← Chapters

အခန်း (၈၈၄+၈၈၅)

Vol. 63 Ch. 884+885

အခန်း (၈၈၄+၈၈၅)

Vol. 63 Ch. 884+885

884

" အဆင့်ငါး ဟုတ်လား.. ဘာတွေ အိမ်မက်မက်နေတာလဲ "

ထိုစဥ် အနားတွင်ရှိသော ယွဲ့လီ၏ အကူအမျိုးသမီး နှစ်ယောက်ထဲမှ တစ်ယောက်က နှာခေါင်းရှုံ့၍ ပြောလာသည်။

" ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံပြိုင်ပွဲက ဘယ်လောက်ခက်လဲဆိုတာ သိရဲ့လား ။ နင်တို့ရဲ့ လက်ထောက်ဂိုဏ်းချုပ်ကြီး ဆိုတဲ့သူက ကံကောင်းလွန်းလို့သာ လူရွေးပွဲကို အောင်ပြီး ဝင်ပြိုင်ခွင့်ရတာ ။ ဒါနဲ့များတောင် ထိပ်ဆုံးအဆင့်ငါးအတွင်း ဝင်ဖို့ မျှော်လင့်နေသေးတယ် ။ အဆင့်တစ်ရဖို့ရော မမျှော်တော့ဘူးလား "

ကျန် အကူအမျိုးသမီး တစ်ယောက်ကလည်း ဝင်ထောက်ခံသည်။

" အမှန်ပဲ ၊ နင်တို့လူ မပြောနဲ့.. ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ဖြစ်တဲ့ ငါတို့ မမလေးတောင် ထိပ်

ဆုံးအဆင့်ငါးအတွင်း ဝင်ဖို့ နောက်ထပ် နှစ်ရာဂဏန်းလောက် အချိန်ယူရဦးမှာ "

ရှောက်ရ မျက်ခုံးပင့်သွားကာ ပြန်ရန်တွေ့လိုက်၏။

" နင်တို့ရဲ့ မမလေး မလုပ်နိုင်တိုင်း ငါတို့ရဲ့ လက်ထောက်ဂိုဏ်းချုပ်ကြီးက မလုပ်နိုင်ဘူးလို့ အဓိပ္ပါယ်မရဘူးလေ "

အကူအမျိုးသမီး နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အော်ရယ်လိုက်ကြသည်။

" ကိုယ့်ဟာကိုယ် ဘာတွေပြောနေလဲဆိုတာရော သိရဲ့လားဟယ် "

" နင်တို့ရဲ့ လက်ထောက်ဂိုဏ်းချုပ်ကြီးက လုပ်နိုင်တယ်ဆိုရင်.. နင်တို့ တိုင်လင်စင်မြင့်က ဘာလို့ အဲ့လောက်အခြေအနေဆိုးနေရတာလဲ "

သူတို့နှစ်ယောက် ပြောပြီး ရှောက်ရအား လှောင်ရယ်လိုက်ကြပြန်သည်။

ထိုစဥ်မှာပင်..

ဝီ ...

တည်နေရာရွှေ့ပြောင်း အစီအမံဘက်မှ အလင်းတန်း လက်သွားပြီး လေထုမငြိမ်မသက် ဖြစ်လာ၏။

ထို့နောက်တွင် လူများစွာ ပေါ်လာသည်။

" လက်ထောက်ဂိုဏ်းချုပ်ကြီး ... "

ထိုလူအုပ်ထဲမှ လောထျန်းကို တွေ့သည်နှင့် ရှောက်ရ အလွန်ပျော်သွား၏။

သူမ သူ့ဘေးသို့ ချက်ချင်း အပြေးရောက်သွားကာ သူ့အား ခေါင်းစခြေဆုံးကြည့်၍ ပြောသည်။

" လက်ထောက်ဂိုဏ်းချုပ်ကြီး.. ဘယ်လိုရလဒ်မျိုး ရခဲ့လဲ "

လောထျန်းက ဘာကိုမှ ထိန်ချန်မထားဘဲ ပြန်ပြော၏။

" ကျုပ် ပထမရခဲ့တယ် "

" ဘယ်လို... ပထမ.. ဟုတ်လား"

သူ့စကားကြောင့် ရှောက်ရ ကိုယ်လုံးလေးပင် တုန်သွားသည်။

လောထျန်း၏ အစီအမံအစွမ်းက မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သူမ သိထားပြီး ဖြစ်သော်လည်း..

ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံပြိုင်ပွဲမှာ အစီအမံပညာရပ် တစ်ခုတည်းကို ယှဥ်ပြိုင်ရသည့်ပွဲ မဟုတ်ပါ ။

ထို့ကြောင့်လည်း လောထျန်း တစ်ခုခုဖြစ်သွားမည်ကို သူမ စိတ်ပူနေခဲ့ပါ၏။

ယခု လောထျန်းစကားကို ကြားမှသာ သူမရင်ထဲမှ အပူလုံးကြီး ပျောက်သွားပါတော့သည်။

သို့သော် ထိုစဥ်တွင်..

ခွိ...

