အခန်း (၈၉၀+၈၉၁)
Vol. 63 Ch. 890+891
890
ချွှမ်ချီချန်က ပေါ့ပေါ့ပါးပါးရယ်ရင်း ပြန်ပြော၏။
" အခုက အစီအမံတိုက်ပွဲဆိုတော့ စိတ်ဝိဥာဥ်အစွမ်းကိုပဲ ပြိုင်ရင် ရိုးရှင်းလွန်းတယ် ။ အဲ့တော့.. ငါတို့တွေ အစီအမံသုံးပြီး ပြိုင်ကြရင် မကောင်းဘူးလား "
တဖက်အဘိုးအို မျက်မှောင်ကြုံ့သွားကာ မေးလိုက်သည်။
" ဘယ်လိုပြိုင်မှာလဲ ပြောပါဦး "
ချွှမ့်ချီချန်က အပြုံးဖြင့် ပြန်ပြောသည်။
" အဲ့ဒါက ရှင်းပါတယ်ကွာ ။ မင်းရော ငါရော.. အစီအမံတစ်ခုစီ လုပ်ပြီး တစ်ယောက်ဟာကို တစ်ယောက် တိုက်ခိုက်ကြတာပေါ့ ။ အရင်ဆုံး ပြိုကွဲသွားတဲ့ အစီအမံပိုင်ရှင်က အရှုံးပဲ "
" အချိန်ဖြုန်းတာကို ရှောင်တဲ့အနေနဲ့လဲ ငါတို့ အစီအမံကို နာရီဝက်အတွင်းအပြီး ပြင်ဆင်ကြရမယ် ။ တကယ်လို့ မင်း အဲ့လောက်နဲ့မလုပ်နိုင်ဘူး ဆိုရင်တော့ ငါ မင်းကို အချိန်ပို ဆယ့်ငါးမိနစ် ပေးပါ့
မယ် ။ ဘယ်လိုလဲ ... "
ထိုစကားကို ပြောချိန်တွင်လည်း သူ့မျက်နှာက ပြုံးချိုနေပါ၏။
တဖက်မှ အဘိုးအိုက လှောင်သံဖြင့် ပြန်ပြောပါသည်။
" မလိုပါဘူး.. မင်းပြောသလိုပဲ လုပ်ကြတာပေါ့ ။ ဘယ်သူမှ အချိန်နာရီဝက်ထက် ပိုမယူရဘူးနော် "
အဘိုးအို၏ စကားဆုံးချိန်တွင်မူ ချွှမ်ချီချန်၏ မျက်နှာထက်၌ အပြုံးတစ်ခု ရုတ်ချည်းပေါ်လာသည်။
ခပ်လှမ်းလှမ်းတွင် ရှိနေသော ခူဟွင်းကျီမှာလည်း ဂုဏ်ယူနေသည့် မျက်နှာထားဖြစ်သွား၏။
" ဟား ဟား.. အကြီးအကဲက တကယ်ကို ဉာဏ်ထက်တာပဲ ။ စကားလေးနည်းနည်း ပြောလိုက်ရုံနဲ့တောင် ဟိုကောင်က သူ့ထောင်ချောက်ထဲ ဝင်သွားပြီ ။ တကယ်လို့ နှစ်ဖက်လုံးကသာ အချိန်စိတ်ကြိုက်ယူခွင့်ရရင် ပထမအကြီးအကဲ နိုင်ပါ့မ
လား မသေချာပေမယ့်... အချိန်ကို နာရီဝက်ပဲ သတ်မှတ်လိုက်တာဆိုတော့ အကြီးအကဲနိုင်မှာ သေချာသွားပြီ "
" အစီအမံတွေကို လုပ်တဲ့ အမြန်နှုန်းမှာတော့ ကျင့်ကြံခြင်းအဆင့် တူတဲ့သူတွေထဲမှာ ပထမအကြီးအကဲကို ယှဥ်နိုင်တဲ့သူ ဘယ်သူမှ မရှိသေးဘူး "
ဤတစ်ကြိမ်တွင် ရွှမ်လင်နန်းတော်ဘက်မှသာ အနိုင်ရလိမ့်မည်ဟု ခူဟွင်းကျီ အပြည့်အဝ ယုံနေပါတော့သည်။
ထိုစဥ်. ... အဘိုးအိုနှစ်ယောက်က နောက်သို့ ခြေလှမ်းအနည်းငယ်စီ ဆုတ်ကာ အစီအမံများ စလုပ်လိုက်ကြသည်။
" ရှင်းဝူလောင် ၊ သတိမလွတ်နဲ့နော် "
သခင်ကြီးချင်းက အသံကျယ်ဖြင့်အော်၍ သတိပေးလာ၏။
အဘိုးကြီး ၊ ရှင်းဝူလောင် ခေါင်းညိတ်လိုက်သည်။
" စိတ်မပူပါနဲ့ ၊ ကျုပ် အကောင်းဆုံးလုပ်မှာပါ "
သူ ပြောပြီး ထွင်းစာများကို စရေးလိုက်၏။
ဝှစ် ...
