← Chapters

[တည်ငြိမ်နေခြင်း]

Vol. 2 Ch. 14

[တည်ငြိမ်နေခြင်း]

Vol. 2 Ch. 14

ကိစ္စအားလုံးကို ဖြေရှင်းပြီးသွားပြီဖြစ်၍ အစ်ကိုအကြီးဆုံးနှင့် ဒုတိယအစ်ကိုတို့ ပြန်သွားကြပေလိမ့်မည်။ ယွမ်လော့ရီသည် ထုံးစံအတိုင်း နံနက်စာစားပြီး ကျောင်းသို့ သွားခဲ့၏။

အစ်ကိုကြီး ယွမ်အောင်း မရှိသည့်အခွင့်အရေးကို အသုံးချကာ ဒုတိယအစ်ကို ယွမ်ဖာ့က ယွမ်လော့ရီ၏ ခေါင်းလုံးလုံးလေးကို အားရပါးရဖွပစ်လိုက်သည်။

ယွမ်ဖာ့က အလွန်ပင် ပျော်ရွှင်နေ၏။

“ဟားဟား အရင်ကအတိုင်း ကိုင်လို့ကောင်းနေတုန်းပဲ"

ယွမ်လော့ရီက ဒေါသတကြီး ရုန်းကန်ရင်း ပြောလိုက်သည်။

"အစ်ကိုကြီးနဲ့ တိုင်ပြောပစ်မယ်"

ယွမ်ဖာ့က ပြန်ပြော၏။

"အာ မင်းတို့နှစ်ယောက်က ဘယ်တုန်းကတည်းက ဒီလောက်တောင် ရင်းနှီးသွားကြတာလဲ အရင်ကဆို မင်းသူ့ကို အမြဲရှောင်နေခဲ့တာ မဟုတ်ဘူးလား၊ ငယ်ငယ်တုန်းကဆို မင်းက ကိုကိုနဲ့ပိုပြီး ခင်ခဲ့တာပါ မမှတ်မိတော့ဘူးလား ငိုတိုင်း ကိုကို့ကို နေရာအနှံ့လိုက်ရှာပြီး ကပ်တွယ်နေတတ်တာလေ ခွာချလို့တောင်မရဘူး"

ယွမ်လော့ရီက အော်ပြောလိုက်သည်။

“အဲဒါက… အဲတုန်းက အိမ်မှာ ကိုကိုတစ်ယောက်တည်းပဲ ရှိလို့လေ"

ယွမ်ဖာ့က ဝမ်းနည်းဟန်ဆောင်ကာ သက်ပြင်းချလိုက်သည်။

"ဘယ်လိုတောင် နှလုံးသားမဲ့ရတာလဲ လူတစ်ယောက်ကို အသုံးချပြီး စွန့်ပစ်ရက်တယ် ကိုကိုက မင်းမျက်ရည်သုတ်ချင်တဲ့အချိန်မှ သတိရတဲ့ တစ်ခါသုံး တစ်ရှူးမဟုတ်ဘူးနော်၊ ဒီလိုဆက်ဆံခံရရင် ကိုကိုလည်း စိတ်တိုတတ်တယ် သိရဲ့လား"

သူ့ လက်ညှိုးဖြင့် ယွမ်လော့ရီ၏ ပါးဖောင်းဖောင်းလေးကို ထိုးလိုက်ပြီး

"မင်းသိတဲ့အတိုင်းပဲ ကိုကို စိတ်ဆိုးရင် မင်းကံဆိုးမှာနော်"

ထိုကံဆိုးခြင်းက ဘယ်လိုအရာမျိုးဖြစ်သည်ကို ယွမ်လော့ရီ ကောင်းကောင်းသိပေသည်။ သူမ ဝှက်ထားသော မုန့်များ ပျောက်ကွယ်သွားမည်ဖြစ်ပြီး သူမအကြိုက်ဆုံး အရုပ်များကိုလည်း လုယူခံရလိမ့်မည်။