ခပ်လှမ်းလှမ်းမှ ယွဲ့လီ၏ အကူအမျိုးသမီးနှစ်ယောက်က အသံထွက်ရယ်လာ၏။

" နင်တို့က ဘာကိုရယ်နေကြတာလဲ "

ရှောက်ရတစ်ယောက် မျက်နှာချက်ချင်းညိုသွားကာ သူတို့ဘက်လှည့်၍ အော်လိုက်သည်။

အကူအမျိုးသမီးနှစ်ယောက်က လက်ယမ်း၍ ပြန်ပြော၏။

" ဘာမှမဟုတ်ပါဘူးဟယ်.. နင်တို့ပျော်ရင် ပြီးတာပါပဲ.. "

" ဘာတွေဖြစ်နေကြတာလဲ "

လောထျန်းက ရှောက်ရကိုကြည့်ကာ မေးလိုက်သည်။

ရှောက်ရ နှာခေါင်းရှုံ့လိုက်၏။

" ဘာမှမဟုတ်ပါဘူး ... အရူးနှစ်ယောက်ပါ.. ။ လက်ထောက်ဂိုဏ်းချုပ်ကြီး.. ဂိုဏ်းကိုပြန်ပြီး သတင်းကောင်းသွားပြောရအောင်လေ "

လောထျန်း ခေါင်းညိတ်ပြလိုက်သည်။

သူ လှုပ်ရှားလိုက်သည်နှင့် သူ့နောက်မှ လူအုပ်ကလည်း လှုပ်ရှားသွားပါ၏။

" ဟင်.. လက်ထောက်ဂိုဏ်းချုပ်ကြီး.. သူတို့က ဘာလုပ်နေကြတာလဲ "

ရှောက်ရမှာ ထိုဖရိုဖရဲပုံစံများနှင့် လူအုပ်ကိုကြည့်ရင်း နားမလည်နိုင် ဖြစ်သွားရသည်။

လောထျန်းက ခေါင်းကုတ်ကာ ပြန်ပြော၏။

" ပြောရရင်တော့ အရှည်ကြီးပဲကွာ.. အတိုချုံ့ပြီး ပြောရရင်တော့ ... "

" ကျုပ်တို့က သခင်ကြီးလောထျန်းရဲ့ နောက်လိုက်တွေပါ "

ထိုစဥ် တစ်ယောက်က ဝင်ပြောသည်။

" နောက်လိုက်တွေ.. ဟုတ်လား "

ရှောက်ရ မှင်သက်သွားပါ၏။ ထို့နောက်တွင် စကားပြောလိုက်သည့် ညစ်ပတ်ပေရေပုံ ပေါက်နေသော ကျုံ့ရန်ကို ကြည့်ကာ သူမ ခေါင်းညိတ်လိုက်သည်။

" ကောင်းပါပြီ ။ ဘာမှ စိတ်မပူနဲ့ ... ငါတို့ လက်ထောက်ဂိုဏ်းချုပ်ကြီးရဲ့ နောက်လိုက်လုပ်ရင် အနည်းဆုံးတော့ သန့်သန့်ရှင်းရှင်း အဝတ်စားတွေ ဝတ်ရမှာ "

အားလုံး : ..........

ရှောက်ရက သူတို့ကို သူတောင်းစားများဟု ထင်နေပါသလား...

" ကဲ.. သွားကြစို့ "

လောထျန်း ပြောလိုက်သည်။

ရှောက်ရ ခေါင်းညိတ်ပြီး တည်နေရာရွှေ့ပြောင်းအစီအမံကို အသက်သွင်းလိုက်၏။

ဝီ...

ပြီးနောက်တွင်.. အားလုံး နေရာမှပျောက်ကွယ်သွားသည်။

သူတို့လူစု ထွက်သွားပြီးနောက် ယွဲ့လီ၏ အကူ

အမျိုးသမီးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အော်ရယ်လိုက်ကြ၏။

" ဘုရားရေ... အဲ့ တိုင်လင်စင်မြင့်ကလူတွေက ဘယ်လိုတွေလဲဟယ် ။ တော်တော်ဟန်ဆောင်ကောင်းကြတာပဲ "

" ဟုတ်ပါ့... အဆင့်တစ်လို့တောင် ပြောလိုက်သေးတယ် ။ သူ့ပုံစံနဲ့ အဆင့်တစ်က ဖြစ်နိုင်ပါ့မလား "

" ပြီးတော့ ဟို နောက်လိုက်ဆိုတဲ့သူတွေကိုလဲ ကြည့်လိုက်ဦး ။ သူတောင်းစား တစ်စုကိုများ နောက်လိုက်အဖြစ် လက်ခံရတယ်လို့ "

" ရယ်ရလွန်းလို့ သေတော့မှာပဲ "

သူတို့နှစ်ယောက် ပြောကာ ထပ်ရယ်လိုက်ကြပြန်သည်။

ထိုစဥ်မှာပင်..

ဝီ ...

