လူသားတို့၏မိခင်
Vol. 3 Ch. 174
ဘုန်း....
ရုတ်တရက် နက်ဆန်က သူ့ခန္ဓာကိုယ်တစ်ခုလုံး လျင်မြန်စွာ ရွေ့လျားသွားတာကို သတိထားမိတယ်။ မကြာခင်မှာပဲ မာကျောတဲ့အရာဝတ္ထုတစ်ခုခုနဲ့ ဝင်တိုက်ခဲ့မိပြီး ကျောရိုးတစ်လျှောက်နာကျင်မှုကို ခံစားလိုက်ရပါပြီ။ နာကျင်မှုက ပူလောင်ပြီး ပြင်းပြလွန်းတဲ့အတွက် သတိလစ်သွားမလို ခံစားလိုက်မိတယ်။
Volume 3 ပြီးပါပြီ။
သူနဲ့မျက်နှာချင်းဆိုင်မှာတော့ ဆယ်ဗီဟာအေးစက် ပြီး ခန့်မှန်းရခက်တဲ့အကြည့်တွေနဲ့ သူ့ကိုကြည့်လို့။ မျက်လုံးတွေဟာ ခန့်မှန်းရခက်တဲ့တွင်းနက်ကြီးတွေ အဖြစ်ကို ရောက်ရှိနေသလိုပါပဲ။ ဆယ်ဗီရဲ့နက်ပြာ ရောင်ဆံနွယ်တွေဟာ လေထုနဲ့အတူကခုန်နေပြီး လှုပ်ရှားမှုတိုင်းက ပြေပြစ်လွန်းတယ်။ တကယ့်ကို အပြင်းအထန်လေ့ကျင့်ထားတဲ့ တိုက်ခိုက်ရေးသမား တစ်ယောက်လိုပါပဲ။
ဗျိ...
ဆယ်ဗီဝတ်ဆင်ထားတဲ့ သွေးသံတရဲရဲသူနာပြု ဝတ်စုံလက်မောင်းဟာ ဆယ်ဗီရဲ့လက်မောင်း ကြွက်သားတွေကြောင့် ပြဲထွက်သွားခဲ့ပါပြီ။ မိန်းကလေးတစ်ယောက်ဖြစ်ပေမဲ့ ကျစ်လစ်တဲ့ လက်မောင်းကြွက်သားတွေနဲ့ ထင်းထွက်နေတဲ့ ဝမ်းဗိုက်ကြွက်သားခြောက်နေရာက ဆွဲဆောင်မှု ရှိလွန်းလေရဲ့။ လေထုထဲမှာ ဆားနံပါတဲ့ကိုယ်နံ သင်းသင်းရှိနေပြီး အရိုင်းဆန်တဲ့ လှပမှုအပြည့်နဲ့ မြင်ကွင်းတစ်ခုဖြစ်ပေမဲ့ နက်ဆန်ဟာ သူ့နှလုံးသား ခုန်နေတာရပ်သွားမှန်း သတိထားမိလိုက်တယ်။
‘သူငါ့ကို တကယ်သတ်ဖို့လုပ်နေတာပဲ။’ ဒီအသိနဲ့ အမှောင်နတ်ဘုရားခန္ဓာကိုယ်ကို ဆင့်ခေါ်ပြီး သူ့တစ်ကိုယ်လုံးကို ကာကွယ်ထားလိုက်မိတယ်။
ဝုန်း.... ဝုန်း... ဝုန်း....
နောက်ထပ် တိုက်တာအဆောက်အအုံများစွာ ပြိုကျသွားခဲ့ပြန်ပါပြီ။ ဒီတစ်ခါတော့နက်ဆန်ဟာ သာမန်ပြည်သူတွေအတွက် စိတ်မပူပေးနိုင်ဘဲ သူကိုယ်တိုင်တောင် ပြုတ်တူတွေလိုမြဲမြံလှတဲ့ ဆယ်ဗီရဲ့လက်တွေကနေ ရုန်းထွက်ဖို့ မတတ်နိုင်ခဲ့ဘူး။
ခစ်....