ပိုဆိုးသော အခြေအနေများတွင် သူမပတ်ဝန်းကျင်၌ လူတစ်ဦးတစ်ယောက်မှ မရှိတော့သည်ကို ရုတ်တရက် တွေ့ရှိရမည်ဖြစ်ပြီး ယွမ်ဖာ့က အရိပ်ထဲမှ သူမကို စောင့်ကြည့်နေတတ်၏။ ယွမ်လော့ရီ စတင်ငိုယိုသည့်အခါမှသာ ယွမ်ဖာ့က ပြန်ထွက်လာပြီး သူ့ရင်ခွင်ထဲတွင် သူမကို ညင်သာစွာ ချော့မြှူတတ်သည်။

ဤမျှနှစ်ပေါင်းများစွာ အတူနေထိုင်လာပြီးနောက်တွင် ဒုတိယအစ်ကိုသည် သာမန်လူတစ်ယောက်မဟုတ်ကြောင်း ယွမ်လော့ရီ သေချာသိရှိခဲ့၏။

တစ်ခါတစ်ရံတွင် သူသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် အေးစက်တတ်ပြီး ယွမ်လော့ရီ ရှိုက်ကြီးတငင် ငိုနေသည်ကို စက်ရုပ်တစ်ရုပ်ကဲ့သို့ မျက်တောင်တစ်ချက်မခတ်ဘဲ ကြည့်နေတတ်သည်။

အခြားအချိန်များတွင်မူ နူးညံ့ကြင်နာမှုအချို့ကို ဖော်ပြတတ်ပြီး ယွမ်လော့ရီ ပျော်ရွှင်လာစေရန် မျက်လှည့်ကလေးများ ပြပေးတတ်၏။ သို့သော် သူပြသသည့် လူသားဆန်မှုသည် အစစ်လား၊ အတုလားဆိုသည်ကိုမူ သူမ မဝေခွဲနိုင်ခဲ့ချေ။

ယွမ်လော့ရီသည် ယွမ်ဖာ့၏ မိစ္ဆာလက်သည်းများမှ ရုန်းထွက်လိုက်သည်။

"ကိုကိုက သမီးကို ကံဆိုးစေရင် သမီးလည်း ကိုကို့ကို ပြန်လုပ်နိုင်တယ်"

ယွမ်ဖာ့က မကောင်းဆိုးဝါးဆန်ဆန် ပြုံးလိုက်၏။

"စိတ်ဝင်စားစရာပဲ ၁၁ နှစ်နဲ့တောင် အပျိုဖော်ဝင်နေပြီလား"

"တကယ်ကို ထူးဆန်းတာပဲ မင်းက ကိုကို့ကို အမြဲစွန့်ပစ်နေပေမဲ့ ကိုကို က မင်းအပေါ် သည်းခံနိုင်နေတုန်းပဲ၊ တခြားတစ်ယောက်ယောက်သာ ကိုကို့ ကို ဒီလိုဆက်ဆံရင် သူတို့ကို ရှင်းပစ်လိုက်တာ ကြာလှပြီ"

"ပြီးတော့…."

ယွမ်ဖာ့က လက်ဖျောက်တစ်ချက်တီးလိုက်ရာ ချောကလက်တောင့်တစ်ခုသည် သူတို့နှစ်ဦးကြားတွင် မျက်လှည့်ဆန်ဆန် ပေါ်လာပြီး ယွမ်လော့ရီ၏ လက်ထဲသို့ ညင်သာစွာ ကျဆင်းလာခဲ့သည်။

"မင်းအတွက် တစ်ခုတော့ ချန်ထားပေးခဲ့ပါတယ်လေ၊ ကွေ့ဟွားပန်းအရသာ ဒါ မင်းအကြိုက်ဆုံးဆိုတာ ကိုကိုမှတ်မိသေးတယ်"

ယွမ်လော့ရီက ပြန်ပြောသည်။

"သမီးအကြိုက်ဆုံးက အရက်အဆာသွပ်အမျိုးအစား"

ယွမ်ဖာ့က ပြန်ပြော၏။

"အိုး ကိုကို့ ညီမလေးရယ်၊ အဲဒါက ကိုကို့အကြိုက်ဆုံးအရသာလည်း ဖြစ်နေတာကိုး မင်းစားဖို့ချန်ထားမယ့်အစား ကိုကိုစားဖို့ သိမ်းထားရမှာပေါ့"