တည်နေရာရွှေ့ပြောင်းအစီအမံ အရောင်လက်လာပြန်၏။

" ဟင်.. "

အကူအမျိုးသမီးနှစ်ယောက် လန့်သွားကာ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။

ထိုစဥ်မှာပင် ယွဲ့လီနှင့် အခြားသူများ အစီအမံထဲမှ ထွက်လာကြ၏။

" မမလေး.. ပြန်ရောက်လာပြီလား.. "

အကူအမျိုးသမီးနှစ်ယောက် အလွန်ပျော်သွားကြသည်။

ယွဲ့လီမှာလည်း သူတို့ကိုမြင်ပြီးနောက် စိတ်သက်သာရာ ရသွားပုံဖြင့် သက်ပြင်းရှည်ကြီး ချလိုက်၏။

" မမလေး.. ဘယ်အဆင့် ရခဲ့လဲ "

အကူအမျိုးသမီး တစ်ယောက်က ချက်ချင်းမေးသည်။

" ဟမ့်.. မမလေးက ဒီလောက်အစွမ်းထက်တာကို.. အဆင့် ၂၀ အတွင်း ဝင်မှာသေချာပေါက်ပဲ "

ကျန်တစ်ယောက်က ဝင်ပြောသည်။

သို့သော် ယွဲ့လီက ဘာမှပြန်မပြောနိုင်ခင်မှာပင် သူတို့နောက်မှ သခင်ကြီးဟောင်က အပြုံးဖြင့် ပြောလာ၏။

" မင်းတို့ရဲ့ မမလေးက ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံမှာ အဆင့် ၂ ရခဲ့တာကွ "

" အဆင့်၂... ဟုတ်လား ၊ နောက်နေတာတော့ မဟုတ်ဘူးမလား သခင်ကြီး "

အကူအမျိုးသမီး တစ်ယောက်က အသံတုန်တုန်ဖြင့် ပြန်မေးသည်။

သခင်ကြိးဟောင်က အပြုံးဖြင့် ပြောပါ၏။

" ငါက ဒီလိုကိစ္စမျိုးကို ဘာလို့ နောက်ရမှာလဲကွ ။ ပြီးတော့ ပြိုင်ပွဲရလဒ်တွေကလဲ မကြာခင်မှာ ချင်းယွမ်ဒေသတစ်ခုလုံးကို ပြန့်သွားမှာပဲ ။ အဲ့ကျရင် မင်းတို့ သိပါလိမ့်မယ်ကွာ ။ ပြီးရင် ဒုတိယရသွားတဲ့အတွက် မင်းတို့ အကျိုးအမြတ်လဲ အများကြီး ရဦး

မှာ ။ ဥပမာပြောရရင် ဘိုးဘေးနယ်မြေကို ဝင်ပြီး အစီအမံတွေကို လေ့လာခွင့်ရမယ်.. မဟုတ်ရင်လဲ အမွေအနှစ်တွေ ရမှာကွ ။ နောက်လာမယ့် ဒေသကိုးခု အစီအမံပြပွဲမှာလဲ မင်းတို့မမလေးက နေရာတစ်နေရာ ရဦးမှာ ။ မင်းတို့မမလေးက သိပ်မကြာခင် ဒေသကိုးခုလုံးမှာ နာမည်ကျော်တစ်ယောက် ဖြစ်လာတော့မှာလို့တောင် ပြောလို့ရတယ် "

" ဒါ... ကောင်းလိုက်တာ... "

အကူအမျိုးသမီးနှစ်ယောက် အလွန်ပျော်သွားကြသည်။

" ဟွမ်ရှင်းဂိုဏ်းက လူတွေနဲ့ရော တွေ့ခဲ့သေးလား မမလေး ။ သူတို့ရဲ့ အဖွဲ့ဝင်ဖြစ်ဖို့ရော ကြိုးစားခဲ့သေးလား "

အကူအမျိုးသမီးတစ်ယောက်က တစ်ခုကို တွေးမိဟန်ဖြင့် ရုတ်တရက်မေးလာသည်။

သို့သော် ထိုစကားကို ပြောလိုက်သည်နှင့် တဖက်လူများ၏ မျက်နှာထားများ ရုတ်ချည်းပြောင်းကုန်ကြ၏။

ယွဲ့လီက သခင်ကြီးဟောင်ကို ကြည့်ကာ ကြောင်အမ်းအမ်း ဆိုသည်။

" ကျွန်မ တောင်းပန်ပါတယ် သခင်ကြီးဟောင် ။ တကယ်တော့ ကျွန်မရဲ့မိသားစုက နည်းနည်းဒုက္ခကြုံနေရတာမို့ အကာအကွယ် ရဖို့အတွက် ဟွမ်ရှင်းဂိုဏ်းကိုဝင်နိုင်ဖို့ ကျွန်မ ဒီတစ်ခေါက်ပြိုင်ပွဲမှာ လာပြိုင်ရတာပါ "

သခင်ကြီးဟောင် ခေါင်းအသာညိတ်လိုက်သည်။

" ငါ သဘောပေါက်ပြီ ။ အရင်က ငါမင်းကို ခဏခဏ ဖိတ်ခေါ်ခဲ့ဖူးပေမယ့် မင်းက ပြိုင်ပွဲဝင်ဖို့ ငြင်းခဲ့တယ်လေ ။ အခု ဒီတစ်ခေါက်မှ ဘာလို့ဝင်ပြိုင်တာလဲဆိုပြီး ငါ တွေးနေခဲ့တာ ။ အခုတော့ ဒီလိုကြောင့်ကိုး .... ။ မင်းတို့ ဘယ်လိုပြဿနာမျိုးနဲ့ ကြုံနေရတာလဲ .. ငါကူညီပေးနိုင်တဲ့ ကိစ္စမျိုးလား.. "