ဆယ်ဗီက နက်ဆန်ကို အေးစက်နေတဲ့လမ်းမပေါ် ပစ်ချလိုက်ရင်း နှုတ်ခမ်းတွေတွန့်ခေါက်သွားပြီး ရယ်မောလိုက်တယ်။ ရင်းနှီးနေသူတစ်ယောက်ဆီက တွေ့ရတဲ့ မရင်းနှီးတဲ့အပြုအမူတွေ။ ဒီအပြုအမူက နက်ဆန်ကို ခေါင်းကနေခြေဖျားအထိ အေးစက် သွားလောက်အောင် ကြောက်ရွံစေခဲ့တယ်။
“အဲဒီမိန်းမ Nyxရဲ့သားတော်တဲ့။ အားနည်းလိုက်တာ။ နင်လိုလူမျိုးကို ငါ့ရဲ့အဗာတာကို ကာကွယ်ခွင့်ပေးမယ့်အစား ဒီနေရာမှာ သေခွင့်ပေးလိုက်တာကမှ ကောင်းဦးမယ်။”
အဟွက်... အဟွက်...
နက်ဆန်က ဆယ်ဗီ့လက်ကနေ လွတ်လာပြီးတဲ့ အချိန်မှာ အသက်ကိုဝဝရှုဖို့ ကြိုးစားနေရင်းက ဆယ်ဗီကိုကြည့်လိုက်တယ်။ လက်ရှိဆယ်ဗီရဲ့ ပုံပန်းသဏ္ဍာန်က ကောင်းကင်ဘုံတစ်ခုလုံးကို ရင်ဆိုင်တိုက်ရဲတဲ့ စစ်သူကြီးတစ်ယောက်လိုပါပဲ။
“ဟေး...” ဆယ်ဗီက နက်ဆန်ရဲ့ဝမ်းဗိုက်ပေါ်ကို ညာခြေတင်လိုက်ရင်း စေ့စေ့ကြည့်ကာ မေးလိုက်ပါပြီ။
“ဒီအရှင်မက နင့်ကိုဘယ်လိုသတ်ပေးရမလဲ။”
ဆယ်ဗီရဲ့မျက်နှာပေါ်မှာ သွေးဆာနေတဲ့အပြုံးပန်း တစ်ပွင့်ရောက်ရှိလာတယ်။
“ဒီအတိုင်း နင့်ရဲ့ကလီစာတွေကို နင်းခြေပေးရင် ကောင်းမလား။ နင့်ကိုခေါင်းကနေဆုပ်ကိုင်ပြီး ကျောရိုးတစ်ခုလုံးကို ဆွဲထုတ်ပေးရမလား။”
ဆယ်ဗီရဲ့စကားတွေက ကြမ်းတမ်းပြီးတော့ ကြောက်စရာကောင်းနေပေမဲ့ နက်ဆန်ရဲ့စိတ် အတွင်းပိုင်းမှာ ကြောက်ရွံမှုထက် ဆိုးဝါးတဲ့ နာကျင်မှုတစ်ခုနဲ့ အပြစ်ရှိစိတ်က နေရာဝင်ယူလာခဲ့တယ်။
‘ဒီမိန်းကလေးက ငါသိတဲ့ဆယ်ဗီ မဟုတ်တော့ဘူး။’
‘ဒါတွေအားလုံးက ငါ့သူ့ကို သေခွင့်ပေးလိုက်လို့ပဲ။’
နက်ဆန် မျက်လုံးမှိတ်လိုက်တယ်။ သူ့အနေနဲ့ အခုလိုအသတ်ခံရမှာကို ငြင်းဆန်ခွင့်ရှိရော ရှိတော့လို့လား။ အမြဲတမ်းကတိတွေပေးခဲ့ပေမဲ့ သူဘယ်တုန်းက တည်ခဲ့ဖူးလို့လဲ။ အကြိမ်ကြိမ် အားနည်းလှတဲ့ ဒီကောင်မလေးကို သူသေခွင့် ပေးခဲ့မိတယ်။
“ကြည့်ရတာ နင့်ကံကြမ္မာကိုနင် ရွေးချယ်လိုက်ပုံပဲ။ ငါ့ပေါင်ကိုဖက်ပြီး တောင်းပန်မနေတာတော့ ချီးကျူးရမယ်။”
ဆယ်ဗီက သူ့လက်ကိုမြှောက်လိုက်ပြီး
“လေးစားမှုကိုပြတဲ့အနေနဲ့ နင့်နှလုံးကို ထိုးဖောက်ပြီး တစ်ခါတည်း သေခွင့်ပေးမယ်။”
“ဟား....”
