက်ပါ၏။

တိုးလာသည့်နှုန်းမှာလည်း အမှန်တကယ် အံ့သြဖွယ်ပါပင်..

သခင်ကြီးချင်း အချိန်မဆွဲရဲဘဲ အလင်းတန်းကို စုပ်ယူသည့်နှုန်းအား အရှိန်တင်လိုက်၏။

ဆယ့်ငါးမိနစ်တိတိ ကြာပြီးနောက်တွင်မူ သူ မျက်လုံးပြန်ဖွင့်လာသည်။

" ဒါ... ဒါက... "

သူ ခေါင်းမော့၍ လောထျန်းအား အံ့သြတုန်လှုပ်စွာ

ကြည့်လိုက်၏။

" ဘယ်လိုနေလဲဗျ "

လောထျန်း မေးလိုက်သည်။

သခင်ကြီးချင်း အသက်ပြင်းပြင်းရှိုက်ကာ ပြန်ပြော၏။

" ကျုပ် အလင်းတန်းကို စုပ်ယူပြီးသွားတဲ့အချိန်မှာ စိတ်ဝိဥာဥ်အစွမ်း တိုးလာတဲ့နှုန်းက တစ်လလောက် ခက်ခက်ခဲခဲ ကြိုးစားကျင့်ကြံရတာနဲ့ ညီမျှတယ် "

" ဘယ်လို... "

အားလုံး မှင်သက်သွားကြပြန်ပါသည်။

သခင်ကြီးချင်း ကျင့်ကြံခဲ့သည်မှာ အလွန်ဆုံးမှ ဆယ့်ငါးမိနစ်သာ ရှိပြီး... ထိုအချိန်လေးအတွင်း ရခဲ့သည့် တိုးတက်မှုက တစ်လစာနဲ့ ညီမျှနေသတဲ့လား...

ထိုစဥ် လောထျန်းက ပြောသည်။

" အဲ့ နတ်ဘုရားကျမ်းစာရဲ့ အစွမ်းက ပုံရိပ်ဖော်ကျင့်စဥ်ကို ပိုအစွမ်းတိုးအောင် လုပ်ပေးတာပဲ ။ တစ်ယောက်ယောက်သာ အဲ့ နတ်ဘုရားကျမ်းစာနား

မှာ ကျင့်ကြံရင် နတ်ဘုရားအလင်းတန်းကို စုစည်းနိုင်တယ် ။ ပြီးတော့ အဲ့နတ်ဘုရားအလင်းတန်းကိုသာ စုပ်ယူသန့်စင်လိုက်ရင် ကိုယ့်ရဲ့ စိတ်ဝိဥာဥ်အစွမ်းကလဲ အများကြီးတိုးလာလိမ့်မယ် "

" နတ်ဘုရားကျမ်းစာက အဲ့အပြင် တခြားဘာမှ မလုပ်ပေးနိုင်ဘူး ။ ဒါပေမယ့် ခင်ဗျားတို့အားလုံးက ဒါကို မသိခဲ့ကြတော့ နတ်ဘုရားကျမ်းစာဘေးမှာ ကျင့်ကြံပေမယ့် အဲ့ကထွက်တဲ့ နတ်ဘုရားအလင်းတန်းက အလကား ဖြစ်ခဲ့ရတာပေါ့ "

" အဲ့နတ်ဘုရားအလင်းတန်းတွေက အချိန်ကြာတာနဲ့အမျှ တဖြည်းဖြည်း ပျောက်သွားတယ်ဆိုပေမယ့် ခင်ဗျားတို့ အသက်ရှူသွင်း ရှူထုတ် လုပ်နေရင်းနဲ့ နည်းနည်းကိုတော့ စုပ်ယူမိသွားကြတာပဲလေ ။ အဲ့တော့ ခင်ဗျားတို့ နတ်ဘုရားကျမ်းစာရဲ့ အလုပ်လုပ်ပုံကို မသိခဲ့တာတောင်.. ပြီးခဲ့တဲ့နှစ်တွေမှာ ခင်ဗျားတို့ရဲ့ စိတ်ဝိဥာဥ်အစွမ်း တိုးတဲ့နှုန်းက အပြင်ကမ္ဘာထက်တော့ ပိုသာတယ် "

သူ့ရှင်းပြချက်ကို ဆုံးအောင်နားထောင်ပြီးချိန်တွင်မူ အားလုံး အံ့သြမှင်သက်လျက်...