ယွဲ့လီ သက်ပြင်းချကာ ပြော၏။

" သခင်ကြီး မကူညီနိုင်လောက်ပါဘူးရှင် "

" ဟင်.. ဘာဖြစ်လို့လဲ "

သခင်ကြီးဟောင် မျက်မှောင်ကြုံ့သွားသည်။

ယွဲ့လီက အံကြိတ်၍ ပြန်ပြောရှာသည်။

" ကျွန်မကို အခက်တွေ့အောင် လုပ်နေတဲ့သူက ကောင်းကင်ဘုံသားတော် ပဲရှင့် "

သခင်ကြီးဟောင် မျက်လုံးပြူးသွား၏။

" ချင်းယွမ်ဒေသက ဟို မသေမျိုးဧကရာဇ် တစ်ယောက်လို ပုံစံမျိုးနဲ့ ကံတရားသားတော်လား.. "

ထိုလူမှာ နာမည်ကျော်တစ်ယောက်ဖြစ်ပြီး သခင်ကြီးဟောင်လည်း သူ့ကို ကောင်းကောင်းသိပါသည်။

သူ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံ ပြိုင်ပွဲတွင် ထိုကောင်းကင်ဘုံသားတော်နှင့် တစ်ကြိမ်ဆုံဖူးခဲ့ပြီး ဆုံးရှုံးမှုကြီးကြီး ဖြစ်ခဲ့ရပါသေး၏။

ထို့နောက်တွင်မူ ပထမအကြီးအကဲက ထိုလူအား ရန်စစော်ကားခြင်းမျိုး အလျဥ်းမလုပ်ကြရန် အားလုံးကို အမိန့်ထုတ်ခဲ့ရသည် အထိပင် ။

ယခု ယွဲ့လီက ထိုသို့သော လူနှင့်မှ ပတ်သက်မိနေသတဲ့လား..

ထိုစဥ် ယွဲ့လီက စိုးရိမ်နေသည့် မျက်လုံးများဖြင့် ပြောပါသည်။

" ဟုတ်ပါတယ်.. အဲ့လူပါပဲရှင် "

သူမ ပြောပြီး ခေတ္တမျှ ငြိမ်သွားပြီးမှ အပြုံးဖြင့် ဆက်ပြော၏။

" အဲ့ဒါ အရေးမကြီးတော့ပါဘူးရှင် ။ ကျွန်မ သူ့ကို ကိုင်တွယ်လို့ရမယ့်နည်း တွေ့ထားပြီ "

သခင်ကြီးဟောင်မှာလည်း ထိုစကားကို ကြားသည်နှင့် သူမ ဘာကိုဆိုလိုမှန်း တန်းပြီးသဘောပေါက်သွားသည်။

" အင်း.. တကယ်လို့ သူသာ တိုက်ခိုက်ဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ ကောင်းကင်ဘုံသားတော်ကို ကိုင်တွယ်ဖို့ ခက်မှာမဟုတ်ဘူး "

သူ မုတ်ဆိတ်ကိုကိုင်ကာ ပြော၏။

တဖက်မှ အကူအမျိုးသမီးမှာလည်း သူမ စကားမှားသွားခဲ့မှန်း သိကာ မျက်နှာမသာမယာ ဖြစ်နေသည့် ယွဲ့လီကိုကြည့်၍ အပြုံးဖြင့် ပြောသည်။

" ဒါနဲ့မမလေး.. ကျွန်မ စိတ်ဝင်စားစရာ တစ်ခုကို

ပြောပြဦးမယ် "

" ဟင်.. ဘာပြောမလို့လဲ "

ယွဲ့လီ စိတ်ဝင်စားသွားပုံ ပေါ်၏။

အကူအမျိုးသမီးက အရောင်လက်နေသော မျက်လုံးများဖြင့် ပြောသည်။

" ဟို တိုင်လင်စင်မြင့်က လက်ထောက်ဂိုဏ်းချုပ်ကြီး ဆိုတဲ့သူကို မမလေး မှတ်မိသေးလား ။ ဟို မသေမျိုးအစီအမံပုံကြမ်း ရောင်းခဲ့တဲ့သူလေ ။ မမလေး ပြန်မရောက်ခင်လေးမှာ သူ ရောက်လာခဲ့တယ်ရှင့် ။ သူ ဘာပြောသွားတယ်လို့ ထင်လဲ.. "

" ဘာပြောသွားလို့လဲ "

ယွဲ့လီ မေးလိုက်သည်။

" သူက ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံပြိုင်ပွဲမှာ ပထမရခဲ့တာတဲ့ရှင် ။ ရယ်စရာ ကောင်းလိုက်တာ "

အကူအမျိုးသမီး ပြောကာ အော်ရယ်လိုက်၏။

885

" ဟီး ဟီး ..... "