ရုတ်တရက် ဆယ်ဗီ့နောက်ကနေ အလင်းရောင် တစ်ချက်လက်သွားပြီး ဆယ်ဗီရဲ့ခန္ဓာကိုယ်ကို ရွှေရောင်အလင်းတန်းကြီးက ပိုင်းဖြတ်လိုက်တယ်။ ဆယ်ဗီဝတ်ဆင်ထားတဲ့ သူနာပြုတီရှပ်အင်္ကျရဲ့ ရင်ညွန့်အောက်ပိုင်းက တစ်စစီဖြစ်သွားပြီး ချွေးတွေကြောင့် စိုစွတ်နေတဲ့ဝမ်းဗိုက် ကြွက်သားတွေကို အထင်းသားမြင်လိုက်ရတယ်။ အဲဒီအရေပြားမျက်နှာပြင်မှာတော့ အဖြူရောင် အစင်းရာတချို့ကို မြင်တွေ့နိုင်တယ်။
“အို... ကြည့်ရတာ အမှိုက်တစ်စမှာလည်း အသုံးဝင်တဲ့ စွမ်းဆောင်ရည်တစ်ခုနှစ်ခုတော့ ရှိနေသေးပုံပဲ။”
ဆယ်ဗီက နက်ဆန်ကို ကျောခိုင်းလိုက်တယ်။ ဆယ်ဗီရဲ့ကျောပြင်က သေးသွယ်ပြီးကျော့ရှင်းတဲ့ အလှကိုသေချာမြင်နိုင်တယ်။ သူနဲ့ဆန့်ကျင်ဘက်မှာ သွေးအလိမ်းလိမ်းနဲ့ရပ်နေသူတစ်ဦးရှိပြီး ဓားသူတော်စင် ဆားဗီးရပ်ပါ။
သူ့ရဲ့ဓားကျိုးသွားပေမဲ့ ဓားကျိုးကိုဓားအိမ်ထဲ ပြန်ထည့်ထားပုံပေါ်ပြီး လက်ထဲမှာတော့ အလင်းစွမ်းအင်ချည်းသက်သက်နဲ့ဖွဲ့စည်းထားတဲ့ ဓားကိုကိုင်ထားတယ်။
“မင်းက ငါ့ကိုစစ်သည်တော်မဟုတ်ဘူးလို့ ပြောရဲတယ်ပေါ့....”
ဆားဗီးရပ်ရဲ့ခန္ဓာကိုယ်က သိသိသာသာတုန်ယင်လို့ နေပါတယ်။ သူရထားတဲ့ဒဏ်ရာတွေက ပြင်းထန်ပြီး စိတ်ဆောင်နေတာကြောင့်သာမဟုတ်ရင် အခုလိုမျိုး ရပ်နိုင်စရာအကြောင်းမရှိဘူး။
“ငါ့လက်နက်က ပျက်စီးသွားပြီ... အခုကနေစပြီး ငါ့ရဲ့စွမ်းအားအစစ်ကိုသုံးပြီး မျှမျှတတတိုက်မယ်။ ဒီတိုက်ပွဲမှာ သေသွားရင်တောင် ငါဂရုမစိုက်ဘူး။”
ဆယ်ဗီက သွားပေါ်အောင်ပြုံးလိုက်ပြီး လက်နှစ်ဖက်ကိုယှက်ကာ လက်ဆစ်ချိုးတယ်။
ဖြောက်... ဖြောက်....
“ငါအရှင်မ ဒီစကားကို မကြားရတာကြာပြီပဲ။ မင်းက မင်းရဲ့အလင်းနတ်ဘုရားသွေးအစွမ်းနဲ့ ငါအရှင်မကိုရင်ဆိုင်ဖို့ ကြိုးစားနေတာလား။ မင်းရဲ့ဓားအစွမ်းထက် အများကြီးအားနည်းတယ်နော်။”
ဟားဟားဟား...
ဆားဗီးရပ်ဆီကနေ ရူးသွပ်တဲ့ရယ်သံကြီး ပေါ်ထွက်လာပြီး အလင်းဓားကိုလက်နှစ်ဖက်နဲ့ ကိုင်ဆောင်ကာ ပြေးလာခဲ့ပါပြီ။ သူ့တစ်ကိုယ်လုံးက သွေးကြောတွေကတော့ ရွှေရောင်သန်းလာတယ်။
ဘုန်း...