လက်တစ်ဖက်ကို သူ့ရင်ဘတ်ပေါ်သို့ တင်လိုက်ပြီး ကရုဏာသက်နေသည့် မျက်နှာပုံစံဖြင့် ဆိုလိုက်၏။

"ဒီလောက်တောင် တစ်ကိုယ်ကောင်းဆန်နေပေမဲ့ မင်းကို တစ်ကိုက်လောက်ကျွေးဖို့တောင် ကိုကိုဆန္ဒရှိနေသေးတယ် ဒါက အံ့ဩစရာတစ်ခုပဲ"

"မင်းနဲ့ အရင်ဘဝက ရေစက်ပါခဲ့လို့ နေမှာပဲ ဒီဘဝမှာ မင်းနဲ့ရင်ဆိုင်ရရင် ကိုကို့မှာ ဘာလို့ ဒီလောက်တောင် နူးညံ့ကြင်နာမှုတွေနဲ့ ပြည့်နေရသလဲဆိုတာကို တခြားနည်းနဲ့ ရှင်းပြလို့မရတော့ဘူး"

"ဒါကြောင့် ဒီနေ့ ကိုကိုက ထူးထူးခြားခြား ကြင်နာပြီး ရက်ရောခဲ့တဲ့အတွက် ပြီးတော့ မင်းရဲ့ပြဿနာတွေကို ဖြေရှင်းပေးခဲ့တဲ့အတွက် မင်းဝှက်ထားတဲ့မုန့်အကုန်လုံးကို ရှေ့နေခအနေနဲ့ ယူလိုက်တော့မယ်"

"ဘာ!"

ယွမ်လော့ရီသည် ဒုတိယအစ်ကို ယွမ်ဖာ့ကို စိုက်ကြည့်ရင်း သူမ၏ နှလုံးနှင့် အဆုတ်တို့ပင် ရပ်တန့်သွားမတတ် ဖြစ်သွားခဲ့၏။

သူမသည် ယွမ်ဖာ့ကို ဖမ်းဆွဲရန် လက်လှမ်းလိုက်သော်လည်း သူက ရယ်မောရင်း လှည့်ထွက်သွားခဲ့သည်။ ထိုရှည်လျားသော ခြေထောက်များဖြင့် သူသည် ခဏလေးအတွင်းမှာပင် အဝေးသို့ ပျောက်ကွယ်သွားခဲ့၏။

အရွယ်ရောက်ပြီးသူတစ်ယောက် ဖြစ်နေပြီဖြစ်သော်လည်း ယွမ်ဖာ့သည် တစ်ခါတစ်ရံ အလွန်ပင် ကလေးဆန်သောအရာများကို လုပ်ဆောင်တတ်သေးသည်။

အတော်ကြာအောင် အသက်ကိုမှန်မှန် ရှူပြီးနောက်၌ ယွမ်လော့ရီ၏ နှလုံးသည် ပုံမှန်အတိုင်း ပြန်လည်ခုန်လာခဲ့၏။

ကိစ္စမရှိပေ၊ သူမ နောက်တစ်ကြိမ် ပြန်စုဆောင်းရုံသာရှိတော့သည်။

ဒုတိယအစ်ကိုက နေ့တိုင်းအိမ်မှာ ရှိနေတာမှ မဟုတ်ဘဲ။

ဒီတစ်ခါတော့ မုန့်တွေကို ဝှက်ထားဖို့ လုံခြုံတဲ့နေရာတစ်ခု ရှာရမယ်။

အတန်းDသို့ သွားရာလမ်းတွင် ယွမ်လော့ရီသည် သူမဖြတ်သွားရမည့် စင်္ကြံလမ်း၌ နံရံကိုမှီကာ စန်းကျွင်းရွှမ် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် သူမကို စောင့်နေသည့်အလားပင်။