အကူအမျိုးသမီး ပြောပြီး အသံကျယ်ဖြင့် ရယ်နေသည်။

သို့သော် တခဏအကြာမှာပင် တစ်စုံတစ်ခု လွဲနေပြီဖြစ်ကြောင်း သူမ သိလိုက်၏။

အဘယ့်ကြောင့်ဆိုသော် ရယ်နေသော သူမတို့နှစ်ယောက်မှလွဲ၍ ကျန်လူများအားလုံး အလွန်တိတ်နေသောကြောင့်ပင် ။

ထိုလူများက သူမတို့နှစ်ယောက်ကိုပင် ထူးထူးဆန်းဆန်း မျက်လုံးများဖြင့် ကြည့်လာပါသေးသည်။

" မမလေး... ကျွန်မပြောပြတာ ရယ်စရာ မကောင်းဘူးလားဟင် "

သူမ တွန့်ဆုတ်စွာ မေးလိုက်သည်။

ယွဲ့လီ သက်ပြင်းချ၍ ပြန်ပြောလိုက်၏။

" သူက တကယ်လဲ အဆင့်တစ် ရခဲ့တာ "

" ဘယ်လို... "

အကူအမျိုးသမီး နှစ်ယောက် တုန်လှုပ်သွားတော့သည်။

သို့ဆိုလျှင် အစောက လောထျန်းပြောသွားခဲ့သည့် စကားများမှာ အမှန်လား..

" မဖြစ်နိုင်တာ... အဲ့လူက ဘယ်လိုလုပ်ပြီးတော့ မမလေးထက် ပိုသာမှာလဲ "

အကူအမျိုးသမီး တစ်ယောက်က မယုံဟန်ဖြင့် ချက်ချင်းခေါင်းယမ်း၍ ပြန်ပြောသည်။

ယွဲ့လီ နှုတ်ခမ်းမဲ့သွား၏။

၎င်းကိုမြင်သော ကျန်အကူအမျိုးသမီး တစ်ယောက်မှာ ယွဲ့လီက လောထျန်းကိုရှုံးခဲ့သောကြောင့် စိတ်ပျက်နေသည်အထင်ဖြင့် သူမကို နှစ်သိမ့်ရန် ကြိုးစားသည်။

" စိတ်မပူပါနဲ့ မမလေးရဲ့.. နောက်တစ်ကြိမ် ဝင်ပြိုင်

ခွင့်ရရင် မမလေးနိုင်မှာ သေချာတယ် "

နောက်တစ်ကြိမ် နိုင်မယ်တဲ့လား ..

ယွဲ့လီခေါင်းထဲ ရာပေါင်းများစွာသော မူလအဆင့် မသေမျိုးအစီအမံများကို ပြန်မြင်ယောင်မိသွားပါသည်။

ထို့အပြင် ကမ္ဘာကြီးကိုပင် ဖျက်ဆီးနိုင်သည့် လေဆင်နှာမောင်းကြီး ....

ထိုမြင်ကွင်းကို ပြန်မြင်ယောင်ရင်း သူမကိုယ်လေး တုန်သွားပြီးနောက်... လဲကျမလို ဖြစ်သွား၏။

" မမလေး... ဘာဖြစ်လို့လဲဟင် "

အကူအမျိုးသမီးနှစ်ယောက် အလန့်တကြား ဖြစ်သွားကြသည်။

ယွဲ့လီက ထိုနှစ်ယောက်အား လက်ကာပြ၍ ပြန်ပြော၏။

" နင်တို့နှစ်ယောက် ပါးစပ်ပိတ်ကြ ။ ခုချိန်ကစပြီးတော့ သခင်လေးလောထျန်း အကြောင်းကို နင်တို့မ

ပြောရဘူး ။ ကြားလား.. "

သူမ၏ စကားကြောင့် အကူအမျိုးသမီးနှစ်ယောက် အံ့သြမှင်သက်သွားကြပါသည်။

သူတို့ ယွဲ့လီ၏ နောက်လိုက် စလုပ်သည့်အချိန်မှစ၍ သူမ ဒေါသထွက်သည်ကို ယခုမှ ပထမဆုံးမြင်ဖူးခြင်းပါပင် ။ ထို့ကြောင့်လည်း သူတို့နှစ်ယောက်လုံး ခဏတာမျှ ဆွံ့အသွားကြ၏။

အတန်ကြာပြီးမှ သူတို့ အသိပြန်ဝင်ကာ ခေါင်းငုံ့၍ ပြောလိုက်သည်။

" ဟုတ်ကဲ့ပါ မမလေး "

ယွဲ့လီတစ်ယောက် ထိုစဥ်မှ သက်ပြင်းချသည်။

ထိုစဥ် ဘေးတွင်ရှိနေသော သခင်ကြီးဟောင်က ချောင်းဟန့်ကာ ပြောလာ၏။

" ကဲ.. အဲ့ကိစ္စကို ထားလိုက်ပါဦး ။ ဟေ့ကောင်တွေ.. ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံပြိုင်ပွဲရဲ့ ရလဒ်တွေကို သွားကြေငြာပြီးတော့ ခွဲဝေစရာရှိတာတွေ ခွဲပေးလိုက် "