ဆယ်ဗီက အလင်းဓားကို ညာလက်နဲ့ရိုက်ဖယ်ပြီး ဘယ်လက်ကိုဆုပ်ကာ ဆားဗီးရပ်ရဲ့ရင်ဝကို ထိုးနှက်လိုက်တယ်။ ဆားဗီးရပ်အဝေးကြီးကို လွင့်စင်သွားပြီး အုတ်ပုံတစ်ပုံထဲ ပြိုကျသွားတယ်။
ဒါပေမဲ့ဆားဗီးရပ်က ကုန်းရုန်းထလာပြီးတော့ ပိုစွမ်းအားကြီးလာတဲ့ဓားနဲ့ ပြေးလာပြန်တယ်။
“မင်းငါ့ကို တစ်ချက်တည်းအသေမသတ်မချင်း ငါကပိုပြီး စွမ်းအားကြီးလာနေမှာနော်။”
သေလုဆဲဆဲလူတစ်ယောက်က ဒီလောက်စွမ်းအား ထုတ်ဖော်နိုင်သေးတာကို နက်ဆန်မယုံနိုင်ဘူး။ ဒါပေမဲ့ သူဝင်ပါမှဖြစ်တော့မယ်ဆိုတာ နက်ဆန်သိနေတယ်။ ဒီအတိုင်းလွှတ်ပေးထားရင် ဆားဗီးရပ်တကယ်သေသွားလိမ့်မယ်။
“ဆယ်ဗီ... မင်းလူထပ်သတ်လို့မရဘူး....”
နက်ဆန်က သူ့ကိုယ်သူအရိပ်နဲ့ပေါင်းစပ်လိုက်ပြီး တစ္ဆေစုံတွဲဓားကိုကိုင်ဆောင်ကာ ပြေးဝင်သွားတယ်။ သူ့ရည်ရွယ်ချက်ကတော့ တိုက်ခိုက်နေသူနှစ်ယောက်ကို လူစုခွဲဖို့။
“လာမရှုပ်နဲ့...” ဆယ်ဗီက တစ်ခွန်းတည်း ပြောလိုက်တယ်။
“ဒီမိန်းမက ငါ့ပြိုင်ဘက်ပဲ။ ငါ့လမ်းကနေ ဖယ်စမ်း။” ဆားဗီးရပ်ကလည်း ရူးသွပ်နေတဲ့မျက်လုံးတွေနဲ့အတူ နက်ဆန်ကို တုန့်ပြန်လိုက်ပါပြီ။
....
မြို့လယ်ခေါင်မှာ သုံးပွင့်ဆိုင်တိုက်ပွဲ ဖြစ်ပွားနေတဲ့ အချိန်မှာပဲ နက်ဆန်ရဲ့မဟာမိတ်တွေဖြစ်တဲ့ မော်လီ၊ နာတာရှာ၊ ပါစီဗယ်၊ မိုနီကာ၊ အိုလီရာနာနဲ့ အဲဘတ်တို့လည်း ရောက်လာကြတယ်။
“သခင်ရူးနေတာလား။ သူက နှစ်ယောက်လုံးကို တားဖို့လုပ်နေတာပဲ။ ဒါပေမဲ့အဲဒီလိုဆိုရင် နှစ်ယောက်လုံးတိုက်ခိုက်တာကို သူခံရလိမ့်မယ်။”
သူတို့နဲ့မလှမ်းမကမ်းမှာ အမှောင်စွမ်းအား၊ အလင်းစွမ်းအားနဲ့ နတ်ဘုရားမတစ်ပါးရဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့စွမ်းအားတို့က အချင်းချင်းရောယှက်နေပြီး ကြယ်တာရာတွေ အချင်းချင်း ခတ်နေသလိုကိုထင်ရတယ်။
“ဒါလင်.... ရှင့်ကိုယ်ရှင် အသေခံလို့မဖြစ်ဘူးလေ။”
နက်ဆန်အတွက် အသက်အန္တရာယ်ရှိတယ်ဆိုတာ ကြားတဲ့အချိန်မှာတော့ မိုနီကာကမနေနိုင်ဘဲ ကူညီဖို့ ပြေးသွားဖို့ကြိုးစားပေမဲ့ အိုလီရာနာက သူ့ကိုနွယ်နဲ့ တုပ်နှောင်နှင့်ပြီးနေပြီ။
“အချစ်ရူးမ၊ နင်သွားရင် တစ်လောင်းကနေ နှစ်လောင်းဖြစ်သွားတာပဲ အဖက်တင်လိမ့်မယ်။