လူအချို့ဆိုလျှင် လွန်စွာလည်း နောင်တရနေတော့သည်။

" ဒါဆိုရင်.. နတ်ဘုရားကျမ်းစာအောက်မှာ ကျင့်ကြံနေတဲ့ ကာလတလျှောက်လုံး ကျုပ်ရဲ့ စိတ်ဝိဥာဥ်အစွမ်း တိုးနိုင်မယ့် အခွင့်ကောင်းတွေ အများကြီးကို ဆုံးရှုံးခဲ့ရတာပဲ "

" ဒေါသထွက်စရာ ကောင်းလိုက်တာကွာ ။ ဘာလို့ ဒါကို စောစောမသိခဲ့ရတာလဲ "

အချို့က အားမလိုအားမရ ဖြစ်ကာ ပြောလိုက်ကြသည်။

သို့သော် ထိုအချက်ကို မယုံချင်သည့် လူအချို့လည်း ရှိဆဲပင် ။

" သခင်ကြီး .. အဲ့လိုဆိုရင် ကျုပ်တို့ စိတ်ဝိဥာဥ်အစွမ်းကို သုံးပြီးတော့ နတ်ဘုရားကျမ်းစာကို လေ့လာတဲ့အခါ ဘာလို့ တန်ပြန်တိုက်ခိုက်တာကို ခံစားရတာလဲ "

အဘိုးအိုတစ်ယောက်က မေးသည်။

လောထျန်းက ထိုသူကို လှမ်းကြည့်ကာ ပြန်ဖြေ၏။

" အဲ့နတ်ဘုရားကျမ်းစာက ခင်ဗျားကို ပြန်ပြီးတိုက်ခိုက်ခဲ့တာ မဟုတ်ဘူး ။ အဲ့လိုသာ တိုက်ခိုက်ခဲ့မယ်ဆိုရင် ခင်ဗျားတို့လေ့လာပုံမျိုးနဲ့ဆို သေတာ ကြာလှပေါ့ "

" ဒါ... "

အဘိုးအို ဘာပြန်ပြောရမည်မသိဘဲ ပါးစပ်အဟောင်းသား ဖြစ်သွားရှာသည်။

လောထျန်းက စကားဆက်၏။

" အဲ့လိုပြန်တိုက်ခိုက်တယ်လို့ ထင်ရတဲ့အကြောင်းရင်းက ခင်ဗျားရဲ့ စိတ်ဝိဥာဥ်အစွမ်း လုံလောက်မှု မရှိလို့ပဲ ။ အဲ့လို လုံလောက်မှုမရှိဘဲနဲ့ ခင်ဗျားတို့က နတ်ဘုရားကျမ်းစာ တစ်ခုလုံးကို ကြည့်ဖို့ကြိုးစားခဲ့ကြတာလေ ။ အဲ့တော့ ပုရွက်ဆိတ်လေးတစ်ကောင်က မသေမျိုးတောင်ကြီးတစ်လုံးကို မဖို့ ကြိုးစားသလို ဖြစ်နေတာပေါ့ "

" ရလဒ်အနေနဲ့ ပုရွက်ဆိတ်လေးက ခါးကျိုးသွားရတယ်ပေါ့ဗျာ ။ ဒါကို မသေမျိုးတောင်ကြီးက ကိုက်ပါတယ်ဆိုပြီး အပြစ်တင်နေတာနဲ့ အတူတူပဲ ။ တကယ်တော့ မသေမျိုးတောင်ကြီးက ဘာမှမလုပ်ဘူး... ပုရွက်ဆိတ်လေးကသာ ကိုယ့်လုပ်နိုင်စွမ်းကို အထင်ကြီးလွန်းနေခဲ့တာ "