ဝန်ထမ်းတစ်ဦးက ရယ်ရင်း ပြန်ပြောပါသည်။

" သခင်ကြီး သတင်းပို့လာကတည်းက ကျုပ်တို့ အဲ့ဒါတွေအားလုံးကို လုပ်ပြီးသွားပြီဗျ ။ အခုလောက်ဆို အရောင်းအဝယ် အဖွဲ့တွေအားလုံး ကျုပ်တို့ရဲ့ကြေငြာစာကို ရလောက်ရောပေါ့ "

အကြီးအကဲဟောင် အပြုံးဖြင့် ပြောလိုက်သည်။

" ကောင်းတယ်ကွာ "

သို့သော် ထိုစဥ်မှာပင်.. လူတစ်ယောက် အပြေးအလွှားရောက်လာကာ ပြော၏။

" သခင်ကြီးဟောင်.. ဆိုးရွားတဲ့ ကိစ္စတစ်ခုတော့ ဖြစ်သွားပြီဗျ "

" ဟင်.. ဘာဖြစ်ပြန်ပြီလဲ "

သခင်ကြီးဟောင် စိတ်ညစ်သွားသည်။

ပြီးခဲ့သည့် ရက်များအတွင်း ကိစ္စများစွာ ဖြစ်သွားခဲ့သည် မဟုတ်ပါလား ...

တဖက်လူက သူ့အနား ကပ်လာပြီးမှ ပြော၏။

" ကျုပ် ရွှမ်လင်နန်းတော်ကို သွားပြီးတော့ သခင်ကြီးရဲ့ အစီစဥ်ကို အထက်လူတွေဆီ ပြောခဲ့တယ်ဗျ "

သခင်ကြီးဟောင် မျက်မှောင်ကြုံ့သွားသည်။

" အဲ့လိုပဲ ဖြစ်ရမှာလေ ။ အခု ဘာဖြစ်လို့လဲ.. သူတို့က အဲ့ဒါကို လက်မခံဘူးတဲ့လား "

တဖက်လူက ကူကယ်ရာမဲ့ဟန်ဖြင့် ပြန်ပြောရှာ၏။

" အဲ့လိုတော့ မဟုတ်ပါဘူးဗျာ ။ ဒါပေမယ့် သူတို့ရဲ့ ရှယ်ယာတွေကို တိုင်လင်စင်မြင့်ဆီ လွှဲပေးရမှာကိုတော့ လက်မခံနိုင်ဘူးတဲ့ ။ ဒါကြောင့်မို့ သူတို့တွေ လူစုပြီးတော့ အစီအမံတိုက်ပွဲတစ်ခု စဖို့ တိုင်လင်စင်မြင့်ဆီ သွားနေကြပြီ "

" ဘယ်လို.. အစီအမံတိုက်ပွဲ .. ဟုတ်လား "

ကြားလိုက်ရသည့် စကားကြောင့် သခင်ကြီးဟောင် မျက်လုံးပြူးသွားသည်။

" ဟုတ်တယ်ဗျ... ဒီတစ်ခေါက် သူတို့က ရွှမ်လင်မြို့မှာရှိတဲ့ ထိပ်တန်းအဆင့် အစီအမံပညာရှင်တွေအားလုံးကို စုထားတာ ။ ကြည့်ရတာ သူတို့အနိုင်ရအောင်လုပ်ဖို့ ဆုံးဖြတ်ထားတဲ့ပုံပဲ "

တဖက်လူ ပြော၏။

သခင်ကြီးဟောင်၏ မျက်နှာ ရုတ်ချည်းဖြူရော်သွားသည်။

ဘေးတွင်ရပ်နေသော ယွဲ့လီကလည်း မျက်မှောင်ကြုံ့၍ ဝင်ပြော၏။

" သခင်ကြီးဟောင် ... အဲ့လောက်ကြီး မစိုးရိမ်ပါနဲ့ရှင် ။ သခင်လေးလောထျန်းသာ ရှိနေရင် ရွှမ်လင်နန်းတော်က ဘာလုပ်နိုင်မှာမို့လဲ "

သခင်ကြီးဟောင်က သူမဘက်လှည့်ကြည့်ကာ ခြောက်ကပ်ကပ် အပြုံးဖြင့် ပြောသည်။

" ယွဲ့လီ ၊ မင်းရဲ့မိသားစုက အစီအမံအဖွဲ့တစ်ခု မဟုတ်တော့ အစီအမံတိုက်ပွဲရဲ့ စည်းမျဥ်းတွေအကြောင်းကို နားမလည်လို့ကွ "

" ဘယ်လိုစည်းမျဥ်းမျိုးလဲရှင့် "

ယွဲ့လီ နားမလည်နိုင် ဖြစ်သွားသည်။

သခင်ကြီးဟောင်က အံကြိတ်ကာ ပြန်ပြော၏။

" အဲ့လို အစီအမံတိုက်ပွဲမျိုးက လူတစ်ယောက်ချင်းစီရဲ့ အစီအမံအစွမ်းကို ယှဥ်ပြိုင်တာမဟုတ်ဘဲ အဖွဲ့

တစ်ခုလုံးရဲ့ အစွမ်းကို ယှဥ်ကြတာ "