ထိုတခဏ၌ လူနှစ်ယောက်လုံး၏ စိတ်ဝိဥာဥ်အစွမ်းများ စီးမျောသွားကာ ထွင်းစာများကို အဆက်မပြတ် ရေးနေကြတော့သည်။
" ကြည့်လိုက်ဦးဟေ့.. ပထမအကြီးအကဲ ထွင်းစာရေးနေတဲ့ အမြန်နှုန်းက ဟိုသူတောင်းစားကောင်ထက် အများကြီးပိုသာတယ် "
" ဟား ဟား.. ဒီတစ်ကြိမ်တော့ ငါတို့ ရွှမ်လင်နန်းတော် နိုင်တော့မှာ "
" ပထမနှစ်ယောက်က ဘီလူးလိုလူတွေ ဖြစ်နေတော့ ဒီတစ်ယောက်ရော အဲ့လိုပဲလာမှာလားလို့ ငါ ခုနက တွေးနေသေးတာ "
" ဒါပေမယ့် ဒီတိုင်းဆိုရင်တော့ နောက်ဆုံးနိုင်မယ့်သူ
က ငါတို့ ရွှမ်လင်နန်းတော်ပဲ ဖြစ်မှာ "
ရွှမ်လင်နန်းတော်မှ လူများ အပြုံးမျက်နှာကိုယ်စီဖြင့် ပြောလိုက်ကြသည်။
တဖက် တိုင်လင်စင်မြင့်ဘက်မှ အကြီးအကဲရှုနှင့် အခြားသူများမှာမူ မျက်နှာပျက်နေကြပါ၏။
" အဆင့်ကိုး မသေမျိုးအစီအမံပညာရှင် တစ်ယောက် ပီသပါပေတယ် ။ ကြည့်ရတာ ဒီတစ်ခါတော့ ငါတို့ရှုံးတော့မယ်ထင်တယ် "
အကြီးအကဲရှု တီးတိုးရေရွတ်လိုက်သည်။
" ဒီတစ်ခေါက်ရှုံးလဲ ကိစ္စမရှိပါဘူးလေ ။ နောက်ပွဲတွေ အခွင့်ရေးရှိသေးတယ် "
" ဟုတ််တယ် ၊ အခွင့်ရေး ရှိသေးတယ် "
သူတို့ တစ်ယောက်ကိုတစ်ယောက် အားပေးလိုက်ကြသည်။
သို့သော်.. ဘေးတွင်ရပ်နေသော လောထျန်းက မျက်
မှောင်ကြုံ့ရင်း မေးလာပါ၏။
" ကျုပ်တို့ဘက်က ရှုံးမယ်လို့ ဘာကြောင့်ထင်ရတာလဲ "
" ဟင် ... "
အကြီးအကဲများ အံ့သြမှင်သက်သွားကာ ရှင်းဝူလောင်ကို တစ်လှည့် ၊ ချွှမ်ချီချန်ကိုတစ်လှည့် ကြည့်လိုက်ကြသည်။
သူတို့နှစ်ယောက်၏ အစီအမံ ရေးသည့်နှုန်းမှာ အလွန်ကွာနေသည့်အတွက် ရလဒ်ကလဲ သိသိသာသာပင် ကွာနေသည် မဟုတ်ပါလား ...
ထိုစဥ် ကမ်းဖျင်နှင့် အခြားသူများက အပြုံးမျက်နှာဖြင့် ပြောလာပါသည်။
" မင်းတို့က အတွေ့အကြုံ နည်းနေသေးတယ်ကွ "
" အဲ့ဒါ ဘယ်လိုအဓိပ္ပါယ်လဲဗျ "
အကြီးအကဲရှုတို့ လူစုမှာ ကမ်းဖျင်၏ အစွမ်းကို မြင်ထားကြပြီးဖြစ်သဖြင့် တလေးတစား ပြန်မေးလိုက်ပါ၏။
ကမ်းဖျင်၏လက် လှုပ်ရှားသွားကာ သူ့အကျ်ီလက်ထဲ
မှ စာအုပ်တစ်အုပ်ကို ထုတ်၍ ဆိုသည်။
" ငါပြောပြရင်တောင် မင်းတို့တွေ နားလည်နိုင်မှာ မဟုတ်ဘူးကွ ။ ဒီဟာက ငါကိုယ်တိုင်ရေးထားတဲ့ အစီအမံပညာရပ်ရဲ့ လျှို့ဝှက်ချက်တွေပဲ ။ ငါ့ကို မူလအဆင့် မသေမျိုးလက်နက်တစ်ခု ပေးမယ်ဆိုရင် မင်းကို ဒီစာအုပ် ရောင်းပေးမယ် ။ ဒါကို ဖတ်ပြီးသွားရင် မင်း အားလုံးကိုနားလည်သွားမှာကွ ။ ဘယ်လိုလဲ... ဝယ်မလား "
သူ ပြောပြီး အရောင်လက်နေသော မျက်လုံးများဖြင့် အားလုံးကို ဝေ့ကြည့်လိုက်သည်။
တဖက်မှ အကြီးအကဲရှုနှင့် ကျန်လူများ မျက်နှာဖြူရော်သွားကြ၏။
" မူလအဆင့် မသေမျိုးလက်နက်လား ... ထားပါဗျာ ၊ ကျုပ် မဝယ်နိုင်ပါဘူး "
အကြီးအကဲရှု ခြောက်ကပ်ကပ် ရယ်လိုက်သည်။
ကမ်းဖျင် မျက်မှောင်ကြုံ့သွားကာ တစ်ခုခုပြောရန် ပြင်၏။
သို့သော် ထိုစဥ်မှာပင် သခင်ကြီးချင်းက သူ့ခေါင်းနောက်ကို ဖြတ်ရိုက်၍ ပြောလာပါသည်။
" မင်း ဘယ်ရောက်နေတယ်ဆိုတာကို မမေ့နဲ့ဦး အဘိုးကြီး "
ကမ်းဖျင် လန့်သွားပုံဖြင့် လောထျန်းအား လှမ်းကြည့်ကာ စာအုပ်ကို မြန်မြန်သိမ်းလိုက်သည်။ ထို့နောက် သူ ကြောင်အမ်းအမ်းရယ်ရင်း ပြော၏။
" တောင်းပန်ပါတယ်ဗျာ.. ကျုပ်ရဲ့ အရင်အကျင့်ဟောင်း ပြန်ပေါ်လာလို့ပါ "
သခင်ကြီးချင်း ဘာမှထပ်မပြောဘဲ နှာခေါင်းသာ ရှုံ့လိုက်သည်။
ဤသို့ဖြင့် ယှဥ်ပြိုင်နေကြသူနှစ်ဦး သဘောတူထားခဲ့သော အချိန်ပြည့်ရန် တဖြည်းဖြည်း နီးကပ်လာခဲ့လေပြီ ။
ဝီ ...