သူတို့သည် မူလတန်းကျောင်းနေဖက်များ ဖြစ်ခဲ့ကြ၏။ နားနေချိန်များတွင် မိန်းကလေးများက အုပ်စုဖွဲ့၍ တခစ်ခစ်ရယ်မောကာ ယွမ်လော့ရီကို ချန်လှပ်ထားသည့်အခါ သူမသည် အထီးကျန်လွန်းသဖြင့် ဘေးချင်းကပ် အတန်းBသို့ သွားကာ စန်းကျွင်းရွှမ်နှင့် စကားသွားပြောခဲ့သည်။

ဆရာစိမ့်သည် ယွမ်မိသားစု၏ မိတ်ဆွေဟောင်းတစ်ဦးဖြစ်သည့်အတွက် စန်းကျွင်းရွှမ်သည် ယွမ်လော့ရီကို မကြောက်ရွံ့ဘဲ သူမနှင့် စကားပြောဆိုလိုစိတ်ရှိခဲ့၏။

အလယ်တန်းကျောင်းတွင် သူတို့ပြန်တွေ့ကြသည့်အခါ ယွမ်လော့ရီသည် စန်းကျွင်းရွှမ်နှင့် စကားပြောရန် သွားခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ သူက သူမကို တွန်းချလိုက်ရာ လူပုံအလယ်တွင် မှောက်လျက်လဲကျသွားခဲ့သည်။

ယခုအခါ ရွှေရောင်ဆံပင်နှင့် သွေးနှောကောင်လေးသည် နံရံနားတွင် ရပ်နေပြီး နေရောင်ခြည်က သူ့အပေါ်သို့ ကျရောက်နေသဖြင့် တောက်ပစွာ ထွန်းလင်းနေ၏။ ရင်သပ်ရှုမောဖွယ်ရုပ်ရည်ဖြင့် ကျောင်း၏ စိတ်အာရုံကို ဖမ်းစားနိုင်သူ စန်းကျွင်းရွှမ်၏ ရုပ်ရည်မှာ အလွန်ပင် ထူးချွန်ပြေပြစ်လှသည်။ လူများက သူသည် ဆိုးရွားသည့် လိမ်ညာသူတစ်ဦးဖြစ်သည်ကိုပင် လျစ်လျူရှုသွားစေနိုင်လောက်အောင်ပင်ဖြစ်၏။

သို့သော် ယွမ်လော့ရီသည် သူ့နှင့် မပတ်သက်လိုတော့ပေ။ သူမသည် စန်းကျွင်းရွှမ်ကို ရှောင်ကွင်းကာ အတန်းDသို့ သွားရာ အခြားလမ်းသွယ်လေးတစ်ခုဘက်သို့ ချိုးကွေ့သွားလိုက်သည်။

သူမ အတန်းထဲသို့ ဝင်လာသည်ကို မြင်သည့်အခါ ယွမ်ဟွားမှာ စိတ်လှုပ်ရှားစွာ မတ်တပ်ထရပ်လိုက်ပြီး သူ၏မျက်နှာတွင် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။

"နင်အဆင်ပြေရဲ့လား"

ယွမ်လော့ရီသည် တစ်ခဏမျှ ကြောင်အ,နေပြီးမှ သတိရသွားခဲ့သည်။

အာ သာမန်မိန်းကလေးတစ်ယောက်သာဆိုရင် ဒီလိုမျိုး မတရားစွပ်စွဲခံရလို့ တော်တော်ဝမ်းနည်းနေမှာပဲ။

ယွမ်ဟွားက သူမ စိတ်ထိခိုက်နာကျင်နေလိမ့်မည်ဟု ယူဆနေသော်လည်း အမှန်တကယ်တွင်မူ သူမ ဘာကိုမျှ မခံစားရပေ။

သေခြင်း၊ရှင်ခြင်းတရားနှင့် ရင်ဆိုင်ရသည့်အခါ အရာအားလုံးသည် သေးဖွဲသွားသလိုပင်။ မှတ်ဉာဏ်အစိတ်အပိုင်းများကို မကြာခဏ မြင်တွေ့နေရသူတစ်ဦးအနေဖြင့် သူမသည် သေဆုံးခြင်းကိုလည်း မကြာခဏ တွေ့ကြုံခံစားနေရသဖြင့် စရိုက်လက္ခဏာသည်လည်း အတော်လေး တည်ငြိမ်လာခဲ့၏။