သို့သော် တဖက်မှ ယွဲ့လီက နားလည်ပုံမပေါ်သဖြင့် သူ ဆက်ရှင်းပြသည်။

" စည်းမျဥ်းတွေအရဆိုရင်.. အစီအမံတိုက်ပွဲ တစ်ခုမှာ အဖွဲ့တွေဘက်ကနေ တစ်ယောက်ချင်းစီ ရင်ဆိုင်ဖို့ လူကိုးယောက် ထွက်ကြရတယ် ။ လူတစ်ယောက်ကိုလဲ တိုက်ပွဲတစ်ခုပဲ ဝင်ပါခွင့်ရှိတယ်ကွ ။ ပြီးရင် ငါးပွဲကို အရင်ဆုံး အနိုင်ရတဲ့အဖွဲ့က အနိုင်ပဲ "

ထိုစည်းမျဥ်းများကို ကြားမှ ယွဲ့လီတစ်ယောက် အသိဝင်သွားတော့သည်။

" ဟုတ်သားပဲ ... သခင်လေးလောထျန်းက ဘယ်လောက်ပဲ အစွမ်းထက်ထက် ၊ သူ တစ်ပွဲတည်းပဲ အနိုင်ရမှာ ။ တိုင်လင်စင်မြင့်က တခြားသူတွေကျတော့လဲ အစွမ်းက သာမာန်လောက်ပဲဆိုတော့ .... "

သူမ တီးတိုးရေရွတ်လိုက်၏။

သခင်ကြီးဟောင် ခေါင်းယမ်းကာ ထပ်ပြောလာသည်။

" တကယ်တော့ သူတို့အစွမ်းက သာမာန်ထက်

တောင် ပိုဆိုးတယ်ကွ ။ တိုင်လင်စင်မြင့် ဒီအခြေနေထိ ကျသွားရတဲ့အကြောင်းကလဲ တစ်ဝက်က ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံကြောင့် ၊ ကျန်တဲ့တစ်ဝက်က အစီအမံတိုက်ပွဲကို ရှုံးခဲ့လို့ "

" သူတို့ဘက်က ငြင်းလိုက်လို့ရော မရဘူးလား "

ယွဲ့လီ စိတ်ဝင်တစား မေးလိုက်သည်။

သခင်ကြီးဟောင်က အောင့်သက်သက် အပြုံးဖြင့် ပြန်ပြော၏။

" မရဘူးကွ ။ ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံက ထုတ်ထားတဲ့ စည်းမျဥ်းအရဆိုရင်.. ငြင်းလိုက်တာက အရှုံးပေးတာနဲ့ ညီမျှတယ် "

ယွဲ့လီ မျက်မှောင်ကြုံ့သွားကာ ပြန်မေးလိုက်သည်။

" ဘယ်လိုလုပ်ပြီး အဲ့လိုစည်းမျဥ်းမျိုး ရှိနေရတာလဲ "

သခင်ကြီးဟောင်က ကူကယ်ရာမဲ့ဟန်ဖြင့် ပြော၏။

" ဒီကိစ္စက ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူးကွ ။ တင်မယ့်တင်.. တိုင်လင်စင်မြင့်ကိုပဲ အပြစ်တင်ရမှာ "

" အင်.. ဘာဖြစ်လို့လဲ "

ယွဲ့လီတစ်ယောက် နားမလည်နိုင် ဖြစ်သွားပုံပေါ်သည်။

သခင်ကြီးဟောင်က မျက်နှာပျက်ပျက်ဖြင့် ပြော၏။

" တိုင်လင်စင်မြင့်ရဲ့ တည်ထောင်သူက မူလအဆင့် မသေမျိုးအစီအမံပညာရှင် ကိုးယောက်ထဲက တစ်ယောက်ဖြစ်သလို ကောင်းကင်ဘုံကိုးဆင့် အစီအမံညီလာခံကို တည်ထောင်ခဲ့တဲ့သူ ကိုးယောက်ထဲက တစ်ယောက်ပဲ ။ အဲ့လူက အင်မတန် ပါရမီထူးပေမယ့် လောင်းကစားသမားတစ်ယောက် ။ ခုနက စည်းမျဥ်းကိုလဲ သူကိုယ်တိုင် ချမှတ်ခဲ့တာ "

ယွဲ့လီ ခဏတာမျှ ဆွံ့အသွားရသည်။

တိုင်လင်စင်မြင့်ကို တည်ထောင်ခဲ့သည့် သခင်ကြီးမှာ သူ့ခြေထောက်သူ ဒဏ်ရာရအောင် ပြန်လုပ်လိုက်သလိုပါပင် ...

" အခု ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ ။ သခင်လေးလောထျန်း ရှုံးသွားမှာကိုတော့ ဒီတိုင်းကြီးကြည့်နေ

လို့ မဖြစ်ဘူးလေ "

ယွဲ့လီ မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။

သခင်ကြီးဟောင် အသက်ပြင်းပြင်း ရှိုက်လိုက်၏။

" သွားကြစို့.. အဲ့ကိုသွားပြီး တိုင်လင်စင်မြင့်ကို သွားကူညီပေးရအောင် "

ယွဲ့လီ ခေတ္တမျှ အံ့သြသွားဟန်တူပြီးမှ ခေါင်းညိတ်လိုက်သည်။

" ဟုတ်ကဲ့ "

သိူ အစောကလေးတင် လောထျန်းနှင့် ရင်းနှီးအောင်လုပ်ရန် အခွင့်အရေး မရမည်ကို စိုးရိမ်နေခဲ့ပါသေး၏။

ယခုအခွင့်ကောင်းကို အမိအရယူပြီး တိုင်လင်စင်မြင့်ထဲသို့ အဖွဲ့ဝင်လိုက်လျှင်မူ ထိုပြဿနာကို ဖြေရှင်းပြီးသား ဖြစ်သွားနိုင်ပါသည်။

ထို့နောက်တွင်မူ သူတို့အားလုံး တည်နေရာရွှေ့ပြောင်းအစီအမံဆီသို့ သွားလိုက်ကြ၏။

အခြားတဖက် ၊ တိုင်လင်စင်မြင့်၌ ....