လောထျန်းက သူ သိသည့်နည်းဖြင့် အကောင်းဆုံးကြိုးစား၍ ရှင်းပြလိုက်သည်။

အားလုံးမှာလည်း သူ့စကားကို နားထောင်ပြီး မျက်နှာထားများ ပြောင်းကုန်ကြ၏။

အမှန်တွင်.. သူတို့လူအုပ်သည် အပြင်ကမ္ဘာတွင် အားလုံးက လေးစားရသည့်သူများ ဖြစ်ပါသည်။

အကယ်၍ အခြားတစ်ယောက်ကသာ သူတို့ကို ပုရွက်ဆိတ်နှင့် နှိုင်းလာပါက သူတို့ ထိုလူအား ချက်ချင်းတိုက်ခိုက်ပြီး ဖိနှိပ်သည်မှာ ကြာလောက်လေပြီ ။

သို့သော် ... ယခု လောထျန်းက ပြောချ်န်တွင်ကား.. ထိုဥပမာက အလွန်ကိုက်ညီနေသလိုပါပင်.. ။

" သခင်ကြီးက သခင်ကြီးလို့ အခေါ်ခံရဖို့ တကယ်ထိုက်တန်ပါတယ် "

တစ်ယောက်က မနေနိုင်ဘဲ တလေးတစားဆိုသည်။

သို့သော် အချို့ကမူ ခေါင်းယမ်း၍ ပြောကြပါ၏။

" မဖြစ်နိုင်ဘူး ။ အဲ့လိုဆိုရင် ကျုပ်တို့နားလည်ခဲ့တဲ့ အစီအမံအဓိပ္ပါယ်အစစ်က ဘာတွေလဲ ။ ပြီးတော့ အရင်ဘိုးဘေးခြောက်ယောက် နတ်ဘုရားကျမ်းစာကနေ နားလည်ခဲ့တဲ့ အစီအမံအဓိပ္ပါယ်ကရော ဘာလဲ "

လောထျန်းက ခေါင်းကုတ်၍ ပြန်ပြောသည်။

" ကျုပ်ကို အဲ့မေးခွန်းမေးတော့ ကျုပ်က ဘယ်သူ့ကို ပြန်မေးရမှာလဲ "

အားလုံး တခဏမျှ ဆွံ့အသွားကြ၏။ လောထျန်းသည်ပင် မသိဘူးဆိုပါက... သူတို့ ဘယ်လိုသိပါမည်လဲ ။

ထိုစဥ် သခင်ကြီးချင်းက ရုတ်တရက်ပြောလာသည်။

" အဲ့ကိစ္စကို ကျုပ် နားလည်တယ်ထင်တယ်... "

အားလုံး သူ့ဘက်လှည့်ကြည့်လိုက်ကြ၏။

သခင်ကြီးချင်းက အသက်ပြင်းပြင်း ရှိုက်လိုက်ပြီးမှ ပြောသည်။

" တကယ်တော့.. ကျုပ်တို့အားလုံး နတ်ဘုရားကျမ်းစာ တစ်ခုတည်းကို လေ့လာနေခဲ့ရဲ့သားနဲ့ တစ်ယောက်ချင်းစီရဲ့ နားလည်မှုက ဘာလို့ကွဲနေရတာလဲဆိုပြီး ကျုပ် မေးခွန်းထုတ်နေခဲ့တာ "

" အရင်ကတော့ နတ်ဘုရားကျမ်းစာထဲက အစီအမံအဓိပ္ပါယ်အစစ် ဆိုတာ ကောင်းကင်ယံက ကြယ်ပင်လယ်ကြီးလို များတဲ့အတွက် တစ်ယောက်ကိုတစ်မျိုးစီ နားလည်ကြတာလို့ပဲ ကျုပ် တွေးခဲ့မိတယ် ။ ဒါပေမယ့်.. အခုတော့ အဲ့လိုဟုတ်ပုံမရဘူး "

ထိုစဥ် တင်းဖန့်လုံက တစ်ခုကို နားလည်သွားဟန်ဖြင့် ရုတ်တရက် ပြောလာသည်။

" သခင်ကြီးဆိုလိုတာက.. အဲ့အစီအမံအဓိပ္ပါယ်အစစ်ဆိုတာ.. ကျုပ်တို့ဘာသာ နားလည်လာတဲ့အရာလို့ ပြောချင်တာလား ။ အဲ့ဒါက နတ်ဘုရားကျမ်းစာနဲ့ ဘယ်လိုမှ ပတ်သက်မှုမရှိဘူးပေါ့ "

