← Chapters

အခန်း - ၈၉၄

Vol. 63 Ch. 894

အခန်း - ၈၉၄

Vol. 63 Ch. 894

ယွမ်မိသားစု၌ ..

ဝှစ် ..

လောထျန်း ရုတ်တရက်ပေါ်လာသည်။

" ဟင်.. သခင်လေးလောထျန်း "

ယွမ်လောလင် လန့်သွား၏။

သူမ စောနလေးကတင် လောထျန်းအား သတင်းပို့ခဲ့ခြင်းဖြစ်ပြီး.. ယခု သူက သူမရှေ့တွင် ချက်ချင်းကြီး ပေါ်လာခဲ့ပါသည်။

တိုင်လင်စင်မြင့်သည် သူမတို့ ယွမ်မိသားစုနှင့် မဝေးလှသည့်တိုင် ယခုအမြန်နှုန်းမှာ ကြောက်စရာမကောင်းလွန်းဘူးလား...

" ကဲ.. ကောင်းကင်ဘုံစင်မြင့် လုပ်ဖို့အတွက် ပစ္စည်းတွေ အကုန်အသင့်ဖြစ်ပြီလား "

ယွမ်လောလင် ခေါင်းမြန်မြန်ညိတ်ပြလိုက်သည်။

" ဟုတ်ကဲ့ .. အားလုံး အသင့်ဖြစ်ပါပြီ ။ သန့်စင်ပေးမယ့်သူကိုလဲ ရှာထားပြီးပါပြီရှင့် "

လောထျန်း ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

" ဒီဟာတွေ လုပ်ဖို့အတွက် မင်းတို့ အများကြီး အကုန်အကျခံလိုက်ရမှာပဲ "

ယွမ်လောလင် တီးတိုးပြန်ပြောရှာပါသည်။

" သခင်လေးသာ စိတ်ကျေနပ်တယ်ဆို အဲ့လောက်လေးက ဘာမှမဟုတ်ပါဘူးရှင် ။ ပြီးတော့ သခင်လေး ရောင်းပေးခဲ့တဲ့ မသေမျိုးအစီအမံပုံကြမ်းတွေကို ပြန်ရောင်းလို့ရတဲ့ပိုက်ဆံကလဲ အများကြီးပိုပါတယ်။ ဒါပေမယ့် ... "

သူမ ပြောကာ လောထျန်းအား စိုးရိမ်တကြီး ကြည့်လိုက်၏။

" ဒါပေမယ့်... အဲ့ အစီအမံပုံကြမ်းတွေကို စျေးကောင်းကောင်းနဲ့ ရောင်းနိုင်အောင်လို့ အဲ့ဒါတွေကို ဘယ်လိုရခဲ့တယ်ဆိုတာတော့ ကျွန်မတို့ဘက်က ထုတ်မပြောထားဘူး ။ အဲ့အစီအမံပုံကြမ်းတွေကို

ရှေးဟောင်းအပျက်အစီးတွေကြားမှာ တွေ့ခဲ့တာလို့ပဲ ပြောထားတာရှင့်.. "

သူမ ထိုသို့ပြောပြီး လောထျန်း စိတ်ကွက်သွားမည်ကို စိုးရိမ်စိတ်ဖြင့် ကြည့်လာသည်။

သို့သော် လောထျန်းက အပြုံးဖြင့်သာ ပြန်ပြော၏။

" အဲ့ဒါက အရေးမကြီးပါဘူး "

ယွမ်လောလင် သုံးသွားသည့်နည်းမှာ မားကတ်တင်းနည်းတစ်ခုပင် မဟုတ်ပါလား ..