ကျန်တဲ့သူတွေလည်း သက်ပြင်းချလိုက်တယ်။ ဒီစကားက မိုနီကာအတွက်တင်မဟုတ်ဘဲ သူတို့ဖို့ပါ မှန်ပါတယ်။ မော်လီနဲ့နာတာရှာတို့က ဆားဗီးရပ်ရဲ့ တန်ပြန်စွမ်းအားကြောင့် ဒဏ်ရာအကြီးအကျယ် ရထားကြပြီး တိုက်ပွဲဆက်ဝင်နိုင်စွမ်းရှိမနေဘူး။ အိုလီရာနာနဲ့ပါစီဗယ်တို့ကလည်း အားနည်းကြတယ်။ မိုနီကာနဲ့အဲဘတ်က သာမန်ဆီနိတ်တာတွေလောက်တောင်မှ အင်အားရှိမနေပါဘူး။
နာတာရှာက ရေရွတ်လိုက်တယ်.... “အရင်က ရိုမြူဘက်ဘုရားကျောင်းမှာ အလင်းကြယ် ရှိနေတယ်ဆိုပြီးတော့ ပြောခဲ့တယ်မဟုတ်လား။ အဲဒီသူက ဆားဗီးရပ်များလား။”
မော်လီကတော့ ခေါင်းခါလိုက်တယ်။ “အလင်းကြယ်က သခင့်ရဲ့အမြွှာဖြစ်သင့်တာ။ ဆားဗီးရပ်က အင်အားကြီးတယ်ဆိုပေမဲ့ သူတို့က ရုပ်ချင်းဆင်မနေဘူး။”
“ဒါပေမဲ့ ရုပ်ချင်းမဆင်တဲ့အမွှာတွေလည်း ရှိတာပဲမဟုတ်လား။” ပါစီဗယ်က ဝင်ထောက်တော့ အားလုံးလှုပ်လှုပ်ရှားရှား ဖြစ်ကုန်ပါတယ်။
နာတာရှာက “ဒါကြောင့် စူပါရီရာဂျင်နရယ် အန်တိုနီက ဘုရားကျောင်းက လူတိုင်းဖြစ်နိုင်တယ်လို့ ပြောခဲ့တာပဲ။ သူတော်စင် လေးယောက်ထဲက တစ်ယောက်ယောက်လို့ တွေးမယ်ဆိုရင်တောင် သူတော်စင်တွေအကြောင်း ငါတို့အများကြီးသိရတာမဟုတ်ဘူး။ သူတို့အကုန်လုံးက မိဘမဲ့ကလေးတွေဖြစ်ပြီး သူတို့ကိုဘယ်အချိန်မှာ မွေးစားခဲ့လဲဆိုတာသိရဖို့ ငါတို့အတွက်မဖြစ်နိုင်ဘူး။”
မော်လီက သက်ပြင်းချလိုက်တယ်။ “ဒါဆိုလည်း ဖြစ်နိုင်ခြေတွေထဲက တစ်ယောက်လို့ပဲ သတ်မှတ်ရမှာ။ နာတာရှာ၊ ထောက်လှမ်းရေးက နင်ကျွမ်းကျင်တဲ့အလုပ်ပဲ။ ဒီကိစ္စပြီးရင် ဆီနိတ်တာ တစ်ယောက်အနေနဲ့ သတင်းအချက်အလက် ကွန်ယက်တွေကို စနစ်တကျထူထောင်ပါ။ နင့် EUOC အဆက်ဟောင်းတွေအပေါ် မှီခိုနေတာကိုရပ်သင့်ပြီ။ အမှောင်ကျောင်းတော်မှာ သီးသန့်ကွန်ယက်တစ်ခု ရှိသင့်တယ်။”
“နားလည်ပြီ။” မော်လီက အားလုံးထဲမှာ စီနီယာ အကျဆုံးဖြစ်တာကြောင့် ဒီအကြံကို နာတာရှာက ချက်ချင်းသဘောတူလိုက်တယ်။ အခုနက်ဆန်က အစစ်အမှန်အယ်ဒါဖြစ်လာပြီမလို့ ကွန်ယက်ကို စနစ်တကျတည်ထောင်ဖို့ အမှောင်ကျောင်းတော်ရဲ့ အရင်းအမြစ်တွေကို သုံးနိုင်ပြီလေ။
“လောလောဆယ်တော့ သခင်နဲ့အမှိုက်မကြောင့် ဖြစ်လာတဲ့ပြဿနာတွေကို ရှင်းကြရအောင်။ မြို့ထဲမှာ ပိတ်မိနေတဲ့ သာမန်လူတွေကိုကယ်ကြမယ်။ ငါတို့တွေ လောလောဆယ်လုပ်နိုင်တာ ဒါပဲရှိတယ်။”
မော်လီရဲ့စကားကို အားလုံးခေါင်းညိတ်ပြီး သဘောတူလိုက်ကြတယ်။
...