သခင်ကြီးချင်းက ခေါင်းယမ်း၍ ပြန်ပြောသည်။

" အဲ့လိုမဟုတ်ဘူးကွ.. နတ်ဘုရားကျမ်းစာက အင်မတန်နက်နဲတဲ့အတွက် ငါတို့ လေ့လာပြီးသွားတဲ့အချိန်မှာ တခြားဟာတွေနဲ့ ယှဥ်ပြီး ကောက်ချက်ချလို့ ရသွားတယ်လေ ။ အဲ့တော့ နည်းနည်း အထောက်အကူဖြစ်တယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် အစီအမံရဲ့ အဓိပ္ပါယ်အစစ် အများစုကတော့ ငါတို့ကိုယ်တိုင် ဉာဏ်အလင်းပွင့်ပြီး သိလာရတာတွေပဲ "

883

ထိုကောက်ချက်မှာ တုန်လှုပ်စရာ ကောင်းလွန်းလှ၍ အချို့ဆိုလျှင် ၎င်းကို လက်ပင်မခံနိုင်ကြပါ ။

တစ်ယောက်က ပြောလာပါ၏။

" သခင်ကြီးချင်း... သခင်ကြီးပြောတဲ့အတိုင်း ဆိုရင် ကျုပ်တို့ဘိုးဘေးခြောက်ယောက်ကရော ဘယ်လိုလဲ.. "

မှန်ပါသည်။ သူတို့၏ ဘိုးဘေးခြောက်ယောက်လုံးမှာ နတ်ဘုရားကျမ်းစာ၏ အကူအညီကြောင့် မူလအဆင့် မသေမျိုးအစီအမံပညာရှင်များ ဖြစ်လာခဲ့ကြခြင်းပင် ။

ထိုအချက်ကို ငြင်း၍မရပါ ။

ထိုစကားကို ကြားသောအခါ သခင်ကြီးချင်း ခေတ္တမျှ စဥ်းစားနေပြီးမှ တင်းဖန့်လုံကို ကြည့်၍ ပြောသည်။

" အကြီးအကဲတင်း .. ကိုယ့်ကိုကိုယ် ပြန်မေးကြည့်လိုက်ပါဦး ။ ခင်ဗျားနဲ့ ဘိုးဘေးခြောက်ယောက်ရဲ့

ပါရမီကို ယှဥ်လို့ရရဲ့လား "

တင်းဖန့်လုံ ခေတ္တ မှင်သက်သွားကာ အောင့်သက်သက် အပြုံးဖြင့် ပြန်ပြောရှာ၏။

" အင်း... ဒီကမ္ဘာကြီးက မတူကွဲပြားမှုတွေနဲ့ ပြည့်နေတာ "

သခင်ကြီးချင်း အခြားတစ်ယောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။

ထိုလူက မျက်လုံးအပြူးသားဖြင့် ပြန်ပြော၏။

" ကျုပ်က အကြီးအကဲတင်း လောက်တောင် မကောင်းတာကိုဗျာ ... ဘိုးဘေးခြောက်ယောက်နဲ့ဆို အဝေးကြီးပဲ "

သခင်ကြီးချင်း အခြားသူများကို ထပ်ကြည့်လိုက်ရာ သူတို့အားလုံး၏ အဖြေမှာလည်း ဆင်တူပင်..

သခင်ကြီးချင်း ပြော၏။

" ဒါဆို ရှင်းသွားပြီ ။ ဘိုးဘေးခြောက်ယောက်က ဘာလို့ မူလအဆင့် မသေမျိုးအစီအမံပညာရှင်တွေ ဖြစ်လာလဲဆိုတော့ သူတို့က အရင်တည်းက ပါရမီ

ထူးချွန်တဲ့သူတွေမို့ပဲ "

" ပြီးရင် သူတို့ နတ်ဘုရားကျမ်းစာကို လေ့လာပြီး ရခဲ့တဲ့ စိတ်ဝိဥာဥ်အစွမ်းကလဲ ငါတို့ထက် အများကြီးပိုများမှာ "