အချိန်ပြည့်ရန် ၇ ၊ ၈ မိနစ်ခန့် အလိုမှာပင် ချွှမ်ချီချန်က ဦးစွာရပ်လိုက်၏။
အစွမ်းထက် အရောင်အဝါတစ်ခုလည်း ကောင်းကင်ယံသို့ တမဟုတ်ချင်း ထိုးတက်သွားသည်။
" ဒါ .... အဆင့်ကိုး မသေမျိုးအစီအမံလား... တကယ်ကြီးလား "
" ဘုရားဘုရား ... အဆင့်ကိုး မသေမျိုးအစီအမံကို အဲ့လောက်အနီးကပ် မြင်ဖူးတာ ခုက ပထမဆုံးပဲ "
အားလုံး တုန်လှုပ်သွားကြပါ၏။
ထိုစဥ် ချွှမ်ချီချန်မှာ နဖူးပြင်တစ်ခုလုံး ချွေးများရွှဲနေပြီး အနည်းငယ်လည်း မောနေဟန်တူပါသည်။
" ပုံမှန်ထက်တောင် နည်းနည်းပိုပြီး အဆင်ပြေပြေ ပြီးသွားတာပဲ "
ခူဟွင်းကျီကလည်း ရယ်ရင်းပြော၏။
" ပထမအကြီးအကဲက တကယ်ကို နှိမ့်ချတတ်တာပဲဗျာ ။ နာရီဝက် မပြည့်ခင်မှာတောင် အဆင့်ကိုး မသေမျိုးအစီအမံကို လုပ်လိုက်နိုင်တယ်။ ချင်းယွမ်ဒေသ တစ်ခုလုံးမှာတောင် အကြီးအကဲကို ယှဥ်နိုင်တဲ့
သူ ရှိမယ်မထင်ဘူး "
ထိုစကားကို ကြားချိန်တွင်မူ လောထျန်းနောက်မှ လူများ နှုတ်ခမ်းမဲ့လိုက်ကြသည်။
ခူဟွင်းကျီတစ်ယောက် ၎င်းကိုမြင်ပြီး မျက်နှာကြီးသုန်မှုန်သွားကာ ပြော၏။
" မင်းတို့က ဘာကြည့်နေတာလဲ "
" ရေတွင်းထဲက ဖားလေးတစ်ကောင်ပါကွာ "
" ရေတွင်းထဲကနေပြီး ကောင်းကင်ကြီးကို မော့ကြည့်နေတာ "
" ကိုယ့်ကိုကိုယ် တော်တော်အထင်ကြီးပြီး... "
" အမြင်လဲ ကျဥ်းတာပေါ့ကွာ "
တဖက်လူစုက တစ်ယောက်ပြီးတစ်ယောက် ပြောလိုက်ကြသည်။
" မင်းတို့ .... "
ခူဟွင်းကျီ မျက်နှာကြီး နီရဲသွားတော့သည်။
ခေတ္တမျှ တိတ်နေပြီးမှ သူ အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။
" စကားပြောတာလောက်နဲ့ အလုပ်ဖြစ်နေရင် ကြိုးစားကျင့်ကြံဖို့ လိုပါဦးမလားကွာ "
သူ ထိုသို့ပြောပြီးနောက် ရှင်းဝူလောင်ဘက် လှည့်ကြည့်၍ ဆိုသည်။
" သခင်ကြီး ၊ အချိန်စေ့ပြီ "
တဖက်မှ ရှင်းဝူလောင်ကလည်း သူ့အသံကို ကြားသည်နှင့် အစီအမံပြင်ဆင်ခြင်းကို ချက်ချင်းရပ်၏။
" အချိိန်ပြည့်သွားပြီလား.. မြန်လိုက်တာ ၊ ငါ ကောင်းကောင်းတောင် အစီစဥ်မချရသေးဘူး "
ရှင်းဝူလောင် ပြောသည်။
ထိုစကားကို ကြားသောအခါ ခူဟွင်းကျီ ပိုဝမ်းသာသွားပါ၏။
မပြီးသေးသော အစီအမံတစ်ခု၏ အစွမ်းမှာ ပြီးပြည့်စုံသော အစီအမံ၏ အစွမ်းနှင့် အလွန်ကွာပါသည်။
ဤတစ်ကြိမ်ပွဲ၌ ရွှမ်လင်နန်းတော်ဘက်မှ အနိုင်ရမည်မှာ သေချာသလောက်နီးပါးပင် ။
" ဟား ဟား .. အဲ့တာ ကျုပ်တို့နဲ့ မဆိုင်ဘူးလေ "
ခူဟွင်းကျီ ပြောလိုက်သည် ။
ရှင်းဝူလောင်က သက်ပြင်းချကာ ပြန်ပြော၏။
" ထားပါလေ... ဒီတိုင်းပဲ လုပ်ကြတာပေါ့ "
ထို့နောက် သူ ချွှမ်ချီချန်ဘက် လှမ်းကြည့်ကာ ပြောသည်။
" ကဲ.. ဒါဆို စလိုက်ကြမလား "
ချွှမ်ချီချန် ခေါင်းညိတ်လိုက်၏။
" သုံးအထိ ရေပြီးသွားရင် အတူတူတိုက်ခိုက်ကြမယ် ။ တစ် ... နှစ် .... သုံး .... "
သူ ပြောပြီးသည်နှင့် အစီအမံအား အသက်သွင်းသည်။
ဝုန်း ....