ထိုသို့သော ကိစ္စမျိုးကို သူ ကြိမ်ဖန်များစွာ မြင်ဖူးထားပြီးသားပင် ။

မည်သို့ပင်ပြောပြော နောက်ဆုံး အကျိုးအမြတ်ရရန်သာ အရေးကြီးပါသည်။

လောထျန်းက အေးအေးဆေးဆေး ဖြစ်နေသဖြင့် ယွမ်လောလင် စိတ်အေးသွား၏။

ထိုစဥ် လောထျန်းက မေးသည်။

" ကောင်းကင်ဘုံစင်မြင့်ကို သန့်စင်မယ့်သူက ဘယ်မှာလဲ ။ သူက ဘယ်ချိန်မှ လာမှာလဲ "

ယွမ်လောလင် မြန်မြန်ပြောလိုက်၏။

" ကျွန်မ အဲ့လူဆီကို ခုချက်ချင်း သတင်းပို့လိုက်ပါ့မယ် "

သူမ ပြောပြောဆိုဆိုပင် အသံလွှင့် အဆောင်ကျောက်ပြားကို ထုတ်ကာ အသက်သွင်းပြီးနောက် တဖက်လူနှင့် ဆက်သွယ်လိုက်သည်။ တခဏကြာ စကားပြောပြီးနောက်တွင်မူ သူမ အဆောင်ကျောက်ပြားအား ပြန်သိမ်းလိုက်၏။

" သခင်လေးလောထျန်း ၊ အဲ့လူက အလွန်ဆုံး နောက်ထပ်နာရီဝက်အတွင်း ဒီကို ရောက်လာလိမ့်မယ်ရှင့် "

ယွမ်လောလင် ပြောသည်။

" နာရီဝက်လား... "

လောထျန်း၏ မျက်နှာကြီးဝင်းသွား၏။

နောက်နာရီဝက်ဆိုလျှင် ထျန်းယွမ်ကမ္ဘာသို့ အတက်

အဆင်းလုပ်နိုင်မည့် ကောင်းကင်ဘုံကျောက်ပြားအား သန့်စင်နိုင်တော့မည်ဖြစ်ရာ..

သူ မပျော်ဘဲ ဘယ်နေပါမည်လဲ ။

" ကောင်းတယ်ကွာ ။ မင်းဆီမှာ အဆောင်ကျောက်ပြားအလွတ်တွေ ရှိသေးလား "

လောထျန်း ယွမ်လောလင်ဘက် လှည့်၍ မေးလိုက်သည်။

ယွမ်လောလင် ခေတ္တမျှ အံ့အားသင့်နေပြီးမှ တစ်စုံတစ်ခုကို နားလည်သွားပုံဖြင့် မြန်မြန်ပြန်ဖြေသည်။

" ဟုတ်ကဲ့ ၊ ရှိပါတယ် "

သူမ ထိုသို့ပြောပြီးသည်နှင့် အဆောင်ကျောက်ပြားအလွတ် ဆယ့်နှစ်ခုကို သေချာထုတ်ကာ လောထျန်းအား ပေးလိုက်၏။

လောထျန်းက ၎င်းတို့ကို ယူ၍ သူ့စိတ်ဝိဥာဥ်အစွမ်းကို သုံးကာ ထွင်းစာများ ချက်ချင်းရေးလိုက်သည်။

တခဏလေးအတွင်းမှာပင် သူ ရေးပြီးသွားပါ၏။

ပြီးနောက်.. ၎င်း မသေမျိုးအစီအမံပုံကြမ်းများကို ယွမ်လောလင်ဆီ ပြန်ပေးလိုက်သည်။

" ဒါ.. မင်းတို့ ကြိုးကြိုးစားစား လုပ်ပေးခဲ့တဲ့အတွက် ဆု "

လောထျန်း ပြောသည်။

" ဒါ... "

၎င်းကိုမြင်သည်နှင့် ယွမ်လောလင် အလွန်ဝမ်းသာပျော်ရွှင်သွားတော့၏။

မကြာသေးခင်လေးကပင် မူလအဆင့် မသေမျိုးအစီအမံပုံကြမ်း တစ်ခုကို အလဲအလှယ် လုပ်မိခဲ့သဖြင့် သူမ နောင်တကြီးစွာ ရနေခဲ့ရပါသည်။