" သူတို့ရဲ့ စိတ်ဝိဥာဥ်အစွမ်းက မူလအဆင့် မသေမျိုးအစီအမံပညာရှင် အဆင့်ကိုရောက်သွားတာနဲ့ ... သူတို့ရဲ့ ရှိထားပြီးသား ပါရမီပေါင်းလိုက်ရင် မူလအဆင့် မသေမျိုးအစီအမံပညာရှင် ဖြစ်ဖို့ဆိုတာ လွယ်လွယ်လေး ဖြစ်သွားပြီလေ "

အားလုံး ခဏတာမျှ ငြိမ်သွားကြသည်။

တင်းဖန့်လုံက ပုခုံးတွန့်ကာ ပြန်ပြော၏။

" ကျုပ် အစီအမံပညာရပ်ကို လေ့လာခါစကဆိုရင်.. အစီအမံရဲ့ အခြေခံအုတ်မြစ်က စိတ်ဝိဥာဥ်အစွမ်းပဲလို့ ကျုပ်ဆရာ ပြောဖူးတယ် ။ အခြေခံအုတ်မြစ် ခိုင်မှသာလဲ အစီအမံပညာရပ်မှာ အောင်မြင်မှုတွေ ရမှာ ။ အဲ့ချိန်ကတော့ ဒါကို အမြဲမှတ်မိပေမယ့်.. ကျုပ်ရဲ့ အစီအမံပညာရပ်ပိုင်းမှာ တိုးတက်လာတာနဲ့အမျှ ဒီလောက်ရိုးရှင်းတဲ့ အမှန်ဆုံးအချက်ကို မေ့သွား

တယ် "

သခင်ကြီးချင်း ခေါင်းညိတ်ကာ ပြောသည်။

" ဟုတ်တယ်ကွ... "

ထို့နောက် သူ လောထျန်းဘက်လှည့်၍ ဦးညွှတ်ကာ ဆိုသည်။

" အခုလို လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်ကြီး ။ အခုဆို ကျုပ် မူလအဆင့် မသေမျိုးအစီအမံပညာရှင်တစ်ယောက် ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ သိပါပြီ "

" ဟင်.. အဲ့လို သိသွားပြီလား "

လောထျန်း အံ့အားသင့်သွား၏။

အမှန်တွင်မူ သူ တဖက်လူအား ဘာလမ်းညွှန်မှုမှ မပေးခဲ့ဘဲ နတ်ဘုရားကျမ်းစာ၏ အလုပ်လုပ်ပုံကိုသာ ရှင်းပြခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းကို လမ်းညွှန်ပေးသည်ဟု ပြော၍ရပါသလား ။

" သခင်ကြီးချင်း ၊ ဘာတွေ သိသွားခဲ့တာလဲဗျ "

တစ်ယောက်က ရုတ်တရက်မေးလာ၏။

သခင်ကြီးချင်းက အသက်ပြင်းပြင်း ရှိုက်ပြီးမှ ပြန်ပြောသည်။

" စောနက အကြီးအကဲတင်း ပြောသွားသလိုပဲ ၊ အစီအမံပညာရပ်မှာ စိတ်ဝိဥာဥ်အစွမ်းက အခရာပဲကွ ။ အခြေခံအုတ်မြစ်သာ ခိုင်ထားရင် ပုရွက်ဆိတ်လေးကတောင် မသေမျိုးတောင်ကြီးကို ကိုင်လှုပ်နိုင်တယ် "

တဖက်အဘိုးအို၏ မျက်လုံးများ အရောင်လက်သွားသည်။

" ပုရွက်ဆိတ်လေး ... မသေမျိုးတောင်... အဲ့ဒါ သခင်ကြီးလောထျန်း ပြောသွားခဲ့တဲ့ဟာ မဟုတ်လား "

လောထျန်းမှာ ပါးစပ်အဟောင်းသား ....

" ဟုတ်တယ်ကွ.. ကျင့်ကြံခြင်းလမ်းစဥ်မှာရော ၊ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့လမ်းစဥ်ရောက ပုရွက်ဆိတ်လေးတစ်ကောင် မသေမျိုးတောင်ပေါ် တက်နေသလိုပဲကွ ။ ငါတို့ဘက်က ဘာကိုမှ အလောတကြီး မလုပ်ဘဲနဲ့ တစ်လှမ်းချင်းပဲ လျှောက်

ရမယ် ။ သခင်ကြီးလောထျန်းရဲ့ စကားတွေက ငါတို့အတွက် သတိပေးစကားပဲ "

အခြားအဘိုးအိုတစ်ယောက်ကလည်း ဝင်ပြောသည်။

ထိုစကားကို ကြားသောအခါ လောထျန်းမှာ အံ့သြမှင်သက်လျက်...