ကြောက်မက်ဖွယ် ဖိအားကြီးတစ်ခု အရပ်မျက်နှာအနှံ့ ရုတ်ချည်းပျံ့သွားသည်။
" ဟာ.. မဖြစ်ဘူး ၊ ပြေးကြဟေ့ ... "
ခပ်လှမ်းလှမ်းမှ ကြည့်နေကြသော လူအုပ်မှာလည်း ဖိအားကို အာရုံခံမိပြီး ကြောက်လန့်တကြား နောက်သို့ ပြေးဆုတ်လိုက်ကြသည်။
" ပြီးပြည့်စုံတဲ့ အဆင့်ကိုး မသေမျိုးအစီအမံတစ်ခုရဲ့ အစွမ်းဆိုတာ ဒါမျိုးလား.. ကြောက်စရာကောင်းလိုက်တာကွာ "
" အဆင့်ကိုးမသေမျိုးအစီအမံ ဆိုတာ မသေမျိုးဘုရင် တစ်ယောက်ကို ယှဥ်ပြီးတိုက်ခိုက်နိုင်တဲ့အထိ အစွမ်းထက်တယ်ကွ ။ ဘယ်လိုလုပ် ကြောက်စရာမကောင်းဘဲ နေမှာလဲ "
သူတို့အားလုံး အံ့သြနေကြပါ၏။
ထိုစဥ်တွင် ချွှမ်ချီချန်မှာ ယုံကြည်မှုအပြည့်ရှိသည့်ပုံ ပေါ်နေကာ အပြုံးဖြင့်ဆိုသည်။
" မင်း.. ဘုရားသာ တနေလိုက်တော့ကွာ ။ မင်းတို့က ငါတို့ ရွှမ်လင်နန်းတော်ရဲ့ လူနှစ်ယောက်ကိုတောင် ဆက်တိုက်သတ်ထားတာဆိုတော့ ငါ့ဘက်က ဘာကိုမှ ညှာတာပေးနေမှာ မဟုတ်ဘူး "
ဝုန်း...
သူ ပြောပြီးချိန်မှာပင် အစီအမံက ချက်ချင်း အသက်ဝင်လာကာ ရှင်းဝူလောင်ထံ ရွေ့လျားသွားသည်။
၎င်းကိုမြင်သော ရှင်းဝူလောင် မျက်မှောင်အနည်းငယ် ကြုံ့လိုက်၏။
" ကောင်းပြီလေ.. အဲ့ကျတော့လဲ ငါ့ဘက်က ညှာတာပေးနေစရာ မလိုတော့ဘူးပေါ့ "
ဝုန်း..
သူ ပြောပြီး အစီအမံအား အသက်သွင်းလိုက်သည်။
ရွှေရောင်အလင်းတန်းတစ်ခု ကောင်းကင်ယံသို့ ရုတ်ချည်းထိုးတက်သွား၏။
ပြီးနောက်တွင် .... သူ့အစီအမံက တဖက်ရန်သူဆီ တိုးဝင်သွားသည်။
" ဟား ဟား.. ဘာမဟုတ်တဲ့ မပြည့်မစုံ အစီအမံလေးတစ်ခုနဲ့များ ငါတို့ ပထမအကြီးအကဲရဲ့ အဆင့်ကိုးမသေမျိုးအစီအမံကို ယှဥ်ချင်သေးတယ်ပေါ့ "
" တိုင်လင်စင်မြင့် ... မင်းတို့တော့ ရှုံးပြီ "
ရွှမ်လင်နန်းတော်ဘက်မှ လူများ ရင်ခေါင်းသံကြီးဖြင့် အော်ဟစ်လိုက်ကြ၏။
ထိုစဥ်မှာပင် အစီအမံနှစ်ခုက ထိပ်တိုက်တွေ့သွားပါသည်။
သို့သော် ...
ဝုန်း ...