" အစီအမံတိုက်ပွဲ.. ဟုတ်လား "

ပြန်ရောက်ကာစ ၊ ရေနွေးကြမ်းသောက်နေသော လောထျန်းတစ်ယောက် အကြီးအကဲရှုနှင့် အခြားသူများထံမှ သတင်းကြားကာ ပြန်မေးလိုက်သည်။

" ဟုတ်တယ်ဗျ ၊ ရွှမ်လင်နန်းတော်က အဲ့ဒါကို အားကိုးပြီးတော့ ကျုပ်တို့ရမယ့် အရင်းအမြစ်တွေနဲ့ ရှယ်ယာတွေကို လုယူဖို့ ကြိုးစားနေတာ "

အကြီးအကဲရှုက မကျေမနပ် ပြောသည်။

သူ့စကားဆုံးချိန်မှာပင် တိုင်လင်စင်မြင့် အပြင်ဘက်မှ တစ်ယောက်က အော်ပြောလာ၏။

" တိုင်လင်စင်မြင့်က ကောင်တွေ ၊ မတိုက်ခိုက်ရဲရင် ခုတည်းက အရှုံးပေးလိုက်ကွာ "

" ဟုတ်တယ် ၊ မင်းတို့လို အမှိုက်အဖွဲ့ကများ ရှယ်ယာပမာဏ ကြီးကြီး လိုချင်နေသေးတယ်ပေါ့ ။ မင်းတို့က အဲ့ဒါတွေကို ထိန်းသိမ်းနိုင်မှာမို့လား "

" ထွက်လာခဲ့စမ်းဟေ့... ရွှမ်လင်နန်းတော်ရဲ့ အဆင့်နိမ့် တပည့်တစ်ယောက်ဖြစ်တဲ့ ငါက မင်းတို့ရဲ့

အကြီးအကဲတွေအားလုံးကို စိန်ခေါ်တယ် "

ရွှမ်လင်နန်းတော်မှ စိန်ခေါ်သံများက ပြတ်ပြတ်သားသားပင် ဝင်လာပါသည်။

" ဒီကောင်တွေ လွန်လွန်းနေပြီ "

တိုင်လင်စင်မြင့်မှ အကြီးအကဲတစ်ယောက်က ဒေါသငွေ့ တောက်လောင်နေသည့် မျက်လုံးများဖြင့် ဒေါသတကြီး ပြော၏။

" အမှန်ပဲ ၊ ဒီကောင်တွေ အဲ့လောက်သတ္တိရှိနေရင် တစ်ယောက်ချင်းတော့ မချပဲနဲ့ ။ ကျုပ်တို့ဘက်က အဖွဲ့တစ်ခုလုံးက ခြုံကြည့်ရင် အားနည်းတာကိုပဲ ဖိနင်းချင်နေတာ "

အကြီးအကဲရှု စိတ်ပျက်လက်ပျက် ခေါင်းယမ်းလိုက်သည်။

လောထျန်းက မျက်မှောင်ကြုံ့ကာ ဝင်ပြော၏။

" ကျုပ်တို့က ဘာကိစ္စကြောင့် သူတို့ကို ကြောက်နေရမှာလဲ ။ သူတို့က တိုက်ခိုက်ချင်တယ်ဆိုရင် စိန်ခေါ်တာကို လက်ခံလိုက်လေ "

အကြီးအကဲရှု သက်ပြင်းချ၍ ပြန်ပြောရှာသည်။

" လက်ထောက်ဂိုဏ်းချုပ်ကြီးက အစီအမံတိုက်ပွဲရဲ့ စည်းမျဥ်းတွေကို မသိသေးလို့ဗျ ။ အစီအမံတိုက်ပွဲဆိုတာ တစ်ယောက်တည်း တိုက်ခိုက်ရတာ မဟုတ်ဘဲနဲ့ ကိုးယောက်စီ တိုက်ခိုက်ရတာ... "

သူ ပြောပြီး တိုက်ပွဲစည်းမျဥ်းအကြောင်းကို လောထျန်းအား အတိုချုံ့ ရှင်းပြလိုက်သည်။

လောထျန်းက နှုတ်ခမ်းတွန့်ရုံပြုံးကာ ပြန်ပြောပါ၏။

" အဲ့တော့ရော ဘာဖြစ်သေးလဲဗျာ ။ သူတို့က တိုက်ခိုက်ချင်မှတော့ တိုက်ခိုက်စမ်းပါစေ "

All Chapters