" ပြီးတော့.. သခင်ကြီးလောထျန်းက သာမာန်တောင်တစ်လုံးနဲ့ မနှိုင်းဘဲ မသေမျိုးတောင်တစ်လုံးနဲ့ ဘာလို့ နှိုင်းယှဥ်ခဲ့လဲ သိလား ။ တကယ်တော့ ငါတို့တွေ မူလအဆင့် မသေမျိုးအစီအမံပညာရှင် တစ်ယောက် ဖြစ်လာရင်တောင် အမြဲဆက်ပြီး လေ့လာနေရမယ်လို့ သူက သတိပေးချင်တာကွ ။ သာမာန်တောင်တွေရဲ့ အလွန်မှာ မသေမျိုးတောင်တွေ ရှိသေးတယ်ဆိုတာ ငါတို့ အမြဲတမ်းသိထားရမယ် "

လောထျန်း လုံးဝ ဆွံ့အနေပါတော့သည်။

ဘာတွေပါလဲ..

ထိုလူများက စကားကို အဓိပ္ပါယ်ကောက်ရာတွင် ဤမျှ တော်ကြပါသလား...

ထို့နောက်တွင်မူ အားလုံး လောထျန်းရှေ့ဒူးထောက်ကာ သံပြိုင်ပြောလိုက်ကြ၏။

" ကျေးဇူးတင်ပါတယ် သခင်ကြီးလောထျန်း "

" ခင်ဗျားတို့တွေ... ဟူး.. ထားလိုက်ပါ "

လောထျန်း ဘာပြန်ပြောရမည်ပင် မသိတော့ပါ ။

သူ သခင်ကြီးလုံဘက် လှည့်ကြည့်၍သာ ပြောလိုက်သည်။

" ကဲ... အားလုံးလဲ ပြီးသွားပြီဆိုတော့ ပြန်ကြစို့ "

သခင်ကြီးလုံ ခေါင်းညိတ်ကာ တစ်ခုခု ပြန်ပြောမည့်ဟန် ပြင်၏။

သို့သော် ထိုစဥ်မှာပင် တင်းဖန့်လုံက သူတို့နား အပြေးအလွှားရောက်လာကာ ပြောသည်။

" သခင်ကြီးလောထျန်း ၊ ကျုပ် သခင်ကြီးရဲ့ နောက်လိုက်အဖြစ်နဲ့ သခင်ကြီးအမိန့်ကို နာခံပါရစေဗျာ "

" ဟင်... "

လောထျန်း မှင်သက်သွားရပြန်ပါသည်။

" ကျုပ်ကိုလဲ ခွင့်ပြုပေးပါ သခင်ကြီး "

" ကျုပ်ကလဲ ခုနက ပြောခဲ့သလို သခင်ကြီးအပေါ် သစ္စာရှိရှိ အမှုထမ်းမှာပါ "

" သခင်ကြီး ... "

အားလုံး လောထျန်းဘေး အပြေးအလွှား ရောက်လာကြကာ တောင်းပန်တိုးလျှိုးလိုက်ကြသည်။

ဘေးတွင်ရပ်နေသော သခင်ကြီးလုံ မနေနိုင်တော့ဘဲ သခင်ကြီးချင်းဘက် လှည့်ကြည့်၍ ပြောလိုက်၏။

" သခင်ကြီးချင်း.. ဒီလူတွေကို နားလာချပါဦးဗျာ ။ ဒါကြီးက လွန်လွန်း .... "

သခင်ကြီးချင်း မျက်နှာသုန်မှုန်သွားကာ အော်ပြောသည်။

" အားလုံး ပါးစပ်ပိတ်ကြ "

အားလုံး တိတ်ကုန်ကြ၏။

" ဟုတ်တယ် သခင်ကြီးချင်း ၊ ပြောပါဦး "

သခင်ကြီးလုံ ခါးထောက်၍ ပြောသည်။

သခင်ကြီးချင်း နှာခေါင်းရှုံ့လိုက်၏။

" သခင်ကြီးလောထျန်းရဲ့ နောက်လိုက်လုပ်ဖို့ကို ငါအရင် စပြောထားတာလေကွာ "

အွတ် ..