ထိုသို့ ထိမိရုံဖြင့် အစီအမံတစ်ခုက တမဟုတ်ချင်း ပြိုကွဲသွား၏။
891
" ဘယ်လိုဖြစ်ပြီး ... "
ရှင်းဝူလောင်မှာ သူ့ရှေ့မှမြင်ကွင်းကို ကြည့်ရင်း အံ့အားသင့်နေကာ သူ့မျက်လုံးသူပင် မယုံနိုင်ပါချေ။
ထိုအစီအမံက အဲ့လောက် ပျက်စီးလွယ်သတဲ့လား ...
သူ အစီအမံအား ကြည့်နေရာမှ ခပ်လှမ်းလှမ်းရှိ ချွှမ်ချီချန်ဘက် လှမ်းကြည့်ကာ နှုတ်ခမ်းလှုပ်သွားသည်။
အချိန်အတန် ကြာသွားပြီးမှ သူ ဒေါသတကြီး အော်လိုက်၏။
" မင်းပြောတော့ အဆင့်ကိုး မသေမျိုးအစီအမံပညာရှင်ဆို... ဟမ်... ။ ဒီဟာက အဆင့်ကိုးမသေမျိုးအစီအမံ တဲ့လား.. ။ အဲ့ဟာက အမြင်လှအောင်လို့ အဆင့်ကိုး ထွင်းစာတွေ နည်းနည်းလောက်ပဲ ပစ်ထည့်ထားတဲ့ အဆင့်ရှစ်အစီအမံ ကွ "
" ချီး... ငါ့မှာတော့ မင်းကို အစွမ်းထက်မယ်ထင်ပြီး
အစီအမံကို အစွမ်းကုန်သုံး ရေးလိုက်ရတာ ။ အခုတော့ ဒီလိုအမှိုက်မျိုးတဲ့ ... "
ရှင်းဝူလောင်၏ ဒေါသတကြီးအော်သံမှာ မိုးကြိုးသံလို ကျယ်လောင်လှပြီး ထိုတခဏ၌ သူ မည်မျှဒေါသထွက်နေသည်ကို မည်သူမှပင် မခန့်မှန်းနိုင်ကြပါချေ။
ဟုတ်ပါသည် ...
အစောပိုင်းက အစီအမံနှစ်ခု တွေ့သွားခဲ့ချိန်တွင် ချွှမ်ချီချန်၏ အစီအမံက တစ်စက္ကန့်လောက်လေးပင် တောင့်မခံနိုင်ဘဲ ပြိုကွဲသွားခဲ့ပါ၏။
အကယ်၍သာ စောစောကြိုသိခဲ့ပါက ပြီးခဲ့သောနှစ်များအတွင်း နားလည်ခဲ့သမျှ အစီအမံအစွမ်းများကို ရှင်းဝူလောင် ထည့်သုံးမိခဲ့မည်ပင် မဟုတ်ပါ ။
" မင်း .... "
ထိုစဥ်တွင် တဖက်မှ ချွှမ်ချီချန်မှာလည်း မျက်နှာထား ရုတ်ချည်းပြောင်းသွားပါသည်။
ယခုလို အခြေအနေနဲ့ ကြုံရလိမ့်မည်ဟု သူအမှန်တကယ်ပင် ထင်မထားမိခဲ့ပါ ။
တဖက်လူက မပြည့်မစုံ အစီအမံတစ်ခုဖြင့် သူ့ကိုယ်ပိုင် အစီအမံကို ချက်ချင်းဖြိုခွဲခဲ့သတဲ့လား...
ဤကမ္ဘာကြီးတွင် ထိုသို့သော လူမျိုး ဘယ်တုန်းက ပေါ်လာခဲ့ပါသနည်း ။
ထိုစဥ်တွင် ရှင်းဝူလောင်မှာကား ဒေါသထွက်လွန်း၍ မျက်နှာကြီး စူပုတ်နေပါ၏။
" အဘိုးကြီး ... မင်းက ငါ့ကို လာနောက်တယ်ပေါ့လေ ။ သေလိုက်တော့.. "
သူ ပြောပြီး လက်ဝါးနှစ်ဖက်ကို စုလိုက်သည်။
ဝီ ...
အစီအမံ အသက်ဝင်သွားကာ မြောက်များစွာသော အားများ ချွှမ်ချီချန်ထံ တိုးဝင်သွား၏။
" ဟာ.. မဖြစ်ဘူး.. "
ချွှမ်ချီချန် မျက်နှာထားချက်ချင်းပြောင်းသွားပြီး အစွမ်းကုန်သုံး ကာကွယ်လိုက်ရသည်။
သို့သော်.. သူ ဘာများလုပ်နိုင်ပါမည်လဲ..
ဝုန်း.... ဝုန်း .. ဝုန်း ....
သူ ပထမအားသုံးခုကို ခက်ခက်ခဲခဲ တားလိုက်နိုင်သည့်တိုင် .. နောက်ထပ်ရောက်လာသည့် ထောင်နှင့်ချီသော အစွမ်းတို့ကိုမူ ဘာမှ မလုပ်နိုင်တော့ပါချေ.. ။
ဝုန်း ...
အသံလှိုင်းလုံးများ လိမ့်တက်လာကာ သူ အစီအမံထဲ ရောက်သွားပါတော့၏။
" မဖြစ်ဘူး.... "
" ပထမအကြီးအကဲ ... "
ရွှမ်လင်နန်းတော်ဘက်မှ လူများအားလုံး မျက်နှာဖြူရော်သွားကာ အထိတ်တလန့် အော်ဟစ်လိုက်ကြသည်။
သို့သော် .. ဘာတုန့်ပြန်သံမှ ထွက်မလာခဲ့ပါ ...