သို့သော်.. ယခု အချိန်တိုလေးအတွင်း သူမလက်ထဲသို့ မူလအဆင့် မသေမျိုးအစီအမံပုံကြမ်း ဆယ့်နှစ်ခု ထပ်ရောက်လာခဲ့ပါ၏။

ဤတစ်ကြိမ်တွင်မူ.. သူမ ထောသွားလေပြီ ။

" ကျေးဇူးတင်ပါတယ် သခင်လေးလောထျန်း "

ယွမ်လောလင် ပြောလိုက်သည်။

လောထျန်းက လက်ကာပြ၍ ပြန်ပြော၏။

" ကိစ္စမရှိပါဘူး.. ကဲ.. အခု မင်းလုပ်စရာရှိတာ အေးဆေးသွားလုပ်ပါ ။ ကောင်းကင်ဘုံစင်မြင့်ကို သန့်စင်မယ့်သူ ရောက်လာရင်သာ ကျုပ်ဆီခေါ်လာပေး "

" ဟုတ်ကဲ့ "

ယွမ်လောလင် တလေးတစားပြောပြီး နောက်လှည့်ထွက်သွားသည်။

ဤသို့ဖြင့် နာရီဝက်ခန့် ကြာပြီးချိန်တွင်.. သူမ ပြန်ရောက်လာခဲ့၏။

သူမ အနောက်ဘက်တွင်လည်း ဆံပင်နီနှင့် အမျိုးသမီးတစ်ယောက် ပါလာသည်။

" မိန်းကလေးကို ကောင်းကင်ဘုံစင်မြင့် သန့်စင်ဖို့အတွက် ငှားထားတဲ့ သခင်လေးလောထျန်းက အထဲမှာပါ "

ယွမ်လောလင်က လမ်းလျှောက်နေရင်း မိတ်ဆက်ပေးသည်။

ဆံပင်နီ အမျိုးသမီး ခေါင်းညိတ်ပြလိုက်၏။

" ကျွန်မကိုပေးမယ်လို့ သဘောတူထားတဲ့ ဆုကရော.. "

ယွမ်လောလင် မြန်မြန်ပြန်ပြောသည်။

" အဲ့ဒါကို စိတ်မပူပါနဲ့ရှင် ၊ ကျွန်မတို့ ယွမ်မိသားစုက အမြဲတမ်း စကားတည်တဲ့သူတွေပါ ။ မိန်းကလေးတောင်းတဲ့ အဖိုးအခအတိုင်း တစ်ပြားမှ မလျော့စေရဘဲ ပေးမှာပါရှင် "

ဆံပင်နီနှင့်အမျိုးသမီး ခေါင်းအသာညိတ်ပြလိုက်၏။

သူမတို့နှစ်ယောက် ပြောပြောဆိုဆိုပင် လောထျန်းရှိနေသည့် ခြံဝင်းထဲ ရောက်လာကြသည်။

" သခင်လေးလောထျန်း ၊ သခင်လေးမျှော်နေတဲ့သူ ရောက်လာပါပြီရှင် "

ယွမ်လောလင်က တလေးတစား ဆိုသည်။

" ကောင်းတယ်ကွာ "

လောထန်း ချက်ချင်းခေါင်းလှည့်ကြည့်လာ၏။

ထိုသို့ လှည့်လှည့်ချင်းမှာပင် သူ့အား စူးစူးရဲရဲ စိုက်ကြည့်နေသော ဆံပင်နီနှင့်အမျိုးသမီးကို မြင်လိုက်ရပါ၏။

ဝုန်း ...

အမျိုးသမီးကိုယ်မှ အရောင်အဝါ ပေါက်ထွက်သွားပြီးနောက်... သူမ ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့်ကာ၍ အနောက်ဘက်ဆယ်ပေခန့်သို့ ကြောက်လန့်တကြား ဆုတ်သွားသည်။

" ရှင်... ရှင် ... ရှင်... နှာဘူးကောင် "

သူမ၏ အသံတုန်တုန်လေးလည်း ထွက်လာသည်။

" ဟင်... "

ထိုတခဏ၌ လောထျန်းရော ၊ ယွမ်လောလင်ပါ အံ့သြမှင်သက်သွားကြ၏။

ဘာတွေဖြစ်နေပါသလဲ..