ယွမ်လော့ရီက ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။

"ငါအဆင်ပြေပါတယ်"

ယွမ်ဟွားသည် ယွမ်လော့ရီ၏ ဘေးတွင် ဂရုတစိုက် ဝင်ထိုင်လိုက်သည်။

"ဘာပဲလိုအပ်လိုအပ် ပြောလိုက်ပါ ငါသေချာပေါက် လုပ်ပေးပါမယ်"

ယွမ်လော့ရီ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားမိသည်။ ဤသည်ကား သူငယ်ချင်းတစ်ယောက်၏ ဂရုစိုက်မှုကို ခံစားရခြင်းဖြစ်၏။

"ငါ တကယ်အဆင်ပြေပါတယ် မတရားစွပ်စွဲတာက အတန်းCက မာမိန်လုပ်တာ၊ သူ ဒီည အွန်လိုင်းပေါ်မှာ တောင်းပန်တဲ့ဗီဒီယို တင်လိမ့်မယ် ဒါဆို ကိစ္စက ပြီးသွားပြီ”

"ပြီးတော့ ငါ့ကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ယွမ်ဟွား၏ မူလက ဖြူဖွေးသော ပါးပြင်များမှာ နီမြန်းသွားခဲ့သည်။ သူသည် အနေရခက်စွာဖြင့် လက်ကို ယမ်းလိုက်သည်။

“ ရပါတယ်"

သူ၏အသံသည် တဖြည်းဖြည်းတိုးဝင်သွားပြီး သူ့မျက်နှာမှာမူ ပို၍ပို၍ပင် နီရဲလာခဲ့သည်။

"နင် ဗိုက်ဆာနေရောပေါ့​ ငါမုန့်သွားဝယ်လိုက်ဦးမယ်"

သူသည် လှည့်ထွက်၍ စာသင်ခန်းထဲမှ ပြေးထွက်သွားခဲ့သည်။ နမော်နမဲ့​နိုင်သူသည် ကိုယ့်ခြေထောက်နှင့်ကိုယ်ပင် ခလုတ်တိုက်လုမတတ် ဖြစ်သွားခဲ့၏။

ကျောင်းကန်တင်းသို့ ပြေးလာပြီးနောက်တွင်မှ ယွမ်ဟွား သက်ပြင်းချနိုင်တော့သည်။ ယွမ်အိမ်တော်တွင် မိန်းကလေးမရှိ၊ ယောက်ျားလေးများသာ ရှိသဖြင့် ယွမ်လော့ရီကဲ့သို့ ချစ်စရာကောင်းသည့် မိန်းကလေးနှင့် စကားပြောရခြင်းက ယွမ်ဟွားကို အလွန်ပင် စိတ်လှုပ်ရှားစေသည်။

မုန့်ဝယ်ပြီးနောက် ယွမ်ဟွား ပြန်လာသည့်အခါ အတန်းD၏ ပြတင်းပေါက်အပြင်ဘက်တွင် စန်းကျွင်းရွှမ် တစ်ယောက် ဟိုလျှောက်ဒီလျှောက်ဖြင့် လမ်းလျှောက်နေသည်ကို တွေ့လိုက်ရ၏။

ယွမ်ဟွားက သူ၏ပခုံးကို ပုတ်လိုက်သည်။

"မင်းဘာလုပ်နေတာလဲ"

စန်းကျွင်းရွှမ်က လန့်ဖြန့်သွား၏။

"မင်းအလုပ်မဟုတ်ဘူး"