တခဏကြာပြီးနောက်မှ ..
ဝီ ....
ရှင်းဝူလောင်က အစီအမံကို ဖယ်ရှားလိုက်သဖြင့် အလင်းတန်းတစ်ခု ဖျတ်ခနဲလက်သွားပြီး.. ဧရာမတွင်းနက်ကြီးတစ်ခု အားလုံး၏ မျက်စိရှေ့ ပေါ်လာသည်။
" ဟင် .... ပထမအကြီးအကဲ ... ဘယ်ရောက်သွားတာလဲ "
ခူဟွင်းကျီ အသံတုန်တုန်ဖြင့် မေးလိုက်သည်။
သို့သော်.. တုန့်ပြန်သံက ထွက်မလာသေး ...
ထိုစဥ် လောထျန်းက ရုတ်တရက် ပြောလာ၏။
" သူ့ကို ရှာမနေနဲ့တော့ ။ မင်းတို့ရဲ့ ပထမအကြီးအကဲက ၇ ခုမြောက် တိုက်ကွက်မှာတင် သေသွားပြီ "
" ဘယ်လို... "
ခူဟွင်းကျီ မျက်နှာတပြင်လုံး သွေးဆုတ်ဖြူရော်ကာ ခန္ဓာကိုယ်ယိုင်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရ၏။
ချွှမ်ချီချန်သည် သူတို့ ရွှမ်လင်နန်းတော်၏ အကြီးဆုံးသော ဝှက်ဖဲကြီးဖြစ်ပြီး ...
သူ အားအကိုးရဆုံး သူတစ်ယောက် ဖြစ်ပါသည်။
ယခုတွင်မူ သူတို့၏ ပထမအကြီးအကဲ သေသွားခဲ့ရလေပြီ ။
ရွှမ်လင်နန်းတော်သည် ရန်သူများစွာ ရှိခဲ့သော်လည်း.. ချွှမ်ချီချန် ရှိနေချိန်တွင် ထိုရန်သူများမှာ သူ့ကိုကြောက်ပြီး ဘာမှ သိပ်မလုပ်ရဲခဲ့ကြပါ ။
သို့ဆိုလျှင် ရွှမ်လင်နန်းတော်၏ နောင်အနာဂါတ်က....
ခူဟွင်းကျီ ခေါင်းတစ်ခုလုံး စူးခနဲ ကိုက်လာပါတော့၏။
ထိုစဥ်တွင် ရှင်းဝူလောင်က နောက်လှည့်၍ လောထျန်းဆီ ပြန်လျှောက်သွားသည်။ သူ ပြန်သွားသည့် လမ်းတလျှောက်လုံးလည်း မျိုးစုံဆဲရေးသွားပါသေး၏။
သူ ပြန်ရောက်သည်နှင့် သူတောင်းစားအုပ်ထံမှ အော်ဟစ်သံများ ထပ်ထွက်လာသည်။
" အခုက ကျုပ်အလှည့် "
" ငါ သွားမယ် "
" ဖယ်စမ်းပါကွာ ... ငါပဲ သွားမှာ "
" မင်း ဒီကနေ ထွက်သွားလို့ရမယ် မထင်နဲ့ "
" ဟမ့်... အဲ့လိုဆို ငါတို့ရဲ့ ကိုယ်ပိုင်အစွမ်းကိုပဲ အားကိုးပြီးတော့ အစွမ်းပိုထက်တဲ့သူ သွားကြေးကွာ.. ဘယ်လိုလဲ "
" ငါကလဲ အဲ့ဒါမျိုး လိုချင်တာ "
" ငါက မင်းကို ကြောက်မက်ထင်နေလား "
သူတို့ ပြောပြောဆိုဆိုပင် စိတ်ဝိဥာဥ်အစွမ်းများ ကိုယ်စီထုတ်လွှတ်လိုက်ကြသည်။
ဝုန်း ...
စိတ်ဝိဥာဥ်အစွမ်း လှိုင်းလုံးကြီး တမဟုတ်ချင်း ပေါ်လာ၏။
" ဟင်.... "
ရွှမ်လင်နန်းတော်မှ လူများမှာ ထို သူတောင်းစားအုပ်ကို ကြည့်ရင်း ဆွံ့အမှင်သက်လျက် ....
ထိုစဥ် သူတောင်းစားအုပ်မှ လူတိုင်းက စိတ်ဝိဥာဥ်အစွမ်းကို ကိုယ်စီထုတ်လွှတ်ထားပြီး ၎င်းအစွမ်းများက မျိုးစုံလှသော ပုံစံများအဖြစ် အသွင်ပေါ်လာပါ၏။
သူတို့ထဲတွင် ပေသုံးထောင်ခန့် အမြင့်ရှိသော သားရဲကြီး ရှိနေသလို ...
ပေတစ်သောင်းခန့် ရှည်လျားသည့် မြွေဟောက်ကြီးလည်း ရှိနေသည်။
ထိုသို့ ရောထွေးရှုပ်ယှက်ခတ်လျက် ရှိနေစဥ်မှာပင် ရွှရောင်သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီး ရှေးဟောင်းအရောင်အဝါများ ထုတ်လွှတ်နေသည့် နတ်ဘုရားကြီးနှစ်ပါးက စတိုက်ခိုက်လိုက်ကြတော့သည်။
အခြားသော ထူးဆန်းပုံရိပ်ကြီးများကလည်း အလားတူပင်..