ရောမမြို့ရဲ့ကောင်းကင်ပေါ်မှာ လူတစ်ယောက်က လေထုထဲရပ်နေပြီး မြေပြင်မှာဖြစ်ပွားနေတဲ့ အခြေအနေတွေကို ကြည့်ရှုနေတယ်။ သာမန်လူအများအပြားဒဏ်ရာရခဲ့ပြီး EUOCနဲ့ ဂျေဇူးဝပ်အဖွဲ့သားထောင်နဲ့ချီဟာ ဆက်လက်ရွေ့ပြောင်းဖို့နဲ့ ဒဏ်ရာရသူတွေကိုကူညီဖို့ ကြိုးစားနေရတယ်။ မြို့လယ်မှာတော့ ကြယ်သုံးပွင့်ဟာတိုက်ခိုက်လို့။
“အိနာနာ....”
အဲဒီလူက နာမည်တစ်ခုကို ရေရွတ်လိုက်ပါတယ်။ ဒီလူက နည်းပညာမြင့် အနက်ရောင်သံချပ်ကာ ဝတ်စုံကိုဝတ်ဆင်ထားပြီး ခါးမှာတော့ အနက်ရောင် သတ္တုပုဆိန်တစ်လက်ရှိနေတယ်။ နည်းပညာမြင့် လက်နက်နဲ့ချပ်ဝတ်ဆိုပေမဲ့ ထူးခြားပြီး ရှေးကျဟန် ရှိနေတဲ့ ကျူးနစ်ဖောင်းအက္ခရာတွေကို မှော်ဆန်ဆန် ခရမ်းရောင်မင်နဲ့ရေးထိုးထားသေးတယ်။
အဲဒီလူက မြေပြင်နဲ့တဖြည်းဖြည်းနီးကပ်လာချိန်မှာ ဘေးပတ်ဝန်းကျင်လေထုဟာ အအေးဓာတ်တွေနဲ့ ပြည့်နှက်လာပြီး မှန်ချပ်တွေမှာ ရေခိုးရေငွေ့တွေ တွဲလွှဲခိုလို့။ လေထုထဲမှာ ခြေတစ်ခါလှမ်းလိုက်တိုင်း လောကကြီးတစ်ခုလုံး အဆုံးမရှိဆောင်းရာသီထဲ ဝင်ရောက်သွားသလိုပါပဲ။
“ကောင်မရှင်နာ အာလ္လုင်”
တိုက်ခေါင်မိုးတစ်နေရာက အသံကြားရတဲ့အတွက် လှည့်ကြည့်လိုက်ချိန်မှာတော့ အနက်ရောင် ဘုန်းတော်ကြီးအဝတ်အစားတွေနဲ့ စူပါရီရာဂျင်နရယ် အန်တိုနီကိုတွေ့လိုက်ရတယ်။
“ထူးဆန်းလိုက်တာ၊ ရောမက ခင်ဗျားမြို့ပဲ။ ဘာလို့သူတို့ကို ဝင်မတားတာလဲ။”
“ဒီမစ်ရှင်ကို ခင်ဗျားတို့ EUOCက ကိုင်တွယ်မယ် ပြောခဲ့တာမဟုတ်လား။ ပြီးတော့ ကျုပ်အခြေအနေနဲ့ နတ်ဘုရားမတစ်ပါးနဲ့ ထိပ်သီးအယ်ဒါနှစ်ယောက်ကို တားနိုင်မယ်ထင်နေတာလား။”
အန်တိုနီက မျက်နှာပြောင်တိုက်ပြီးပြောပေမဲ့ သံချပ်ကာမောက်တိုအကွယ်က အာလ္လုင်ရဲ့ မျက်နှာကိုမမြင်ရတာမလို့ သူ့စိတ်အခြေအနေကို ခန့်မှန်းရခက်နေတယ်။
“ဒီတော့ ကျုပ်ဝင်ပါတဲ့အထိ ဒီမှာ ရပ်စောင့်နေတာပေါ့။”
“ဒါပေါ့၊ ခင်ဗျားက ဒုတိယကမ္ဘာစစ်တုန်းက ပေါ်လာခဲ့တဲ့ အိပ်မက်နတ်ဘုရား မော်ဖီးယပ်ကို အနိုင်ရခဲ့သူပဲလေ။ ပုန်ကန်သူ၊ လူသားသိုးထိန်း အာလ္လုင်ရဲ့။”
ဟွန့်...