လောထျန်းကို အဘယ့်ကြောင့် နှာဘူးကြီးဟု ခေါ်နေရပါသလဲ "

ယွမ်လောလင်က မြန်မြန်ဝင်ပြောသည်။

" မိန်းကလေး ၊ လူမှားတာများ ဖြစ်နေမလား ။ သခင်လေးလောထျန်းက ဘယ်လိုလုပ်ပြီး နှာဘူးဖြစ်ရမှာလဲ "

လောထျန်းမှာလည်း နားမလည်နိုင် ဖြစ်နေရှာပါ၏။

ဆံပင်နီနှင့်အမျိုးသမီးက အံကြိတ်၍ ပြန်ပြောလာသည်။

" လူမှားစရာ ဘာအကြောင်းမှ မရှိပါဘူးရှင် ။ သူ့မျက်နှာနဲ့ အရောင်အဝါကို ကျွန်မ ဘယ်တော့မှ မမေ့ဘူး ။ သူ ကျွန်မကို ဘာလုပ်ခဲ့လဲဆိုတာ အဲ့နှာဘူးကောင်ကိုပဲ မေးလိုက် "

ထိုသို့ပြောနေစဥ်တွင် သူမ၏ မျက်လုံးများလည်း နီရဲလျက် ...

ယွမ်လောလင် လောထျန်းဘက်သို့သာ တအံ့တသြ ကြည့်လိုက်ရတော့သည်။

ထိုစဥ် လောထျန်းမှာ ဆံပင်နီနှင့်အမျိုးသမီးကို ကြည့်ရင်း မျက်မှောင်ကြုံ့နေ၏။

" မင်းကို မြင်တော့မြင်ဖူးနေသလိုပဲ "

လောထျန်းက ပြန်သတိရပုံ မပေါ်သဖြင့် ဆံပင်နီနှင့်အမျိုးသမီး ဘက်သို့သာ ယွမ်လောလင် ပြန်ကြည့်လိုက်သည်။

" မိန်းကလေး ၊ တစ်ခုခုတော့ နားလည်မှုလွဲနေပြီနဲ့ တူတယ် ။ သခင်လေးလောထျန်းက ဘာတွေလုပ်ခဲ့လဲ ကျွန်မကို ပြောပြပါလား "

ဆံပင်နီနှင့်အမျိုးသမီးက အချိန်အတန်ကြာ တိတ်နေပြီးမှ အံကြိတ်ကာ ပြောလာ၏။

" သိပ်မကြာခင်တုန်းက ကျွန်မ အပေါ်ကမ္ဘာကို မရောက်သေးဘဲ ၊ ယဲ့လန်ကမ္ဘာမှာပဲ ရှိနေသေးတဲ့အချိန် အဲ့လူက ကျွန်မတို့ကမ္ဘာကို ရောက်လာခဲ့တယ် "

" အဲ့နောက်တော့... သူ ဘာအကြောင်းရင်းမှလဲ မရှိဘဲ ကျွန်မကို တိုက်ခိုက်ခဲ့တယ် ။ ပြီးလဲပြီးရော ...

သူ .. "

သူမ ပြောနေရင်း ငိုချလိုက်တော့မလို ဖြစ်သွားသည်။

ယွမ်လောလင်တစ်ယောက် ရင်ထဲ တုန်လှုပ်သွားပြီး လောထျန်းအား လှည့်ကြည့်လိုက်သည်။

" သခင်လေးလောထျန်းက... အဲ့လိုလူမျိုးလား.. "

ထို့နောက် ဆံပင်နီနှင့်အမျိုးသမီးကို တဖန်ပြန်ကြည့်၍ စိတ်ထဲမှ သက်ပြင်းကြိတ်ချလိုက်၏။