ထိုလူများမှာ တစ်ယောက်ကိုတစ်ယောက် လုံးဝ အလျှော့ပေးချင်ပုံမရဘဲ စိတ်ဝိဥာဥ်အစွမ်းများဖြင့် စတိုက်ခိုက်နေကြပါ၏။
ဂလု...
ရွှမ်လင်နန်းတော် ဂိုဏ်းသားတစ်ယောက် တံတွေးကို ခက်ခက်ခဲခဲ မြိုချလိုက်ရသည်။ သူ့ဘောင်းဘီကလည်း အနည်းငယ် ပူနွေးလာသလို ...
" နောက်.. နောက်နေတာလားကွာ.. ၊ ဒီလူတွေက အဲ့လောက်အစွမ်းထက်ကြတာလား "
" ငါတို့ ရန်စမိခဲ့တဲ့ ပြိုင်ဘက်က အဲ့လိုဘီလူးကြီးတွေ ဖြစ်နေခဲ့တာလား ။ ဒီတိုင်းဆို ငါတို့တွေ ဘယ်လိုလုပ်ပြီး နိုင်တော့မှာလဲ "
" အမှန်ပဲ ။ သူတို့တွေ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ရင်းနဲ့ ထွက်လာတဲ့ နောက်ဆက်တွဲအစွမ်းကတောင် ငါ့ကို အသေသတ်လို့ ရနေပြီ "
" မင်းတင်မကဘူးကွ... ပထမအကြီးအကဲ ပြန်အသက်ရှင်လာရင်တောင် ထပ်သေရမှာပဲ "
" ဒါ... နတ်ဆိုးကြီးတွေ စစ်ပွဲဖြစ်နေတာနဲ့တောင် တူနေပြီ "
ထိုတခဏ၌ ရွှမ်လင်နန်းတော်မှ လူများ နောက်ဆုတ်
သွားကြသဖြင့် သူတို့ ယခင်ရပ်နေခဲ့သော နေရာ၌ ရေကွက်များသာ ကျန်နေခဲ့ပါ၏။
ထိုစဥ်တွင် ခူဟွင်းကျီ တစ်ယောက်မှာလည်း မျက်စိမျက်မှာ အလွန်ပျက်နေလေပြီ ။
ယခု ဖြစ်နေသည့် ကိစ္စများက သူ့နားလည်နိုင်စွမ်းထက် ကျော်လွန်နေပြီ မဟုတ်ပါလား ...
တိုင်လင်စင်မြင့်သည် သူတို့ ရွှမ်လင်နန်းတော်၏ ဖိနှိပ်ခံ ဖြစ်လာခဲ့သည်မှာ နှစ်ပေါင်းမည်မျှ ရှိသွားခဲ့ပြီပင် မသိတော့ပါချေ။
ဤတစ်ကြိမ်တွင် လောထျန်းလို လူတစ်ယောက် ပေါ်လာခဲ့သည့်အတွက် ခူဟွင်းကျီ စိုးရိမ်စိတ် ဖြစ်ခဲ့ရပါ၏။
သူနေရာသို့ ရှယ်ယာကိုယူရန် လာခဲ့သည်ဆိုသော အချက်မှာလည်း အကြောင်းပြချက်သက်သက်သာ ဖြစ်ပြီး ....
အကြောင်းရင်းအမှန်မှာ လောထျန်းအား အစီအမံတိုက်ပွဲအတွင်း သတ်ပစ်ရန်ဖြစ်သည်။
သို့ဆိုလျှင် အနာဂါတ်ရန်သူတစ်ယောက်ကို ရှင်းထားပြီးသား ဖြစ်သွားပေမည်။
သို့သော်.. မျှော်လင့်မထားစွာပင် အခြေနေက ယခုလို ဖြစ်သွားခဲ့ပါ၏။
" ဟေ့.. ဂိုဏ်းချုပ်ကြီး ၊ ခဏနေဦးနော် ။ ငါတို့ဘက်က အနိုင်ရတဲ့သူကို ဆုံးဖြတ်ပြီးသွားရင် မင်းတို့နဲ့ လာတွေ့မယ် "
ထိုစဥ် တဖက်တွင် တိုက်ခိုက်နေသော အဘိုးအိုများထဲမှ တစ်ယောက်က အော်ပြောလာသည်။
" မအေဘေး ... #@@$ "
ခူဟွင်းကျီ ဒေါသတကြီး ဆဲရေးလိုက်၏။
ဘာတွေပါလဲ ....
တဖက်လူအုပ်ထဲမှ မည်သူပင်ထွက်လာထွက်လာ သူ့ကိုပင် အလွယ်တကူ သတ်နိုင်မည်မှန်း သူမသိဘဲ မနေပါ ။
သူ အသက်ပြင်းပြင်း ရှိုက်လိုက်ပြီးနောက် လောထျန်းကို ချက်ချင်းဦးညွှတ်ကာ ပြောလိုက်သည်။
" လက်ထောက်ဂိုဏ်းချုပ်ကြီး လောထျန်း ၊ ဒီ အစီအမံတိုက်ပွဲမှာ ကျုပ်တို့ ရွှမ်လင်နန်းတော်ဘက်က အရှုံးပေးပါတယ် ။ ကျုပ်တို့ ခုချက်ချင်း ထွက်သွားပါတော့မယ် "
မသွား၍လည်း မရတော့ပါချေ..