ယွမ်ဟွားက ပြောလိုက်သည်။

"မင်းတောင်းပန်ချင်တယ်ဆိုရင် ဒီလို မကောင်းကြံနေမယ့်အစား ပိုပြီးရိုးသားတဲ့စိတ်ထားရှိသင့်တယ်၊ မင်းတွေးနေတာက ယွမ်လော့ရီ​က မတရားစွပ်စွဲခံထားရတော့ သူ့နှလုံးသားက အခုချိန်မှာ နုနယ်နေမှာပဲ နည်းနည်းလောက်ချော့လိုက်ရုံနဲ့ မင်းကို အလွယ်တကူ ခွင့်လွှတ်သွားမှာပဲလို့ ဟုတ်တယ်မလား”

သူ့အကြံအစည်အဖော်ခံလိုက်ရသဖြင့် စန်းကျွင်းရွှမ်သည် ယွမ်ဟွား၏ လက်ကို ကြမ်းတမ်းစွာ ပုတ်ထုတ်လိုက်၏။​

"မင်းသူ့ကို သိတာ ဘယ်လောက်ကြာပြီမလို့လဲ မင်းမှာ ငါ့ကိုဆုံးမဖို့ ဘာအခွင့်အရေးရှိလို့လဲ"

ယွမ်ဟွားက ပြန်ပြောသည်။

“အဲဒါလည်း ဟုတ်တာပဲ ဒါပေမဲ့…."

သူသည် ညင်သာစွာ ပြုံးလိုက်၏။

"ဆုံးရှုံးသွားမှ တန်ဖိုးကို နားလည်တတ်ကြတယ်ဆိုတာမျိုးပေါ့၊ တကယ်ကို နောက်ကျသွားပြီပဲ"

စန်းကျွင်းရွှမ်သည် အကြောင်းပြချက်မရှိဘဲ စိတ်တိုလာမိသည်။ ဤယွမ်ဟွားသည် သူ၏ နာကျင်မှုများကို အမြဲပင် တိတိကျကျ ထိုးဆွနိုင်ခဲ့သည်။ သူ၏ရွယ်တူများနှင့် နှိုင်းယှဉ်လျှင် ယွမ်ဟွားသည် အမှန်တကယ်ပင် ပို၍ထက်မြက်လှ၏ယ

မုန့်များကို သယ်ဆောင်လျက် ယွမ်ဟွားသည် စာသင်ခန်းဘက်သို့ လျှောက်သွားသည်။

“မင်းလည်း မကြာခင်ပြန်သင့်တယ် နောက်တစ်မိနစ်မပြည့်ခင် အတန်းစတော့မှာ ငါတို့အတန်းDနဲ့မတူဘဲ နာမည်ကျော်ကြားတဲ့ အတန်းAအတွက်တော့ နောက်ကျတယ်ဆိုတာ တော်တော်ရှက်စရာကောင်းမှာပဲနော်"

စန်းကျွင်းရွှမ်က သူ၏လက်ပတ်နာရီကို ကြည့်လိုက်သည်။

"ချီးပဲ"

သူသည် ထိတ်လန့်တကြားဖြင့် ပြေးထွက်သွားတော့၏။

မနေ့ကအတိုင်းပင် ယွမ်လော့ရီနှင့် ယွမ်ဟွားတို့သည် အွန်လိုင်းသင်ခန်းစာကို မုန့်စားရင်း ကြည့်ရှုကာ လုံးဝစိတ်ဖိစီးမှုကင်းမဲ့စွာ သင်ယူနေကြသည်။ ဘဝပေါင်း ၉၉ ခုမှ မှတ်ဉာဏ်များရှိသည့် ယွမ်လော့ရီအတွက် ဤသည်မှာ အသိပညာအသစ်များ ရရှိခြင်းထက် သူမ သိနှင့်ပြီးသားအရာများကို ပြန်လည်သုံးသပ်နေခြင်းနှင့် ပို၍တူပေ၏။

မွေးရာပါ ပါရမီရှင်တစ်ဦးဖြစ်သည့် ယွမ်ဟွားအတွက်လည်း သင်ရိုးညွှန်းတမ်းပါ အကြောင်းအရာများသည် အလွန်ပင် ရိုးရှင်းလွန်းနေပြီး ခဏလေးနားထောင်ပြီးနောက်တွင် စိတ်မပါဝင်စားတော့ဘဲ အာရုံလွင့်နေခဲ့သည်။

All Chapters