" ဒီ မိန်းကလေးရဲ့ ရုပ်ရည်ရော ၊ ခန္ဓာကိုယ်ရောက တကယ်လဲ ဆွဲဆောင်မှုကောင်းတာပဲလေ ။ ချင်းယွမ်ဒေသ တစ်ခုလုံးမှာတောင် သူ့အလှက ထိပ်တန်းစာရင်းထဲ ပါလောက်တယ် ။ သခင်လေးလောထျန်း သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ ဖြစ်သွားတယ်နဲ့တူတယ်.. "

သူမ ထိုသို့တွေးကာ အမျိုးသမီးအား ငြင်ငြင်သာသာ နှစ်သိမ့်လိုက်သည် ။

" မိန်းကလေးအတွက် ပြောဖို့ အဆင်မပြေဖြစ်နေရင် မပြောပါနဲ့ရှင် ... "

ထိုကိစ္စမျိုးကို လူရှေ့ထုတ်ပြောရန်မှာ မလွယ်လှကြောင်း သူမ သိသည်မဟုတ်ပါလား ။

သို့သော် ဆံပင်နီနှင့်အမျိုးသမီးက မျက်ရည်များသုတ်၍ ပြောလာပါ၏။

" ရတယ်.. ကျွန်မ ပြောပြမယ် "

ယွမ်လောလင် စိတ်ထဲမှ သက်ပြင်းကြိတ်ချကာ လောထျန်းအား ဒေါသငွေ့ပါသည့် မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။

ဆံပင်နီနှင့်အမျိုးသမီး အတွက်လည်း စိတ်မကောင်း ဖြစ်နေပါ၏။

မိန်းမလေးတစ်ယောက်အတွက် ထိုသို့သော ကိစ္စမျိုးကို ကြုံရသည်ကပင် ဆိုးရွားလှနေပြီဖြစ်ပြီး.. ၎င်းကို လူရှေ့ထုတ်ပြောရန်ဆိုလျှင် ပိုဆိုးပါသည်။

" သခင်လေးလောထျန်း ၊ ရှင်က တကယ်ကို အရိုင်းအစိုင်း သားရဲကောင်ပဲ "

ယွမ်လောလင် စိတ်ထဲမှ ကြိတ်ပြောလိုက်၏။

ထိုစဥ်မှာပင် ဆံပင်နီနှင့်အမျိုးသမီးက ပြောလာသည်။

" သူက ကျွန်မကိုလဲ တိုက်ခိုက်ပြီးရော... ကျွန်မရဲ့ ဆံပင်လက်တစ်ဆုပ်စာကို ဆွဲနှုတ်ခဲ့တာ "

ယွမ်လောလင် ပို၍ စိတ်မကောင်းဖြစ်သွားပြီး မေးလိုက်၏။

" ပြီးတော့ရော ... "

တဖက်အမျိုးသမီးက အံကြိတ်ကာ ပြန်ပြောသည်။

" ပြီးတော့.. သူ ကျွန်မကို ပြန်လွတ်ပေးခဲ့တယ် "

" ဟင်... "

ယွမ်လောလင် နားမလည်နိုင် ဖြစ်သွားရတော့သည်။

ထို့ထက်ပိုဆိုးသော ကိစ္စများ ဆက်ဖြစ်သေးသည်ဟုသာ သူမ ထင်ထားမိခဲ့ပါ၏။

ယခုတွင်မူ... ဒီလောက်ပဲတဲ့လား...

သူမ ဘယ်လို နားလည်ရပါတော့မလဲ...

သူမ လောထျန်းဘက် ရုတ်တရက်လှည့်ကြည့်ကာ စိတ်ထဲမှတွေးလိုက်သည်။

" သူက သားရဲထက်တောင် ဆိုးသေးတာပဲ "

ထိုစဥ် လောထျန်းမှာ ဆံပင်နီနှင့်အမျိုးသမီးကို ကြည့်နေရင်း အသိဝင်သွားဟန်ဖြင့် ပြောလာ၏။

" ဆံပင် ... မှတ်မိပြီ ။ မင်းက ဟိုဂျင်ဆင်းပင်ပဲ "

စာစဉ်ပြီး၏။

All Chapters