ဤနေရာတွင် ဆက်နေပါက သေရမည်မှာ သေချာနေလေပြီ ။
သူ ပြောပြီးသည်နှင့် လှည့်ထွက်ရန် ပြင်လိုက်၏။
သို့သော်..
" ခဏနေဦး "
လောထျန်းက အေးစက်စက်အသံဖြင့် ရုတ်တရက် ပြောလာသည်။
" ဟင်.... ဘာဖြစ်လို့လဲ "
ခူဟွင်းကျီ၏ မျက်နှာကြီး သွေးဆုတ်ဖြူရော်သွား
တော့သည်။
လောထျန်းက တဖက်လူကိုကြည့်ကာ အေးစက်စက် ပြော၏။
"ကျုပ်တို့ တိုင်လင်စင်မြင့်ကို ခင်ဗျား သွားချင်တိုင်းသွား ၊ လာချင်တိုင်းလာလို့ရတဲ့ နေရာများ ထင်နေလား "
ခူဟွင်းကျီ အံကြိတ်၍ ပြန်ပြောလိုက်သည်။
" လက်ထောက်ဂိုဏ်းချုပ်ကြီး ၊ ကျုပ် လုပ်ခဲ့တာတွေအားလုံးက တိုင်လင်စင်မြင့်ရဲ့ ဘိုးဘေးကိုယ်တိုင် ချမှတ်ထားတဲ့ စည်းမျဥ်းတွေနဲ့ ကိုက်ညီပါတယ် "
လောထျန်း မျက်မှောင်ကြုံ့သွားကာ အကြီးအကဲရှုဘက် လှည့်ကြည့်လိုက်၏။
အကြီးအကဲရှုက ချက်ချင်းခေါင်းညိတ်၍ ဝင်ပြောရှာသည်။
" အဲ့လိုစည်းမျဥ်းမျိုး ရှိတယ်ဆိုတာ မှန်ပါတယ် ။ အစီအမံတိုက်ပွဲတစ်ခုမှာ စိန်ခေါ်တဲ့သူဘက်က အရှုံးပေးလာရင် ကျုပ်တို့အနေနဲ့ ဘာမှလုပ်မရဘူး "
ခူဟွင်းကျီ မျက်မှောင်ကြုံ့ရင်း ပြောလိုက်၏။
" သူ့စကားကို ကြားလိုက်လား ။ ဒါမှမဟုတ်ရင် လက်ထောက်ဂိုဏ်းချုပ်ကြီး လောထျန်းက ကိုယ့်ဂိုဏ်းက ဆရာတွေနဲ့ ဘိုးဘေးတွေကို သစ္စာဖောက်တဲ့သူ ဆိုတဲ့အဓိပ္ပါယ်လား "
ထိုစကားကို ကြားသောအခါ လောထျန်း ခေတ္တမျှအတွေးနက်သွားပြီးမှ ပြန်ပြောသည်။
" အဲ့စည်းမျဥ်းတွေကို ကျုပ်တို့ရဲ့ ဘိုးဘေးကိုယ်တိုင် ချမှတ်ထားခဲ့တာဆိုတော့လဲ ကျုပ်ဘက်က မလိုက်နာလို့ ဘယ်ဖြစ်ပါ့မလဲ "
တဖက်မှ ခူဟွင်းကျီ ပျော်သွားကာ လောထျန်းက သူ့အကွက်ထဲသို့ ရောက်လာပြီဟု ထင်လိုက်သည်။
သို့သော်.. ထိုစဥ် လောထျန်းက အကြီးအကဲရှုဘက် ရုတ်တရက်လှည့်၍ ဆက်ပြော၏။
" တကယ်လို့.. ကျုပ်တို့ဘက်က သူတို့ကို လိုက်လုပ်တာမဟုတ်ဘဲ ... အစီအမံတိုက်ပွဲတစ်ခု လုပ်ကြဖို့ စိန်ခေါ်လိုက်မယ်ဆိုရင်ရော.. စည်းမျဥ်းတွေကို ချိုးဖောက်ရာကျလား "
အကြီးအကဲရှု အံ့အားသင့်သွားပုံ ပေါ်ပြီးမှ ပြန်ပြောသည်။
" အဲ့လိုတော့ မဖြစ်ဘူးဗျ ။ ဒါပေမယ့်.. အရင်က အဲ့လိုလုပ်တဲ့သူတော့ တစ်ခါမှ မရှိခဲ့ဖူးဘူး "
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ကောင်းပြီလေ ၊ ဒါဆိုရင် အဲ့လိုပဲ လုပ်ကြတာပေါ့ ။ ကျုပ်တို့ တိုင်လင်စင်မြင့်က ရွှမ်လင်နန်းတော်ကို အစီအမံတိုက်ပွဲတစ်ခု ယှဥ်ပြိုင်ဖို့ စိန်ခေါ်တယ် ။ ဒီပွဲက သူသေကိုယ်သေ တိုက်မယ့်ပွဲ "
" ဘယ်လိုပြောလိုက်တယ် ... "
ခူဟွင်းကျီ မျက်နှာဆိုးရွားစွာ ပျက်သွားတော့သည်။