သခင်ကြီးလုံ သွေးပင်အန်သွားတော့သည်။

ကျန်လူများမှာလည်း ခေတ္တမျှ မှင်သက်နေကြပြီးမှ ဆူဆူညံညံ ပြန်ဖြစ်သွား၏။

" အရှက်မရှိတဲ့သူကြီး "

" ဟုတ်ပါ့ကွာ.. အရှက်မရှိလိုက်တာ "

ထိုသို့ ရုတ်ရုတ်သဲသဲ ဖြစ်နေကြစဥ်တွင် တင်းဖန့်လုံက လောထျန်းဘေးသို့ကပ်သွားကာ ပြောသည်။

" သခင်ကြီးလောထျန်း .. သခင်ကြီးမြင်တဲ့အတိုင်း

ပဲ ကျုပ်တို့က တကယ်ကို သခင်ကြီးရဲ့နောက်လိုက် လုပ်ချင်တာပါ ။ ကျေးဇူးပြုပြီးတော့ ကျုပ်တို့ကို လက်ခံပေးပါဗျာ "

လောထျန်းမှာကား ထိုလူများ၏ ဆူဆူညံညံ စကားသံများကြောင့် အာရုံနောက်နေသဖြင့် မျက်မှောင်ကြုံ့၍သာ ပြောလိုက်ရသည်။

" ကောင်းပြီ ၊ ဒါဆိုလဲ ကျုပ်နောက် လိုက်ခဲ့ကြ "

သူ သဘောတူလိုက်သဖြင့် အားလုံး ဝမ်းသာပျော်ရွှင်သွားကာ အော်ဟစ်လိုက်ကြ၏။

ထိုစဥ် လောထျန်းက သခင်ကြီးလုံဘက် လှည့်ကြည့်၍ ပြောသည်။

" သွားကြစို့လေ "

သခင်ကြီးလုံမှာ.. လောထျန်းနောက်မှ လူများကိုတစ်လှည့် ၊ လောထျန်းကိုတစ်လှည့် ကြည့်လိုက်ပြီး ဘာပြန်ပြောရမည်မသိ ဖြစ်နေရှာပုံပင် ။

လောထျန်းက စန့်ထျန်းရှေးဟောင်းနယ်မြေသို့ လာပြီး သူတို့ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ

မှ ထိပ်သီးကျင့်ကြံသူများကို အတင်းလုယူသွားသလို ဖြစ်နေသည်မဟုတ်ပါလား.. ။

လောထျန်းအား ဤနေရာသို့ ခေါ်လာခဲ့မိသည့်အတွက် သူ အနည်းငယ်လည်း နောင်တရနေပါတော့၏။

သို့သော်.. ယခုမှ ထိုသို့တွေးနေ၍လည်း ဘာမှမထူးတော့ပါ ။

သူ စိတ်ပျက်လက်ပျက်ဖြင့် တည်နေရာရွှေ့ပြောင်း အစီအမံကို ဖွင့်၍ အားလုံးနှင့်အတူ အထဲဝင်လိုက်ရပါသည်။

ထိုစဥ် ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ ခန်းမ၌...

ယွဲ့လီနှင့် ကျန်လူများမှာ ဆုအသီးသီးကို လက်ခံပြီးသွားကြပြီဖြစ်ပြီး အတွေးကိုယ်စီ ရှိနေကြပါ၏။

" ကဲ.. ဒီတစ်ခေါက် ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ ပြိုင်ပွဲမှာ မင်းတို့အားလုံး ပင်ပန်းခဲ့ကြရတယ် ။ အခု ပြိုင်ပွဲလဲ ပြီးသွားပြီဆိုတော့ အားလုံးရ

ခဲ့တဲ့ ဆုတွေအပေါ်မူတည်ပြီး မင်းတို့ဂိုဏ်းတွေ ၊ မိသားစုတွေရဲ့ စီးပွားရေးကိစ္စကို ခွဲဝေပေးမယ် "

အကြီးအကဲတစ်ယောက်က အားလုံးကိုကြည့်ကာ ပြောသည်။

စကားဆုံးသည်နှင့် ခန်းမတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။

ပြိုင်ပွဲဝင် အများစုအတွက်လည်း ထိုကိစ္စက အရေးကြီးဆုံးပင်..