ဘွဲ့နာမည်နှစ်ခုကို ကြားလိုက်ရပြီးနောက်မှာ အာလ္လုင်ဆီက နှာမှုတ်သံထွက်လာပြီး နေရာက ပျောက်သွားတယ်။ ပြီးတဲ့နောက် တိုက်ပွဲဖြစ်နေတဲ့ ကောင်းကင်ထက်မှာ ပေါ်လာခဲ့ပါပြီ။
“ကျုပ်တို့ ထပ်တွေ့ကြပြန်ပြီ။” အာလ္လုင်က ပုဆိန်ကို လက်ထဲမှာကိုင်ထားရင်း ဆယ်ဗီတို့ကို ငုံကြည့်ကာ အသံကျယ်ကျယ်နဲ့ပြောလိုက်တယ်။ ဆယ်ဗီ၊ နက်ဆန်နဲ့ ဆားဗီးရပ်တို့ တိုက်ခိုက်နေတာရပ်သွားပြီး မော့ကြည့်လိုက်တယ်။
“ဘယ်သူလဲ...” ဆယ်ဗီက ခပ်ပြတ်ပြတ်ပဲ ပြောလိုက်ပေမဲ့ နက်ဆန်ကတော့ မျက်မှောင် ကြုတ်လိုက်ပါပြီ။
‘ဒီအငွေ့အသက်တွေက... ရဟန်းမင်းပီးယပ်ထက် အားမနည်းဘူး။’ နက်ဆန်တွေးလိုက်မိတယ်။ ‘ဆိုလိုတာက....’
“ အသုံးမဂျတဲ့ EUOCရဲ့ကောင်မရှင်နာဂျ ရှေးအယ်ဂျာဖြစ်နေမယ် မမျှော်လင့်ထားခဲ့ဝူး။”
ဆားဗီးရပ်က ယှဥ်ပြိုင်တိုက်ခိုက်လိုတဲ့လေသံနဲ့ ပြောလိုက်တယ်။ သူ့သွားတချို့က ပါးစပ်ထဲမှာ မရှိတော့တဲ့အတွက် စကားမပီပေမဲ့ပေါ့။
အာလ္လုင်ကတော့ သူတို့ကိုလစ်လျူရှုထားပြီး ပုဆိန်နဲ့ ဆယ်ဗီကိုရွယ်လိုက်တယ်....
“မင်းရဲ့ဝိညာဥ် မပြည့်စုံသေးတာကိုပဲ ကျုပ်ကျေးဇူးတင်ရမယ်။ အခုတော့ အိပ်စက်လိုက်ပါတော့ အမာ...”
ချပ်....ချလက်....
ဆယ်ဗီရဲ့ခန္ဓာကိုယ်ပေါ်မှာ ရေခဲအလွှာတွေဖြစ်ပေါ် လာခဲ့တယ်။ ဆယ်ဗီကရုန်းကန်ဖို့ကြိုးစားခဲ့ပေမဲ့ သူတစ်ခုခုမလုပ်နိုင်ခင်မှာပဲ ရေခဲချပ်တွေက နတ်ဘုရားမရဲ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားတော့တယ်။
[ရှင်းလင်းချက်။ ။ ama (𒂼) မိခင်၊ ဆူမေးရီးယန်း ဘာသာစကား။]