အစီအမံအဖွဲ့တစ်ခုအတွက်.. စီးပွားရေးလုပ်၍ရသည့် အပိုင်စားနယ်မြေ များမှသာလည်း သဘာဝအရင်းမြစ်များ ပေါများမည်ဖြစ်သဖြင့် ၎င်းက သူတို့၏ ဂိုဏ်း ၊ သို့မဟုတ် မိသားစု၏ တိုးတက်ခြင်း နှင့် ကျဆုံးခြင်းအပေါ် တိုက်ရိုက်အကျိုးသက်ရောက်ပါသည်။

ထို့ကြောင့်လည်း အဆင့်ကောင်းသူများက ပျော်ရွှင်သည့် မျက်နှာထားများ ဖြစ်နေကြကာ..

အဆင့်မကောင်းသူများကမူ မျက်နှာငယ်နေကြ

ပါသည်။

ယွဲ့လီတစ်ယောက်မှာကား ခံစားချက်မဲ့ မျက်နှာထားသာ ဖြစ်နေပြီး.. ဘေးဘီသို့ ဝေ့ဝဲကြည့်နေပြီးနောက် မေးလာ၏။

" အကြီးအကဲ ၊ လောထျန်း ဘယ်ရောက်နေတာလဲ "

အကြီးအကဲ ပြန်ဖြေသည်။

" လောထျန်းက အချိန်တိုအတွင်း ပြန်ရောက်မယ်မထင်ဘူးကွ "

ယွဲ့လီ အံ့သြသွားဟန်ဖြင့် အတွေးနက်သွားသည်။

ထိုစဥ်မှာပင် .

ဝီ ....

ခပ်လှမ်းလှမ်း၌ လေထုမငြိမ်မသက် ဖြစ်လာပြီး လောထျန်းတို့လူစု ပေါ်လာ၏။

" ဟင်.. လောထျန်း.. "

ယွဲ့လီ အံ့အားသင့်သွားပုံရကာ အကြီးအကဲဘက် လှမ်းကြည့်လိုက်သည်။

အကြီးအကဲမှာလည်း နားမလည်နိုင် ဖြစ်နေရှာပါ၏။

အကြီးအကဲ ပြောသည့်အတိုင်းဆိုလျှင် လောထျန်းက အချိန်တိုအတွင်း ပြန်မလာနိုင်သင့်ဘူး မဟုတ်ပါလား ။

ထို့အပြင်.. လောထျန်းနောက်မှ လိုက်လာကြသော ဖရိုဖရဲပုံနှင့် လူများက ဘယ်ကပေါ်လာပါသနည်း ။

" သခင်ကြီးလောထျန်း ၊ ဟိုနားလေးက တည်နေရာရွှေ့ပြောင်း အစီအမံက သခင်ကြီးကို ရွှမ်လင်မြို့ဆီ ပြန်ပို့ပေးနိုင်ပါတယ် "

သခင်ကြီးလုံ ဦးညွှတ်၍ ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ်ဗျာ "

လောထျန်း ခေါင်းညိတ်ကာ သူ့နောက်မှ လူစုနှင့်အတူ တည်နေရာရွှေ့ပြောင်းအစီအမံဆီသို့ ထွက်

သွား၏။

ထို့နောက်တွင် အစီအမံ အရောင်လက်သွားပြီး သူတို့လူစု ပျောက်ကွယ်သွားတော့သည်။

ထိုစဥ် ရွှမ်လင်မြို့၌ ....

" လက်ထောက်ဂိုဏ်းချုပ်ကြီး အခြေအနေ ဘယ်လိုရှိလဲ မသိပါဘူး ။ သူ ထိပ်ဆုံးအဆင့် ၁၀ အတွင်းတော့ ဝင်လောက်မယ် မျှော်လင့်ပါတယ်.. ၊ မဟုတ်သေးဘူး... အဆင့် ၅ အတွင်း ဝင်နိုင်မှာ "

ရှောက်ရက လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

All Chapters